🍬3🍬နဂါးအရိပ်အခင်းအကျင်း
Viewers 975

Chapter (3)

နဂါးအရိပ်အခင်းအကျင်း 



ဖုန့်ဝူယိတို့ ထမင်းစားဆောင်ထဲ ဝင်တော့မယ့် အချိန်မှာပဲ လူသုံးယောက်က တံခါးဝမှာ ပိတ်ရပ်လိုက်လေသည်။ ထိုသုံးယောက် အဲဒီလို လှုပ်ရှားလိုက်တာနဲ့ ဘေးမှာ လျှောက်သွားနေသူတွေက ချက်ချင်း ရပ်သွားကြသည်။ 


တချို့က တမင်သက်သက် ရှောင်ထွက်သွားသလို တချို့ကလည်း ပွဲကြည့်ဖို့အတွက် လက်ပိုက်ရပ်နေကြ၏။ ဖုန့်ဝူယိရဲ့ အဆင့်က အပြင်စည်းတပည့်တွေထဲမှာ အမြင့်ဆုံးလို့ ဆိုနိုင်သလို ဆရာငယ်လေးနဲ့ အကြီးအကဲတွေက သူ့ကို တပည့်အဖြစ် ခေါ်ယူနိုင်ခြေ များလေသည်။


သို့သော် တကယ်လို့ ဖုန့်ဝူယိသာ မတော်တဆ အဆင့်ကျသွားရင်တော့ အဲဒီဖြစ်နိုင်ခြေ များတယ် ဆိုတာက ဖြစ်မလာနိုင်တော့ပေ။ 


"ထမင်စားဆောင်ထဲ ဝင်ချင်ရင် အဝါရောင်သလင်းကျောက် ၁၀လုံး ပေးရမယ်...."


​တော်ဝင်အင်ပါယာမြို့မှာ အဝါရောင်သလင်းကျောက်ကို ငွေကြေးအနေနဲ့ အသုံးပြုကြသည်။ ၎င်းထက် အဆင့်မြင့်သော အနီရောင်သလင်းကျောက်လည်း ရှိ၏။ အဝါရောင်သလင်းကျောက် ၁၀လုံးဆိုတာ အနီရောင်သလင်းကျောက် ၁ လုံးနဲ့ ညီမျှသည်။ 


အပြာရောင်သလင်းကျောက်ကတော့ အလွန်အဖိုးတန်ကာ ကျင့်ကြံရာ သို့မဟုတ် ​ပို့ဆောင်ခြင်းအစီအရင်များ သုံးရာ၌ သုံးကြလေသည်။ အဖိုးတန်လို့ ရှားလည်းရှာသည်။ 


ထမင်းစားဆောင်ရဲ့ တံခါးဝမှာ ရပ်ပြီး အဝါရောင်သလင်းကျောက် ၁၀လုံး တောင်းနေသူကို ဖုန့်ဝူယိ မော့ကြည့်လိုက်သည်။


"ဘာမလို့လဲ?"


ပိုင်ယင်ကျစ်: "မင်းတို့က အရင်ဝင်လာတဲ့ အကြီးတွေဆိုတိုင်း အနိုင်မကျင့်နဲ့နော်..."


"ဟားဟားဟား....."


ပိုင်ယင်ကျစ် စကားဆုံးတော့ ဦးဆောင်သူ လူငယ်က ကျယ်လောင်စွာ အော်ရယ်လိုက်သည်။ သူ့ရယ်သံကြားတော့ ကျန်နှစ်ယောက်ကလည်း လိုက်ရယ်နေရာ ထမင်းစားဆောင် တစ်ခုလုံး သူတို့ရယ်သံတွေက ဖုံးလွှမ်းသွား၏။


ဝုန်း!


ရယ်သံတွေ ချက်ချင်း ရပ်သွားသည်။ ဖုန့်ဝူယိ ရုတ်တရက် လှုပ်ရှားလိုက်တာကြောင့် ပိုင်ယင်ကျစ်ပင် ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။ ဖုန့်ဝူယိက ထိုသုံးယောက်ကို အစီအရင်တစ်ခုထဲ ပစ်ထည့်ကာ တောင်ခြေအထိ လွင့်ပစ်လိုက်ခြင်းပဲ ဖြစ်သည်။ 


ထို့နောက် သူ့အလုပ် ပြီးသွားပုံဖြင့် အေးအေးဆေးဆေး လျှောက်ဝင်သွားသည်။ တကယ်တော့ အစောက လူငယ်ဟာ အုတ်မြစ်နယ်ပယ် အဆင့်၃ အထိ ရောက်နေသူပင်။ သို့သော် သူသည် ဖုန့်ဝူယိဆီကနေ ​ပြန်မတိုက်နိုင်ဘဲ လွှင့်ပစ် ခံလိုက်ရ၏။ 


ထိုသုံးယောက်ကို လွှင့်ပစ်လိုက်ပြီးနောက် ဘယ်သူမှ သူတို့နှစ်ယောက်ကို မတားကြတော့ချေ။ ထမင်းစားဆောင်မှာ တစ်နပ်ကို အဝါရောင်သလင်းကျောက် ၂လုံး ကုန်ကျသည်။ ဈေးနည်းတဲ့အတိုင်း ဟင်းတွေကလည်း မကောင်းပေ။


ဟင်းကောင်း စားချင်ရင်တော့ ဈေးပိုပေးရမည်။ ပိုင်ယင်ကျစ်က အနည်းငယ် ချမ်းသာသော မိသားစုက လာပုံရသည်။ သူက ဖုန့်ဝူယိရဲ့ ရိုးရှင်းလွန်းတဲ့ ဟင်းတွေကိုတွေ့တော့ ဖုန့်ဝူယိရဲ့ မိသားစု အခြေအနေကိုပါ နားလည်သွားသည်။


သူက ဖုန့်ဝူယိအတွက် ဟင်းထည့်ပေးချင်ပေမယ့် တစ်ဖက်လူရဲ့ ဒေါသထွက်လွယ်သော စိတ်ထားက သူ့လုပ်ရပ်ကို လက်သင့်ခံမှာ မဟုတ်ကြောင်း သိစေတာကြောင့် တခြားအကြောင်းအရာကိုသာ စကားလမ်းကြောင်း လွှဲလိုက်သည်။


"ဟူး..... ဒီအတိုင်းတော့ မဖြစ်ဘူး ငါတို့စာမေးပွဲပြီးရင် နဂါးဈေးကွက်ထဲ သွားကြည့်ကြမလား?"


ဖုန့်ဝူယိ သူ့ရှေ့ကလူအား ခေါင်းမော့ကြည့်လိုက်သည်။ 


"အဲဒါကဘာလဲ?"


"နဂါးဈေးကွက်က ချင်းလုံတောင်ထွတ်ရဲ့ တပည့်တွေအတွက် ဖွင့်လှစ်ထားတဲ့နေရာလေ အဲဒီမှာ ပိုက်ဆံရှာလို့ရတဲ့ နည်းလမ်းတွေရှိတယ်... မင်းက အခင်းအကျင်း တော်တယ်မလား အခင်းအကျင်း တံဆိပ်ပြားတွေလုပ်ပြီး အဲဒီမှာ ရောင်းလို့ရတယ်"


ဖုန့်ဝူယိ စိတ်ဝင်စားသွားသည်။ သို့နှင့် နှစ်ယောက်သား မနက်ဖြန်မှာ သွားကြည့်ဖို့ စီစဥ်ထားလိုက်၏။ 


စားသောက်ပြီးတဲ့အခါ အရည်အချင်း စစ်ဆေးမယ့် ကွင်းထဲသို့ ရောက်လာခဲ့သည်။ စက်ဝိုင်းပုံစံ ကွင်းပြင်ကြီးက အင်မတန် ကျယ်ဝန်းကာ အလယ်၌ မြင့်မားသော စင်မြင့်တစ်ခု ရှိသည်။ ဒါက ချီစုဆောင်းမှု အဆင့်၉ကို အကဲဖြတ်မယ့် နေရာဖြစ်လေသည်။


ဒီလိုပွဲကို အကြီးအကဲနဲ့ ဆရာကြီးတွေရဲ့ တပည့်တွေက လာကြည့်တတ်သည်။ ထိုအကြီးတန်းတွေကတော့ ဒါမျိုးကို ဂရုမစိုက်တတ်ချေ။ ဒါကြောင့် ဆရာငယ်လေးများကိုသာ တွေ့ရပေသည်။


ပိုင်ယင်ကျစ်က စင်မြင့်နဲ့ ခပ်လှမ်းလှမ်းရှိ နေရာက ကျောက်ပြားကို လှမ်းကြည့်လိုက်သည်။


"အပြင်စည်းတပည့်တွေထဲမှာ အဆင့်၉ ရောက်နေတဲ့လူတွေ မနည်းပါလား..... ဟိုအရင်နှစ်က လူတွေပါ ပါလာပြီထင်တယ်"


ဖုန့်ဝူယိလည်း အမည်စာရင်း ကျောက်ပြားဘက်ကို လှည့်ကြည့်လိုက်တော့ အဆင့်၉ ရောက်နေတဲ့လူတွေက စုစုပေါင်း အယောက်၁၀၀ ရှိလေသည်။ တချို့က ကျင့်ကြံမှုကို ဖိနှိပ်ထားပြီး အဆင့် မတက်ချင်ကြသေးသော လူများပဲ ဖြစ်သည်။


ဒါကြောင့် လူဦးရေက များပြီး အကဲဖြတ်မှုကလည်း ကြာနိုင်သည်။ ထိုစဥ် လူငယ်တစ်ဦးက လေထဲမှ ဝဲပျံလာရင်း လူတိုင်းကို အပေါ်စီးမှ ငုံ့ကြည်လာသည်။ သူက ဓားပျံမပါဘဲ ပျံသန်းနိုင်သူမလို့ အဆင့်မြင့်ပြီး ဆရာငယ်လေးတွေထဲက တစ်ယောက် ဖြစ်မယ်ဆိုတာ ပြောစရာပင် မလိုချေ။


လူငယ် - "ငါ့နာမည်က ရင်ချန်းစွေ့.... ဆရာငယ်လေးတွေထဲမှာ နံပါတ်၄... မင်းတို့ငါ့ကို ဆရာငယ်လေးစွေ့လို့ ခေါ်နိုင်တယ်... အခုတစ်ခေါက် အကဲဖြတ်ပိုင်းက ပြောင်းသွားပြီ ချီစုဆောင်းမှု အဆင့်၉ တွေ အကုန်လုံး စင်ပေါ်တက်ပြီး ယှဥ်ပြိုင်ရမယ်... အဆိပ်သုံးခွင့် မရှိဘူး... ဒီနေရာမှာ ဆရာငယ်လေး ၇ယောက်လုံး ရှိတယ် အားလုံးက သေချာစောင့်ကြည့်နေမှာ... "


အဆိပ်မသုံးရဘူးဟု ဆိုတာကြောင့် လူတော်တော်များများက စိတ်သက်သာရာ ရသွားသည်။ တချို့ အကြံအစည် ရှိသူတွေကတော့ စိတ်ပျက်သွားမှာ အမှန်ပင်။


ဆရာငယ်လေး ၇ယောက်လုံး ရှိတယ်လို့ ဆိုတာကြောင့် ပိုင်ယင်ကျစ်ရဲ့ မျက်လုံးတွေက တစ်ခုတည်းသော အဆောက်အဦး အမြင့်ကြီးဆီ ရောက်သွားသည်။ ထင်ထားတဲ့အတိုင်း လင်ရုချောင်ကလည်း ၅ခုမြောက် ထိုင်ခုံနေရာ၌ ထိုင်နေတာ တွေ့ရ၏။


ထိုလူက လက်ဖက်ရည်တစ်ခွက်ကို ဖြည်းဖြည်းချင်း သောက်နေကာ တပည့်ငယ်တွေအပေါ် သိပ်စိတ်ဝင်စားမှု မရှိပုံရသည်။


ထိုစဥ် ဖုန့်ဝူယိလည်း ပိုင်ယင်ကျစ်၏ အကြည့်သွားရာနောက်သို့ မော့ကြည့်လိုက်သည်။


ဖုန့်ဝူယိ: "အဝါရောင်နဲ့က လင်ရုချောင်လား?"


"အင်း....."


"သူ့ကိုကြည့်ရတာ ဘာကိုမှ စိတ်မဝင်စားသလိုပဲ.... မင်း အဆင်ပြေပါ့မလား?"


"ဟမ့် မင်းမသိလို့....."


ပိုင်ယင်ကျစ်က ဆိုရင်း သူ့ကိုယ်သူ ဂုဏ်ယူစွာ လက်ညှိုးထိုးပြလိုက်သည်။


"ငါ့အရည်အချင်းတွေက သူနဲ့တူတယ်... အခင်းအကျင်း ပညာရော ဆေးသန့်စင်တဲ့ ပညာရော ငါ့မှာရှိတယ်... ဆရာငယ်လေးချောင်က သေချာပေါက် ငါ့ကို အာရုံစိုက်မိမှာပဲ..."


ပိုင်ယင်ကျစ်ကတော့ သူ့အတွေးနဲ့သူ အတော်လေး ယုံကြည်မှု ရှိနေသည်။ ဖုန့်ဝူယိ များများစားစား တွေးမနေချေ။ သူ့ပစ်မှတ်က လင်ရုချောင် မဟုတ်သော လင်ရုချောင်ဆရာပင်။ ထိုလူက ဒီနေရာမှာ မရှိသော်လည်း ဒီတောင်ထွတ်နဲ့ ဒီဂိုဏ်းမှာ ရှိနေသရွေ့ သူတို့နှစ်ဦး တွေ့နိုင်သေးသည်။


ထိုအချိန်တွင် ရင်ချန်းစွေ့က ဆက်ပြောလာသည်။


"စင်ပေါ်မှာ နောက်ဆုံးကျန်ခဲ့တဲ့ အယောက်၂၀က အတွင်းစည်းတပည့် အဖြစ် အဆင့်တက်သွားလိမ့်မယ်... အဲဒီထဲက ၇ယောက်ကို ဆရာငယ်လေး ၇ယောက်က တပည့်အဖြစ် ရွေးချယ်လိမ့်မယ်... ကောင်းပြီ စလိုက်ရအောင်"


ရင်ချန်းစွေ့ အဆောက်အဦး အမြင့်ကြီးဆီ ပျံသန်းသွားပြီးသည်နှင့် ဖုန့်ဝူယိနှင့် ပိုင်ယင်ကျစ် အပါအဝင် ချီစုဆောင်းမှု အဆင့်၉က လူတွေအားလုံး ကျယ်ဝန်းသော စင်မြင့်ထက်ဆီသို့ ပြေးတက်သွားကြသည်။


ထိုအထဲ လူဟောင်းတွေလည်း ပါသေးသည်။ ယောက်ျားမိန်းမ အရောင်အသွေးက စုံလို့ပင်။ ဖုန့်ဝူယိ ဓားမသုံးဘဲ လက်ဝါးသိုင်းဖြင့်သာ ဘေးကလူတွေကို တိုက်ထုတ်နေကာ အနီရောင်နဲ့မလို့ အတော်လေး ထင်သာမြင်သည ရှိ၏။


ဒါကတော့ သူတမင်သက်သက် ဝတ်လာခဲ့တာပင်။ အကြောင်းမှာ သူ့အဖေက ချင်းလုံတောင်ထွတ်တွင် နေခဲ့သည့် တစ်လျှောက်လုံး အနီရောင်ကိုသာ ဝတ်ဆင်ခဲ့သည်။ အခုသူ့နာမည်က အရှင်ချင်းလုံဆီ မရောက်သေးသော်လည်း တစ်နေ့တော့ အာရုံစိုက်မိလိမ့်မည်။


သူ မသိတာက အရှင်ချင်းလုံ လှမ်းမကြည့်နေသော်လည်း လင်ရုချောင်က သေချာအကဲခတ်နေသည်။ လက်ရှိမှာ ဖုန့်ဝူယိနဲ့ ပိုင်ယင်ကျစ်က အသစ်တွေထဲ အရည်အချင်း အရှိဆုံး ဖြစ်၏။ မိန်းကလေးထဲမှာလည်း အစိမ်းရောင် ဂါဝန်နဲ့ မိန်းကလေးကလည်း အတော်လေး အရည်အချင်း ရှိသည်။


လူဟောင်းတွေခမျာ သူတို့သုံးယောက်ကြောင့် စင်မြင့်ပေါ်က ပြုတ်ကျသွားတာ မနည်းပေ။ သို့သော် လူဟောင်းထဲ၌ အမှန်တကယ် အစွမ်းထက်သူတွေလည်း ရှိပါသေးသည်။


ချွင်း!


ဓားစွမ်းအင်တစ်ချက် ထောင့်ဖြတ်အနေအထားဖြင့် ပြေးဝင်လာစဥ် အစိမ်းရောင် ဂါဝန်နဲ့ မိန်းကလေးခမျာ အသည်းအသန် ရှောင်လိုက်ရသည်။ သူမ ကိုယ့်ကိုယ်ကို ပြန်ထိန်းနိုင်ချိန်၌ ဖုန့်ဝူယိတို့ အနားကို ရောက်နေပြီ။ 


အနောက်ကို လှည့်ကြည့်လိုက်တော့ အပြာရောင် ရေငွေ့တချို့က သူမနောက်ကျောကို ထိန်းကာ လဲကျမသွားအောင် ကူပေးထားတာ တွေ့လိုက်ရသည်။


အစိမ်းရောင် ဂါဝန်နဲ့ မိန်းကလေးလည်း ဖုန့်ဝူယိဘက် အမြန်နှုတ်ဆက်လိုက်သည်။


"ကျေးဇူးတင်ပါတယ်"


ဖုန့်ဝူယိ ခေါင်းတစ်ချက်ပဲ ညိတ်ပြလိုက်သည်။


"ဟားဟားဟား လူသစ်လေးတွေကလည်း အရည်အချင်း ရှိသားပဲ...."


"ရှိတော့ ဘာဖြစ်လဲ? ငါတို့ ရိုက်ချရင် ကျသွားမှာပဲ"


"ကောင်းပြီ ပူးပေါင်းကြရအောင်"


စင်ပေါ်၌ လူအယောက်၅၀ လောက် ကျန်သေးသည်။ လူတချို့က ခဏအတွင်း အဖွဲ့ဖွဲ့လိုက်ကာ တခြားလူတွေကို တွန်းထုတ်နိုင်ဖို့ ကြံစည်ကြသည်။


ပိုင်ယင်ကျစ် ဆေးလုံးနှစ်လုံးကို အမြန်ထုတ်ယူ၍ ဖုန့်ဝူယိနဲ့ အစိမ်းရောင် မိန်းကလေးဘက် ပစ်ပေးလိုက်သည်။


"ဝိညာဥ်စွမ်းအင် အားဖြည့်ဆေး!"


ဖုန့်ဝူယိ: ".......အင်း"


မိန်းကလေး: "ကျေးဇူးပါပဲ"


ပိုင်ယင်ကျစ်ရဲ့ ဆေးလုံးက အတော်လေး အစွမ်းထက်သည်။ ကုန်ဆုံးသွားတဲ့ ဝိညာဥ်စွမ်းအင်ကို ခဏအတွင်း ပြန်ပြည့်စေ၏။ သို့သော် ဖုန့်ဝူယိက တမင်သက်သက် လျှော့တိုက်ထားတာ ဖြစ်ကာ စွမ်းအင် များစွာ ကုန်သွားခြင်း မရှိပေ။ 


ကံကောင်းချင်တော့ ဒီနေရာမှာ ဆရာငယ်လေးတွေသာ ရှိတာကြောင့် သူကျင့်ကြံမှုကို ဖိနှိပ်ထားတဲ့ကိစ္စက တခြားလူတွေ သိမည် မဟုတ်ချေ။ ဖုန့်ဝူယိ ဘယ်ညာကြည့်လိုက်တော့ သူတို့ကို လူဟောင်းတွေက ဝိုင်းထာပြီ။ 


သူတို့သုံးယောက်ဟာ ဝင်လာတာ မကြာသေးတဲ့ အငယ်တန်းတွေ ဖြစ်တာကြောင့် အကြီးတွေဆီက ပစ်မှတ်ထား ခံလိုက်ရတဲ့ပုံပါပဲ။ ဖုန့်ဝူယိ အစိမ်းရောင် မိန်းကလေးဘက် ကြည့်လိုက်တဲ့အခါ သူမကိုင်ထားတဲ့ဓားက ဓားကောင်းတစ်လတ်ပဲ ဆို​တာ တွေ့လိုက်ရသည်။ 


ဒါ့အပြင် သူမကလည်း တိုက်ခိုက်ရေး အားကောင်းတဲ့လူပဲ။ 


ဖုန့်ဝူယိ:"မင်းက သူတို့ တိုက်ခိုက်ပေးထား!"


"အင်း"


အစိမ်းရောင် မိန်းကလေးက သဘောတူဟန်ဖြင့် ချက်ချင်း ခေါင်းညိတ်သည်။ ဖုန့်ဝူယိ ပိုင်ယင်ကျစ်ဘက်ကိုလည်း လှည့်၍ ခပ်တိုးတိုး ပြောလိုက်သည်။


"မင်းက မင်းရဲ့ အနာဂတ်ဆရာကို ပြချင်တဲ့အကွက်တွေ ထုတ်သုံးလိုက်!"


"ကောင်းပြီ!"


စကားပြောပြီးတာနဲ့ ဓားစွမ်းအင် တစ်ချက်က ဖုန့်ဝူယိဆီ အရင်ပြေးလာသည်။ သို့သော် အစိမ်းရောင် မိန်းကလေးက ရှေ့ထွက်၍ ဝင်တားဆီးထားလိုက်သည်။ သူမရဲ့ သဘောထားကို မြင်တာနဲ့ ဖုန့်ဝူယိလည်း အခင်းအကျင်းတစ်ခုကို ဖန်တီးဖို့ စတင် လုပ်ဆောင်တော့၏။ 


ပိုင်ယင်ကျစ်က ဓားထက် သူသန့်စင်ထားသော ပေါက်ကွဲဆေးလုံးများဖြင့် ပစ်ပေါက်နေလေသည်။ အကြောင်းမှာ ချင်းလုံတောင်ထွတ်၌ ပေါက်ကွဲဆေးလုံးများကို သန့်စင်နိုင်သူက လင်ရုချောင် တစ်ယောက်တည်းသား ရှိသောကြောင့်ပင်။ 


ထိုစဥ် ဖုန့်ဝူယိတစ်ယောက် လျှပ်စီးကြောင်းလို စင်မြင့်ထက် ပတ်ပြေးနေသည်။ အခင်းအကျင်းအပေါ် နားလည်မှု မနက်ရှိုင်းသူကတော့ ဒါကို သိမည်မဟုတ်။ သို့သော် လင်ရုချောင်ကတော့ သိ၏။ 


'နဂါးအရိပ် အစီအရင်....'


သူ့စိတ်ထဲကနေ တိုးတိုးလေး ရွတ်လိုက်သည်။ တစ်ဆက်တည်း သူ့လက်သီးတွေကို ခပ်တင်းတင်း ဆုပ်ထားမိလေသည်။ 


'ရှစ်ဇွင်း ဒီကောင်လေးကို စောင့်ကြည့်ခိုင်းထားတာ မဆန်းပါဘူး... တကယ် ထက်မြတ်တဲ့ လူငယ်လေးပဲ....'


အခင်းအကျင်းရဲ့ နာမည်အတိုင်းပဲ ဖုန့်ဝူယိဟာလည်း နဂါးတစ်ကောင်လို တစ်ကွင်းလုံးကို ပြေးလွှားနေသည်။ ထို့နောက် ယခင်က သူရပ်နေခဲ့သော နေရာသို့ ပြန်ရောက်သောအခါ လက်စည်းတံဆိပ်ကို လျင်မြန်စွာ လှုပ်ရှားလိုက်သည်။


ဖုန့်ဝူယိ: "ပြန်လာခဲ့!"


ပိုင်ယင်ကျစ်နဲ့ အစိမ်းရောင် မိန်းကလေးမှာ တစ်ချိန်တည်းမှာပဲ သူ့နံဘေးသို့ ပြန်ရောက်လာ၏။ ထိုအခိုက် ဖုန့်ဝူယိ ခန္ဓာကိုယ်ထဲမှ အပြာရောင် အလင်းရောင်များ ထွက်ပေါ်လာကာ စင်မြင့်တစ်ခုလုံးအပေါ် လွှမ်းခြုံသွားတော့သည်။


ပြိုင်ပွဲဝင်များ ကြောင်အသွား၏။ ကျင့်ကြံသူ ဖြစ်သည့်အလျောက် အခင်းအကျင်း အမျိုးမျိုးကို မြင်ဖူးသလို သုံးလည်းသုံးဖူးကြသည်။ သို့သော် ချီစုဆောင်းမှု အဆင့်၉ ကောင်လေးက ရုတ်တရက် အားလုံးကို တစ်ပြိုင်တည်း ဖိသိပ်ထားနိုင်လောက်အောင် အစွမ်းထက်တဲ့ အခင်းအကျင်းမျိုးကိုတော့ မတွေ့ဖူး​သေးချေ။


တချို့လူတွေမှာ ခြေထောက်အောက်က အလင်းရောင်ဟာ သူတို့ရဲ့ စွမ်းအင်တွေကို စုပ်ယူနေသလိုပင် ခံစားလာရသည်။ အားလုံးက ဖုန့်ဝူယိအား တအံ့တသြ ကြည့်နေကြကာ ဖိအားကို မခံနိုင်သူတွေက စင်မြင့်ပေါ်ကနေ မိမိတို့ဘာသာ ပြေးဆင်းသွားရသည်။


ဖုန့်ဝူယိက လက်စည်းတံဆိပ် ထပ်မံပြုလုပ်ကာ ကြမ်းပြင်ပေါ် ရိုက်ချလိုက်သည်။


ဝုန်း!


ပေါက်ကွဲသံ တစ်ချက်နဲ့အတူ ဝိုင်းထားသူအားလုံး လွင့်စင်သွားလေ၏။ အပြာရောင် အလင်းတန်းတွေ ကင်းစင်သွားတဲ့ အခါမှာတော့ စင်မြင့်ပေါ်တွင် လူစုစုပေါင်း ၁၇ယောက်သာ ရှိတော့သည်။ 


ရင်ချန်းစွေ့ : "ပြိုင်ပွဲပြီးပြီ...."


ကွင်းတစ်ခုလုံး ပြိုင်ပွဲအကြောင်း ဆွေးနွေးကြသည့် အသံများဖြင့် ပွတ်ပွတ်ညံလာသည်။ ထိုအခိုက် အဆောက်အဦး အမြင့်ကြီးပေါ်မှ ဆရာငယ်လေး ၇ ယောက်ကလည်း တစ်ပြိုင်တည်း ဆင်းလာကြလေ၏။


ဆရာငယ်လေး ရင်ချန်းစွေ့နဲ့ လင်ရုချောင်က လူသစ်သုံးယောက်ဘက်သို့ ဦးစွာ လျှောက်သွားလေတာကြောင့် လူတချို့ အံဩသွားကြသည်။ လူငယ်သုံးယောက် အနားရောက်သော် ရင်ချန်းစွေ့က ရာထူးမြင့်တာကြောင့် လင်ရုချောင်က ခြေတစ်လှမ်း ဆုတ်ထားပေးရသည်။ 


ရင်ချန်းစွေ့က ဖုန့်ဝူယိနဲ့ အစိမ်းရောင် မိန်းကလေးကို ကြည့်၍ ကျေနပ်စွာ ပြုံးလိုက်သည်။


"မင်းတို့နှစ်ယောက် ငါ့ဆီမှာ တပည့်ခံမလား?"


မိန်းကလေး: "တကယ်လား?"


ဖုန့်ဝူယိ: "......"


အစိမ်းရောင် မိန်းကလေးက ချက်ချင်း ဒူးထောက်လိုက်ပြီး။


"တပည့် နန်ချင်းချင်း...ရှစ်ဇွင်းကို ဂါဝရပြုပါတယ်"


"ကောင်းပြီ ထပါ...."


ထို့နောက် ပိုင်ယင်ကျစ်ကလည်း လင်ရုချောင်ဆီ ခြေတစ်လှမ်းတိုး၍ ဒူးထောက် အရိုအသေ ပေးလိုက်တော့သည်။ 


"တပည့် ပိုင်ယင်ကျစ်.... ရှစ်ဇွင်းကို ဂါဝရပြုပါတယ်" 


ပိုင်ယင်ကျစ်ရဲ့ အပြုအမူကို လင်ရုချောင် အံ့သြမသွားပေ။ ဒီကောင်လေး ပေါက်ကွဲဆေးလုံးတွေကို ထုတ်သုံးလိုက်တာက သူ့ကိုပြချင်လို့ ဆိုတာ အသိသာကြီးပင်။ သူလည်းပဲ ဒီကောင်လေးကို ခေါ်ယူမလို့ လာခဲ့တာပါပဲ။


"ကောင်းပါပြီ... ဒီနေ့ကစပြီး မင်းက ငါ့တပည့်ပဲ...."