🍬4🍬အရှင်ချင်းလုံ
Viewers 976

Chapter (4)

အရှင်ချင်းလုံ 



ဆရာငယ်လေး ရင်ချန်းစွေ့နဲ့ လင်ရုချောင်က တပည့်များကို လက်ခံပြီးသော်လည်း ဖုန့်ဝူယိက ဘာမှဝင်မပြောလာသဖြင့် နှစ်ယောက်လုံး ထိုလူငယ်ရဲ့ သဘောထားကို ချက်ချင်း သဘောပေါက်သွားသည်။ 


ရင်ချန်းစွေ့က သဘောကောင်းသူ ဖြစ်တာကြောင့် ဖုန့်ဝူယိအား အသာခေါင်းညိတ်ပြသည်။ ဒီအဆင့်မှာ ဆရာ မလိုချင်တဲ့လူက အတွင်းစည်းတပည့် ဖြစ်သွားပါက ဆရာရှာလို့ ရသေးသည်။


ရင်ချန်းစွေ့: "မင်းရဲ့ အရည်အချင်းက အရမ်းကောင်းတယ်... ဆက်ကြိုးစားထားပါ"


"ဟုတ်ကဲ့"


ရင်ချန်းစွေ့ ထွက်သွားတော့မှာ ဖြစ်တာကြောင့် နန်ချင်းချင်းလည်း ဖုန့်ဝူယိနဲ့ ပိုင်ယင်ကျစ်တို့ဘက် လှည့်နှုတ်ဆက်သွား၏။ 


လင်ရုချောင်: "ဖုန့်ဝူယိ.... မင်းကို လူတစ်ယောက်က တွေ့ချင်နေတယ် လိုက်ကြည့်ဖို့တော့ အချိန်ရှိမယ်မလား?"


ဖုန့်ဝူယိ မျက်လုံးထဲ အံ့သြသွားတဲ့ အရိပ်အယောင် တစ်ချက် ဖြတ်ပြေးသွားလေသည်။ ပြောင်းလဲသွားတဲ့ သူ့အမူအရာက ခဏလေးပဲ ဆိုပေမယ့် လင်ရုချောင် မျက်လုံးထဲကနေတော့ လွတ်မသွားချေ။


လင်ရုချောင်က တစ်ချက် ပြုံးပြီး ပိုင်ယင်ကျစ်ဘက် လှည့်ပြောလိုက်သည်။


"တပည့်လေး.... မင်းရဲ့ ပစ္စည်းတွေ သွားသိမ်းပြီးတော့ အတွင်းဆောင်ထဲ ပြောင်းလာခဲ့တော့... "


"ဟုတ်ကဲ့!"


ပိုင်ယင်ကျစ် ချက်ချင်းကို တက်ကြွလာကာ ဖုန့်ဝူယိပုခုံးကို နှစ်ချက်မျှပုတ်ပြီး ပြေးထွက်သွားလေသည်။ ဖုန့်ဝူယိ ဘယ်သူ့ကို သွားတွေ့မယ် ဆိုတာတော့ သူခန့်မှန်းနေစရာ မလိုပါ။ ဘာပဲဖြစ်ဖြစ် အရှင်ချင်းလုံက တွေ့ရလွယ်တဲ့လူ မဟုတ်တာကြောင့် ဖုန့်ဝူယိ တွေ့ရမယ့်လူက တခြားတစ်ယောက်သာ ဖြစ်လိမ့်မည်။


ဖုန့်ဝူယိ လင်ရုချောင်နောက်ကနေ တိတ်တိတ်လေး လိုက်လာခဲ့သည်။ လင်ရုချောင်က ပို့ဆောင်ခြင်းအစီအရင် တစ်ခုကနေ ခေါ်သွားခဲ့သလိုပဲ နံဘေးပတ်ဝန်းကျင်က ခဏအတွင်း အလင်းတွေ ဖြတ်ပြေးသွားသလို ပြောင်းလဲသွားသည်။


အရှင်ချင်းလုံရဲ့ တပည့် ပီသစွာ သူသုံးသွားတဲ့ စွမ်းအင်ကို ဖုန့်ဝူယိလည်း ခန့်မှန်းလို့ မရချေ။ စက္ကန့်အနည်းငယ် ကြာသောအခါ တောင်ကမ်းပါးယံ တစ်ခုအနီးသို့ ရောက်လာခဲ့သည်။ သူ့ရှေ့မှာတော့ တောင်အစွန်းတွင် ဆောက်ထားသော နန်းဆောင်ငယ်လေး ရှိကာ အထဲမှာတော့ အနက်ရောင် ဝတ်ရုံရှည်နဲ့ လူတစ်ယောက် ထိုင်နေ၏။


နန်းဆောင်နံဘေးတွင် အမျိုးအစား စုံလင်သော ပန်းပင်များ ရှိသည်။ ဖုန့်ဝူယိ နံဘေးက လင်ရုချောင်ကို ကြည့်လိုက်တော့ ထိုလူက မရှိတော့ပေ။ 


ဖုန့်ဝူယိ: "ကျွန်တော် ဖုန့်ဝူယိ.... အရှင်ချင်းလုံကို ဂါဝရပြုပါတယ်"


တစ်ဖက်လူက သူ့ကို ကျောပေးထားတာကြောင့် ဘာလုပ်နေသလဲ မသိချေ။


"အိုး.... လင်ရုချောင် ခေါ်လာတာနဲ့ ဘယ်သူလဲ တန်းသိတယ်ပေါ့?"


"ဟုတ်ကဲ့"


အရှင်ချင်းလုံ အသံက ပေါ့ပါးသည်။ သူ့အသံထဲတွင် တစ်ခါတစ်ရံ မိုးခြိမ်းသံလို ခွန်အားတစ်မျိုး ပါဝင်ကာ လူတွေကို ဒူးထောက်ကိုးကွယ်စေလောက်သော အရှိန်အဝါမျိုးပင် ပါဝင်နေသည်။


သို့သော်လည်း ကောလဟာလတွေအတိုင်း တွေ့တာနဲ့ ကြောက်ဒူးတုန်စေတဲ့ အထိတော့ မဟုတ်နေချေ။ 


"မင်းလာတာ မင်းအဖေအတွက်လား?"


ဖုန့်ဝူယိ လက်သီးဆုပ်တွေ တင်းကြပ်သွားသည်။


"ကျွန်တော့်အဖေကို ဘယ်သူသတ်တာလဲ သိလား? အရှင်ချင်းလုံ ကျွန်တော့်ကို ပြောပြနိုင်မလား...."


"ရတယ်... ဒါပေမဲ့ မေးခွန်းတစ်ခုအတွက် မင်းတစ်ခု လုပ်ပေးရမယ်"


"ကျွန်တော် ဘာလုပ်ပေးရမလဲ?"


"မင်းအခု ရှေ့မှာ ပန်းအမျိုးအစားတွေ အများကြီး ရှိနေတာ တွေ့တယ်မလား.... ငါ့အတွက် ပန်းလက်ဖက်ရည် တစ်မျိုးစီ လုပ်ပေး... တကယ်လို့ ငါသဘောတွေ့တယ် ဆိုရင် ငါမင်းကို အဖြေပေးမယ်.... မလုပ်နိုင်ရင် ပြန်လိုက်တော့... အခုက မင်းအဖေမျက်နှာကြောင့် ငါမင်းကို ပေးတဲ့ အခွင့်အရေးပဲ!"


"......."


ဖုန့်ဝူယိ အံ့သြမနေပါ။ သူ့အဖေနဲ့ အရှင်ချင်းလုံက မိတ်ဆွေတွေ ဖြစ်ကြောင်း သူသိပါသည်။


ဘေးကို ကြည့်လိုက်တော့ လက်ဖက်ရည် စပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေက အစုံအလင် ရှိနေတာကို တွေ့လိုက်ရသည်။ သို့နှင့် အချိန်ဖြုန်းမနေတော့ဘဲ ပန်းခင်းထဲက သူ့ဘာသာသူ သဘောကျတဲ့ ပန်း၁၀မျိုးကို တစ်ပွင့်စီ လိုက်ခူးလိုက်သည်။


ပန်းတွေ အားလုံးက ဝိညာဥ်စွမ်းအင် အလင်းမှုန်တွေ ဖြာထွက်နေတာကြောင့် ဝိညာဥ်ရေစင်နဲ့ လောင်းပေးထားကြောင်း သိနိုင်၏။ ပန်းတွေကို သိပ်စူးစမ်းမနေဘဲ မြန်မြန်ဆန်ဆန် အလုပ်စလုပ်သည်။


အမေ မသေခင်က အရှင်ချင်းလုံဟာ အရာအားလုံးကို ထူးချွန်သူဖြစ်ကြောင်း၊ သူ့ကို ချဥ်းကပ်လိုလျှင် မိမိကလည်း အလုံးစုံကို တက်မြောက်နေမှ ဖြစ်မှာဖြစ်ကြောင်း မှာကြားထားလို့ သူသိသမျှ အရာအားလုံးကို သင်ယူပြီးပါပြီ။


အခု ဒီလူကို တွေ့တွေ့ချင်းပဲ စာမေးပွဲ စဖြေရမယ်လို့ ဘယ်သူက ထင်မှာလဲ။ ဒါပေမဲ့ သူ့မှာက အတင်းအကြပ် မေးနိုင်တဲ့ အရည်အချင်းမျိုးက မရှိနေဘူးလေ။


နာရီဝက်လောက် ကြာတော့ ဖုန့်ဝူယိရှေ့က ကြွေဗန်းထဲတွင် လက်ဖက်ရည် ၁၀ခွက် ရရှိလာသည်။ အားလုံးက ပန်းတစ်မျိုးဆီရဲ့ ရနံ့လေးတွေ သင်းပျံ့နေကာ ရနံ့ရရုံဖြင့် သောက်ချင်စဖွယ် ဖြစ်စေ၏။ 


ဖုန့်ဝူယိ နန်းဆောင်ငယ်ဆီသို့ တစ်လှမ်းချင်း လျှောက်သွားရင်း လှေကားထစ်တွေနား ရောက်တော့ ရပ်လိုက်သည်။


"အရှင်ချင်းလုံ ကျွန်တော် လက်ဖက်ရည် စပ်ပြီးပါပြီ"


"တက်ခဲ့!"


ခွင့်ပြုချက် ရတော့မှသာ ဖုန့်ဝူယိ နန်းဆောင်ငယ်ပေါ် တက်သွားလိုက်သည်။ အရှင်ချင်းလုံ ရှေ့တွင် လေးထောင့်စားပွဲတစ်ခု ရှိနေကာ စားပွဲပေါ်မှာတော့ ဘာတစ်ခုမှ မရှိနေချေ။ ထိုလူက သူ့ရှေ့က ချောက်နက်ကြီးထဲကိုသာ အမူအရာမဲ့စွာဖြင့် စိုက်ကြည့်နေသည်။


သူ့ရဲ့ ဓားသွားလို မျက်ခုံးနဲ့ ယောက်ျားဆန်သော နှုတ်ခမ်းပါးက သူ့ရဲ့အရှိန်အဝါကို ထုတ်ဖော်ပြနေ၏။ အနက်ရောင် ဝတ်ရုံရှည်က နံဘေးမှာ ပျံ့နေကာ လက်နှစ်ဖက်ကိုတော့ ဒူးနှစ်ဖက်ပေါ် တင်ထားသည်။ 


"ချလိုက် ..."


ဖုန့်ဝူယိ သူ့လက်ထဲက လက်ဖက်ရည်ခွက်တွေကို ရိုရိုသေသေလေး ချပေးလိုက်စဥ် တစ်ဖက်လူဆီက ကိုယ်သင်းနံ့သင်းသင်းလေးကို ရလိုက်သည်။ ဒါ့အပြင် ထိုလူဆီမှာ အေးစိမ့်စိမ့် အငွေအသက် တစ်ခုလည်း ရှိနေသည်။


လက်ဖက်ရည်ကို ချပေးပြီးတာနဲ့ ဖုန့်ဝူယိ ခါးပြန်မတ်လိုက်သည်။ သို့သော် သူ နောက်တစ်ကြိမ် ထပ်မကြည့်ဘဲ မနေနိုင်ချေ။ အရှင်ချင်းလုံ ဆိုတာ ဒဏ္ဍာရီသားရဲဂိုဏ်းမှာ ဘယ်သူမှ ချဥ်းကပ်လို့ မရတဲ့လူ၊ ဘယ်သူမှ အနားမကပ်ရဲကာ ဘယ်သူမှလည်း ငုံ့မကြည့်ရဲတဲ့လူ ဖြစ်လေ၏။


သူ့အရှိန်အဝါက ဘယ်လောက်တောင် ကြီးသလဲဆိုရင် တောင်ထွတ်ငါးခုကို အုပ်စိုးသော ဂိုဏ်းချုပ်ပင် တန်းတူထား၍ စကားပြောရသည်အထိပင်။ 


ယခု ထိုလူက လက်ဖက်ရည် အရသာများကို တစ်ခွက်ချင်းဆီ မြည်းစမ်းကြည့်နေရာ ဖုန့်ဝူယိလည်း သေချာစိုက်ကြည့်နေမိသည်။ မြည်းပြီးနောက် ထိုလူက လက်ဖက်ရည်ခွက် ၅ခွက်ကို အနောက်ဆုတ်ထားလိုက်သည်။


သဘောကတော့ ဒီ၅မျိုးက သူအကြိုက်တွေ့သွားတဲ့ အရသာပါပဲ။ 


ထိုသို့ လုပ်ပြီးနောက် သူက မျက်နှာဖုံးအောက်က ဖုန့်ဝူယိရဲ့ မျက်လုံးတွေကို စိုက်ကြည့်လိုက်သည်။ ဖုန့်ဝူယိလည်း မိမိ ထိုအရှိန်အဝါကောင်းတဲ့ လူကို စိုက်ကြည့်နေခဲ့မိကြောင်း သတိဝင်သွားတာကြောင့် ချက်ချင်း မျက်လွှာချလိုက်သည်။


အရှင်ချင်းလုံ အတွက်ကတော့ ဖုန့်ဝူယိက မျက်စိတစ်မှိတ်အတွင်း ကြီးပြင်းလာတဲ့ ကလေးတစ်ဦးလိုပါပဲ။ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က လုံဝူကျီနဲ့အတူ ဖုန့်မိသားစုဆီ အလည်သွားခဲ့ဖူးကာ ထိုစဥ်က ဤကလေးဟာ အဆော့မတ်နေသော အရွယ်သာ ရှိသေးသည်။


ယခုတော့ လူငယ်လေးတစ်ယောက် ဖြစ်လာခဲ့ပြီ။


"မင်းကိုယ့်ကို မေးခွန်း၃ခု မေးလို့ရတယ်..."


"ဘာလို့ ၅ခု မဟုတ်တာလဲ?"


အရှင်ချင်းလုံ အံ့သြသွားသည်။ သူက လက်ဖက်ရည် ၅မျိုးကို ရွေးလိုက်တာကြောင့် လူငယ်လေးက သူ့ကို မေးခွန်း ၅ခု မေးနိုင်မယ်လို့ ထင်နေပုံရသည်။ ကောင်လေးက သတ္တိတော့ ကောင်းသားပဲ။


"၃ခုပဲ ရမယ်...."


"ကောင်းပြီ.... ကျွန်တော့်အဖေကို သတ်သွားတာ ဘယ်သူလဲ?"


"အရှင်ယင်းယန်...."


"သူက ဘယ်သူလဲ?"


"မသိဘူး.... မင်းအဖေ ပါးစပ်ကနေ အဲဒီနာမည်ကိုပဲ ကြားခဲ့တာ"


"ဒါဆို သူသေချာပေါက် ဒဏ္ဍာရီသားရဲဂိုဏ်းမှာ ရှိမှာပေါ့...."


"ဒါမင်းရဲ့ နောက်ဆုံးမေးခွန်း ဆိုတာ သေချာလား?"


ဖုန့်ဝူယိ လန့်သွား၏။


"ဒါဆို ကျွန်တော့်ရဲ့ တတိယမေးခွန်းက အဖေနဲ့ အရှင်က ရင်းနှီးတဲ့ မိတ်ဆွေတွေလို့ အဖေကပြောတယ်.... အဖေ့ကို ဘာလို့ မကူညီခဲ့တာလဲ?"


အရှင်ချင်းလုံက သူ့မျက်လုံးတွေကို ချောက်နက်ကြီးဘက် ပြန်ရွှေ့လိုက်လေသည်။ 


"တချို့ကိစ္စတွေက ငါ ဝင်ပါလို့မရဘူး... ငါမင်းကို ဖြေနိုင်တာက မင်းအဖေ လုံဝူကျီရဲ့နာမည်က 'လုံ' ကြောင့်လို့ ပြောရမယ်...."


"လုံ....."(နဂါး)


ဖုန့်ဝူယိ မျက်မှောင်ကြုတ်ကာ လက်သီးဆုပ်တွေက ပို၍ပင် တင်းကြပ်သွားသည်။ အဖေက သူဟာ ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း ဘယ်တုန်းကမှ မပြောခဲ့သလို အမေကလည်း မသေခင်မှာ အဖေ့ရဲ့ သေဆုံးမှုအကြောင်း တိတိကျကျ မပြောခဲ့ချေ။ 


သို့သော် အဖေ သေပြီးနောက် ဖုန့်မိသားစုက တဖြည်းဖြည်း ကပ်ဘေးတွေနဲ့ ကြုံလာခဲ့ရကာ ဒါကလည်း သူ့အဖေနဲ့ သက်ဆိုင်နေကြောင်း သိခဲ့ရသည်။ 


"မင်း လင်ရုချောင်ကို ဆရာတူအစ်ကိုလို့ ခေါ်ချင်လား?"


"......"


ဖုန့်ဝူယိရင်ထဲ ဒိတ်ကနဲ ဖြစ်သွားသည်။ ဒီစကားက အရှင်ချင်းလုံက သူ့ကို တပည့်အဖြစ် လက်ခံတော့မယ်ဆိုတဲ့ သဘောပဲမလား။ 


ဖုန့်ဝူယိ တုံ့ဆိုင်းမနေဘဲ ချက်ချင်း ဒူးနှစ်ဖက်ထောက်ကာ နဖူးနဲ့ ကြမ်းပြင်ထိတဲ့အထိ အရိုအသေ ပေးလိုက်သည်။


"တပည့် ဖုန့်ဝူယိ ရှစ်ဇွင်းကို ဂါဝရပြုပါတယ်..."


"ကောင်းပြီ... ထပါ"


ဖုန့်ဝူယိ ဒူးထောက်လျက်သားမှ ခေါင်းမော့ကြည့်လိုက်တော့ ငွေရောင်လက်စွပ်တစ်ကွင်း သူ့မျက်စိရှေ့ကို ရောက်လာ၏။ ကျင့်ကြံခြင်းလောကမှာ သုံးနေကျ သိုလှောင်လက်စွပ်မျိုးတော့ မဟုတ်ချေ။ ၎င်းက သာမန်မဟုတ်သော မှော်လက်နက် တစ်ခုသာ ဖြစ်ပေလိမ့်မည်။


"ရှစ်ဇွင်းရဲ့ လက်ဆောင်..."


"ကျေးဇူးတင်ပါတယ် ရှစ်ဇွင်း...."


ဖုန့်ဝူယိ စိတ်ရင်းမှန်နဲ့ ကျေးဇူးတင်လိုက်ခြင်းပင်။ လက်စွပ်လေးကို သူ့လက်ညှိုးမှာ စွပ်လိုက်စဥ် အေးမြသော စွမ်းအင်များက သူ့ခန္ဓာကိုယ်ထဲကို တစ်ခဏအတွင်း ဝင်ရောက်လာကာ စိတ်နှလုံးထဲက မကျေနပ်တာတွေ၊ တင်းမာနေတာတွေကို လျှော့ချပေးလိုက်သလို ခံစားလိုက်ရ၏။


ဒါ့အပြင် လက်စွပ်မှာ အကာအကွယ် အခင်းအကျင်းပေါင်းများစွာ ထည့်သွင်းထားသေးသည်။ ဒါတွေက သူအသက်အန္တရာယ်နဲ့ ကြုံတွေ့လာရချိန်၌ အလိုလို ထွက်လာပြီး ကာကွယ်ပေးလိမ့်မည်။


"ရှစ်ဇွင်း......"


အရှင်ချင်းလုံက သူစပ်ထားသော လက်ဖက်ရည်တွေကို ဖြည်းဖြည်းချင်း သောက်နေရင်းမှ 'အင်း' ဟု အသံပေးလာသည်။ 


"ဆရာတူအစ်ကိုတုန်းက ဘာလက်ဆောင် ရခဲ့တာလဲ သိလို့ရမလား...."


"ရေငွေ့နတ်ဓား...."


"နတ်ဓားလား?"


ဖုန့်ဝူယိ ပါးစပ်အဟောင်းသားလေး ဖြစ်သွားသည်။ အကြောင်းမှာ နတ်ဓားဆိုတာက ကျင့်ကြံခြင်းလောကမှာ အမှန်တကယ် တွေ့ရခဲသော လက်နက် အမျိုးအစား ဖြစ်ကာ သန့်စင်နိုင်သူက မသေမျိုးနယ်ပယ်ကို ရောက်ထားမှသာလျှင် ရလိမ့်မည်။


သူ လက်ဖက်ရည် သောက်နေသူကို ပြန်ကြည့်လိုက်သည်။ ရှစ်ဇွင်းက သေချာပေါက် မသေမျိုးနယ်ပယ် ရောက်နေတာမလို့ လက်နက်ကလည်း သူသန့်စင်ထားတာပဲ ဖြစ်ရမည်။ သူ ပိုင်ယင်ကျစ်ဆီက ကြားမိသလောက်ဆို ဒဏ္ဍာရီသားရဲဂိုဏ်းမှာ နတ်လက်နက်စုစုပေါင်း ၁၀ခုသာ ရှိသည်။


ယခုဆို လင်ရုချောင်ရဲ့ ရေငွေ့နတ်ဓားက ၎င်းတို့အထဲက တစ်ခု ဖြစ်ပေလိမ့်မည်။ 


"ဘာလဲ... ဒီလက်စွပ်က နတ်ဓားလောက် တန်ဖိုးမရှိဘူးလို့ ခံစားရလို့လား?"


အရှင်ချင်းလုံရဲ့ မေးခွန်းကြောင့် ဖုန့်ဝူယိ ထိတ်ထိတ်ပြာပြာ ဖြစ်သွားသည်။


"မဟုတ်ပါဘူး မဟုတ်ပါဘူး...ရှစ်ဇွင်း ပေးတဲ့ လက်ဆောင်က အဖိုးတန်လွန်းပါတယ် ကျွန်တော် ဒီထဲက အခင်းအကျင်းတွေကို သင်ယူနိုင်မလား သိချင်လို့ပါ...."


"မရဘူး...."


ဆရာဖြစ်သူက ချက်ချင်းကြီး ငြင်းချလိုက်တာကြောင့် ဖုန့်ဝူယိ အံ့သြသွားရသည်။


"ဘာလို့လဲ?"


"မင်းရဲ့ သန္ဓေတည်နယ်ပယ် အဆင့်၅ ဆိုတာက နိမ့်လွန်းသေးတယ်"


"......"


ဖုန့်ဝူယိ အသံတိတ်သွားသည်။ သူ့ရဲ့ ချီစုဆောင်းမှု အဆင့်၉ ဆိုတာက အလိမ်အညာ နယ်ပယ်သာဖြစ်ပြီး အခုလက်ရှိ သူ့ရဲ့ကျင့်ကြံမှုက သန္ဓေတည်နယ်ပယ် အဆင့်၅ကို ရောက်နေပြီ ဖြစ်သည်။


ဒါကို အဆင့်မြင့် ဆရာကြီးတွေ အနေနဲ့ ဖောက်မြင်မယ်ဆို​တာ သူသိပြီးသားပါ။ သို့သော်လည်း ကျင့်ကြံမှု အဆင့်ကို ဖုံးကွယ်ထားတာက ဒဏ္ဍာရီသားရဲဂိုဏ်းမှာ တားမြစ်ထားတဲ့ စည်းကမ်းချက်ဖြစ်ပြီး တပည့်တွေအနေနဲ့ မိမိရဲ့ ကျင့်ကြံမှုကို အမှန်အတိုင်း ဖွင့်ချထားသင့်တာပဲ ဖြစ်သည်။ 


ချွင်းချက် တစ်ခုကတော့ အကြီးအကဲ သို့မဟုတ် အရှင်တစ်ယောက်ရဲ့ တပည့်ဆိုရင်တော့ ထိုစည်းကမ်းချက်ကနေ လွတ်ငြိမ်းခွင့် ရလေသည်။ သူကအခု အရှင်ချင်းလုံရဲ့ တပည့် ဖြစ်သွားပြီမလို့ ဒီစည်းကမ်းချက်ကို ဂရုစိုက်နေစရာ မလိုတော့ချေ။ 


"ရှစ်ဇွင်း ကျွန်တော့်ရဲ့ ကျင့်ကြံမှုကို ဖွင့်ချရမလား...."


"မလုပ်နဲ့... လောလောဆယ်တော့ ဒီအတိုင်းပဲ ထားလိုက်... အတွင်းစည်း တပည့်တွေအတွက် ၁နှစ်တစ်ကြိမ် အရည်အချင်းစစ် စာမေးပွဲရှိတယ် မင်းအဲဒီမှာ ဖြည်းဖြည်းချင်း ချပြလိုက်ရင် ရပြီ.... မင်း နဂါးအရိပ်အခင်းအကျင်းကို သုံးသွားတယ်မလား... အဆင့်ဘယ်လောက်ထိ ရပြီလဲ?"


ဖုန့်ဝူယိ:"တကယ်တော့ တပည့်အဲဒါကို အဖေ့ရဲ့ သိုလှောင်လက်စွပ်ထဲကနေ ရခဲ့တာပါ... အခုထိတော့ အဆင့်၂အထိပဲ တတ်မြောက်ပါသေးတယ်...."


"ကောင်းပြီ"


အရှင်ချင်းလုံ လက်တစ်ဖက် ဝေ့ယမ်းလိုက်တော့ ကျောက်စိမ်းတံဆိပ်ပြား တစ်ချပ် ဖုန့်ဝူယိလက်ထဲ ပျံဝဲလာသည်။ 


"အဲဒါ အဆင့်၃ပဲ ကောင်းကောင်း လေ့ကျင့်ထား...."


"ဟုတ်ကဲ့ ရှစ်ဇွင်း...."


ထိုစကားကို ပြောပြီးနောက် အရှင်ချင်းလုံသည် သူ့အား တစ်ချက်ကလေးမှ လှည့်မကြည့်လာဘဲ ချောက်ကြီးထဲ ပျံသန်းသွားတော့သည်။ နန်းဆောင်ဘေးရှိ ရေတံခွန်ငယ်က ထိုချောက်ထဲကို စီးဆင်းသွားသော်လည်း မြူမှုန်တွေက အင်မတန် ထူထပ်နေကာ အောက်ခြေက ဘယ်လောက်နက်သလဲ လုံးဝ မသိနိုင်ပေ။