🍬5🍬ခြိမ်းခြောက်မှု
Viewers 990

Chapter (5)

ခြိမ်းခြောက်မှု



၃ရက် ကြာပြီးနောက် တော်ဝင်အင်ပါယာမြို့၏ စည်ကားလှသော ညဈေးကြီးထဲတွင်။ 


"ဟူး..... အားယိ ဘာလို့အခုထိ ရောက်မလာသေးတာလဲ?"


ဖုန့်ချန်းယင် တစ်ယောက် သေရည်အိုးကို လက်တစ်ဖက်က ကိုင်ထားရင်း သီးသန့်ဆိုင်ခန်း တစ်ခုထဲတွင် ဖုန့်ဝူယိကို စောင့်နေခဲ့သည်။ သူတို့နှစ်ဦးက ဝင်ရောက်ခဲ့တဲ့ တောင်ထွတ်ချင်း မတူတာကြောင့် တစ်ယောက်နဲ့ တစ်ယောက် တွေ့ရတာ မလွယ်ချေ။ 


ဒါ့အပြင် နှစ်ယောက်သားကလည်း လေ့ကျင့်ရင်းနဲ့ အချိန်ကုန်နေရသေးသည်။ အခုက လကုန်ရင် တွေ့မယ်ဆိုတဲ့ ချိန်ဆိုမှုကြောင့် ရောက်ရောက်ချင်း ထိုင်ခဲ့တဲ့ သေရည်ဆိုင်မှာ လာထိုင်စောင့်နေတာပဲ ဖြစ်သည်။ 


ဝှစ်!


လေတစ်ချက် ဝေ့တိုက်သွားပြီး သူ့ဘေးမှာ လူတစ်ယောက် ပေါ်လာသည်။ တစ်ဖက်လူရဲ့ ပြင်းထန်တဲ့ အရှိန်အဝါကြောင့် ဖုန့်ချန်းယင် ချက်ချင်း မတ်တတ်ထရပ်ကာ ဓားဆွဲထုတ်ဖို့ ပြင်လိုက်သော်လည်း ရုတ်တရက် တစ်ကိုယ်လုံး လှုပ်လို့မရတော့တာကို တွေ့လိုက်ရသည်။


သူ့ရှေ့ရှိ လူဟာ တစ်ကိုယ်လုံးကို အနက်ရောင် ဝတ်ရုံဖြင့် ဖုံးအုပ်ထားသောကြောင့် ဘယ်သူဘယ်ဝါဆိုတာ မသိနိုင်ချေ။ သို့သော် သေချာပေါက် မိတ်ဆွေ မဟုတ်မှန်းတော့ သိပါ၏။


"ခင်ဗျား ဘယ်သူလဲ?"


ဖုန့်ချန်းယင် အံကြိတ်သံဖြင့် မေးလိုက်သည်။


"ငါ ဘယ်သူလဲဆိုတာ အရေးမကြီးဘူး... မင်း ဘယ်သူလဲ ဆိုတာတော့ ငါသိတယ်"


"......."


ဖုန့်ချန်းယင် မျက်မှောင်ကြုတ်သွား၏။


အမည်မသိလူ: "မင်း ဘာကြောင့် ဒဏ္ဍာရီသားရဲဂိုဏ်းထဲ ဝင်ရသလဲ ငါခန့်မှန်း ကြည့်ကြရအောင်.... မင်းရဲ့ မျိုးရိုးနာမည်က ဖုန့်.. .. ဖုန့်မိသားစုရဲ့ အစစ်အမှန် နောက်ခံက ဘာလဲ သိလား?"


"ခင်ဗျား ဘာတွေ လာပြောနေတာလဲ?"


တစ်ဖက်လူရဲ့ အသံက ယောက်ျားအသံပင်။ သို့သော်လည်း ကိုယ်လုံးကိုယ်ပေါက်က မိန်းကလေးတစ်ယောက်လို သေးသွယ်သွယ်လေး ဖြစ်နေသည်။ ထိုလူက ဆက်ပြောလာသည်။


"လွန်ခဲ့တဲ့ နှစ်၁ထောင်လောက်က ဒဏ္ဍာရီတစ်ခု ပေါ်ခဲ့ဖူးတယ်...ဖုန့်မိသားစုကို တည်ထောင်ခဲ့တဲ့ ဘိုးဘေးက ဖီးနစ်ငှက်တစ်ကောင်တဲ့ ဒါပေမဲ့ နောက်ပိုင်းမျိုးဆက်တွေက ဖီးနစ်သွေး အစစ်အမှန် မပါဝင်တော့ဘဲ တစ်စွန်းတစ်စပဲ ပါလာတော့တယ်... ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကိုယ်ထဲမှာ ဖီးနစ်သွေးကြော တစ်ခုကတော့ ပါတတ်တယ်... မင်းမှာ ဘာလို့ မပါတာလဲ?"


ဖုန့်ချန်းယင် မျက်လုံးလှိမ့်လိုက်သည်။ 


"ကျွန်တော်က မွေးစားသားလေ...."


"အိုး.... ဖုန့်မိသားစုက ဘာလို့ မြေခွေးတစ်ကောင်ကို မွေးစားထားပါလိမ့်?"


ဖုန့်ချန်းယင်: "!!!"


ဖုန့်ချန်းယင် လန့်သွားသည်။ တစ်ဖက်လူက သူ့ရဲ့နောက်ခံ အစစ်အမှန်ကို သိနေ၏။ သူက မြေခွေးတစ်ကောင် ဆိုတာကိုလေ။ သို့သော် သူက အားနည်းတဲ့ အမြှီး၃ ချောင်း မြေခွေးလေးတစ်ကောင်သာ။


ကံမကောင်းစွာပဲ မြေခွေးတွေက တဖြည်းဖြည်း မျိုးသုန်းနေပြီ။ ဒါကလည်း အကြောင်းအရင်း တစ်ခုရှိသေးသည်။ အဲဒါကြောင့် ဖုန့်ချန်းယင် သူ့အသွင်သူ ဖုံးကွယ်ထားရတာပဲ ဖြစ်လေသည်။ နောက်ပြီး သူရထားတဲ့ သတင်းအရ မြေခွေးမျိုးဆက်တွေကို ဒဏ္ဍာရီသားရဲဂိုဏ်းက ဖမ်းထား၏။


သူသည် သူ့မျိုးနွယ်ကို ကယ်တင်ချင်တာကြောင့် ဒီဂိုဏ်းထဲ ရောက်လာခဲ့တာပင်။ ဒီတစ်လက ကြိုးစားလေ့ကျင့်နေတာကြောင့် ဘာသတင်းမှ မစုံစမ်းရသေးပေ။ သို့သော်လည်း သူ့အကြောင်းကို တစ်​ယောက်ယောက်က သိသွားလေပြီ။


"ခင်ဗျား ဘယ်သူလဲ?"


ဖုန့်ချန်းယင်သည် မိမိ ထိန်းချုပ်ခံထားရတာကနေ လွတ်မြောက်နိုင်ဖို့ အတင်းကြိုးစားနေသည်။ တစ်ဖက်လူရဲ့ ကျင့်ကြံမှုက အဆင့်မြင့်နေတာကြောင့် သူဘယ်လောက်ပဲ ကြိုးစားပါစေ မလွတ်မြောက်နိုင်သေး။


"ငါ ဘယ်သူလဲက အရေးမကြီးဘူးလို့ ပြောထားပြီးသား... ဒဏ္ဍာရီသားရဲဂိုဏ်းက မြေခွေးတွေအတွက် တားမြစ်နေရာပဲ... တကယ်လို့ ဖော်ထုတ်မခံချင်ဘူးဆိုရင် ငါ့အတွက် ကိစ္စတစ်ခု လုပ်ပေး...."


"ဘာကိစ္စလဲ?"


"ဖုန့်ဝူယိကနေတစ်ဆင့် အရှင်ချင်းလုံရဲ့ တည်နေရာကို ရှာပေး...."


"ဟမ့် သူက ချင်းလုံတောင်ထွတ်မှာလေ... ခင်ဗျား အဲ့ကိုသွားရှာလိုက်ရင် ရပြီ. ... ခင်ဗျားကို ကြည့်ရတာ ဧကရာဇ်နယ်ပယ်ကို ရောက်နေပြီပဲ ချင်းလုံတောင်ထွတ်ထဲ ခိုးဝင်ဖို့က မခက်လောက်ပါဘူး...."


"မင်း မျက်လုံးကောင်းသားပဲ... ဒါပေမဲ့ မင်းငါပြောသလိုပဲ လုပ်ပါ ငါမင်းကို ၅လလောက်တော့ အချိန်ပေးနိုင်တယ်...."


ထိုလူက ထိုစကားကို ပြောတဲ့အခါ လေပြင်းတစ်ချက်နဲ့အတူ ပျောက်ကွယ်သွားတော့သည်။ ဤတော့မှ သူ့ခန္ဓာကိုယ်လည်း လှုပ်ရှားလို့ ရသွား၏။ 


ဖုန့်ချန်းယင် ထိုင်ခုံပေါ် လဲကျလုမတတ် ထိုင်ချမိသွားသည်။ ထိုအမည်မသိ လူက သူ့အား ဖုန့်ဝူယိကနေတစ်ဆင့် အရှင်ချင်းလုံရဲ့ တည်နေရာကို ရှာခိုင်းချင်နေသည်။ အခု ဖုန့်ဝူယိက အရှင်ချင်းလုံရဲ့ တံခါးပိတ်တပည့် ဖြစ်သွားပြီ။ 


တံခါးပိတ်တပည့်လို့ ကြေညာပြီးကတည်းက အရှင်ချင်းလုံဟာ ဖုန့်ဝူယိပြီးလျှင် နောက်ထပ် ဘယ်တော့မှ တပည့် လက်မခံတော့ကြောင်း ကြေညာလိုက်ခြင်းပဲ ဖြစ်လေသည်။


တကယ်လို့သာ သူက ဖုန့်ဝူယိကို အသုံးချပြီး အရှင်ချင်းလုံရဲ့ နေရာကို ရှာဖွေလိုက်မယ်ဆိုရင် ကိုယ့်သေလမ်းကို ဖောက်ထားသလို ဖြစ်နေမယ့်အပြင် ဖုန့်ဝူယိကိုလည်း ကျောခိုင်းပြီးသား ဖြစ်သွားလိမ့်မည်။


ဒါပေမဲ့ တစ်ဖက်က ကြည့်ပြန်တော့လည်း တော်ဝင်အင်ပါယာမြို့က မြေခွေးတွေအတွက် အမှန်တကယ် တားမြစ်နယ်မြေ ဖြစ်သည်။ အကြောင်းမှာ မြေခွေးအမြုတေက တချို့သော ကျင့်ကြံသူတွေအတွက် ကျင့်ကြံမှုအဆင့်ကို တိုးတက်စေနိုင်တာကြောင့်ပင်။ 


မြေခွေးအမြုတေကို ထုတ်ယူဖို့ဆိုရင် အဲဒီမြေခွေးက အနည်းဆုံး တော်ဝင်စစ်သူကြီးနယ်ပယ် ရောက်ထားရမည်။ ဒါမှသာ အမြုတေက အင်မတန် အစွမ်းထက်ပေမည်။ သို့သော်လည်း ဘယ်မြေခွေးကမှ တော်ဝင်စစ်သူကြီးနယ်ပယ်ကို ကျော်လွန်ကာ အသက်မရှင်ကြချေ။


အခု အဖမ်းခံထားရတဲ့ မြေခွေးတွေကလည်း လှောင်အိမ်ထဲမှာ ထည့်ပြီး တော်ဝင်စစ်သူကြီးနယ်ပယ် ရောက်အောင် အတင်းအကြပ် ကျင့်ကြံခံနေရသူတွေပဲ။


ဖုန့်ချန်းယင် တွေးရင်း ဒေါသထွက်လာတာကြောင့် လက်သီးတွေကို တင်းနေအောင် ဆုပ်ထားမိလေသည်။


"အဲ့လူနောက်ကို မလိုက်သွားကြည့်ဘူးလား?"


ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် ဖုန့်ချန်းယင်လည်း လန့်ဖြတ်ကာ စားပွဲခုံးကို လှန်မိလုမတတ် ဖြစ်သွားသည်။ ဘေးကို ဘယ်အချိန်က ရောက်နေမှန်းမသိတဲ့ ဖုန့်ဝူယိက ငုတ်တုတ်ထိုင်နေလျက်သား။


"မင်း....."


"ငါအကုန်ကြားတယ်"


"ငါ.... မလုပ်ပါဘူး"


"ငါသိတယ်... မင်း လုပ်လည်း ငါ့ဆီက ဘာသတင်းမှ ရမှာမဟုတ်ဘူး ရှစ်ဇွင်းက အရမ်းလျှိုဝှက်တယ် ငါကသူ့တပည့် ဖြစ်လာတာ မကြာသေးတော့ သူ့ရဲ့နေရာ အတိအကျကိုလည်း မသိနိုင်ဘူး.... သွားမယ်"


ဖုန့်ချန်းယင် :"ဘယ်ကိုလဲ?"


"အဲဒီလူနောက်လေ...."


"သူက ဧကရာဇ်နယ်ပယ်နော်.... "


"ငါတို့သူ့ကို မတိုက်ဘူး... အနောက်ကနေပဲ လိုက်သွားမှာ... စိတ်ချပါ ငါ့မှာ အကာအကွယ်ပါတယ်"


တကယ်တော့ အရှင်ချင်းလုံ ပေးတဲ့ လက်စွပ်ထဲမှာ ကိုယ့်ရောင်ဝါနဲ့ အငွေ့အသက်ကို ကောင်းကောင်းကြီး ဖုံးကွယ်ထားနိုင်တဲ့ အခင်းအကျင်းတစ်ခု ရှိသည်။ ဧကရာဇ်နယ်ပယ် မပြောနှင့် မသေမျိုးနယ်ပယ်က လူဆိုရင်တောင် သတိမကပ်နေရင် သတိမထားမိနိုင်ချေ။


နှစ်​ယောက်သား ထိုအခင်းအကျင်းကို သုံး၍ အနက်ရောင် ဝတ်ရုံနဲ့လူရဲ့ နောက်ကို နောက်ယောင်ခံ လိုက်လာခဲ့သည်။ ၎င်းက သူတို့နှစ်ဦး လိုက်လာတာကို အမှန်တကယ် လုံးဝ သတိမထားမိဘဲ ခေါင်းမိုးတွေပေါ် ဖြတ်သွားရင် ခြံဝန်းတစ်ခုထဲ ဆင်းသက်သွားသည်။


ဖုန့်ဝူယိနဲ့ ဖုန့်ချန်းယင် ခြံဝန်းထဲကိုတော့ လိုက်မဝင်သွားတော့ပေ။ 


ဖုန့်ချန်းယင်: "မလိုက်တော့ဘူးလား?"


"ဟင့်အင်း... အဲဒါ ယန်အိမ်တော်... မင်းကိုဘယ်သူက အသုံးချပြီး ငါ့ကို ချဥ်းကပ်စေချင်နေတာလဲ ငါသိပြီ...."


"ဘယ်သူလဲ?"


"ယန်ကူမုန့်...."


ဖုန့်ချန်းယင် ကြောင်သွားကာ: "ဘယ်သူကြီးလဲဟ!!"


"မုရုံရှန်းယွမ်ရဲ့ အရင်ရည်စား.... ယန်ကူမုန့်။ သူက ငါနဲ့ မုရုံရှန်းယွမ် အရမ်းရင်းနှီးမှန်း သိတယ် အခု ရှန်းယွမ်က တံခါးပိတ်ပြီး ကျင့်ကြံနေတာ... အားလုံးရဲ့ အမြင်မှာတော့ သူက သေလားရှင်လားတောင် မသိရဘူး... "


ဖုန့်ဝူယိ ပြောပြဖူးတာကြောင့် ပါရမီအားကောင်းတဲ့ မုရုံရှန်းယွမ် အကြောင်းကိုတော့ ဖုန့်ချန်းယင် သိသည်။ ဖုန့်ဝူယိ အခုထပ်ပြီး ရှင်းပြလိုက်တော့မှ ထိုကောင်က သစ္စာမရှိတဲ့ ခွေးကောင်မှန်း ထပ်သိလိုက်ရသည်။


သို့သော် သူ နားမလည်သေးတာက ဝတ်ရုံနက်က သူ့ကိုဘာလို့ လာခြိမ်းခြောက်နေတာလဲ ဆိုတာပင်။ သူက မုရုံရှန်းယွမ်နဲ့ သူငယ်ချင်း မဟုတ်သလို ယန်ကူမုန့်ကိုလည်း မသိချေ။


ဖုန့်ဝူယိ -"ဘာလို့လဲဆိုတော့ မင်းက အခုလောလောဆယ် ဘယ်ဆရာရဲ့ အကာအကွယ်ကိုမှ မရသေးတဲ့ အတွင်းစည်းတပည့် ဖြစ်နေလို့လေ...."


"မသာကောင်!!"


ဖုန့်ချန်းယင် လက်သီးတင်းတင်း ​ဆုပ်ထားလိုက်မိသည်။ 


ဖုန့်ဝူယိ: "သွားကြမယ်.... ငါကြားသလောက်တော့ ယန်အိမ်တော်မှာ မသေမျိုးနယ်ပယ်ကို ထိုးဖောက်တော့မယ့် လူတစ်ယောက် ရှိတယ်တဲ့... ငါတို့မသွားတာ အကောင်းဆုံးပဲ... ယန်အဂ္ဂိရတ်ဆေးဆိုင်ကို သွားကြည့်ရအောင်..."


ယန်အိမ်တော် လက်အောက်က အဂ္ဂိရတ်ဆေးဆိုင်ဟာ ဤမြို့၌ အတော်အသင့် နာမည်ကြီးသော ဆိုင်တစ်ဆိုင် ဖြစ်သည်။ ဆေးလုံး အပြင် ဆေးပင်တွေကိုလည်း ရောင်းချပေး၏။


ဖုန့်ဝူယိအတွက် ဆေးလုံးနဲ့ ဆေးပင်က မရှားပါ။ အရှင်ချင်းလုံက သူ့ရဲ့ အကန့်အသတ်မရှိ ဆေးပင်စိုက်ခင်းကို စိတ်ကြိုက်သုံးနိုင်ကြောင်း ခွင့်ပြုထားသည်။ သူကိုယ်တိုင်ကလည်း ဆေးသန့်စင်နိုင်တာကြောင့် ဆေးလုံးတွေကို မလိုပေ။


အခုက ဖုန့်ချန်းယင်အတွက် ဆေးနည်းနည်း ဝယ်ပေးချင်လို့ပါပဲ။ ဒါကိုကြားတော့ ဖုန့်ချန်းယင်က လန့်ဖြတ်သွားသည်။


"မင်းမှာ ဝိညာဥ်သလင်းကျောက် ရှိလို့လား?"


"အင်း..."


တကယ်တော့ ဆရာတူအစ်ကို လင်ရုချောင်က လက်ဆောင်အနေနဲ့ အနီရောင်သလင်းကျောက် အလုံး ၁၀၀ ပေးထားသည်။ 


နှစ်ယောက်သား စည်ကားသော အဂ္ဂိရတ်ဆေးဆိုင်ကြီးထဲ ဝင်သွားကြသည်။ အထဲမှာ အင်မတန် မွှေးကြိုင်သော အဂ္ဂိရတ်ဆေး ရနံ့များက အမျိုးစုံအောင် သင်းပျံ့နေကာ အလုပ်သမားနဲ့ ဝယ်သူတွေကလည်း ရှုပ်လို့ပင်။


သူတို့နှစ်ယောက် ဝင်လာတာနဲ့ မိန်းကလေးတစ်ယောက်က ပြုံးပြုံးရွှင်ရွှင်နဲ့ လာရောက်နှုတ်ဆက်လေသည်။ ဆေးဆိုင်က အတော်ကျယ်ပြီး နာမည်ကလည်း ရှိတာကြောင့် ဧည့်ခံရေးကလည်း မဆိုးချေ။


မျက်နှာဖုံး တပ်ထားတဲ့ ဖုန့်ဝူယိက သိပ်အာရုံစိုက် မခံရသော်လည်း ဖော်ရွေပြီး ကြည့်ကောင်းတဲ့ ဖုန့်ချန်းယင်ကြောင့် မိန်းကလေးက သူတို့ကို လိုချင်တဲ့ဆေးတွေရှိရာ နေရာသို့ ချက်ချင်းပဲ ခေါ်ဆောင်သွားပေးလေသည်။


"စိတ်စွမ်းအင် အားမြင့်ဆေးက ဘယ်လောက်လဲ?"


ဖုန့်ဝူယိ မေးတော့ မိန်းကလေးက ပြန်ပြုံးပြသည်။


"ကျွန်မတို့ဆိုင်မှာ စိတ်စွမ်းအင် အားမြင့်ဆေးက အဆင့်တစ်ကနေ ၉အထိ ရှိပါတယ်... အဆင့်တစ်ဆို အနီရောင် သလင်းကျောက် ၁၀လုံး ကျသင့်ပါမယ်...."


ဖုန့်ချန်းယင်: "......!!"


ဖုန့်ချန်းယင် မျက်လုံးပြူးသွားသည်။ အနီရောင် သလင်းကျောက် ၁၀ လုံး ဆိုတာက အဝါရောင်သလင်းကျောက် အလုံး၁၀၀နဲ့ ညီမျှသည်လေ။ သို့သော် စိတ်စွမ်းအင် အားမြင့်ဆေးက အမှန်တကယ် အစွမ်းထက်တာကတော့ သေချာပေသည်။


သူက လက်နက်သန့်စင်သူမို့ စိတ်စွမ်းအင် မြင့်နေလျှင် အဆင့်မြင့် လက်နက်တွေကို သန့်စင်နိုင်မည်။ ဒါ့အပြင် ဖုန့်ဝူယိကလည်း ဆေးလုံးသန့်စင်သူဖြစ်လို့ သူလည်းပဲ လိုအပ်လေသည်။


ဖုန့်ချန်းယင် ထိုဝမ်းကွဲဘက် လှည့်ကြည့်လိုက်တော့ သူက အနီရောင်သလင်းကျောက် အလုံး ၄၀ ပေးချေကာ အဆင့်၂ စိတ်စွမ်းအင် အားမြင့်ဆေးကို ဝယ်ပြီးနေပြီ။


"မင်း...."


"ယူလိုက်...."


ဖုန့်ဝူယိက ကြွေပုလင်း အဖြူလေးကို ဖုန့်ချန်းယင်လက်ထဲ ပစ်ထည့်ပေးလိုက်သည်။


"မင်း တခြားသူဆီက ခြိမ်းခြောက်တာ မခံချင်ဘူး ဆိုရင် သန်မာအောင်လုပ်ထား... သူပေးထားတာ အချိန်၅လ ဟုတ်တယ်မလား... အဲ့၅လအတွင်း မင်း အုတ်မြစ်နယ်ပယ် အဆင့်၅ လောက်အထိ ထိုးဖောက်ထားရမယ် ဒါမှမင်း ဆရာတစ်ယောက်ယောက်ရဲ့ အကာအကွယ်ကို ရမှာ..."


"ငါ သိပြီ"


ဖုန့်ချန်းယင် ကြွေပုလင်းကို ခပ်တင်းတင်း ဆုပ်ထားလိုက်သည်။ 


......


ဖုန့်ဝူယိ တောင်ထွတ်ကို ပြန်ရောက်ချိန်မှာတော့ ညသန်းခေါင်ယံ ရောက်တော့မည်။ သူ့ကို ပေးထားတဲ့ အိပ်ခန်းက အရှင်ချင်းလုံရဲ့ ခမ်းနားလှသော နန်းဆောင်နှင့် မဝေးပေ။ လင်ရုချောင် ပြောသလိုဆို အရှင်ချင်းလုံက သူ့အိပ်ဆောင်မှာ အမြဲလိုလို မရှိနေတတ်သလို သူ ဘာလုပ်ပြီး ဘယ်သွားနေမှန်းလည်း ဘယ်သူမှ မသိကြချေ။


"ယိအာ.... ပြန်လာပြီလား?"


ဖုန့်ဝူယိ ရပ်ကြည့်နေမိတုန်း အဝေးရှိ နန်းဆောင်ထဲကနေ အသံတစ်သံ ထွက်လာခဲ့ရာ ဖုန့်ဝူယိလည်း ကမန်းကတမ်း ဂါဝရပြုလိုက်သည်။


"ရှစ်ဇွင်း မအိပ်သေးဘူးလား?"


"မင်း ရှစ်ဇွင်းအတွက် ညလယ်စာတစ်ခုခု လုပ်ခဲ့ပေးပါ...."


"ဟုတ်ကဲ့..."


တပည့်တစ်ယောက် ဆရာ့အတွက် ညလယ်စာ လုပ်ပေးတာက ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စဖြစ်တဲ့အပြင် သူကအခု ထိုလူရဲ့ တပည့်အရင်း ဖြစ်နေပြီမလို့ လုပ်ပေးသင့်တာကတော့ အမှန်ပင်။


ဖုန့်ဝူယိ ရိုးရိုးရှင်းရှင်း ခေါက်ဆွဲတစ်ပွဲ လုပ်လာခဲ့သည်။ သူ နန်းဆောင်နားရောက်တော့ တံခါးက အလိုလို ပွင့်သွားရာ ဖုန့်ဝူယိလည်း အထဲ ဝင်ခဲ့လိုက်သည်။ 


အရှင်ချင်းလုံက စားပွဲတစ်ခုမှာ စာဖတ်နေခဲ့ပြီး သူ့ရဲ့နန်းဆောင် အပြင်အဆင်ကလည်း ရိုးရှင်းသည်။ အိပ်ခန်း စာဖတ်ခန်းဟူ၍ သီးသန့်မရှိကာ ကုတင်က ခပ်လှမ်းလှမ်း တစ်နေရာ၌ ရှိနေ၏။ ဖုန့်ဝူယိ ဖြည်းဖြည်းချင်း လျှောက်သွားကာ ညလယ်စာကို တရိုတသေ ချပေးလိုက်သည်။


"ရှစ်ဇွင်း......"


ခေါ်သံကြောင့် ထိုလူက စာအုပ်ကို ဘေးချပြီး ဖုန့်ဝူယိကို မော့ကြည့်လာ၏။ ည အိပ်ခါနီးပြီမို့ အရှင်ချင်းလုံက ဝတ်ရုံကို တစ်ထပ်တည်း ဝတ်ဆင်ထားကာ သန်မာတဲ့ ရင်ဘတ်ကို တစ်ဝက်လောက်အထိ ပြသထားသည်။


သို့သော် သူမော့ကြည့်လာတဲ့ အကြည့်တစ်ချက်မှာတင် ဖုန့်ဝူယိရဲ့ မျက်နှာဖုံးက နှစ်ခြမ်းကွဲကာ ပြုတ်ကျသွား၏။ ထိုအပြုအမူကြောင့် ဖုန့်ဝူယိလည်း လန့်ဖြတ်ကာ ခြေတစ်လှမ်း ဆုတ်ရင်း မျက်နှာကိုလည်း အသည်းအသန် ကာထားမိသည်။


"ရှစ်ဇွင်း!!"


အရှင်ချင်းလုံက ရေငွေ့လို ပျောက်ကွယ်သွားပြီး သူ့ရှေ့မှာ ပေါ်လာခဲ့သည်။


"လက်ကို ဖယ်လိုက်!"


အမိန့်ပေးလာတဲ့ အသံကြောင့် ဖုန့်ဝူယိပုခုံးတွေ ဇတ်ကနဲ တုန်သွားပြီး လက်ကို ဖြည်းဖြည်းချင်း ချလိုက်ရလေသည်။ သူ ဆရာဖြစ်သူကိုလည်း မဝံ့မရဲလေး မော့ကြည့်လိုက်သည်။ ကံကောင်းချင်တော့ ဆရာက ဒေါသထွက်နေပုံမပေါ်ဘဲ သူ့မျက်လုံးတွေကိုသာ စူးစိုက်ကြည့်နေ၏။


"ရှစ် ရှစ်ဇွင်း....."


"မင်း မှတ်တမ်းတင်သူကို မင်းနဖူးမှာ အမာရွတ်ရှိတယ် ဆိုပြီး လိမ်ခဲ့တာ ဒါကြောင့်လား...."


အရှင်ချင်းလုံက သူ့နဖူးမှ အနီရောင်ဖီးနစ်ငှက် အမှတ်အသားကို မေးနေတာဖြစ်ကြောင်း နားလည်ပါသည်။ ရှစ်ဇွင်းက သူလိမ်ခဲ့တာကို စိတ်မဆိုးတာကြောင့် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။


သို့သော် လက်နှစ်ဖက်ကိုတော့ ရင်ဘတ်ရှေ့မှာပဲ စုကိုင်ထားရင်း အသာလေး ခေါင်းညိတ်ပြလိုက်သည်။