🍬6🍬 အဆိပ်မြူခိုးတောအုပ်သို့
Viewers 991

Chapter (6)

အဆိပ်မြူခိုးတောအုပ်သို့



"ဘာလို့ လိမ်တာလဲ?"


အရှင်ချင်းလုံ ဆက်မေးလာသော်လည်း ဖုန့်ဝူယိ ခေါင်းမော့ကြည့်ရန် မဝံ့ရဲတော့ချေ။


"ကျွန်တော့်ခန္ဓာကိုယ်ထဲက ဖီးနစ်သွေးကို ဖိနှိပ်ထားပါတယ်... မီးဒြပ်စင် ရှိနေရင် ကျူးချွဲ့တောင်ထွတ်ကို သွားရမှာ ကြောက်တာနဲ့ ဖုံးကွယ်ထားရတာပါ...."


အပြင်လူတွေရှေ့မှာ အနည်းငယ် အေးတိအေးစက် နိုင်သော ဖုန့်ဝူယိက ရှစ်ဇွင်းရှေ့မှာတော့ ကြောက်လန့်နေတဲ့ ယုန်သူငယ်လေးလို ဖြစ်သွားသည်။


ကံကောင်းတာက ရှစ်ဇွင်းက သူ့စကားကို နားထောင်ပြီးနောက် အပြစ်မမြင်ခဲ့ချေ။ ထိုအစား လက်ညှိုးကို မြှောက်ကာ သူ့နဖူးပေါ် ဖိချလာသေးသည်။ အေးမြသော ဝိညာဥ်စွမ်းအင် စီးကြောင်းတစ်ခု တိုးဝင်လာတဲ့အခါ သူ့နဖူးမှ အနီရောင်ဖီးနစ်ငှက် အမှတ်အသားကလည်း ပျောက်ကွယ်သွားခဲ့သည်။


ဖုန့်ဝူယိ ဇတ်ကနဲ လက်မြှောက်၍ သူ့နဖူးကို စမ်းကြည့်တော့ ပူနွေးနေတဲ့ နေရာလေးက မရှိတော့ပေ။ သူ အံ့သြသွားပြီး အရှင်ချင်းလုံကို မော့ကြည့်လိုက်သည်။


"ရှစ်ဇွင်း....."


"မင်းက ကိုယ့်တပည့် ဖြစ်လာပြီပဲ... ကိုယ်သေချာပေါက် ကာကွယ်ပေးမှာ နောက်၃လပြီးရင် တပည့်တွေအတွက် စမ်းသပ်မှု တစ်ခုရှိတယ်.... မင်းတို့ အဆိပ်မြူခိုးတောအုပ်ကို သွားရမယ် ကောင်းကောင်း လေ့ကျင့်ထား!"


ဖုန့်ဝူယိ ချက်ချင်း ပြုံးလိုက်သည်။


"ဟုတ်ကဲ့ ရှစ်ဇွင်း!!"


ဂါဝရပြုပြီးတဲ့အခါ တက်တက်ကြွကြွလေး ထွက်သွားတော့သည်။ သူ မမြင်ရတဲ့ အရှင်ချင်းလုံရဲ့ အဝတ်အောက်က လက်ချောင်းတွေဟာ တင်းကြပ်သွားခဲ့၏။ ဘာကြောင့်ရယ်မသိ ဖုန့်ဝူယိရဲ့ ပျော်ရွှင်သွားတဲ့ အပြုံးလေးက သူ့နှလုံးသားကို ဆစ်ကနဲ ဖြစ်သွားစေသည်။


မိမိကိုယ်တိုင်တောင် မသိဘဲ လက်တစ်ဖက်ကို ဝေယမ်းရင်း ဖုန့်ဝူယိမျက်နှာပေါ်မှာ မျက်နှာဖုံး တစ်ခု ပြန်ပေါ်လာအောင် လုပ်မိသွားသည်။


ပြေးထွက်သွားတဲ့ ဖုန့်ဝူယိကတော့ မျက်နှာဖုံး ပြန်ပေါ်လာတာကို စိတ်ထဲမထားနေချေ။ သူ စိတ်ပူနေတဲ့ အမှတ်အသားက မရှိတော့ပေမယ့် လိမ်ညာထားတဲ့ အမာရွတ်က ရှိမနေတာကြောင့် မျက်နှာအသစ် ထပ်လုပ်ဖို့တောင် စဥ်းစားထားသေးသည်။


ကံကောင်းချင်တော့ အခုက လုပ်ရသက်သာသွားပြီ။


ပြန်ရောက်တာနဲ့ ဖုန့်ဝူယိ တံခါးပိတ်ကျင့်ကြံသည်။ ပိုင်ယင်ကျစ်သည် ဖုန့်ဝူယိ အရှင်ချင်းလုံရဲ့ တံခါးပိတ်တပည့် ဖြစ်သွားပြီလို့ ကြားပြီးကတည်းက လင်ရုချောင်ဆီက သင်ယူရင်း အသည်းအသန် လေ့ကျင့်နေရှာသည်။


သူ့ရဲ့ ဆရာဘိုးဘိုး အရှင်ချင်းလုံကို စိတ်မပျက်စေချင်ဘူး။ တစ်နေ့တော့ သူလည်း ဆရာဘိုးဘိုးကို ဂါဝရပြုခွင့်ရမယ်မလား။ 


၃လ ကြာပြီးနောက် ဖုန့်ဝူယိ အုတ်မြစ်နယ်ပယ် အဆင့်၆သို့ တက်သွားခဲ့သည်။ ချီစုဆောင်းမှု အဆင့်ကနေ သန္ဓေတည်နယ်ပယ် အဆင့်၁ လောက်အထိက အဆင့်တက် မြန်နေသေးသည်။ တကယ့်ပါရမီရှင်များကသာ ချီစုဆောင်းမှု အဆင့်၉မှ အုတ်မြစ်နယ်ပယ် အဆင့်၅ကို ကျော်လွန်နိုင်ပေ၏။ 


ယခု ဖုန့်ဝူယိ အဆင့်တက်သွားတာက ပါရမီရှင်တွေ လုပ်နိုင်လောက်တဲ့ အနေအထားဖြစ်ပြီး ဘယ်သူကမှ အထူးအဆန်း လုပ်ပြီး တွေးနေမည်မဟုတ်။ အမှန်တကယ်တော့ သူသည် သန္ဓေတည်နယ်ပယ် အဆင့်၆ကို ရောက်သွားပြီ ဖြစ်ပြီး ၃လအတွင်း အဆင့်၁ဆင့် တက်သွားပြီ။


ဝယ်ယူလာတဲ့ စိတ်စွမ်းအင် အားမြင့်ဆေးက သူ့ကိုနည်းနည်းပဲ အထောက်အကူ ပြုနိုင်တာကြောင့် သိပ်သဘောမကျပေ။ နောက်မှ ကိုယ့်ဘာသာကို သန့်စင်ဖို့ ရှစ်ဇွင်းဆီမှာ ခွင့်တောင်းကြည့်ရမည်။


ဖုန့်ဝူယိ အပြင်ထွက်လာတော့ ရှစ်ဇွင်းရဲ့ အခန်းတံခါးက တင်းတင်းကြပ်ကြပ် ပိတ်ထားတာကို တွေ့လိုက်ရသည်။ လူမရှိဘူး ထင်ပါရဲ့။ သို့သော် သူကတော့ တပည့်တစ်ယောက် အနေနဲ့ အခန်းကိုတော့ ဆရာအမှတ်နဲ့ ဂါဝရပြုသွားလိုက်ပါသေးသည်။


တောင်အောက်က စုရပ်ကွင်းထဲမှာတော့ တပည့်တော်တော်များများ စုဝေးနေကြပြီ။


"ဟေး..... ဖုန့်ဝူယိ!"


ရုတ်တရက် ထွက်လာတဲ့ အသံကြောင့် နက်ပြာရောင် ဝတ်စုံနဲ့ ဖုန့်ဝူယိက လူတိုင်းရဲ့ အာရုံစိုက်စရာ ဖြစ်သွားခဲ့သည်။ အခုသူက လျှို့ဝှက်ဆန်းကြယ်တဲ့ အရှင်ချင်းလုံရဲ့ တပည့်ဖြစ်နေပြီမလို့ ဘယ်သူကမှ လမ်းကို မတားရဲကြချေ။


အရင်တစ်ခေါက်က စင်မြင့်ပေါ်ကနေ ကန်ချခံလိုက်ရလို့ လက်စားချေဖို့ ကြွေးကြောနေကြတဲ့ လူတွေကလည်း လူအုပ်ထဲမှာပဲ ပုန်းနေကြသည်။


လူအုပ်ထဲက ပြေးထွက်လာသူကတော့ ပိုင်ယင်ကျစ်ပင်။ သူ့နောက်မှာလည်း ယခင်က စင်မြင့်ပေါ်မှာ တွေ့ဖူးတဲ့ အစိမ်းရောင် ဂါဝန်နဲ့ နန်ချင်းချင်းလည်း ပါလာသည်။ 


နန်ချင်းချင်း: "မင်္ဂလာပါ..."


"အင်း.... တွေ့ရတာ ဝမ်းသာပါတယ်"


ပိုင်ယင်ကျစ်: "မင်းကတော့လေ... ငါ့ထက် ခြေတစ်လှမ်း သာနေပြန်ပြီ..."


ဖုန့်ဝူယိ ဘာမှမပြောဘဲ ခေါင်းပဲ အသာညိတ်ပြလိုက်သည်။ 


အဆိပ်မြူခိုးတောအုပ်ကို တပည့်တိုင်း ဓားပျံစီး၍ ထွက်ခွာလာခဲ့သည်။ စမ်းသပ်မှုကတော့ တောအုပ်ထဲမှာ ၁၀ရက်တိတိ အသက်ရှင်နေရမယ့် အပြင် အနီရောင်သလင်းကျောက်၊ အဖိုးတန် ရှားပါးဆေးပင်တွေကို ရှာဖွေရမည်။ အများဆုံး ရသူက ပထမရမည်။


အဆိပ်မြူခိုးတောအုပ်ထဲကို အုတ်မြစ်နယ်ပယ် အဆင့်၁ကနေ သန္ဓေတည်နယ်ပယ် အဆင့်၉ အထိ ကျင့်ကြံထားသူ တပည့်များ ဝင်ခွင့်ရှိလေသည်။ တောအုပ်ရဲ့ နိယာမ ကန့်သတ်ချက်ကြောင့် သန္ဓေတည်နယ်ပယ် အဆင့် ၉အထက်ကို ချိုးဖောက်ထားသော ကျင့်ကြံသူများ မဝင်ရောက်နိုင်ချေ။


တပည့်တွေ ထွက်သွားရာ လမ်းကြောင်းကို ကြည့်ရင်း လင်ရုချောင် သက်ပြင်းအသာ ချလိုက်သည်။ ဘေးကို ကြည့်လိုက်တော့ ဆရာဖြစ်သူက အေးအေးဆေးဆေး လက်ဖက်ရည် ထိုင်သောက်နေကာ တပည့်အသစ်လေးကို နည်းနည်းမှ စိတ်ပူပုံမပေါ်ပေ။


မိမိမှာတော့ ပိုင်ယင်ကျစ်ရဲ့ စပ်စုတတ်လွန်းတဲ့ စိတ်ဓာတ်ကြောင့် တခြားလူတွေနဲ့ ပြဿနာတက်မှာကို စိတ်ပူနေရ၏။ 


"ရှစ်ဇွင်း....ဆရာတူညီလေးကို စိတ်မပူဘူးလား... သူ ရှစ်ဇွင်းတပည့်နေရာ ရသွားလို့ ချင်းလုံတောင်ထွတ် တစ်ခုလုံးလိုလို မနာလိုဖြစ်နေကြတာ... အဆိပ်မြူခိုးတောအုပ်က သေခြင်းရှင်ခြင်း အတွက် အဆုံးအဖြတ် ပေးနိုင်တဲ့နေရာမျိုး... တကယ်လို့....."


"ဘယ်သူက ငါ့တပည့်ကို ထိရဲမှာလဲ...."


လင်ရုချောင် အသံတိတ်သွားသည်။ တစ်ဆက်တည်း သူ့နှုတ်ခမ်းများက ကွေးညွတ်သွား၏။ သူသည် ဆရာစားပွဲ၏ ခပ်လှမ်းလှမ်းက ထိုင်ခုံမှာ ဝင်ထိုင်လိုက်ကာ။


"လွန်ခဲ့တဲ့ တစ်လလောက်က ဂိုဏ်းချုပ်လဲ့တစ်ယောက် နတ်လက်နက် သန့်စင်ဖို့ ပစ္စည်းတွေ ထပ်စုဆောင်းနေတယ်လို့ သိရပါတယ်.... ပြီးတော့ ကျွန်တော်သွားစစ်ဆေးကြည့်တာ ပစ္စည်းတွေထဲက တစ်ခုက ငရဲမီးကျောက်ပါ...."


အရှင်ချင်းလုံရဲ့ လှုပ်ရှားမှုတွေ ရပ်သွားသည်။


"ငရဲမီးကျောက်! ??"


"ဟုတ်ကဲ့.... အဲ့ပစ္စည်းကို ဂိုဏ်းချုပ်က အတော်လေး လျှို့ဝှက်ထားတာ... ကြည့်ရတာ သူ့ဘက်က လုံးဝ စိတ်မရှည်တော့ဘူး ထင်တယ်" 


အရှင်ချင်းလုံ: "ဟမ့်.... ငရဲမီးကျောက်နဲ့ လက်နက် သန့်စင်မယ်.... လဲ့ယွင်... မင်းငါ့ကို အထင်သေးလွန်းနေတာပဲ....."


ထိုစကားများကို ဆိုပြီးတဲ့အခါ စိတ်ပူစရာမလိုတဲ့ ကိစ္စတစ်ခုကို ကြားလိုက်ရသည့်နှယ် လက်ဖက်ရည်ကိုပဲ ဆက်သောက်နေ၏။


"ယိအာဘက်ကရော...."


"ဆရာတူညီလေးနဲ့အတူ ဝင်လာတဲ့ ဖုန့်ချန်းယင်က ပိုင်ဟူတောင်ထွတ်မှာပါ... ဒီတစ်ခေါက် သူလည်း ပါသွားပါတယ် သူကလူမဟုတ်တဲ့ မြေခွေးတစ်ကောင်ပါ... ဆရာတူညီလေးကလည်း ဒါကိုသိပုံပါပဲ... နောက်ပြီး ဆရာတူညီလေးမှာ မုရုံရှန်းယွမ် ဆိုတဲ့ သူငယ်ချင်းတစ်ယောက်လည်း ရှိပါသေးတယ် အဲဒီကောင်လေးက အခုလောလောဆယ်တော့ တံခါးပိတ်ပြီး ကျင့်ကြံနေပါတယ်"


"အင်း.... လဲ့ယွင်ဘက်ကို သေချာစောင့်ကြည့်ထား!"


"ဟုတ်ကဲ့!"


လင်ရုချောင် ထွက်သွားတာနဲ့ အရှင်ချင်းလုံသည် သူ့လက်ထဲက လက်ဖက်ရည်ခွက်ကို ချ၍ အဝေးက တောင်တန်းပြာတွေဘက် ငေးကြည့်လိုက်သည်။ သေချာပေါက် သူ ဖုန့်ဝူယိကို မြင်ရသည်။


"တပည့်လေး.... ဘယ်သူ့ကိုမှ သက်ညှာနေစရာ မလိုဘူး!"


ထိုအသံက နားထဲကို ရှင်းရှင်းလင်းလင်း ရိုက်ခတ်လာတာကြောင့် ဖုန့်ဝူယိ ထိတ်လန့်သွား၏။ ဒါက ရှစ်ဇွင်း အသံဆိုတာ သူသေချာပေါက် သိသည်။


စကားရဲ့ အသွားအလာကို ကြည့်ရုံနဲ့ ဒီလမ်းခရီးက ထင်ထားသလို ချောမွေ့တော့မှာ မဟုတ်မှန်း သိလိုက်သည်။ သူ့ရှေ့မှာ ပိုင်ယင်ကျစ်က ပျံသန်းနေပြီး ဘယ်နဲ့ညာမှာတော့ နန်ချင်းချင်းနဲ့ ဖုန့်ချန်းယင် ရှိသည်။


နန်ချင်းချင်းက သံသယကြီးပြီး သတိထားတတ်သူမို့ တော်ရုံလူတွေကို အပေါင်းအသင်း မလုပ်တတ်ချေ။ တစ်ခုတရံ တက်ကြွပြီး တစ်ခါတရံ တည်ငြိမ်အေးဆေးသည်။ ဖုန့်ချန်းယင်ရဲ့ အရည်အချင်းကလည်း မဆိုးလှအောင် တိုးတက်နေပါပြီ။


ဖုန့်ဝူယိ ဓားပျံကို ထိန်း၍ ဖုန့်ချန်းယင်အနား ကပ်သွားလိုက်သည်။


"စုံစမ်းတာ ဘယ်လိုနေလဲ?"


ဖုန့်ချန်းယင်က ပြန်မဖြေခင် ပတ်ဝန်းကျင်ကို အရင်ကြည့်လိုက်သည်။ ဖုန့်ဝူယိရဲ့ အစွမ်းထက် အသံပိတ် အခင်းအကျင်း ချထားတာ သေချာပြီဆိုတော့မှ လှည့်ပြောလာ၏။


"ဂိုဏ်းရဲ့ အရှေ့ဘက်မှာ အစွယ်တောင် ရှိတယ်...အဲဒီတောင်အောက်က မြေအောက်ခန်းထဲမှာ မြေခွေးမျိုးဆက်တွေကို ချုပ်ထားတယ်တဲ့....."


"သေချာလား?"


ဖုန့်ချန်းယင်: "ငါကိုယ်တိုင် သွားမကြည့်ရသေးပေမယ့် သေချာသလောက်ပဲ.... ငါ ဆောင်ကြာမြိုင်က ဟွားဟုန်နဲ့ ရင်းနှီးနေပြီ သူမက အမြှီးငါးချောင်း မြေခွေးနီ... အဲ့နေရာကို သူမရောက်ဖူးပေမယ့် အထဲကိုတော့ မဝင်နိုင်ခဲ့ဘူးတဲ့ သူမက မြို့ထဲမှာ နေပြီး သတင်းတွေ စုဆောင်းနေတာ... "


ဖုန့်ချန်းယင်က ဖုန့်ဝူယိနဲ့ ပေါ့ပေါ့ပါးပါး စကားစမြည် ပြောနေဟန်ဖြင့်သာ ကိုယ့်ကိုကိုယ် ထိန်းထားသည်။ 


"သူမမှာ ပို့ဆောင်ခြင်းအစီအရင် ရှိတယ်... မျိုးနွယ်စုထဲက ၅ယောက်လောက်ကို သူမ ကယ်ထုတ်ပြီးပြီ.... "


ဖုန့်ဝူယိလည်း သူနားလည်ပြီ ဖြစ်ကြောင်း ပြရန် ခေါင်းညိတ်လိုက်၏။ ထို့နောက် ပိုင်ယင်ကျစ်နဲ့ နန်ချင်းချင်းတို့ ကြားအောင် လှမ်းပြောလိုက်သည်။


"အရှင်ချင်းလုံက ဘယ်သူ့ကိုမှ သက်ညှာနေစရာ မလိုဘူးလို့ မှာလိုက်တယ်"


ဖုန့်ချန်းယင် ကြောင်သွားသည်။ နန်ချင်းချင်းကတော့ ချက်ချင်း နားလည်ကာ ပိုင်ယင်ကျစ်မှာတော့ တအံ့တသြဖြစ်လျက်။ အဲ့စကားက ဘယ်တပည့်ကိုမဆို ရန်လာစရင် သတ်ပစ်လိုက်၊ ကျန်တာ သူရှင်းမယ်လို့ ပြောလိုက်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား။ 


သို့သော် မကြာခင်မှာပဲ အဆိပ်မြူတောအုပ်အနား ရောက်လာခဲ့သည်။ အဆိပ်မြူ ဆိုသည့်အတိုင်း အနားမရောက်ခင်မှာပင် အဆိပ်ရဲ့ အငွေ့အသက်တွေကို ခံစားနေရပြီ။ အဝေးကနေ လှမ်းကြည့်ပါက တောအုပ်တစ်ခုလုံး မြူခိုးတွေ ဖုံးလွှမ်းနေတာကို တွေ့မြင်နေရပေသည်။


အဆိပ်မြူတောအုပ်ထဲတွင် သတ်ဖြတ်တာတွေအတွက် စည်းကမ်းချက် မထုတ်ထားပေ။ ဒါကြောင့် ခေတ်အဆက်ဆက် တပည့်တွေက တောအုပ်ထဲ၌ အချင်းချင်း လုယက် သတ်ဖြတ်တာတွေ လုပ်တတ်ကြသည်။


လုပ်ကြံခံရသူ အသက်မရှင်နေသရွေ့ ဆရာတွေက အဆိပ်တောအုပ်ထဲအထိ အလောင်းလာကောက်မည် မဟုတ်။ တစ်ခုရှိတာက မျက်မြင်သက်သေတွေကိုတော့ ချန်မထားဖို့ လိုပေ၏။


တပည့်တစ်အုပ် ရောက်သွားချိန်က နေ့ခင်းပိုင်း ဖြစ်တာကြောင့် အဆိပ်မြူတွေက အရမ်းမထူသေးပေ။ ကောင်းကင်ကနေ မြေကြီးတစ်ခုလုံး မြူတွေနဲ့ ဖုံးအုပ်ထားတာကို သာမန်မျက်စိဖြင့်ပင် မြင်တွေ့နိုင်လေသည်။


အဆိပ်မြူတွေက ပြင်းထန်သော်လည်း နှစ်စဥ်နှစ်တိုင်း သလင်းကျောက်တွေကို မွေးထုတ်ပေးနိုင်သော မြေကြီးစွမ်းအင်က ရှိနေ၏။ လူတိုင်းက အနီရောင် သလင်းကျောက်တွေကို အရင်ရှာချင်ကြတာကြောင့် တစ်ယောက်နဲ့ တစ်ယောက် လုပ်ကြံနေဖို့ မအားသေးဘဲ တောအုပ်ထဲကိုသာ အလောတကြီး ပြေးဝင်သွားကြသည်။


နန်ချင်းချင်း: "ဖုန့်ဝူယိ.... နင့်မှာ ဘာအစီအစဉ်ရှိလဲ?"


"ငါ့ပစ်မှတ်က အနီရောင် သလင်းကျောက် မဟုတ်ဘူး... ဒါပေမဲ့ မင်းတို့ရှာချင်ရင် သွားလို့ရတယ်... "


နန်ချင်းချင်းက ပြုံး၍: "ရှစ်ဇွင်းက ငါအသက်ရှင်လျက် ပြန်လာတာကိုပဲ မြင်ချင်တယ်လို့ ပြောထားတယ်..."


"ကောင်းပြီ ဒါဆို ငါ့နောက်ကို လိုက်ခဲ့!"


အဆိပ်မြူတောအုပ်ထဲ ရောက်သွားတာနဲ့ လူတိုင်း တစ်ယောက်နဲ့တစ်ယောက် မတွေ့ကြရတော့ချေ။ တောအုပ်ထဲမှာ အန္တရာယ်အများဆုံးက လူနဲ့ အဆိပ်မြူပဲ။ မြူတွေက ညဘက်မှာ ပိုများနိုင်တာကြောင့် လူတိုင်းက နေ့ဘက်မှာ အပြင်းအထန် ရှာဖွေကြလိမ့်မည်။


ဖုန့်ချန်းယင်: "အားယိ... မင်း ဘယ်သွားနေတာလဲ?"


"ဒီတောအုပ်ရဲ့ အလယ်မှာ တောင်ကြားတစ်ခုရှိတယ်... အဲ့တောင်ကြားထဲက ဝိညာဥ်ပန်းတစ်မျိုးရဲ့ အောက်မှာ အစိမ်းရောင် သလင်းကျောက် ရှိတယ်လို့ ရှစ်ဇွင်း ပြောတယ်...."


ပိုင်ယင်ကျစ်:"ဟေး.... ရှစ်ဇွင်းလည်း ငါ့ကိုပြောတယ်... ဒါပေမဲ့ အဲ့နေရာက အရမ်းအန္တရာယ်များတယ်နော်... "


"မင်းက ကြောက်လို့လား?"


ဖုန့်ဝူယိရဲ့ အမေးကြောင့် ပိုင်ယင်ကျစ်၏ မျက်ခုံးများ အလိုမကျစွာ တွန့်ချိုးသွားသည်။


"ဘယ်သူက ကြောက်နေလို့လဲ?"


လေးယောက် အတူတူ တောအုပ်ထဲ ဆင်းသက်လာခဲ့သည်။ လက်ရှိ အဆိပ်မြူရဲ့ အာနိသင်က သူတို့အတွက် ကြောက်စရာ မဟုတ်သေးချေ။ လူငယ်သုံးယောက် ဖုန့်ဝူယိရဲ့ ဦးဆောင်မှုနောက်ကနေ မြူတွေအုပ်ထားတဲ့ သစ်ပင်တွေကြား ဖြတ်လျှောက်လာခဲ့သည်။


အဝါရောင် သလင်းကျောက်တွေကိုက သွားလေရာတိုင်းမှာ တွေ့ရတတ်လို့ စုဆောင်းခဲ့လိုက်သေးသည်။ နှစ်နာရီလောက် ကြာပြီးတဲ့အထိ တောအုပ်အလယ်ကို မရောက်သေးသလို အနီရောင် သလင်းကျောက်ကလည်း ၃လုံးသာ တွေ့သေးသည်။


အနီရောင် သလင်းကျောက် ၃လုံးကို ဖုန့်ချန်းယင်၊ ပိုင်ယင်ကျစ်နဲ့ နန်ချင်းချင်းတို့အား တစ်လုံးစီ ပေးလိုက်သည်။ ဖုန့်ဝူယိအတွက် အနီရောင် သလင်းကျောက်က မရှားတော့ပေ။ သူ့မှာ သူဌေးဆရာတစ်ယောက်လုံး ရှိနေတယ် မဟုတ်လား။


"ခဏ!!"


နန်ချင်းချင်းက အော်လိုက်သည်။ သူမအသံက မကျယ်သော်လည်း လူတိုင်း ကြားနိုင်သလောက်တော့ ကျယ်ပါ၏။ လူငယ်လေးယောက် ချက်ချင်း ရပ်လိုက်ကြသည်။


ဖုန့်ချန်းယင်: "မူမမှန်တာ တစ်ခုခု တွေ့လို့လား?"


နန်ချင်းချင်းက ကောင်းကင်ကို မော့ကြည့်လိုက်ကာ။


"နေမဝင်သေးဘူး.... ဒါပေမဲ့ အဆိပ်မြူတွေ ပိုထူလာတာကို သတိထားမိလား?"


လူတိုင်းက အဆိပ်တားဆီး ဆေးလုံးနဲ့ ခန္ဓာကိုယ်ပေါ်မှာ အကာအကွယ်တွေ ဝတ်ဆင်ထားတာကြောင့် အဆိပ်မြူတွေကို စိတ်ထဲ ထားမနေချေ။ သို့သော် နန်ချင်းချင်းကတော့ ပထမဆုံး အနေနဲ့ သတိထားမိလိုက်သည်။


ယောက်ျားလေး သုံးယောက်လည်း ချက်ချင်း သတိကပ်သွား၏။ 


ဖုန့်ဝူယိ: "တစ်ယောက်ယောက်က အဆိပ်ငွေ့တွေကို ငါတို့ဘက်ရောက်အောင် တွန်းပို့နေတာ..."


သူစကားပြောလို့ မဆုံးသေးခင်မှာပဲ ဝုန်းကနဲ အသံနဲ့အတူ သစ်ပင်ကြီးတစ်ပင်က သူတို့ဆီကို လွင့်လာတော့သည်။ ဖုန့်ဝူယိက အရှေ့ဆုံးက ဖြစ်တာကြောင့် ချက်ချင်း ဓားထုတ်ကာ သစ်ပင်ကြီးကို ချေမွပစ်သည်။


သစ်ပင်ကြီး ပျောက်ကွယ်သွားသည်နှင့် ဓားစွမ်းအင် တစ်ခု သူတို့ဆီ ပြေးလာသည်။ ဖုန့်ချန်းယင်နဲ့ ပိုင်ယင်ကျစ်က တစ်ပြိုင်တည်း ဝင်ကာလိုက်သော်လည်း နှစ်ယောက်သား ခြေတစ်လှမ်းဆီ ဆုတ်သွားရ၏။


"ဟားဟားဟား..... "


"ဟားဟား လင်ရုချောင်ရဲ့ တပည့်ကလည်း ဘာမှလည်း မဟုတ်ပါလား?"


မရှင်းမလင်း မြူခိုးတွေကြားမှာ သန္ဓေတည်နယ်ပယ် အဆင့်၂ ရှိ ကျင့်ကြံသူ သုံးယောက် ပေါ်ထွက်လာလေသည်။ ၎င်းတို့လက်ထဲတွင် တောက်ပနေသော ဓားတစ်ချောင်းစီကို ကိုင်ထားကာ ၎င်းတို့ထဲက တစ်​ယောက်ကတော့ အဆိပ်မြူတွေကို တွန်းထုတ်နေတဲ့ အခင်းအကျင်း စက်ကွင်းတစ်ခုကို ထိန်းချုပ်ထားလေသည်။