🍬7🍬အပြောင်းအလဲ
Viewers 977

Chapter (7)

အပြောင်းအလဲ



"ရှစ်ဇွင်းက ပြောတယ်... ဘယ်သူ့ကိုမှ သက်ညှာနေစရာ မလိုဘူးတဲ့...."


ဖုန့်ဝူယိ လေပေါ်တစ်ချက် ခုန်တက်ပြီး ဓားစွမ်းအင်တစ်စင်း ပစ်လွှတ်လိုက်သည်။ အပြာရောင် ဓားပုံရိပ်တစ်ခု ပြေးထွက်သွားကာ အဆိပ်မြူတွေကို တွန်းထုတ်နေတဲ့ အခင်းအကျင်းကို ဖျက်စီးပစ်သည်။


ဖြောင်း!


"ချ!"


သန္ဓေတည်နယ်ပယ် အဆင့်၂ သုံးယောက် တစ်ပြိုက်နက်တည်း ပြေးလာကြတာကြောင့် လေးယောက်လုံး မပေါ့ဆရဲတော့ပေ။ ဖုန့်ဝူယိလည်း သူ့ရဲ့ နယ်ပယ် အစစ်အမှန်ကို ထုတ်ပြလို့ မဖြစ်တာကြောင့် တမင်သက်သက် နောက်ဆုတ်ပေးနေရ၏။ 


သူထင်တာသာ မှန်မယ်ဆိုရင် အမှောင်ထဲမှာ ပုန်းနေတဲ့ လူတွေ ရှိသေးသည်။ အခု ထွက်လာတဲ့ သုံးယောက်က အဆင့်အနိမ့်ဆုံး အမြောက်စာတွေ ဖြစ်နေမှာ ကြောက်ရလေသည်။


သန္ဓေတည်နယ်ပယ် အဆင့် ၂လောက်ကတော့ ဖုန့်ဝူယိရဲ့ မသိမသာ ထိုးဖောက်မှုကြောင့် ခဏလေးနဲ့ အနိုင်ယူနိုင်လိုက်သည်။ လူသုံးယောက်ကို ရှင်းထုတ်ပြီးနောက် သူတို့ တောအုပ်အလယ်ကို ခရီးဆက်လာခဲ့၏။ 


သို့သော် သူ မျှော်လင့်ထားတဲ့ အန္တရာယ်က ထင်တာထက်ပိုစောကာ ရောက်လာခဲ့လေသည်။ သူတို့တွေ တောအုပ်အလယ်ကို ရောက်ခါနီး အချိန်၌ ကောင်းကင်မှ ကျားခေါင်းပုံစံ အဝါရောင်အခင်းအကျင်းကြီး ထိုးကျလာခဲ့သည်။


၎င်းကို ဧကရာဇ်နယ်ပယ် ကျင့်ကြံသူတစ်ယောက်က ထိန်းချုပ်ထားတာပဲ ဖြစ်သည်။ လေးယောက်သား လက်တွေကို တစ်ပြိုင်တည်း မြှောက်ကာ ထိုအခင်းအကျင်းကြီး ဆက်ကျမလာအောင် ထိန်းထားသော်ငြား ဝုန်းကနဲ အသံနဲ့အတူ အင်အားအနည်းဆုံး နန်ချင်းချင်း အဝေးကြီးကို လွင့်သွားတော့သည်။


ဖုန့်ချန်းယင်: "နန်ချင်းချင်း..... "


ပိုင်ယင်ကျစ်:"သန္ဓေတည်နယ်ပယ်ကလွဲရင် တခြားလူတွေ ဝင်လာလို့ မရဘူးဆို... ဘယ်လိုလုပ် ဧကရာဇ်နယ်ပယ်က ရောက်လာတာတုန်း!"


ဝုန်း!


အခင်းအကျင်းရဲ့ ဖိနှိပ်မှုကြောင့် ဖုန့်ချန်းယင်လည်း နန်ချင်းချင်းရဲ့ ဆန့်ကျင်ဘက်သို့ လွင့်သွားသည်။ တစ်အောင့်ကြာတော့ ပိုင်ယင်ကျစ်လည်း လွင့်သွားလေရာ ဒီလူက သူတို့ကို လူချင်းကွဲအောင် လုပ်နေကြောင်း ဖုန့်ဝူယိအား သေချာသွားစေ၏။ 


ဖူး!


ဖုန့်ဝူယိ သွေးတစ်လုတ်ကို ထိုးအန်လိုက်သည်။ ဧကရာဇ်နယ်ပယ် ဆိုတာ သူနဲ့ နယ်ပယ် သုံးခုလောက် ဝေးကွာတာကြောင့် စက္ကန့်အနည်းငယ် ထိန်းထားနိုင်တယ် ဆိုတာကတင် အတော်လေး ကောင်းနေပြီ။


နောက်ဆုံးတော့ ဖုန့်ဝူယိ မခံနိုင်တော့ဘဲ လွင့်သွားရလေသည်။ သူ့မှာ လောလောဆယ် အသေသတ်ချင်လောက်တဲ့ ရန်သူ မရှိသေးတာကြောင့် ဒီလူက သူ့ကိုမသတ်ဘဲ ဖမ်းရုံပဲ ဖမ်းမယ်ဆိုတာ သိသာ၏။ သို့သော် ဖုန့်ဝူယိ အဖမ်းမခံနိုင်ပါ။


ထို့ကြောင့် ဓားပျံကို ထိန်း၍ ချက်ချင်း ကောင်းကင်ကိုထိုးတက် ပျံသန်းလိုက်သည်။ ကံမကောင်းစွာပဲ သူ လှုပ်ရှားလိုက်တယ် ဆိုရင်ပဲ ပတ်ဝန်းကျင်ကနေ ဓားအစင်းပေါင်း ထောင်ချီ၍ ပစ်ခတ်လာလေရာ အကာအကွယ် အခင်းအကျင်းဖြင့် အမြန် ကာထားလိုက်ရ၏။


"ဒါ ဓားတစ်ထောင်အခင်းအကျင်းပဲ!"


ရွှင်း!


ထိုစဉ် လက်စွပ်ထဲက အလင်းရောင်တစ်ခု ပြေးထွက်လာသည်။ ၎င်းက လေလှိုင်းတစ်ခုနှယ် ပတ်ဝန်းကျင်ကို ရိုက်ခတ်သွားစဥ် ဓားထောင်ချီက ရုတ်ချည်း ပျောက်ကွယ်သွားသည်။


အမည်မသိလူ: "သူ့ကို အသေသတ်လို့ မဖြစ်ဘူး..."


"ဟုတ်တယ် သေသွားရင် အသုံးမဝင်တော့ဘူး"


ဖုန့်ဝူယိ ဇတ်ကနဲ ခေါင်းမော့ကြည့်လိုက်တော့ ဧကရာဇ်နယ်ပယ် လူလေးယောက်က သူ့ကိုဝိုင်းထားတာ တွေ့လိုက်ရသည်။ ဒါက ဘာလဲ။ ဧကရာဇ်နယ်ပယ် လူလေးယောက်တောင်လား။ ဆိုတော့ သူတို့ရည်ရွယ်ချက်က ရှစ်ဇွင်းကို မျှားခေါ်ဖို့ပဲလား။ 


အခုနက အခင်းအကျင်းကို တားဆီးလိုက်ရတာကြောင့် လက်စွပ်ထဲက အကာအကွယ် အခင်းအကျင်းကို ထုတ်ယူဖို့ သူ့မှာ ဝိညာဥ်စွမ်းအင် မရှိတော့ချေ။ တကယ်လို့ အဖမ်းခံရရင် သူက ရှစ်ဇွင်းကို အခက်အခဲ ဖြစ်စေလိမ့်မည်။


ဘာလုပ်ရမလဲ?


ဖုန့်ဝူယိ တွေးနေတဲ့ အချိန်မှာပဲ ကောင်းကင်ကနေ စိမ်းပြာရောင် လျှပ်စီးကြောင်းများ အလွန်လျင်မြန်စွာ ထိုးဆင်းလာခဲ့သည်။ ဖုန့်ဝူယိလည်း အထိတ်တလန့်ဖြင့် ရှောင်ချင်ခဲ့၏။ သို့သော်လည်း ၎င်းလျှပ်စီးကြောင်းတွေက သူ့ကိုဝိုင်းထားသူ လေးယောက်ဆီကိုသာ ဦးတည် တိုက်ခိုက်နေတာ တွေ့လိုက်ရသည်။


"မြန်မြန်ရှောင်!"


"ပြေး!!"


လူလေးယောက် တစ်ယောက်တစ်ပေါက်နဲ့ ပြာယာခတ်ကုန်သည်။ ကံမကောင်းစွာနဲ့ လျှပ်စီးကြောင်းတွေက သူတို့ကို လှုပ်ရှားခွင့်တောင် မပေးဘဲ ဖုံးအုပ်ပစ်လိုက်လေသည်။


ဝုန်း ဝုန်း!


ကျယ်လောင်သော အသံ၊ စူးရှသော အလင်းရောင်များ ဖြာထွက်သွားပြီးနောက် ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားပေသည်။ တစ်အောင့်ကြာလို့ ဖုန့်ဝူယိ မျက်လုံးဖွင့်ကြည့်လိုက်တော့ ဧကရာဇ်နယ်ပယ် လူလေးယောက် မရှိတော့ပေ။


ထိုအစား သူ့ရှေ့မှာ ရပ်နေတဲ့ အနက်ရောင်ဝတ်ရုံနဲ့ လူတစ်ယောက်ကိုသာ တွေ့လိုက်ရသည်။


"ရှစ်ဇွင်း! !"


သူ ဘယ်လိုလုပ် ရောက်လာတာလဲ။


လေထုထဲ၌ တည်ငြိမ်သော ရပ်နေသော အရှင်ချင်းလုံက သူ့ဆီ တရွေ့ရွေ့ လှမ်းလာသည်။ ထိုလူက စကားမပြောဘဲ ဆေးလုံးတစ်လုံးကို သူ့ပါးစပ်ထဲ ထိုးထည့်ပေးလာ၏။ ထို့နောက် ဝိညာဥ်စွမ်းအင်ဖြင့် သူ့ဒဏ်ရာများကို ကုသပေးသည်။


ဖုန့်ဝူယိ: "အဆိပ်မြူခိုးတောအုပ်ရဲ့ နိယာမစွမ်းအင်တွေ ပြောင်းသွားတာလား?"


"အင်း.... တစ်​ယောက်ယောက်က ပြောင်းလဲလိုက်တာ...."


ကုသမှု ပြီးနောက် အရှင်ချင်းလုံက ဖုန့်ဝူယိလက်တစ်ဖက်ကို ဆွဲယူလာသည်။ အသားချင်း ထိတွေ့မိတဲ့ အရသာကြောင့် ဖုန့်ဝူယိ အနည်းငယ် နေရခက်သွားပေမယ့် နောက်မဆုတ်ရဲတာကြောင့် ခေါင်းသာ ငုံ့ထားမိ၏။ သို့သော် အရှင်ချင်းလုံက လက်စွပ်လေးကို တစ်ချက်သာ တောက်သွားသည်။


ဖုန့်ဝူယိ အံ့အားသင့်သွား၏။ အခု ရှစ်ဇွင်းက ဘာလုပ်လိုက်တာလဲ။ ဖုန့်ဝူယိ ခေါင်းမော့ကြည့်လိုက်တော့ တစ်ဖက်လူက သူ့မျက်လုံးတွေကို ငုံ့ကြည့်နေတာ တွေ့လိုက်ရသည်။


"တခြားဒဏ်ရာရထားတဲ့ နေရာတွေ ရှိလား?"


အသံက မာထန်ကာ အေးစက်နေသော်လည်း ဖုန့်ဝူယိအတွက်ကတော့ ဒါက အရှင်ချင်းလုံရဲ့ ပုံမှန်စရိုက်ပဲလို့ သိထားတာကြောင့် မအံ့ဩသွားဘဲ ခေါင်းပဲ ခါလိုက်သည်။


"ကျေးဇူးတင်ပါတယ် ရှစ်ဇွင်း... "


ထို့နောက် အရှင်ချင်းလုံက လေထဲမှာပဲ တစ်လှမ်းနှစ်လှမ်း လျှောက်သွားလေသည်။


"မင်းကို အန္တရာယ်ပေးနိုင်တဲ့ တော်ဝင်စစ်သူကြီးနယ်ပယ်နဲ့ အထက်က လူတွေကို ရှစ်ဇွင်း ရှင်းထုတ်ပေးပြီးပြီ.... မင်း သူငယ်ချင်းတွေကို ခေါ်ပြီး ဆက်သွားတော့"


"ဟုတ်ကဲ့!"


ဖုန့်ဝူယိ ဂါဝရပြုပြီး တောအုပ်ထဲ ပြန်ဆင်းလာခဲ့သည်။ မြေကြီးပေါ် ခြေချလိုက်တာနဲ့ ဖုန့်ချန်းယင်တို့ သုံးယောက်က သူ့ဆီပြေးကြတာကို တွေ့လိုက်ရသည်။


သုံးယောက်သားက အထိတ်တလန့် ဖြစ်နေကြသော်လည်း အရှင်ချင်းလုံကို မမြင်လိုက်ကြချေ။ အဲဒီနောက် သလင်းကျောက်တွေ စုဆောင်းရင်း တောအုပ်အလယ်ကို ဆက်၍ ချဥ်းကပ်လာခဲ့သည်။


ဖုန့်ဝူယိ သိထားတဲ့ တည်နေရာက သိပ်တော့မဝေးချေ။ သစ်ပင်ကြီးတွေ ထူထပ်နေတဲ့ အလယ်မှာ အမှန်တကယ်ကို ချိုင့်ဝှမ်းတစ်ခု ရှိလေသည်။ သို့သော်လည်း အဆိပ်မြူတွေကြောင့် ချိုင့်က ဘယ်လောက်နက်သလဲ ဘာတွေရှိသလဲ မမြင်နိုင်ပေ။


ပိုင်ယင်ကျစ်: "အချိန်မစောတော့ဘူး... မနက်မှပဲ အောက်ထဲကို ဝင်ကြမလား?"


ပိုင်ယင်ကျစ် အကြံပေးရင်း ဖုန့်ဝူယိ သဘောတူမတူ သိရဖို့လည်း လှည့်ကြည့်လိုက်၏။ ကျန်တဲ့နှစ်ယောက်ကလည်း ဖုန့်ဝူယိနောက်ကို လိုက်လာတာမလို့ သူ့သဘောထားကို အရင်သိချင်ကြသည်။


ဖုန့်ဝူယိ ခေါင်းခါပြသည်။


"မနားဘူး.... ငါ့ခန့်မှန်းတာသာ မမှားရင် တခြားလူတွေလည်း ဒီနေရာကို သိထားလောက်တယ် ရှစ်ဇွင်း ပြောပုံအရဆို အထဲမှာ အပြာရောင် သလင်းကျောက်လည်း ရှိတယ်... အဲဒါကိုတွေ့ရင် ငါတို့ ၁၀ရက်အတွင်းမှာ ဝိညာဥ်စွမ်းအင်တွေ စုဆောင်းကျင့်ကြံနိုင်ပြီ"


ဒီအကြောင်းကို ကြားတော့ ဖုန့်ချန်းယင် ချက်ချင်း အားတက်သွားသည်။ သို့သော် သူ့ရဲ့ အဆိပ်မြူ ခံနိုင်ရည်အားက မကောင်းတာကြောင့် အတင်းဝင်မတိုးချင်ပေ။ ဘာပဲဖြစ်ဖြစ် ကျင့်ကြံမှု တိုးတက်ဖို့ အတွက်ကတော့ ဘာမဆို လုပ်ရဲသည်။


"သွားမယ်...."


နန်ချင်းချင်း :"ငါ့အတွက် ဒီအဆိပ်မြူက ပြဿနာ မရှိဘူး... ဒါပေမဲ့ နင်တို့အတွက်က အဆင်ပြေပါ့မလား..."


ဖုန့်ဝူယိ: "ငါ့မှာ နည်းလမ်းရှိတယ်"


ပြောပြီးတာနဲ့ လက်စွပ်လေးကို ထိလိုက်သည်။ လက်စွပ်ဆီကနေ ချွင်းဟူသော တေးသံလေးတစ်ချက် ထွက်ပေါ်လာပြီး စိမ်းပြာရောင် စွမ်းအင်စီးကြောင်း လေးခုက လေထုထဲ ထိုးတက်လာခဲ့ကာ လူငယ်လေးယောက် ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားသည်။


ထိုအခိုက် ဒိုင်းလွှာသဏ္ဌာန် စွမ်းအင်က သူတို့ခန္ဓာကိုယ်တွေအပေါ် ဖုံးအုပ်ပစ်လိုက်ပေသည်။


"သွားစို့...."


ဖုန့်ဝူယိကတော့ ရှစ်ဇွင်းရဲ့ အခင်းအကျင်း ပညာအပေါ်မှာ အပြည့်အဝ ယုံကြည်မှု ရှိသည်။ ဒါနဲ့ဆိုရင် အဆိပ်မြူလည်း မတိုးနိုင်သလို ဘယ်သူမှလည်း သူတို့ကို မမြင်နိုင်တော့ဘူး။ 


အမှန်တကယ်လည်း လူငယ်လေးယောက် ချိုင့်ထဲ တိတ်တဆိတ် ဆင်းလာတာကို ဘယ်သူကမှ သတိမထားမိချေ။ ဝင်လာခါမှ ချိုင့်ဝှမ်းထဲက အဆိပ်မြူတွေဟာ အပြင်ထက် ၁၀ဆ ပိုမိုအားကောင်းကြောင်း သိလာရလေသည်။ 


ဖုန့်ဝူယိကလွဲလို့ ကျန်သုံးယောက်စလုံး သူတို့ကိုယ်ပေါ်က အခင်းအကျင်းကို ကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ 


ပိုင်ယင်ကျစ်: "တကယ်တော့ ငါ့ရှစ်ဇွင်းလည်း အဆိပ်မြူတွေ တားနိုင်တဲ့ ဆေးလုံးတွေ ပေးလိုက်တယ်... ဒါပေမဲ့ အခုတော့ မလိုတော့ဘူး ထင်တယ်.... "


နန်ချင်းချင်း: "ခန့်မှန်းကြည့်ရအောင်....ဖုန့်ဝူယိ နင်အဲဒါကို အရှင်ချင်းလုံဆီကရတာမလား?"


"အင်း"


"သိသာပါတယ်... အခင်းအကျင်း ပညာဆိုတာက သိုလှောင်လက်စွပ်လို အရာတွေထဲမှာ ထည့်သိမ်းထားလို့ရတဲ့ စွမ်းအင် မဟုတ်ဘူး... ရခဲ့ရင်လည်း ဒဏ္ဍာရီသားရဲဂိုဏ်းမှာ အရှင်ချင်းလုံ တစ်ယောက်တည်းကပဲ လုပ်နိုင်မှာ... ငါ့အထင်တော့ အဲ့လက်စွပ်ကိုယ်တိုင်ကလည်း အခင်းအကျင်း တစ်ခု ဖြစ်လိမ့်မယ်" 


နန်ချင်းချင်း ပြောတာကို ထောက်ခံတဲ့အနေနဲ့ ဖုန့်ဝူယိ ခေါင်းပဲ အသာညိတ်လိုက်သည်။ သူတို့ ချိုင့်ဝှမ်းထဲကို ခြေချလိုက်တာနဲ့ သလင်းကျောက် အငွေ့အသက်တွေကို အလုံးအရင်း ခံစားလိုက်ရသည်။


ဖုန့်ချန်းယင် ဘေးပတ်ဝန်းကျင်ကို လျင်မြန်စွာ အကဲခတ်လိုက်ပြီးနောက် အော်ပြောလာသည်။


"အနီရောင်သလင်းကျောက်တွေ အများကြီးပဲ"


ပိုင်ယင်ကျစ်: "စုဆောင်းကြစို့!"


သို့နှင့် လေးယောက်သား တိုင်ပင်စရာ မလိုတော့ဘဲ လှုပ်ရှားကြတော့သည်။ အနီရောင်သလင်းကျောက်က အပြင်လောကမှာ အင်မတန် အဖိုးတန်တဲ့ ငွေကြေးဖြစ်ပေသည်။ အဆိပ်မြူတွေက ထူထပ်လွန်းလို့ အဆင့်၆အထက် အဂ္ဂိရတ်ဆေးတွေကို ပိုင်ဆိုင်ထားသူမှသာ ဤချိုင့်ထဲ ဝင်လာနိုင်လိမ့်မည်။


ယခု တပည့်တွေထဲ၌ ထိုကဲ့သို့သောလူ ပါနိုင်သော်လည်း ဖုန့်ဝူယိတို့လောက်တော့ မြန်လိမ့်မည် မဟုတ်ချေ။ အနီရောင် သလင်းကျောက်များကို စုဆောင်းပြီးလို့ အညီအမျှ ခွဲဝေယူတဲ့အခါ တစ်ယောက်ကို အလုံး၂၀၀ ကျော်စီ ရခဲ့သည်။


ထို့နောက် ချိုင့်ဝှမ်း အနက်ပိုင်းထဲ ဆက်ဝင်လာခဲ့ကြသည်။ မျှော်လင့်ထားတဲ့ အတိုင်း အပြာရောင် သလင်းကျောက်များကို ထပ်တွေ့ရ၏။ ဧကရာဇ်နယ်ပယ်တွေ ဒီထဲ ဝင်လာတာက အပြာရောင် သလင်းကျောက်တွေကြောင့် ဖြစ်နိုင်ကြောင်း မေးကြည့်နေဖို့ပင် မလိုတော့ပါ။


အပြာရောင် သလင်းကျောက်က ဝိညာဥ်စွမ်းအင် ပြည့်ဝသော သလင်းကျောက်မို့ ကျင့်ကြံမှုအတွက် အလွန်အမင်း အထောက်အကူ ပြုလေ၏။ ထို့နည်းအတူ ရှားလည်း အင်မတန် ရှားသည်။ ၎င်းက အင်ပါယာတစ်ခုမှ တစ်ခုဆီသို့ ပို့ဆောင်ပေးသော လိမ္မော်ရောင် သလင်းကျောက်ထက်ပင် ရှားပါးသေးသည်။


ဒါကြောင့် ကျင့်ကြံသူတိုင်းက ၎င်းကို လိုချင်တပ်မတ်ကြသည်။ ယခုတော့ အရှင်ချင်းလုံကြောင့် အားလုံးက ရှင်းလင်းသွားရာ ဖုန့်ဝူယိ သူလိုချင်တဲ့ အစိမ်းရောင် သလင်းကျောက် အဝိုင်းလေးကိုပင် အခက်အခဲမရှိ ရယူလိုက်နိုင်သည်။ 


သတ်မှတ်ထားသော ရက်က ၅ရက် လိုသေးတာကြောင့် ညပိုင်း ကျင့်ကြံပြီး နေ့ဘက်၌ ဆေးပင်တွေကို ထွက်ရှာသည်။ ချိုင့်ဝှမ်းထဲ ဝင်လာသူတချို့လည်း ရှိပေမယ့် သူတို့အတွက် သလင်းကျောက်ကတော့ မရှိတော့ပေ။


၎င်းတို့သည် ဆေးပင်နဲ့ အဖိုးတန် ပန်းပွင့်များကိုသာ ရှာဖွေကြရသည်။ ဖုန့်ဝူယိတို့ အဖွဲ့ကလည်း ၎င်းတို့နှင့် မတွေ့ရအောင် တမင် ရှောင်သွားကြသည်။


ဤသို့ဖြင့် ၁၀ရက်တာ ကာလက ပြီးဆုံးသွားသည်။


အဆိပ်မြူခိုးတောအုပ်ထဲက ထွက်လာတော့ သူတို့လေးယောက်ရဲ့ ဒဏ်ရာတစ်စိကလေးမှ မရသွားသော ပုံစံကြောင့် လူတိုင်း အံ့ဩပြီး ခံပြင်းကုန်ကြသည်။ ယခုက တောအုပ်ထဲက ထွက်လာခဲ့ပြီမလို့ ဘယ်သူကမှ အချင်းချင်း မလုပ်ကြံကြတော့ချေ။


သေချာပေါက် အလာတုန်းကထက်တော့ လူနည်းသွားချေပြီ။ တချို့လူတွေက ဝမ်းနည်းပြီး တချို့ကလည်း ဒေါသထွက်ကာ ပတ်ရမ်းနေကြသည်။ အစအဆုံး တည်ငြိမ်နေခဲ့တာက ဖုန့်ဝူယိတို့ လေးယောက်ပါပဲ။


လူတိုင်း မထွက်ခွာခင်က စုစည်းခဲ့တဲ့ ဂိုဏ်းရဲ့ ကွင်းပြင်မှာပဲ လူပြန်စုကြသည်။ ယခင်ကနှင့် မတူဘဲ ယခုတစ်ခေါက်တွင် ဂိုဏ်းက ဆရာငယ်နှင့် အကြီးအကဲတချို့ပင် အထပ်မြင့် အဆောက်အဦးများပေါ်၌ ရပ်စောင့်နေကြ၏။ 


အဆိပ်မြူခိုးတောအုပ်၏ ပြောင်းလဲသွားသော နိယာမစွမ်းအင် အကြောင်း သူတို့ကြားပြီးပြီမို့ တပည့်တွေ အသက်ရှင်လျက် ပြန်လာနိုင်ပါ့မလား စိုးရိမ်နေကြသည်။ 


ကံမကောင်းစွာနဲ့ ပြန်လာနိုင်သူတွေက အယောက် ၅၀ပင် မပြည့်တော့ချေ။ အထပ်မြင့် အဆောက်အဦးရှေ့ရှိ လေထုအလယ်သို့ လူတစ်ယောက် ရှေ့ထွက်လာသည်။ ၎င်းက အကြီးအကဲတောက် ဖြစ်ကြောင်း တပည့်တော်တော်များများ သိကြ၏။


"ဒီတစ်ခေါက် အဆိပ်မြူခိုးတောအုပ်ရဲ့ နိယာမစွမ်းအင်တွေ ပြောင်းလဲသွားတယ်... အဆိပ်တွေ ပိုထူလာပြီး အပင်တိုင်းက အဆိပ်ငွေ့တွေ ထုတ်လွှတ်လာတယ်...ဟူး....ငါတို့ဂိုဏ်းက တပည့်တွေ ကံမကောင်းကြပါဘူး" 


ဖုန့်ဝူယိ ထိုအကြီးအကဲကို မော့ကြည့်လိုက်သည်။ ဒီလူကြီးက လှည့်ကွက်တစ်ခုခုကို ကစားချင်နေတာများလား။ အဆိပ်မြူခိုးတောအုပ်ကို ဒဏ္ဍာရီသားရဲဂိုဏ်းက ထိန်းချုပ်ထားတယ် ဆိုတာကို မသိသူက ဘယ်သူရှိလဲ။


နိယာမစွမ်းအင်တွေ ပြောင်းလဲသွားတယ် ဆိုရင် ဒါက တောအုပ်ကို စောင့်ကြည့်နေတဲ့ လူတွေဆီမှာ တာဝန်ရှိတယ် မဟုတ်လား။ 


"ကျွန်တော်ကတော့ တစ်ယောက်ယောက်က ပြောင်းလဲပစ်တာလို့ ထင်တယ်!"


ဖုန့်ဝူယိရဲ့ စကားသံကြောင့် ကွင်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။ အကြီးအကဲတောက်ရဲ့ စူးရှရှ အကြည့်တွေကလည်း ဖုန့်ဝူယိထံ ချာကနဲ လှည့်လာ၏။ သူ့ရဲ့ ကြောက်စရာကောင်းတဲ့ အကြည့်တွေကြောင့် လူတွေတဖြည်းဖြည်း ဖယ်ပေးလိုက်ရာ ဖုန့်ဝူယိတို့ လေးယောက် ပေါ်ထွက်လာခဲ့လေသည်။


အကြီးအကဲတောက်က အပေါ်မှ ငုံ့ကြည့်ရင်း မာမာထန်ထန်ဖြင့် မေးသည်။ 


"မင်းလို တပည့်ငယ်လေး တစ်ယောက်က ဘာနားလည်လို့ ဝင်ပြောနေတာလဲ.... ငါတို့တောင် အဆိပ်မြူခိုးတောအုပ် ပြောင်းလဲသွားရတဲ့ အကြောင်းအရင်းကို သေချာ အ​ဖြေမရှာနိုင်သေးဘူး...."


ဖုန့်ဝူယိ: "ဧကရာဇ်နယ်ပယ်က လူတွေ ဝင်လာပါတယ်... သူတို့က အနက်ရောင်တွေ ဝတ်ထားတယ်..."


အကြီးအကဲတောက်လည်း မျက်မှောင်ကြုတ်သွား၏။ 


"တခြားလူတွေရော တွေ့လိုက်လား?"


"မတွေ့ပါဘူး"


"မတွေ့မိပါဘူး...."


"ကျွန်တော်တို့လည်း မတွေ့မိဘူး... "


အကြီးအကဲတောက် ဖုန့်ဝူယိကို ထပ်မံ စူးစိုက်ကြည့်လိုက်လေ၏။


"ကောင်လေး.... ဒီကိစ္စက ဂိုဏ်းရဲ့ တာဝန်ခံမှုနဲ့ သက်ဆိုင်တယ် မင်းမှာ သက်သေမရှိရင် လျှောက်မပြောတာ အကောင်းဆုံးပဲ... မဟုတ်ရင် မင်းရဲ့စကားတွေက ဂိုဏ်းရဲ့ စောင့်ကြည့်မှုက ပေါ့ဆတယ်လို့ စွပ်စွဲသလို ဖြစ်နေပြီ မင်းအပြစ်ပေးခံရလိမ့်မယ်"