🍬8🍬အရှင်ချင်းလုံရဲ့ ကျင့်ကြံမှု အဆင့်
Viewers 978

Chapter (8)

အရှင်ချင်းလုံရဲ့ ကျင့်ကြံမှု အဆင့်



လူတိုင်း တုန်လှုပ်သွားသည်။ ပိုင်ယင်ကျစ်နဲ့ ဖုန့်ချန်းယင်ပင် ဖုန့်ဝူယိဆီ တစ်ပြိုင်တည်း ကြည့်လာကြသည်။ ထိုအခိုက် စွမ်းအင်စီးကြောင်း တစ်ခုက နန်ချင်းချင်းကို ရစ်ပတ်လိုက်ကာ သူမအား ဖုန့်ဝူယိအနားကနေ ဖယ်ထုတ်လိုက်ပေသည်။


တစ်ဆက်တည်း သူမ စကားပြောလို့လည်း မရတော့ပေ။ ဖုန့်ချန်းယင်ကတော့ ဖုန့်ဝူယိနံဘေးမှာပဲ ရပ်နေသည်။ ဘာပဲဖြစ်လာပါစေ သူကတော့ ဖုန့်ဝူယိကို ထားခဲ့မည်မဟုတ်။


ဖုန့်ဝူယိ ထိုအကြီးအကဲကို မော့ကြည့်နေဆဲပင်။ သူက ထိုလူကြီးအား နည်းနည်းလေးမှ ကြောက်သွားပုံမပေါ်ချေ။


"ကျွန်တော်တို့ကိုယ်တိုင် တိုက်ခိုက်ခံရလို့ ပြောတာပါ... ကျွန်တော့်အနေနဲ့ ဂိုဏ်းကို ထိခိုက်စေချင်တဲ့ ရည်ရွယ်ချက် မရှိပါဘူး... ကျွန်တော်သာ ဧကရာဇ်နယ်ပယ် ဝင်လာပြီး ဒဏ္ဍာရီသားရဲဂိုဏ်းက တပည့်တွေကို သတ်ဖို့လုပ်တယ်လို့ ပြောရင် အကြီးအကဲတွေက တစ်ခုခု လုပ်ပေးနိုင်မယ် ထင်လို့ပါ.... ဒါကို အကြီးအကဲက ဘာလို့များ စိတ်ဆိုးသွားရတာလဲ မသိဘူး..."


"မင်း!!"


ဖုန့်ဝူယိ: "ကျွန်တော်ပြောတဲ့ စကားထဲမှာ ဂိုဏ်းကို ထိခိုက်စေချင်တဲ့ စကားလည်း မပါခဲ့ပါဘူး... ကျွန်တော်တို့လို တပည့်ငယ်လေးက ဧကရာဇ်နယ်ပယ်ဆီက တိုက်ခိုက်ခံရရင် သေမှာ ဧကန်မလွဲပဲ... ဒါကြောင့် ပြောမိတာက... ဧကန္တ အကြီးအကဲတောက်က ဒီကိစ္စကို မျက်စိထဲ မထည့်တာများလား?"


ဖုန့်ဝူယိရဲ့ စကားတွေက အကြီးအကဲတောက်ရဲ့ ဒေါသတွေကို တဖြည်းဖြည်း ဆွနေသည့်အတိုင်းပင်။ အကြီးအကဲတောက်က ကျူးချွဲ့တောင်ထွတ်က အကြီးအကဲ တစ်ယောက်ပါ။ တောင်ထွတ်နဲ့ ဂိုဏ်းထဲမှာ သူက နာမည်ကောင်းနဲ့ ကျော်ကြားပြီး ဘယ်သူမှ သူ့ကိုအခုလို မော့ကြည့်ကာ စကားမပြောရဲ။


အခုလို အုတ်မြစ်နယ်ပယ် ကလေးတစ်ဦးက ခေါင်းမော့ကာ ပြောနေပုံက သူ့ကို မထီမဲ့မြင်ပြုနေသလိုပါပဲ။ အကြီးအကဲတောက်ရဲ့ လက်သီးတွေ တင်းကြပ်သွားသည်။


ဒီကလေးက သူဟာ အဆိပ်မြူခိုးတောအုပ်ရဲ့ ကိစ္စတွေကို အလေးမထားဘူး၊ တပည့်ငယ်တွေရဲ့ အသက်ကို မကြည့်ဘူးလို့ ပြောနေတာပဲ မဟုတ်ပါလား။


"ကောင်လေး.... မင်းလို အုတ်မြစ်နယ်ပယ် ကလေးတစ်ယောက်က အကြီးအကဲတွေကို ဒီလိုပြောပိုင်ခွင့် မရှိဘူး..."


မာထန်သော အသံတစ်သံက ထွက်ပေါ်လာပြန်၏။ ဖုန့်ဝူယိ ခေါင်းလှည့်ကြည့်လိုက်တော့ ပိုင်ဟူတောင်ထွတ်ဘက်က အကြီးအကဲ တစ်ယောက် ထွက်လာတာကို တွေ့လိုက်ရသည်။ ၎င်းက အကြီးအကဲဝမ်ပါပဲ။


"ကောင်လေး... မင်းတို့ကို ဧကရာဇ်နယ်ပယ်က လူတွေ လာတိုက်ခိုက်တယ်လို့ ပြောတယ်နော်... ဒါဆို မင်းဘာလို့ အသက်ရှင်နေတာလဲ?"


"ကျွန်တော့်မှာ အသက်ကယ် အကာအကွယ်တွေ ရှိတယ်...ဪ ဟုတ်သားပဲ အဲ့ဒီလူ သုံးသွားတာက ကျားလက်သည်းအခင်းအကျင်းပဲ..."


"မင်း!"


အကြီးအကဲဝမ်ရဲ့ ရုပ်ရည်က အနည်းငယ် ကြည့်ကောင်းသူ ဖြစ်သော်လည်း ဖုန့်ဝူယိရဲ့ လက်ရှိစကားကြောင့် သူ့မျက်နှာက အလွန်အမင်း ရုပ်ဆိုးသွားချေသည်။ 


"မင်းက ငါတို့ ပိုင်ဟူတောင်ထွတ်ကို စွပ်စွဲနေတာလား?"


ဖုန့်ဝူယိ :"ကျွန်တော့်စကားထဲမှာ မုသားတစ်လုံးမှ မပါဘူး!"


"မင်း!... ကောင်းပြီ မင်းက ငါ့လို အကြီးအကဲတစ်ယောက်ကိုတောင် စွပ်စွဲစကား ပြောရဲတယ်ပေါ့လေ...."


သူသည် အကြီးအကဲတောက် ဒေါသကို တမင်သက်သက် ဆွပေးချင်တာကြောင့် လူငယ်လေးအား ဝင်ပြောလိုက်သော်လည်း အမှန်တကယ် ဒေါသပိုထွက်နေရတာက သူကိုယ်တိုင်ပဲ ပြန်ဖြစ်သွားသည်။


အကြီးအကဲဝမ်က သည်းမခံနိုင်တော့ဘဲ သူ့လက်ဝါးကို ဆန့်ထုတ်လိုက်လေ၏။ လေထုအလယ်၌ အဝါရောင် စွမ်းအင်များ စုဝေးလာကာ ကျားလက်သည်းပုံသဏ္ဌာန် ဖြစ်လာသည်။ ၎င်းက ဖုန့်ဝူယိဆီသို့ အလွန်မြန်ဆန်စွာ ပြေးဝင်လာလေရာ ကွင်းပြင်ထဲက လူတိုင်း ထွက်ပြေးကုန်ကြသည်။


သို့သော် ပိုင်ယင်ကျစ်နဲ့ ဖုန့်ချန်းယင်ကတော့ ဖုန့်ဝူယိရှေ့မှာ ဝင်ကာဖို့ အသင့်အနေအထား ပြင်ထားပြီ။ အကြီးအကဲဝမ်က မသေမျိုးနယ်ပယ်ကို ရောက်ရှိဖို့ ခြေတစ်လှမ်းပဲ လိုတော့တာကြောင့် အလွန်အမင်း အစွမ်းထက်သူဟု ယူဆနိုင်သည်။


နှစ်ယောက်သားက မကြောက်ဘဲ အရှေ့ကို ထွက်တော့မယ့်အချိန်မှာပဲ ရုတ်တရက် အပြာရောင် စွမ်းအင်တစ်ခု ပြေးထွက်လာခဲ့ပြီး ထိုလက်ဖဝါးကို ဝင်ကာလိုက်ပေ၏။


ဝုန်း!


လက်ဖဝါးက ပျက်စီးသွားသော်လည်း အရှိန်အဝါက မသေးတာကြောင့် လူငယ်သုံးယောက် နောက်ပြန်ဆုတ်သွားရသည်။ သုံးယောက်သား ခေါင်းမော့ကြည့်လိုက်တော့ သူတို့ရှေ့က လေထဲမှာ ရပ်နေတဲ့ လင်ရုချောင်ကို တွေ့လိုက်ရသည်။


အကြီးအကဲဝမ်လည်း မျက်မှောင်ကြုတ်သွား၏။


"လင်ရုချောင်.... မင်းကဒါ ဘာသဘောလဲ?"


လင်ရုချောင်က အကြီးအကဲဝမ်ကို ပထမဦးစွာ ဂါဝရပြုလိုက်သည်။ 


"အကြီးအကဲဝမ် စိတ်လျှော့ပါ... ကျွန်တော့်ရဲ့ ဆရာတူညီလေးက မသိတတ်သေးတော့ အကြီးတွေကို ပြန်ပြောမိတယ်... ကျွန်တော် ပြန်ရောက်ရင် သေချာလေး ဆုံးမလိုက်ပါမယ်... "


ထိုစကားများကို ကြားတဲ့အခါ အကြီးအကဲဝမ် အပါအဝင် အကြီးအကဲတောက်နဲ့ တခြားအကြီးအကဲများ၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။ သူတို့အားလုံး မျက်နှာဖုံးနဲ့ လူငယ်လေးကို ပြန်ကြည့်လိုက်ကြစဥ် အတွေးထဲမှ ဇတ်ကနဲ တုန်သွား၏။


ဒီကောင်လေးက အရှင်ချင်းလုံရဲ့ တံခါးပိတ်တပည့်တဲ့လား။


အကြီးအကဲဝမ်ရဲ့ မျက်နှာထားက အမည်းမှောင်ဆုံး ဖြစ်နေပါပြီ။ သူအခုပဲ အရှင်ချင်းလုံရဲ့ တပည့်ကို အသေသတ်မိမလို ဖြစ်သွားတယ် မဟုတ်ပါလား။ တကယ်လို့သာ လင်ရုချောင် ဝင်မကာခဲ့ရင် သူတကယ် ဖုန့်ဝူယိကို သတ်မိမလား မပြောတတ်။


ဝုန်း!


ထိုအခိုက် အလွန် ကျယ်လောင်သော အသံကြောင့် မြေကြီးတွေပင် တုန်ခါသွားလေသည်။ လူတိုင်း အသံထွက်လာရာ ချင်းလုံတောင်ထွတ်ဘက်သို့ တစ်ပြိုင်တည်း ကြည့်လိုက်တဲ့အခါ စိမ်းပြာရောင် အလင်းတန်းကြီးက ကောင်းကင်ကို ထိုးတက်သွားကာ တိမ်တွေကို လွင့်စင်သွားစေတာ တွေ့လိုက်ရသည်။ 


ဝုန်း ဝုန်း ဝုန်း!


ကမ္ဘာကြီးတစ်ခုလုံး သုံးကြိမ်တိတိ တုန်သွားသည်။ တပည့်ငယ်နဲ့ ဆရာငယ်လေးတွေ အကုန်လုံး လဲကျကုန်ကာ အကြီးအကဲတွေလည်း ဟန်ချက်မညီဘဲ ယိမ်းယိုင်သွားကြလေ၏။


လင်ရုချောင်: "ရှစ်ဇွင်း နတ်မျိုးနွယ်နယ်ပယ် အဆင့်၅ကို ထိုးဖောက်သွားပြီ!!"


ထိုစကားသံက လူတိုင်းရဲ့ နားထဲကို ပျံ့လွင့်သွားတာကြောင့် လူတိုင်း ရှင်းရှင်းလင်းလင်းကို ကြားလိုက်ရသည်။ တစ်ဆက်တည်း လူတိုင်းလိုလို တုန်လှုပ်သွားကြ၏။ အကြီးအကဲဝမ်ခမျာ သူမေးတွေ မရိုက်နေအောင်ပင် မနည်း ထိန်းနေရသည်။


အကြောင်းမှာ မသေမျိုးနယ်ပယ်ကို ဝင်ပြီဆိုတာနဲ့ အဆင့်၉ဆင့်မှာ တစ်ဆင့်တက်ဖို့ အနှစ်၂၀မက ကျင့်ကြံရသလို တစ်ဆင့်ကနေ တစ်ဆင့်ကို ထိုးဖောက်ဖို့အတွက် အသက်ကို ရင်းရတဲ့အထိ ခက်ခဲပေသည်။


လက်ရှိ ဂိုဏ်းထဲက အကြီးအကဲတွေ မသေမျိုးနယ်ပယ် အဆင့်၁ထဲ ကိုပင် မလှမ်းရဲသေးတာ ထိုအကြောင်းကြောင့်ပါပဲ။ ဒါ့အပြင် ဒဏ္ဍာရီသားရဲဂိုဏ်းရဲ့ တောင်ထွတ်လေးခုကို အုပ်စိုးနေသော ဂိုဏ်းချုပ်လဲ့က အခုဆို မသေမျိုးနယ်ပယ် အဆင့်၈သာ ရှိသေး၏။ 


ဂိုဏ်းချုပ်ပင် အရှင်ချင်းလုံကို မှီနိုင်ဖို့ သူ့ရဲ့အသက် ၆ ချောင်းကို ရင်းရဲရမည့်အပြင် အနှစ်၁၀၀ မကလည်း ကျင့်ကြံရဦးမည်။ အခုတော့ အရှင်ချင်းလုံက အင်မတန် ခက်ခဲသော နတ်မျိုးနွယ်နယ်ပယ်ကို အဆင့်၅အထိ ရောက်ရှိသွားလေပြီ။


အကြီးအကဲဝမ် ဖုန့်ဝူယိကို တုန်တုန်ယင်ယင်ဖြင့် လှည့်ကြည့်လိုက်၏။ ယခုတော့ ဖုန့်ဝူယိက ချင်းလုံတောင်ထွတ်ဘက်သို့ ပီတိအပြုံးတွေဖြင့် ငေးကြည့်နေသည်။ 


ထိုအခိုက် ချင်းလုံတောင်ထွတ်ဆီမှ အသံတစ်သံ လွင့်လာသည်။ 


"ယိအာ..... ပြန်လာခဲ့တော့"


ဖုန့်ဝူယိ ချက်ချင်း ဓားပျံစီးကာ ပြေးထွက်သွားလေသည်။


တစ်ဖက်မှာတော့ အရှင်ချင်းလုံသည် သူထိုင်နေကျ ချောက်ကမ်းပါးဘေးက နန်းဆောင်ငယ်ထဲ၌ တင်ပျဥ်ခွေ ထိုင်လျက်ရှိသည်။ သူ့မျက်လုံးတွေကတော့ အနည်းငယ် စိတ်ရှုပ်ထွေးနေ၏။ အဆင့်၅ကို ဖွင့်ချလိုက်တဲ့ အတွက်ကြောင့် လုံဝူကျီ ပြောတဲ့အတိုင်း အနာဂတ်တစ်ခုကို သူမြင်ခဲ့ရသည်။


နတ်မျိုးနွယ်နယ်ပယ်ကို ဝင်ရောက်ထားသူတိုင်း အဆင့်တစ်ခုကို ထိုးဖောက်နိုင်သွားတဲ့အခါ အနာဂတ်ကို တစ်ကြိမ် ကြည့်ခွင့်ရှိလေသည်။ သူမြင်ခဲ့ရတဲ့ အနာဂတ်က ဖုန့်ဝူယိ သူ့ရင်ခွင်ထဲမှာ လဲလျောင်းနေခဲ့တဲ့ မြင်ကွင်းပါပဲ။


ဖုန့်ဝူယိက သူ့ရင်ဘတ်ကအဝတ်တွေကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း ဒဏ်ရာလည်း ရထားသည်။


'ရှစ်ဇွင်းအတွက်ဆို ကျွန်တော် လုပ်ရဲတယ်...'


ထိုစကားတစ်ခွန်းက သူ့နားထဲ အကြိမ်တစ်ထောင်မက ထပ်ခါတလဲလဲ ကြားနေရသည်။ ဒါဟာ အနာဂတ်မှာ ဖုန့်ဝူယိက သူ့အတွက် တစ်စုံတစ်ခုကို အသက်နဲ့ရင်းပြီး လုပ်ပေးတော့မယ်လို့ ဆိုလိုတာပဲ မဟုတ်ပါလား။


"ရှစ်ဇွင်း!!"


သူ တွေးနေချိန် သူ့အနောက်မှ အသံတစ်သံ ထွက်လာသည်။ ဖုန့်ဝူယိက သူ့ဘေးကို အမြန်ရောက်လာခဲ့ပြီး ဂါဝရပြုလေ၏။


"ရှစ်ဇွင်း အဆင့်ထိုးဖောက်သွားတဲ့ အတွက် ဂုဏ်ပြုပါတယ်!!"


အရှင်ချင်းလုံ ထရပ်လိုက်ကာ မျက်နှာဖုံးအောက်က ပြုံးနေတဲ့ မျက်လုံးတွေကို စိုက်ကြည့်လိုက်သည်။ ဒီမျက်လုံးတွေက လက်ရှိမှာ အမှန်တကယ် ရိုးရိုးသားသားနဲ့ ပျော်ရွှင်ပေးနေသော်ငြား အနာဂတ်မှာတော့ သူ့ကို ခံစားချက်တစ်မျိုးနဲ့ မော့ကြည့်နေခဲ့၏။


ဆရာဖြစ်သူက သူ့ကို ဘာမှမပြောဘဲ စိုက်ကြည့်နေတာကြောင့် ဖုန့်ဝူယိလည်း ကြောင်အသွားသည်။


"ရှစ်ဇွင်း.... ဘာဖြစ်လို့လဲ?"


အရှင်ချင်းလုံက ခေါင်းခါလိုက်ပြီး။


"ဘာမှမဖြစ်ဘူး... ဒဏ်ရာ ရသွားသေးလား?"


ဖုန့်ဝူယိ ချက်ချင်း ခေါင်းခါလိုက်သည်။


"ဆရာတူအစ်ကို ဝင်ကာလိုက်လို့ ဒဏ်ရာ မရသွားခဲ့ပါဘူး.... ဒါပေမဲ့ တပည့် ရှစ်ဇွင်းကို ပြဿနာတွေ ရှာပေးမိပြီထင်တယ်"


ဖုန့်ဝူယိပြောရင်း ခေါင်းငုံ့သွားသည်။ အဲဒီဧကရာဇ်နယ်ပယ် လေးယောက်က သူ့ကိုဖမ်းပြီး သူ့ဆရာကို ဒုက္ခပေးချင်နေတာကြောင့် စိတ်လိုက်မာန်ပါနဲ့ ဖွင့်ထုတ်ခဲ့မိတာပဲ ဖြစ်သည်။ အခုတော့ ဆရာဖြစ်သူကို ပြဿနာ ပေးမိပြီထင်ပါရဲ့။


ဒဏ္ဍာရီသားရဲဂိုဏ်းမှာ အရှင်ချင်းလုံကို အနိုင်ယူနိုင်သူ မရှိသော်လည်း သူ့ရဲ့ အဆင့်အတန်းက လူတိုင်းရဲ့ မျက်လုံးထဲက ဆူးတစ်ချောင်းလို ဖြစ်နေလေသည်။ သူ့ကို လုပ်ကြံချင်သူ၊ ဖြုတ်ချချင်သူက မနည်းသလို သူ့ဆီကနေ ကျင့်ကြံနည်းတွေကို ခိုးယူချင်သူတွေကလည်း မနည်းလှချေ။


ဖုန့်ဝူယိ လက်ချောင်းတွေကို တင်းနေအောင် ဆုပ်ထားမိသည်။ အရှင်ချင်းလုံ သူ့ရဲ့ကျင့်ကြံမှု အဆင့်ကို လူတိုင်း သိအောင် ပြလိုက်တယ် ဆိုတာကလည်း သူ့ကို ကာကွယ်ဖို့ဆိုတာ ဖုန့်ဝူယိ နားလည်ပါသည်။


ဒါကြောင့်လည်း ဆရာ့အပေါ် အနည်းငယ် မျက်နှာပူနေမိခြင်းပင်။


"ယိအာ.... ပြဿနာတွေက မင်း မလာခင်ကတည်းက ရှိနေပြီးသား... မင်းဘက်က ဂရုမစိုက်နေဖို့ပဲ လိုတာ... "


ဖုန့်ဝူယိ ခေါင်းပြန် မော့ကြည့်လိုက်သည်။ အရှင်ချင်းလုံက သူ့ကို ကြည့်နေဆဲ ဖြစ်ကာ ယခင် သူတို့စတွေ့တုန်းကထက် အနည်းငယ် နူးညံ့စွာ ကြည့်နေတာပဲ ဖြစ်သည်။ နူးညံ့တယ်လို့ ဆိုသော်လည်း သူ့ရဲ့ ခက်ထန်တဲ့ အရှိန်အဝါက မပျောက်ကွယ်သွားချေ။


ဖုန့်ဝူယိ အနည်းငယ် ပြောစရာစကား ပျောက်ရှသွားသည်။ ရှစ်ဇွင်းက ထုံးစံအတိုင်း ပေါ့ပေါ့ပါးပါး အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ ရင်ဘတ်ကြွက်သား အနည်းငယ်ကိုလည်း ဖော်ထား၏။ 


"ရှစ်ဇွင်း.... မနက်ဖြန်ကစပြီး မင်းကို ဓားသိုင်းတွေ သင်ပေးမယ်!"


"တကယ်လား?"


ဖုန့်ဝူယိခမျာ ထိန်းမနိုင်သိမ်းမရ ပျော်ရွှင်သွားတာကြောင့် အသံပင် ကျယ်သွားသည်။ နတ်မျိုးနွယ်နယ်ပယ်ထဲ ရောက်နေသူဆီက ဓားသိုင်းတွေကို ဘယ်သူက မသင်ချင်ဘဲ နေပါ့မလဲ။ ဂိုဏ်းချုပ် ဆိုရင်တောင် လိုလိုလားလားနဲ့ သင်လိမ့်မည်။


မနက်ဖြန် မနက်မှာ စတင်သင်ကြားမယ်လို့ ကြားရပြီးနောက် ဖုန့်ဝူယိလည်း အနားယူဖို့ သူအိပ်ခန်းကို ပြန်သွားခဲ့သည်။


အကြီးအကဲဝမ် ချင်းလုံတောင်ထွတ်က တပည့်တစ်ယောက်ကို လက်ပါခဲ့တဲ့ ကိစ္စက တစ်ဂိုဏ်းလုံးကို ပျံ့နှံ့သွားခဲ့ပြီး ချင်းလုံတောင်ထွတ်က ပိုင်ဟူတောင်ထွတ်ကို အမြင်မကြည်တော့ချေ။ ဒါ့အပြင် ပိုင်ဟူတောင်ထွတ်က ဖုန့်ဝူယိရဲ့ ညီအစ်ကို ဖုန့်ချန်းယင်ကိုလည်း ဘယ်သူကမှ မကြည်ကြတော့လို့ ဖုန့်ချန်းယင် သူ့ဘာသာသူ တောင်ထွက်က ထွက်လာပြီး ချင်းလုံတောင်ထွတ်၌ တပည့်ခံလိုက်သည်။


ဒါ့ထက် အရှင်ချင်းလုံ နတ်မျိုးနွယ်နယ်ပယ် အဆင့် ၅ကို ထိုးဖောက်သွားတဲ့ သတင်းက ပိုလို့တောင် မွှေးနေသေးသည်။ လူတိုင်းက အရှင်ချင်းလုံရဲ့ ကျင့်ကြံမှုဟာ ဂိုဏ်းချုပ်ကြီး နေရာကို ခြိမ်းခြောက်လာနိုင်ကြောင်း ထင်ကြေးပေးကာ ပြောဆိုနေကြ၏။


တောင်ထွတ်လေးခု ပေါင်းမှ ဒဏ္ဍာရီသားရဲဂိုဏ်း ဖြစ်သော်လည်း တောင်ထွတ်တွေက တစ်ခုနဲ့တစ်ခု ဆက်ဆံရေး ကောင်းနေတာချည်းတော့ မဟုတ်ပေ။ 


တောင်ထွတ်လေးခုထဲက မသေမျိုးနယ်ပယ်ကို ဝင်ထားသူတိုင်း ဂိုဏ်းရဲ့ အဓိက အကြီးအကဲအဖွဲ့ထဲ ပါဝင်နိုင်တဲ့ အဆင့်အတန်း တစ်ခုကတော့ ရှိလေသည်။ အရှင်ချင်းလုံက ဘယ်အဖွဲ့ထဲမှ မဝင်သလို ဂိုဏ်းချုပ်နေရာကိုလည်း မျက်စောင်းမထိုးပေမယ့် ဘယ်သူမှ သူ့ကို အထင်မသေးရဲချေ။


ရှင်းရှင်း ပြောရလျှင် သတိမပေါ့ရဲကြခြင်းပင်။


တစ်လကြာသော်။ 


ဖုန့်ချန်းယင်ကို ဝတ်ရုံနက် သတိပေးသွားတဲ့ အချိန်ကာလမှာ နီးကပ်လာပြီ ဖြစ်သည်။ ဖုန့်ဝူယိရဲ့ အကူအညီကြောင့် သူသည် ဝတ်ရုံနက်ရဲ့ ခြိမ်းခြောက်မှုကို ဂရုမစိုက်တော့ဘဲ မြေခွေးမျိုးဆက်တွေကိုသာ ရှာဖွေနေခဲ့သည်။


အစွယ်တောင်က ဂိုဏ်းဆီကနေဆို အကွာအဝေးက အနည်းငယ် လှမ်းသည်။ ကံကောင်းချင်တော့ ဖုန့်ဝူယိရဲ့ နေရာပြောင်းအခင်းအကျင်းက အစွမ်းထက်တာကြောင့် ခဏအတွင်း အစွယ်တောင်နားကို ရောက်ရှိသွား၏။


အစွယ်တောင်ဆိုတာ ဆင်အစွယ်နှစ်ချောင်း မိုးပေါ်ထောင်နေသလို ပုံစံဖြစ်ကာ တောင်ထိပ်နှစ်ခုပေါ်မှာ အစောင့်အကြပ်တွေ ပေါသည်။ အားလုံးက တော်ဝင်စစ်သူကြီးနယ်ပယ်က ကျင့်ကြံသူတွေချည်းပင်။ ဖုန့်ဝူယိတို့လို အဆင့်နိမ့် ကျင့်ကြံသူတွေ အနေနဲ့ အနားကပ်ဖို့ပင် မလွယ်ချေ။


နောက်ပြီး အစောင့်တွေ အားလုံးက အစွယ်တောင်ရဲ့ လျှို့ဝှက်ချက်ကို သိပြီး သေချာလေ့ကျင့်ပေးထားသူတွေ ဖြစ်လေသည်။ 


ယခုတော့ ဖုန့်ဝူယိနဲ့ ဖုန့်ချန်းယင်တို့ နှစ်ယောက်သားဟာ အရွက်တွေ ထူထပ်လွန်းသော သစ်ပင်ကြီးတစ်ပေါ်၌ ခြေကုပ်ယူရင်း အစွယ်တောင်ထဲက တစ်လုံးပေါ်ကို လှမ်းကြည့်နေကြ၏။ ဖုန့်ဝူယိ မျက်လုံးတွေက အနီရောင် အလင်းတန်းများ ဖြတ်ပြေးသွားသည်။


ဖုန့်ဝူယိ: "ဘယ်လိုလဲ?"


"ဧကရာဇ်နယ်ပယ် တစ်ယောက် ရှိနေတယ်..."


ဖုန့်ချန်းယင် လက်သီးဆုပ်မိသွားသည်။


"ဒါဆို ဘယ်လိုလုပ်မလဲ...."


"ငါ့မှာ နည်းလမ်းရှိတယ်... ရှစ်ဇွင်း ငါ့ကိုပေးထားတဲ့ ရတနာတစ်ခုရှိတယ် အဲဒါက ငါ့အငွေ့အသက်ကို ဧကရာဇ်နယ်ပယ် အဖြစ် တစ်နာရီလောက် ဟန်ဆောင်ပေးထားနိုင်တယ်... ငါတို့တောင်ပေါ်ကို တက်ကြမယ်"


"အာ......ဒါက စွန့်စားလွန်းရာ မကျဘူးလား?"


"ကိစ္စမရှိဘူး... "


ဖုန့်ဝူယိဆိုရင်း ဖုန့်ချန်းယင်နဖူးထဲသို့ အပြာရောင် အလင်းတန်း အနည်းငယ် ထည့်ပေးလိုက်သည်။ ချက်ချင်းပင် သူတို့အငွေ့အသက်တွေက ဧကရာဇ်နယ်ပယ်တွေ ဖြစ်သွားသည်။ ဒါက အတုအယောင် ဆိုပေမယ့် အရှင်ချင်းလုံရဲ့ အရည်အချင်းကြောင့် အစစ်အတိုင်းပင်။


ဖုန့်ဝူယိ လက်တစ်ဖက်တွင် ခြင်းတောင်တစ်လုံး ဆွဲလာကာ ဖုန့်ချန်းယင်ကလည်း သေရည်အိုးများကို သယ်ဆောင်လာသည့် လူတစ်ယောက်လို ဟန်ဆောင်လိုက်ကြသည်။


ဘာပဲဖြစ်ဖြစ် အစွယ်တောင်ကို အစားအသောက် လာပို့ရတဲ့လူတွေလည်း ရှိတယ်မဟုတ်လား။




Author - မြန်မြန် ကြိုက်ရင် အပိုင်းတိုသွားမှာကြောင်လို့ love line ကို ဖြည်းဖြည်းချင်းပဲ သွားကြမယ်နော်