4
အစက ငေးငိုင်နေခဲ့တဲ့ ချွေ့ဖူလင်က သူမရဲ့ ဂိုဏ်းတူအစ်ကိုတွေ တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ချလိုက်တာကိုမြင်တော့ သတိပြန်ဝင်သွားပုံရတယ်။
သူမက နှုတ်ခမ်းကို ကိုက်ချလိုက်ပြီးတော့ စိတ်ဆုံးဖြတ်ထားသလိုမျိုး ဒူးထောက်ချလိုက်ရင်း နဖူးကိုမြေကြီးနဲ့ အရှိန်ပြင်းပြင်း တိုက်ချလိုက်တယ်။
"ဖူလင်က ကိုယ့်အမှားကိုယ်နားလည်ပါပြီ...တကယ်သိတာမို့...ဂိုဏ်းကနေ ထွက်သွားဖို့ဆန္ဒရှိပါတယ် ကျေးဇူးပြုပြီး ဂိုဏ်းတူအစ်ကိုတွေကို အပြစ်မပေးပါနဲ့..."
အကြိမ်ရေအနည်းငယ်လောက် ဦးတိုက်အရိုအသေပြုပြီးတော့ သူမရဲ့ နဖူးက တဖြည်းဖြည်းနီရဲလာတယ်။
ဂိုဏ်းရဲ့ အရှေ့မှာရှိနေတဲ့ လူအားလုံးက အဲ့ဒီမြင်ကွင်းကိုကြည့်ပြီး သူတို့ရဲ့ မျက်လုံးတွေ နီရဲလာကြတယ်။
ဖြစ်သင့်တာနဲ့ကွဲလွဲနေတဲ့မြင်ကွင်းကို ခံရခက်စွာနဲ့ပဲ ငါတိတ်တဆိတ်စောင့်ကြည့်နေခဲ့တယ်။
ချွေ့ဖူလင်က ငါ့မိသားစုအပေါ်မှာပဲ သွေးကြွေးတင်နေခဲ့တာမလို့ ငါတို့မိသားစုကိုတောင်းပန်ရမှာ အဲ့ဒီဂိုဏ်းတူအစ်ကိုတွေအတွက် တောင်းပန်နေရမှာမဟုတ်ဘူးလေ။
"ပိုင်ဇီ မင်းအခုကျေနပ်ပြီလား?"
အရာအားလုံးအတွက် ငါ့ကိုပဲအပြစ်တင်နေသလိုမျိုး စည်းကမ်းလိုက်နာလေ့မရှိတဲ့ ဒုတိယဂိုဏ်းတူအစ်ကိုက အေးစက်စွာ အော်ငေါက်လာတယ်။
ငါ့မျက်လုံးတွေက အသက်မပါသလိုဖြစ်နေပြီး ခေါင်းခါပြလိုက်တယ်။
"မကျေနပ်ဘူး ငါသူ့အသက်ကို လိုချင်တယ်"
ထိတ်လန့်သွားတဲ့ အသံတွေက ပတ်ပတ်လည်ကနေ ထွက်လာပြီး လူတိုင်းက ငါ့ကို ဒေါသတကြီးစိုက်ကြည့်နေခဲ့ကြတယ်။
သူ့ကိုယ်သူ ဖြောင့်မတ်တည်ကြည်တယ်လို့ ခံယူထားတဲ့ တတိယမြောက်ဂိုဏ်းချုပ်ကတောင်မှ ထေ့ငေါ့လှောင်ပြောင်ဟန်အပြည့်နဲ့ ခါးခါးသီးသီးပြောလာတယ်။
"မင်းက ကောက်ကျစ်တဲ့ နှလုံးသားနဲ့ သေမျိုးတစ်ယောက်သာသာပဲဟာ အခွင့်အရေးရှိတုန်း အသာတကြည် ခွင့်လွှတ်ပေးလိုက်တာ ပိုကောင်းမယ်.... ဘာကိစ္စသူ့အသက်ကို လိုချင်နေရတာလဲ"
အဲ့ဒီစကားကိုကြားပြီး တိတ်ဆိတ်စွာနဲ့ပဲ တုန်ရီနေတဲ့ ငါ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင်လုပ်ရင်း မျက်လွှာချထားလိုက်တယ်။
ကျင့်ကြံခြင်းလောကမှာရှိတဲ့ အခြားဂိုဏ်းတွေက လင်ကျန့်ဂိုဏ်းကို မနှစ်မြို့လေဘူး။ တကယ်လို့ ဒီကိစ္စကိုသာ သေချာမကိုင်တွယ်နိုင်ဘူးဆိုရင် သူတို့ဂုဏ်သတင်းကို သေချာပေါက် ထိခိုက်မှာဖြစ်တယ်။
ထို့နောက်အချိန်ခဏကြာအောင် လူတိုင်းက ငြိမ်သက်သွားခဲ့ကြပြီး ရုတ်တရက် ဂိုဏ်းသားတစ်ယောက်ဟာ လေဟာနယ်တစ်နေရာကို စိတ်လှုပ်ရှားစွာ ကြည့်ပြီး အော်ပြောလာတယ်။
"သခင်ကျွင်းဟွာ ပြန်ရောက်လာပြီ!"