Ch 1 (Arc 1)
Viewers 2k

Chapter 1(Arc 1)


ကျိုးရှု သည် ချောက်ကမ်းပါးအောက်ခြေတွင် ကျိုးနေသောခြေထောက်ဖြင့် လှဲလျောင်းနေ၏။ သူ့မျက်နှာ၌ ခက်ထန်သော အမူအရာတို့ လွှမ်းခြုံနေသည်။  ဒါပေမဲ့ သူ့ရှေ့မှာ အခြေအနေကား ပိုပြင်းပင်ဆိုးရွား၏။ ဝံပုလွေတစ်အုပ်က သူ့အား စိုက်ကြည့်နေချေသည်။

ညအမှောင်ထဲတွင် ဝံပုလွေမျက်လုံးများသည် အစိမ်းရောင်တဝင်းဝင်း။ သရဲသဘက်များထက် ပို၍ကြောက်စရာကောင်းသော မိစ္ဆာများလိုပင်။


ဝံပုလွေတစ်ကောင်၏ ကြောက်စရာကောင်းပြီး ရှိုက်ကြီးတငင် အော်သံက ချိုင့်ဝှမ်းတစ်လျှောက် ပဲ့တင်ထပ်နေ၏။

လမင်းကိုလဲ တိမ်မဲများက ဖုံးလွှမ်းထားကြသည်။

ရုတ်တရက် လျှပ်စီးလက်သွားပြီး မိုးခြိမ်းသံများ တညံညံထွက်လာ၏။

ပထမတစ်ကြိမ် မိုးကြိုးအပစ်၌..... ဝံပုလွေများက သူ့ကို စတင်တိုက်ခိုက်ခဲ့ပြီး ကျိုးရှု သည် သူ့လက်များကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကာ အကိုက်ခံရသည့်ဝေဒနာကို အံကြိတ်ခံနေရသည်။


အရိုးထဲက အသားများ ပဲ့ထွက်သွားကာ ဝံပုလွေတွေရဲ့ သွားတွေက သူ့ခန္ဓာကိုယ်ထဲကို တရစ်ပြီးတစ်ရစ် တိုးဝင်လာခဲ့၏။  ကျိုးရှု လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာမှာ သူ့အံ့သွားတွေကို တင်းတင်းကြိတ် ထားတာပါပဲ။ သူ့နှလုံးသားထဲမှ ဒေါသသည် အသွေးသားထဲထိ အမြစ်တွယ်သွားပြီး အညှောက်ပင်ပေါက် နေလေပြီ။ ထိုအချိန်တွင်၊ ကာလအတန်ကြာ ကြီးထွားလာခဲ့သည့် ထိုအပင်ပေါက်လေးသည် "မုန်းတီးခြင်း" ဟုခေါ်သော သစ်ပင်တစ်ပင်သို့ ကူးပြောင်းသွားလေ၏။ 


သူလက်စားချေချင်တယ်။ အကြိမ်တစ်ရာမက သေတဲ့နာကျင်တွေနဲ့ တွေ့ရရင်တောင် သူ လွတ်မြောက်ဖို့ အခွင့်အရေးရှာမယ်။

ထိုအချိန်တွင် ကျိုးရှု ကို ဝံပုလွေများက လုံးလုံးလျားလျား ဝါးမျိုသွားခဲ့ပြီဖြစ်ပြီး သူ့ဝိဉာဏ်မှာလဲ ကျယ်ပြောလှသော နေရာတစ်ခုသို့ ရောက်ရှိသွားလေပြီ။

ထိတ်ထိတ်ပြာပြာဖြစ်ပြီး ကျိုးရှု သည် သူ့လက်သန်းက လက်စွပ်ကို စမ်းကြည့်လိုက်သည်။


အရမ်းဉာဏ်ကောင်းသော ကျိုးရှု သည် ခဏအတွင်း စနစ်မှာ ချို့ယွင်းမှုဖြစ်နေကြောင်း သိသွားသည်။

အမှားသေးသေးဆိုပေမဲ့ ကျိုးရှု အတွက်တော့ ထိုအခွင့်ရေးကိုအမိအရ ဆုပ်ကိုင်လိုက်ပြီး ငယ်တဲ့အမှားကို ကြီးအောင် လုပ်လိုက်နိုင်လေသည်။


သူပြန်နိုးလာသောအခါ အခြေအနေတွေမှာ ပြောင်းနေချေပြီ။

သူ့လက်ကို မြှောက်လိုက်ပြီး သူ့လက်သန်းလေးပေါ်ရှိ လက်စွပ်သည် အငွေ့များ ထွက်နေသည်ကို ခံစားလိုက်ရသည်။ ကျိုးရှု သည် ခေါင်းငုံ့လိုက်ပြီး တစ်ချက်ပြုံးရင်း သူ့မျက်လုံးတွေ က မည်းနက် အေးစက်နေသည်။ အံ့ဩစရာကောင်းသည်မှာ စနစ်သည် သူ့ထိန်းချုပ်မှုအောက်မှာ ရှိနေပေပြီ။ ကျိုးရှု သည် မူလက နော့ဂလက်ဆီ စစ်တပ်ဌာနခွဲ၏ စစ်အကြံပေးအဆင့်သို့ ရာထူးတိုးတော့မည်ဖြစ်သည်။ သူ၏ IQ ကား တခြားသူများထက် သာလွန်ထူးချွန်၏။ အမှန်တော့၊ စနစ်အား ထိန်းချုပ်ခြင်းနှင့် ပတ်သက်၍ သူသည် အား များများစားစား မထုတ်လိုက်ရဘဲ ရေတို အခွင့်အလမ်းကို အခိုင်အမာ အသုံးချခဲ့ခြင်းသာ။


ကျိုးရှု သည် လက်စွပ်ပေါ်က အချက်အလက်ကို ကြည့်လိုက်ပြီး သူ့မျက်လုံးတွေ အနည်းငယ် ကျဥ်းမြောင်းသွား၏။ ကောင်းပြီလေ သူက ဗီလိန်ဖြစ်နေတုန်းပဲ။ မူးယစ်ဆေး အလွန်အကျွံသုံးစွဲမိလို့ သေရမယ်။ ဒါပေမဲ့ အဲဒါက အရင်ကဖြစ်ခဲ့တာတွေပါ။ ဒီတစ်ခါတော့ ကျိုးရှု သည် ဘယ်သူ က နယ်ရုပ်ဖြစ်ပြီး ဘယ်သူသေမလဲ ဆိုတာ သိချင်မိသည်။


သူ့အဝတ်အစားတွေကို သပ်သပ်ရပ်ရပ်ပြင်ဆင်ပြီးနောက် ကျိုးရှု သည် မူလခန္ဓာကိုယ်ပိုင်ရှင်ဟာ လက်ရှိမှာ သူ (မူလပိုင်ရှင်) မရခဲ့တဲ့ ဇာတ်ရုပ်အတွက် လူဝင်ရွေးခံတော့မှာဖြစ်လို့ မတ်တပ်ထထိုင်လိုက်၏။ ဒါပေမယ့် ကျိုးရှု အတွက် မခက်ပါဘူး။ သူဟာ ဇာတ်လမ်းထဲမှာ အဆိုးဆုံးနှင့် အရက်စက်ဆုံးသော ဗီလိန်ဖြစ်တဲ့အတွက် အရှိကို ရှိတဲ့အတိုင်းပြရမည်ပင်။

"ဟီးဟီး၊ ဒါက စိတ်ဝင်စားစရာပဲ" ကျိုးရှု က တိုးတိုးလေးပြောလိုက်ပြီး မဲ့ပြုံးပြုံးလိုက်လေသည်။ ခေါင်းငုံ့ကာ သူ့အပျော်တွေကို ဖုံးကွယ်ထားလိုက်၏။


ကျိုးရှု သည် မူလက နော့ဂလက်ဆီ တွင် နေထိုင်ခဲ့ပြီး စကြာစဠာကြားစစ်တပ်ဌာနခွဲ သို့ ရာထူးတိုးခြင်းခံခဲ့ရသည်။ သို့သော် ရေတပ်ဗိုလ်ချုပ်က သူ့ကို ဆုချီးမြှင့်လိုက်သောအခါ၊ သူသည် သူ၏မူလ ကမ္ဘာမှ အတင်းအကျပ် ဖယ်ရှားခံလိုက်ရပြီး “ငြိမ်းချမ်းစွာ မသေစေရ” စနစ်နှင့် ချည်နှောင်ခဲ့လိုက်ရကာ ကမ္ဘာတိုင်းရှိ လူဆိုးအဖြစ် တာဝန်ထမ်းဆောင်ရတော့သည်။

ကမ္ဘာတစ်ရာလောက်ကို ဖြတ်ကျော်ခဲ့ရပြီး အကြိမ်တစ်ရာ သေခဲ့ပြီးပြီဟု ပြောလို့ရပေသည်။ အဲဒီ အကြိမ်တစ်ရာအတွင်းမှာ သူ့လုပ်ရပ်တွေကို စနစ်က ကန့်သတ်ထားတာကြောင့် သူ့ကို အပိုင်းပိုင်း ဖြတ်၊ မြားတွေနဲ့ ထိုးဖောက်၊ အရှင်လတ်လတ် အစားခံရ၊ ခေါင်းဖြတ်သတ်ခံရ၊  အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရပြီး သေခဲ့ရသည်။


လူကောင်းမဟုတ်သော ကျိုးရှု သည် သူ၏သေခဲ့ရသည့်တစ်လျှောက်လုံးတွင် အမုန်းတရားမျိုးစေ့ကို ကြဲချခဲ့သည်။ ယခု ကျိုးရှု သည် ပျော်စရာ ဘဝမှာ နေထိုင်လိုရုံသာမက ပြိုင်ဘက်၏ IQ သည် မြင့်မားနေလျှင်ပင် လက်တွေ့တွင် အသုံးမဝင်ကြောင်းကိုလည်း သိစေလိုသည်။

မူလခန္ဓာကိုယ် ပိုင်ရှင်၏နာမည်မှာလည်း ယခင်ကမ္ဘာများကဲ့သို့ ကျိုးရှု ပင်။ ယခုဘဝတွင်၊ သူသည် ကျိုး ဂရု ၏ ဥက္ကဌ ကျိုးချင် ၏အငယ်ဆုံးသားဖြစ်သည်။ သို့သော် ကျိုးချင် သည် ကျိုးရှု ဖျော်ဖြေရေး အသိုင်းအ၀ိုင်းသို့ဝင်ရောက်ခြင်းကို အပြင်းအထန်ကန့်ကွက်ခဲ့သည်။ သူ့အတွေးက အရမ်းခေတ်နောက်ကျနေပြီး သရုပ်ဆောင်တွေကို လူရွှင်တော်သာသာ သာ သူထင်နေခဲ့ခြင်းဖြစ်ပေသည်။


ကျိုးရှု တွင် ကျိုးယန်ဟူသော အစ်ကိုတစ်ယောက်ရှိ၏။ ကျိုးယန်သည်လည်း ကျိုးရှု သရုပ်ဆောင်တာကို မထောက်ခံသော်လည်း ကျိုးရှု ကို အမြဲစိတ်ပူနေခဲ့သည်။

ကျိုးရှု သည် သရုပ်ဆောင် ဖြစ်ချင်နေခဲ့တာကြောင့် ကျိုးချင် သည် နောက်ပိုင်းတွင် သူ့ကို အိမ်ပေါ်မှနှင်ချခဲ့ပြီး သားအဖဆက်ဆံရေးမှာလည်း ပြတ်တောက်သွားခဲ့သည်။ သူသေဆုံးသွားသည်အထိ ကျိုးရှု သည် သူ့အဖေက သူ့ကို အမြဲဂရုစိုက်နေခဲ့ကြောင်း မသိခဲ့ပေ။ ကျိုးချင် က သူ့အစ်ကို ကျိုးယန်ကို သူ့အား ကာကွယ်ဖို့ လူတွေကို ပို့ပေးပြီး သူ့ဘဏ်အကောင့်ထဲကို ပိုက်ဆံများထည့်ခိုင်းသေး၏။ သို့သော်လည်း ကျိုးရှု မူးယစ်ဆေးစွဲသွားသည်ကို သူတို့ သတိမထားမိခဲ့ကြပေ။ ကွယ်လွန်ချိန်တွင် ကျိုးရှု သည် အရိုးပေါ်အရေတင် ဖြစ်နေခဲ့ချေပြီ။

မူလ ကျိုးရှု ကား အလွန်မာနကြီး၏။ သူ့ရဲ့ ချောမောတဲ့ ရုပ်ရည်ကြောင့်သာ ခဏတွင်း ဖျော်ဖြေရေး လောကထဲကို တိုးဝင်လာခဲ့ပေမယ့် သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်ကတော့ သာမန်မျှပင်။ ကမ္ဘာကျော်ဇာတ်ဆောင် ကျန်းဟန်ရှုး သည် ကျိုးရှု ကဲ့သို့ပင် သရုပ်ဆောင်တစ်ဦးဖြစ်သည်။ သူတို့မှာ ပုံစံတူ ဟန်ပန် တွေရှိတာကြောင့် ဇာတ်ကောင်ရွေးတဲ့နေရာမှာ မကြာခဏဆိုသလို ထိပ်တိုက်တွေ့ခဲ့ကြသည်။ သို့သော် ကျိုးရှု သည် ဇာတ်လိုက်နေရာကို ဘယ်သောအခါမှ မသိမ်းပိုက်နိုင်ခဲ့ပေ။


သူ့ရဲ့အသက်မွေးဝမ်းကြောင်းအစကနေပြီး  အဲဒီတုန်းက ရုပ်ရှင်ဘုရင်မဖြစ်တဲ့ စန်ယွဲ့ က ယောက်ျားလေး သရုပ်ဆောင်များကို ရှာဖွေနေခဲ့သည်။ သူသည် ရုပ်ရှင်ဘုရင်မ၏အကူအညီဖြင့် သရုပ်ဆောင်စွမ်းရည်ကို တဖြည်းဖြည်း မြှင့်တင်လာခဲ့ပြီး နောက်ဆုံးတွင် ရုပ်ရှင်ဧကရာဇ် ဖြစ်လာခဲ့သည်။ 


ကျိုးရှု တစ်ယောက် လိင်တူချစ်သူဖြစ်ကြောင်း စန်ယွဲ့ သိသွားသောအခါ သူမသည် အမြဲအဟန့်အတားဖြစ်နေတဲ့ မာနကြီးတဲ့လူကို အလွန်မုန်းတီးနေသောကြောင့် သူမသည် ထိုကိစ္စကို မီဒီယာသို့ ပေါက်ကြားစေခဲ့ပြီး ကျိုးရှု ၏ သရုပ်ဆောင်အလုပ်ကို အကြီးအကျယ် ထိခိုက်အောင် လုပ်လိုက်၏။


ကျိုးရှု ကို မူးယစ်ဆေး သုံးရန် ဆွဲဆောင်ပေးနိုင်မည့် တစ်စုံတစ်ဦးကိုပင် သူမ တွေ့ရှိခဲ့သည်။ နောက်ဆုံးတွင် သူ့ပြိုင်ဘက်မင်းသား ရုပ်ရှင်ဧကရာဇ်ဖြစ်လာသည့်နေ့တွင် ကျိုးရှု ကတော့ မူးယစ်ဆေးအလွန်အကျွံသုံးစွဲခြင်းကြောင့် သေဆုံးသွားခဲ့ပေပြီ။


ကျိုးရှု နှင့် ကျန်းဟန်ရှုး တို့သည် အစတူကြသော်လည်း အဆုံးသတ်ကတော့ မတူကြပေ။

ကျိုးရှု သည် သူ့လက်ထဲမှ ဇာတ်ညွှန်းစာရွက်ကို ကျည်တောင့်ပုံ ခေါက်လိုက်ပြီး သူ့လက်ဖဝါးကို တစ်ကြိမ်ရိုက်ကာ ခေါင်းကို မော်ချီလိုက်ပြီး မာနကြီးသည့်အသွင် ယူလိုက်သည်။


နောက်ထပ်လူတစ်ယောက် လူရွေးပွဲ နားနေခန်းထဲသို့ ဝင်လာခဲ့ပြီး လူပိုစည်ကားလာသည်။ ထိုသူမှာ ဇာတ်ဆောင် ကျန်းဟန်ရှုး ပင်။

မူရင်း ဇာတ်လမ်းတွင်၊ ကျိုးရှု နှင့် ကျန်းဟန်ရှုး တို့ ယခုတစ်ခေါက် တွေ့ဆုံခြင်းသည် ပထမဆုံးအကြိမ် မဟုတ်ပေ။ သူတို့နှစ်ယောက်ဟာ ရန်သူတွေဖြစ်ခဲ့ကြတာကြာခဲ့ပြီမို့ တစ်ယောက်နဲ့ တစ်ယောက်မြင်ရသည်မှာ စိတ်မသက်မသာဖြစ်ရ၏။ ဒါပေမယ့် သူတို့ကိုယ်သူတို့ ထိန်းချုပ်ထားကြပြီး ဘာမှ ထွက်ပေါ်မလာပေ။


အကယ်၍ ထူးချွန်ထက်မြက်သူ တစ်ယောက်မှ မရှိခဲ့လျှင် အကောင်းဆုံး ရွေးချယ်မှုမှာ ၎င်းတို့၏ကံကြမ္မာကို ပြောင်းလဲရန်အတွက် ဇာတ်ကောင် ခြေသလုံးဖက်ထားမှာ သေချာပေါက်ဖြစ်သော်လည်း ကျိုးရှု သည် ထိုကဲ့သို့မဟုတ်ပေ။ သူသည် ကောင်းကင်နှင့် မြေကြီး၏ ဆန့်ကျင်ဘက်ဖြစ်ပြီး လူများနှင့် တိုက်ခိုက်ခြင်းကိုလည်း ကြိုက်နှစ်သက်သေးသည်။ ခြေသလုံးဖက်ထားရတာမျိုးတော့ ဘယ်တော့မှ မကြိုက်ပေ၊ သို့သော် ဇာတ်ရုပ်ထဲက ရုန်းထွက်ဖို့ လည်း ရည်ရွယ်ချက်မရျိချေ။ သူသည် ဗီလိန်အစစ်လို ဟန်ဆောင်ကာ ဇာတ်ဆောင်ပါးကို ရိုက်ချင်လေသည်။


တကယ်တော့ မူလပိုင်ရှင်သည် မာနကြီးပြီး မခြယ်လှယ်ခဲ့ပါက လမ်းဘေးရောက်မည်မဟုတ်ချေ။  ကျိုးရှု သည် ဤပုံစံကို သဘောကျပြီး၊  ရဲရဲတင်းတင်း ဆင်ခြေပေးနိုင်လေသည်။

ကျန်းဟန်ရှုး ဝင်လာပြီးနောက် ကျိုးရှု က မြင်သူတိုင်း စိတ်မသက်မသာဖြစ်စေသည့် မထီမဲ့မြင်ပြုသောအကြည့်ဖြင့် ကြည့်ကာ အော်ပြောလိုက်သည်။ "ကျန်း အကို မင်းလည်း လူရွေးပွဲ လာတယ်ပေါ့။ ဒါက ကျွန်တော် ရကိုရမယ့် နေရာပေမယ့် ကြိုးစားဖို့ ကြိုဆိုပါတယ်ဗျာ။ ဒါပေမယ့် မရသွားရင်တော့ မငိုကြေးနော်။"


ကျန်းဟန်ရှုး က သူစိတ်မဆိုးကြောင်းပြသရန် အနည်းငယ်ခေါင်းညိတ်ပြပြီး သူ့မျက်နှာကတော့ မဖြုံသည့်ပုံပင်။ “အစွမ်းအစနဲ့ပဲ ဘယ်သူနိုင်မယ် မနိုင်ဘူးဆိုတာ ဆုံးဖြတ်မှာလေ” လို့သူပြန်ပြောလိုက်သည်။

“ဟားဟားဟား၊ ဟုတ်တာပေါ့ အစွမ်းအစနဲ့ဘဲ ဆိုင်တာလေ။ ဒါပေမယ့် ပြောထားဦးမယ်။ ရုပ်ရှင်ဘုရင်မရဲ့ အကူအညီမပါဘဲ ငါနိုင်သွားရင် မင်းအတွက် ရှက်စရာမဟုတ်ဘူးနော်။”


ကျန်းဟန်ရှုး ၏ အမူအရာမှာ ပြောင်းလဲသွား၏။ စန်ယွဲ့  သူ့ကို သရုပ်ဆောင်စွမ်းရည် သင်ပေးနေတာ ဘယ်သူမှ မသိဘူးလို့ ထင်ခဲ့ပေမယ့် ကျိုးရှု က ခြွင်းချက်ဆိုတာ ရှင်းပါတယ်။

ကျန်းဟန်ရှုး တစ်ယောက် ခပ်ဖျော့ဖျော့လေးပြုံးကာ "ရှက်စရာမဟုတ်ပါဘူးကွာ၊ ရလဒ်ထွက်လာတဲ့အထိ စောင့်ရမှာပေါ့" လို့ ပြန်ဖြေလိုက်၏။


"ဟားဟား ဟုတ်တယ်၊ စောင့်ကြည့်ကြတာပေါ့။" ကျိုးရှု က ပေါ့ပေါ့ပါးပါး ပြုံးကာပြောလိုက်သည်။

အခန်းကျဉ်းလေးထဲတွင် လေထုသည် အေးစိမ့်လာ၏။ အခြားသူများမှာ ကျိုးရှု နှင့် ကျန်းဟန်ရှုး အကြား စကားပြောဆိုမှုကို ရှင်းရှင်းလင်းလင်းကြားရပြီး ယင်းကြောင့်ပင် လူအများစုသည် ကျိုးရှု အပေါ် အထင်အမြင်လွဲသွားကြသည်။ ကျန်းဟန်ရှုး အပေါ်မှာကား သူတို့၏ အထင်အမြင်မှာ ဆန့်ကျင်ဘက်။ ကျန်းဟန်ရှုး သည် ရည်မွန်သိမ်မွေ့ပြီး အောက်တန်းမကျပေ။ ကဲ့ရဲ့လှောင်ပြောင် ခံရသော်လည်း ပြန်တုံ့ပြန်ခြင်းမရှိချေ။


ကျိုးရှု သည် ဤရလဒ်ကိုမြင်ရသည့်အတွက် ဝမ်းသာမိသည်။ သူ လိုချင်တာ ဒါ။ ရလဒ်တွေ ထွက်လာတဲ့အခါ ပို၍ပင်စိတ်ဝင်စားဖို့ကောင်းဦးမည်။

ကျန်းဟန်ရှုး သည် ကျောကို တည့်တည့်မတ်မတ်ထိုင်ကာ အနက်ရောင်ဆံပင်များက နဖူးကိုဖုံးထားသည်။ သူ့မျက်နှာက ဖြူဖြူသေးသေးလေးဖြစ်ပြီး မျက်လုံးကြီးတွေက တောက်ပနေ၏။ နှာခေါင်းက ဖြောင့်ဖြောင့်နဲ့ ပြီးပြည့်စုံသော နှုတ်ခမ်းများရှိလေသည်။


မျှော်လင့်ထားသလိုပဲ၊ ဇာတ်ဆောင်ရဲ့ ရုပ်ရည်က တကယ်ကောင်းပါ၏။ အဓိက အချက်မှာ လှဖို့လိုပေမယ့် မိန်းမ မဆန်နေဖို့ပင်။ ဒီလို မျက်နှာမျိုးဟာ ရုပ်ရှင်နဲ့ ရုပ်မြင်သံကြား အသိုင်းအဝိုင်းမှာ အလွန်ရေပန်းစားတတ်သည်။

ကျိုးရှု ကတော့ ထိုသို့မဟုတ်ပေ။ သူ့မျက်နှာသည် အလွန်ဖြူစင်ပြီး နှုတ်ခမ်းများသည် သွေးကဲ့သို့ နီနေသည်။ သူ့မှာ ဆွဲဆောင်မှုရှိတဲ့ မက်မွန်ပွင့် မျက်လုံးလှလှလေးတွေလည်းရှိ၏။ သူမျက်စိမှေးကြည့်လျှင် စွဲမက်ဖွယ်ကောင်းပြီး ရင်သပ်ရှုမောဖွယ်ခံစားမှုကို ပေးစွမ်းနိုင်သည်။  

သူသည် အနည်းငယ် ပိန်ပါးပြီး ပခုံးတွေကား သိပ်မကျယ်ချေ၊ ရင်ဘတ်ကလည်း သိပ်မထူထဲပဲ ခါးသွယ်လေးလည် ရှိလေသည်။ ဤပုံစံသည် တကယ်တမ်း ကံမကောင်းခဲ့ပေ၊ အကြောင်းမှာ၊ အဓိကဇာတ်ဆောင်အများစုကို ထိုသို့ အလှအပဖြင့် ပြုစားနိုင်သောရုပ်ရည် ရှိသောလူများထဲ မရွေးခြယ်သောကြောင့်ဖြစ်သည်၊ ရိုးရှင်းဖြောင့်မတ်သော ကိုယ်ဟန်ရှိသောအမျိုးသားများသည် ကျိုးရှု ထက် ပို၍ အဓိကဇာတ်ဆောင်နေရာနှင့် သင့်တော် သောကြောင့်ဖြစ်သည်။


သူ့လို အရပ်အမောင်းရှိသူများသည် အများအားဖြင့် အဓိကခေါင်းဆောင်၏ အတန်းဖော်၊ ညီငယ်၊ အစေခံနှင့် အခြားနေရာများ၌ ပါဝင်ရလေ့ရှိသည်။ သို့သော် ကျိုးရှု သည် လုံးဝစိုးရိမ်နေခြင်းမရှိပါ၊ အဘယ်ကြောင့်ဆိုသော် စည်းမျဉ်းများ မည်သို့ပင်ရှိစေကာမူ ခြွင်းချက် အမြဲရှိမည်ဖြစ်ပြီး၊ ထိုခြွင်းချက်မှာလည်း သူသာဖြစ်လေသည်။

"နောက်တစ်ယောက် ကျန်းဟန်ရှုး"


"ကျွန်တော်ပါ။ မင်္ဂလာပါ။" ကျန်းဟန်ရှုး ထရပ်လိုက်ပြီး အခြားအခန်းသို့ ဝင်သွားခဲ့သည်။

အင်တာဗျူးသူ သုံးဦးရှိသည်။ ဇာတ်ဆောင်ကို အတည်ပြုထားပြီးဖြစ်ပြီး ယခု အခါ ပထမဗီလိန်ကို ရွေးချယ် နေကြသည်။

ဒါက ရဲမှုခင်းဇာတ်ကားဖြစ်ပြီး ဇာတ်လိုက်က ရဲဖြစ်၏။ အရေးအကြီးဆုံးဖြစ်သော လူကြမ်း၊ ရက်စက်ကြမ်းကြုတ်သော လူသတ်သမားနေရာအတွက် သူတို့အား တွေ့ဆုံ မေးမြန်းနေခြင်း ဖြစ်သည်။


လူသတ်သမား၏ အလုပ်အကိုင်မှာ ဆရာဝန်။ နေ့အခါတွင် သူသည် နတ်သားတစ်ပါးဖြစ်သော်လည်း ညရောက်သောအခါတွင် သူသည် နတ်ဆိုးတစ်ပါးဖြစ်လာသည်။ ထိုဇာတ်ကောင်သည်ကို ဇတ်ကွက်ကို ပြောင်းပြန်လှန်သော ဆန့်ကျင်ဘက် အလှည့်အပြောင်းကို ဖြစ်စေသည်။

လူတိုင်းကို ဇာတ်ညွှန်းပေးထားပေမယ့် အင်တာဗျူးမှာ ဇာတ်ညွှန်းအားလုံးကို ပြောခိုင်း ဖို့ဆိုတာ မဖြစ်နိုင်ပေ၊ ဒါကြောင့် အင်တာဗျူးမှာ လူသတ်ပြီးရင် ဘယ်လိုစားသောက်သလဲဆိုတဲ့ ခေါင်းစဉ်တစ်ခုတည်းနဲ့ အင်တာဗျူးဖြေရန် မေးခွန်းထုတ်ထားသည်။ တစ်ခုတည်းသော စကားပြော စာကြောင်းမှာ "အရသာရှိတယ်" တစ်ကြောင်းတည်းသာ။


ကျန်းဟန်ရှုး တစ်ယောက် တောင်းဆိုချက်ကို ကြားသောအခါ ရှင်းရှင်းလင်းလင်း သဘောပေါက်သွားပြီး “ကျွန်တော် စလို့ရပြီလား” ဟုဆိုလိုက်သည်။

အင်တာဗျူးသူသည် ခေါင်းညိတ်လိုက်၏။ ကျန်းဟန်ရှုးက ပေးထားတဲ့ စားပွဲမှာ ထိုင်လိုက်ပြီး သူ့ရဲ့ အံ့သြဖွယ် စွမ်းဆောင်ရည်ကို စတင်ပြသလေတော့သည်။


သူ့မျက်နှာက အမူရာမဲ့နေသလို မျက်လုံးတွေကလည်း အေးစက်နေ၏။ ထိုင်ပြီးသောအခါ အလောင်းကို ဘေးမှာ ချထားသလိုမျိုး ကြည့်လိုက်၏။

ရယ်လိုက်ရင်း ရေတစ်ခွက်ကို ကောက်ယူသောက်လိုက်ကာ ခေါင်းကို စောင်းငဲ့လိုက်ပြီး မျက်လုံးတစ်ဖက်ကို ဖုံးအုပ်လိုက်သည်။ သူ့မျက်လုံးတစ်ဖက်မှ ဆိုးရွားသောအကြည့်သည် ပို၍ပင် ထိတ်လန့်စရာကောင်းသွားလေသည်။


ထို့နောက် ခေါင်းငုံ့လိုက်ကာ ဓားနှင့် ခက်ရင်းကို ယူ၍ ပန်းကန်ပြားပေါ်ရှိ မရှိသော အသားကို လှီးဖြတ်သည်။ ထို့နောက် စားချင်ယောင်ဆောင်ကာ ပါးစပ်ထဲသို့ တစ်တုံးထည့်လိုက်၏။ သူသည် သူ့သားကောင်ကို အချိန်မရွေးသတ်နိုင်သော အခွင့်အရေးကို စောင့်နေသည့် ဝံပုလွေတစ်ကောင်ကဲ့သို့ သူ၏လှုပ်ရှားမှုများသည် အစမှအဆုံးထိ ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းနေလေသည်။

ထိုအချိန်တွင် ကျန်းဟန်ရှုး သည် အသားတစ်ပိုင်းကို ခွဲထုတ်လိုက်ပြီး ၎င်းကို ကြည့်လိုက်၏။ ထို့နောက် ယောင်ယောင်လေးပြုံးလိုက်လေသည်။

သူ့အကြည့်တွေက ဓားသွားနှင့်တူပြီး၊ သူ့ရှေ့က အသားက သူသတ်ပစ်မည့်သူလိုပင်။ ပါးစပ်ထဲထည့်ကာ “အရသာရှိလိုက်တာ” ဟုဆိုလိုက်လေသည်။


အင်တာဗျူးသူ သုံးဦးက အတူတူ တဖျောင်းဖျောင်း မြည်အောင် လက်ခုပ်တီးဂုဏ်ပြုကြလေသည်။ ကျန်းဟန်ရှုး ၏ စွမ်းဆောင်မှုမှာ ကောင်းမွန်ပြီး သူ့အမူအရာနဲ့ အပြုအမူတွေကား ပြီးပြည့်စုံလေသည်။ ရက်စက်ယုတ်မာသော လူသတ်သမားကဲ့သို သေသေချာချာ သရုပ်ဆောင်နိုင်သွားသည်ပင်။


ကျန်းဟန်ရှုး အနည်းငယ်ရှက်သွားမိသည်။ လက်ခုပ်တီးပြီး ချီးကျူးဂုဏ်ပြုသူ သုံးဦးကို ဦးညွှတ်ပြီး “ကျေးဇူးတင်ပါတယ်” ဟု ‌ရေရေမွန်မွန်ပြောလိုက်၏။

"ဒါဟာ တကယ်ကောင်းတဲ့ သရုပ်ဆောင်ချက် ပါပဲ၊ ငါတို့ကြေညာတာကို စောင့်ပေးပါ" စကားပြောတဲ့သူက အရမ်းစိတ်လှုပ်ရှားသွားတယ်။ ရလဒ်တွေကို ချက်ခြင်းသာ မကြေညာဖြစ်ရင် ကျန်းဟန်ရှုး ကို အဖွဲ့ထဲကို တိုက်ရိုက်ခေါ်သွားပြီး ရိုက်ကူးချင်မိသည်။


ထိုအချိန်တွင် အခြား ရပ်ဝေးနိုင်ငံမှ ဟန်ဇီခွေသည် ဖန်သားပြင်ပေါ်ရှိ လူများကို ပြုံးပြုံးလေး ကြည့်နေလေသည်။ ထိုကောင်လေးဟာ လက်ထောက်ဒါရိုက်တာနှင့် ရုပ်ရှင်ဘုရင်မ စန်ယွဲ့ မှ အလေးအနက် အကြံပြုထားသည့် ပုဂ္ဂိုလ်မဟုတ်လား။ စိတ်ဝင်စားစရာကောင်းလာလေပြီ။