Chapter 2
ဟန်ဇီခွေ မှာ ယခုဇာတ်ကား၏ ဒါရိုက်တာဖြစ်သည်။ သူ့တည်ရှိမှုသည် ဂိမ်းတစ်ခုတွင် နိုင်အောင် လုပ်ပေးနိုင်သူ(Cheat Code) နှင့်တူ၏။ သူ့မိသားစုက ထင်ရှားတယ်၊ ချမ်းသာတယ်၊ တန်ခိုးရှိတယ်။ သူ့ဇာတ်ကားတွေက အလွန်ကောင်းပြီး လူကြိုက်များပေမယ့် တစ်နှစ်မှာ အများဆုံး ထွက်တစ်ကား နှစ်ကားသာ။ သူသည် ကျိုးရှုနှင့် ကျန်းဟန်ရှူး ၏ လျှို့ဝှက်သူဌေးလည်းဖြစ်ပြီး ဟွားရှ Entertainment ၏ ဥက္ကဌဖြစ်လေသည်။
ဟန်ဇီခွေ ဟာ ဘယ်တုန်းကမှ ပိုက်ဆံမပြတ်လပ်တာကြောင့် ရုပ်ရှင်တွေကို စိတ်ဝင်စားမှုရှိစေရန် သက်သက်သာ ဖန်တီး၏။ ထိုအချိန်တွင် သူသည် တရုတ်နိုင်ငံတွင် မရှိသောကြောင့် လက်ထောက်ဒါရိုက်တာကို ကင်မရာတပ်ဆင်ခိုင်းခဲ့သည်။ သူ လူရွေးပွဲ ကို ကြည့်ချင်ရသည့် အကြောင်းရင်းမှာ စန်ယွဲ့ သည် လူတစ်ဦးကို အတော်လေး ချီးမွမ်းခန်း ဖွင့်နေခဲ့ပြီး ထိုလူမှာ ကျန်းဟန်ရှူး ပင်။
စနစ်၏ ကျေးဇူးနှင့် သတင်းကြို ရနေသည့် ကျိုးရှုသည် ဟန်ဇီခွေကို ကြည့်ရှုနေပြီး သူ့ကို ရွေးမှာဖြစ်ကြောင်း ကျိန်းသေ သိနေတာကြောင့် သူလုံးဝမစိုးရိမ်ပေ။ အဘယ်ကြောင့်ဆိုသော် ဟန်ဇီခွေ က လုံးဝ သမာသမတ်ကျပြီး မည်သည့်အရာနှင့်မှ သူ့အား လာဘ်မထိုးနိုင်သောပင်။
ဓားနှင့်တူသော မျက်ခုံးများ၊ လင်းယုန်မျက်လုံး၊ နှာတံမြင့်မြင့်နှင့် နှုတ်ခမ်းပါးပါးများ၊ ပန်းပုရုပ်ကဲ့သို့ ပြီးပြည့်စုံသော မျက်နှာအသွင်အပြင်။ ဟန်ဇီခွေ သည် ချောမောပြေပြစ်ပြီး ဂုဏ်သိက္ခာ ကြီးမားသောသူ ဖြစ်သည်။
လက်ထောက်ဒါရိုက်တာက ကင်မရာဘက် လှည့်ကာ “ဒါရိုက်တာ ဟန်၊ ခင်ဗျားတွေ့လိုက်တယ်မလား " လို့ အော်ပြောလိုက်သည်။
တွေ့တယ်
"ကျွန်တော်တော့ အရမ်းစိတ်လှုပ်ရှားသွားပြီ။ ကျန်းဟန်ရှူး က ဒီဇာတ်ရုပ်အတွက် တကယ်ကို သင့်တော်တယ်နော်။ ခင်ဗျား သူ့ကို ချက်ချင်းသရုပ်ဆောင်ခိုင်းမလား"
“အခြားသူတွေကို ကြည့်လိုက်ပါဦး။ နောက်တစ်ယောက် ခေါ်လိုက်”
ကျိုးရှု ဝင်လာတော့ သူ့အမူအရာက မောက်မာနေဆဲပင်။ ဦးလည်းညွှတ်။ သူသည် ခွေးခြေခုံပေါ်တွင်ထိုင်လိုက်ကာ “မင်္ဂလာပါ” လို့သာ တိုတိုတုတ်တုတ်ပြောလိုက်သည်။
လက်ထောက်ဒါရိုက်တာသည် ချောင်းဟန့်လိုက်ပြီး သူလိုချင်တဲ့ပုံစံကို ပြောလိုက်သည်။ သူပြောပြီး မော့ကြည့်လိုက်သောအခါ လုံးဝ အံ့အားသင့်သွားခဲ့သည်။ သူ့ရှေ့က မာနကြီးတဲ့ကောင်လေးမှာ ပျောက်သွားလေပြီ။ ထိုနေရာတွင် မတ်တတ်ရပ်နေသူမှာ ကြင်နာနူးညံ့သူတစ်ယောက် ဖြစ်နေပေပြီ။
ဘေးဘက်ကို ရပ်လိုက်ပြီး လက်ဆေးဟန် ဆောင်လိုက်သည်။ ပျော်နေပုံပေါ်သည့် အပြုံးယောင်ယောင်လေးလည်း ဆင်လျှက်သား။
လက်ဆေးပြီးတာနဲ့ လက်သုတ်ပုဝါကို ယူကာ လည်ပင်းအောက်မှာ ပတ်သလို ဟန်ဆောင်လိုက်ပြီး စားပွဲမှာ ဝင်ထိုင်လိုက်၏။ သူက ပြုံးပြီး စားစရာရှိတာကို စားနေသည်။ ဆီများ သူ့အဝတ်ကို စွန်းနေသည်တိုင် အစမှ အဆုံး စကားမပြောပေ။ သူသည် ခေါင်းငုံ့လိုက်ကာ မျက်လုံးများ၊ မျက်နှာနှင့် ခန္ဓာကိုယ် တစ်ခုလုံး ဒေါသမီးဟုန်းဟုန်း တောက်နေသည့်ပမာ။ ရက်စက်ယုတ်မာသော လူသတ်သမားအဖြစ်သို့ တမဟုတ်ချင်း ပြောင်းလဲသွားသည်။ ထိုပြောင်းလဲနိုင်မှုမျိုးသည် အင်တာဗျူးသူ သုံးဦး၏ နှလုံးသားကို ချက်ချင်းပင် တင်းကျပ်သွားစေခဲ့သည်။ နှလုံးစည်းချက်သံ မြန်မြန်များက သူတို့ ကြောက်လန့်နေပြီဆိုတာကို ပြောပြနေသည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် လူသတ်ငွေ့များ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ကျိုးရှုတစ်ယောက် ခေါင်းကိုမော့ပြီး နူးညံ့သိမ်မွေ့ပြီး ဖော်ရွေတဲ့ ဆရာဝန်ပုံစံဆီ ပြန်ရောက်သွားခဲ့တယ်။
စကားမပြောသေးဘဲ ခပ်ဖျော့ဖျော့ပြုံးကာ အစားအသောက်တွေကို အကုန်စားပြီးနောက် လက်သုတ်ပုဝါကို ချွတ်လိုက်ပြီး ကျေနပ်စွာ ပြုံးလိုက်ကာ “အရသာရှိတယ်။” လို့ပြောလိုက်လေသည်။
ကျိုးရှု၏ သရုပ်ဆောင်မှု ပြီးသွားသော်လည်း အင်တာဗျူးသူ သုံးဦးတို့သည် တိတ်ဆိတ်နေဆဲပင်။ တစ်လျှောက်လုံး ကျိုးရှု၏ မျက်နှာသည် ပြုံးနေသော်လည်း ထိုအပြုံးနှင့်အတူ သူတို့၏စိတ်နှလုံးထဲတွင် ကြောက်ရွံ့မှုများ တဖြည်းဖြည်း တိုးလာကာ မည်သည့်အချိန်တွင် ရုတ်တရက် ပေါက်ကွဲမည်ကို မသိသလိုပင်။ ဒီသရုပ်ဆောင် ကျိုးရှုသည်ကော ပုံမန်ဟုတ်ရဲ့လား ဟုတောင် စိုးရိမ်နေကြသည်။ မယုံနိုင်စရာပင်။
ကျိုးရှုသည် အင်တာဗျူးသူ သုံးဦး၏ အမူအရာကို မြင်နေရ၏။ သူက မေးကို ချီမြှောက်လိုက်ပြီး “ကျွန်တော် သရုပ်ဆောင်တာ ပြီးသွားပြီ” လို့ ပြောလိုက်သည်။
လက်ထောက်ဒါရိုက်တာက သတိပြန်ဝင်လာပြီး ထိုအချိန်မှ ချွေးစေးများပျံနေသည်ကို သတိထားမိလေသည်။
"အိုး၊ အပြင်ထွက်ပြီး ရလဒ် ကြေညာတာကို စောင့်ပေးပါနော်"
ကျိုးရှု “ကျေးဇူးတင်ပါတယ်” လို့တောင် မပြောဘဲ လှည့်ထွက်သွား၏။
လက်ထောက်ဒါရိုက်တာက သူ့ဘေးက လူတွေကိုကြည့်ကာ "ဒီကလေးက ဘယ်လိုဖြစ်သွားတာလဲ"
“ဒီလိုသရုပ်ဆောင်တာဟာ သူ့ရဲ့ ရူးသွပ်မှုနဲ့ လုံးဝကွက်တိဘဲ။ မြန်မြန်ဆုံးဖြတ်။ မင်းမဆုံးဖြတ်နိုင်ရင် ငါ ဒီကောင်လေးကို အရင်ခေါ်သွားမယ်။ နောက်ဇာတ်ကားအတွက် သူ့ကို ဒါရိုက်တာ လု နဲ့ တွေ့ပေးလိုက်မယ်။ သူသာ နာမည်မကြီးရင် မင်းမျိုးရိုးကို ငါနာမည်မှာ တပ်မယ်ကွာ။"
လက်ထောက်ဒါရိုက်တာသည် ကင်မရာကိုကြည့်ကာ တစ်ခုခု ပြောချင်နေချိန်တွင် အသံတစ်သံထွက်လာ၏။ “သုံးရက်လောက်နေရင် သူ့ကို ငါ့ရုံးခန်းထဲ ခေါ်လာခဲ့”
"ကျန်းဟန်ရှူး အဆင်ပြေ...?" လက်ထောက်ဒါရိုက်တာက စကားစပြောလိုက်သော်လည်း တုံ့ဆိုင်းနေသည်။ ပြီးတော့ သူနှင့် စန်ယွဲ့ မှာ သူငယ်ချင်းများဖြစ်ပြီး စန်ယွဲ့ ထံမှ အကျိုးကျေးဇူးများ အတော်အတန်ရရှိခဲ့သည်။
“သူက မျိုးစေ့မှန်ပေမဲ့ အပင်သန်မှာ မဟုတ်ဘူး”
ထိုအချိန်တွင် ဟန်ဇီခွေ သည် ဖုန်းချသွားပြီး သူ၏ နောက်ဆုံး စကားများမှာ ရိုးရှင်းသော်လည်း ရက်စက်လွန်းလှသည်။ ကျန်းဟန်ရှူး တစ်ယောက် ကြိုးစား အားထုတ်လိုစိတ်ရှိလျှင် အခက်အခဲမရှိဘဲ အောင်မြင်နိုင်သေးသည်။ ဒါပေမယ့် ကျိုးရှုနဲ့ ယှဥ်ပြိုင်အပြီးမှာ သူ အပြတ်အသတ်မရှုံးနိမ့်သွားဘူး ဆိုရင် သူနဲ့ မူရင်း ကျိုးရှုဘာများ ကွာခြားတော့မည်နည်း။
မည်သူမဆို ဇာတ်ဆောင်ဖြစ်နိုင်သော်လည်း အချို့သောသူများမှာ ဇာတ်ပို့ကောင်းများ ဖြစ်လာရ၏။
စစ်ဆေးမှုအပြီးတွင် ကျိုးရှုသည် ၎င်း၏စွမ်းဆောင်ရည်ကို ကျေနပ်တာကြောင့် ယခု လုပ်စရာကျန်သည်မှာ အိမ်သို့ပြန်ကာ မိသားစု၏ ခံစားချက်ကို ပြန်တည်ဆောက်ရန်ပင်။
ဒီတစ်ကြိမ်မှာတော့ ကျိုးရှုကို နယ်ပယ်စုံမှာ ထက်မြက်အောင် လုပ်ရမှာဖြစ်ပြီး မိသားစုဟာ သူ့ရဲ့ ခိုကိုးရာနဲ့ အထောက်အပံ့တွေ ဖြစ်လာပေမည်။
သို့သော်လည်း ကျိုးရှုသည် လက်ထောက်ဒါရိုက်တာ မတားမချင်း သူခြေလှမ်းမလှမ်းသေးပေ။ ကျိုးရှုသည် အခြား အရွေးခံသူ များ၏ မနာလိုအကြည့်နှင့် ကျန်းဟန်ရှူး ၏ အံ့အားသင့်နေသော မျက်ဝန်းများကို တွေ့လိုက်ရသည်။ မာနကြီးသော အမူအရာဖြင့် ပြန်ကြည့်လိုက်ကာ "မင်းဘာလုပ်နေတာလဲ" လို့ ရွဲ့မေးလိုက်လေသည်။
လက်ထောက်ဒါရိုက်တာက ချောင်းဟန့်လိုက်၏။ ကျိုးရှုက သူ့ကို ဒီလို ဆက်ဆံခံရသည်ကို လိုက်လျောညီထွေ မနေနိုင်တော့ပေ။ အရင်တုန်းကတော့ လေးစားမှုမရှိတဲ့ သရုပ်ဆောင်တွေက ပြောင်းလဲသွားပြီး ကောင်းလာကြတတ်သည်။ ယခုလည်း သူသည် ငယ်ရွယ်သော လူသစ်တစ်ဦးကို တွေ့ရပြန်သည်။ ရလဒ်အနေနဲ့ ပထမအကြိမ်မှာတင် မျက်နှာသာ အကြိမ်ကြိမ် ပေးရသည်။
ဒါပေမယ့် လူရွေးပွဲမှာ ကျိုးရှုရဲ့ စွမ်းဆောင်မှုကို တွေ့သောအခါ သူ့တံတွေးအကြိမ်ကြိမ် မျိုချမိပြီး မကျေမနပ်ကို မျိုသိပ်လိုက်ရ၏။ အမှန်တော့၊ သူသည် အရည်အချင်းကို နှစ်သက်ပေမဲ့ တစ်ချိန်တည်းမှာပင် လောဘကြီးမိသည်။ ယခုတစ်ကြိမ်တွင် ကျိုးရှု၏သရုပ်ဆောင် စွမ်းရည်ကြောင့်သာ ဟန်ဇီခွေ က သူ့ကို ထောက်ခံခဲ့တာဖြစ်သည်။
"အင်း လာ၊ ငါမင်းကိုမေးစရာရှိတယ်"
ကျိုးရှုသည် လက်ထောက်ညွှန်ကြားရေးမှူး ရုံးခန်းထဲသို့ အေးအေးဆေးဆေး လိုက်မနေတော့ဘဲ ရပ်လိုက်သည်။ ထို့နောက် သူထိုင်ပြီး “ကျွန်တော် ရွေးချယ်ခံရတာ ဆိုရင်တော့ ကျွန်တော် အရမ်းပျော်ပါတယ်။ အနုပညာကြေးငွေ ဆွေးနွေးလိုတာ ဆိုရင် ကျွန်တော့ ကုမ္ပဏီသို့ ဆက်သွယ်လိုက်ပါ။ တခြားဟာတွေ ဖြေဖို့ အာရုံမလာဘူး။
လက်ထောက်ဒါရိုက်တာက ပြောစရာ စကားမဲ့သွားလေသည်။ ခဏအကြာမှ "အလွဲအချော်မရှိရင် မင်း ဒေါက်တာစု ဇာတ်ကောင်ကို သရုပ်ဆောင်ရလိမ့်မယ်" လို့ ပြန်ဖြေလိုက်၏။
"ကျေးဇူး"
" သွားလို့ရပြီ။"
"သွားတော့မယ်။ အနာဂတ်မှာ မင်းနဲ့အတူ ပျော်ပျော်ကြီး လက်တွဲလုပ်ဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်။” စကားပြောပြီးနောက် ကျိုးရှုသည် ပထမအကြိမ် ဦးညွှတ်ပြီး သရဲတစ္ဆေမြင်လိုက်ရသလို လက်ထောက်ဒါရိုက်တာမှာ ထိတ်လန့်သွားခဲ့သည်။
ရလဒ်ကို သိပြီးနောက် ကျိုးရှုတစ်ယောက် အိမ်သို့ပြန်လာခဲ့သည်။ အရင်တုန်းကတော့ အိမ်စောစောမပြန်ချေ။ သူ အိမ်ပြန်ရတာကို မုန်း၏။ ယခုမူ ကျေနပ်မှု မရှိသည့် အရိပ်အယောင်အောက်တွင် သူ့အဘိုး၊ အဖေ၊ အစ်ကိုတို့ကို သူပိုချစ်နိုင်အောင် ကြိုးစားမည်ဖြစ်ပြီး ယခင်ကရခဲ့တဲ့ နောင်တကို ပြင်ဆင်ရပေမည်။ နောင်တွင်၊ သူမုန်းတီးသောသူများကို ထိုသူများအား အသုံးပြု၍ ပြန်လည်တိုက်ခိုက် နိုင်ပေလိမ့်မည်။
ကျိုးဂရု သည် B မြို့ ၏ တတိယအဆင့်ကုမ္ပဏီဖြစ်သောကြောင့် ကျိုး မိသားစုသည် ချမ်းသာပြီး သြဇာကြီးမားသော မိသားစုဖြစ်သည်ဆိုသည်မှာ ချဲ့ကားပြောဆိုခြင်းမဟုတ်ပေ။ ကျိုးချင် က သူ့မိန်းမကို အရမ်းချစ်၏။ သူ့မိန်းမ ဆုံးပါးသွားပြီးနောက် အိမ်ထောင်ထပ် မပြုတော့ပေ။ သူ့ကလေးနှစ်ယောက်ကို မိထွေးက ဆိုးဆိုးရွားရွား ဆက်ဆံတာကို သူ မမြင်ချင်သောကြောင့်ပင်။
သူအိမ်ပြန်ရောက်တာနဲ့ ကျိုးရှုဆိုဖာပေါ် ပစ်လှဲလိုက်၏။ မည်သို့ပင်ဆိုစေကာမူ သူကိုယ်တိုင်က ဤကဲ့သို့ပင်။ သူအိမ်၌ ရှိသောကြောင့် သူသည် ပို၍ စိတ်နှစ်နိုင်သည်၊ ထို့ကြောင့် ကျိုးရှု၏ သရုပ်ဆောင်မှု ပို၍ အသက်ဝင်နေခြင်းသာ။
ကျိုးရှု ဆုံးဖြတ်လိုက်သည်။ သူ့အဖေနဲ့ အဘိုးကို သူ ကောင်းကောင်းနားလည်ပြီးသား။ သူ့အစ်ကိုအတွက်ကတော့ ကျိုးရှုက ဘာမှလုပ်စရာ မလိုဘူးလို့ပင် ခံစားရသည်၊ အစ်ကိုလည်း သူ့ကို သိပ်ချစ်ပြီးသားပင်။
ကျိုးရှုသည် ဆိုဖာပေါ်တွင် ငါးနာရီထိုးသည်အထိ အနားယူလိုက်သည်။ ထို့နောက် မီးဖိုချောင်သို့ သွားကာ အိမ်ထမင်း အိမ်ဟင်းချက်လေသည်။ အဘိုး၊ အဖေ၊ အစ်ကိုတို့ အိမ်ပြန်ရောက်တော့ ငှားထားတဲ့ အဒေါ်ရဲ့ ဂုဏ်ယူဝင့်ကြွားတဲ့ အမူအရာကို မြင်တွေ့လိုက်ကြရ၏။
သံသယဝင်လာကာ အိမ်ထဲဝင်လိုက်ကြတော့ စားပွဲပေါ်ရှိ ဟင်းလျာများမှာ သူတို့ အကြိုက်များသာ။ အဒေါ်က သူတို့အတွက် အထူးလုပ်ထားတာလို့ ထင်လိုက်ကြပြီး စားဖို့ မစောင့်နိုင်တော့ချေ။ ကျိုးရှုသည် နောက်ဆုံး ဟင်းလျာကို သယ်လာသောအခါတွင် ဝမ်းသာအားရ စားသောက်နေသည်ကို မြင်လိုက်ရပြီး ချက်ချင်းပင် ဒေါသထွက်သွားသည်။
ဖောင်းနေသောပါးပြင်များ၊ နှုတ်ခမ်းစူစူများ၊ မျက်ခုံးများက မှေးစင်းနေသည်။ ကျိုးရှု ဒေါသတကြီး ပြောလိုက်၏ "ဘာလို့စားဖို့မစောင့်ကြတာလဲ။ ဒီဟင်းချက်ဖို့ ဘယ်လောက်တောင် ကြိုးစားခဲ့ရလဲ သိလား။ အဘိုး၊ အစပ်ပါးပါးပါတဲ့ ဝက်သားကြာဇံကြော်ကို ကြိုက်တာသိလို့ ပန်းကန်ကြီးကြီး တစ်လုံးကို သေချာလုပ်ထားတာ။ အဖေ က ယာဂုနဲ့ အစ်ကို အကြိုက်ဆုံး ဆော်လမွန်ငါးခေါင်း စွပ်ပြုတ်။ ရလဒ်က တစ်ယောက်မှ စောင့်မနေ ကြဝူးး။ ဒါက အဖိုး၊ ဖေဖေ၊ အစ်ကိုတွေလုပ်သင့်တဲ့ လုပ်ရပ်တဲ့လား။ မစားတော့ဘူး သွားတော့မယ်။
အဲဒါနဲ့ ကျိုးရှုက နောက်ဆုံး ဘဲရင်အုံ ကြက်သွန်ပေါင်းကို ချလိုက်ပြီး လှည့်သွားလေ၏။
ထမင်းစားခန်းထဲက ကျန်တဲ့သုံးယောက်မှာ ကြက်သေသေနေလေသည်။ မာနကြီးတဲ့ နတ်ဆိုးလေး ကျိုး က သူတို့အတွက် စားပွဲကို အထူးပြုလုပ်ထားသည်တဲ့လေ။
စိတ်ကူးယဥ်ဆန်လှသည်။ ဒါပေမယ့် အခုက ဒီလောက် အဖိုးတန်တဲ့ အစားအစာကို စားရမယ့်အချိန်မဟုတ်သေးပေ။ “မြန်မြန်လိုက်ချော့ဟ”
အဘိုး ကျိုးကော့ က ကျိုးချင် ကို ရှေ့သို့ တွန်းလိုက်ပြီး ကျိုးချင် က သူ့သား ကျိုးယန် ကို တွန်းအားပေးလိုက်ကာ နောက်ဆုံးတွင် ကျိုးယန် တစ်ယောက် မဲပေါက်သွားလေတော့သည်။ သူ တံခါးခေါက်ပြီး "ရှောင်ရှု စိတ်မဆိုးပါနဲ့၊ အကိုတို့ မှားပါတယ်"
"ဟမ့်၊ စားပြီး သေလိုက်။ နောက်တစ်ခါ ထမင်းချက်ရင် ကိုယ့်ကိုယ်ကို ကျိုး လို့ နာမည် မပေးတော့ဘူး။
ကျိုးကော့ သည် ကျိုးချင် ကို စိုက်ကြည့်နေ၏။ မင်းအပြစ်။ မင်းအရင် ဝင်စားတာ။ ငါတို့ကြိုက်တဲ့ ဟင်းပွဲတွေ ဘယ်သူချက်ထားလဲ မတွေးလိုက်မိဘူး။ အဒေါ်က ငါတို့အိမ်မှာနေတာ ဆယ်နှစ်နီးပါးရှိပြီ။ သူ ဘယ်တုန်းက ဒါမျိုး ချက်ဖူးလို့လဲ မင်းက အရူးပဲ"
ကျိုးချင် မှာ ဘာမှမပြောနိုင်ပေ။ သူဘယ်လိုသိမှာလဲ။ အားး။ သူက တံခါးခေါက်ရုံသာတတ်နိုင်ပြီး "ရှောင်ရှု၊ အဖေမှားပါပြီ၊ သားအရင် ပြန်ရောက်လာပြီး အဖေတို့အတွက် ဟင်းချက်မယ်လို့ မမျှော်လင့်ထားလို့ပါ"
"စောင့်ဖို့ မတွေးထားဘူးမလား။ သား မလိမ္မာဘူးဆိုတာ သိပါတယ်၊ ဒါကြောင့် အဖေတို့အတွက် တစ်ခုခု လုပ်ပေးချင်လို့။ ဒါပေမယ့် ရလဒ်အနေနဲ့ အဖေတို့က ဒီလိုဆက်ဆံပြီး လုံးဝ အလေးအနက်မထားကြဘူး။
"ရှောင်ရှု မြေးလေး ထွက်လာတော့ အဘိုးတို့မှားသွားပါတယ်။ အနာဂတ်မှာ မင်းလုပ်ချင်တာ လုပ်နိုင်တယ်၊ သရုပ်ဆောင်ပိုင်းလည်း လုပ်ချင်လုပ်။”
"တကယ်လား?"
“တကယ်၊ တကယ်။ မြေးလေးအဖေက မြေးကိုထပ်ပြီး အတင်းအကျပ်ခိုင်းရင် အဘိုးက မင်းဘက်က ကူညီမှာပါလို့ ကတိပေးတယ်ကွာ။"
ကျိုးရှုက တံခါးနားမှာ ရှိနေပြီး နှုတ်ခမ်းထောင့်များက ပြုံးနေ၏။ သူ့ကို ချစ်တဲ့သူတွေအတွက် ဘယ်နည်းလမ်းက အကောင်းဆုံး အလုပ်လုပ်လဲဆိုတာ သူသေချာပေါက်သိလေသည်။ သူ့ကို ချစ်ပေမယ့် အချိုးမပြေတဲ့ ဆွေမျိုးသားချင်းတွေ အတွက်တော့ ခြေတစ်လှမ်းကို လှမ်းဖို့ ဘယ်လို အကြောင်းရှာမည်လဲ ဆိုသည်မှာ အလွယ်လေးပင်။ ၎င်းတို့ကို ဟန်ဆောင်လိုက်ရတာနှင့်ပတ်သက်၍ ကျိုးရှုတစ်ယောက် အဖြူရောင်မုသားလှလှလေး သုံးလိုက်ရ၏။ မကောင်းသည့်အရာတော့ မဟုတ်ပေ။
အင်တင်တင်ဖြင့် တံခါးဖွင့်ကာ ကျိုးရှုတစ်ယောက် ထိုသုံးယောက်ကို မာနကြီးစွာ ကြည့်လိုက်ပြီးနောက် သူတို့ကို လျစ်လျူရှုကာ ထမင်းစားခန်းဆီ သွားလိုက်သည်။ ကျန်သုံးယောက်က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ပြီး ကျိုးရှုကို ကြည့်ကာ နောက်ဆုံးတွင် ပြုံးလိုက်ကြတော့သည်။ သူတို့ကလေးလေးက စိတ်ကြီးပြီး ခေါင်းမာပေမယ့် တကယ်ချစ်ဖို့ကောင်းပေသည်။
မိသားစုလေးယောက်မှာ ပျော်ရွှင်နေခဲ့ကြသည်။ ကျိုးရှုက လာလျှောက်တဲ့ လူ ၁၀၀ ကျော်မှာ ဒါရိုက်တာက သူ့ကိုပဲ သဘောကျသွားတာ လို့ပြောလိုက်၏။ အဘိုးက သူ့ကိုချီးကျူးပြီး ကျိုးချင်က ဘာမှပြန်မပြောသေးပေမယ့် သူ့စိတ်ထဲ တုန်လှုပ်သွားခဲ့ပြီဆိုတာ သူ သိလိုက်ပြီးသားပင်။ ဒါက ပထမဆုံးနေ့ ပွဲက အခုမှ အစသာ။
သုံးရက်ကြာပြီးနောက် ကျိုးရှုတစ်ယောက် ဟန်ဇီခွေ၏ ရုံးခန်းသို့သွားခဲ့သည်။ ရုံးခန်းတံခါးဝတွင် ကျိုးရှုသည် ကျန်းဟန်ရှုး နှင့် ပြန်ဆုံသော်လည်း ယခုတစ်ကြိမ်တွင် ကျန်းဟန်ရှုး ၏နောက်တွင် ရုပ်ရှင်ဧကရီ စန်ယွဲ့ရှိသည်။
ကျိုးရှုသည် ကျန်းဟန်ရှုး ၏ ဇာတ်ရုပ်ကို ရထားကြောင်း စန်ယွဲ့ သိသောကြောင့် သူ့ကို မျက်နှာမလွှဲခဲ့ပေ။ ကျိုးရှုတစ်ယောက် စိတ်ထဲ လှောင်ရယ်နေမိသည်။ ဒါလား ဇာတ်လိုက်မင်းသမီး။ ကျီးအာသီးနဲ့ အတူတူပါပဲ။ မျက်နှာကသာ လှပေမယ့် စိတ်ဓာတ်ကတော့ အပုတ်အပွ။
ကျိုးရှုလည်း စန်ယွဲ့ကို လုံးဝ ဂရုမစိုက်ဘဲ သူမအား လေကဲ့သို့ သဘောထားထားသည်။ ကျန်းဟန်ရှုး ဇာတ်ရုပ်ကိုခိုးယူဖို့ သူမ လာကူညီခဲ့ရင်တောင် သူက ဂရုမစိုက်ပေ။ ဇာတ်ကားကောင်းတွေ အများကြီးရှိတာကြောင့် ကျိုးရှုက သူလိုချင်တဲ့ ဇာတ်ရုပ်ကို အချိန်မရွေးရွေးလိုက်ရုံပင်။ သို့သော် စန်ယွဲ့၏ ကျောထောက်နောက်ခံမှာ အလွန်အားကောင်းသည်ဟု ဆိုနိုင်သောကြောင့် သူမ ကျန်းဟန်ရှုး အဖွဲ့ထဲသို့ ၀င်ဖို့လုပ်နေတာ ဖြစ်နိုင်လေသည်။
ရုံးခန်းထဲဝင်သွားတော့ ကျိုးရှုဟာ “အောင်နိုင်ရေးလျှို့ဝှက်ချက်ဖြစ်သော ဇာတ်ကောင်” ကို တွေ့လိုက်ရ၏။ အနက်ရောင်ဘောင်းဘီရှည် ရိုးရိုးနှင့် ပန်းရောင်အစင်းအင်္ကျီတစ်ထည်ကို ၀တ်ဆင်ထားပြီး စားပွဲပေါ်တွင် ပေါ့ပေါ့ပါးပါး မတ်တတ်ရပ်ကာ အပေါ်ကြယ်သီးနှစ်လုံးကို ဖြုတ်ထားသည်။ မျက်နှာသွင်ပြင်မှာ ပြီးပြည့်စုံအောင် သန့်စင်နေတဲ့အပြင် သန့်ရှင်းသပ်ရပ်ပြီး ကျော့မော့နေတဲ့ ဆံကေသာတွေကြောင့် သူတို့ရှေ့က လူကို မြင်သာအောင် ပြနေသလို၊ အထက်တန်းလွှာမှ လူတွေမှာ တွေ့ရတတ်သော ပုံစံမျိုးပင်။
ဤပင်ကိုစိတ်ထားနှင့် ဟန်ဇီခွေသည် အမှန်တကယ်ပင် ဘာမှမထူးခြားဘဲ ရက်စက် စိမ်းကားတတ်သော နှလုံးသားတစ်စုံရှိလေသည်။ သူသည် လူတိုင်းအပေါ် နူးညံ့ပြီး ယဉ်ကျေးသိမ်မွေ့သော်လည်း ၎င်းမှာ ထိုလူများကို သူ့မျက်လုံးထဲတွင်ပင် လုံးဝမရှိပေ။ ဤသည်မှာ နိုင်ကွက်တစ်မျိုးသာ။
ကျိုးရှု မသိလိုက်သည်မှာ ဟန်ဇီခွေတစ်ယောက် သူ့ကို မြင်လိုက်တာနဲ့ ရှော့ရသွား၏။ သူ၏ ပိန်ပိန်ပါးပါး၊ ရိုင်းစိုင်းသော အမူအရာနှင့် မက်မွန်ပွင့်မျက်လုံး ကျဥ်းကျဥ်းများက ဟန်ဇီခွေအတွက် စွဲမက်စရာ။ ဟန်ဇီခွေတစ်စုံတစ်ယောက်ကို မြင်မြင်ချင်း ချစ်မိသွားတာ ဒါ ပထမဆုံးအကြိမ်ပင်။
တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်သောအခါ မီးပွါးလေးများ ဖြာထွက်လာပြီး နားထဲတွင် နားစည်ကို ဖောက်ထွက်တော့မလား ထင်ရတဲ့ ကျယ်လောင်တဲ့ အသံတစ်ခုနှင့် တစ်ယောက်၏ကမ္ဘာတစ်ဖက် ကို နောက်တစ်ယောက်က ဖွင့်လိုက်မိသလိုမျိုး ဖြစ်သွားကြ၏။
ကျိုးရှုက ခေါင်းငုံ့ကာ ပြုံးလိုက်သည်။ ဒီတစ်ခါတော့ တကယ်စိတ်ဝင်စားဖို့ကောင်း၏။ သူသည် ဤ “အောင်နိုင်ရေး ဇာတ်ကောင်” ကို စွဲဆောင်သွားမိပုံရသည်။