Ch 15 (Arc 2)
Viewers 2k

Chapter 15 ( Arc 2) 


သူသေဆုံးပြီးနောက် ကျိုးရှု သည် ကျယ်ပြောလှသော အာကာသထဲသို့ တစ်ဖန် ပြန်ရောက်လာခဲ့သည်။ ရုတ်တရက် အရိပ်လေးတစ်ခုက အာကာသထဲကို ဖြတ်သွား၏။ ကျိုးရှု က အရိပ်လေးနောက်ကို လိုက်ချင်သော်လည်း ထိုအရိပ်၏ ခြေရာကိုပင် မတွေ့နိုင်ခဲ့ပေ။ 


နိုအာကြယ် ၏ နေရာတစ်ခုတွင် နိုအာ၏ အဆင့်အမြင့်ဆုံး ရေတပ်ဗိုလ်ချုပ်ကြီးသည် ရက်ပေါင်းတစ်ရာကျော် အိပ်ရာပေါ်တွင် လဲလျောင်းနေခဲ့သည်။ ဖြူဖပ်ဖြူရော်မျက်နှာမှာ ရုတ်တရက် အနည်းငယ် သွေးရောင်လွှမ်းလာပုံပေါ်သည်။ သူ၏ မျက်ခွံတွေ လှုပ်ရှားသွားပေမယ့် အဆုံးမှာတော့ သူ မနိုးလာခဲ့ချေ။


ကျိုးရှု သူ့မျက်လုံးတွေကို ဖြည်းဖြည်းဖွင့်လိုက်တော့ သူ့ရှေ့က ပျက်စီးနေတဲ့ ရှုခင်းကြောင့် လန့်သွားရသည်။ သူ့လက်ချောင်းလေးတွေက နာကျင်ကိုက်ခဲမှု သေးသေးလေး တစ်ခု ခံစားရပြီး သူ့စိတ်အာရုံများ စုစည်း ရောက်ရှိလာကြသည်။


စနစ်က ဒေတာများကို ကျိုးရှု၏ ဦးနှောက်သို့ ပေးပို့လိုက်သည်။ အချက်အလက်များကို ဖတ်ရှုပြီးနောက် ကျိုးရှုသည် စကားတစ်ခွန်းမှ မပြောဘဲ မတ်မတ်ထိုင်လိုက်၏။ ဒီဗီလိန်သည် သူ၏ ဘဝများတွင် ပျင်းစရာအကောင်းဆုံး ဗီလိန်ပင်။


ဤသည်မှာ ကမ္ဘာ ပျက်ကပ် တစ်ခု ဖြစ်သည်။ ကျိုးရှုသည် ဝမ်ရင်း ၏ ရည်းစားဟောင်းဖြစ်ပြီး သူတို့နှစ်ယောက်မှာ ပျက်ကပ်မဖြစ်ခင်က လမ်းခွဲခဲ့ကြသည်။ သို့သော် ငမိုက်သား ကျိုးရှု သည် ဝမ်ရင်းကို နှစ်သက်နေဆဲဖြစ်ပြီး သူမကို တစ်ချိန်လုံး ကပ်တွယ်နေဆဲဖြစ်သည်။


သို့သော်လည်း ဝမ်ရင်းမှာ ဤလောက၏ အဓိက အမျိုးသမီး ဇာတ်လိုက် မဟုတ်ပေ။ ဤကမ္ဘာ၏ အဓိက ဇာတ်လိုက်၊ သူရဲကောင်းမှာ သူမ၏ဝမ်းကွဲ ထန်ဝမ်ရှင်း ဖြစ်သည်။ ဝမ်ရင်း သည် ကလေးဘဝကတည်းက ထန်ဝမ်ရှင်း ကို မနာလိုဖြစ်ပြီး အရာရာတိုင်းတွင် သူမအား ပြိုင်ဆိုင်ခဲ့သည်။ ကမ္ဘာပျက်ကပ်စတင်ပြီးနောက် သူမသည် ထန်ဝမ်ရှင်း ကို အစာငတ်သေစေရန် အိမ်ထဲတွင် သော့ခတ်ထားခဲ့သည်။


သို့သော်လည်း ထန်ဝမ်ရှင်း သည် အမျိုးသားဇာတ်လိုက် တင်းကျောင်းယွီ မှ မထင်မှတ်ပဲ ကယ်တင်ခံခဲ့ပြီး ဇွန်ဘီများ လွှမ်းမိုးနေသောမြို့မှ သူမကို ခေါ်ဆောင်သွားကာ ကယ်တင်ခံခဲ့ရလေသည်။ ရက်သတ္တပတ် အနည်းငယ်ကြာသောအခါ  ရန်သူများဖြစ်ကြသော ဝမ်ရင်း နှင့် ထန်ဝမ်ရှင်း တို့သည် ပြန်လည်တွေ့ဆုံကြပြီး ဝမ်ရင်း လုပ်ရပ်ကိုသိသွားသော အမျိုးသားဇာတ်လိုက်မှာ အလွန်ဒေါသထွက်သွား၏။

 

ထို့ကြောင့်၊ ဇွန်ဘီများနှင့် တိုက်ခိုက်နေချိန်တွင် ဝမ်ရင်း က ထန်ဝမ်ရှင်း ကို ပြုလုပ်ခဲ့သည့်ပုံအတိုင်း ဝမ်ရင်း နှင့် ကျိုးရှု တို့အား ဂိုဒေါင်ထဲတွင် ပိတ်ထားပြီး ပြန်လက်စားချေခဲ့သည်။ သို့သော် ယခုတစ်ကြိမ်တွင် ဝမ်ရင်းမှာ ထန်ဝမ်ရှင်းကဲ့သို့ ကံမကောင်းခဲ့ပေ။ အဆုံးမှာတော့ ဝမ်ရင်း နဲ့ ကျိုးရှု တို့ ဇွန်ဘီများ၏ အကိုက်ခံခဲ့ရလေတော့သည်။


ထို့နောက်မှာတော့ အမျိုးသမီး ဇာတ်လိုက်နဲ့ အမျိုးသား ဇာတ်လိုက်တို့ဟာ အခြေစိုက်စခန်းကိုသွားပြီး ဇွန်ဘီတွေကို အနိုင်ယူကာ ရိက္ခာတွေကို ရယူခဲ့လေသည်။ 


ဇာတ်လိုက် တင်းကျောင်းယွီ သည် အာလူးအမြောက်အမြားရရှိကာ အခြေစိုက်စခန်းတွင် အာလူးစိုက်ပျိုးမှုကို မြှင့်တင်၍ အစားအသောက်နှင့် အဝတ်အစားပြဿနာကို ဖြေရှင်းပေးကာ နောက်ဆုံးတွင်  အမျိုးသမီး ဇာတ်ဆောင်သည် သက်တောင့်သက်သာရှိသော ဘဝကို ရရှိခဲ့ပြီး အမျိုးသားဇာတ်လိုက်သည် ထိပ်တန်းခေါင်းဆောင်ဖြစ်လာခဲ့သည်။ 


အမျိုးသားဇာတ်လိုက်သည် အခြေစိုက်စခန်းတွင် သူ့ရပ်တည်မှုကို တစ်ဖြည်းဖြည်းချဲ့ထွင်ကာ ကမ္ဘာပျက်ကပ်တွင် အထွဋ်အထိပ်သို့ ရောက်ရှိခဲ့ ပြီး အခြေစိုက်စခန်း ခေါင်းဆောင် တစ်ယောက်ဖြစ်လာခဲ့၏။ 


စားနပ်ရိက္ခာ အာလူးများ ဘယ်လိုရလာသလဲကို ဘယ်သူမှ ဂရုမစိုက်ချေ၊ ဘာကြောင့်လဲဆိုတော့ သူက လူတိုင်းကို ကယ်တင်ခဲ့သည်။ သို့သော် အာလူး၏ လျှို့ဝှက်ချက်ကို ကျိုးရှု၏ ဖခင်မှ တင်းကျောင်းယွီကို ပြောပြခဲ့တာဖြစ်ပြီး၊ သူ (ကျိုးရှု၏ အဖေ)သည် ဇွန်ဘီကိုက်ခံထားရကြောင်းလည်း တင်းကျောင်းယွီအား ပြောပြခဲ့သည်။ 


တင်းကျောင်းယွီ သည် အခြေစိုက်စခန်း လုံခြုံရေးအတွက် ဝမ်းနည်းစွာဖြင့် ခါးသီးမှုကို ရင်ဝယ်ပိုက်ကာ  အခြေစိုက်စခန်းသို့ ပြန်သည့်လမ်းတွင် ကျိုးရှု၏ ဖခင်ကို ပစ်သတ်ခဲ့သည်။ အချက်အလက်များကို ဖတ်ရှုပြီးနောက် ကျိုးရှုက လှောင်ပြောင်ရယ်မောလိုက်သည်။ 


မူရင်း ကျိုးရှု က တကယ်တော့ ငတုံးတစ်ယောက် ဖြစ်သည်။ သူသည် ဝမ်ရင်း ကို သဘောကျသောကြောင့် သူမအပေါ် အာရုံစူးစိုက်ထားခဲ့သည်။ ဝမ်ရင်း သည် ဇာတ်လိုက်မ ကို မုန်းတီးကြောင်း သိလိုက်ရသဖြင့် ဇာတ်လိုက်မ အား အနိုင်ကျင့်နေခဲ့သည်။ အရေးကြီးသောအချက်မှာ ဝမ်ရင်း သည် သူ့ကို ဘယ်တုန်းကမှ မကြိုက်ခဲ့ဘဲ လုံးလုံးလျားလျား အသုံးချနေခဲ့ခြင်း ဖြစ်သည်။


ကောင်းပြီ၊ အချက်အလက် အားလုံးကို ဖတ်ပြီးပြီ ဖြစ်သဖြင့် အခု ကျိုးရှုသည် ထောင်ချောက်များထံမှ ရုန်းထွက်ဖို့ သူ့အစွမ်းအစများကို ဘယ်လိုအသုံးချနိုင်မလဲဆိုတာ စဥ်းစားရတော့မည်။ ဟုတ်တယ်၊ သူပြန်မွေးဖွားတဲ့အချိန်က အရမ်းတိုက်ဆိုင်သည်။ သူနှင့် ဝမ်ရင်း ကို တင်းကျောင်းယွီ နှင့် ထန်ဝမ်ရှင်း တို့က ပစ်ပယ်လိုက်သောအချိန် ကွက်တိပင်။


ယခုအခါ သူတို့ကို ဂိုဒေါင်တစ်ခုတွင် ပိတ်လှောင်ထားသည်။ နာရီအနည်းငယ်အတွင်း ဇွန်ဘီများသည် ထိုနေရာကို တိုက်ခိုက်ပေလိမ့်မည်။ တင်းကျောင်းယွီ သည် သူထွက်သွားသောအခါ၌ တံခါးပေါ်တွင် သွေးများစွာကို သုတ်ထားခဲ့သည်။ ကျိုးရှု နှင့် ဝမ်ရင်းတို့ သတိလစ်နေချိန် ဂိုဒေါင်ထဲသို့ ပစ်ထားခဲ့ခြင်းဖြစ်သည်။


ကျိုးရှု မှာ သတိမေ့မြောနေသော ဝမ်ရင်း ကို အာရုံမစိုက်ချင်ပေ။ သူမကိုယ်တိုင်လည်း လူကောင်း တစ်ယောက်မဟုတ်ပေ။ ဂိုဒေါင်သည် အလွတ်ကြီးသာ ဖြစ်ပြီး ပုန်းခိုစရာနေရာမရှိပေ။ ဇွန်ဘီများက တံခါးကို ဖောက်ဝင်လာပါက သူတို့ သေမှာသေချာသည်။ ထို့ကြောင့် ဇွန်ဘီများ သွေးနံ့မရမီ လွတ်မြောက်ရန် လိုအပ်လေသည်။


ကျိုးရှု ခန္ဓာကိုယ်က ဤကမ္ဘာတွင် အရပ်ရှည်ပြီး သန်မာသည်။ အရင်ကမ္ဘာနဲ့ ယှဉ်ရင် ယခုကမ္ဘာတွင် ပိုမို ဖွံ့ထွားသည်။ ထို့ကြောင့် ဂိုဒေါင်ရဲ့ လေဝင်ပေါက်ပိုက်ကို ဖြုတ်ရန် မတွန့်ဆုတ်နေတော့ဘဲ ပြင်းပြင်းထန်ထန် ကန်လိုက်သည်။ ထို့နောက် လိမ်သွားသည့် ရေပိုက်ကို နောက်တစ်ဖက်မှ ထပ်ကန်လိုက်ပြန်၏။ ကျိုးပဲ့သံနှင့်အတူ ရေပိုက်သည် ဖြည်းဖြင်းချင်း ပြုတ်ကျသွားသည်။


ကျိုးရှု သည် ဂိုဒေါင်တံခါးဆီသို့ ပြန်သွားကာ ပြုတ်ထွက်သွားသော ရေပိုက်ဖြင့် တံခါးသော့ကို ရိုက်ချိုးတော့သည်။ တံခါးသော့သည် အလွန်ခိုင်သဖြင့် ကျိုးရှု သည် တံခါးကို ဖွင့်ဖို့ တစ်နာရီကြာအောင် ရိုက်ချိုးခဲ့ရသည်။ တစ်ချိန်တည်းမှာပင် ဝမ်ရင်း နိုးလာသည်။ နောက်ဆုံးတော့ တံခါးကို ဖွင့်လိုက်နိုင်ပြီး ကျိုးရှု က နိုးလာတဲ့ ဝမ်ရင်း ကို ကြည့်ကာ ညင်သာစွာ ပြောလိုက်၏။ 


“ ဝမ်ရင်း၊ ကိုယ့်နောက် လိုက်ခဲ့။”  


ယခုကမ္ဘာရှိ ကျိုးရှု ရဲ့ ဇာတ်ကောင်မှာ အလွန် ကြင်နာတတ်၏။ ဇာတ်လိုက်မ အပေါ် ရက်စက်ခဲ့သည်က ဝမ်ရင်းဆီမှ အမြင်ကောင်းချင်သောကြောင့်သာ ဖြစ်သည်။ အခြားသူများအပေါ် တွင်မူ အလွန်နူးညံ့သိမ်မွေ့လေသည်။


ကျိုးရှု သည် မူလက သူ့ဇာတ်ကောင်စရိုက်ကို ပြောင်းချင်သော်လည်း ချက်ချင်းပြောင်းရန် အဆင်မပြေပေ။ ထို့ကြောင့် ဖြည်းဖြည်းချင်း ပြောင်းလဲရန် ဆုံးဖြတ်ထားသည်။ ဝမ်ရင်း ကို နောင်တရစေပြီး တင်းကျောင်းယွီ ကျရှုံးစေရမည်။ ဒါမှသာ သူ သေခြင်းဝေဒနာကို ဘယ်တော့မှ ထပ်မခံစားရမည်သာ။ 


တင်းကျောင်းယွီ ရဲ့ သတ်ခြင်းခံခဲ့ရသည့် သူ့အဖေအကြောင်း စဉ်းစားရင်း ကျိုးရှု က အေးစက်စက် နှာမှုတ်သံကို ထုတ်လွှတ်လိုက်၏။ သူ့အဖေ ဇွန်ဘီ အကိုက်ခံရတာကို သူ မယုံချေ။ 


တင်းကျောင်းယွီ ၏ "မျက်လုံးအတွက် မျက်လုံးတစ်လုံး" ပြန်ယူတတ်သော စိတ်ဓာတ်မှာ သူသည် ရက်စက်သော လူတစ်ဦး ဖြစ်ကြောင်း ပြသနေပြီး ၎င်း၏ အန္တရယ်များသော သဘာဝမှာ မသိသာရုံသာဖြစ်သည်။ ယခု ကျိုးရှု တစ်ယောက် ဘယ်သူက ဘယ်သူ့ကို နိုင်စားမလဲ သိချင်နေလေပြီ။


ကျိုးရှု သည် အဓိက ဇာတ်လိုက် မဟုတ်သော်လည်း သူ့အသွင်အပြင်မှာ မဆိုးလှပေ။ ဤဘဝ၌ သူသည် ယောက်ျားပီသ၏။ 


သူ့ရဲ့ ပင်ကိုယ်စရိုက်က သိပ်မထင်ရှားပေမယ့် သူ့ခေါင်းက ပြားပြီး နဖူးက ကျယ်သည်။ သူ့မျက်ခုံးတွေက ထူထဲပြီး သူ့မျက်လုံးတွေက ကြီးမားကာ ထင်ထင်ရှားရှား နီညိုရောင်ပေါ်၏။ သူ့တွင် ကြည်လင်ဖြောင့်စင်းသော နှာတံ၊ နှုတ်ခမ်း ခပ်ထူထူများ ရှိပြီး သူ့မျက်နှာပေါ်ရှိ အရေးကြောင်းများက တင်းမာနေသည်။ 


ခြုံငုံကြည့်လျှင် ခက်ထန်တဲ့လူတစ်ယောက်နှင့် တူသည်။ သို့ပေမယ့် ကျိုးရှု ပြုံးလိုက်တဲ့အခါ သူ့မျက်နှာက ချက်ချင်း ပျော့ပြောင်းလာပြီး နွေဦးတွင် ရွာသွန်းသော မိုးပြေးလေးနှင့် ဝှေ့လာသော လေပြေညှင်းလေး ကဲ့သို့ပင်။ သူသည် ဝမ်ရင်းကို အလွန်တရာ ဂရုစိုက်ကြင်နာပြခဲ့သော်လည်း သူမကတော့ သူ့ကို သဘောမကျခဲ့ချေ။


ပထမတော့ ဝမ်ရင်း က ကျိုးရှုကို သူ့ရဲ့ ထူးခြားတဲ့ မိသားစုနောက်ခံကြောင့် လက်ခံခဲ့၏။ နောက်ပိုင်းတွင် ကျိုးရှု၏ မိခင်သည် ဖျားနာ၍ သေဆုံးခဲ့ပြီး ကျိုး ကုမ္ပဏီ ပြိုလဲသွားခဲ့သည်။ ဝမ်ရင်းက အချစ်အကြောင်းသာ သိသည့် အသုံးမကျသော ဒုတိယမျိုးဆက် သူဌေးသား ကျိုးရှုအား ကမ္ဘာပျက်ကပ် မတိုင်မီတွင် စွန့်ပစ်ခဲ့သည်။ ကမ္ဘာပျက်ကပ်အစတွင် ကျိုးရှု၏ ဖခင်သည် အခြားမြို့တွင်ရှိကာ သားအဖ နှစ်ဦး ကွဲကွာသွားခဲ့သည်။ ယခုအချိန်သည် ရှင်ခြင်းနှင့် သေခြင်းကြား အခိုက်အတန့်ဖြစ်သည်။ 


ဝမ်ရင်းသည် သူမ၏ စွမ်းအားက ယခုမှ နိုးကြားခဲ့ပြီး စွမ်းအားမှာလည်း အဆင့်နိမ့်လေသည်။ ကျိုးရှု သည် မည်သည့် စွမ်းအားကိုမျှ မပြသသော်လည်း အနည်းဆုံး ဇွန်ဘီများကို တားဆီးရန် အသုံးချနေဆဲဟု ဝမ်ရင်း တွေးထားသည်။ ထို့ကြောင့် သူမသည် ကျိုးရှု၏ နောက်သို့ လိုက်ကာ ထွက်ပြေးခဲ့သည်။


ကျိုးရှု ထွက်ပြေးပြေးချင်းမှာပင်  စိတ်ထဲတုန်လှုပ်သွားမိသည်။ အဘယ်ကြောင့်ဆိုသော် အဆင့်မြင့် ဇွန်ဘီများက သူနှင့် ဆယ်မီတာသာ ဝေးသည့်နေရာတွင် ရှိနေသည်။ ကျိုးရှု ထို ဇွန်ဘီများနှင့် ဆန့်ကျင်ဘက်သို့  အလျင်အမြန်ပြေးလိုက်သည်။ 


ယခင်က သူ့ကို ဗီလိန်အဖြစ် သရုပ်ဆောင်ဖို့ စနစ်က ထိန်းချုပ်ထားခဲ့၏။ အခု စနစ်ဆိုးကို ဖယ်ရှားပြီး ဖြစ်ကာ သူက ဘယ်လိုလုပ် သေနိုင်မှာလဲ။ တကယ့်ဟာသပဲ။


ဇွန်ဘီများ၏ အမြန်နှုန်းမှာ ကျိုးရှုတို့ ပြေးနှုန်းနှင့် တူညီသော်လည်း ဇွန်ဘီများသည် မမောပန်းနိုင်ချေ။ ကျိုးရှု နှင့် ဝမ်ရင်း တို့သည် ဆက်လက် မပြေးနိုင်တော့သောကြောင့် ကျိုးရှု ဇွန်ဘီအုပ်စုမှ လုံးဝလွတ်မြောက်ရန် နည်းလမ်းရှာရလေတော့သည်။


စွန့်ပစ်ထားသော ဂိုဒေါင်၏ အပြင်ဘက်တွင် ကျယ်ပြောလှသော နေရာလွတ်တစ်ခုရှိ၏။ ကမ္ဘာပျက်ကပ်မဖြစ်မီက လယ်ယာမြေ ဖြစ်လောက်ပြီး ကျိုးရှု က ထိုနေရာကို ရှောင်ရှားမရပေ။ ဒါပေမယ့် လယ်ယာမြေဆိုလျှင် ရေဖျန်းစက် ဒါမှမဟုတ် အနည်းဆုံး ရေတွင်းတွေနဲ့ တခြားနေရာတွေ ရှိကောင်းရှိနိုင်မည်။ 


ပုန်းအောင်းစရာ တစ်ခုခု ရှာတွေ့ပြီး ပုန်းနိုင်ပါက အချိန်အတိုင်းအတာတစ်ခု ကြာပြီးနောက်၊ ဇွန်ဘီများသည် အခြားအရာများဖြင့် ဆွဲဆောင်ခံရကာ သူတို့လည်း ဇွန်ဘီ အလိုက်ခံရခြင်းမှ လွတ်မြောက်နိုင်သည်။


သို့သော် နာရီဝက်ကျော် ပြေးပြီးနောက် ကျိုးရှု သည် ဘာကိုမှ မတွေ့ရသေးကာ ဝမ်ရင်း ၏ ခံနိုင်ရည်အားမှာ ကုန်ဆုံးသွားလေပြီ ။ ကျိုးရှု ၏ ခန္ဓာကိုယ်သည် အနည်းငယ်ကြာကြာ ခံနိုင်ရည်ရှိသော်လည်း သူသည်လည်း ပိုကောင်းနေသည် မဟုတ်ပေ။ 


ဇွန်ဘီများမှာ အော်ဟစ်ကာ လိုက်နေကြဆဲဖြစ်သော်လည်း ကျိုးရှု နှင့် ဝမ်ရင်း တို့ ဆက်မပြေးနိုင်တော့ပဲ အမိခံရမည့် အခြေအနေဖြစ်နေပေပြီ။


ကျိုးရှု ပြေးနေစဉ် ရုတ်တရက် ခပ်ပြင်းပြင်း ဆွဲခံလိုက်ပြီးနောက် ဝမ်ရင်း၏ ဓားသည် သူ့ဆီသို့ ကျရောက်လာသည်။ ကမ္ဘာတစ်ရာကျော်မှ အတွေ့အကြုံများကြောင့် ကျိုးရှု သည် အန္တရယ်ကို အာရုံခံနိုင်စွမ်း အလွန် မြင့်မားပြီး ဝမ်ရင်း ၏ စိတ်ပြောင်းလဲသွားချိန်တွင် ကျိုးရှုသည် အခြေအနေကို ရိပ်မိနေပြီ ဖြစ်သောကြောင့် ချက်ချင်း ရှောင်နိုင်လိုက်သည်။ 


ဝမ်ရင်းသည် ကျိုးရှု ကိုကြည့်ကာ ထိတ်လန့်သွား၏။ ကျိုးရှု က ဝမ်ရင်း ကို မြေပြင်ပေါ်သို့ တွန်းချလိုက်သည် ။ ဝမ်ရင်း ၏ ထိုးချက်က အရေးကြီးသောနေရာများကို လွတ်သွားသော်လည်း ဓားသည် ကျိုးရှု၏ ပေါင်ကို ထိုးစိုက်သွားသေးသည်။ 


ချက်ချင်းပင် ကျိုးရှု ၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်နှက်သွား၏။ ဘုရားရေ၊ အရမ်းနာတယ်ဟ။ 


ဝမ်ရင်း က တုန်တုန်ယင်ယင် မတ်တပ်ထရပ်ပြီး နာကျင်မှုကြောင့် ဒူးတစ်ဖက် ဒူးထောက်နေသော ကျိုးရှု အား ပြောလိုက်သည်။ 

"ကျိုးရှု နင် ငါ့ကို မချစ်ဘူးလား။ ဒါဆို ငါ့အတွက် အသေခံလေ။ ငါ နင့်ကို အမှတ်ရနေမှာပါ။"


ချီးလိုဘဲ၊ ကျိုးရှု တစ်ယောက် ထပ်ပြီး သစ္စာဖောက်ခံရပြန်ပြီ ။ အရသာက ချဉ်လွန်းလို့ သူ့ကိုယ်သူ သတ်သေလိုက်ပြီး ပြန်သာမွေးဖွားလိုက်ချင်တော့သည်။ သနားစရာကောင်းသည့် ကြင်နာတတ်ခြင်း၏ အကျိုးပေ။ 


ဝမ်ရင်း သည် သူမ၏ နောက်ဆုံးဘဝတွင် လူကောင်းတစ်ယောက် မဟုတ်မှန်း သူသိသော်လည်း သူနှင့်အတူ ထွက်ပြေးရန် သူမကို ခေါ်ခဲ့သေးသည်။ အလွန် ရယ်စရာကောင်းပေသည်။ 


ဝမ်ရင်း ပြေးထွက်သွားပြီးနောက် ကျိုးရှု ၏ခြေထောက်မှာ ဒဏ်ရာရရှိသွားသောကြောင့် မလွတ်မြောက်နိုင်ပေ။ သူ၏ သွေးအနံ့မှာ ဇွန်ဘီများကို စွဲဆောင်နေတော့သည်။ 


နောက်ဆုံးတော့ သူ ထပ်၍ ထွက်မပြေးဖို့ ဆုံးဖြတ်လိုက်သည်။ ဇွန်ဘီများသည် ကျိုးရှု နှင့် ပိုမိုနီးကပ်လာပြီး သွေး၏ မွှေးကြိုင်သောအနံ့ကလည်း သူတို့ကို လှုံ့ဆော်ပေးနေလေသည်။ 


ကျိုးရှု သည် သူ့ကိုယ်ပေါ်ရှိ တစ်ခုတည်းသော ခုခံကာကွယ်ရေး လက်နက်ဖြစ်သော ဓားမြှောင်ကို ထုတ်ယူလိုက်သည်။ ထားလိုက်တော့ တိုက်ခိုက်တော့မယ်ဟု ကျိုးရှု က ဆုံးဖြတ်ချက်ချလိုက်၏။ 


အသက်မရှင်နိုင်လျှင် တစ်ကြိမ်ပဲ သေရလိမ့်မည်။ ဤသည်မှာ ကိစ္စ ကြီးကြီးမားမားတော့ မဟုတ်ပေ။ သူအသက်ရှင်နိုင်လျှင် လူတိုင်းထံမှ တောင်းယူရမည့် အကြွေးများ ရှိနေသေး၏။ 


ဇွန်ဘီ တစ်ဒါဇင်ကျော်နှင့် တိုက်ခိုက်ခဲ့ပြီးနောက် ကျိုးရှု က သူ့နောက်ကို လှမ်းကြည့်လိုက်သည်။ ကောင်းလိုက်တာ၊ ဒီလှိုင်းပြီးတော့ ဒီမှာ နောက်ထပ်လှိုင်းတစ်ခု ထပ်ပေါ်လာပြန်ပြီ။ 


သူတို့လည်း ဗိုက်ဆာနေမှာပေါ့၊ စားသောက်ဖို့ အသားရှာရတာ ခက်ခဲနေတာ ဒီဇွန်ဘီတွေ သူ့ကို အမိဖမ်းမှာ အသေအချာပဲ။ 


ခေါင်းကို အနည်းငယ်ငုံ့ထားရင်း ကျိုးရှု တစ်ယောက် နှာမှုတ်လိုက်သည်။ တစ်ကောင်ပြီး တစ်ကောင် သတ်ပစ်သည်။ သူ နှစ်ကောင်သတ်ပြီးနောက် နောက်တစ်ကောင် ထပ်ပေါ်လာပြန်သည်။


“ဇွပ်” ဟူ၍ ဓားစိုက်ဝင်သွားသော အသံထွက်လာသည်။ ကျိုးရှု မှာ သူ့ဓားမြှောင်ကို ဆွဲထုတ်ပြီး ဘုရားကျောင်းထဲမှာ နောက်ထပ် ဇွန်ဘီတစ်ကောင်ကို ဓားနဲ့ထိုးလိုက်၏။ 


ကျိုးရှု တိုက်ခိုက်နိုင်အား က မာစတာတစ်ဦး ဟု ဆိုနိုင်သော်လည်း သူ မည်မျှပင် သန်မာသည်ဖြစ်စေ အများနဲ့ တစ်ယောက် တိုက်ပွဲတွင် ရှုံးနိမ့်နိုင်လေသည်။ ပထမလှိုင်းက အကောင်များ အလောင်းပုံဖြစ်ပြီးနောက်၊ ဇွန်ဘီ နှစ်ဒါဇင်ကျော် ထပ်ရောက်လာပြန်လေသည်။ 


ကျိုးရှု မော့ကြည့်လိုက်ကာ နောက်ထပ် တတိယလှိုင်းလား။ အိုကေ၊ အဲ့ဆိုလည်း ကစားလိုက်ကြတာပေါ့။ ဘာပဲဖြစ်ဖြစ် အခုတောင် အများကြီး သတ်ထားပြီးပြီပဲ။


“ဟမ်…” ဇွန်ဘီ၏ တိုးလျသော အော်သံသည် နတ်ဆိုးများ၏ အသံကဲ့သို့ တောလယ်ပြင်တွင် ပဲ့တင်ထပ်သွားသည်။ ကျိုးရှု ဒဏ်ရာရသွားပြီး သူ့မှာ အင်အားသိပ်မကျန်တော့ချေ။ သူ့ကျောကို ဇွန်ဘီတစ်ကောင်က ကိုက်လိုက်ပြီး ထိုဒဏ်ရာက နီရဲကာ နာကျင်နေလေသည်။ 


အစားမခံရလျှင်တောင်မှ မကြာမီ သူ ဇွန်ဘီ ဖြစ်သွားနိုင်ပေသည်။ ဤကမ္ဘာရှိ သူ့ဘဝက အလွန် တိုတောင်းလွန်းသဖြင့် သူကိုယ်တိုင်ပင် အံ့သြသွားရသည်။


ဓားမြှောင်၏ အစွန်းများသည် တုံးနေပြီဖြစ်၍ ဇွန်ဘီများ၏ အလောင်းအသားအရည်ကိုပင် မဖြတ်နိုင်တော့ပေ။ ဇွန်ဘီတစ်ကောင်က ကျိုးရှု၏ လက်မောင်းကို ကိုက်လိုက်ရာ စူးစူးရဲရဲ နာကျင်လာရပြန်သည်။ ထို့နောက် သူ၏ မျက်လုံးများ၌ မျက်ရည်များ ပြည့်လျှံလာပြီး ကျဆင်းလာတော့သည်။ ကျိုးရှု တွေးလိုက်မိသည်မှာ လခွမ်း စောက်ရမ်းနာတယ်ဟူ၍ ဖြစ်သည်။


သူ့မျက်လုံးများ မှုန်ဝါးလာပြီး လည်ချောင်းမှာ ခြောက်သွေ့လာသည်နှင့်အမျှ သူ့ခန္ဓာကိုယ်က ပူလာတော့သည်။ ကျိုးရှု မြေပေါ် မပြုတ်ခင်မှာ သူ့နောက်က ဇွန်ဘီတွေကို တစ်စုံတစ်ယောက် သေနတ်ဖြင့် ပစ်သတ်နေတာကို ကြားလိုက်ရသည်။ သို့သော်လည်း ကျိုးရှု သည် ထိုလူကို ကြည့်ရန် အချိန်မရသေးပေ။


ဇွန်ဘီအားလုံးကို မိနစ်အနည်းငယ်အတွင်း ဖြေရှင်းနိုင်ခဲ့သည်။ အသစ်ရောက်ရှိလာသော ခေါင်းဆောင်သည် မြေပြင်ပေါ်က ကျိုးရှု ကို ကြည့်လိုက်သည်။ "သွား" 

"ဘော့စ်၊ သူ့ကို ဘာဆက်လုပ်မှာလဲ သူ ဇွန်ဘီကိုက်ခံထားရတယ်။ သူ့ကိုသတ်ချင်လား။"


ထိုလူက မြေပြင်ပေါ်တွင် သွေးစွန်းနေသော ကျိုးရှု ကို ကြည့်လိုက်ပြီး ခေါင်းယမ်းကာ ပြောလိုက်သည်။ 

“ငါဘယ်သူ့ကိုမှ မသတ်ဘူး။ သွားကြမယ်”


သူဆိုလိုသည်က ကျိုးရှု ဟာ အခုချိန်ထိ လူဖြစ်နေတုန်းဖြစ်၍ နောက်တစ်ခါတွေ့ချိန်၌ ဇွန်ဘီဖြစ်နေခဲ့လျှင် သူ့ကို အလွှတ်ပေးမည် မဟုတ်ချေ။ ကျိုးရှု သည် လဲကျသွားသော်လည်း သတိရှိနေသေးသည်။ သူသည် ထိုလူ၏ အလွန်အေးစက်သော အသံကို  ကြားရသော်လည်း ထိုသည်မှာ စိတ်မချမ်းမြေ့စရာမဖြစ်ဘဲ ပုံမှန်သာဖြစ်သည်။