Ch 16
Viewers 2k

Chapter 16


ကျိုးရှု နိုးလာသောချိန်၌ ညနက်နေပြီ ဖြစ်ပြီး နာကျင်မှုကလည်း ပျောက်ကွယ်သွားပုံရ၏။ သူ ဒဏ်ရာကို လက်နှင့်ထိလိုက်သည့်အခါ ဒဏ်ရာက လုံးဝမရှိဖူးသကဲ့သို့ ဖြစ်နေသည်။


ရုတ်တရက် ထထိုင်ရင်း ကျိုးရှု တစ်ယောက် အခြေအနေကို ထပ်မံ အတည်ပြုလိုက်၏။ သူ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေမှာ အလွန်ကောင်းမွန်နေပုံရပြီး သူ့တွင် စွမ်းအားနှစ်ခုရှိကြောင်း တွေ့ရှိခဲ့ရသည်။ တစ်မျိုးက ကုသခြင်းစွမ်းအား ဖြစ်ပြီး နောက်တစ်ခုက အစွမ်းထက်ပြီး ပုံမှန်မဟုတ်သော ရေစွမ်းအင်ပင်။


နှုတ်ခမ်းထောင့်များကို ကော့တက်သွားပြီး ကျိုးရှု ပြန်လဲလျောင်းနေလိုက်သည်။ ညကောင်းကင်သည် ကြယ်ရောင်များဖြင့် တောက်ပနေပြီး လခြမ်းသည် ချိတ်ကဲ့သို့ ပုံသဏ္ဍာန်ရှိကာ အင်းဆက်ပိုးမွှားများ ရံဖန်ရံခါ ဟစ်အော်နေကြသည်။ အကယ်၍ ကမ္ဘာပျက်ကပ် သာ မဟုတ်ပါက၊ ကျိုးရှု တစ်ယောက် အားလပ်ရက်အတွက် လယ်ကွင်းသို့ လာသည်ဟု ထင်မိလိမ့်မည်။ 


သန့်ရှင်းလတ်ဆတ်သော လေကို ရှူရှိုက်ခြင်းသည် အနားယူရန် အကောင်းဆုံးနည်းလမ်းပင်။ ဒါပေမယ့် ကျိုးရှု မှာ လှပတဲ့ ရှုခင်းတွေကို ခံစားပြီး သူ့ခန္ဓာကိုယ်ကို အပန်းဖြေဖို့ စိတ်မ၀င်စားသည်မှာ ဝမ်းနည်းစရာကောင်းသည်။ သူ့ထံတွင် လက်စားချေရန် ရန်ကြွေးများ ရှိနေသေးသည်။


မိုးကောင်းကင်၏ အရှေ့ဘက်၌ အလင်းရောင် ထွက်ပေါ်လာပြီး နေမင်းကြီးသည် ထွက်ခါစ ပြုနေလေပြီ။ မိုးကုပ်စက်ဝိုင်းက နီရဲနေပြီး လေပြည်ညှင်းက ပူနွေးလာ၏။ ကျိုးရှု မတ်တပ်ထရပ်လိုက်ပြီး လက်နှစ်ဖက်ကို ပျင်းရိစွာ ဆန့်တန်းကာ "ငါ သွားဖို့ အဆင်သင့်ဖြစ်ပြီဘဲ” လို့ သူ့ကိုယ်သူ ပြောလိုက်သည်။


ကျိုးရှု ၏ အစီအစဥ်သည် ကလဲ့စားချေရန် လမ်းကို ထုံးစံအတိုင်း လျှောက်ရန်သာဖြစ်သည်။ သူ့ဘဝရဲ့ ရည်ရွယ်ချက်က အရမ်းရိုးရှင်း၏။ ကလဲ့စားချေမည့်ပန်းတိုင် တစ်ခုပဲ ကျန်လေတော့သည်။ ကျိုးရှု အတွက်မူ အသေးငယ်ဆုံးသော  မကျေနပ်ချက် အတွက်ပင် လက်စားချေလိုသည်။ သူ့အတွက်ကတော့ သည်းခံခြင်းလို့ ခေါ်တဲ့ စိတ်နေစိတ်ထားဟာ လုံးဝ အဓိပ္ပါယ်မဲ့လေသည်။ 


မူလကမ္ဘာရဲ့ အခြေအနေကို တွေးရင်း ကျိုးရှု အရှေ့ဘက်ကို ထွက်လာခဲ့သည်။ ဤကမ္ဘာသည် မသေမျိုးတို့၏ ကမ္ဘာမဟုတ်သောကြောင့် သူ အသက်ဆက်ရှင်လိုပါက စားသောက်ရဦးမည်။ မနေ့ကတည်းက အစာမစားရသေးသဖြင့် အခု ဗိုက်ဆာလွန်းလို့ ကျောနဲ့ ရင်နဲ့ ကပ်နေလေပြီ။ 


ဤအချိန်တွင် ဆာလောင်မှုသည် ကျိုးရှု အတွက် အရေးတကြီး ပြဿနာဖြစ်လာသည်။ ကံကောင်းထောက်မစွာ၊ တစ်နာရီကျော်လောက် လမ်းလျှောက်ပြီးနောက် ကျိုးရှု တစ်ယောက် ရွာတစ်ရွာကို တွေ့သွားလေသည်။


ရွာက အလွန်တိတ်ဆိတ်နေပြီး ပတ်ဝန်းကျင်တွင် နေထိုင်သူ မရှိချေ ။ ပျက်စီးနေသော အိမ်တစ်အိမ်တွင် ဆန်အိတ်ငယ်တစ်အိတ်ကို သူတွေ့လိုက်သည်။ ကျိုးရှု ထမင်းချက်ပြီး အငမ်းမရစားလိုက်၏။ သူ့ကို စောင့်ကြည့်နေသူတစ်ယောက်မှ မရှိတာကြောင့် နူးညံ့သိမ်မွေ့တဲ့ ကျိုးရှု လို ဟန်ဆောင်ဖို့ မလိုအပ်ချေ။


တကယ်တော့ ကျိုးရှု ဟာ နူးညံ့သိမ်မွေ့သူတွေကို လွန်စွာမုန်းတီးခဲ့ပြီး နူးညံ့သိမ်မွေ့တဲ့ လူအများစုဟာ လူကောင်းတွေမဟုတ်ဘူးလို့ သူခံစားမိသောကြောင့်ပင်။ ကောင်းမွန်ခြင်း၏ နောက်တွင် ပြဿနာများ ပေါ်ပေါက်စေရန် သူတို့ ကြိုးပမ်းကြသည်။ ထိုသူတို့က ခေါင်းမှ ခြေဖျားအထိ ညှီစော်နံနေလေပြီး သူတို့ကို ဖော်ပြဖို့ စကားလုံးက စျေးပေါတယ် ဟူသော စကားတစ်လုံးသာရှိသည်။


ကျိုးရှု မှာ ထမင်းစားနေတုန်း၌ ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာသည်။ သူ့မျက်လုံးများက ချက်ချင်းပင် မှုန်မှိုင်းလာကာ သူသည် အသံထွက်လာသည့်နေရာကို ကြည့်ပြီး ရေဓားဖြင့် တိုက်ခိုက်ရန် အသင့်ပြင်ထားသည်။ သို့သော် ကျိုးရှု မတ်တပ်ရပ်ပြီးသော်လည်း လှုပ်ရှားမှုမရှိ၊ တိတ်ဆိတ်နေမှုသာရှိသည်။ 


ကျိုးရှု မှာ အန္တရာယ်အရိပ်အယောင်ကို မခံစားမိဘဲ တိတ်ဆိတ်နေသော်လည်း အခန်းထောင့်တွင် တစ်စုံတစ်ခု သို့မဟုတ် လူတစ်ဦးရှိနေမည်ကို သူသေချာစွာသိနေခဲ့သည်။


"ထွက်လာခဲ့" ကျိုးရှု  ဒေါသတကြီး အော်လိုက်သည်။


အော်သံကြားတော့ ညစ်ပတ်နေတဲ့ ခေါင်းသေးသေးလေးတစ်လုံး ဗီရိုနောက်ကွယ်မှ ဖြည်းညှင်းစွာ ထွက်ပေါ်လာ၏။ ထို့နောက် ညစ်ပတ်သော ခေါင်းလေးက ထိတ်လန့်သော အကြည့်ဖြင့် "ခင်ဗျား ကျွန်တော့် ကို စားမှာလား" ဟု မေးလိုက်သည်။


ကျိုးရှု "..."


ပထမတော့ ကျိုးရှု ရဲ့ အကြည့်ကြောင့် ကလေးက ထိတ်လန့်သွားပေမယ့် ကျိုးရှု က ရုတ်တရက် ညင်သာစွာ ပြုံးပြပြီးနောက် ကလေးက မကြောက်တော့ပေ။ ထွက်လာပြီးနောက် ကလေးက မျှော်ကြည့်ကာ ကျိုးရှုအား 

"အစ်ကို ခင်ဗျားက ရဲအရာရှိလား။ ကျွန်တော့်ကို ကယ်ဖို့ ဒီကိုရောက်လာလား"


ကျိုးရှု ထိုင်ချလိုက်ပြီး ကလေး၏ ဦးခေါင်းကို ပွတ်လိုက်သည်။ သူ့မျက်ခုံးတွေ ကွေးညွတ်နေပြီး သူ့အပြုံးက နွေဦးလေပြေလိုပင်။ 

"မဟုတ်ပါဘူး"


ကလေး၏ မျက်နှာမှာ ချက်ခြင်းရှုံ့မဲ့သွားပြီး ငိုတော့မည့်ဟန်ဖြင့် နှုတ်ခမ်းကို ကိုက်လိုက်သည်။ နူးညံ့သိမ်မွေ့စွာဖြင့် ကျိုးရှု က 

"အစ်ကို မင်းကို ခေါ်သွားပေးမယ်၊ ဘယ်လိုလဲ။"

"အိုကေလား??" 


ကလေးက ခေါင်းညိတ်ပြလိုက်၏။ ပိန်ပိန်ပါးပါး အသွင်အပြင်က သူသည် အချိန်အတော်ကြာ အစာကောင်းကောင်း မစားခဲ့ရကြောင်း ပြသနေသော်လည်း အနည်းဆုံးတော့ ဤပျက်ကပ်ကြီး၌ ဤအချိန်ထိ ရှင်သန်နေသည်မှာ ကံကောင်းသေးသည်။


ကျိုးရှု သည် သူတော်စင် မဟုတ်သော်လည်း သူသည် နတ်ဆိုးတစ်ယောက်တော့ မဟုတ်ချေ။ ခြောက်နှစ် သို့မဟုတ် ခုနစ်နှစ်ထက် မပိုသော ကလေးနှင့် တွေ့ရသောအခါတွင်မူ စွန့်ပစ်ရန် မည်သည့်အရာမှ မလုပ်ရက်ပေ။ ကျိုးရှု ဆိုလိုသည်မှ  ထိုကလေးကို သူမြင်ပြီးကတည်းက သူ့တွင် တာဝန်ယူရမည့် ဝတ္တရား ရှိပေသည်။


ကျိုးရှု က ယာဂုကို ပြင်ဆင်ပြီး ကလေးကို ပေးလိုက်ကာ ကလေးလေး မျက်နှာကို ဆေးပေးလိုက်၏။ ထိုမှသာ ကလေး၏ အသွင်အပြင်မှာ နှုတ်ခမ်းနီနီ၊ သွားဖြူဖြူနှင့် မိန်းကလေးဖြစ်ကြောင်း ပေါ်လွင်လာသည်။ ကလေးမလေးရဲ့ နာမည်မှာ ရှီရှီ ဖြစ်သည်။


သူမ၏ မိဘများသည် လယ်ကွင်းတွင် အလုပ်လုပ်၏ ၊ နောက်ပိုင်းမှာ ပျက်ကပ်စိုက်လာ၏။ သူမ၏အဖိုးသည် ကမ္ဘာပျက်ခြင်း၏ အစတွင် သေဆုံးသွားခဲ့သည်။ သူမမှာ မြေအောက်ခန်းထဲတွင်သာ တိတ်တဆိတ် နေထိုင်ခဲ့ရသည်။ ကံကောင်းထောက်မစွာ သူမအဖိုးက အဲဒီနေရာမှာ သိမ်းဆည်းထားတဲ့ ရိက္ခာတွေ ရှိနေတာကြောင့်သာ သူမ ထမင်းမငတ်ခဲ့ရခြင်းဖြစ်သည်။


ကျိုးရှု သည် ကလေးမလေး၏ မြေအောက်ခန်းသို့ လိုက်လာပြီး ဆန်နည်းနည်းနဲ့ ကန်စွန်းဥတွေပဲ ကျန်တော့တာကို သူတွေ့လိုက်ရ၏။ ကလေးကို မြေအောက်ခန်းထဲ ပြန်ပို့ပြီး ကျိုးရှု ကားကို အရင်ရှာဖို့ ဆုံးဖြတ်လိုက်သည်။


သူ ရှီရှီ ကို ချောင်းယန် အခြေစိုက်စခန်းသို့ ခြေလျင်မခေါ်နိုင်ပါ။ ရှီရှီ မှာ အရမ်းနာခံတတ်ကာ ခုနစ်နှစ် သမီးအရွယ်ဖြင့်ပင် သူမ များစွာသိတတ်နေပြီဖြစ်သည်။ ကျိုးရှု၏ အနောက်သို့ လိုက်ချင်လျှင် သူ့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်၍ မရချေ။


ရွာတစ်ဝိုက် လှည့်ပတ်၍ ဇွန်ဘီအချို့ကို သတ်ပြီးနောက် ကျိုးရှု သည် အခန်းတစ်ခန်းထဲတွင် လူတစ်စုနှင့် တွေ့ဆုံခဲ့သည်။ ကျိုးရှု သည် သူ့နှလုံးသားထဲတွင် လှောင်ပြောင်မိပြီး ဇာတ်လိုက်နှင့် ရင်ဆိုင်ရမည့် ကံကြမ္မာကို ရှောင်လွှဲ၍ မရဟု ခံစားလိုက်ရသည်။


အဖွဲ့သည် အမျိုးသားနှင့် အမျိုးသမီး ဇာတ်လိုက်များ ပေါင်းစည်းထားသော အဖွဲ့ဖြစ်သည်။ ကျိုးရှု ကိုတွေ့တော့ သူတို့ ထိတ်လန့်သွားပြီး ထန်ဝမ်ရှင်း ပါးစပ် အဟောင်းသား ဖြစ်သွားကာ တင်းကျောင်းယွီ က ပုံမှန်အတိုင်း အမြန်ပြန်ဖြစ်သွားပြီး 

" ကျိုးရှု၊ မင်း အဆင်ပြေလား။ အဲဒါအရမ်းကောင်းတယ်။ မင်းနဲ့ ဝမ်ရင်း တစ်ခုခု ဖြစ်နေပြီထင်နေတာ...” ဟုပြောလိုက်သည်။


"အိုး မဟုတ်တာ ငါအဆင်ပြေပါတယ်။" ကျိုးရှု က အနည်းငယ် ပြုံးလိုက်၏။ တခြားသူတွေရဲ့ မျက်နှာတွေ ပြောင်းတာကို ကြည့်ရတာ သူ သဘောကျ၏။ လှည့်ကြည့်လိုက်ပြီးနောက် ကျိုးရှု က ထန်ဝမ်ရှင်း ကို 

"တောင်းပန်ပါတယ် ထန်ဝမ်ရှင်း။ ဝမ်ရင်း ကို ကြိုက်တာကြောင့် မင်းအပေါ် မလုပ်သင့်တာတွေ လုပ်မိသွားတယ်။ အခုတော့ ဝမ်ရင်း က ငါ့ကို လုံးဝ မကြိုက်ဘူးဆိုတာ ငါသိလိုက်ပြီ။"


ထန်ဝမ်ရှင်း လည်း ထိတ်လန့်သွား၏။ ကျိုးရှု သည် လူတိုင်းအတွက် အလွန်ကောင်းသော်လည်း အထူးသဖြင့် သူမအပေါ် ရက်စက်လေသည်။ အခု အခြေနေက ဘာဖြစ်နေတာများလဲ။

“မဟုတ်ဘူး၊ အဆင်ပြေပါတယ်။”


"ဝမ်ရင်း နဲ့ ကျွန်တော် လွတ်မြောက်သွားတဲ့အခါမှာတော့ သူမ ငါ့ကို ဇွန်ဘီတွေ အုပ်စုကြားထဲကို ပစ်ချပြီး သူ့ဘာသာသူ ထွက်ပြေးခဲ့တယ်။ ငါတကယ်ပဲ... သူမကိုအရမ်းကြိုက်ခဲ့ပေမဲ့...” 


ကျိုးရှု သည် ဝမ်းနည်းကြေကွဲသော အမူအရာဖြင့် ဟန်ဆောင် ပန်ဆောင် ပြောလိုက်သည်။ တစ်ဖက်တွင် ထန်ဝမ်ရှင်း နှင့် တင်းကျောင်းယွီ က ဘာမှ မပြောနိုင်ပေ။ 


သူတို့သည် အံ့အားသင့်ရုံမျှသာ ထုတ်ဖော်ပြောဆိုပြီးနောက် ဝမ်ရင်း လုပ်ခဲ့သမျှကို ဆဲဆို ကြိမ်းမောင်းလေတော့သည်။ သူတို့ရဲ့ ပြစ်တင်ရှုတ်ချတာကို နားထောင်ရင်း ကျိုးရှု က ဒီစကားတွေအားလုံး သူတို့နဲ့ တန်တယ်လို့ တွေးလိုက်၏။ 


မူလ ကျိုးရှု နှင့် ဝမ်ရင်း မည်မျှဆိုးသည်ဖြစ်စေ မင်းတို့လည်း သူတို့ကို ချန်ထားခဲ့တာပဲလေ။


အခြား အမည်မသိလူအများအပြားကလည်း နားထောင်နေကြပြီး အခြေအနေမှန်ကို မသိခဲ့ကြချေ။ ကျိုးရှု ကလည်း တခြားဘာမှ ဆက်မရှင်းပြတော့ပေ။ 


ထို့ကြောင့် သူတို့ အားလုံး ထွက်သွားဖို့ အဆင်သင့်ဖြစ်နေချိန်တွင် ကျိုးရှု က သူနှင့်အတူ လူတစ်ဦးကို ခေါ်သွားချင်ကြောင်း ပြောလိုက်သည်။ ဒါပေမယ့် ကျိုးရှု က ခုနစ်နှစ်အရွယ် မိန်းကလေးကို ခေါ်လာသည်ကို တွေ့ သောအခါ အားလုံး တုံ့ဆိုင်းသွားကြသည်။ 


နောက်ဆုံးတွင် တင်းကျောင်းယွီ က "ကျိုးရှု ၊ ငါတို့က အဖွဲ့တစ်ဖွဲ့ဖြစ်နေပြီပဲ။ ဒါကို ငါသဘောမတူနိုင်ဘူး။ တခြားလူတိုင်းက တစ်ယောက်စီ အဖွဲ့ထဲ ခေါ်လာမယ်ဆိုရင် ဒီအဖွဲ့ဟာ ရှင်သန်နိုင်မှာ မဟုတ်ဘူး၊ ငါတို့မှာ စားစရာ အများကြီး မရှိဘူး။ ဒါကြောင့် မင်းသာ ငါတို့နဲ့အတူ လာခဲ့ရင် ငါတို့က မင်းကို ကြိုဆိုမယ်။ မင်း အဲကလေးမကို မင်းနဲ့အတူ ခေါ်သွားမယ်ဆိုရင် မင်းက ငါတို့အဖွဲ့တစ်ခုလုံးကို အန္တရာယ်တွေ ကျရောက်စေလိမ့်မယ်။"


ဟဟ... ဒီစကားက ယုတ္တိရှိပြီးပြည့်စုံလိုက်တာဟု ကျိုးရှု က တွေးလိုက်သည်။

“အဲဒါဆိုရင်တော့  အဲလိုပဲပေါ့။ မင်းစားစရာ တချို့ချန်ခဲ့ လိုက်။ ရှီရှီ ကို ငါနဲ့ခေါ်သွားလိုက်မယ်"


“မဟုတ်သေးဘူးလေ၊ ငါတို့ ဒီအစားအစာကို အတူတူ တွေ့ထားတာ။ ငါတို့ မင်းကို ဘယ်လို ပေးနိုင်မှာလဲ"


“ငါတို့ အတူတူတွေ့ခဲ့တယ် လို့ပြောတယ်နော်၊ ဒါ ငါ့ရဲ့ ကြိုးစားအားထုတ်မှုတွေလည်း ပါတယ်လေ။ အများကြီးမလိုပါဘူး၊ ငါ့ရဲ့ ရမယ့် ဝေစုဆို ရပြီ။” ကျိုးရှု က နွေးထွေးစွာ ပြုံးပြလိုက်လေ၏။


"ကျိုးရှု မင်းက အဖွဲ့ထဲက အဖွဲ့ဝင်တစ်ယောက်ဖြစ်ပေမယ့် မင်းမှာ အရည်အချင်းမရှိဘူး။ ငါနဲ့ အခြားအဖွဲ့ဝင်အချို့က အစာရှာတာ။ အခုလာစားဖို့ လာတောင်းနေတာ မသင့်တော်ဘူးမလား” တင်းကျောင်းယွီ သည် ရိုးသားသော မျက်နှာ ရှိကာ သူ့အပြောအဆိုနှင့် လေသံမှာ စစ်တပ် အရာရှိ အဖွဲ့ဝင်တစ်ဦး၏ ဟန်ကို ပေးစွမ်းလေသည်။


"ဒါပေမယ့် ငါက ကားကို ကြီးကြပ်ပေးတယ်၊ ချက်ပြုတ်ပေးတယ်၊ ပစ္စည်းတွေသယ်တယ်လေ"


“ဒါပေမယ့် အဲတာက အများကြီး အားထုတ်စရာမလိုဘူး ဟုတ်တယ်မလား? ကျိုးရှု ၊ မင်း ရှီရှီ ကို မင်းနဲ့အတူ ခေါ်သွားလိုက်၊ မင်းဆက်ပြောနေမယ်ဆိုရင် ငါတို့ သူငယ်ချင်းတောင် ဆက်လုပ်လို့ မရတော့ဘူး။”


ကျိုးရှု က အနည်းငယ် ခေါင်းညိတ်လိုက်သော်လည်း သူ့အကြောင်း စပြီး တွေးနေမိသည်။ သူသည် ကျိုးကြောင်းဆီလျော်မှု မရှိသည်ကို သိသော်လည်း တင်းကျောင်းယွီသည် ကျိုးကြောင်းဆီလျော်မှုရှိရန် မလိုအပ်ပေ။ မည်သို့ပင်ဆိုစေကာမူ သူက ငြင်းခုံရန် အလွန်ပျင်းသောကြောင့်၊ လုယူလိုက်ခြင်းက ပိုကောင်းလေသည်။


ကျိုးရှု က ပြုံးနေတုန်းပင်။ သူ့ရဲ့ နူးညံ့စွာ ပြုံးနေတဲ့ အမူအရာက ဘယ်တော့မှ မပြောင်းလဲချေ။ 

“ဒီလိုဆိုရင် သူငယ်ချင်း မဖြစ်ကြတာပေါ့”


ထို့နောက် ကျိုးရှု သည် ၎င်းတို့ဆီသို့ ရေဓားဖြင့် ပစ်ပေါက်လိုက်၏။ တင်းကျောင်းယွီ က ကျိုးရှု မှာ စွမ်းအားရှိဖို့ မမျှော်လင့်ထားတာကြောင့် သူ့ကို သတိမထားမိလိုက်ပေ။ ထို့ကြောင့် ကျိုးရှု ၏ ရေဓားသည် သူ့ဝမ်းဗိုက်ကို ထိမှန်သွားပြီး ပါးစပ်မှ သွေးတစ်လုပ် ထွက်လာသည်။


"နင်ဘာလုပ်နေတာလဲ" ထန်ဝမ်ရှင်း သည် တင်းကျောင်းယွီ ရှေ့တွင် ရပ်ကာ မေးလိုက်သည်။ 


"ဖြန်း” ခနဲမြည်အောင် ကျိုးရှု က ထန်ဝမ်ရှင်း မျက်နှာကို ပါးရိုက်လိုက်သည်။ သူ့အကြည့်တွေက အဆိပ်ခတ်ထားတဲ့ဓားလို ဆိုးသွမ်းနေ၏။ သူ့အကြည့်ကို ထန်ဝမ်ရှင်း အလွန် ကြောက်သွားသဖြင့် သူမ နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ သူမ ကာကွယ်နေသော တင်းကျောင်းယွီ ၏ ခြေကို မတော်တဆ နင်းမိသွားသည်။


မည်သို့ပင်ဆိုစေကာမူ ဇာတ်ကောင်သည် OOC ဖြစ်နေပြီဖြစ်သည်။ ကျိုးရှု မှာ သိမ်မွေ့ဟန်ဆောင်ရန် ပျင်းလွန်းလှသည်။ သူက အေးစက်စွာပင် "မင်းတို့နှစ်ယောက်က ဂိုဒေါင်ထဲမှာ ငါနဲ့ ဝမ်ရင်း ကိုသော့ခတ်ထားတယ် ဆိုတဲ့အချက်ကို ဖုံးကွယ်ထားနိုင်မယ် ထင်နေတာလား။ ငါမသေသေးလို့ မင်းတို့နှစ်ယောက် လုပ်ခဲ့တဲ့အရာတွေအတွက်  ပေးဆပ်ရလိမ့်မယ်" ဟုပြောလိုက်သည်။


ကျိုးရှု ကို တိုက်ခိုက်လိုသော အခြားလူနှစ်ယောက်မှာ ရပ်လိုက်ပြီး တင်းကျောင်းယွီ နှင့် ထန်ဝမ်ရှင်း ကို မယုံနိုင်လောက်အောင် ကြည့်နေကြလေသည်။ သံသယတွေ အမြစ်တွယ်နေသရွေ့တော့ ငြိမ်းချမ်းနေမှာ မဟုတ်ဘူးဆိုတာကို ကျိုးရှု သိနေတော့ သဘောထားကွဲလွဲမှုတွေ လှုံ့ဆော်ဖို့ ဘာမှ ထပ်လုပ်စရာ မလိုတော့ချေ။ အဖွဲ့က သူ့တို့ဘာသာ စတင် ကွဲနေလေပြီ။


“အခု ငါ့စားစရာ  ဝေစုကို ငါ ယူလိုက်မယ်။ အများကြီးမလိုချင်ဘူး။ ဒါက ယုတ္တိမရှိဘူးလား။ မင်း တိုက်ချင်ရင် ငါ မင်းကို အဆုံးထိ လိုက်တိုက်ခိုက်ပေးမယ်" 


ကျိုးရှု က ဘာကို ကြောက်ရမည်နည်း။ သူ့တွင် ကုသနိုင်သော စွမ်းအားရှိပြီး သူ၏ ရေစွမ်းရည်သည် အခြားသူများထက် သန့်စင်သောကြောင့် ၎င်းသည် အခြားသူများထက် မြင့်မားသောအဆင့်တွင် ရှိလေသည်။ သူသာကောင်းကောင်း လေ့ကျင့်ခဲ့မယ်ဆိုရင် အခြေစိုက်စခန်းမှာ အတော်ဆုံး တိုက်ခိုက်ရေးသမား ဖြစ်လာဖို့ အချိန်တစ်ခုပဲ လိုတော့၏။


ဒီတစ်ခါတော့ တင်းကျောင်းယွီ က ဘာမှပြန်မပြောချေ။ အခြားအဖွဲ့သား နှစ်ယောက်က ကျိုးရှု ကို အစားအသောက် ပေးလိုက်သည်။ ကျိုးရှု က သူတို့နှစ်ယောက်ကို အနည်းငယ် ပြုံးပြပြီး သူတို့ ပေးလာတဲ့ အစားအစာကို ယူလိုက်၏။ ကျိုးရှု ၏ အပြုံးကြောင့် ခဏတာ အံ့အားသင့်သွားကြလေသည်။ 


ထို့နောက် သူတို့ ပြန်ကြည့်သောအခါ တင်းကျောင်းယွီ ကို တွေ့လိုက်ကြပြီး တင်းကျောင်းယွီ သည် ကျိုးရှု စွပ်စွဲသည့်အတိုင်း အမှန်ပင် ပြုလုပ်ခဲ့ကြောင်း ပို၍ ယုံကြည်လာကြသည် ။ ရှီရှီကို ဦးဆောင်ရင်း ကျိုးရှု က လမ်းဘေးမှာ ဂတ်စ်နည်းနည်းပါတဲ့ ကားတစ်စီးကို တွေ့လိုက်၏။ 


“ပျက်နေပေမယ့် လမ်းလျှောက်တာထက် ပိုကောင်းပါတယ်လေ။”


"ဦးဦး၊ သမီး ဦးဦးကို ဒုက္ခပေးခဲ့တာလား။" ရှီရှီ တိုးတိုးလေးပြောလိုက်၏။ကျိုးရှု က သူ့ခေါင်းကို လှည့်လိုက်ပြီး ရှီရှီ ရဲ့ ခေါင်းကို ပွတ်သတ်လိုက်ကာ ညင်သာစွာ ပြုံးပြီး “ဟုတ်တယ် ဒါဖြင့် မင်းကြီးလာရင် ငါ့ကို ကောင်းကောင်းကျေးဇူးပြန်ဆပ်ရမယ်နော်” ဟု ဆိုလိုက်လေသည်။ ရှီရှီ စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်လိုက်၏။ 

ကျိုးရှု စိတ်ထဲတွင် မှတ်ဥာဏ်တစ်ခု ရုတ်တရက် ပေါ်လာသောကြောင့် ရုတ်တရက် အံ့အားသင့်သွားသည်။ အဲဒီတုန်းက သူက အရမ်းငယ်သေးလေသည်။ သူ့ဘေးအိမ်က အကိုကြီးကလည်း အစားအသောက်မျိုးစုံကို အမြဲပေးတတ်၏။ သူကလည်း ပြုံးပြီး အစ်ကိုကို ဘယ်လိုကျေးဇူးပြန်ဆပ်ရမလဲလို့ မေးတတ်သည်။ 


သူ့အစ်ကိုကြီး ပြန်ပြောသည်မှာ“ဒါပေါ့  ရှောင်ရှုလေး ကြီးလာရင်၊ ငါ့ကိုလက်ထပ်တာ ကောင်းလိမ့်မယ်" ဟု။ နောက်ပိုင်းတွင် ကျိုးရှု တစ်ယောက် အင်ပါယာအတွက် စစ်ရေးအကြံပေး ဖြစ်လာတော့မည့် အချိန်တွင် အစ်ကိုကြီးသည် အင်ပါယာ၏ ဗိုလ်ချုပ်ကြီး ဖြစ်နေလေပြီ။


ခေါင်းကိုယမ်းရင်း ကျိုးရှု သည် သူ့စိတ်ထဲရှိ အရာများကို ဝှေ့ယမ်းလိုက်သည်။ သူ ပြန်မသွားနိုင်တော့ချေ။ ဒီအခြေအနေမှာ သူ့ဘဝ ပိုကောင်းအောင် လုပ်ရလေမည်။


"အင်း သမီးကြီးလာရင် ဦးဦးကို တခြားသူတွေ အနိုင်ကျင့်ခွင့် မပြုဘူး" ရှီရှီ က လက်သီးသေးသေးလေးနဲ့ ကတိပေးလိုက်သည်။


ကျိုးရှု အစွမ်းအစကြောင့် တင်းကျောင်းယွီ နဲ့ ထန်ဝမ်ရှင်းတို့ နှလုံးသားတွေ မတည်မငြိမ် ဖြစ်သွားခဲ့ရသည်။ အကြောင်းမှာ ကျိုးရှု က လက်တုံ့ပြန်မလားဆိုတာ မသိနိုင်တာကြောင့်ပင်။ ကျိုးရှု ၏ စွမ်းအားသည် အလွန် သန့်စင်ကြောင်း သိသာထင်ရှားပြီး အနည်းငယ် လေ့ကျင့်ပြီးပါက သူတို့ကို ချေမှုန်းနိုင်လောက်သည်။


"အခု ငါတို့ ဘာလုပ်သင့်လဲ" ထန်ဝမ်ရှင်း တစ်ယောက် သူတို့အဖွဲ့ အနားယူနေချိန်မှာ မေးလိုက်၏။ 


တင်းကျောင်းယွီ သူမ၏ နဖူးကို ညင်သာစွာ နမ်းလိုက်ပြီး 

"စိတ်မပူပါနဲ့၊ သူက အခြေစိုက်စခန်းကို မရောက်နိုင်လောက်ဘူး။ သူ လုပ်ရင်တောင်မှ သူ့ကို ဖယ်ရှားဖို့ နည်းလမ်းရှာနိုင်တယ်"