Chapter 27 ( Arc 3)
ကျိုးရှုသည် ခပ်ဝါးဝါးပုံရိပ်ကို ကျယ်ပြောလှသည့် အာကာသထဲတွင် နောက်တစ်ခါ ထပ်မြင်လိုက်ရသည်။ နေရာတိုင်းတွင် ရှာဖွေကြည့်ခဲ့သော်လည်း ထိုအရာကို မြင်နေရသည်မှလွဲ၍ ကျိုးရှုတစ်ယောက် သဲလွန်စတစ်စွန်းတစ်စမှ ခြေရာမကောက်နိုင်ခဲ့ချေ။ နောက်ဆုံးမှာတော့ သူ လက်လျှော့လိုက်ရသည်။
နိုအာကြယ်ပေါ်ရှိ လူနာဆောင်တွင် အမြင့်ဆုံးအဆင့် ဗိုလ်မှူးကြီးသည် ကုတင်ပေါ်၌ လှဲလျောင်းနေ၏။ ကျိုးရှု၏ လက်ချောင်းလေးများမှာ ရုတ်တရက် လှုပ်ရှားသွားသော်လည်း မိနစ်အနည်းငယ်အကြာမှာပဲ ပြန်ပြုတ်ကျသွားခဲ့သည်။ သူ့ရဲ့ ချက်ချင်းတုန့်ပြန်နိုင်သည့် အသွင်အပြင်ကို ကြည့်ရုံနှင့် သူ အမှန်တကယ် ပြန်ကောင်းလာပြီဆိုတာ သိနိုင်သော်လည်း ပြန်ကောင်းတာ နှေးလွန်းသည်။
*
ကျိုးရှု နိုးလာတဲ့အခါမှာ ချည်သား လိုက်ကာစကြီးသည် သူ့မျက်စိနားတွင် တစ်ဖတ်ဖတ်လွင့်နေသည်ကို သိလိုက်ရပြီးနောက် သူ ရှေးခေတ်ကို အချိန်ကူးပြောင်းလာကြောင်း သိလိုက်ရသည်။
လက်ချောင်းများမှ တဆစ်ဆစ် ခံစားလိုက်ရပြီး ကျိုးရှုသည် စနစ် မှ ပေးပို့သော အချက်အလက်များကို လက်ခံရရှိခဲ့သည်။
ဤကမ္ဘာရှိ မူလ ကျိုးရှုမှာ စစ်သူကြီးကျိုး၏ တရားဝင် လက်ထပ်ထားသော ဇနီးသည်မှ မွေးသည့် ဒုတိယသားဖြစ်သည်။ မွေးခါစအချိန်တွင် ခန္ဓာကိုယ်က အားနည်းလှသဖြင့် ကလေးဘဝကတည်းက အလိုလိုက်ခံထားခဲ့ရ၏။ သူ့မှာ မကျန်းမာသည့် သွင်ပြင်လက္ခဏာမျိုး ရှိသော်လည်း ထိုဖျော့တော့တော့ပုံစံကပင် သူ၏ညှို့အားပြင်းမျက်ဝန်းများကို ပိုမို ပြည့်စုံစေသယောင်ရှိပြီး သူ့ကို ပို၍ လှည့်ဖြားတတ်သည့် ပုံပေါ်အောင် ကူညီထောက်ကန်ပေးသကဲ့သို့ ရှိနေသည်။
အဓိကအမျိုးသားဇာတ်ဆောင်မှာ ကိုယ်လုပ်တော်၏ သား ဖြစ်သည့် အတွက်ကြောင့် ကျိုးရှုမှာ တရားဝင်သားအဖြစ် စနစ်တကျဖန်တီးခြင်း ခံထားရသည့် ဗီလိန်ဖြစ်ပြီး ထိုဗီလိန်၏ အခန်းကဏ္ဍမှာ တရားမဝင်သားအတွက် အကျပ်ရိုက်သည့် အခြေအနေမျိုးဖြစ်အောင် ဖန်တီးလုပ်ဆောင်ပေးဖို့ပင်ဖြစ်၏။
စစ်သူကြီးကျိုး၏ ကိုယ်လုပ်တော်ကနေ မွေးတဲ့ သားနာမည်မှာ ကျိုးကျုံးဟန်ဖြစ်သည်။
ကိုယ်လုပ်တော်၏ နာမည်မှာ ယွမ်ချင်းဖြစ်ပြီး တစ်ချိန်တုန်းက ကျန်းနွင်တွင် ကျော်ကြားလှသည့် အထက်တန်းစား ပြည့်တန်ဆာတစ်ဦးဖြစ်သည်။ သူမသည် စစ်သူကြီးကျိုး ခရီးထွက်လာစဉ်က သူ၏ အလှများနှင့် မမေ့နိုင်အောင် လုပ်ယူပြီး ညှို့ယူဖမ်းစားခဲ့သည်။
လေးနှစ်ကြာပြီးနောက်တွင် ယွမ်ချင်းသည် စစ်သူကြီးကျိုး ဆီမှ ကိုယ်လုပ်တော်ရာထူးကို လက်ခံရရှိခဲ့၏။ သို့သော် တော်ဝင်မင်းဆရာ၏ မြေးမလေးဖြစ်သည့် ကျိုးရှု၏အမေ ဟယ်ရန်ဖေးကတော့ တစ်စုံတစ်ရာ ဖော်ပြချက်မျိုးမှ မပြခဲ့သည့်အပြင် ယွမ်ချင်းကို အစ်မတစ်ယောက်လိုပါ ဆက်ဆံပြုမူခဲ့သည်။
သို့ပေမဲ့ ဟယ်ရန်ဖေးလည်း ပျော့ပျော့လေးနဲ့ နံသည့် ကြောင်ချေး ဖြစ်သည်။ စစ်သူကြီး ကျိုး ရှိနေသည့်အချိန်မှာတော့ ကောင်းကောင်းမွန်မွန် ပြုမူဆက်ဆံ၏။ သို့ရာတွင် စစ်သူကြီးကျိုး မရှိချိန်မှာတော့ သူသာ အိမ်၏အာဏာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်သည်။
ယွမ်ချင်းသည် စိတ်ဒုက္ခများစွာ ခံစားခဲ့ရပြီး နောက်ဆုံး၌ စိတ်ပိုင်းဆိုင်ရာပါ မမာမကျန်းဖြစ်လာခဲ့၏။
ထုံးစံအတိုင်း ဤသည်မှာ တရားမ၀င် သားဖြစ်သူ၏ တန်ပြန်တိုက်ခိုက်ခြင်း ကမ္ဘာတစ်ခုဖြစ်သည်။ ထို့ကြောင့် ဗီလိန်များသည် စစ်သူကြီးကျိုး၏ တရားဝင်ဇနီးနှင့် သားဖြစ်သည်။
ကျိုးရှု၌ ကျိုးရန်ဟုခေါ်သော တစ်ခြားအစ်ကိုတစ်ယောက်လည်းရှိသည်။ ထိုအစ်ကိုက ကျိုးရှု၏ ပထမလောကမှ အစ်ကိုနဲ့ နာမည်တူပေမဲ့လည်း ဤကျိုးရန်မှာ ဆွံအနေခဲ့သည်။ သို့သော်ငြား ကျိုးရှုတစ်ယောက်ကတော့ သူ့အစ်ကိုကြီးကို သဘောကျမြဲဖြစ်ပြီး သူ အားသည့်အခါများ၌ ကျိုးရန်ကို သူနှင့်အတူကစားဖို့ ရှာလေ့ရှိ၏။ တစ်ခြားတစ်ဖက်မှာတော့ စစ်သူကြီးကျိူးမှာ ကျိုးရန် ဆွံ့အနေခြင်းအတွက် မနှစ်မြို့သည့်အပြင် အမွေဆက်ခံမည့် သူတစ်ယောက်အနေနှင့် ထိုသို့ဆွံ့အနေခြင်းက ကျက်သရေမင်္ဂလာမရှိဟု ခံစားနေခဲ့ရသည်။ ထို့ကြောင့် သာရေးနာရေးပွဲများ၌ ကျိုးရှုကိုသာ ပွဲထုတ်ခေါ်ဆောင်သွားခဲ့ပြီး သူ့အစ်ကိုကြီးကိုတော့ ဘယ်တုန်းကမှ ခေါ်ဆောင်သွားခြင်းမရှိပေ။
အခြားတစ်ဖက်၌လည်း ကျိုးကျုံးဟန်မှာ ငယ်ငယ်လေးကတည်းကပင် နည်းလမ်းမျိုးစုံနှင့် အနှိမ်ခံ ဖြစ်ခဲ့ရ၏။ ကြီးပြင်းလာချိန်မှသာ သူ့ကံကြမ္မာကို ပြောင်းလဲပေးနိုင်မည့် ချီလန်ဆိုသည့် မိန်းကလေးတစ်ယောက်နှင့် ဆုံခဲ့သည်။ သူမသည်လည်း အချိန်ကူးပြောင်းလာသူဖြစ်၍ ကိစ္စအများအပြားကို သိထားသည်မို့ သူမ၏အကူအညီနှင့်ပင် ကျိုးကျုံးဟန် သည် လူနေချုံကြား စိတ်နေဘုံဖျားနေလို့ ရနိုင်ကြောင်း နားလည်လာခဲ့သည်။
ကျိုးကျုံးဟန် နှင့် ချီလန်တို့နှစ်ယောက်ပေါင်းပြီး သူတို့အား အနိုင်ကျင့် နှိမ်ချခဲ့သော ကျိုးရှု၏ အမေနှင့် အစေခံကို လက်တုံ့ပြန်ခဲ့ကြ၏။ သူတို့နှစ်ယောက်သည် မိမိကိုယ်ကို ဒဏ်ရာရအောင် လုပ်၍ပင် ကျိုးကျုံးဟန် အမြဲတမ်း အနှိပ်စက်ခံနေပါကြောင်း စစ်သူကြီးကျိုး ယုံအောင် ပရိယာယ်တွေ ဆင်ခဲ့ကြသေးသည်။ နောက်ဆုံးမှာတော့ စစ်သူကြီးကျိုးသည် ဟယ်ရန်ဖေးကို ဒေါသထွက်ပြီး ကျိုးရှုကို နှင်ချခဲ့လေသည်။
ထို့ပြင် ကျိုးကျုံးဟန်နှင့် ချီလန်တို့မှာ လူဆိုးဂိုဏ်းဝင်တွေကို လွှတ်ကာ ကျိုးရှုအား ရန်စခိုင်းသည့်အတွက် ကျိုးရှုလည်း ထိုသူတွေထဲက တစ်ယောက်ကို သတ်ပစ်မိခဲ့၏။ ကျိူးကျုံးဟန်နှင့် ချီလန်တို့သည် ထိုအဖြစ်အပျက်ကို အကွက်ကောင်းယူကာ ရုံးတော်ကို သတင်းပို့ခဲ့သည်။ ထို့နောက် ကျိုးရှုမှာ အကျဉ်းချခံရပြီး ထောင်မှူးက မုဒိမ်းကျင့်ခဲ့သည့်အတွက် ထောင်မှူးကိုပါ သတ်လိုက်ခြင်းကြောင့် နောက်ဆုံးမှာ သေသည်အထိ အကျဉ်းသားအဖြစ်နှင့်ပင် နေသွားဖို့ဖြစ်လာခဲ့သည်။
ကျိုးရှု သေဆုံးသွားတော့မှသာ ကျိုးကျုံးဟန်၏ ဘဝက သာယာချောမွေ့သွား၏။
စစ်သူကြီးကျိုးက ကျိုးကျုံးဟန်မှာ ဘယ်တုန်းကမှ သူ့၏ မျှော်လင့်ချက်တွေကို မဖျက်ဆီးဖူးခဲ့သည့် သားဖြစ်၍ ပိုတိုး၍ တန်ဖိုးထားခဲ့သည်။ ဥပမာပြောရမည်ဆိုလျှင် ကျိုးကျုံးဟန်က နန်းတော်ရဲ့စာမေးပွဲကို ဖြေဆိုပြီး ထိပ်တန်းပညာရှင် ဖြစ်လာခဲ့သည်။ စစ်သူကြီး ကျိုးသည် မိသားစုအမွေအားလုံးကို ကျိုးကျုံးဟန်ကို ပေးအပ်ခဲ့ပြီး တရားဝင်ဖြစ်တဲ့ အကြီးဆုံးသား ဆွံ့အနေတဲ့ ကျိုးရန် အတွက်တော့ ဆံချည်မျှင်တစ်မျှင်စာတောင် မချန်ထားခဲ့ချေ။
ထီးနန်းလုတိုက်ခိုက်ကြစဉ် ကျိုးကျုံးဟန်က အိမ်ရှေ့မင်းသားကို ကယ်ခဲ့တာကြောင့် ဝန်ကြီးချုပ်အဖြစ် ရာထူး တိုးခဲ့၏။
ချီလန်ကတော့ မြို့ထဲမှာ အသားပြုတ်ဆိုင်၊ အထည်ဆိုင်တွေ ဖွင့်ပြီး စာရွက်ပြုလုပ်ခြင်း အနုပညာဆိုပြီးတောင် ဖန်တီးခဲ့သေးသည်။ မည်သည့်ကိစ္စမျိုးပင်ဖြစ်စေ သူမလည်လည်း ကူးပြောင်းလာတဲ့သူတစ်ယောက်အနေနဲ့ ရွှေလက်ချောင်းမှ အမြတ်ထုတ်ပြီး သူမ ဘဝတစ်လျှောက် ထူးခြားသော စွမ်းအင်များကို ပြသခဲ့လေသည်။
ကျိုးရှုက သူ့ရဲ့ပခုံးသူ ကိုင်ရင်း ဖြေးဖြေးချင်း ထလာခဲ့သည်။ အချက်အလက်တွေကို ဖတ်ပြီးနောက် ယခုအချိန်မှာ ဤလောကကို ကျင်ကျင်လည်လည် နားလည်လာပြီဖြစ်သည်။ ကျိုးကျုံးဟန်နှင့် သွားတွေ့ရန်အတွက် ကျိုးရှုတစ်ယောက် နတ်ဆိုးဆန်ဆန် ခပ်တွန့်တွန့်ပြုံးလိုက်မိသည်။
လက်ရှိမှာ ကျိုးရှု က ၁၅ နှစ်ပဲ ရှိသေးတာဖြစ်ပြီး ကျိုးကျုံးဟန် ကလည်း သူနှင့် အတူတူပင်။ သုံးလလောက် ပိုကြီးတာကြောင့် အမှန်တကယ်ဆိုပါက ကျိုးကျုံးဟန်မှာ ကျိုးရှု၏ အစ်ကိုကြီးဖြစ်သော်လည်း ကျိုးရှုကတော့ ဘယ်တော့မှ ဝန်ခံမည်မဟုတ်ပေ။
လိုက်ကာစကို ဆွဲလိုက်ပြီး ကျိုးရှု အစေခံတွေကို အော်ခေါ်လိုက်ရာ အစေခံနှစ်ယောက် ရောက်လာခဲ့သည်။
"သခင်လေး နိုးလာပြီလား"
ကျိုးရှု ခေါင်းငြိမ့်ပြလိုက်သည်။
"ငါ အပြင်ကို လမ်းလျှောက်ထွက်မှာမို့ အဆာပြေစားစရာတွေ ပြင်ထားလိုက်ဦး၊ ပြီးရင် အစ်ကိုကြီးကို ရှာဖို့ ငါ့နောက်လိုက်ခဲ့ကြ"
"ဟုတ်ကဲ့"
အစေခံနှစ်ယောက်ထဲက တစ်ယောက်ရဲ့နာမည်က ချွေရန် ဖြစ်ပြီး တစ်ခြားတစ်ယောက်မှာ ချွေရွယ် ဖြစ်သည်။ သူတို့သည် ၁၃ ၁၄ ဝန်းကျင်လောက်ပဲ ရှိကြသေးပြီး သူတို့နာမည်တွေကိုတော့ ဤလောကရဲ့ မူလ ကျိုးရှု က ပေးခဲ့တာပဲဖြစ်သည်။ သို့ပေမဲ့ သူတို့က ကူးပြောင်းလာတဲ့ ကျိုးရှုနဲ့လည်း အဆင်ပြေခဲ့ကြသည်။ မူလ သူက ချွေ ဆိုသည့်စကားလုံးကို ကြိုက်ပြီး အဲ့ဒီစာလုံးကို မြင်တိုင်း လန်းဆန်းလတ်ဆက်သည့် ခံစားချက်ကို ခံစားရ၍ဖြစ်သည်။
ထိုစကားလုံးကို လူသုံးများသော်လည်း လူတော်တော်များများကတော့ ထိုစကားလုံးရဲ့ အဓိပ္ပာယ်ကို မသိကြချေ။
ချွေရန်နှင့် ချွေရွယ်တို့သည် ဤလောက၏ လူမုန်းအများဆုံး အစေခံတွေဖြစ်ပြီး ကျိုးကျုံးဟန်အားလည်း အမြဲနှိမ်နေကြသူတွေပင်ဖြစ်သည်။ နောက်ဆုံးမှာတော့ ချွေရန်မှာ သေလုနီးပါး ရိုက်နှက်ခံခဲ့ရပြီး ချွေရွယ် ကတော့ ပြည့်တန်ဆာအိမ်သို့ ရောင်းစားခံလိုက်ရလေသည်။
သူသည် အရှက်နှင့် အသက်ကို လဲ၍ တိုင်နှင့် ခေါင်းဆောင့်ကာ ကိုယ့်ကိုယ်ကို သေကြောင်းကြံခဲ့၏။ ကံဆိုးစွာနှင့်ပင် ဆယ်ကျော်သက်အရွယ်လေးမှာ စောစီးစွာ ဆုံးပါးသွားခဲ့ကြသည်။
အမှန်တော့ အစေခံနှစ်ယောက်စလုံးမှာ ကြီးမားတဲ့ အပြစ်ကြီးကို ဘယ်တုန်းကမှ ကျူးလွန်ခဲ့ကြခြင်းမဟုတ်ပေ။ မူလ ကျိုးရှုမှာ ကျိုးကျုံးဟန်ကို မနှစ်ခြိုက်၍ ကျိုးရှုကို ခစားသည့်သူတွေအနေဖြင့် ကျိုးကျုံးဟန်ကို သဘောမကျခြင်းသာဖြစ်ပြီး ရံဖန်ရံခါမှသာလျှင် စိန်းစိန်းဝါးဝါးကြည့်ပြီး ဆဲရေးမိတာမျိုးလောက်သာ ရှိခဲ့သည်။ သို့ပေမဲ့ အဆုံးသတ်မှာတော့ သူတို့ဟာ သူတို့နဲ့ မထိုက်တန်တဲ့ စိတ်မချမ်းမြေ့စရာ ကံကြမ္မာနှင့်ပင် ကြုံဆုံခဲ့ကြရသည်။
သို့ပေမဲ့ ထိုကိစ္စများကို ကြိုးကိုင်သူက အဓိကဇာတ်ဆောင် ဖြစ်နေခဲ့၏။ ဘဝတစ်လျှောက်လုံး သူ့အား ကောင်းကောင်းမွန်မွန် မဆက်ဆံခဲ့သည့် လူမှန်သမျှကို ကျားမ မရွေးဘဲ ဆိုးဝါးတဲ့ အဆုံးသတ်များသာ ဖန်တီးပေးခဲ့သည်။ အမှန်ပင် ရယ်စရာကောင်းပေ၏။ ကျိုးကျုံးဟန်၏ ရက်စက်ကြမ်းကြုတ်မှုသည်လည်း ကျိုးရှုနဲ့ ယှဉ်ရင် အမှန်ပင် မနှိမ့်ကျပေ။
အစေခံနှစ်ယောက်မှာ ကျိုးရှုကို ငယ်ငယ်ကတည်းက ခစားလာသည့် လူများဖြစ်သည့်အတွက် ဘာတွေပြင်ဆင်ရမလဲဆိုတာကို သိထာပြီးသားဖြစ်၏။ တစ်ယောက်က ကျိုးရှု၏ မျက်နှာကို လက်ကိုင်ပုဝါတစ်ထည်နဲ့ သုတ်ပေးလိုက်ပြီး တစ်ခြားတစ်ယောက်ကတော့ နေ့လည်စာထမင်းဘူးအတွက် ပြင်ဆင်နေခဲ့သည်။
ကျိုးရှု၏ ယောက်ျားလေးအစေခံ အနည်းငယ်ဟာလည်း မိန်းကလေး အစေခံနှစ်ယောက်လိုပဲ တူညီတဲ့ ဝမ်းနည်းစရာ ကံကြမ္မာတွေကို ခံစားခဲ့ကြရ၏။ သူတို့ရဲ့ အကြီးမားဆုံးအပြစ်မှာ ကျိုးကျုံးဟန်ကို လဲကျအောင် တွန်းမိရုံလေးပင်ဖြစ်သည်။
ထိုအချိန်တွေက ကျိုးရှုမှာ စစ်သူကြီးကျိုးနှင့် ဟယ်ရန်ဖေးက အလိုလိုက်ထား၍ အိမ်၏ အာဏာရှင်လေးဖြစ်နေခဲ့သည့် အချိန်ပင်။ ထို့အပြင် သူ၏ကျန်းမာရေးဟာလည်း သိပ်အခြေအနေ မကောင်းလှသောကြောင့် သူ့ကို ဘယ်သူကမှ မဆန့်ကျင်ရဲကြပေ။ ထို့ကြောင့် မူလကျိုးရှုက အထက်စီးဆန်ခဲ့ပြီး သူ့ကိုယ်သူ အိမ်၏ ဒုတိယမျိုးဆက်သဖွယ် ပြုမူနေခဲ့တာပဲဖြစ်သည်။
ရန်သူများမှာ ကျဉ်းမြောင်းသည့် လမ်းကလေးထဲတွင် ဆုံကြ၏။ ကျိုးရှုက တံခါးမှ လှစ်ခနဲ ထွက်လိုက်ရုံလေးရှိသေးသည်။ မွေးထားတဲ့ငှက်ကို ကိုင်ရင်း သူ့ဆီကို တန်းတန်းမတ်မတ် လာနေသော ကျိုးကျုံးဟန် ကို တွေ့လိုက်ရသည်။
'အဟက် ဇာတ်လမ်းကတော့စလေပြီ'
ယခင်ကလည်း ကျိုးရှုက ဤအခန်းကို ကြုံဖူးပြီးသားဖြစ်၏။ ကျိုးကျုံးဟန်၏ ငှက်ကို ဆွဲလုပြီး ညှင်းပန်းနှိပ်စက်ကာ အစေခံတွေကို ထိုငှက်အား စွပ်ပြုတ်ထဲ ထည့်ပြီး အသီးအနှံများနှင့် ငှက်စတူးလုပ်ဖို့ အမိန့်ပေးခဲ့ဖူးသည်။ ကျိုးကျုံးဟန် က ဒီကိစ္စအပေါ် အငြှိုးထားပြီး ကျိုးရှု သေသွားသောအခါ သူ့အလောင်းကောင်ကို ငှက်ကျွေးပစ်ခဲ့၏။
ကျိုးရှုတစ်ယောက်ကတော့ ရယ်ရုံပဲ ရယ်နေခဲ့သည်။ ဗီလိန်လုပ်သည့်ကိစ္စဆိုလျှင် ကြီးမားသော အပြစ်ဖြစ်ပြီး ဇာတ်ဆောင်က လုပ်လျှင်တော့ ဘာမှမဖြစ်ဘူးဆိုသည့် သဘောမျိုးက အမှန်တကယ် ရယ်ချင်စရာပင်။
ကျိုးရှု၏ ခန္ဓာကိုယ်မှာ အားနည်းနေသော်လည်း သူ ကျိုးကျုံးဟန်ကို ကြည့်သည့် အကြည့်ကတော့ ခက်ထန်မာကြောပြီး အကြည့်မှာ အထင်သေးခြင်းများ ပါဝင်နေသည်။
သူ ကျိုးကျုံးဟန်အနားသို့ ခပ်အေးအေးပင် သွားရပ်လိုက်သည်။
"ဟက် မင်းဘယ်သွားမလို့လဲ"
မူလ ကျိုးရှုက ကျိုးကျုံးဟန်ကို ဘယ်တုန်းကမှ အစ်ကိုကြီးလို့ မခေါ်ခဲ့ဖူးတဲ့အတွက် ကျိုးရှု ကလည်း ခေါ်ဖို့မလိုချေ။
ကျိုးကျုံးဟန် အံကို ကြိတ်ပြီး ခေါင်းမော့လိုက်သည်။ ကျိုးရှု အခုမှ သူ့မျက်နှာကို သေချာကြည့်မိသည်။ ပုံမှန်ချောမောတဲ့ ယောက်ျားတစ်ယောက်ရဲ့ စံနှုန်းထက် ကျော်ပြီး ယောက်ျားပီသသည့် သွင်ပြင်လက္ခဏာများကပင် အမျိုးသားဇာတ်ဆောင်ဖြစ်ဖို့အတွက် အမှန်တကယ်ကို ထိုက်တန်နေ၏။
"ဒီငှက်က တော်တော်လိမ္မာမဲ့ပုံပဲ။ ငါ ခဏ ဆော့ကြည့်လိုက်ဦးမယ်"
ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး ကျိုးကျုံးဟန်က အနီအနက် နှစ်ရောင်စပ် ငှက်ကလေးကို သူ့၏ အနောက်တွင် ဖွက်ထားလိုက်သည်။ ထို့နောက် ကျိုးရှုကို စိုက်ကြည့်ပြီး ပြောလိုက်သည်။
"မပေးဘူး"
ကျိုးရှုက ခပ်အေးအေးသာ ရယ်လိုက်သည်။
"ဟမ် ဘယ်တုန်းက မင်းစကားက အရေးပါဖူးလို့လဲ ပြည့်တန်ဆာမသားရဲ့"
"မင်း..."
ကျိုးကျုံးဟန်မှာ အံကိုသာ တင်းတင်းကြိတ်နေခဲ့ရ၏။ သူ့ဘဝမှာ အနာကျင်ရဆုံးအရာသည် သူ့မိသားစု၏ နောက်ကြောင်းရာဇဝင်ပင်ဖြစ်သည်။ သူက ကိုယ်လုပ်တော်ရဲ့သားဖြစ်ပြီး သူ့အမေက ပြည့်တန်ဆာဖြစ်ခဲ့ဖူး၍ သူ့မှာ အဆင့်မရှိ ဖြစ်ရပြီး အနှိမ်ခံခဲ့ရသည်။
" မင်းက စိတ်ဆိုးတာလား"
ကျိူးရှုက ပြုံးလိုက်ပြီး သူ့ရဲ့ ညှို့ယူဖမ်းစားတတ်သည့် မျက်ဝန်းများက လှောင်ပြောင်သရော်သော အကြည့်တို့ကိုသာ ဆင်မြန်းထားခဲ့သည်။
"ဘယ်လို အကြောင်းအရင်းကြောင့်များ ငါ မင်းကို နှိမ်နေမိတာပါလိမ့်။ အကြောင်းအရင်းက ငါ့အမေက တရားဝင် သခင်မကြီးကျိုး ဖြစ်နေလို့များလား။ ဘာကြောင့်ပါလိမ့်။ မင်းရောဘယ်လိုထင်လဲ"
ကျိုးကျုံးဟန်က ကျိုးရှုကို စိုက်ကြည့်နေခဲ့၏။
"ဒါက လူကြီးတွေနဲ့ သက်ဆိုင်တဲ့ကိစ္စပါ။ ငါနဲ့ ဘာမှမဆိုင်ဘူး"
" မင်းမှာသာ အစွမ်းအစရှိရင် စစ်သူကြီးရဲ့အိမ်တော်ထဲ ဝင်လာမှာ မဟုတ်ဘူးလေ။ ငါမင်းကို ငွေပေးလိုက်မယ်။ မင်းအမေကို ခေါ်ပြီး တစ်ရွာရွာမှာ အခြေချနေလိုက်။ အဲ့လိုဆို မင်း အေးအေးဆေးဆေး စိတ်အေးလက်အေးပဲ နေရမယ်လို့ ငါ အာမခံတယ်။ မင်းဘာလို့ ထွက်မသွားသေးတာလဲ။ ဆင်ခြင်ဆင်လက်တွေ မပေးနဲ့ ကျိုးကျုံးဟန်။ မင်းကိုယ်မင်း နစ်နာသူလို ဟန်ဆောင်နေတာ ရပ်လိုက်တော့။ မင်းရဲ့ နောက်ခံကို သုံးပြီး တစ်ခုခုအတွက် ကြိုးစားချင်နေတယ် ဆိုရင်တော့ ငါလည်း မင်းထက် ပိုမြင့်နေတဲ့ အဆင့်အတန်းကို သုံးပြီး မင်းကို နှိမ်မိသလိုဖြစ်နေရင် အပြစ်မတင်နဲ့"
ကျိုးကျုံးဟန် မှင်သက်သွားမိ၏။
ကျိုးရှု၏ စကားလုံးများမှာ သူ့ကို စိတ်မသက်မသာဖြစ်စေသည်။ စစ်သူကြီးကျိုး၏ သား ဆိုသည့် သူ့ရာထူးကို အမှန်တကယ် အခွင့်ကောင်းယူခဲ့သည်ကို သူ ဝန်မခံချင်သော်လည်း ငြင်းဆို၍ မရပေ။ ကျိုးရှုက သူ့ကို ထိုးဖောက်မြင်နေသလိုပင် သူ၏ ညှို့အားပြင်းသည့် မျက်လုံးတွေ ဆီကနေ လှောင်ရယ်မှုတွေက အပ်တစ်ချောင်းနှင့် သူ့မျက်လုံးထဲ ထိုးနေသလို စူးရှလွန်းလှ၏။
ကျိုးရှုက သူ့ကို လျစ်လျူရှုပြီး အစေခံတွေကို အဓိပ္ပာယ်ပါသည့် အကြည့်မျိုးနဲ့ ကြည့်လိုက်သည်။ အစေခံကောင်လေးတွေက သူ ပြေးမထွက်နိုင်ခင်မှာ သူ့ငှက်ကို ဆွဲယူခဲ့ကြသည်။
"ငါ့ကိုပြန်ပေး..."
ကျိုးကျုံးဟန် နောက်ဆုံးမှာတော့ တုံ့ပြန်ခဲ့ပြီး အစေခံကောင်လေးကို အားစိုက်ဆောင့်ဆွဲပြီး တိုက်ခိုက်ဖို့ ပြင်လိုက်သည်။ သို့သော်လည်း အများနှင့်တစ်ယောက် မယှဉ်သာသည်မို့ ကျိုးကျုံးဟန်မှာ နောက်ဆုံးတော့ ဖရိုဖရဲဆံပင်၊ ညစ်ပတ်ပေရေနေသည့် မျက်နှာ၊ ပေါက်ပြဲနေသည့် အဝတ်အထည်တွေနဲ့ပဲ အဆုံးသတ်ခဲ့ကြသည်။
"တော်လောက်ပြီ သွားစို့"
ကျိုးရှု စကားပြောပြီးပြီးချင်းမှာပဲ ကျိုးကျုံးဟန်၏ အမေ ရောက်လာခဲ့သည်။
ရောက်ရောက်လာချင်းပဲ သူ့သား အနိုင်ကျင့်ခံထားရတာကို မြင်လိုက်ရသည်။
ကျိုးအိမ်တော်တွင် နေနေသည့် ဆယ်နှစ်လောက် အတောအတွင်းမှာ ပထမသုံးနှစ်လောက်သာလျှင် စစ်သူကြီး၏ စိတ်ဝင်စားမှုနှင့် ချစ်ခင်မှုကို ရရှိခဲ့ပြီး နောက်ပိုင်းမှာ လျစ်လျူရှုခံလာခဲ့ရသည်။ ပထမတစ်ခုကတော့ ဟယ်ရန်ဖေး၏ ဉာဏ်ကောင်းလွန်းတဲ့ အစီအစဉ်တွေကြောင့် ဖြစ်ပြီး ဒုတိယတစ်ခုကတော့ စစ်သူကြီးဟာ သူ့ကို အဖက်မလုပ်တော့၍ ဖြစ်သည်။
သို့သော်လည်း ဟယ်ရန်ဖေးကိုမူ ထိုသို့ မဆက်ဆံပေ။ သူသည် စစ်ပွဲ ပရိယာယ်၊ ဗျူဟာများနှင့် ရင်းနှီးပြီး စစ်သူကြီးကျိုးနှင့်လည်း ခေါင်းစဉ်ပေါင်း မြောက်များစွာနှင့် စကားဝိုင်း ဖွဲ့တတ်၏။ ထို့အပြင် သူတို့မှာ သားနှစ်ယောက်ရှိပြီး ကျိုးရှု မှာ စစ်သူကြီး၏ အချစ်တော်လေးဖြစ်နေပေသည်။
ဤသို့ အဆင့်အတန်းကွာခြားမှုကြောင့် ယွမ်ချင်းမှာ အိမ်တော်၏ အောက်ခြေမှာပင် ကိုယ်လုပ်တော်ရာထူးနှင့် မြုပ်နေရသဖြင့် အကြီးအကျယ် စိတ်ပျက်လက်ပျက် ဖြစ်နေ၏။
"ကျိုးရှု ခွေးမသားလေး။ နင် ငါ့သားကို နောက်တစ်ခါ ထပ်အနိုင်ကျင့်မယ်ဆိုရင် ငါ သရဲ ဖြစ်နေရင်တောင်မှ နင့်ကို အလွတ်ပေးမှာမဟုတ်ဘူး"
ကြွက်စုတ်တစ်ကောင်၏ အပြုအမူကဲ့သို့သော ထိုမိန်းမ၏ အပြုအမူများကို ကြည့်ကာ သူ ပြောသည့် ကိုယ်ကျင့်သိက္ခာကင်းမဲ့လှသော စကားလုံးများကို နားထောင်ပြီး ကျိုးရှု၏ နတ်ဆိုးဆန်သည့် မျက်လုံးများမှာ အဆိပ်ပြင်းသည့် မြွေတစ်ကောင်လို ယွမ်ချင်းကို စိုက်ကြည့်နေခဲ့သည်။
"ခင်ဗျားက ကျုပ်အကြောင်း ပြောနေတာလား"
"အေး ဟုတ်တယ် ဟေ့.... မိမစစ်ဖမစစ်လေး။ အပျက်ကောင်လေး။ နင် ငါ့လက်ထဲမှာ သေရမဲ့ တစ်နေ့ရှိလာဦးမှာပဲ။ နင့်အရေပြားတွေကို နွှာပြီး နင့်သွေးကို သောက်ပြီး နင့်အသားကိုစား..."
ကျိုးကျုံးဟန်က ယွမ်ချင်းကို ဆွဲထုတ်သွားသည့် အတွက်ကြောင့် သူ့၏ စကားတွေကို နောက်ထပ် မကြားရတော့ချေ။ ထိုလူမှာ သူ့အမေဖြစ်ကြောင်း ကျိုးကျုံးဟန် ရွေးချယ်စရာမရှိခဲ့ပေ။ သူသာ အမေတစ်ယောက်ကို ရွေးချယ်၍ ရခဲ့မည်ဆိုလျှင် ပညာတတ်ပြီး မြင့်မြတ်သည့် မိန်းမတစ်ယောက်ကို သူ့ အမေအဖြစ် ရွေးချယ်လိုက်မည်သာဖြစ်သည်။ ဥပမာဆိုရလျင် ကျိုးရှု၏ အမေလိုမျိုးပင်။ သို့ပေမဲ့ သူဘာမှမလုပ်နိုင်ပေ။
ယွမ်ချင်းက အဆက်မပြတ် ကြိမ်းမောင်းနေခဲ့သည်။ နှုတ်က ထွက်မလာသင့်သည့် ကြမ်းတမ်းရိုင်းစိုင်းသော အောက်လုံးများကို နားထောင်ရပြီးနောက် ကျိုးရှုသည် ရှေ့တိုးကာ သူမ၏ မျက်နှာတည့်တည့်ကို သုံးချက်လောက် ဆင့်ရိုက်ထည့်လိုက်သည်။
ယွမ်ချင်း ကြက်သေသေသွားခဲ့သည်။ ယခင်ကဆိုလျှင် သူတို့ကို နှိမ့်ချဆက်ဆံရုံမှလွဲ၍ ဘယ်တုန်းကမှ လက်မပါခဲ့ဖူးချေ။ ထို့အပြင် ဘယ်တုန်းကမှလည်း မရိုက်ခဲ့ဖူးသည့်အပြင် သူ့ကို ရိုင်းရိုင်းစိုင်းစိုင်း ဆူပူအောင်သာ ဆွပေးလေ့ရှိခဲ့သည်။
"ခင်ဗျား ကျုပ်ကို ဆူနိုင်တယ်။ ဒါပေမဲ့ ကျုပ်အမေကို မကောင်းပြောရင်တော့ ကျုပ် ခင်ဗျားကို ရိုက်ရမှာပဲ။ ခင်ဗျား သူ့ကို သုံးခါ ဆဲခဲ့တယ်။ အဲ့တာကြောင့်မလို့ ဒီသုံးချက်က ခင်ဗျားအတွက် လက်ဆောင်ပဲ။ ပြီးတော့ နားထောင်ထား၊ သူ ငါ့နောက်ကွယ်မှာ ငါ့အမေကို ကြိမ်းမောင်းရင် မင်းတို့မှာ သူ့ကိုရိုက်ဖို့ ခွင့်ပြုချက်ရှိတယ်။ ဖြစ်လာသမျှကို ငါ တာဝန်ယူမယ်။ ကြားကြလား"
ကျိုးရှု၏ နောက်ဆက်တွဲစကားများသည် ရှုပ်ရှုပ်ယှက်ယှက်ဖြစ်နေသည်ကို အပြေးအလွှားလာကြည့်ကြသည့် အိမ်တော်၏ အစေခံများကို ညွှန်ကြား ခဲ့ခြင်းပင်ဖြစ်၏။
"ကြိမ်းမောင်းချင်နေသေးတုန်းလား။ ပြီးပြီဆိုရင်လည်း ကျုပ် သွားတော့မယ်။ ဒါမှမဟုတ်ရင်လည်း ကျုပ် လက်တွေက ယားနေတုန်းမို့လို့ ကျုပ် ခင်ဗျားနဲ့ ဆက်ရှိပေးနိုင်ပါသေးတယ်။ ဘယ်လိုလဲ"
ကျိုးရှုက ထိုသို့ ပြောပြီးသည်နှင့် ယွမ်ချင်းကို ကြည့်လိုက်သည်။
ယွမ်ချင်းမှာ အသံတစ်သံမှ မထွက်ရဲတော့ပေ။ ကျိုးကျုံးဟန် ကလည်း တုန်လှုပ်နေခဲ့၏။ ထိုအရာမှာ ကျိုးရှုသည် ပုဂ္ဂိုလ်ရေးအရ တစ်စုံတစ်ယောက်ကို ကိုယ်ထိလက်ရောက်လုပ်ဖူးတာ ပထမဦးဆုံးအကြိမ်ပင် ဖြစ်သည်။ ထို့အပြင် သူ့အမေ၏ စကားများမှာလည်း အမှန်တကယ်ကိုပင် ကြားရတာ ခက်ခဲစေသည်။
သားအမိနှစ်ယောက်စလုံး ငြိမ်ကျသွားတာကို ကြည့်ပြီး ကျိုးရှုက ဟက်ဟက်ပက်ပက် ရယ်မောနေခဲ့၏။
"ဒီလိုဆိုရင်လည်း သွားလိုက်ပါဦးမယ်"
ကျိုးရှုက ကျိုးကျုံးဟန် ဘာတွေတွေးနေသလဲဆိုတာ ဂရုစိုက်ဖို့ အလွန်ပျင်းရိသည့်အတွက် လှည့်ထွက်လာခဲ့သည်။ ယခု လောလောဆယ်တော့ သူ့အစ်ကိုကြီး ကျိုးရန်ကိုသာ ရှာချင်နေသည်။ ဖြစ်နိုင်မည်ဆိုလျှင် ကျိုးရန်၏ မသန်စွမ်းမှုကို ကုသရန်အတွက် နည်းလမ်းပင် ရှာချင်မိသည်။ ထိုသို့ဆိုလျှင် ကျိုးကျုံးဟန် နှင့် အချိန်ကူးပြောင်းလာတဲ့ ချီလန်တို့ကို ပိုပြီးအဆင်ပြေပြေ ရင်ဆိုင်နိုင်မည်ဖြစ်သည်။