Chapter 28
ယခုအချိန်သည် နွေဦး၏အစဖြစ်ပြီး ကျိုးရှု၏ ပျော့ညံ့သော ခန္ဓာကိုယ်လေးသည် အအေးဒဏ်ကို ကြောက်ရွံ့ပေ၏။ သို့သော်လည်း ကျိုးရှုသည် ကျိုးရန် ၏ ခြံဝင်းသို့ မဝင်ရောက်မီ အရောင်အသွေး စုံလင်လှသည့် နှင်းပန်းပွင့်တွေကို ခဏလောက် ငေးကြည့်လေ့ရှိသည်။ ထို့ကြောင့်ပင် သူ့လက်ဖျားခြေဖျားများ အနည်းငယ်အေးစက်လာသည်ကို ခံစားမိလိုက်သည်။
ကျိုးရန်သည် ကျိုးရှုအပါအဝင် ချွေရန်နှင့် ချွေရွယ်တို့ကိုပါ အပြစ်တင်သလို မျက်လုံးများနှင့် ကြည့်လိုက်သည်။ ထို့နောက် ကျိုးရှုကိုယ်လေး နွေးသွားစေရန် ကျိုးရန်တစ်ယောက် စွတ်ပြုတ်တစ်ပွဲကို ကိုယ်တိုင် ပြင်ဆင်နေခဲ့၏
။
ကျိုးရှုကတော့ သူ့အစ်ကိုနောက်ကို တကောက်ကောက်လိုက်ရင်း စိတ်အေးချမ်းသာနေတော့သည်။ အထူးသဖြင့် ကျိုးရန်၏ မျက်နှာသည် လူတွေကို နွေးထွေးသွားအောင် လုပ်နိုင်စွမ်းလှ၏။ သူ့မျက်နှာအသွင်အပြင်သည် အေးချမ်းကာ ရွှန်းလက်နေပြီး သူ့နှုတ်ခမ်းစွန်းများသည်လည်း အပေါ်ကို အနည်းငယ်ကော့တက်နေသည်။ ပြုံးမနေလျှင်တောင် ပြုံးနေသယောင် မျက်နှာနေမျက်နှာထားမျိုးကို ပိုင်ဆိုင်ထားပြီး နေပူထဲထွက်ရတာ မကြိုက်သည့် အတွက်ကြောင့် သူ့အသားအရေသည်လည်း ဖြူဖျော့နေတတ်သည်။
စင်စစ် ကျိုးရန်သည် ဆွံ့အနေရုံသာဖြစ်ပြီး သူ့ခန္ဓာကိုယ်မှာတော့ သန်စွမ်း ကျန်းမာနေတုန်းဖြစ်သည်။ စိတ်အေးလက်အေး နေရသည်ကိုသာ နှစ်သက်သဖြင့် အိမ်ထဲက အိမ်ပြင်မထွက်သောကြောင့် စစ်သူကြီးကျိုးသည် သူ့ကို တစ်နှစ်နေမှ တစ်ကြိမ်နှစ်ကြိမ်လောက်သာ မြင်ရတတ်ပြီး သူ့မှာ ဒီလိုသားမျိုးရှိနေသေးသည် ဆိုတာကိုပင် မေ့လျော့နေလေ့ရှိသည်။
ကျိုးရှုသည် ကျိုးရန်နောက် တကောက်ကောက်လိုက်ရင်း သူ ချက်ပြုတ်နေသည်ကို ကြည့်နေခဲ့သည်။ ကျိုးရန်က ပွစိပွစိပြောပြီး အခန်းထဲ ပြန်တွန်းပို့လိုက်၏။ အဘယ်ကြောင့်ဆိုသော် စစ်သူကြီးကျိုးမှာ မြင့်မြတ်သော ယောက်ျားတစ်ယောက်က မီးဖိုချောင်ထဲမှာ မနေသင့်ဟု ယုံကြည်ထားသည့် အတွက်ကြောင့် ဖြစ်သည်။ ထို့ကြောင့်လည်း သူက ချက်ပြုတ်ရတာကို ကြိုက်သော ကျိုးရန်ကို သဘောမကျတာဖြစ်ပြီး ဖယ်ကျဥ်ထားတာ ဖြစ်သည်။
ကျိုးရှုသည် ဘာမှ စောဒကတက်ခွင့်မရှိဘဲ အခန်းထဲမှာသာ စောင့်နေရသည်။ ခေတ္တကြာပြီးသည့်နောက်မှာ ကျိုးရန်သည် အအေးဓာတ်ကို ချေဖျက်ပေးနိုင်တဲ့ ပူပူနွေးနွေး အိုးတစ်လုံးကို ကိုင်ဆောင်၍ အခန်းထဲသို့ ရောက်လာခဲ့သည်။ ဇွန်းတစ်ဇွန်းစာ အပြည့်ခပ်ရင်း ကျိုးရှု ပါးစပ်နားရောက်တဲ့အထိ ခွံ့ပေးပြီးသည့်နောက် မြန်မြန်ဆန်ဆန် သောက်ဖို့ ညွှန်ပြလာ၏။ သို့သော်လည်း ပါးစပ်အပြည့် မော့ချပြီးသည့်နောက်မှာ ကျိုးရှု မျက်နှာသည် ရှုံ့တွသွားလေတော့သည်။
" ခါးလိုက်တာ "
ကျိုးရန်က အနည်းငယ် ပြုံးလိုက်ပြီး ချိုချဉ်တစ်လုံးကို ထုတ်ပေးလိုက်သည်။ ကျိုးရှုတစ်ယောက် ကူကယ်ရာမဲ့သလို ဖြစ်သွား၏။ အဘယ်ကြောင့်ဆိုသော် မူလကျိုးရှုက ချိုချဉ်လုံးများကို ကြိုက်တတ်ပြီး ဆေးသောက်ပြီးသည့်အချိန်တိုင်း တစ်လုံးလောက် စားနေကြဖြစ်သည်။
ခါးသက်လှသောဆေးကို တစ်ကျိုက်တည်း အကုန်သောက်ပြီးသည်နှင့် ကျိုးရန်ဆီက ချိုချဉ်ကိုယူကာ ခါးသက်သောဆေး၏ အရသာ လွင့်ပါးစေရန် ဖြေးညင်းစွာ အရသာခံနေခဲ့၏။
ထို့နောက် ကျိုးရှု ခပ်ဖြည်းဖြည်း ရယ်လိုက်သည်။
" အစ်ကို့အတွက် ကျွန်တော် အဆာပြေနေ့လယ်စာတွေ အများကြီးယူလာတယ်။ ကြိုက်ရဲ့လား ကြည့်ပါဦး "
ကျိုးရန်မှာ ကျိုးရှု ယူလာသည့် နေ့လယ်စာဘူးကို ကြည့်၍ ကျိုးရှု၏ နဖူးကို အသာအယာပုတ်လိုက်ပြီး ခေါင်းခါနေခဲ့၏။ စကား တစ်လုံးတစ်ပါဒမျှ မပြောဘဲ ကျိုးရှုကို သူ့အတွက် မုန့်တွေ ထပ်မယူလာဖို့ ဆိုလိုက်ခြင်းပင်ဖြစ်သည်။
" ကျွန်တော် အစ်ကို့အတွက် မုန့်တွေ ယူလာရတာ ကြိုက်လို့ပါ။ ဒါနဲ့ အစ်ကို့ရဲ့ သွေးခုန်နှုန်းကို စမ်းကြည့်မယ်နော်"
ကျိုးရန်တစ်ယောက် ကျိုးရှုအား မယုံနိုင်သည့် မျက်လုံးများနဲ့ကြည့်လိုက်သောအခါ ကျိုးရှုက ပြောလိုက်သည်။
" ကျွန်တော် ဆေးပညာကို စိတ်ဝင်စားနေတာ သိပ်မကြာသေးဘူး "
ကျိုးရန်မှာ မယုံတယုံနဲ့ သူ့လက်ကောက်ဝတ်ကို ပေးလိုက်၏။ ပထမတော့ ကျိုးရှုသည် သူ့အစ်ကိုကြီးက ကုသရန် နည်းလမ်းမရှိသည့် ဆွံ့အခြင်းနှင့် မွေးဖွားလာခဲ့သည်ဟု ထင်ခဲ့၏။ သို့သော် သူ၏ဆွံ့အမှုက အဆိပ်မိခြင်း၏ အကျိုးဆက်ကြောင့်ဆိုတာကို တွေ့ရှိသွားခဲ့သည်။
ကျိုးရှု မျက်ခုံးများကို တွန့်ချိုးလိုက်၏။ အဆိပ်ကို လုံးလုံးလျားလျား ရှင်းထုတ်ဖို့ သူ ဘယ်လိုလုပ်ရမည်နည်း။ ထို့ပြင် သူ့အစ်ကိုကို ဆွံ့အသူတစ်ယောက်ဖြစ်လာဖို့ မည်သူကများ လုပ်ကြံအဆိပ်ခတ်ခဲ့သနည်း။
လောကပေါင်းများစွာ အတွေ့အကြုံရှိသည့် ကျိုးရှုအနေဖြင့် လူတစ်ယောက်၏ နှလုံးသားဟာ ထွင်းဖောက်မြင်နိုင်ဖို့ အခက်အခဲဆုံး ဖြစ်သည်ကို သိနေခဲ့သည်။ အထူးသဖြင့် အခန်းကဏ္ဍတစ်ခု လုပ်ဆောင်ဖို့ ဆုံးဖြတ်ထားသည့် လူတစ်ယောက်၏ နှလုံးသားပင်ဖြစ်သည်။
သူ့၏ တွန့်ချိုးနေသော မျက်ခုံးတစ်စုံကြောင့် ကျိုးရန်သည် တစ်ခုခုများမှားနေလားဟူသော သံသယမျက်စိဖြင့် စိုက်ကြည့်နေခဲ့သည်။
ကျိုးရှု ဖျော့တော့စွာ ပြုံးလိုက်ကာ သူ၏ ခပ်ဖျော့ဖျော့မျက်နှာကို ညှို့ဓာတ်နှင့် ပိုမို ကြည့်ကောင်းအောင် လုပ်လိုက်သည်။
"ဘာမှမဖြစ်ပါဘူး။ အစ်ကို့ ခန္ဓာကိုယ်က ပုံမှန်အတိုင်းပဲ ကျန်းမာပါတယ် "
ကျိုးရန်ကတော့ သူ့ညီငယ်လေးဟာ ဆေးပညာအကြောင်း ဘာမှမသိဘဲနှင့် သူနှင့် လာကစားသည်ဟုသာ ယူဆပြီး ချစ်စနိုး ခေါင်းယမ်းလိုက်၏။
နှစ်ယောက်သား ရယ်မောရင်း နောက်ပြောင်နေကြသည်မှာ ကျိုးရှု ပြန်မသွားခင် အချိန် အထိပင်။ ကျိုးရှုက မိဘတွေ ကျိုးရန်ဆီ အလည်လာသေးလား ဟု မေးလိုက်သည်ကို ကျိုးရန်က သိပ်ဂရုထားပုံမပေါ်ဘဲ ခေါင်းခါပြလိုက်သည်။
ကျိုးရှုတစ်ယောက် ဘာမှမပြောနိုင်တော့ဘဲ လ၏ ဒုတိယနေ့ရောက်မှာသာ ကျိုးရန်၏ ဆယ်လမွန်ငါး ထင်းရှူးစေ့ကို ညစာအဖြစ် လာစားမည်ဟုသာ ချိန်းဆိုခဲ့တော့သည်။ ကျိုးရန်ကတော့ ခေါင်းကို ညိတ်ကာ အားပါးတရ ပြုံးရင်း မီးဖိုချောင်ကို လက်ညှိုးထိုးလိုက် သူ့ကိုယ်သူ လက်ညှိုးပြန်ထိုးလိုက်နှင့် ကျိုးရှုအတွက် ကောင်းကောင်းချက်ပေးမည်ဟု ပြောနေခဲ့တော့သည်။
အစ်ကိုတော်၏ အိပ်ဆောင်ခြံဝင်းထဲမှ ထွက်လာသည့်အချိန်မှာ ကျိုးရှုတစ်ယောက် မျက်ခုံးတွေကို နောက်တစ်ခါ တွန့်ချိုးနေခဲ့သည်။ ကျိုးရန်၏ အဆိပ်က ဖြေဖို့ မလွယ်ကူပေ။ ဆေးဖက်ဝင်ပစ္စည်းတွေဖြစ်သည့် ရေခဲတောင် နှင်းကြာပွင့်နှင့် ပင်လယ်နက်နဂါးပိုးတို့ လိုအပ်နေသည်။
ရေခဲတောင် နှင်းကြာပွင့်က အလွန်အဖိုးတန်ပြီး ရှာဖွေဖို့လည်း ခက်ခဲလွန်းလှသည်။ ကံကောင်းမှသာ ရှာတွေ့နိုင်မည့် အရာမျိုးဖြစ်၏။ ရှာဖွေ၍ ရခဲ့လျှင်တောင် သူ့တန်ဖိုးက ငွေထည်နည်းနည်လောက်နှင့် ဝယ်ယူ၍ ရသည်မျိုးမဟုတ်ပေ။
ပင်လယ်နက်နဂါးပိုးက ပို၍တောင် ရှားသေးသည်။ အမှန်စင်စစ် ထိုအရာသည့် နက်ရှိုင်းလှသော ပင်လယ်ထဲတွင် ပေါက်ရောက်သည့် အပင်တစ်မျိုးဖြစ်ပြီး နဂါးပိုးဟု အမည်တွင်ရလောက်အောင် ရှားပါးလွန်းလှသည်။
ကျိုးရှု ထူးဆန်းသလို ခံစားနေရ၏။ စစ်သူကြီးကျိုးက ကျိုးရန်၏ မသန်စွမ်းမှုကြောင့် သူ့ကို မကြိုက်တာမှန်သော်လည်း သူတို့မယ်တော်ကရော ဘာကြောင့် ကျိုးရန်ဆီ လာခဲနေသနည်း။
ကျိုးရန်ကလည်း အမှန်တကယ်ကို သူ့ကလေးပင် ဖြစ်သည်လေ။ ဆွံအနေခြင်းမှလွဲ၍ တခြား အပြစ်အနာအဆာလည်း မရှိပေ။ ချက်ပြုတ်ခြင်းကို ကြိုက်၍ဆိုလျှင်တောင် အခုလက်ရှိ ပွင့်လင်းမြင်သာတဲ့ ကာလမျိုးမှာ ထိုအရာကလည်း ဟယ်ရန်ဖေး၏ သူ့အပေါ် အေးစက်စက် ပြုမူဆက်ဆံလောက်ရသည်အထိ အကြောင်းပြချက်ကောင်းမဟုတ်ပေ။
ကျိုးရှု အတွေးတွေကို ရပ်လိုက်ပြီး ဆေးပစ္စည်းနှစ်မျိုး အကြောင်းသာ အရင် စဉ်းစားရန် ဆုံးဖြတ်လိုက်၏။
ရေခဲတောင် နှင်းကြာပွင့်နှင့် ပင်လယ်နက်နဂါးပိုးတို့ကို ရှာဖွေဖို့အတွက် ကျိူးရှုတစ်ယောက် သုံးနှစ်တောင် ကြာခဲ့လေသည်။ ထိုသုံးနှစ် အတောအတွင်းတွင် ကျိုးရှုသည် မာနထောင်လွှားသည့် အပြုအမူများကို ဆက်လက်ပြုမူနေခဲ့သော်လည်း ကျိုးကျုံးဟန်ကိုတော့ အနိုင်မကျင့်ခဲ့ပေ။ ကျိုးရှုက သူ့ကို အနိုင်ကျင့်ဖို့ ပျင်းရိနေခဲ့ပြီး ဘာကြောင့်မှန်းမသိ ကျိုးကျုံးဟန်ကလည်း အံ့အားသင့်စရာကောင်းလောက်အောင် သိမ်မွေ့မြင့်မြတ်သော သားတစ်ယောက်ကဲ့သို့ ဖြစ်လာပြီး ခေါင်းအစခြေအဆုံး ယခင်နဲ့ ကွဲပြားခြားနားသွားခဲ့သည်။
ဤအရာက မူလဇာတ်အိမ်နှင့် အနည်းငယ် ကွဲပြားခြားနားနေခဲ့သည်။ မူလကမ္ဘာမှာဆိုပါက ကျိုးကျုံးဟန်က ကျိုးရှုအား လက်တုံ့ပြန်ဖို့ စတင် အစပျိုးနေပြီဖြစ်သည်။ မည်သို့ဆိုပါစေ အခုအခါမှာတော့ သူ့ကိုယ်သူနဲ့ သူ့အဖေသာမက သူ့အမေ့ကိုပါ မုန်းတီးနေခဲ့သည်။
ကျိုးရှု၏ လျစ်လျူရှုခြင်းက ကျိုးကျုံးဟန်ကို ပို၍ပင် စိတ်ဓာတ်ကျစေခဲ့သည်။ ကျိုးရှုက သူ့ကို အနိုင်ကျင့်ဖို့လောက်တောင် ဂရုမစိုက်တော့ဘဲ သူ့ရဲ့တည်ရှိမှုကို လုံးလုံးလျားလျား လျစ်လျူရှုနေသည်ဆိုတာကို သူ နားလည်သွားခဲ့သည်။
သုံးနှစ်ကြာပြီးနောက် ကျိုးရှု၏ ဆယ့်ရှစ်နှစ်ပြည့် မွေးနေ့ပွဲ၌ ကျိုးကျုံးဟန်သည် ချီလန်နှင့် တွေ့ဆုံခဲ့သည်။ ထိုအချိန်မှစ၍ သူ့ဘဝမှာ အဓိပ္ပာယ်တစ်ခုခုကို ရှာဖွေတွေ့ရှိခဲ့သည်။ သူ ချီလန်ကို လက်ထပ်ချင်ခဲ့၏။ သူက အဆင့်အတန်းနိမ့် တရားမဝင်သားဖြစ်တာတောင် လေးစားစရာကောင်းလှသည့် ထိုအမျိုးသမီးကို လက်ထပ်ချင်ခဲ့သည်။
စင်စစ် ဤလောကသည် ရှေးခေတ်သမိုင်းတွင် ဖော်ပြထားသည်နှင့် မတူညီပေ။ ပို၍ ပွင့်လင်းမြင်သာရှိပြီး အမျိုးသမီးများပင် တခြားအိမ်များသို့ လည်ပတ်ကာ မိသားစုနှင့်အတူ စားသောက်တာမျိုး လုပ်ခွင့်ရှိသည်။ ကုန်သည်တွေ၏ လူနေမှု အဆင့်အတန်းဟာလည်း နိမ့်ပါးမနေပေ။ အစေခံများက ကျေးကျွန်များဖြစ်သော်လည်း သူတို့၏ကျွန်အဆင့်က နှုတ်ထွက်ပြီးပါက အရာရှိအိမ်တော် သို့မဟုတ် ကုန်သည်အိမ်တော်နှင့် လက်ထပ်နိုင်သည်။ ထို့အပြင် ဘွဲ့ထူးဘွဲ့မြတ်များကိုလည်း အမွေမဆက်ခံနိုင်ပေ။ စစ်သူကြီးကျိုး၏ "ကျန်းရှုဘုရင်" ဘွဲ့ကို ကျိုးရှုရော ကျိုးရန်ပါ အမွေမဆက်ခံနိုင်ပေ။ သို့ရာတွင် ဘုရင်မင်းမြတ်က “ကျန်းရှုဘုရင်” ၏ သားများကို တခြား ဘွဲ့ထူးဘွဲ့မြတ်များ အပ်နှင်းနိုင်ပြီး အပ်နှင်းခြင်း မအပ်နှင်းခြင်းမှာတော့ ဘုရင်၏ သဘောသာဖြစ်သည်။
မူလတွင် ဝန်ကြီးချုပ်သည် သူ့မြေးမလေး ချီလန်ကို ကျိုးရှုနှင့် စေ့စပ်ပေးရန် ကြံရွယ်ပြီး မွေးနေ့ပွဲကို ချီလန်နှင့်အတူ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
ကျိုးရှု၏ ခန္ဓာကိုယ်မှာ အားနည်းသည့်အတွက် ဘေးနားမှာပဲ ထိုင်နေခဲ့သည်။ ချီလန် ဝင်လာတာကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် သူ့မျက်လုံးထောင့်များ မြင့်တက်သွားပြီး ထိုအမျိုးသမီးဟာ အဓိက အမျိုးသမီးဇာတ်ဆောင်မှန်း သိလိုက်သည်။
သူ့ ရုပ်ရည်အသွင်အပြင်သည် အမှန်တကယ်ကို အထက်တန်းစားဆန်ပြီး ဝါဖျော့ဖျော့အရောင် မျက်နှာ၊ မက်မွန်ရောင်ပါးပြင်နှင့် ကြည်လင်ပြီး တောက်ပသည့် မျက်ဝန်းများ တစ်ခုချင်းစီက ကြာပန်းပွင့်တစ်ပွင့်လို အမှန်တကယ်ပင် လှပနေခဲ့သည်။ သူမ၏ မျက်ဝန်းတစ်စုံမှာတော့ ကျိုးကျုံးဟန်အပေါ် စာနာသနားမှုတွေ ပြည့်လျှမ်းလို့နေ၏။
ဤလောကက ပွင့်လင်းမြင်သာမှုရှိသည့် လောကဟု ပြောခဲ့သော်လည်း ရှေးခေတ်ကာလပင် ဖြစ်နေသေးသည်။ အမျိုးသမီးများက အပြင်ကို ထွက်နိုင်သော်လည်း အမျိုးသားတစ်ယောက်ကို ရိသဲ့သဲ့ ငေးမောကြည့်ခြင်းကတော့ သင့်တော်နေသည်မဟုတ်ချေ။
အနည်းငယ် ချောင်းဟန့်လိုက်ပြီး ကျိုးရှုက မတ်တပ်ထရပ်ကာ လက်နှစ်ဖက်ကို ယှက်၍ ဦးညွှတ်လိုက်သည်။
" ကြိုဆိုပါတယ် နန်းရင်းဝန် ချီ"
ဆံပင်တွေ ဖွေးဖွေးလှုပ်ဖြူနေသည့် နန်းရင်းဝန် ချီ သည် သူ့မြေးမလေးကို ဆွဲခေါ်လိုက်ပြီး ကျိုးရှုအား နှုတ်ဆက်အရိုအသေ ပြုစေလိုက်သည်။ သို့သော် ထိုကောင်မလေးကတော့ ကျိုးကျုံးဟန်ကိုသာ မျက်လုံးထောင့်ကပ်ကြည့်ကာ သုံးသပ်နေခဲ့သည်။
ကျိုးရှု၏ဖခင် စစ်သူကြီးကျိုးရော၊ ကျိုးရှုပါ သူ့အကြည့်ကို ဆက်သည်းမခံနိုင်ကြတော့ပေ။
သူသည် နန်းရင်းဝန်ချီနှင့် ဟာသနှောရင်း ပြောလိုက်သည်။
" နန်းရင်းဝန် ချီ ခင်ဗျားရဲ့မြေးမလေးက တကယ့်ကို နိုင်ငံထိပ်တန်းအလှလေးပဲ။ နာမည်က ချီလန် ဟုတ်တယ်မလား။ ကျွန်တော့်မှာ ကျောက်စိမ်းဖြူ လက်စွပ်တစ်စုံ ရှိတယ်။ သိပ်တော့ အဖိုးမတန်ပါဘူး။ မိန်းကလေးရော ယောက်ျားလေးရောပါ ဝတ်လို့ရတယ်။ ကျွန်တော် ခင်ဗျားကို ပေးဦးမယ် "
နန်းရင်းဝန် ချီက ချီလန်ကို တိတ်တဆိတ်ဆွဲ၍ စစ်သူကြီးကျိုးအား အရိုအသေပြုစေလိုက်ပြီး လက်စွပ်တွေကို လက်ခံလိုက်သည်။ သူမသည် ကောင်းကောင်းမွန်မွန် ပြုမူရင်း သူမကိုယ်သူမ ပညာရှိပြီး ပါရမီနှင့်ပြည့်စုံသော အမျိုးသမီးတစ်ယောက်အဖြစ် ပြသလိုက်သည်။
ကျိုးရှုကတော့ စိတ်ထဲက ကြိတ်ရယ်နေခဲ့သည်။ ချီလန်သည် မျက်မှောက်ခေတ်ကာလက ကူးပြောင်းလာသူဖြစ်ပြီး မျက်မှောက်ကာလ အမျိုးသမီးတစ်ယောက်၏ ပွင့်လင်းမြင်သာမှုနှင့် အပြစ်ကင်းစင်မှုတို့ ရှိနေသေးသည်။ ထို့အပြင် ကူးပြောင်းလာသည်မှာ လောလောလတ်လတ်ပင် ရှိသေးသဖြင့် ခေတ်ဟောင်းအပြုအမူများကို သင်ယူနိုင်ဦးမှာမဟုတ်ပေ။ ယောက်ျားတစ်ယောက်နှင့် ကလူမြူဆွယ်သော အကြည့်တို့ ဖလှယ်ခဲ့ကြသည်ဆိုသည့် ကောလဟာလသာ ပျံ့နှံ့သွားခဲ့လျှင် ဂုဏ်သတင်းပျက်စီးပြီး အိမ်တော်ကနေ ချက်ချင်း ဆင်းရမည်သာဖြစ်၏။
ရည်ရွယ်ချက်ရှိရှိနှင့်ပင်ဖြစ်စေ တခြားအကြောင်းနှင့်ပင်ဖြစ်စေ ကျိုးကျုံးဟန်ကလည်း သူ့ကို ဖြတ်ခနဲကြည့်လိုက်သည်။ ထိုကောင်မလေးသည် အမှန်တကယ်ကို လှလွန်းသည်။ ပြုံးလိုက်တိုင်းပင် အပြုံးတိုင်းမှာ ကျက်သရေတိုးသွားစေပြီး သူ့အမေ ယွမ်ချင်းနှင့် အများကြီး ခြားနားကာ နူးညံ့သည့် ရနံ့လိုမျိုး ရနံခပ်သင်းသင်းလေးဖြင့် ကျိုးကျုံးဟန် မမေ့နိုင်အောင် ဖန်တီးနေ၏။
နန်းတွင်းတရားစီရင်ရေးမှ စစ်သူကြီးကျိုး၏ အရေးပါသည့် ရာထူးနေရာကြောင့် အဆင့်မြင့်အရာရှိများနှင့် မြင့်မြတ်သည့် ပုဂ္ဂိုလ်များက မွေးနေ့ပွဲကို တက်ရောက်ခဲ့ကြ၏။ ထို့အပြင် ပွဲပြီးခါနီး၌လည်း အိမ်ရှေ့မင်းသားကိုယ်တိုင် မမျှော်လင့်ဘဲ ကြွရောက်လာခဲ့လေသည်။
အိမ်ရှေ့မင်းသား ရောက်လာသည့် အကြောင်းအရင်းကတော့ စစ်သူကြီးကျိုးကို သူ့ဘက်ပါအောင် ချည်နှောင်ဖို့ရာအတွက်ပဲ ဖြစ်သည်။ ထို့ကြောင့် အဆင့်မြင့် ပုဂ္ဂိုလ်တစ်ယောက်အနေနှင့် တက်ရောက်ချီးမြှင့်ပြီး တခြားမင်းသားတွေကို စစ်သူကြီးကျိုးအား မထိဖို့ သတိလာပေးခြင်းဖြစ်သည်။
အမှန်တော့ မူလကျိုးရှုသည် သူ၏အားနည်းလှသော ခန္ဓာကိုယ်ကြောင့် စောစောစီးစီး ပြန်သွားခဲ့၍ အိမ်ရှေ့မင်းသားနှင့် မဆုံတွေ့ခဲ့ချေ။ သို့သော် ယခု ကျိုးရှုကတော့ ဒီတစ်ကြိမ်သည် အိမ်ရှေ့မင်းသားကို ကိုယ့်ဘက်ပါအောင် ချည်နှောင်ဖို့ အဖိုးတန် အခွင့်အရေးဖြစ်မှန်း ခံစားမိခဲ့၏။ ထို့ပြင် ဤအိမ်ရှေ့မင်းသားက အနာဂတ်တွင် ထီးနန်းဆက်ခံမည့် သူလည်းဖြစ်၏။
ထို့ကြောင့်ပင် ကျိုးရှုတစ်ယောက် ခပ်အေးအေးသာ ထိုင်နေပြီး ဘာမှလည်း လုပ်စရာမရှိတာကြောင့် ကျိုးကျုံးဟန်နှင့် ချီလန်အချင်းချင်း တစ်ယောက်ကို တစ်ယောက် ကလူ၏သို့ မြှူ၏သို့ ကြည့်နေကြသည်ကို ကြည့်ရင်းမှ အတော်အတန် စိတ်ဝင်စားစရာ ကောင်းသလို ခံစားလိုက်မိသည်။
အိမ်ရှေ့မင်းသား ရောက်လာချိန်မှာတော့ ဧည့်သည်များသည် စုဝေးနေရာကနေ ထွက်သွားကြချေပြီဖြစ်သည်။ ကျိုးရှုမှာလည်း ပင်ပန်းသလို ဖြစ်လာ၏။ ပွဲတစ်ပွဲလုံးတွင်လည်း ကျိုးကျုံးဟန်တစ်ယောက်သာ စိတ်နဲ့ ကိုယ်နဲ့ ကောင်းကောင်းကပ်နေခဲ့သည်။
ကျိုးရှု၏မျက်လုံးများ တစ်ဝက် ပိတ်ကျသွားသည့်အခါ ရုတ်တရက်ဆိုသလို လူတစ်ယောက် သူ့ရှေ့မှာ ပေါ်လာခဲ့သည်။ အိမ်ရှေ့မင်းသားဝတ်ရုံကို ဝတ်ထားခဲ့ပြီး ရှင်းရှင်းလင်းလင်းနှင့် သိမ်မွေ့သည့် စိတ်နေသဘောထားက သူ့ကို မသေမျိုးတစ်ယောက်လို ပုံပေါ်စေသည်။ သူ၏ သိမ်းငှက်မျက်လုံးများနှင့် ငုံ့မိုးကြည့်လိုက်သည့် အခါမှာတော့ ကျိုးရှုတစ်ယောက် ထိုအကြည့်မျိုးကို ပိုင်ဆိုင်ချင်သွားသည်။
အကုန်လုံးက ဒူးထောက်ခစား၍ ကြိုဆိုကြသည့်နောက် ကျိုးရှုလည်း ဒူးထောက်ခစားမိ၏။ ထိုပုဂ္ဂိုလ်က ပေါ့ပေါ့ပါးပါးနှင့်ပင် ပြောလိုက်သည်။
"ကိုယ်တော်က မဖိတ်ခေါ်ဘဲ ရောက်လာတဲ့သူပါ။ အမြန်ထကြပါ။ "
ကျိုးရှု မတ်တပ်ရပ်လိုက်သော်လည်း စိတ်ထဲကတော့ အိမ်ရှေ့မင်းသားသည် လူတိုင်းအရိုအသေပေးဖို့ တိတ်တဆိတ် စောင့်နေခဲ့သည်ဟုပင် တွေးနေခဲ့၏။
အိမ်ရှေ့မင်းသားက လက်ဆောင်တွေကို အပ်နှင်းလိုက်ပြီး စစ်သူကြီးကျိုး ၊ နန်းရင်းဝန်ချီ တို့နှင့်အတူ စာဖတ်ခန်းတွင် ဆွေးနွေးဖို့ ထွက်လာခဲ့သည်။ ကျိုးရှုသည် အိမ်ရှေ့မင်းသားအား စကားတစ်လုံးမှ မပြောခဲ့သော်လည်း အနည်းဆုံးတော့ သူ အိမ်ရှေ့မင်းသားကို တစ်ခါ မြင်ဖူးသွားခဲ့ပြီဖြစ်သည်။ အနည်းငယ် စိတ်သက်သာရာရပြီးတဲ့နောက်မှာ မောပန်းလာပြန်၏။ ထို့ကြောင့် ပွဲမှာ ထွက်ရန် သာမန်ကာလျှံကာ ဆင်ခြေတစ်ခု ပေးလိုက်သည်။
ချီလန်ကတော့ နန်းရင်းဝန်နှင့် အတူပါလာသောကြောင့် မပြန်သေးပေ။ ထို့ကြောင့် ဟယ်ရန်ဖေးက လူတချို့ကို သူ့အတွက် အဖော်လုပ်ပေးဖို့ အမိန့်ပေးလိုက်၏။ ကျိုးကျုံးဟန်သည် သူ့ကို အဖော်လုပ်ပေးဖို့ ဆန္ဒရှိကြောင်း ဆိုလာသည့်အခါ ဟယ်ရန်ဖေး ကလည်း မတားတော့ပေ။
ကျိုးရှုကတော့ အစ်ကိုကြီးဆီ လည်ပတ်ပြီး အိပ်ဆောင်ကို တစ်ယောက်တည်း ပြန်လာခဲ့သည်။ လမ်းတွင် ညကောင်းကင် ခပ်လင်းလင်းအောက် လမ်းလျှောက်ထွက်လာကြသော ကျိုးကျုံးဟန်နဲ့ ချီလန် တို့နှင့်တိုး၏။
" အဲ့လိုမတွေးပါနဲ့ အစ်ကိုကျိုး။ လူတွေက တန်းတူရည်တူ မွေးဖွားလာကြတာပါ။ ရှင်က တရားမဝင်သားဖြစ်နေရင်တောင်မှ ရှင်က လူသားတစ်ယောက်ပဲမို့ အားလုံးက အတူတူပါပဲ။ ကျွန်မက နန်းရင်းဝန်ရဲ့သမီး ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့ ကျွန်မကိုယ်ကျွန်မ အစေခံတစ်ယောက်ထက် ပိုပြီးမြင့်မြတ်တယ်လို့ မခံစားရဘူး။ ရှင်ရော၊ ကျွန်မရော၊ ရှင့်ညီအစ်ကိုနှစ်ယောက်ရော အားလုံးဟာ အတူတူပါပဲ "
" မင်းတကယ်ပဲ အဲ့လိုထင်လား "
" ဒါပေါ့ အစ်ကိုကျိုးရဲ့။ ကျွန်မ ရှင့်ကို မြင်တဲ့အချိန်မှာ သဘောကျမိသွားတယ်။ အမှန်အတိုင်းပြောရရင် ကျွန်မရဲ့အဖိုးက ကျိုးရှုကို တွေ့ဖို့ ကျွန်မကို ခေါ်လာခဲ့တာ။ ဒါပေမယ့် ကျွန်မ သူ့ရဲ့ပျင်းရိပျင်းတွဲပုံစံကို ဘယ်လိုလုပ် သဘောကျနိုင်မှာလဲ "
" ခုနက ထွက်သွားတဲ့ နန်းရင်းဝန်က မင်းကို ကျိုးရှုနဲ့ လက်ထပ်ပေးချင်နေတာမလား။ မဖြစ်နိုင်ပါဘူးနော်။ ကျိုးရှုရဲ့ ပင်ကိုစရိုက်က ကြောက်စရာကောင်းတယ်။ တစ်ခါတုန်းကဆိုရင် သူ အစ်ကို့အမေကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင်တောင် ရိုက်ခဲ့ဖူးတယ်။ ဒီလိုလူယုတ်မာမျိုးကို မင်း ဘယ်လိုလက်ထပ်နိုင်မှာလဲ "
" သူက အဲ့လိုလူမျိုးလား "
" ဒါတင်မကသေးဘူး သူက ရိုင်းစိုင်းပြီး မောက်မာတဲ့အပြင် စိတ်သဘောထားလည်း သေးသိမ်တယ်။ ဘာမှ ဖြစ်ဖြစ်မြောက်မြောက် ရည်ရွယ်ချက်လည်း မရှိဘူး။ တစ်နေ့လုံး မြင်းစီးလိုက် ကြက်တိုက်လိုက်ပဲ လုပ်နေတာ။ မင်းနဲ့ဘယ်လိုမှမလိုက်ဖက်ဘူး "
"အဟက်"
ကျိုးရှုတစ်ယောက် ရယ်မောလိုက်သည်။ သို့သော်လည်း သူ ဘာမှမပြောခင်မှာပင် အေးစက်ပြီး ပြတ်သားလှသည့် အသံတစ်ခု ထွက်ပေါ်လာ၏။
"အဆင့်အတန်းနိမ့်တဲ့လူတွေကပဲ နောက်ကွယ်မှာ သူများ အကြောင်းပြောကြတာ"
ကျိုးကျုံးဟန် နှင့် ချီလန်တို့ ကြောက်ရွံ့တုန်လှုပ်ကာ ကြောင်တောင်တောင် ဖြစ်သွားကြသည်။ ပြောလိုက်သောသူကတော့ တစ်ခြားသူမဟုတ်ဘဲ ခုလက်ရှိ အိမ်ရှေ့မင်းသား ကျို့မင်တောင်း ပင်ဖြစ်၏။