အပိုင်း ၃
Viewers 3k

Ch 3


“အချက်ပေးသံကိုပိတ်ထားစမ်းပါ”


တစ်ခုခုဖြစ်တိုင်း အမြဲတမ်း တဒီးဒီးမြည်နေခြင်းက သူ့သရုပ်ဆောင်စွမ်းရည်ကို တော်တော် အနှောင့်အယှက်ပေး၏။


စနစ် : “‌တောင်းဆိုချက် လက်ခံရရှိပါသည်” 


ထို့နောက် ယန်ရွှမ် မီနူးကိုကောက်ကိုင်ကာ 

“မစ္စတာဝေ ကျွန်တော်နေ့လယ်စာမစားရသေးလို့ စိတ်မရှိဘူးမလား” 


အထက်တန်းလွှာစားသောက်ဆိုင်ထဲတွင်ထိုင်ပြီး ဒီလိုစကားမျိုးပြောရတာကပဲ အတော်လွန်လှပြီ။ သည်လိုအလကားစားရမဲ့အခွင့်အရေးမျိုးကို သူဘယ်တော့မှလက်လွှတ်ခံမှာမဟုတ်။ 


ဝေယီချန်း၏အမူအရာမှာ အလွန်ရှုပ်ထွေးနေပေသည်။ 


နုံအကာ အန္တရာယ်မပြုနိုင်သည့် တက္ကသိုလ်ကျောင်းသားပုံစံသည် ဟန်ဆောင်‌နေရုံသက်သက်သာ ဖြစ်ပုံရသည်။ ဒီတစ်ခေါက်တော့ သူနှင့် ချင်ယွီပိုင်တို့နှစ်ယောက်စလုံး အကဲခတ်ညံ့သွားပုံပင်။ 


ယန်ရွှမ်သည် ဒီနေရာတွင် သူတစ်ယောက်တည်းရှိနေသလိုပြုမူကာ အမဲသားကင်တစ်ပွဲမှာလိုက်သည်။ 


“medium-rare တစ်ပွဲပေးပါ။ ကျေးဇူး”


ကောင်လေး၏လှုပ်ရှားမှုတို့သည် အနောက်တိုင်းစားသောက်မှုအလေ့အကျင့်များကို အထူးသင်ကြားခံထားရသည့်သူနှယ် သိမ်မွေ့ကြော့ရှင်းနေသည်။ 


သူသည် ခက်ရင်းနှင့်ဓားကိုကျွမ်းကျင်စွာအသုံးပြုလျက် ရဲရဲနီနေသောအမဲသားကင်ကို တစ်လုတ်ပြီးတစ်လုတ်အေးဆေးစွာ စားသောက်နေ၏။ သူ့နှုတ်ခမ်းဖူးဖူးတို့မှာ နှုတ်ခမ်းနီးဆိုးထားသကဲ့သို့တဖြည်းဖြည်းနီရဲလာကာ သွေးရောင်နှင့်ပင် ဆင်တူလုနီးပါးဖြစ်လာတော့သည်။ 


ထိုကောင်လေးကိုကြည့်ရသည်မှာ မရိုးရှင်းပေ။ဝေယီချန်းသည် ဆတ်ခနဲမတ်တတ်ထရပ်လိုက်၏။ 

“ခဏ‌စောင့်နေဦး”


ယန်ရွှမ်ပြုံးလိုက်သည်။


 “ကျွန်တော်အချိုပွဲတည်းပြီးတဲ့အထိ ခင်ဗျားအချိန်ရပါတယ်” 


ဝေယီချန်းသည် သီးသန့်အခန်း၏အပြင်ဘက်ကော်ရစ်တာ၌ ချင်ယွီပိုင်ကိုဖုန်းခေါ်ကာ အခြေအနေကိုရှင်းပြလိုက်သည်။ 


“သူက ပေးတဲ့ပိုက်ဆံနည်းတယ်လို့ ထင်နေတယ်ဟုတ်လား”


ချင်ယွီပိုင်သရော်ပြုံးပြုံးလိုက်သည်။ 


“ဒီအတုကောင်အရှက်မရှိပုံကများ စျေးတင်ဖို့တောင်ပြောရဲသေးတယ်ပေါ့”


သူသည် ယန်ရွှမ်ကို အစားထိုးအဖြစ်အသုံးချမည့် သူ့ရည်ရွယ်ချက်ကို ဖုံးကွယ်မထားပေ။ 


“လက်မှတ်မထိုးချင်ရင်မထိုးနဲ့လို့ သူ့ကိုပြောလိုက်။ ပြီးရင် သူ့မွေးစားအဖေရဲ့အလောင်းကို လာကောက်ခိုင်းလိုက်”


ဖုန်းခေါ်ဆိုမှုပြီးဆုံးသွားပြီး‌နောက် ဝေယီချန်းသည် သီးသန့်အခန်းသို့ပြန်လာခဲ့သည်။


ပိန်ပါးသွယ်လျသောပုံရိပ်သည် ခါးကိုင်းလျက် သူ့အချိုပွဲကိုခေါင်းမဖော်တမ်းစားသောက်နေ၏။ 


“မစ္စတာယန်”


ဝေယီချန်းမှာ နောက်ဆုံးတော့ ယန်ရွှမ်တွင် နာမည်တစ်ခုရှိကြောင်း အသိအမှတ်ပြုလိုက်လေပြီ။ သူသည်ယန်ရွှမ်၏ မျက်နှာချင်းဆိုင်တွင် နေရာပြန်ယူ၍ ချင်ယွီပိုင်ပြောလိုက်သည်တို့ကို အသိပေးလာခဲ့သည်။ 


“မင်းစျေးညှိနေဖို့အတွက် မင်းမွေးစားအဖေမှာ အချိန်မရှိလောက်တော့ဘူးထင်တယ်လို့ မစ္စတာချင်ကပြောခိုင်းလိုက်ပါတယ်”


ချင်ယွီပိုင်ချေးထားသည့် အကြွေးမှာ ယန်ရွှမ်၏ကိုယ်ပိုင်အကြွေးမဟုတ်ပါဘဲ သူ့မွေးစားအဖေ လောင်းကစားသမားယန်ကိုဖု၏ အကြွေးသာဖြစ်သည်။ 


ဒါပေါ့။ ဒီအခြေအနေဖြစ်လာဖို့က ချင်ယွီပိုင်ရဲ့ကိုယ်ပိုင်နည်းလမ်းတွေကိုလည်း မေ့ထားလို့မရဘူးလေ။ 


ယန်ကိုဖုမှာ များသောအားဖြင့် အသေးစားလောင်းကြေးမျိုးကိုသာ လောင်းတတ်ပြီး အကြိမ်ထောင်‌ပေါင်းများစွာ နိုင်လိုက်၊ရှုံးလိုက်ဖြစ်နေခဲ့သည်။ 


ချင်ယွီပိုင်သည် ယန်ရွှမ်အပေါ်မျက်စိကျသွားပြီးနောက် သူ့မွေးစားအဖေမှာ လောင်းကစားစွဲ‌နေသည်ကို သိလိုက်ရသည်နှင့် ချက်ချင်းဆိုသလို အခွင့်ကောင်းယူလိုက်တော့သည်။ 


ယန်ကိုဖုလောင်းကစားဝိုင်း၌ တင်သွားသော အကြွေးဒေါ်လာတစ်မီလီယံသည် အစမှအဆုံး ချင်ယွီပိုင်လုပ်ဇာတ်ထွင်ထားခြင်းသာဖြစ်၏။


ထို့နောက် ယန်ရွှမ်သည် သူရသည့်ပိုက်ဆံအားလုံးကို သူ့မွေးစားအဖေအကြွေးဆပ်ဖို့သုံးလိုက်သည့်အတွက် ချင်ယွီပိုင်အဖို့ သူ့အကောင့်နှစ်ခုကြား ငွေအလှည့်အပြောင်းလုပ်ရခြင်းသာရှိပေသည်။ ချင်ချင်းနှင့်အလွန်ဆင်သည့် အစားထိုးအရုပ်ကိုပိုင်ဆိုင်ဖို့ရာ သူ့တပြားမှမကုန်ခဲ့ပေ။ 


လူလည်မကျတတ်ရင် စီးပွားရေးလုပ်လို့မရဘူးဆိုတာ တကယ်ပါလား။ 


အခု မင်းဘယ်လိုတောင် ဂုန်းဆင်းလိုက်တာလဲ။ 


မှတ်သားလောက်ပါပေတယ်။ 


ယန်ရွှမ်ရေခဲမုန့်ဇွန်းကိုမချခင် တစ်ချက်လျက်လိုက်သည်။ သူထရပ်၍ ပန်းချီအိတ်ကိုသူ့ပုခုံးပေါ်လွယ်ကာ


 “နေ့လယ်စာအတွက်ကျေးဇူးပဲ။ ကျွန်တော်ဗိုက်ပြည့်သွားပြီ” ဟုပြောလိုက်သည်။


သူ့အတွက် သူ့မွေးစားအဖေကဘယ်လိုမျိုးလဲဆိုရင် သူက လောင်းကစားဂျိုးလေ။ သူကားနဲ့တိုက်ခံရဖြစ်ဖြစ်၊ သူအလုပ်ခံလိုက်ရတာဖြစ်ဖြစ် ယန်ရွှမ်စိတ်မဝင်စားပေ။ 


ယန်ရွှမ်သည် သီးသန့်အခန်း၏တံခါးနားဆီသို့ တုံ့ဆိုင်းခြင်းမရှိဘဲလျှောက်သွားလိုက်သည်။ တံခါးကိုအားနှင့်ဆွဲဖွင့်လိုက်ပြီး ပြန်လှည့်ကာ ဝေယီချန်းအား ဖြူစင်ရိုးသားမှုတို့ထင်ဟပ်နေသည့် အပြုံးတစ်ပွင့်ကိုစွန့်ကြဲလိုက်၏။


“ခင်ဗျားစိတ်ပြောင်းလာရင် ဘယ်အချိန်မဆိုကျွန်တော့်ကိုခေါ်လိုက်လို့ရတယ်နော်။ မစ္စတာချင်အတွက်ရော ခင်ဗျားအတွက်ပါ ကျွန်တော်တံခါးဖွင့်ထားပါတယ် မစ္စတာဝေ”


ယန်ရွှမ် ကျီစယ်ဟန်မျက်စိမှိတ်ပြ၍ ဝေယီချန်းထံသို့အနမ်းတစ်ပွင့် လှမ်းပေးလိုက်သည်။ 


“အို ဒါနဲ့ ကျွန်တော်က လူပျိုစစ်တုန်းပဲနော်” 


ဒါအမှန်ပဲလေ။


ဝိညာဉ်ကူးပြောင်းရေးအလုပ်တွင် အချိန်အတော်ကြာ ကျင်လည်လာပြီးနောက် အိပ်ရာပေါ်ကကိစ္စတွေအတွက် ကျွမ်းကျင်ပြီးစွမ်းဆောင်ရည်အပြည့်ရှိနေသော ယန်ရွှမ်အတွက် ဘာမျှကြောက်စရာမရှိပေ။ 


ဘိုးတော်ဘုရား‌လေးဘက်သွားခေတ်ဝတ္ထုလောက်နဲ့ သူ့ကိုခြောက်လှန့်နိုင်မယ်လို့ မတွေးနဲ့။ ဘယ်တော့မှမဖြစ်နိုင်ဘူး။ 


အငြိမ်းစားယူရဖို့အတွက်ဆို ပြဿနာတိုင်းက အသေးအမွှားလေးဖြစ်သွားပြီ။ 


ဗိုက်ဖြည့်ပြီးနောက် ယန်ရွှမ်၂၄ နာရီစတိုးဆိုင်သို့ပြန်လာကာ အလုပ်ဆက်လုပ်နေလိုက်သည်။ 


တာဝန်ထမ်းဆောင်ရမည့်ကမ္ဘာများထဲမှ ရသမျှပိုက်ဆံတို့ကို ပင်စင်လစာအဖြစ် လှယ်လှဲပေးသွားမှာဖြစ်လို့ အချိန်ပိုင်းအလုပ်ကလည်း လိုကိုလိုအပ်ပေသည်။ 


အံ့အားသင့်ဖွယ်အငြိမ်းစားဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ဖို့က မင်းပိုက်ဆံကြိုးစားပမ်းစားရှာထားရန်လိုသည်။ 


ယန်ရွှမ်သည် ဂြိုဟ်အမှတ် GKD43 ကို စိတ်ဝင်စားနေခဲ့သည်မှာ အတော်ကြာခဲ့လေပြီ။ ထိုနေရာ၏ရာသီဥတုနှင့် ပုံမှန်အပူချိန်က အတော်လေးသင့်တင့်သည့်အပြင် လမ်းပန်းဆက်သွယ်ရေးကလည်း အလွန်ကောင်းမွန်လှသည်။ သူ့တွင် ထိုဂြိုဟ်ကိုဝယ်ယူဖို့ ပိုက်ဆံအလုံအလောက်လည်းရှိနေလေပြီ။ 


သူပင်စင်ယူပြီးလျှင် ထိုဂြိုဟ် 43 တွင် လတ်ဆတ်အေးမြသော ပင်လယ်လေကိုရှုရှိုက်ရင်း အသီးဖျော်ရည်တစ်ခွက်နှင့် သူ့ဘဝ၏အခိုက်အတန့်တိုင်းကို ပျော်ပျော်ရွှင်ရွှင်ခံစားပစ်လိုက်မည်။ 


“မင်းဘာတွေတခစ်ခစ်ဖြစ်နေတာလဲ”


ပစ္စည်းစစ်နေသော လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ယန်ရွှမ်ကိုလှမ်းစလာသည်။


ယန်ရွှမ် ခပ်ပါးပါးပြုံးလိုက်သည်။ 


“သေချာပေါက်ငါပျော်ရမှာပေါ့။ ဒီနေ့ကလကုန်ရက်လေ”


၂၄နာရီစတိုးဆိုင်တွင်အလုပ်လုပ်ခြင်းက သူ့အတွက် တစ်လကို ဒေါ်လာ၉၀၀ ဝင်လေသည်။ 


စေ့စေ့စပ်စပ်သုံးမည်ဆိုလျှင် ထိုလစာက စားစရိတ် ၂လ၃လစာလောက် ယန်ရွှမ်ကာမိနိုင်သည်။ 


ယန်ရွှမ် အနှီငွေကိုးရာကို ဂရုတစိုက်သုံးစွဲရမည်။ 


သူ့လုပ်ဖော်ကိုင်ဖက်က သူ့အိမ်အခြေအနေကိုသိထားသဖြင့် သူ့အား ဂရုစိုက်သတိပေးလာခဲ့သည်။ 


“ပိုက်ဆံတွေကို မင်းအဖေကိုထပ်မပေးဘဲ မင်းပဲသိမ်းထားသင့်တယ်။ သူကိုမင်းဘယ်လောက်ပေးပေး လောက်မှာကိုမဟုတ်ဘူး”


ယန်ကိုဖုသည် လောင်းကစားကိုအလွန်အကျွံစွဲလမ်းနေသည်ဖြစ်ရာ သူ့မှာ ရှိသမျှအကုန်ကုန်သွားလျှင် ယန်ရွှမ်ကိုထပ်ပေးဖို့ လာတောင်းဦးမည်ပင်။ 


ယန်ရွှမ် သူ့ပိုက်ဆံများကိုကိုင်လျက် သူ့အဖေအား လောင်းကစားမလုပ်တော့ဖို့ တောင်းဆိုကာ နောက်ဖေးလမ်းကြားတွင်ငိုယိုနေသည်ကို အနှီလုပ်ဖော်ကိုင်ဖက်က မျက်မြင်ကိုယ်တွေ့ မြင်ထားဖူးပေ၏။ 


သနားစရာယန်ရွှမ်က စိတ်သဘောထားကောင်းမွန်ပြီးရိုးသားတဲ့ကလေးပေမဲ့ ဘာလို့များ ဒီလိုအဖေမျိုးနဲ့တွေ့ကြုံရတာပါလိမ့်။ 


ယန်ရွှမ် သူ့လုပ်ဖော်ကိုင်ဖက်ကို ချိုသာစွာပြုံးပြလိုက်သည်။ 


“ငါမပေးတော့ပါဘူး”


အခုချိန်ကစပြီ သူ့ဆီကနေ ဘယ်သူမှတစ်ကျပ်တစ်ပြားတောင်ရဖို့ မမျှော်လင့်နဲ့တော့။  


----


ညနေပိုင်းအလုပ်မဆင်းခင်၌ ယန်ရွှမ် အမှိုက်ပစ်ရန်နောက်ဖေးလမ်းကြားဆီသို့ထွက်လာခဲ့သည်။ 


ထို့နောက် အမှောင်ထုထဲမှ အရိပ်တစ်ခု ရုတ်ခြည်းထွက်ပေါ်လာကာ ယန်ရွှမ်၏ပေါင်တစ်ဖက်ကို တင်းကြပ်စွာမလွတ်တမ်း ဆွဲဖက်ထားလေသည်။


“ရွှမ်လေး အဖေတောင်းပန်ပါတယ်။” 


ယန်ကိုဖုသည် ဒူးထောက်လျက် ပြင်းပြင်းထန်ထန်ငိုကြွေးလာ၏။ 


“အဖေကျိန်ရဲပါတယ်။ ဒါနောက်ဆုံးတစ်ခေါက်ပဲ။ ဥက္ကဌချင်ရဲ့စာချုပ်ကိုသဘောတူလိုက်ပါကွာ။ သူတို့သာပိုက်ဆံမရသေးရင် သူတို့အဖေကိုအသေသတ်တော့မှာ!ရွှမ်လေး အဖေ တောင်း...တောင်းဆိုပါတယ်။ အဖေ့ကို ဒီနောက်ဆုံးတစ်ခေါက်ပဲ ကယ်ပေးပါကွာ... အဖေလောင်းကစားလည်းထပ်မလုပ်တော့ပါဘူး”


ယန်ရွှမ် သူ့အရပ်တစ်ဝက်လောက်နီးနီးရှိသည့် အမှိုက်အိတ်ကို လက်တစ်ဖက်ဖြင့်သယ်ထားရလေသည်။


အမှိုက်ထုပ်အလေးချိန်ရော၊ ထိုလူ့အမှိုက်၏အလေးချိန်ကြောင့်ပါ သူ၏ထိခိုက်လွယ်သောခန္ဓာကိုယ်မှာ ပြိုလဲသွားတော့မလိုပင်ထင်လိုက်မိသည်။  


မနီးမဝေးရှိ ဇိမ်ခံကားထဲတွင် ချင်ယွီပိုင်သည် စီးကရက်တစ်လိပ်ကိုသောက်လျက် လှောင်ရယ်လိုက်သည်။ 


“ရဖို့ခက်တဲ့ပုံစံ လာဖမ်းနေတာပဲ”


ဒါပေမဲ့ ဘာအ‌ရေးလဲ။ 


ဘယ်လိုဖြစ်ဖြစ် နောက်ဆုံးတော့ သူရိုရိုကျိုးကျိုး ဒူးထောက်ရမှာပဲ‌ဟာ။ 



လောင်းကစားစွဲနေတဲ့အဖေအပေါ် အမြဲသည်းခံပြီး ပင်ကိုအရင်းခံ စိတ်ဓာတ်ပျော့ညံ့တဲ့ ဒီလိုလူမျိုးက အသုံးချခံ၊ အမြတ်ထုတ်ခံရဖို့သက်သက် အသက်ရှင်နေကြတာပဲလေ။


သူ့မှာ ချင်ချင်းလို အရာအားလုံးကိုပြတ်သားနိုင်စွမ်းရှိသည့် အေးစက်စက်စိတ်ဓာတ်မျိုးမရှိချေ။ 


မေ့လိုက်တော့။ သူက အစားထိုးခံသက်သက်ပဲ။ ဘာတစ်ခုမှမတူတာထက်စာရင် ရုပ်ချင်းဆင်နေတာက ခံသာပါသေးတယ်လေ။ 


ချင်ယွီပိုင်၏သည်းခံနိုင်စွမ်းသည် ဂိတ်ဆုံးသို့ ရောက်လုနီးပါးဖြစ်နေပြီပင်။ 


သူ ချင်ချင်းကိုနာကျင်အောင်မလုပ်ချင်သည့်အတွက် သူ့အလိုဆန္ဒများကိုဖြေဖျောက်ဖို့ နေရာတစ်ခုရှာရန်လိုအပ်လာပေသည်။


ချင်ယွီပိုင် မည်းမှောင်သောမျက်နှာထားဖြင့် သူ့စီးကရက်ကို တစ်ချက်ရှိုက်ဖွာလိုက်သည်။ 


“သွားမယ်”


ဝေယီချန်းသည် ကားအပြင်သို့ထွက်ကာ ချင်ယွီပိုင်အတွက် ကားတံခါးဖွင့်ပေးလာသည်။ သူ့မွေးစားအဖေကြောင့် ယိုင်နဲ့နေသော ယန်ရွှမ်ရှိရာထောင့်ချိုးဆီသို့ သူတစ်ချက်ကြည့်လိုက်သည်။ 


သူတကယ်ပဲ ရဖို့ခက်တဲ့ပုံစံမျိုး ဟန်ဆောင်နေတာလား။ 


သူ့လိုအရွယ်ရောက်နေတဲ့သူက ဒီလိုလှည့်စားမှုသေးသေးလေးတောင် မမြင်နိုင်တာ စိတ်မကောင်းစရာပဲ။ 


“အဖေ” 


ယန်ရွှမ် အဆုံး၌စကားစလိုက်သည်။ သူသည် အမှိုက်ထုပ်ကိုပစ်ချကာ သူ့အိတ်ကပ်ထဲမှ ဒေါ်လာကိုးရာကို ထုတ်လိုက်ပြီးပြောလာသည်။


“ဒါ ကျွန်တော်ဒီနေ့လေးတင်ရလာတဲ့ လစာ။ အားလုံးပေါင်း ဒေါ်လာကိုးရာရှိတယ်”


ချင်ယွီပိုင် တိတ်တဆိတ်သရော်လိုက်သည်။ အကြွေးဒေါ်လာတစ်မီလီယံနဲ့ယှဉ်လျှင် ဒေါ်လာကိုးရာဆိုတာ ရေပုံးထဲကရေစက်လေးတစ်စက်မျှသာဖြစ်ချေသည်။ 


သူက ရယ်စရာကောင်းလောက်အောင် တော်တော်တုံးတာပဲ။


ရန်ကိုဖုခမျာမအီမသာဖြင့် မျက်နှာကြီးရဲတက်လာသည်။ 


“ရွှမ်လေး ဒေါ်လာရာဂဏန်းလောက်က ဒီအချိန်မှာဘာမှမဟုတ်ဘူးလေ။ အဲဒါ...”


ယန်ရွှမ်သည် ရန်ကိုဖု၏မျက်နှာရှေ့တွင် ထိုဒေါ်လာကိုးရာအား တဖျတ်ဖျတ်အသံများမြည်သည်အထိ ခါယမ်းပြကာ 


“ဒါကကျွန်တော့်ဟာ” ဟုဆိုလိုက်သည်။ 


သူ အနည်းငယ်ပြုံး၍ “ခင်ဗျားအတွက်မဟုတ်ဘူး” ဟုထပ်မံပြောလိုက်သည်။ 


ဒီမှာ ‌ဒေါ်လာကိုးရာတွေ့လား။ ကျွန်တော့်ဟာ။ ခင်ဗျားဖို့မဟုတ်ဘူး။ 


တစ်ဖက်လူ၏လက်ထဲမှ သူ့ပေါင်ကိုခပ်ကြမ်းကြမ်းဆွဲထုတ်ကာ ယန်ရွှမ်သည် အမှိုက်ပုံးဆီသို့ အမှိုက်ထုပ်ကို တရွတ်တိုက်ဆွဲယူသွားလေသည်။ သူအရပ်လောက်နီးနီးရှိသော အမှိုက်အိတ်ကို အမှိုက်ပုံးထဲသို့ သူခက်ခက်ခဲခဲပစ်ထည့်လိုက်၏။ 


ထို့နောက် လက်နှစ်ဖက်မှ ဖုန်တွေကိုခါပြီး ယန်ရွှမ်ပြန်လှည့်လာခဲ့သည်။ 


ချင်ယွီပိုင်သည် လမ်းကြား၏အဆုံးတစ်ဖက်၌ရပ်နေကာ ရန်ကိုဖုက သူ့ခြေထောက်နားတွင် ဒူးထောက်ရှိခိုးနေ၏။ 


“ဥက္ကဌချင်။ ကျွန်တော်ကသူ့အုပ်ထိန်းသူ၊ သူ့အဖေပါ! သူ့အတွက်ကျွန်တော်လက်မှတ်ထိုးပေးပါ့မယ်။ ဒါကြောင့်... ကျေးဇူး...ကျေးဇူးပြုပြီး ကူညီပေးပါ...”


ထိုအမျိုးသား၏ကျယ်‌လောင်သောငိုသံက တိတ်ဆိတ်သောလမ်းကြားထဲ၌ပဲ့တင်ထပ်နေလေသည်။ 


ယန်ရွှမ်မှာ အများနှင့်တစ်ယောက်ရင်ဆိုင်နေရသည်ပင်။ 


ရန်ကိုဖုသည် ချင်ယွီပိုင်၏ပေါင်ကိုဖက်လိုက်သည့်အခိုက် သူ့ဘေးနားရှိ သက်တော်စောင့်တစ်ယောက်ထံမှ လျင်လျင်မြန်မြန်ပင်အကန်ခံလိုက်ရပြီး ပို၍စိတ်ပျက်စရာကောင်းအောင်ပင် နင့်နင့်သည်းသည်းငိုကြွေးလာလေသည်။


မလျှော့သောဇွဲဖြင့် သူသည် လက်တုန်ခြေတုန်ဖြင့် ယန်ရွှမ်ဘက်သို့ရောက်ရှိလာပြန်သည်။ 


“ရွှမ်လေး...အဖေ့ကိုကယ်ပါဦး...”


ချင်ယွီပိုင်သည် ယန်ရွှမ်နားသို့ မရောက်တရောက်အနေအထားအထိ ခြေလှမ်းကျဲကျဲဖြင့် ဖြည်းညှင်းစွာလျှောက်လာခဲ့သည်။


ထို့နောက် အိတ်ကပ်ထဲမှ သူ့လက်တစ်ဖက်ကိုထုတ်၍ ယန်ရွှမ်၏မေးစေ့ကိုညှစ်ကာ ညစ်ကျယ်ကျယ်စကားဆိုလာလေသည်။ 


“မင်းအဖေသေတာကို မင်းတကယ်မြင်ချင်တာလား”


ယန်ရွှမ် ချင်ယွီပိုင်ကိုသာစိုက်ကြည့်နေခဲ့သည်။ 


မည်းနက်သောမျက်လုံး၊ မြင့်မားသောမျက်ခုံးတို့ဖြင့် ချင်ယွီပိုင်၏အစိတ်အပိုင်းတို့က ကြမ်းတမ်းခက်ထန်ပုံပေါက်နေသည်။ 


သူ့နှာတံမှာ ရှည်လျားဖြောင့်စင်းကာ သူ့မျက်နှာသွင်ပြင်ကောက်ကြောင်းတို့သည် နိုင်ငံခြားသွေးနှောဖြစ်ကြောင်း အရိပ်အမြွက်ပေးနေသကဲ့သို့ ထင်ရှားပြတ်သားလှ၏။ 


ချောတယ်။ 


၁၀မှတ်မှာ ၉.၅ ပေးတယ်။ 


၀.၅မှတ်နုတ်တာက သူ့ယောက်ျားပီသမှုကို ထိခိုက်အောင်အထိ ကပ်စေးနှဲလွန်းတာကြောင့်ပဲ။ 


ခြုံကြည့်မယ်ဆို ချင်ယွီပိုင်က သူနှင့် [ဆင်ဆာ]ဖို့အတွက် အရည်အချင်းပြည့်မှီပါတယ်လေ။ 


ချင်ယွီပိုင်သည်လည်း ယန်ရွှမ်ကို စိုက်ကြည့်နေခဲ့သည်။ 


သူ့အိုးမှုတ်ခွက်ဆံပင်နှင့် ကြီးမားထူထဲကာရုပ်ဆိုးသည့် မျက်မှန်တို့က သူ့မျက်နှာအလှကို ကာဆီးထားသော်လည်း သူမျက်မှန်မပါသည့်ရုပ်ရည်သွင်ပြင်ကို မြင်ဖူးသည့်မည်သူမဆို ထိုကောင်လေး၏ အသက်ရှုမှားလောက်မည့် မျက်နှာမျိုးကို ဘယ်တော့မှ မေ့နိုင်မှာမဟုတ်တော့ပေ။ 


ပိုကောင်းသည်မှာ သူက ချင်ချင်းနှင့်သိသိသာသာ ဆင်တူနေချင်းပင်။


ချင်ယွီပိုင် အားအနည်းငယ်ထပ်သုံး၍ “ပြောစမ်း” ဟုမေးလာသည်။ 


“ကျွန်တော်မမြင်ချင်ပါဘူး” ယန်ရွှမ်ပြန်ဖြေလိုက်သည်။ 


ချင်ယွီပိုင်အေးစက်စွာပြုံးလိုက်ရင်း

“သူသေတာကိုမမြင်ချင်ရင် ဘာလုပ်ရမလဲမင်းသိသင့်တယ်”


“ခင်ဗျားသာ ကျွန်တော့်ရှေ့မှာသူ့ကိုရိုက်မယ်ဆိုရင်” 


ယန်ရွှမ် ခပ်တည်တည်ပြောလိုက်သည်။ 


“ကျွန်တော် ကျွန်တော့်မျက်လုံးတွေကိုမှိတ်ထားလိုက်မယ်”


သူသေသွားမှာကိုမလိုချင်တာမဟုတ်ဘူး။ သူသေတာကိုပဲမကြည့်ချင်တာလေ။ 


မင်းကွဲကွဲပြားပြားသဘောပေါက်လိုက်စမ်းပါ။ 


ချင်ယွီပိုင် ယန်ရွှမ်မျက်ဝန်းများကို စိုက်ကြည့်လိုက်သည်။ ကြည်လင်ရှင်းလင်း၍ အပြစ်ကင်းစင်သောထိုမျက်လုံးတို့သည် ချင်ချင်းနှင့် အတူညီဆုံးအစိတ်အပိုင်းတို့ပင်ဖြစ်သည်။  


“သူ့လက်တစ်ချောင်းကိုဖြတ်လိုက်”


“မလုပ်ပါနဲ့-“


ငိုသံတို့က ခဏတွင်းချင်းမှာတင် ပြင်းထန်လာသည်။ 


ချင်ယွီပိုင် ယန်ရွှမ်၏မျက်ဝန်းများကို စူးစူးစိုက်စိုက်ကြည့်လိုက်သည်။ ယန်ရွှမ်တွင် ဘာပြောင်းလဲမှုမှမရှိနေခြင်းကို သူမယုံကြည်နိုင်ဖြစ်သွားရ၏။ 


မျက်တောင်တစ်ချက်လောက်တော့ခတ်သွားတယ်။ 


ချင်ယွီပိုင်တွေးနေသည်ကိုသာ ယန်ရွှမ်သိခဲ့လျှင် လူတိုင်းက သာမန်အားဖြင့် နှစ်စက္ကန့်တိုင်း မျက်တောင်တစ်ခေါက်ခတ်သည် ဟူသော သိမှတ်ဖွယ်ရာ ဗဟုသုတတစ်ခုအား သေချာပေါက်ပြောပြမှာပင်။ 


ယန်ရွှမ် : “ကျွန်တော်အလုပ်ပြန်သွားလုပ်ရဦးမယ်”


“ရွှမ်လေး-“


ဟ အသတ်ခံရတဲ့ဝက်လိုလာငိုနေတာပဲ။ 


ယန်ရွှမ် ခေါင်းအားစောင်းကာ သူ့‌မေးစေ့ညှစ်ခံထားရသည်ကိုဖယ်ရှားပြီး ချင်ယွီပိုင်ရှေ့မှ ဖြတ်လျှောက်သွားတော့သည်။


 သက်တော်စောင့်တွေထံမှဖိချုပ်ခံထားရသည့် ရန်ကိုဖုကိုရှေ့မှဖြတ်သွားသည့်အခိုက်တွင် ထိုသူသည် ယန်ရွှမ်အား သူ့ကိုကူညီရန် ရုန်းကန်အော်ဟစ်နေဆဲပင်။ 


“သူ့လက်ညှိုးကိုသေချာဖြတ်ဦး” 


ယန်ရွှမ် ဝေယီချန်းအား ဂရုတစိုက်အကြံပေးလိုက်သေးသည်။ 


"ဖဲဆော့ရင် သူက အဲလက်ကိုသုံးပြီး ပွတ်ရတာကြိုက်တယ်”


ဝေယီချန်းသည် သူ့အား နားမလည်နိုင်သောအကြည့်တစ်ချက်ပေးလာသည်။ ယန်ရွှမ်ကတော့ ရိုးစင်းစွာပင် မျက်စိတစ်ဖက်သာပြန်မှိတ်ပြခဲ့လေသည်။


အတွေးထဲသို့ မသင့်လျော်သောစကားခြောက်လုံးဝင်လာသည်နှင့် ဝေယီချန်း၏မျက်ခုံးတို့ တုန်လှုပ်သွားသည်။ 


-လူပျိုစစ်တုန်းပဲနော်-


ရိုးသားပေမဲ့ ပုံမှန်မဟုတ်ဘူး။ သာမန်မဆန်တဲ့ အပျော်အပါးထဲမှာ မဖုံးကွယ်နိုင်လောက်အောင် နစ်မွန်းနေတာပဲ။ 


ရန်ကိုဖုသည် စိတ်ပျက်ဖွယ်အော်ဟစ်ငိုကြွေးနေခဲ့၏။ ယန်ရွှမ် ပစ္စည်းသိမ်းပြီး အလုပ်ဆင်းသည့်အချိန်မှာတောင် သူ၏အော်သံများအား ဝိုးတဝါးကြားနေရဆဲပင်။ 


သူတို့ သူ့လက်ညှိုးကိုတကယ်ဖြတ်လိုက်လို့လား။ ဒါမှမဟုတ် သူလုပ်ဇာတ်ခင်းနေတာလား။ 


သူ့ဟောင်းနွမ်းနေသောအိတ်ကိုသယ်ကာထွက်လာသည်နှင့် ဇိမ်ခံကားတစ်စီး၏ ဟန့်တားခြင်းကိုခံလိုက်ရသည်။ 


“တက်”


ကားထဲတွင် ကားဆရာအပြင် ချင်ယွီပိုင်တစ်ယောက်တည်းသာရှိသည်။ ဝေယီချန်းက ရန်ကိုဖုနှင့် အ‌ပေးအယူလုပ်ဖို့ ကျန်ခဲ့သည်ဖြစ်မည်။ 


ယန်ရွှမ် : အလကားစီးရလို့မငြင်းတော့ဘူး


အခု သူနှင့်ဘယ်လိုညှိနှိုင်းရမလဲဆိုတာကို ချင်ယွီပိုင်အကြံထုတ်နေကြောင်း သူရိပ်မိသည်။ 


ကားထဲတွင် ယန်ရွှမ်သည် သူ့အိတ်ကိုပိုက်ကာ ချင်ယွီပိုင်နှင့် ဝေးနိုင်သမျှဝေးအောင် ထိုင်နေသည်။ တဏှာရူးစိတ်တွေ သူ့ဆီကူးစက်လာမှာကိုတော့ သူစိုးရိမ်ပါရဲ့လေ။ 


“ရန်ကိုဖုကိုမင်းအတွက် ဂရုစိုက်ပေးမယ်။ ပြီးတော့ နစ်နာကြေးအနေနဲ့ နောက်ထပ်၁မီလီယံ မင်းကိုပေးမယ်”


ဒါတိုးတက်မှုပဲ။ 


အနည်းဆုံးတော့ သူအခု အလကားအလုပ်လုပ်ပေးစရာ မလိုတော့ဘူးလေ။ 


“ရန်ကိုဖုကို ခင်ဗျားဘယ်လိုဂရုစိုက်ဖို့ စဉ်းစားထားလဲ”


ချင်ယွီပိုင်၏ကမ်းလှမ်းချက်ကို သွယ်ဝိုက်စွာသဘောတူရင်း ယန်ရွှမ်မေးလိုက်၏။ 


မူရင်းဇာတ်ကြောင်းထဲတွင် ၁မီလီယံကိုသာ ဖော်ပြထားသည့်အတွက် ဝိညာဉ်ကူးပြောင်းရေးဌာန၏ တွန့်တိုတတ်သည့်သဘာဝအရ ဒီပမာဏထက်မကျော်လွန်နိုင်တာမျိုးဖြစ်နိုင်ပေသည်။ ဒီအပိုမီလီယံရရှိခြင်းကပင် ယန်ရွှမ်အတွက် အမြတ်ဖြစ်နေပြီလေ။ 


ယန်ရွှမ်သည် သူ့ကံကြမ္မာကို ဘယ်အချိန်မှာစမ်းသင့်သည်၊ မစမ်းသင့်သည်ကိုကောင်းကောင်းသိသည်။ အချိန်နဲ့အားစိုက်ထုတ်မှုကို သူဘယ်တော့မှ ဖြုန်းတီးမည်မဟုတ်ပေ။ 


အပိုင်း 3 ပြီး။

---