အပိုင်း ၁၆
Viewers 3k

Ch 16


ကျီယောက်သည် လမ်းကျဉ်းလေးပေါ်သို့ ခြေချလိုက်သည်။ 


ကျောင်းဝင်းထဲမှ ချုံပင်များသည် ရှုပ်ပွထူထဲနေပြီး မြေပြင်ပေါ်သို့ ကြွေကျကာ ပုပ်သိုးသွားသော်လည်း မည်သူမျှ ဂရုစိုက်ကောက်ယူခြင်းမရှိသော လိမ္မော်သီးများ၏ အနံ့အသက်ဆိုးကဲ့သို့ တစ်စုံတစ်ရာ မနှစ်မြို့ဖွယ် အနံ့အသက်ကို ထုတ်လွှတ်နေ၏။


ယခင်ကချိုမြိန်ခဲ့သော အနံ့သည် တဖြည်းဖြည်း စက်ဆုပ်ဖွယ်ရာ အဖြစ်သို့ ပြောင်းလဲသွားသည်။


ကျီယောက်ရပ်လိုက်ပြီး နောက်ပြန်လှည့်ကြည့်လိုက်သည်။


လမ်း၏ လိမ်ကောက်သော အချိုးအကွေ့များကြောင့် ထိုလမ်းဆုံအပြင်၊ အခြားပုံရိပ်များကို သူမမြင်ရတော့ပေ။


ကျီယောက် လှည့်၍ ချုံပင်များကို တစ်ချက်ပြန်ကြည့်လိုက်သည်။ ထို့နောက် သူသည် ကျောင်းပြင်သို့ ထွက်သည့်လမ်းအတိုင်း ဆက်လျှောက်သွားတော့သည်။


ကျီယောက်သည် ဟိုတယ်တွင် ယန်ရွှမ်ကို စောင့်နေခဲ့သည်။ သူ၏ မှတ်ပုံတင်ကတ်ကို ဤနေရာတွင် အခန်းငှားရာ၌ အသုံးပြုထားဆဲဖြစ်ရာ ၎င်းကို ပြန်လည်ရရှိရန် ယန်ရွှမ်၏မှတ်ပုံကို ယူဆောင်လာခိုင်းဖို့ လိုအပ်ပါ၏။ 


အချိန်ကို ကြည့်လိုက်ပြီး ယန်ရွှမ်တစ်ယောက် သူ့အဝတ်အစားများ ယူဆောင်လျက် ဤနေရာသို့ လာမည့်အချိန် ရောက်တော့မည်ဖြစ်သည်။


သို့သော် ကျီယောက် နာရီဝက်ခန့် စောင့်ဆိုင်းပြီးသည့်တိုင် ယန်ရွှမ်၏ အရိပ်အယောင်ကိုမျှ မတွေ့ရသေးပေ။


"ဟေး လူချောလေး၊ တစ်ယောက်ယောက်ကို စောင့်နေတာလား"


ဧည့်ကြိုကောင်တာမှ ဝန်ထမ်းသည် အလုပ်ဆင်းချိန် လူလဲရန် ထွက်လာစဉ် ကျီယောက်ကို ချက်ချင်း မှတ်မိသွား၏။


အမှန်တကယ်တွင်၊ ဤကဲ့သို့ ထူးကဲသော ရုပ်ရည်နှင့် အမူအရာရှိသော ကောင်လေးတစ်ယောက်ကို မေ့ပစ်ရန် ခဲယဉ်းပေလိမ့်မည်။


ကျီယောက်က သူ့ကို ခေါင်းညိတ်ပြလိုက်သည်။


ထိုအပြုအမူက ဧည့်ကြိုဝန်ထမ်းကို ပျော်ရွှင်သွားစေသည်။ ဤချောမောသောကောင်လေးသည် သူ၏ ရေခဲတမျှ အေးစက်သော အမူအရာနှင့်မလိုက်အောင် ယဉ်ကျေးမှု အနည်းငယ်ရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ 


 "မင်းရဲ့သူငယ်ချင်း ပြန်မလာသေးဘူးနော်"


"ကျွန်တော် သိပါတယ်၊ ကျေးဇူးပါ။"


"သူ့ကို ဖုန်းဆက်ပြီး မေးကြည့်ပါလား၊ ဒီတိုင်း ထိုင်စောင့်နေမယ့်အစားလေ။"


ကျီယောက်က မျက်လုံးများကို အောက်စိုက်လိုက်ပြီး ရှောင်တိမ်းလိုသော အမူအရာဖြင့် စကားဝိုင်းကို အဆုံးသတ်လိုက်သည်။


"မင်းမှာ သူ့ဖုန်းနံပါတ် မရှိဘူးလား" ဧည့်ကြိုဝန်ထမ်းက သူကြုံတွေ့နေရသည့် အကျပ်အတည်းကို ချက်ချင်း သတိပြုမိသွားပြီး စာရွက်ပိုင်းတစ်ပိုင်းကို သွားယူကာ ယန်ရွှမ် မနက်က ဟိုတယ်ကိုပေးထားသည့် ဖုန်းနံပါတ်ကို ကျီယောက်အတွက် စိတ်အားထက်သန်စွာ ရေးပေးလိုက်၏။


ကျီယောက်က စာရွက်ကို ယူလိုက်သည်။ "ကျေးဇူးတင်ပါတယ်။"


ဧည့်ကြိုဝန်ထမ်းက ယောက်ျားအချင်းချင်းဖြစ်သော်လည်း ချောမောမှုကို အသိအမှတ်ပြုသည့်အနေဖြင့် ကျီယောက်ကို လက်မထောင်ပြလိုက်သည်။ 


ချောမောပြီး ယဉ်ကျေးသည်။ မဆိုးလှပေ။


ဖုန်းမျက်နှာပြင်ပေါ်တွင် ဂဏန်းရှည်တန်းကြီးတစ်ခု ပေါ်လာသည်။ ၎င်းတို့ကို ခေါ်ဆိုလိုက်သည်နှင့် အခြားလူတစ်ဦးနှင့် ဆက်သွယ်နိုင်ပေလိမ့်မည်။


ကျီယောက်သည် ထိုနံပါတ်များကို အချိန်အတော်ကြာ ငုံ့ကြည့်နေခဲ့ပြီး၊ သူ၏မျက်လုံးများက ကီးပက်နှင့် ဖုန်းနံပါတ်ကြားတွင် ဟိုဒီရွှေ့လျားနေသည်။ 


သူ၏ဖုန်းထဲတွင် မိသားစုဝင်အနည်းငယ်နှင့် ယုံကြည်ရသော စီမံခန့်ခွဲသူများ၏ နံပါတ်များသာရှိပြီး ချင်ချင်း၏ နံပါတ်ပင်လျှင် ဤနေရာတွင် မရှိပေ။


ချင်ချင်းတွင် ဖုန်းမရှိပါချေ။


ချင်ချင်းသည် ခေတ်သစ်လူသားတစ်ဦးနှင့် မတူလောက်အောင် အလွန်အထီးကျန်ဆန်စွာ နေထိုင်သူဖြစ်သည်။ သူသည် ဖုန်းနှင့် ကွန်ပျူတာကဲ့သို့သော အီလက်ထရွန်နစ်ပစ္စည်းများကို မသုံးသလို၊ လူမှုရေးရာများတွင်လည်း မပျော်မွေ့တတ်ပေ။ 


သူ၏ ကျန်းမာရေးချို့တဲ့မှုကြောင့် မည်သည့်ပွဲအခမ်းအနားတွင်မဆို မျက်နှာပြလေ့မရှိ။


ရယ်စရာကောင်းသည်ဟု ထင်ရနိုင်သော်လည်း၊ သူ ချင်ချင်းနှင့် နောက်ဆုံးစကားပြောခဲ့သည်မှာ ဘယ်တုန်းကဖြစ်သည်ကို ကျီယောက် မမှတ်မိနိုင်လောက်အောင်ပင်။


ချင်ချင်းသည် သူ့ပတ်လည်တွင် ထူထဲသော နံရံများဖြင့် ပိုးအိမ်တစ်ခုကို တည်ဆောက်ထားခဲ့ပြီး ထိုအတွင်း၌ သူသည် လောကီရေးရာများကို ဂရုမစိုက်ဘဲ ပန်းချီဆွဲခြင်း၊ စန္ဒယားတီးခြင်းတို့ကို လွတ်လပ်စွာ ပြုလုပ်နေခဲ့သည်။


ကျီယောက်ကလည်း သူ့ကို အနှောင့်အယှက်ပေးရန် တစ်ခါမျှ မစဉ်းစားခဲ့ဖူးပေ။


တစ်ခါတစ်ရံ သူသည် ချင်မိသားစုအိမ်တော်သို့ သွားပြီး အဝေးမှ တစ်ချက်ကြည့်တတ်သည်။ ချင်ချင်း နေကောင်းနေသည်ကို မြင်ရခြင်းသည်ပင် သူ့အတွက် လုံလောက်နေခဲ့သည်။


ကျီယောက်၏ မျက်နှာပေါ်တွင် ရှားရှားပါးပါး အပြုံးတစ်ခု ပေါ်လာပြီး သူ၏မျက်လုံးများက ကိုင်ထားသော စာရွက်လေးပေါ်သို့ တစ်ဖန် ပြန်ကျရောက်သွားသည်။


သူသည် ထိုနံပါတ်ကို ခေါ်ဆိုလိုက်ပြီး ချင်ချင်းနှင့် ဆင်တူသော လူတစ်ဦးနှင့် ဆက်သွယ်လိုက်သည်။ 


ဖုန်းခေါ်ဆိုမှု စတင်သွားပြီးနောက် သူပင်လျှင် အနည်းငယ် စိတ်လှုပ်ရှားလာသည်။ နှစ်စက္ကန့်ခန့် တိတ်ဆိတ်သွားပြီးနောက် သူက ဦးစွာ စကားစပြောလိုက်သည်။


"မင်း ဘယ်မှာလဲ"


"မင်း ဘာလို့ ဟိုတယ်ကို ပြန်မလာတာလဲ"


ဝိုင်စက်ရုံတွင် ရှိနေသော ယန်ရွှမ်သည် ကျီယောက်၏ အသံကို ကြားလိုက်ရသဖြင့် အမှန်တကယ်ပင် အံ့အားသင့်သွားသည်။ ဤတစ်ကြိမ်တွင် သူ ဟန်ဆောင်နေရန်ပင် မလိုအပ်တော့ချေ။


ကျီယောက်ပဲ! ဒါက ၁၀% ဆက်ဆံရေးတိုးတက်မှုမှာ မင်းပြောလာတဲ့ ရွှေစကားတွေပေါ့လေ?! ဘာမှထပ်မပြောနဲ့တော့၊ ဒီဖေဖေက မင်းကိုချစ်သွားပြီ!


ဖုန်းကို ကိုင်ထားသော လက်သည် ရုတ်တရက် တင်းကျပ်သွားသည်။


ထို့နောက်အက်ကွဲသံတစ်ခုကို ကြားလိုက်ရပြီး မူလတည်းက ကွဲအက်နေသော ဖုန်းမျက်နှာပြင်ထောင့်မှ ပင့်ကူအိမ်သဖွယ် အက်ကွဲကြောင်းများ ပို၍ ပျံ့နှံ့သွား၏။


"ဟယ်လို?"


ကွဲအက်နေသော ဖုန်းမျက်နှာပြင်မှတဆင့် အသံသည် သစ္စာမပျက် ဆက်လက်ထုတ်လွှင့်နေဆဲဖြစ်သည်။


 အခြားတစ်ဖက်မှ ခံစားချက်မပါသော အသံနေအသံထားသည် ချင်ယွီပိုင်အတွက်မူ တစ်နည်းနည်းဖြင့် လှောင်ပြောင်နေသကဲ့သို့ပင်။


ချင်ယွီပိုင်၏ မျက်နှာအမူအရာက မှောင်မိုက်နေသော်လည်း၊ သူ၏လေသံမှာ တည်ငြိမ်နေဆဲဖြစ်သည်။ 


"ဘာတန် ဝိုင်စက်ရုံ၊ ၁၁၁ ဝမ်နန်လမ်း။"


"ချင်ယွီပိုင်?"


ကျီယောက်၏ အသံသည် ရုတ်တရက် တင်းမာသွား၏။ 


"ယန်ရွှမ် မင်းနဲ့ အတူရှိနေတာလား"


"ယန်ရွှမ်..." ချင်ယွီပိုင်က သူ့လက်မောင်းထဲမှ ဖြူဖျော့နေသော ကောင်လေးကို ကြည့်ရင်း ဖြည်းညင်းစွာ ရေရွတ်လိုက်သည်။ 


"ကြည့်ရတာ ဒီဖုန်းခေါ်ဆိုမှုက မှားခေါ်တာတော့ မဟုတ်လောက်ဘူး"


တစ်ဖက်မှ ဖုန်းချသွားခဲ့ချေပြီ။ ချင်ယွီပိုင်သည် ဟောင်းနွမ်းပြီး ကွဲအက်နေသော ဖုန်းကို စားပွဲပေါ်သို့ ပေါ့ပေါ့ပါးပါး ပစ်တင်လိုက်ပြီး သူ၏ဘယ်ဘက်လက်မောင်းဖြင့် ယန်ရွှမ်၏ ခါးကို ဆက်လက်ဖက်ထားလိုက်သည်။ 


ယန်ရွှမ်၏ မေးစေ့ကို ပြင်းထန်စွာ ဆွဲလှည့်လိုက်သဖြင့် သူ ညည်းညူလိုက်မိသည်။


"ငါ့ကို ပြောစမ်း" ချင်ယွီပိုင်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "မင်း သူနဲ့ အိပ်ခဲ့လား"


သူ ဆွဲလှည့်ခံထားရသော ထောင့်အနေအထားသည် အလွန်အမင်း လွန်ကဲနေသဖြင့် သူ၏ ပါးပြင်များပင် ရွှေ့လျားရန် ခက်ခဲနေသည်။ ယန်ရွှမ်က အခက်အခဲကြားမှ ပြောလာသည်။ "သူက...ခင်ဗျားလောက်...မ...ညစ်ပတ်ဘူး"


ချင်ယွီပိုင်သည် သူ၏ ဆုပ်ကိုင်မှုကို ရုတ်တရက် လွှတ်ချလိုက်ရာ ယန်ရွှမ်သည် အထိန်းအချုပ်ကင်းမဲ့စွာ ရှေ့သို့ ယိုင်လဲသွားသည်။


 နောက်ဆုံးစက္ကန့်တွင်၊ အားကောင်းသော လက်တစ်စုံက သူ၏ တံတောင်ဆစ်ကို ဖမ်းဆုပ်လိုက်သည်။ ၎င်းတို့သည် သူ့ကို ခဏမျှသာ ထောက်ပံ့ပေးပြီးနောက် ချက်ချင်း လွှတ်ပေးလာ၏။ ထိုလက်တို့၏ ပိုင်ရှင်သည် ဘာမှမဖြစ်ခဲ့သကဲ့သို့ ပင် ဘေး၌ ခပ်မတ်မတ် ပြန်ရပ်နေလိုက်သည်။


ယန်ရွှမ်သည် ဝေယီချန်း၏ တောင့်တင်းသော မျက်နှာအမူအရာကို လှမ်းကြည့်လိုက်ပြီး ထိုလူကို တိတ်တဆိတ် မျက်စိတစ်ဖက် မှိတ်ပြလိုက်ပြန်သည်။


ဝေယီချန်းသည် ဘာမှမမြင်သလို ဟိုဘက်သို့ လှည့်သွားသည်။


"ဒါဆိုလည်း ဟိုတယ်မှာ ဘာဖြစ်ခဲ့လဲ ငါ့ကို ပြောစမ်း။" 


ချင်ယွီပိုင်သည် သူ၏ထိုင်ခုံတွင် ပြန်ထိုင်လိုက်ပြီး သူ၏ဖန်ခွက်ထဲမှ ကျန်ရှိသော ဝိုင်နီများကို မော့သောက်လိုက်၏။ 


ဝိုင်များ လည်ချောင်းထဲသို့ စီးဝင်သွားသည့် ခံစားမှုက သူ၏ ရင်ဘတ်ထဲတွင် တောက်လောင်နေသော စိတ်ခံစားမှုများကို ရှားရှားပါးပါး ငြိမ်သက်စေသည်။


ဒါက အစားထိုးတစ်ယောက်သက်သက်ပဲ၊ ဒေါသထွက်ဖို့ မတန်တဲ့ အရာတစ်ခုပဲ။ သူ ဒေါသထွက်စရာ မလိုဘူး။ သူ ဒေါသထွက်လို့ မဖြစ်ဘူး။


စိတ်ပျက်လက်ပျက်ဖြင့် ချင်ယွီပိုင်သည် သူ၏ကော်လံမှ ကြယ်သီးအချို့ကို ဖြုတ်လိုက်သည်။


"ကျွန်တော် ခင်ဗျားကို ရှင်းပြချက်ပေးစရာ မလိုဘူးလို့ ထင်တယ်"


သူ့ကိုယ်သူ ဟန်ချက်ပြန်ထိန်းပြီးနောက်၊ ယန်ရွှမ်သည် စားပွဲပေါ်မှ ဖုန်းကို လက်တစ်ဖက်ဖြင့် လှမ်းယူပြီး အခြားတစ်ဖက်ဖြင့် သူ၏အိတ်ကို ယူလိုက်သည်။


"မင်း ရန်ကောဖုကို သေစေချင်နေတာလား" ချင်ယွီပိုင်က အေးစက်စွာ ပြောလိုက်သည်။


ယန်ရွှမ်သည် ကျောပိုးအိတ်ဇစ်ကို ဆွဲပိတ်လိုက်ရင်း နောက်သို့ပင် လှည့်မကြည့်ပေ။


"ကျွန်တော်တို့က ဥပဒေရှိတဲ့ လူ့အဖွဲ့အစည်းမှာ နေနေတာ၊ ခင်ဗျား ကြိုးစားကြည့်ချင်ရင်လည်း သဘောပဲ"


"မင်း မှန်တယ်။ ငါ ဥပဒေကို ချိုးဖောက်မဲ့ကိစ္စ ဘာမှ မလုပ်ဘူး။ ဒါပေမဲ့ ဂိုဒေါင်မှာ လူအင်အား မလုံလောက်တဲ့အတွက် ရန်ကောဖုလို ဝန်ထမ်းသစ်တစ်ယောက်က ရက်အနည်းငယ်လောက် ညလုံးပေါက် အလုပ်လုပ်ရတာက သဘာဝကျတာပဲ။ ညအနည်းငယ်လောက် ဆက်တိုက် အချိန်ပိုဆင်းခိုင်းတာက ဘယ်သူ့ကိုမှ မထိခိုက်စေဘူးလေ"


ယန်ရွှမ်သည် သူ၏အိတ်ကို လွယ်ရင်း ခြေလှမ်းများ ရပ်တန့်သွားသည်။


သူ၏ တောင့်တင်းသွားသော ပုံစံကို ကြည့်ရင်း ချင်ယွီပိုင်၏ နှုတ်ခမ်းများက အေးစက်ပြီး ရက်စက်သော အကြည့်ဖြင့် ကွေးတက်သွားသည်။


ခေတ္တရပ်ခလုတ်ကို နှိပ်ထားသော ရုပ်ရှင်ကို ပြန်ဖွင့်လိုက်သကဲ့သို့ ယန်ရွှမ်သည် သူ၏အိတ်ကို နေရာတကျ ပြန်ပြင်လိုက်ပြီးနောက် ချင်ယွီပိုင်ကို လှည့်ပြောလိုက်သည်


 "ခင်ဗျား ပြောတာ မှန်တယ် သူ့ကို အချိန်ပိုလုပ်ခပေးဖို့ မမေ့နဲ့ဦးနော်"


ထိုကောင်လေး၏ မျက်ခုံးများသည် ရှုံးနိမ့်ကြောင်း ဝန်မခံလိုသည့် သူ၏ခေါင်းမာမှုကို လက်တွေ့ကျကျ ဖော်ပြနေသည်။ သူ၏ ကျန်ရှိနေသေးသော ဂုဏ်သိက္ခာအနည်းငယ်အတွက်၊ သူသည် ချင်ယွီပိုင်ထံ ခေါင်းမငုံ့ဘဲ သူ၏ မွေးစားဖခင်ကို ဂရုမစိုက်ဟန်ဆောင်နေ၏။


"မကြာခင် ဆောင်းလလယ်ပွဲတော်ရောက်တော့မယ်၊ မိသားစုတွေ ပြန်လည်ဆုံဆည်းရမယ့်နေ့ပေါ့။ အဲဒီအချိန်မှာ ဂိုဒေါင်က လူအင်အား တော်တော်လေး နည်းနေလိမ့်မယ်ဆိုတာ ငါသေချာတယ်။ တစ်ချို့လူတွေကို နည်းနည်းလောက် စတေးပေးဖို့ လိုအပ်လာနိုင်တယ်‌နော်။" 


ချင်ယွီပိုင်သည် သူ၏ ဝိုင်ခွက်ကို ချလိုက်ပြီး ထရပ်လိုက်သည်။ သူသည် ယန်ရွှမ်ထံ ချဉ်းကပ်လာပြီး သူ၏ လက်ဖဝါးကို ယန်ရွှမ်၏ မျက်နှာပေါ်သို့ ဖိကပ်လိုက်ကာ တိုးညှင်းစွာ ပြောလိုက်၏။ "သူက သူ့မိသားစုနဲ့ အချိန်မဖြုန်းရဘဲ ရေခဲတမျှ အေးခဲနေတဲ့ အအေးခန်းထဲမှာ အချိန်ပို လုပ်ရလိမ့်မယ်။"


သူ၏ ကြိုတင်စုံစမ်းထားမှုများအရ ယန်ရွှမ်သည် ငယ်စဉ်က မွေးစားမိဘများ၏ ကျွေးမွေးပြုစုခြင်းကို ခံခဲ့ရသည်။


 သူ၏ မွေးစားမိခင် သေဆုံးပြီးနောက်၊ သူ၏ မွေးစားဖခင်သည် ယန်ရွှမ်အပေါ် အလွန်ဆိုးရွားစွာ ဆက်ဆံခဲ့သော်လည်း ယန်ရွှမ်သည် ဤသွေးမတော်သားမစပ်သော ဆွေမျိုးကို လက်မလွှတ်နိုင်ခဲ့ပေ။


ရန်ကောဖုက သူ့ကို အကြိမ်ကြိမ် လိမ်လည်ခဲ့သော်လည်း၊ သူက ထိုလှည့်ကွက်များထဲသို့ပင် အကြိမ်ကြိမ် မိုက်မိုက်မဲမဲ ကျရှုံးခဲ့သည်။


အချစ်ကို ငတ်မွတ်နေသော ကလေးများသည် မိသားစုသံယောဇဉ်အတုအယောင်ကိုပင် လက်လွှတ်မခံနိုင်ကြပေ။ ယန်ရွှမ်သည် မျက်တောင်များ တဖျပ်ဖျပ်ခတ်ရင်း ခေါင်းငုံ့လိုက်သည်။ သူသည် အကျင့်အတိုင်း နှုတ်ခမ်းကို ပြန်ကိုက်နေပြန်သည်။


ယန်ရွှမ်သည် မနေ့ညက ကုတင်ပေါ်တွင် ဤသို့ ပြုလုပ်ခဲ့သည်။ သူ၏ ရှေ့တွင် ဒူးထောက်ရင်း၊ သူ၏ မျက်လုံးများမှ ပူနွေးသော မျက်ရည်များ စီးကျနေလျက် သူ၏ နှုတ်ခမ်းများကို ပြင်းထန်စွာ ကိုက်ခဲထားခဲ့သည်။


မည်သည့်အရာများဖြစ်လာပါစေ၊ သည်းခံရမည်ဟူသော ပုံစံမျိုးဖြင့်။


သူ၏ အလွန်အမင်း အားကောင်းသော စိတ်ဓာတ်နှင့် လုံလောက်သော အလုပ်အတွေ့အကြုံများကြောင့်သာ ယန်ရွှမ်သည် ထိုနေရာတွင် ကျယ်လောင်စွာ မရယ်မိအောင် ထိန်းထားနိုင်ခြင်းဖြစ်သည်။


ဆောင်းလလယ်ပွဲတော်အတွင်းမှာ အလုပ်လုပ်မယ်ဆိုမူရင်းလစာထက် ၃ ဆ ပိုပြီးရမယ်လေ!


ဒါက အရမ်းလန်းလွန်းတယ်၊ဟား ဟား! 


အပိုင်း 16 ပြီး။


---