အပိုင်း ၁၇
Viewers 3k

Ch 17


အကယ်၍ ချင်ယွီပိုင်သာ ဤအတိုင်း ဆက်လုပ်နေမည်ဆိုလျှင်၊ ထိုလူက သူ၏ ဖုန်းမှန်ကို ကွဲစေခဲ့သည့်တိုင် သူ ဒေါသထွက်မည်မဟုတ်ပေ!


"ဘယ်လိုလဲ၊ ဟိုတယ်အကြောင်း ငါ့မေးခွန်းကို ဖြေဖို့ အဆင်သင့်ဖြစ်ပြီလား။"


ယန်ရွှမ်သည် သူ၏မျက်နှာကို တစ်ဖက်သို့လှည့်လိုက်ပြီး စိတ်ငြိမ်အောင် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။


 "ချင်ယွီပိုင်၊ ကျွန်တော်တို့ကြားမှာ စာချုပ်ရှိတယ်။ ခင်ဗျား ကျွန်တော့်ကို ခေါ်တဲ့အခါ ကျွန်တော် လာရမယ်။ ဒါပေမဲ့၊ ခင်ဗျား ကျွန်တော့်ကို မခေါ်တဲ့အချိန်မှာ ကျွန်တော် လွတ်လပ်စွာ သွားလာလုပ်ဆောင်ခွင့် ရှိတယ်။"


ချင်ယွီပိုင်သည် ဤမနာခံသောအစေခံလေး မရုန်းထွက်နိုင်စေရန် ယန်ရွှမ်၏ ပါးကို ပိုမိုအားစိုက်၍ ထပ်မံဆွဲညှစ်လိုက်သည်။ 


သူ၏ မျက်နှာအမူအရာသည် ရေခဲတမျှ အေးစက်နေသော်လည်း၊ သူ၏ မျက်လုံးများထဲတွင် မီးတောက်များ တဟုန်းဟုန်း တောက်လောင်နေသည်။ "မင်းကို အခန်းထဲ ပိတ်ထားစေချင်နေတာလား"


ဤစကားကို ပြောလိုက်သည်နှင့် ချင်ယွီပိုင်သည် သူ၏ ရင်ဘတ်ထဲမှ ဖိအားအများအပြား လျော့ကျသွားသလို ခံစားလိုက်ရသည်။


အစေခံတစ်ယောက်က သူ့အနားမှာ အမြဲတမ်းမရှိဘဲ၊ ဘယ်လိုလုပ်ကောင်းကောင်း ပြုစုနိုင်မှာလဲ?


သူသည် ချင်ယွီပိုင်၏ အနားတွင် အမြဲရှိနေသင့်သည်၊ သူ၏ ထိန်းချုပ်မှုအောက်တွင် အမြဲရှိနေရမည်။ လှောင်အိမ်ထဲမှ ငှက်တစ်ကောင်ကဲ့သို့ သူ၏ လက်ဖဝါးထဲတွင် ပိတ်မိနေသင့်သည်။


ဤသည်မှာ သူ ချင်ချင်းအပေါ် လိုလားတောင့်တသော်လည်း မပြုလုပ်နိုင်ခဲ့သော အရာပင်။


ယန်ရွှမ်က ဘာလဲ? ချင်ချင်းအတွက် အစားထိုးတစ်ယောက်။ သဘာဝအတိုင်း၊ သူသည် ချင်ယွီပိုင်၏ ချင်ချင်းအပေါ် ထားရှိသော ဆန္ဒအားလုံးကို လက်ခံပြုလုပ်ပေးရလိမ့်သည်။


ထိုသို့ တွေးမိသောအခါ ချင်ယွီပိုင်၏ လက်မောင်းသည် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်လာသည်။ 


သူသည် ခေါင်းငုံ့လိုက်ပြီး ယန်ရွှမ်နှင့် အလွန်နီးကပ်သွားကာ သူ ရှူသွင်းလိုက်သော အသက်ရှူငွေ့တိုင်းကို သူ၏ ကိုယ်ပိုင်ရနံ့ဖြင့် ကူးစက်စေလိုက်သည်။ 


သူ၏ လေသံသည် အန္တရာယ်ရှိသော အငွေ့အသက်များ ပါဝင်လာ၏။


 "ငါထင်တာတော့ ဒါက အရမ်းကောင်းတဲ့ အကြံတစ်ခုပဲ။ မင်း ဘယ်လိုထင်လဲ။"


သူ စလာပြန်ပြီ။


သူ့နှုတ်ခမ်းများကြားမှ သွားများဟလာလျက် အောက်နှုတ်ခမ်းကို ခေါင်းမာစွာ ကိုက်ချလိုက်သည်။ ယန်ရွှမ်၏ အောက်နှုတ်ခမ်းသည် နာကျင်မှုကြောင့် သွေးနီရောင်မှ ဖြူဖျော့သွားသည်အထိ စက္ကန့်အနည်းငယ်သာ ကြာလိုက်သည်။


ယန်ရွှမ်အပေါ် သူ၏ ပိုင်ဆိုင်လိုမှုသည် ထိုကောင်လေးကို လွယ်လွယ်ကူကူ အနိုင်ယူပြီးသွားသလိုပင်။


ယန်ရွှမ်သည် သူ၏ အူများလိမ်ကျစ်သွားမတတ် အောင့်အီးထားရသည်။


သူ ချင်မိသားစုအိမ်တော်မှာ လိုက်နေဖို့ ခေါ်သွားခံရတော့မှာလား?


ဒါ အရမ်းကောင်းတယ်မလား? ဒီလိုဆို သူ အဆောင်ခနဲ့ စားစရိတ် သက်သာနိုင်တယ်!


သူ ချင်ယွီပိုင်ကို ၀.၁ မှတ် ပြန်ပေးဖို့ ဆုံးဖြတ်လိုက်သည်။


ချင်ယွီပိုင်ကို ၉.၁+ မှတ် အသင်းသို့ ပြန်လည်ဝင်ခွင့်ပြုလိုက်သည်။


မျက်တောင်များ ပွင့်လာကာ မှင်ရောင်ကဲ့သို့ မည်းနက်စိုစွတ်နေသော မျက်လုံးများထွက်ပေါ်လာသည်။ 


သူ၏ အသံသည် ယခင်ကကဲ့သို့ ခေါင်းမာနေဆဲဖြစ်သော်လည်း ဖုံးကွယ်မထားနိုင်သော တုန်ယင်မှုတစ်ခု ပါဝင်နေသည်။

 "ခင်ဗျား သဘောပဲ"


"ကောင်းပြီ!"


"ချင်ယွီပိုင်-"


ရှိနေသော လူသုံးဦးလုံး အသံလာရာသို့ လှည့်ကြည့်လိုက်သည်။


ကျီယောက်ကို သိကျွမ်းခဲ့သော ဆယ်နှစ်ကျော်ကာလအတွင်း၊ ဤသည်မှာ ချင်ယွီပိုင် သူ့ကို ဤမျှ ...ဖရိုဖရဲ ဖြစ်နေသည်ကို ပထမဆုံး မြင်ဖူးခြင်းပင်။ 


အမှန်တကယ်တော့၊ သူ၏ ရှပ်အင်္ကျီပေါ်၌ အရေးအကြောင်းများ အနည်းငယ်ရှိနေခြင်းသာဖြစ်သည်။


သို့သော် အမြဲတမ်းသပ်ရပ်နေရန် ကြိုးစားနေတတ်သော ကျီယောက်အတွက်မူ ဤအရာသည် ဖရိုဖရဲဖြစ်နေသည်ဟု ယူဆနိုင်နေပြီဖြစ်သည်။


"ကျီယောက်!" ယန်ရွှမ်သည် ကျီယောက်ကို မြင်လိုက်သည်နှင့် ချက်ချင်း ငိုယိုတော့သည်။


သူ ခုနက မရယ်မိအောင် အလွန်အမင်း ကြိုးစားထိန်းထားခဲ့ရသဖြင့် သူ၏ မျက်လုံးများထဲတွင် မျက်ရည်များ ဝေ့သီနေခဲ့ရာ အချိန်ကိုက်ပင်မျက်ရည်စက်ကြီးများသည် သူ၏ ပါးပြင်များပေါ်သို့ အားစိုက်ထုတ်စရာမလိုဘဲ စီးကျလာခဲ့သည်။


သံသယရှိခြင်းနှင့် ကိုယ်တိုင်မျက်စိဖြင့် မြင်ခြင်းသည် မတူညီပေ။


ကျီယောက်သည် ချင်ယွီပိုင်နှင့် ကျီယောက်ကြားမှ ဆက်ဆံရေးကို ကြာမြင့်စွာကတည်းက ခန့်မှန်းမိခဲ့ပြီး၊ ချင်ယွီပိုင်က ယန်ရွှမ်၏ နာမည်ကို ဖုန်းထဲမှတစ်ဆင့် ခေါ်ခဲ့သည်ကို ကိုယ်တိုင်ကြားခဲ့ရသော်လည်း၊ ချင်ယွီပိုင်က ယန်ရွှမ်၏ ပါးများကို ဆွဲညှစ်နေပုံနှင့် နမ်းရှိုက်တော့မည့်ပုံစံဖြင့် မရှင်းမလင်း ကိုင်းညွှတ်နေသည့် အနေအထားကို မြင်ပြီးမှသာ ကျီယောက် တစ်ယောက် ပေါက်ကွဲသွားတော့သည်။


သူသည် ခြေလှမ်းကျဲကြီးများဖြင့် သူတို့ဆီသို့ လျှောက်လာသည်။ 


သူတို့နှစ်ဦးထံ ချဉ်းကပ်လာစဉ် သူ၏ ပတ်ဝန်းကျင်မှ ဖိအားများသည် အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားလေ၏။ 


ချင်ယွီပိုင်သည် ယန်ရွှမ်ကို လွှတ်မပေးဘဲ၊ ကျီယောက်ကို ခပ်ဖျော့ဖျော့ ပြုံးပြလိုက်သည်။ "သခင်လေးကျီကလည်း တစ်လှည့် လိုချင်လို့လား..."


ယန်ရွှမ်သည် ကျီယောက်၏ ကော်လံမှတစ်ဆင့် ဆွဲငင်မှုကြောင့် ချင်ယွီပိုင်၏ လက်မောင်းများထဲမှ ရုတ်တရက် ဆွဲထုတ်ခံလိုက်ရသည်။ 


ယန်ရွှမ်တွင် နာကျင်မှုအကာအကွယ် ရှိနေသည့်တိုင်၊ သူသည် တစ်စက္ကန့်မျှ နတ်ပြည်သို့ တက်သွားတော့မတတ် ခံစားလိုက်ရသည်။


ကံကောင်းစွာပင်၊ ကျီယောက်သည် သူ့ကို သူ၏နောက်သို့ တွန်းပို့လိုက်ပြီး ချက်ချင်း လွှတ်ပေးလာသည်။


ချင်ယွီပိုင်၏ မျက်နှာပေါ်မှ အပြုံးသည် တဖြည်းဖြည်း ပျောက်ကွယ်သွား၏။


"ကျီယောက်၊ မင်းကို သခင်လေးကျီလို့ ခေါ်နေတာက ငါ ဘယ်သူ့ကို မျက်နှာသာပေးနေလဲဆိုတာ မင်း သိသင့်တယ်။"


ကျီယောက်သည် သူ၏ ရင်ဘတ်ထဲမှ တိုးဝှေ့ထွက်လာသော ဒေါသကို ဖိနှိပ်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "မွန်းလွဲပိုင်းမှာ စာသင်ချိန်တွေ ရှိသေးတယ်။ ငါ သူ့ကို ခေါ်သွားတော့မယ်။"


သူ ယန်ရွှမ်ဘက်သို့ လှည့်လိုက်၏။


ယန်ရွှမ်သည် သူ့ကို ဗလာသက်သက် စိုက်ကြည့်နေပြီး မျက်မှန်နောက်က မင်နက်ရောင်မျက်လုံးများသည် မျက်ရည်များဖြင့် စိုစွတ်နေလျက် အားနည်းပြီး အကူအညီမဲ့ပုံပေါ်နေသည်။


ရုတ်တရက် ကြမ်းပြင်ပေါ်တွင် တိတ်တဆိတ် ငိုကြွေးနေသော ယန်ရွှမ်၏ ပုံရိပ်သည် အကြောင်းပြချက်မရှိဘဲ ကျီယောက်၏ စိတ်ထဲတွင် ပေါ်လာသည်။


"ကျီယောက်၊ ငါ မထနိုင်တော့ဘူး..."


သူက အင်မတန် အားနည်းလွန်းသည်။ အကယ်၍ တစ်စုံတစ်ယောက်က သူ့ကို လက်ကမ်းမပေးခဲ့ပါလျှင်၊ သူ ထိုနေရာတွင်ပင် ပုပ်သိုးသွားပေလိမ့်မည်။


ကျီယောက်သည် တင်းမာသော အမူအရာဖြင့် လက်လှမ်းကာ ယန်ရွှမ်၏ လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။


ဤမျှ အေးစက်သော လူတစ်ဦးတွင် ဤမျှ ပူလောင်သော လက်များ ရှိလိမ့်မည်ဟု မည်သူ ထင်မိမည်နည်း။


"သွားကြစို့။”


---


ချင်ယွီပိုင် နှင့် ကျီယောက်တို့သည် မျိုးဆက်ချင်းတူညီကြသော်လည်း ၎င်းတို့နှစ်ဦးကြားတွင် အသက်အရွယ် အပိုင်းအခြား ကွာခြားမှုများရှိနေသေးသည်။


 ကျီယောက်သည် ယခုအချိန်အထိ ကျောင်းသားတစ်ယောက်ဖြစ်နေခြင်းကလည်း သူတို့အချင်းချင်း တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးကျွမ်းဝင်ခြင်းမရှိရသည့် အကြောင်းအရင်း ဖြစ်နေခဲ့သည်။


ချင်မိသားစုနှင့် ကျီမိသားစုတို့သည် ပင်ကိုအရ ပြိုင်ဘက်မိသားစုများဖြစ်ကြသောကြောင့် သူတို့နှစ်ဦးကြားတွင်လည်း လျှို့ဝှက်ပြိုင်ဆိုင်မှုများ ဆက်လက်ဖြစ်ပွါးနေခဲ့သည်မှာ ကြာနေပြီပင်။


ချင်ယွီပိုင် စတင်တာဝန်ယူခဲ့သည့် ချင်မိသားစုပိုင်လုပ်ငန်းမှာ အပေါက်ရာအများကြီးဖြင့် ဖောက်ခံထားရသော မိုးပျံပူဖောင်းကဲ့သို့ ရှုပ်ထွေးနေသည့် အခြေအနေမျိုးတွင် ရှိနေခဲ့သည်။


 ချင်ယွီပိုင်သည် ကုမ္ပဏီကို အသက် ၂၁ နှစ်အရွယ်ဖြင့် ဝင်ရောက်ခဲ့ပြီး ကုန်ပစ္စည်းအတင်အချအလုပ်သမား အဖြစ် အောက်ဆုံးအဆင့်မှ စတင်ခဲ့ရသည်။


 ထို့နောက် ခုနစ်နှစ်ပင်မရှိသော ကာလအတွင်း၌ အရိုးပြိုင်းပြိုင်းဖြစ်နေခဲ့သော ချင်မိသားစုလုပ်ငန်းကို အသွေးအသားဖြင့် ပြန်လည်ဖြည့်တင်းပေးနိုင်ခဲ့ပြီး မြို့တော်ရှိ အထက်တန်းလွှာအသိုင်းအဝိုင်းကြားတွင် ၎င်း၏ နေရာကို ပြန်လည်ရယူပေးနိုင်ခဲ့သည်။



အကယ်၍ ကျီမိသားစုသာ ဩဇာအာဏာမကြီးမားနေခဲ့ပါက ဈေးကွက်အတွေ့အကြုံတစ်ခုတည်းနှင့်ပင် ကျီယောက်အနေဖြင့် ချင်ယွီပိုင်၏ဖိနပ်ကြိုးကိုပင် ချည်နှောင်ပေးခွင့်ရရှိလိမ့်မည် မဟုတ်ပေ။



ဒါကို သည်လူပျိုပေါက်စလေးက သူ့အရှေ့တွင် သူ့အပိုင်ဖြစ်သောသူကို ဆွဲခေါ်ဝံ့သည်လား?



ချင်ယွီပိုင်သည် ယန်ရွှမ်၏ ကျန်လက်တစ်ဖက်ကို မပြောမဆိုနှင့် ဆွဲယူလိုက်သည်။

"မင်းက ဘယ်သူ့ပိုင်နက်ထဲရောက်နေပြီး ဘယ်သူ့ပစ္စည်းကိုခေါ်သွားနေတာလဲ ဆိုတာကို မသိသေးဘူးထင်တယ်"



ယန်ရွှမ်သည် သူတို့နှစ်ဦးကြားထဲ၌ အရုပ်ကလေးတစ်ရုပ်သဖွယ် ဆွဲထားခြင်းခံနေရ၏။



ကျီယောက်သည် ဒေါသထွက်ခဲသူတစ်ယောက်ဖြစ်သည်။ ငယ်စဉ်ကတည်းက စည်းကမ်းတင်းကျပ်စွာ သင်ကြားပေးခံခဲ့ရသည့် ဟန်ဆောင်မှုမျက်နှာဖုံး နှင့် ကိုယ်ပိုင်ထိန်းချုပ်ထားမှုတို့ကြောင့် မဟုတ်ဘဲ သူ့တွင် ဒေါသပမာဏများ မည်မျှစုစည်းနေသည့်အကြောင်းကို သူကောင်းစွာ သိနားလည် နေခြင်းကြောင့် ဖြစ်သည်။


 ထိုသည်မှာ မီးပွါးတစ်ခုသာ မတော်တဆ ထတောက်ခဲ့လျှင် သူ့ကိုယ်သူထိန်းချုပ်နိုင်ပါ့မလားဆိုသည်ကိုပင် မသိနိုင်သည့်အခြေအနေမျိုးပင် ဖြစ်လေသည်။


ယခုတွင်မူ သူ့ရင်ဘတ်အတွင်းမှ အပူချိန်သည် တရိပ်ရိပ်နှင့် မြင့်တက်လာလေခဲ့ပြီ။


"လွှတ်လိုက်"



ကျီယောက်သည် လည်ချောင်းအတွင်းမှ စကားလုံး နှစ်လုံးကို အေးစက်စွာ ညှစ်ထုတ်လိုက်သည်။ ဤအခိုက်အတန့်တွင် သူ၏ဒေါသကို ဖုံးကွယ်ထားနိုင်ခြင်း မရှိတော့ပေ။



"ဘယ်သူက လွှတ်ပေးသင့်တာလဲ"



ချင်ယွီပိုင်က သရော်ပြုံးတစ်ခုကို ပြုံးပြပြီး ပူးပေါင်းဆောင်ရွက်လိုသည့် ရည်ရွယ်ချက် လုံးဝမရှိပေ။



၎င်းတို့နှစ်ဦးသည် မတိုးသာမဆုတ်အခြေအနေနှင့် ရပ်တန့်နေကြပြီး လေထုအတွင်းရှိ တင်းမာမှုသည်လည်း တစ်ဖန်ပိုမို၍ မြင့်တက်လာခဲ့သည်။ 



ယမ်းငွေ့နံ့ သဲ့သဲ့သည် လေထဲ၌ ပျံ့လွင့်နေပြီး စတင်ပေါက်ကွဲမှုအတွက် မီးပွါးတစ်စသာ အစပျိုးလိုက်ရန် လိုအပ်သကဲ့သို့ ဖြစ်နေလေသည်။



ကျီယောက်သည် သူ၏ ဒေါသကိုမနည်းထိန်းချုပ် ကာ ယန်ရွှမ့်အား တိုက်ရိုက်မေးမြန်းလိုက်သည်။ "အတန်းထဲကို ပြန်သွားချင်လား"



ဆန့်ကျင်ဘက် အရပ်နှစ်ခုဆီမှ အလွန်စူးရှပြင်းထန်သော အကြည့်နှစ်စုံသည် သူ့အပေါ်သို့ ကျရောက်လာခဲ့သည်။



ယန်ရွှမ်းသည် မည်သူ့ကိုမျှ မကြည့်နေဘဲ ခေါင်းကိုသာငုံ့ထားလိုက်၏။ တောက်လောင်နေသော အကြည့်နှစ်စုံ၏ ဖိအားအောက်တွင် သူသည် တုန်ရီနေသော အသံဖြင့် ပြောလိုက်၏။



"ကျွန်တော် အတန်းထဲကိုပြန်သွားချင်တယ်..."



သူ့မျက်ရည်စများသည် အနက်ရောင် စကျင်ကျောက်ခင်း ကြမ်းပြင်ပေါ်သို့ တစ်စက်ပြီးတစ်စက် ကျဆင်းလာခဲ့ပြီး ကြမ်းပြင်ပေါ်တွင် ပန်းပွင့်အသေးလေးများသဖွယ် ဖြစ်ပေါ်စေခဲ့သည်။



မျက်ရည်များ ကျသံကိုပဲ ကြားနိုင်သည်အထိ 

အခန်းသည် တိတ်ဆိတ်ငြိမ်သက်နေ၏။



ကျီယောက်၏ မျက်နှာထားသည် ပြေလျော့သွားခဲ့ပြီး ယန်ရွှမ်ကို သူ့ဘက်သို့ ညင်သာစွာ ဆွဲယူလိုက်သည်။



"မင်း ဘာလို့ ငိုနေတာလဲ?"



ချင်ယွီပိုင်၏ လေသံသည်လည်း ရုတ်တရက် နူးညံ့ လာခဲ့သည်။ သူသည် ယန်ရွှမ်ကို ကိုင်ထားသည့် လက်ကို လျှောချလိုက်ပြီး ယန်ရွှမ့်၏ ခါးကိုသာ ပွေ့ဖက် လိုက်သည်။ 


သူ၏လေသံမှာ ဆိုးနွဲ့နေသော ချစ်သူလေးကို ချော့မော့နေသကဲ့သို့ ချစ်ခင်မှုအပြည့်ဖြင့် "တကယ်လို့ မင်းအတန်းထဲကို အရမ်းပြန်ချင်နေတယ်ဆိုရင် ကိုယ် ဝေယီချန်းကို လိုက်ပို့ခိုင်းလိုက်မယ်လေ"



ယန်ရွှမ်း၏ခါး၌ ပတ်ထားသည့် လက်မောင်းသည် လျှို့ဝှက်စွာ တင်းကြပ်သွားပြီး တဖက်လူအား တိတ်ဆိတ်စွာ သတိပေးလိုသည့်နှယ် ထိုကောင်လေးကို သူ့ဘက်သို့ ပိုမိုဆွဲကပ်လိုက်သည်။



ကျီယောက်သည် လက်ကို မလွှတ်သေးဘဲ ခေါင်းငုံ့ထားသော ယန်ရွှမ်ကိုသာ စိုက်ကြည့်နေလေသည်။



အကယ်၍ ယန်ရွှမ်သာ ငြင်းဆိုဖို့ ဆန္ဒပြုခဲ့မယ်ဆိုလျှင် သူသည်...



"ဟုတ်ကဲ့"



လေထဲသို့ တိုးညှင်းစွာ လွင့်ပျံသွားသော စကားလုံးသည် ကျီယောက်၏ခေါင်းပေါ်သို့ ရေအေးများ လောင်းချ လိုက်သကဲ့သို့ ဖြစ်နေခဲ့သည်။



သည်စျေးပေါပြီးညစ်ပတ်နေသည့် လူအပေါ်တွင် သူ အမှန်တကယ်ပင် မျှော်လင့်ချက်မထားခဲ့သင့်ပေ။ သူ့လက်တွေကို ချက်ချင်းလွှတ်ချ လိုက်မိလေသည်။



ပြန်လည်ဆုတ်ခွါသွားခဲ့သော သူ့လက်ချောင်းများသည် အနည်းတုန်ယင်နေခဲ့ပြီး လက်ချောင်းများဆီမှ အနွေးဓာတ်တစ်စုံတစ်ရာအား လျင်မြန်စွာပျောက်ကွယ်သွားစေရန် ရှပ်အင်္ကျီပေါ်၌ ပွတ်သုတ်လိုက်သည်။



ယန်ရွှမ်သည် မျက်ရည်များဖြင့် ကျီယောက်ကို မော့ကြည့်လိုက်သော်လည်း ကျီယောက်သည် နောက်သို့ တစ်ကြိမ်မျှပင် ထပ်မံလှည့်ကြည့်ခြင်းမရှိဘဲ လှည့်ထွက်သွားခဲ့ပြီး မလှမ်းမကမ်း၌ ရပ်ထားသည့် အနက်ရောင် sport ကားထဲသို့ ဝင်ရောက်သွားခဲ့၏။ 



သူသည် ချက်ချင်းဆိုသလိုပင် အင်ဂျင်ကို စက်နှိုး၍ ဖုန်မှုန့်တစ်သီတစ်တန်းကြီးကို ချန်ခဲ့ထားလျက် အရှိန်အဟုန်ဖြင့်မောင်းထွက်သွားခဲ့တော့သည်။



ကျီယောက်သည် ဖုန်းချပြီးသည်နှင့် ချက်ချင်း အလျင်စလို ရောက်ရှိလာခဲ့ဟန်တူသည်။



ယခုတွင်မူ သူသည် ရောက်ရှိလာသကဲ့သို့ပင် တစ်ဦးတည်း ပြန်လည်ထွက်ခွါသွားခဲ့လေသည်။



ကျီယောက် ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် ချင်ယွီပိုင်၏ မျက်နှာထားသည်လည်း အေးစက် လာခဲ့ပြန်သည်။ 



သူသည် ယန်ရွှမ်၏ ခါးကို ပွေ့ဖက်ထားပြီး သူ့ကိုယ်နှင့် ကပ်ထားစေလျက် အေးစက်စွာ ပြောလာသည်။



"မင်း ဒီနေ့ည ကိုယ့်ကို ရှင်းပြချက်တစ်ခု ပေးတာ ကောင်းလိမ့်မယ် မဟုတ်ရင်တော့..."



သူ၏ ဆိုလိုရင်းအဓိပ္ပာယ်မှာထင်ရှားနေလေသည်။



ယန်ရွှမ်သည် ချင်ယွီပိုင်ကို အားနှင့် တွန်းထုတ်လိုက်ပြီး သူ့မျက်လုံးများကိုလည်း အင်္ကျီလက်ဖျားများဖြင့် ကြမ်းတမ်းစွာ သုတ်ပစ်လိုက်သည်။



"ကျွန်တော် အတန်း သွားတက်တော့မယ်"



"ဝေယီချန်း သူ့ကို လိုက်ပို့ပေးလိုက်"



"နားလည်ပါပြီ ဥက္ကဋ္ဌချင်"



ချင်ယွီပိုင်သည် နောက်သို့လှည့်ပြီး သူ့ဝိုင်ခွက်မှ နောက်တစ်ငုံသောက်ရန် ပြင်လိုက်သောအခါ ခွက်ထဲတွင် ဗလာဖြစ်နေသည်ကို တွေ့လိုက်ရသည်။



ခြံဝန်းထဲသို့ အင်ဂျင်စက်နှိုးသံ ပျံ့လွင့်လာခဲ့ပြီးနောက် ကားသည်မောင်းထွက်သွားခဲ့ပြီး ချင်ယွီပိုင်ကိုသာထိုနေရာ၌ တစ်ယောက်တည်း ကျန်ရစ်စေခဲ့သည်။



ပုစဉ်းရင်ကွဲကောင်များ၏ အော်သံနှင့် လေတိုက်၍ သစ်ရွက်များ တရှပ်ရှပ် လှုပ်ခတ်သံ တို့ကိုပင် ကြားနေရသည်။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက် နေလေ၏။



"ခွမ်း-"



ဖန်ခွက် မြေပြင်ပေါ်သို့ ရိုက်ခွဲခံလိုက်ရသည့် အသံသည် အပြင်ဘက်ရှိ ပုစဉ်းရင်ကွဲကောင်များ၏ အော်သံကို ပိုစူးရှကျယ်လောင်လာစေခဲ့သည်။


အပိုင်း 17 ပြီး။


---