အပိုင်း 130 Side story. 25(Final)
Viewers 13k

Chapter 130
Side story. 25(Final)

ပူပြင်းလှသည့် နွေဦးရာသီမှ နေ့တစ်နေ့…

အိမ်နောက်ဖေးရှိ လက်ဖက်ရည် စားပွဲရှေ့တွင် ထိုင်နေသော ရိုစီနာ သည် မွှေးပျံ့နေသည့် လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်သည်။ ဤလက်ဖက်ရည်သည် ယခုနှစ် ပထမဆုံးပွင့်သော နှင်းဆီပန်းခြောက် လက်ဖက်ရည်ဖြစ်သည်။ ရိုစီနာ သည် သူမ နှာခေါင်းဖျားမှာ နှင်းဆီးရနံ့များပျံ့လွင့်လာချိန်တွင် မရည်ရွယ်ဘဲ ပြုံးလိုက်မိသည်။ထို့နောက် သူမ လက်ထဲမှာကိုင်ထားသည့် စာလေးကို ချပြီး ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်ရာ မြက်ခင်းပြင်ပေါ်တွင် ထိုင်နေသော လီဗီတာ သည် သူမ မျက်လုံးများကို ဖမ်းစားလိုက်သည်။ စောစောက သူမကို ကလေးထိုင်ခုံပေါ်မှာ တင်ထားခဲ့သော်လည်း သူမ ဆင်းသွားခဲ့ပုံရသည်။ အသက် ၃ နှစ်ရှိပြီဖြစ်သော လီဗီတာ သည် ချစ်စရာ ခပ်ဖောင်းဖောင်း ပါးပြင်လေးတွေနှင့် ချစ်စရာကောင်း‌နေသည်။

သူမကို ဘာကြည့်နေတာလဲဟု မေးသည့်အခါ လိပ်ပြာဖြူတစ်ကောင်က လီဗီတာ အနီးတစ်ဝိုက်မှာ အတောင်ပံတွေခတ်ပြီး လွင့်ပျံနေတာကို တွေ့လိုက်ရ၏။ ရုတ်တရက် ကိုယ်ဝန် အိမ်မက်ကို သတိရလာပြီး ရိုစီနာ ရယ်မောလိုက်မိသည်။ထို့နောက် သူမ ထိုင်နေရာမှထကာ လီဗီတာ အနီးကို သွားလိုက်သည်။သူမ နီးကပ်လာသည်နှင့်အမျှ လီဗီတာ ၏နှုတ်ခမ်းထောင့်များ ပြေလျော့သွားရသည်။သူမသည် လီဗီတာ ဘေးတွင်ထိုင်ကာ လက်ကိုဆန့်တန်းလိုက်လျှင် စောစောက အဖြူရောင်လိပ်ပြာကလေးမှာ သူမ လက်ပေါ်ဝယ် နားနေလေတော့သည်။

"ဒါက လိပ်ပြာ"

"လိပ်ပြာ...လိပ်ပြာ"

လီဗီတာ သည် 'လိပ်ပြာ' ဟူသော စကားလုံးကို အတော်ကြိုက်၍လားမသိ၊အကြိမ်များစွာ ရွတ်ဆိုခဲ့သည်။ ဤရက်ပိုင်းမှာ လီဗီတာ ပြောနိုင်သည့် စကားလုံး အရေအတွက်က တိုးလာပြီး ကျိုးကြောင်းဆီလျောက်သည့် စကားတွေလည်း ပြောနိုင်လာ၏။ရိုစီနာ ၏ ကြိုးစားအားထုတ်မှုကြောင့်လည်း သူမသည် အခြားကလေးများထက် တော်ဝင်ဘာသာစကားကို ပိုမိုမြန်ဆန်စွာ သင်ယူနိုင်ခဲ့သည်။

"မေမေနဲ့ လမ်းလျှောက်ချင်လို့လား"

လီဗီတာ က ထိုင်နေရာမှ ထလိုက်လျှင် သူမ လီဗီတာ လက်ကလေးကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် အိမ်နောက်ဖေးကို လမ်းလျှောက်လာစဉ် တိရစ္ဆာန်များစွာသည် သူမ နှင့် လီဗီတာ တို့ကို နှုတ်ဆက်လာကြသည်။ လီဗီတာ သည် တိရိစ္ဆာန်များဘာသာစကားကို နားလည်သောကြောင့်အပြန်ပြန်အလှန်လှန် စကားများ မပီမသ ပြောနေတတ်သည်။သူမ ဤသည်ကို ကြည့်ပြီးနူးညံ့စွာ ပြုံးမိသည်။ လီဗီတာ သည် အီလီယန် ကဲ့သို့ သူမ၏ စွမ်းအားများကို အမွေဆက်ခံထားသောကြောင့် တစ်ခါတစ်ရံတွင် တိရစ္ဆာန်များနှင့် စကားပြောတတ်နေပြီ ဖြစ်သည်။

တိရိစ္ဆာန်များနှင့် စကားပြောပြီးနောက် ရိုစီနာ နှင့် လီဗီတာ သည် အိမ်နောက်ဖေးမှ ထွက်သွားခဲ့သည်။ လီဗီတာ သည် ငယ်ရွယ်သေးသော်လည်း ဖျတ်လတ် တက်ကြွပြီး ပြေးလွှား ဆော့ကစားရတာကို နှစ်သက်သည်။ တော်ဝင်နန်းတော်စည် လီဗီတာ အတွက် ပြီးပြည့်စုံစွာ ကျယ်ပြောလှသည်မို့ သူမ မရောက်ဖူးသော နေရာများစွာ ရှိသေးသည်။

လီဗီတာ နှင့် လမ်းလျှောက်နေသော ရိုစီနာ သည် သူမ မျှော်လင့်ထားသည်ထက် ပို ဝေးဝေးရောက်လာသည်ကို သဘောပေါက်လိုက်သည်။ နွေရာသီနန်းတော်သို့ ပြန်သွားတော့မည့် အချိန်မှာ အော်သံများ ကြားလိုက်ရ၍ အနီးနားတွင် လေ့ကျင့်ရေးကွင်းရှိမှန်း သူမ သိလိုက်ရသည်။ သူရဲကောင်းများကို အနှောင့်အယှက် မဖြစ်စေရန်အတွက် သူမသည် တိတ်တိတ်ဆိတ်ဆိတ် ခြေလှမ်းလှမ်းရန် ကြိုးစားသော်လည်း လီဗီတာ က မလှုပ်သေးပေ။ သူမသည် တောက်ပသော မျက်လုံးများဖြင့် လေ့ကျင့်ရေးကွင်းကို ကြည့်နေပြီး လက်ညိုးထိုးပြလိုက်သည်။

"ဖေဖေ"

ရိုစီနာ တစ်ဖက်ကို လှည့်ကြည့်လိုက်ရာ နေရောင်ခြည်ကဲ့သို့ ထွန်းလင်းထင်ပေါ်နေသော လူတစ်ယောက်သည် လေ့ကျင့်ရေးကွင်းအလယ်တွင် ရပ်နေ၏။ နွေးထွေးသော သူ့ပုံစံနှင့်ဆန့်ကျင်ဘက်ပင်၊ လက်တစ်ဖက်တွင် ဓားကိုကိုင်ထားသည့် ရာဟန် ၏ မျက်နှာသည် အေးစက်မှုအပြည့်ရှိသည်။

" ဖေဖေ"

ရိုစီနာ ခဏလောက် အတွေးပျောက်နေချိန်မှာ လီဗီတာ က ထအော်လိုက်သည်။ ထိုအခါ လေ့ကျင့်ရေးကွင်းရှိလူများ အားလုံးက သူမတို့ကို တညီတညွတ်တည်း စိုက်ကြည့်နေကြသည်။ ချက်ချင်းပင် ရာဟန် မျက်နှာပေါ်က အေးစက်သော အမူအရာများ ချက်ခြင်း ပျောက်ကွယ်သွားပြီး တောက်ပသော အပြုံးတစ်ခု ပေါ်လာသည် ။

"ရိုစီနာ... လီတာ"

ထို့နောက် သူ့ဓားကို ပစ်ချလိုက်ပြီး သူမတို့ဆီ ပြေးလာ၍ လီဗီတာ ကို အမြန်ပွေ့ချီလိုက်သည်။ ရယ်မောသံများက လေ့ကျင့်ရေးကွင်းတစ်လျှောက် ကျယ်လောင်စွာ ထွက်ပေါ်လာပြီး တပ်သားအားလုံးကလည်း တော်ဝင်မိသားစု၏ သဟဇာတဖြစ်ပုံကြောင့် ပျော်ရွှင်စွာ ရယ်မောလိုက်ကြသည်။

"မင်းက ဘာလို့ဒီကိုလာတာလဲ"

ရာဟန် က သုံးလေ့ကျင့်ရေးကွင်းကနေ လုံးဝ ထွက်သွားပြီးသည့်အခါ မေးလိုက်၏။

"ကျွန်မ လမ်းလျှောက်တာ မထင်မှတ်ဘဲ အရမ်းဝေးဝေး ရောက်သွားတာ..."

“အခုတော့ အတူတူ လမ်းလျှောက်ရတာ ကောင်းပါတယ်”

"ဒါပေမဲ့ ရှင့်အလုပ်က အဆင်ပြေရဲ့လား"

"ဒါပေါ့....ကိုယ် မလုပ်နိုင်တာ ဘာမှမရှိဘူး"

ထို့နောက် ရာဟန်က အချိန်အားသည်ဟု ပြောလိုက်သည်။သို့နှင့်၊ ရာဟန်၊ ရိုစီနာ နှင့် လီဗီတာ တို့သည် ပန်းခြံထဲတွင် ဘေးချင်းကပ် လျှောက်သွားကြသည်။ ဤရက်ပိုင်းထဲမှာ လီဗီတာ က ဝေါဟာရစကားလုံးတွေကို ချဲ့ထွင်ပြီး ဝါကျတိုလေးတွေနှင့် စကားစမြည်ပြောဆိုနေတတ်ပြီ ဖြစ်သည်။ ထို့ကြောင့် သီချင်းတစ်ပုဒ်လို ဖြစ်နေသည့် သူမ စကားသံကြောင့် နှစ်ယောက်သား ပြုံးပြီး နားထောင်ကြ၏။

“အင်း…ကိုယ်တို့ ပုံတူပန်းချီကားတွေ ဆွဲသင့်တယ်"

"ပုံတူပန်းချီ...."

“ဟုတ်တယ်... မင်းအဆက်ဆက်နဲ့ သူတို့တွေရဲ့ ပုံတူပန်းချီကားတွေကို မင်းအရင်က မြင်ဖူးတယ်ဟုတ်လား…သူတို့ရဲ့ ပုံတူပန်းချီတွေကို နန်းဆောင်တစ်ခုထဲမှာ ချိတ်ဆွဲထားတယ်လေ”

လွန်ခဲ့သည့်နှစ်အနည်းငယ်က ရိုစီနာသည် အုပ်ချုပ်ခဲ့သည် မင်းအဆက်ဆက်များ၏ ပုံတူပန်းချီများကို ပြသထားသည့်နေရာသို့ သူမ သွားရောက်လည်ပတ်ခဲ့သည်။ ယခုလည်း သူမတို့ ဇနီးမောင်နှံတို့၏ ပုံတူပန်းချီများကိုလည်း ထိုနေရာတွင် ထိန်းသိမ်းထားပြီး နောင်လာနောင်သား မျိုးဆက်များထံ လက်ဆင့်ကမ်းသွားမည်ဖြစ်သည်။ ရိုစီနာ ခဏမျှ တိတ်ဆိတ်သွားသည်။အကြောင်းမှာ ဘုရင်မင်းမြတ်များနှင့် ဘုရင်မများ၏ တင်းမာပြီး ခက်ထန်သော မျက်နှာထားကို သတိရမိတာကြောင့်ပင် ဖြစ်သည်။သူတို့၏ ပုံတူပန်းချီကားတွေကို ဘေးချင်းကပ်ချိတ်ဆွဲထားသော်လည်း စုံတွဲဟု လုံးဝမခံစားရပေ။

"ရာဟန်..ကျွန်မတို့ပုံတူပန်းချီတွေကို သပ်သပ်စီ ဆွဲရမှာလား"

“ဥပဒေမှာတော့ ပြဋ္ဌာန်းထားတာ ဘာမှမရှိပါဘူး..."

တစ်ကယ်တမ်းတွင်၊ ဘုရင်မင်းမြတ်နှင့် ဘုရင်မတို့၏ ပုံတူများကို သီးခြားစီဆွဲရခြင်းမှာ ထုံးစံအတိုင်းဖြစ်သည်။ ပထမဘုရင်မင်းမြတ်သည် ဇနီးသည်နှင့်အတူ မပေါင်းဖက်ရ၍ တစ်ယောက်တည်းသာ ဆွဲထားသောကြောင့် နောက်ဆက်တွဲ တော်ဝင်မိသားစုဝင်များက ထိုအကျင့်ကို အမှားကြီး ကူးယူမိထားခြင်းပင်။

"ကျွန်မတို့မိသားစုကို အတူတူရှိစေချင်တယ်"

ပန်းချီကားတစ်ချပ်မျှသာဖြစ်သော်လည်း သူမသည် မည်သူတစ်ဦးတစ်ယောက်ကိုမှ ဖယ်ထုတ်ခြင်းမပြုစေလိုပေ။ သူမသည် အခြားသူများထက် အပျော်ရွှင်ဆုံးသူဖြစ်ကြောင်း သူမ၏ သားစဉ်မြေးဆက်များအား အသိပေးလိုသည်။ ရာဟန် သည် သူမ ခံစားချက်ကို သဘောပေါက်သလို လေးလေးနက်နက် ပြုံးလိုက်သည်။

"မင်း ဆန္ဒအတိုင်းလုပ်ရအောင်"

***

ပြီးပြည့်စုံသောနွေရာသီရောက်လာခဲ့ပြီ။

ကျောင်းအားလပ်ရက် ရောက်သောအခါ အီလီယန် သည် တော်ဝင်နန်းတော်သို့ ပြန်လာခဲ့သည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း အလွန်ထွားလာခဲ့သည့် အီလီယန် သည် ရိုစီနာ ထက် အရပ်ပိုရှည်လာခဲ့သည်။ ရိုစီနာ နှင့် လီဗီတာ တို့သည် အိတ်ကြီးတစ်လုံးကို ကိုင်လာသော သူ့ကို တွေ့သွားသည်။

"မေမေ....လီတာ"

"ကိုကို"

လီဗီတာက ချက်ချင်းပင် အီလီယန် ဆီကို ပြေးသွားတော့သည်။ အီလီယန် သည် လီဗီတာ ကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။ကြည်လင်သော သူမ ရယ်မောသံကြောင့် ခဏတာ အမောပြေသွားပြီး သူ့အိတ်ထဲမှ ပစ္စည်းများကို ဆွဲထုတ်လိုက်ပြီး အထဲကို ဝင်သွားသည်။ သူတို့အားလုံးသည် လီဗီတာ မျက်နှာသာပေးခံရဖို့ အားလုံးအတူတူ ကြိုးစားနေကြတာဖြစ်သည်။ ကျောက်မျက်ရတနာလက်ကောက်များမှသည် သစ်သားပန်းပုရုပ်တုများအထိ အမျိုးမျိုးရှိပြီး ရောင်စုံဖန်စကျင်ကျောက်များကို နှစ်သက်ဟန်တူသော လီဗီတာ က လက်တစ်ဆုပ်စာခန့် ဆွဲယူထားသည်။ အီလီယန် က ဂုဏ်ယူစွာနှင့်...

"ညီမလေး...ကိုကိုက အကောင်းဆုံးပဲ မဟုတ်လား"

"ဟုတ်"

"ဒါဆို ဘာလုပ်သင့်လဲ"

ထိုအခါ လီဗီတာ သည် အီလီယန် ပါးကို ရွှတ်ကနဲ နမ်းလိုက်သည်။ အီလီယန် က တောက်ပစွာပြုံးပြီး လီဗီတာ ၏ဆံပင်ကောက်ကောက်များကို ပွတ်သပ်လိုက်သည်။

"ထင်ထားတဲ့အတိုင်း ညီမလေးက တစ်ကယ် ဉာဏ်ကောင်းတာပဲ"

လီဗီတာ သည် ဖန်စကျင်ကျောက် လက်ဝတ်ရတနာများဖြင့် ကစားနေစဉ်၊ အီလီယန် က ရိုစီနာ ကို ရင်ဆိုင်ရန် ထရပ်လိုက်သည်။

"ပြန်လာပါပြီ မေမေ"

အီလီယန် သည် အချိန်တိုအတွင်း အစ်ကိုကြီးဖြစ်လာခဲ့သည်။ ရိုစီနာ ကလည်း အီလီယန် ကို ပွေ့ဖက်လိုက်သည်။ ဤမျှ မြန်မြန်ကြီးပြင်းလာတာကို ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။ ယခု သူသည် ကောင်လေးတစ်ယောက်သာ ရှိသေးသော်လည်း နှစ်အနည်းငယ်ကြာသောအခါတွင် သူသည် အရွယ်ရောက်ပြီးသူ ဖြစ်လာလိမ့်မည်။

"အီလီယန်...မေမေ သားကို အရမ်းလွမ်းတယ်"

"ကျွန်တော်ရောပဲ"

သူမ အီလီယန် ခေါင်းကို ပုတ်ကာ ပြုံးလိုက်သည်။ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကလေးများကို အချင်းချင်း မျှဝေနေကြစဉ် တံခါးပွင့်လာပြီး ရာဟန် အထဲသို့ ဝင်ရောက်လာခဲ့သည်။ အီလီယန် ပြန်ရောက်လာသည့် သတင်းကို သူကြားထားပြီးသားဖြစ်၍ အံ့ဩနေဟန်မတူပေ။

"သား ရောက်ပြီကိုး..."

" မတွေ့ရတာ ကြာပါပြီနော်... ဖေဖေ"

အီလီယန် သည် ရာဟန် ကို မော့ကြည့်လိုက်သည်။သူသည် အများကြီး ထွားလာခဲ့သော်လည်း အရပ်အမောင်းနှင့် ပတ်သက်ပါက ရာဟန် ကို အမီလိုက်ဖို့ လိုနေသေးသည်။

"အင်း ဒီအချိန်က.."

ရုတ်တရက် သတိရသွားသလိုပင်၊ ရိုစီနာ က ထလိုက်ပြီး လီဗီတာ ကို လက်တွဲလိုက်ပြီး ရာဟန် ကို ကြည့်လိုက်သည်။

"ကျွန်မတို့ရဲ့ ပုံတူပန်းချီတွေကို ဆွဲရမယ့် အချိန်မလား"

"အင်း...သူတို့ကို ပြင်ဆင်ဖို့ ပြောထားပြီးသားပါ"

"တကယ်လား…တော်လိုက်တာ"

ရာဟန် သည် သူမ၏ ချီးကျူးစကားကြောင့် ကျေနပ်သလို ပြုံးလိုက်သည်။

ထို့နောက် သူမသည် လီဗီတာ ကို အဝတ်အစား ချက်ချင်း လဲပေးလိုက်သည်။ အီလီယန် အကယ်ဒမီမှာ ကျောင်းတက်နေသရွေ့ သူတို့လေးယောက် အတူတူနေရမည့် ရက်တွေ အများကြီးမရှိပေ။ ပုံတူပန်းချီကို ယခုပဲ ပြီးအောင်လုပ်ရမည် ဖြစ်သည်။

အားလုံးပြင်ဆင်ပြီးသောအခါ သူတို့လေးယောက်သည် နွေရာသီနန်းတော် ၏ နောက်ဖေးသို့ ထွက်သွားကြသည်။ အိမ်နောက်ဖေးမှာ ပြင်ဆင်ထားပြီးသားပင်။ထိုင်ခုံများကို ရွှေရောင်နှင့် အနီရောင် ကတ္တီပါ ကော်‌ေဇာများကိုကြမ်းပြင်ပေါ်တွင် ခင်းထားသည်။ တော်ဝင်ပန်းချီဆရာကလည်း ခေါင်းငုံ့အရိုအ‌သေပြုကာ တစ်ဖက်တွင် စောင့်နေပြီး သတိကြီးစွာထား၍ မေးလိုက်သေးသည်။

"တောင်းပန်ပါတယ်...အားလုံးအတူတူ ဆွဲမှာလားခင်ဗျာ"

"ဟုတ်​တယ်​......"

ရိုစီနာ သည် ပန်းချီဆရာ၏ မေးခွန်းကို ခေါင်းညိတ်၍ ဖြေလိုက်သည်။ သူသည် တော်ဝင်မိသားစုအတွက် ပန်းချီဆရာအဖြစ် မျိုးဆက်ပေါင်းများစွာ လုပ်ကိုင်လာသော်လည်း ယခုတစ်ခေါက်က မိသားစုတစ်ခုလုံး ဆွဲခိုင်းခြင်းမှာ ပထမဦးဆုံးအကြိမ်ဖြစ်သည်။ထို့ကြောင့်လည်း အံ့ဩသွားတာပင်။

လီဗီတာ က ရိုစီနာ ပေါင်ပေါ်၊သူမ ညာဘက်တွင် ရာဟန် နှင့် ဘယ်ဘက်တွင် အီလီယန် တို့ထိုင်နေသည်။ သူတို့ကို ပန်းချီဆရာက ရေးခြစ်နေချိန်အထိ ရယ်မောသံက မရပ်သေး။ထို့ကြောင့် ပျော်ရွှင်ပြီး လိုက်လျောညီထွေရှိသော သာမာန် မိသားစုတစ်ခုလိုပင်။လှုပ်လှုပ်ရွရွ တိုက်ခတ်လာသော လေညှင်းတစ်ခုသည် သူတို့ကို ဖြတ်တိုက်သွား၍ လီဗီတာ သည် ငြိမ်သက်စွာ ထိုင်နေသော်လည်း ငှက်များ ပျံသန်းနေသည့် လမ်းကြောင်းအတိုင်း လိုက်ကြည့်နေလေသည်။

သူ့ဘေးမှာ ရပ်နေသည့် အီလီယန် မှာ လီဗီတာ ကို ကြည့်နေ‌ရင်း အလုပ်များ နေသည်။ ပန်းချီဆရာသည် ကင်းဗတ်စ်ကို စူးစိုက်ကြည့်နေချိန်တွင် ရိုစီနာ သည်မေးစေ့ကို အနည်းငယ် ချီလိုက်ရာ ဘေးမှာထိုင်နေသော ရာဟန် ကို အမှတ်တမဲ့ တွေ့လိုက်ရသည်။ ရာဟန် က အကြည့်တစ်မျိုးဖြင့် ကြည့်ကာ ပြုံးပြလိုက်သည်။သူမသည် သူ့မျက်နှာပေါ်ရှိ ဆိုးသွမ်းသော မျက်နှာအမူအရာကို မြင်သောအခါ ကြောင်စီစီ ဖြစ်သွားရ သည်။ ချက်ချင်းပင်၊ သူ့ မျက်နှာသည် သူမအနားကို နီးကပ်လာလေသည်။ သူ့နှုတ်ခမ်းများက သူမ နှုတ်ခမ်းများအပေါ်တွင် အရိပ်များဖြင့် ထင်ဟပ်လာသည်။ ထို့နောက် သူတို့နှုတ်ခမ်းတွေကို ထိလိုက်သည်နှင့် နေရောင်အောက်တွင် ရောင်နေရသလို နွေးထွေးသွားရသည်။ သူတို့ အနမ်းက သိပ်မကြာဘဲ ဘယ်သူမှ မမြင်လိုက်နိုင်သော်လည်း ရိုစီနာ ကတော့ သူမ ပါးပြင်ပေါ်မှာ အနီရောင် အကွက်လေး ဖြစ်လာရတော့သည်။

"မေမေ မျက်နှာက အနီရောင် ဖြစ်နေတာပဲ"

ရိုစီနာ ၏ နီမြန်းနေသော ပါးပြင်များကို မြင်သောအခါ လီဗီတာ အော်ဟစ်လိုက်သည်။ ထိုအခါ အီလီယန်ကလည်း သူမ မျက်နှာကို မြင်သွားပြီး ရာဟန် ကို မကြည်ကြည့် တစ်ချက် ပေးလိုက်သည်။ သို့သော် ရာဟန် က မသိနားမလည်ဟန်ဆောင်ပြီး ပြောလိုက်၏။

"အားလုံး ရှေ့ကိုကြည့်ကြမယ်"

အီလီယန် သည် ရှေ့သို့ မကြည့်ချင်ကြည့်ချင်နှင့် လှည့်လိုက်သည်။ ရိုစီနာ ကမူ မည်သူမျှ သတိမထားမိသော သူမ ရင်ထဲက အနမ်းအရှိန်ကြောင့် ပွင့်ပွင့်လင်းလင်း ပြုံးလိုက်မိလေသည်။

***

နွေရာသီ ရောက်လာတိုင်း သူတို့လေးယောက်သည် ပုံတူပန်းချီဆွဲရန်အတွက် အိမ်နောက်ဖေးတွင် စုရုံးလေ့ရှိကြသည်။ပန်းချီဆရာသည် သူ၏ ကျော်ကြားမှုနှင့်ထိုက်တန်လှပြီး အမြန်ပင် ကျွမ်းကျင်စွာ ပန်းချီကို ရေးဆွဲနေလေသည်။ လီဗီတာ သည် ပျင်းရိငြီးငွေ့မှုကို သည်းမခံနိုင်၍ ခေါင်းညိတ်အချက်ပြ၍ အရပ်ခိုင်းသော်လည်း ပန်းချီဆရာ၏ လက်သည် ရပ်တန့်မသွားပေ။ အီလီယန် အကယ်ဒမီကို မပြန်ခင်တစ်ရက်မှာပင် ပုံတူပန်းချီကို ပြီးမြောက်ခဲ့၏။

"ဝါး…"

ရိုစီနာ သည် ပုံတူကို အကြာကြီး တအံ့တသြ စိုက်ကြည့်နေသည်။ရာဟန် က ထိုင်ခုံဘေးတစ်ဖက်တွင် ထိုင်နေပြီး၊ အီလီယန် လက်ရန်းပေါ်မှာ လက်တင်ထားကာ၊ လီဗီတာသည် ရိုစီနာ ပေါင်ပေါ်မှ လိပ်ပြာများကို လိုက်ဖမ်းနေပြီး အားလုံးထက် သူမက အလယ်မှာထိုင်ပြီး တောက်ပစွာ ပြုံးနေတော့သည်။ ပန်းချီကားထဲက လူလေးယောက်ကိုကြည့်ပြီး ပျော်ရွှင်မှုကို သူမ ခံစားနိုင်သည်။ရိုစီနာ ပုံထဲက သူမကိုယ်သူမ ကြည့်နေသည်။ပုံထဲက ရိုစီနာ ဟာ နှင်းဆီရောင်စုံ ၀တ်စုံကို ဝတ်ဆင်ထားပြီး တစ်ကယ့်လူထက် ပိုလှနေသည်။ ပန်းချီဆရာက အတော်လေး စိတ်နှစ်၍ ဆွဲထားပုံပင်။ အတူတူကြည့်နေသော ရာဟန် သည် ကျေနပ်သလို ပြုံးနေ၏။

"ပန်းချီကားက အပြင်ကထက် ပိုလှတယ်ထင်တယ်"

"မင်းက ပိုလှတယ်"

ရာဟန်က ပြင်ပြောလိုက်သည်။ သူမ ပါးနှစ်ဖက်စလုံးက နီရဲနေသည့်အတွက် ရာဟန် ၏ အင်္ကျီစ ကို ဆွဲ၍ အနည်းငယ် သတိပေးလိုက်ရသည်။

"အခု ပုံတူပြီးသွားပြီဆိုတော့ ချိတ်ထားလိုက်ရအောင်"

ဘုရင်မင်းဆက်များနှင့် ဘုရင်မများ၏ ပုံတူပန်းချီကားများစုဝေးရာ အခန်းမှာ ဤပန်းချီကားကို ချိတ်ဆွဲမည်ဖြစ်သည်။

ရိုစီနာ နှင့် ရာဟန် က လက်ဆွဲထွက်လာပြီး သူတို့နှစ်ဦးနောက်တွင်၊ အီလီယန် သည် လီဗီတာ လက်ကို ကိုင်ကာ လျှောက်လာခဲ့သည်။ ထို့နောက် နွေရာသီနန်းတော်၏ ဥယျာဉ်များထဲမှ ထွက်၍ ရွှေအမိုးဖြင့် ဖုံးလွှမ်းထားသော အဆောက်အအုံတစ်ခုရှေ့သို့ ရောက်ရှိလာကြသည်။ ရိုစီနာ နှင့် ရာဟန် က တံခါးကို တစ်ပြိုင်တည်း တွန်းလိုက်ကြသည်။ တံခါးကြီး ပွင့်လာသည်နှင့်အမျှ တိတ်ဆိတ်မှုများနှင့် ပြည့်နေသော စင်္ကြံတစ်ခု ထွက်ပေါ်လာသည်။ နေရောင်မှိန်ဖျော့ဖျော့နှင့် ဖုန်မှုန့်များသာရှိသော စင်္ကြံသည် အထီးကျန်သလို ခံစားလိုက်ရသည်။

ပထမဆုံးမြင်ရသည့် ယခင် ဘုရင်မင်းမြတ် ဘားမန်းတို့ မိသားစု ပုံတူပန်းချီကားကို နှောင်းလူများ သိစေရန် ရာဟန်က မဖယ်ရှားခဲ့ပေ။

သူတို့ အတွင်းထဲကို သွားသည်နှင့်အမျှ ယခင်ဘုရင်မင်းမြတ်များ၏ ပုံတူများနှင့် ဘုရင်မများ၏ ပန်းချီကားများ ချိတ်ဆွဲထားသည်ကို တွေ့လိုက်ရသည်။ တည်ကြည်သော အမူအရာ၊ လေးနက်သောအမူအရာနှင့် လူတိုင်းကို နှိမ့်ချသောအကြည့်မျိုး စသည့် အမူအရာမျိုးနှင့်သာ ပန်းချီများ ဆွဲထားကြတာဖြစ်သည်။ ရိုစီနာ က နောက်ဆုံးတော့ ခြေလှမ်း ရပ်လိုက်သည်။ အတွင်းပိုင်းရှိ အလွန်ကြီးမားသော ပုံတူရုပ်ပုံသည် အားလုံး၏ စိတ်အစဉ်ကို လွှမ်းခြုံထားသည်။ သူသည် သူမ အိပ်မက်များထဲတွင် ပေါ်လာသော ပထမ ဘုရင်မင်းမြတ်ဖြစ်သည်။ သူ့ကို နတ်ဘုရားအဖြစ် သတ်မှတ်ထားကြသော်လည်း အမှန်တစ်ကယ်တော့ နတ်ဘုရား မဟုတ်ပေ။

ရိုစီနာ သည် ပုံတူကို အကြာကြီးကြည့် နေပြီးမှ ထွက်လာခဲ့သည်။ ထိုအချိန်က မပေါင်းဖက်ခဲ့ရသော သူတို့နှစ်ဦး၏ သားမြေးများသည် ဤနေရာတွင် ပြီးပြည့်စုံသော ပြည်ထောင်စုကို တည်ထောင်ခဲ့ကြသည်။ထို့နောက် ရိုစီနာ သည် လာရာ လမ်းအတိုင်း ပြန်လျှောက်လာပြီး နံရံတစ်ခုရှေ့တွင် ရပ်လိုက်ပြီး ရာဟန် ကိုင်ထားသော ပုံတူပန်းချီကို သူမ အသေအချာ ချိတ်ဆွဲထားလိုက်လေသည်။ လိုက်ဖက်ညီသော မိသားစုဝင်များပါရှိသည့် ပုံတူပန်းချီသည် ထင်ရှားပေါ်လွင်လှသည်။ ရာဟန် နှင့် ရိုစီနာ တို့သည် ပုံတူပန်းချီကားကို အကြာကြီး စိုက်ကြည့်နေကြပြီး ထို့နောက် နှစ်ယောက်သား တစ်ပြိုင်နက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

မျက်လုံးချင်းဆုံလိုက်သည်နှင့် ရာဟန် က သူမ လက်ကိုဆွဲလိုက်ပြီး နမ်းလိုက်သည်။ သူ့အသက်ရှုသံသည် မိုးရေစက်များကဲ့သို့ တဖြည်းဖြည်း သည်းကြီးမည်းကြီး အရှိန်ပြင်းလာသည်။မကြာမီ သူမ ရင်ဘတ်အောက်ပိုင်းဆီမှ တုန်ခါသွားရသည်။ ထို့နောက် သူမ ခြေဖျားထောက်ကာ သူ့နှုတ်ခမ်းကို နမ်းလိုက်ပြန်သည်။ ရာဟန် ကလည်း သူမကို ပွေ့ဖက်လိုက်ပြီး တလေးလေးနက်နက် နမ်းလိုက်သည်။ အနောက်တွင်ရပ်နေသော အီလီယန် သည် လန့်သွားပြီး လီဗီတာ မျက်လုံးများကို မှိတ်ထားပေးလိုက်သည်။

ခဏကြာသောအခါ ရိုစီနာ သည် နှုတ်ခမ်းများကို ဖြည်းညှင်းစွာ ခွဲလိုက်ပြီး ရာဟန် ကို ကြည့်ရင်း တောက်ပစွာ ပြုံးလိုက်သည်။ ရှည်လျားသော သူမ တစ်သက်တာ၏ အဆုံးသတ်သည် အာစတေးနီးယား သို့မဟုတ် အင်ပါယာလည်း မဟုတ်ဘဲ ရာဟန် နှင့်ဖြစ်သည်။ တစ်နေ့နေ့တွင်၊ သူမ ဘဝမှာ မုန်တိုင်းတစ်ခု ထပ်၍ ကျလာပါက ခရီးအဝေးကြီး သွားရမှာကို သူမ မကြောက်ခဲ့ပေ။ သူမတစ်ယောက်တည်း မဟုတ်တော့တာကြောင့်ပင်။

"ကလေးတွေ…ပြန်ကြရအောင်"

ရိုစီနာ က အီလီယန် လက်ကို လှမ်းကိုင်လိုက်သည်။ ရာဟန် သည် အီလီယန် ကို တစ်ဖက်၊ လီဗီတာ ကို တစ်ဖက်က ကိုင်ထားလိုက်သည်။ တံခါးပိတ်ပြီးသည်အထိ သူတို့အားလုံး၏ ရယ်မောသံက အတန်ကြာအောင် ပဲ့တင်ထပ်သွားလေတော့သည်။



.............................ပြီးပါပြီ ...........................

Translated by
Mya thet
Imperial Meow❤️

Thanks🥰