Chapter 129
Side story. 24
နှင်းအလွန်ကျသည့်နေ့....
ရိုစီနာ ကို နွေရာသီနန်းတော်မှ မွေးဖွားခန်းကို ရွှေ့ထားကြသည်။ လွန်ခဲ့သည့်တစ်လကတည်းက နာမည်ကြီးဆရာဝန်များသည် သူမ မွေးဖွားမည့် နေ့ကို စောင့်ဆိုင်းနေသောကြောင့် အရာအားလုံး မြန်မြန်ဆန်ဆန်ပြီးမြောက်ခဲ့သည်။
တံခါးပိတ်ပြီး ရာဟန် သည် စိုးရိမ်သောက ရောက်နေသော မျက်နှာထားဖြင့် စင်္ကြံသို့ ပြေးဆင်းသွားသည်။ ရိုစီနာ ၏ ညည်းညူသံများက တင်းကျပ်စွာ ပိတ်ထားသော တံခါးမှ အပြင်ဘက်ထိ ထွက်လာကြသည်။တစ်ခါတစ်ရံ သူ့နာမည်ကို ခေါ်သလို၊အီလီယန် အမည်ကိုလည်း အော်တတ်သေးသည်။အီလီယန် လည်း ကြောက်လန့်နေပြီး လက်သည်းတွေကို ကိုက်နေတော့သည်။
“ဟူး…ဟူး”
ရာဟန် သည် ချွေးစီးများ ကျနေသော သူ့မျက်နှာကို လက်ဖဝါးဖြင့်အုပ်ထားလိုက်သည်။ ချွေးစက်များက လက်ဖဝါးကလား၊နဖူးကလား ဆိုသည်ကို သူ သေချာမပြောနိုင်ပေ။ ဖြစ်နိုင်လျှင် ရိုစီနာ ၏နာကျင်မှုအားလုံးကို သူသာ ဝင်ခံလိုက်ချင်သည်။ ထို့နောက် သူက အသက်ပြင်းပြင်းရှူပြီး အီလီယန် ကိုငုံ့ကြည့်လိုက်သည်။ အတွင်းမှ အော်ဟစ်သံကို ကြားလိုက်တိုင်း အီလီယန် ၏ မျက်နှာသည် ဖျော့တော့လျက်ရှိသည်။နာကျင်နေရှာသည့် အမေဖြစ်သူကို တွေ့လိုက်ရ၍ သူ့အတွက် ထိတ်လန့်သွားပေမည်။
ထို့နောက် သူက အီလီယန် လက်ကို လက်တစ်ဖက်ဖြင့် ကိုင်ထားပေးလိုက်သည်။ ပုံမှန်ဆိုလျှင်၊ အီလီယန် သည် ရှက်ရွံ့သောကြောင့် ရှောင်လွှဲခဲ့သော်လည်း ယနေ့တွင်မူ အဖေဖြစ်သူ၏ လက်ကို ပြန်ဆုပ်ထားသည်။
"အဆင်ပြေသွားမှာပါ"
ရာဟန် က တုန်ရီနေသော အီလီယန် လက်ကို ဆုပ်ကိုင်လိုက်ရင်း သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
"အဲဒီတုန်းကလည်း ဒီလိုပဲ မဟုတ်လား"
သူမ အီလီယန် ကို မွေးဖွားသောအခါက ဤမျှခက်ခဲသော အချိန်ကို ကြုံတွေ့ခဲ့ရပေမည်။ယခုထက် ပိုဆိုးသည့် နေရာမှာ လင်ယောက်ျားမရှိသည့် မိခင်တစ်ယောက်အနေနှင့်၊သူ တွေးနေရင်း သူ့ရင်ဘတ်အောက်မှ တစ်စုံတစ်ခု ခုန်တက်သွားသလို ထိတ်လန့်သွားရသည်။ ဝေဒနာကို တစ်ယောက်တည်း ခံနိုင်ရည်ရှိအောင် နေနေရမည့် သူမကို တွေးပြီး ငိုချင်လာ၍ ရာဟန် ခေါင်းခါလိုက်ရသည်။
ပြတင်းပေါက်အပြင်ဘက်တွင် နှင်းများ တဖွဲဖွဲကျနေသဖြင့် အားလုံး ဖြူစင်ဖွေးလျသွားသည်။ နေ့တစ်ဝက် ကုန်ဆုံးသွားသလို ထင်ရသော်လည်း သူတို့ အလုပ်များနေသဖြင့် အချိန်ကို သေသေချာချာ မသိနိုင်ပေ။ အချိန်တွေကြာလာတော့ ရာဟန် အသက်တောင် ကောင်းကောင်းမရှူနိုင်ဘဲ ရိုစီနာ ၏ ညည်းညူသံတွေ ရပ်သွားအောင် စောင့်နေမိသည်။ ထို့နောက် တံခါးက အနည်းငယ် ပွင့်ဟလာပြီး အယ်လာ ထွက်လာ၏။
"ဘယ်တော့ပြီးမှာလဲ"
ရာဟန် က သူမကို မေးလိုက်ရာ အယ်လာက အနည်းငယ် လန့်ဖျပ်နေသော မျက်နှာဖြင့် ပြန်ပြောလိုက်သည်။
“အဝေးကြီးကျန်သေးတယ် အရှင်မင်းကြီး…ဝေဒနာကို နာရီနည်းနည်းကြာမှ ကုသပြီး မွေးလို့ရမယ်လို့ ပြောပါတယ်"
"နောက်ထပ် နာရီတွေ စောင့်ရဦးမှာလား"
ဒါဆို ရိုစီနာ က နာရီအနည်းငယ်ကြာအောင် နာကျင်နေရမယ်လို့ ဆိုလိုတာလား...
ရာဟန် ဖြူဖက်ဖြူရော် မျက်နှာဖြင့် ကြမ်းပြင်ကို ငုံ့ကြည့်လိုက်သည်။ ကလေးမွေးဖွားဖို့ဆိုတာ ဘယ်တော့မှ မလွယ်မှန်း သူသိသော်လည်း ဤမျှခက်ခဲမည်ဟု မမျှော်လင့်ထားပေ။ ကလေးမွေးဖွားခြင်းမှာ ရန်ပွဲတစ်ခုလို တိုက်ခိုက်ရသည်ဟု တစ်စုံတစ်ဦးက ပြောကြားခဲ့သော်လည်း ယခုအချိန်မှာတော့ သူ စိတ်ပျက်အားငယ်နေရတာဖြစ်သည်။သူမကသာ နာကျင်မှုကို တစ်ယောက်တည်း တိုက်နေခဲ့တာဖြစ်သည်။ ပြတင်းပေါက် အပြင်ဘက်တွင် နှင်းများ တဖွဲဖွဲကျနေသဖြင့် သူ စိတ်အနှောင့်အယှက်ဖြစ်ရသဖြင့် အေးစက်နေသော နံရံကို မှီကာ မျက်လုံးမှိတ်ထားလိုက်သည်။
“ မေမေ...ဟီးဟီး”
အီလီယန် အော်ငိုသံကို ကြားတော့ ရာဟန် က သူ့ကျောပြင်ကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။ အချိန်တွေ အကန့်အသတ်မရှိကုန်သွားပြီးနောက် အတွင်းထဲမှာ ရုန်းရင်းဆန်ခတ် ဖြစ်သွားလေသည်။
"ဘုရင်မရှင့်"
"အသက်ရှူပါဦး"
အတွင်းထဲမှ အသံများကြောင့် ရာဟန် မျက်နှာထား တင်းမာသွားပြီး တံခါးလက်ကိုင်ကိုသာ စိုက်ကြည့်နေမိသည်။ယခုချက်ချင်း အထဲဝင်သွားချင်စိတ်ကို သူ တတ်နိုင်သမျှ ထိန်းထားရပေတော့မည်။
"ဘုရင်မရှင့်"
အတွင်းမှ ရိုစီနာ ကို ခေါ်နေသော အသံကို ထပ်မံကြားရပြန်သည်။ နောက်ထပ် အရေးတကြီး ဖြစ်နေသောအသံတစ်ခု ထွက်ပေါ်လာတာကြောင့် ရာဟန် မျက်လုံးပြူးလာသည်။
"ရိုစီနာ"
ဘယ်သူမှ မကြားသည့်အတွက် ဘာအဖြေမှ ထွက်မလာကြပေ။စိတ်မရှည်တော့သော ရာဟန်သည် တံခါးကို ဖျက်မည်ပြုစဉ်... အတွင်းမှ ကျယ်လောင်သော အော်ဟစ်သံကို ကြားလိုက်ရသည်။
“..…”
ရာဟန် တံခါးရှေ့မှာ ရပ်ရင်း ကြောင်တောင်တောင် ဖြစ်သွားသည်။အကြောင်းမှာ ကလေးငိုသံက သူ့နားထဲကို ဖုံးလွှမ်းသွားတာကြောင့်ဖြစ်သည်။ အီလီယန် ကမူ အမည်တပ်မရသော အမူအရာမျိုးဖြင့် တံခါးကို ကြည့်နေသည်။ ခဏကြာသောအခါ အခန်းတံခါးပွင့်လာပြီး မောပန်းနေသည့် ဆရာဝန်တစ်ယောက် ထွက်လာ၏။
"ဘုရင်မ ရော...ဘယ်လို နေသးလဲ"
ချက်ချင်း ရာဟန် က ဆရာဝန်၏ လည်ပင်းကို ကိုင်ထားကာ မေးလိုက်သည်။ ဆရာဝန်က ကလေးမဟုတ်ဘဲ မိခင်ကို ရှာနေတာကြောင့် အနည်းငယ် အံ့သြသွားပုံဖြင့် ပြန်ဖြေလိုက်သည်။
"နှစ်ယောက်လုံး ကျန်းမာရေးကောင်းပါတယ်”
“အာ…”
သူ ဘုန်းကနဲ စိတ်လျှော့လိုက်ကာ ပြိုလဲကျသွားရသည်။ သူ ထိုင်ချင်မိသော်လည်း ဤကြမ်းပြင်မှာတော့ ဆက်ထိုင်ချင်စိတ်မရှိပေ။
"ဝင်လို့ရမလား..."
ရာဟန် က တုန်လှုပ်သောအသံဖြင့် မေးလိုက်သောအခါ ဆရာဝန်က ခေါင်းညိတ်ပြသည်။ ထို့နောက် ရာဟန် သည် အီလီယန် နှင့်အတူ အထဲသို့ ဝင်သွားသည်။ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း သူ့နှလုံးသားတစ်ခုလုံး ပေါက်ကွဲတော့မလိုလို ခံစားရသည်။ ခဏရပ်ပြီးနောက် ရာဟန် သည် အသက်ပြင်းပြင်းရှူကာ ကုတင်ပတ်လည်က ကန့်လန့်ကာများကို ဆွဲလိုက်သည်။
“ရိုစီနာ….”
ကုတင်ပေါ်တွင် လဲလျောင်းနေသော ရိုစီနာ ၏ ဆံပင်များသည် အေးစက်သော ချွေးများဖြင့် စိုစွတ်နေပြီး နွမ်းနယ်နေသော မျက်နှာပေါ်တွင်လည်း ဆံချည်မျှင် အနည်းငယ် ကပ်နေသည်။ သူမ ပုံစံက ပင်ပန်းနွမ်းနယ်နေ၏။မည်သို့ပင်ဆိုစေ၊ ရာဟန် ကို သူမ မြင်သည်နှင့် ပင်ပန်းနေသည့်ကြားကပင် ပြုံးပြလိုက်သည်။
“……”
သူ ပြောချင်တာတွေ အများကြီးရှိခဲ့သည်။ 'သူမ ကြိုးစားခဲ့တာပဲ''အတော်ပင်ပန်းသွားမှာပဲ' စသည်ဖြင့် စိတ်ထဲက စကားတွေများသည် လက်တွေ့ဘဝတွင် ဘာပြောလို့ ပြောရမှန်း မသိခဲ့ပေ။
ရာဟန်က သူမ လက်ကို ကိုင်းထားရင်း…
သူ့နှုတ်ခမ်းများကို ရိုစီနာ ၏ လက်ဖမိုးတွင် အနမ်းခြွေလိုက်၏။
"မင်းကိုချစ်တယ်"
နောက်ဆုံးတော့ သူပြောချင်သည့် စကားတွေအများကြီးထဲကမှ ရွေးပြီး ရိုးရိုးရှင်းရှင်းသာ ပြောလိုက်သည်။ဤစကားလုံးတွေက သူ့ပါးစပ်ထဲမှာ အမြဲရှိနေသော်လည်း တစ်ခွန်းပြောလိုက်တိုင်း ခံစားချက် အသစ်တစ်ခုကို ခံစားလိုက်ရသည်။ ရိုစီနာ သည် သူမအကြားချင်ဆုံး စကားဖြစ်သောကြောင့် တောက်ပစွာပြုံးလိုက်သည်။
"...စောင့်နေတာကြာပြီလား"
“မကြာပါဘူး..."
"ကလေးကိုတွေ့ချင်လား အီလီယန်...ဒီကိုလာ"
ထို့နောက် လှဲအိပ်နေသော ရိုစီနာ သည် ရာဟန် အကူအညီဖြင့် ထနိုင်ခဲ့သည်။ အီလီယန် ကုတင်ပေါ်သို့ တက်လိုက်သည်။ ကလေးလေးကို သေချာသန့်စင်ထားပြီး အဝတ်နှင့် ပတ်ထားတာဖြစ်သည်။
" မိန်းကလေးပဲ"
ရာဟန် နှင့် အီလီယန် တို့သည် ကလေးကို တချိန်တည်းကြည့်နေကြသည်။ အနီရောင်ဆံပင်ကောက်ကောက်များက သူတို့ မျက်လုံးများကို ဦးစွာဖမ်းစားလိုက်သည်။ သူမသည် မျက်လုံးမဖွင့်ရသေးသော်လည်း ရိုစီနာ မျက်နှာနှင့်တူလှသည်။
"လှလိုက်တာ"
အီလီယန် က သူ့ကို တစ်စုံတစ်ခုက ချုပ်နှောင်ထားသလိုမျိုး ခံစားနေရပြီး တိုးတိုးတိတ်တိတ်ပြောလိုက်သည်။သူမသည် ရှုံ့တွနေသော ကလေးငယ်တစ်ဦးဖြစ်သော်လည်း မြင်မြင်ချင်းပင် သူမကို သဘောကျနေမိသည်။ အီလီယန် ကဲ့သို့ပင် ရာဟန် ကလည်း ကလေးဆီမှ မျက်လုံးများကို မခွာနိုင်။
"သူမက မင်းနဲ့တော်တော်တူတယ်"
"တစ်ကယ်လား…ရှင်နဲ့တူတယ်လို့ ကျွန်မကထင်နေတာ"
ရိုစီနာ ပြုံး၍ ပြောလိုက်လျှင် ရာဟန် သည် သူမ နဖူးကို နမ်းလိုက်သည်။
"ကျွန်မတို့ သူ့ကို မြန်မြန် နာမည်ပေးရမယ်..."
သူမ စကားကြောင့် ရာဟန် နှင့် အီလီယန် တို့သည် ကမ္ဘာကြီးတစ်ခုလုံးကို စိုးရိမ်ပူပန်နေရသလို မျက်မှောင်ကြုတ်လိုက်ကြသည်။ အခုအချိန်အထိ သူတို့ကြိုက်သည့် နာမည်တစ်ခု ရှာမတွေ့သေးသော်လည်း ယခုအချိန်က သူမကို နာမည်ပေးရမည့် အချိန်ဖြစ်သည်။ သို့သော် ထိုနာမည်သည် သူမ၏တစ်ခုတည်းသောအမည်ဖြစ်သောကြောင့် ပေါ့ပေါ့တန်တန်ဖြင့် ပေး၍မရပေ။
ရိုစီနာသည် ကလေးကိုကြည့်ရင်း မျက်လုံးမှိတ်ထားလိုက်ရာ ကိုယ်ဝန်အိမ်မက်ကို သတိရလာသည်။ လိပ်ပြာလေးတွေ လင်းလက်နေပြီး ပျံဝဲနေကြသည့် အိပ်မက်တစ်ခု။
“….လီဗီတာ”
သူမ ၏ ရေရွတ်သံကြောင့် သူတို့နှစ်ဦး ခေါင်းထောင်ကြည့်မိသွားသည်။
“အခုမှပဲ စိတ်ထဲပေါ်လာတာ...လီဗီတာ ဆိုတာ နေမင်းကြီးလို ပြိုးပြိုးပြက်ပြက်နဲ့ တလက်လက် ထွန်းလင်းတောက်ပတယ်ဆိုတဲ့ အဓိပ္ပာယ်ရှိတဲ့ အာစတေးနီးယား စကားလုံးလေ"
"လီဗီတာ"
ရာဟန် က ထိုနာမည်ထက် ပိုကောင်းသည့် နာမည်တစ်ခုမှ မရှိနိုင်ဘူးဟု ပြောရင်း ခေါင်းညိတ်လိုက်သည်။ သူမသည် သူ့အိမ်မက်ထဲတွင် ဥယျာဉ်ခြံကို မီးလောင်သွားအောင် လုပ်ခဲ့သူဖြစ်သောကြောင့် ထိုနာမည်နှင့် လိုက်ဖက်သည်။
“လီဗီတာ ဆိုတော့… လီတာ ပေါ့”
အီလီယန် သည် ကလေး၏ နာမည်ကို တီးတိုးပြောကာ ရယ်လိုက်သည်။ သူမကို နာမည်ပြောင်နှင့် ခေါ်နေပြီဖြစ်၍ တစ်ကယ့်မောင်နှမအရင်းမှန်း သေချာသွားသည်။ ပျော်ရွှင်စွာကြည့်နေသော ရိုစီနာ သည် ရာဟန် လက်ကိုဆွဲကိုင်လိုက်သည်။
"ရာဟန်...ရှင့်ကိုမေးစရာရှိတယ်"
"ပြော"
ထို့နောက် သူမက အဝတ်ထဲတွင် ထွေးထားသည့် လီဗီတာ ကို ခဏလောက်ကြည့်ပြီးနောက် ရာဟန် ကို တည့်တည့်စိုက်ကြည့်နေသည်။
"ကလေးကို ရိုစီနာ လို့ နာမည်ပေးလို့ရမလား"
ဤသည်ကို သူမ အကြာကြီးတွေးနေခဲ့တာပင်။သူမကိုယ်တိုင်က အမေဖြစ်သူတို့ မိသားစုကို လေးစားသည်။ထို့အပြင် မိသားစုအချင်းချင်း ချစ်ကြည်ရင်းနှီးမှုများ တိုးပွားစေချင်သည်။ သူမကသာ ရိုစီနာ မိသားစု၏ နာမည်ကို အမွေဆက်ခံသူ တစ်ဦးတည်းသာ ဖြစ်သောကြောင့် သူမ သားသမီးများထံ လွှဲပြောင်းပေးလိုခြင်း ဖြစ်သည်။
"ဒါကို ရှင်နဲ့ ကြိုပြောထားသင့်တယ်... တောင်းပန်ပါတယ်"
"မဟုတ်ဘူး....ရပါတယ်....ဒါဆိုရင်..."
ရာဟန် သည် တောက်ပစွာပြုံးပြီး ကလေးနာမည်ကို အော်လိုက်သည်။
"သမီးရဲ့ နာမည်ကလီဗီတာ ရိုစီနာ ဟာဘက် ပေါ့"
ဤလောက၌ ခေါ်တွင်စေမည့် သူမ၏ တစ်ခုတည်းသော အမည်ကို ထိုသို့ ပေးဖြစ်ခဲ့ပါ၏။
***
ရက်အနည်းငယ်ကြာသော် ရိုစီနာ သည် ပြန်လည်ကောင်းမွန်လာပြီး လီဗီတာ ကလေးကလည်း မျက်လုံးကလေးများ ဖွင့်လာနိုင်ခဲ့သည်။ ရက်တွေကြာလာသည်နှင့်အမျှ လီဗီတာ ကြီးပြင်းလာရာ ရိုစီနာ မျက်နှာနှင့်တူနေတာကို တွေ့လိုက်ကြရသည်။ တောက်ပသော အနီရောင်ဆံပင်၊ ရာဟန် နှင့်တူသော အပြာရောင်မျက်လုံးများရှိသူ လီဗီတာ သည် ချစ်စရာကောင်းသော ကလေးလေးဖြစ်သည်။ သူမကို မွေးဖွားချိန်မှာ အများကြီး သူ့ကို နှောင့်ယှက်လိမ့်မည်ဟု မှန်းထားသော အီလီယန် ဟာ သူ့ညီမကို ချစ်မြတ်နိုးခဲ့သည်။ လီဗီတာ ကို ကြည့်ရင်း သူ ဘာမှ လုပ်ချိန်တောင် မရဘဲ အလုပ်များနေရသည်။ ထို့နောက် ရံဖန်ရံခါ သူ့လက်ညှိုးကို သူမ ကိုက်လိုက်သည့် နေ့ရက်များတွင် သူ ကွယ်ရာမှာသွားပြီး တိတိတ်လေး အော်ဟစ်နေခဲ့ရသည်။
ရာဟန် သည် နေ့စဥ် စောစောအလုပ်ပြီးသည်နှင့် နွေရာသီ နန်းတော်သို့ ပြေးပြန်လာသည်။ သူပြန်လာသောအခါ လီဗီတာ အတွက် လက်ဆောင်အမြဲယူလာခဲ့သည်။ သူ့သမီးလေးက လှကြောင်း တဖွဖွအမြဲပြောလေ့ရှိပြီး သူမကို အချိန်အကြာကြီး ပွေ့ချီထားတတ်၏။ အားလပ်ရက်တွေ ရောက်လာလျှင်လည်း သားအဖနှစ်ယောက်စလုံး ကလေးအနားက မခွာကြတော့ပေ။ ရာဟန် က ပုံပြင်ဖတ်ဖတ်ပြပြီး အီလီယန် က သူမအား အရုပ်လေးများနှင့် အတူဆော့ပြတတ်သည်။ ကံကောင်းစွာနှင့်၊ လီဗီတာ သည် အခြားသူများထက် နူးညံ့သိမ်မွေ့သည်။ ရာဟန် နှင့် အီလီယန် တို့က သူမ အိပ်ချင်နေချိန်မှာ အနှောင့်အယှက်ပေးနေသည့်တိုင် ပြုံးနေတတ်သည်။ ရာဟန် နှင့် အီလီယန် တို့သည် သူမအနားမှာ အမြဲဝိုင်းနေပြီး သူမက အလွန်ချောမောပြီး ကြင်နာတတ်သောကြောင့် အခြားသူများထံ ကြွားရင်း အလုပ်များနေခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် လူအများ၏ ချစ်ခြင်းမေတ္တာဖြင့် ကြီးပြင်းလာခဲ့သည့် လီဗီတာ သည် ထိုင်ခုံပေါ်တွင် ထိုင်နိုင်လာသည်။ လီဗီတာ သည် ကမ္ဘာကြီးသို့ ထွက်လာသည်မှာ ဆယ်လခန့်ရှိပြီဖြစ်သည်။ ဆောင်းရာသီအားလပ်ရက်အတွက် အင်ပါယာနန်းတော်သို့ပြန်လာသော အီလီယန် နှင့် အလုပ်ပြီးသွားသော ရာဟန် သည် လီဗီတာ ကို အများကြီးသင်ပေးကြ၏။
“ ဖေဖေလို့ ခေါ်ပါဦး...ဖေဖေ”
"လီတာ...ကိုကို လို့ ခေါ်ပါဦး"
အလုပ်တွေကို တစ်ချက်ကြည့်နေသည့် ရိုစီနာ က သူတို့နှစ်ယောက် ဘာတွေလုပ်နေလဲဆိုသည်ကို တစ်ချက်ကြည့်လိုက်၏။ ရာဟန် နှင့် အီလီယန် တို့သည် လီဗီတာ ရှေ့က ထိုင်ခုံမှာ ထိုင်ကာ သူတို့ကို ခေါ်တတ်ရန် စေ့စေ့စပ်စပ် သင်ကြားပေးနေတာဖြစ်သည်။ စကားမပြောနိုင်သေးသောကြောင့် သူမ ပြောလာမည့် ပထမဆုံးစကားလုံးက သူတို့ကို ခေါ်စေချင်ကြတာဖြစ်သည်။
“ဖေဖေ…ဖေဖေ”
"ပြောပါဦး..ကိုကိုလို့.....မတရားဘူး...ကိုကိုက ပိုခက်တာပေါ့"
ခဏကြာလျှင်၊ သူတို့ နှစ်ယောက် စကားများ ရန်ဖြစ်ကြတော့သည်။
"အင်...."
လီဗီတာ သည် မျက်လုံးကြီးများကို မှိတ်လိုက် ဖွင့်လိုက် လုပ်နေသည်။ သူတို့ နှစ်ယောက် ဘာကြောင့် ဤမျှ အလုပ်တွေ ရှုပ်နေကြမှန်း သူမ မသိသလို ဖြစ်နေသည်။ထို့နောက် စောင့်ကြည့်နေသော ရိုစီနာ သည် ထိုင်နေရာမှ ထလိုက်သည်။
"လီတာ"
သူမ တစ်ချက်ခေါ်လိုက်ရာ လီဗီတာ ၏ ပါးဖောင်းဖောင်းကလေးကို သူမ မျက်နှ ချင်းဆိုင်တွေ့ရလေတော့သည်။သူမနှင့် မျက်လုံးချင်းဆုံသောအခါ လီဗီတာ တောက်ပစွာ ပြုံးလိုက်သည်။ ထို့နောက် သူမသည် နှုတ်ခမ်းကို စူစူကလေး လုပ်နေပြီး နောက်ဆုံးတွင် စကားစပြောလာ၏။
"မေ...မေ"
ခဏအတွင်း ပတ်ဝန်းကျင်က တိတ်ဆိတ်သွားရသည်။ လီဗီတာ ပြောသည့် ပထမဆုံးစကားလုံးက 'ဖေဖေ' မဟုတ်သလို 'အကိုကြီး' လည်း၊ မဟုတ်ဘဲ ' မေမေ' ပင်။ ရာဟန် သည် လီဗီတာ လက်ကို သဘောကျနေသကဲ့သို့ ဆုပ်ကိုင်ထားသည်။
"လက်စသတ်တော့ သမီးက အမေနဲ့တူတာကိုး"
"ညီမလေးက ကိုကို ထင်ထားသလိုပဲ...သိပ်တော်တာပဲ"
ရာဟန် နှင့် အီလီယန် တို့သည် သူမအား ချီးကျူးဂုဏ်ပြုရင်း အလုပ်များနေကြ၍ စောစောက ပူလောင်နေကြသည်ကို မေ့သွားနိုင်သည်။ ရိုစီနာက သူတို့ကို ကြည့်နေရင်း ရယ်မောမိလေတော့သည်။ရယ်မောသံကြောင့် သူတို့ သုံးယောက်က သူမကို လှမ်းကြည့်ကြသည်။ ထို့နောက် ရိုစီနာ သည် တစ်ပုံစံတည်း တူနေကြသော လူသုံးယောက်ကို တောက်ပစွာ ပြုံးပြလိုက်လေတော့သည်။
Xxxxx