အပိုင်း ၁၂၈ ( Side story. 23)
Viewers 13k

Chapter 128

မနက်မိုးလင်းလာသောအခါ ပူနွေးသည့် နေရောင်ခြည်က ကုတင်ပေါ်ကို ကျရောက်လာလျှင် ရိုစီနာ မျက်လုံးဖွင့်လိုက်သည်။ ထိုအခါ ကြီးမားသော အရာတစ်ခု ပေါ်လာ၍ သူမ အနီးကပ် ကြည့်လိုက်သောအခါ ရာဟန် ကိုယ်လုံးကို မြင်သွားသည်။သူသည် ကုတင်ခေါင်းရင်းမှာ ကျောမှီထားပြီး စာအုပ်တစ်အုပ်ကို ဖတ်နေသည်။ သူမ နိုးလာမှန်းတောင် မသိလိုက်ဘဲ သူ အလွန် နှစ်သက်နေပုံရသည်။ထို့နောက် သူမ သူဖတ်နေသည့် စာအုပ်၏ ခေါင်းစဉ်ကို ချောင်းကြည့်လိုက်သည်။

[မိဘအုပ်ထိန်းခြင်းဆိုင်ရာ အတတ်ပညာ အားလုံး]

ပြီးလျှင်၊ကုတင်ဘေးတွင် ထပ်ပုံထားသော စာအုပ်များကို တစ်ချက်ကြည့်လိုက်ပြန်သည်။

[ဆယ်ကျော်သက်ကလေးကို ဘယ်လို ကိုင်တွယ်ကြမလဲ] ဟူသော ခေါင်းစဉ်များကို သူမ သတိပြုမိခဲ့သည်။

ရိုစီနာ ထလာသောအခါ ရာဟန် သတိထားမိပြီး စာအုပ်ကို ပိတ်လိုက်သည်။

"နိုးလာပြီလား"

"အခုပဲအိပ်ရာနိုးတယ်...ဒါနဲ့ ရှင် ဘာလုပ်နေတာလဲ"

"အင်း ကိုယ် နည်းနည်းလေ့လာနေတယ်"

"စာဖတ်နေတာလား"

"ဟုတ်တယ်...ဒါ ကိုယ်ရဲ့ ပထမဆုံး ကလေးတစ်ယောက်ကို ပြုစုရမှာပဲ"

ရိုစီနာ သည် သူ၏ စိတ်အားထက်သန်သော အသွင်အပြင်ကို ကြည့်ပြီး ရယ်လိုက်မိသည်။ ထို့နောက် ရာဟန်သည် ကုတင်ပေါ်က ထသွားပြီး မနက်စာစားရန် အိပ်ခန်းမှထွက်လာခဲ့သည်။ ခဏကြာသော် လင်ဗန်းတစ်ခုနှင့် ပြန်လာခဲ့သည်။ ဟင်းချို၊ ပေါင်မုန့်နှင့် သစ်သီးများ ပါဝင်သော လတ်လတ်ဆတ်ဆတ် နံနက်စာဖြစ်သည်။ ထို့နောက် သူမရှေ့မှာ ဗန်းကိုချပြီး စာအိတ်ကို ပြလိုက်ည်။

"အဲဒါဘာလဲ"

" အီလီယန် ဆီက"

ရိုစီနာ စာကိုယူရန်ကြိုးစားသောအခါ ရာဟန် က နူးညံ့သော်လည်း တင်းမာသည့် အသံနှင့် ပြောခဲ့သည်။

"မနက်စာအရင်လာစားလေ..."

"ဟာ...ဟုတ်ပါပြီ"

ရိုစီနာ သည် ခါတိုင်းထက် မြန်မြန်ထမင်းစားရန် ကြိုးစားသော်လည်း ရာဟန် က သေသေချာချာ စောင့်ကျွေးနေ၍ သူမ အမြန်စားမရပေ။ ရေတစ်ဖန်ခွက်သောက်ပြီးမှသာ စာကို ရသွားသည်။ရိုစီနာ သည် စာအိတ်ကို ကမန်းကတန်းဖွင့်ကာ စာကို စတင်ဖတ်လိုက်သည်။ နှုတ်ခွန်းဆက်စကားဖြင့် စတင်ခဲ့သော စာသည် အကယ်ဒမီတွင် သူ ဘယ်လိုဖြတ်သန်းနေကြောင်း အသေးစိတ်ရေးထားတာဖြစ်သည်။ စာကိုဖတ်နေစဉ်တစ်လျှောင်လုံး သူမမျက်နှာပေါ်က အပြုံးတို့မှာ တစ်စက်ကလေးမှ ပျောက်ကွယ်မသွားပေ။

[သားမှာ မွေးချင်းမောင်နှမရှိလာတော့မယ်ဆိုတာကြားတော့ သား အရမ်းအံ့သြသွားတယ်…ကလေးလေးကိုလည်း တွေ့ဖို့ သား စောင့်မျှော်နေပါတယ်]

ရိုစီနာ သည် အီလီယန်၏ ချိုမြိန်သော သဘောထားကြောင့် ပျော်ရွှင်နေရပြီး ရာဟန်ကမူ သကာလောင်းထားသော ထိုစကားများထဲက ခံစားချက်အစစ်အမှန်ကို သတိပြုမိခဲ့သည်။ ဘောပင်ကို အတင်းနှင့်ဖိပြီး မင်ဖြင့် ဤစာကြောင်းကိုသာ ကွက်ပြီးရေးထားခြင်းဖြစ်သည်။

"အီလီယန် က အရမ်း ချစ်စရာကောင်းတာပဲ"

ရာဟန် သူမ စကားကို ခေါင်းညိတ်ထောက်ခံလိုက်သည်။ထို့နောက် တစ်ဆက်တည်းပင် သူ့ခံစားချက်တွေကို လှည့်စားပြီး ဟန်ဆောင်၍ ရေးထားပုံရတာကြောင့် အီလီယန် ကို နှစ်သိမ့်ပေးမည်ဟု သူ စိတ်ကူးမိလေတော့သည်။

ဆောင်းရာသီအစတွင် ရာဟန် သည် ထရိအက် သူရဲကောင်းများကို ဦးဆောင်ကာ တော်ဝင်နန်းတော်မှ ခေတ္တမျှထွက်ခွာခဲ့သည်။ မြောက်ဘက်ရှိ မွေးကင်းစ မကောင်းဆိုးဝါးများကို နှိမ်နင်းရန်ဖြစ်သည်။ ထိုလူသည် မကောင်းဆိုးဝါးအများစုကို ပြောင်းရွှေ့သွားခဲ့သော်လည်း အသစ်များကို ထိန်းချုပ်နိုင်စွမ်းမရှိတော့၍ ရာဟန် ကိုင်တွယ်ရန်မှလွဲ၍ ရွေးချယ်စရာမရှိပေ။ ရာဟန် ဟာ ကိုယ်ဝန်ဆောင်ဇနီးသည်ကို တစ်ယောက်တည်းထားခဲ့ရ၍ စိတ်တထင့်ထင့်နှင့်ပင်။ သို့သော်၊ သူသည် မကောင်းဆိုးဝါးများကို ရင်ဆိုင်နိုင်သူ တစ်ဦးတည်းဖြစ်သောကြောင့် သူ ထွက်ကိုထွက်မှရပေမည်။ မကြာမီပြန်လာမည်ဟု ကတိပြုပြီး ရိုစီနာ နှင့် မခွဲခွာခင် အခိုက်အတန့်တိုင်ရိုစီနာကို တန်ဖိုးထားကုန်ဆုံးပြီးနောက် မြောက်ဘက် ဒေသသို့ ထွက်ခွာသွားခဲ့သည်။

သူတို့နှစ်ယောက် ခွဲနေရသည်က တစ်လခန့်ရှိသွားလေပြီ။ ရိုစီနာ နှင့် ရာဟန် တို့သည် ထိုအချိန်အတွင်း စာများစွာ ဖလှယ်ခဲ့ကြသည်။ သူသည် တစ်နေ့ကို စာတစ်စောင် ရေးသော်လည်း ပေးပို့ရန် အချိန်အတော်ကြာသောကြောင့် တစ်ပတ်အကြာမှသာ သူ့စာကို သူမ ရမှာဖြစ်၏။ စာထဲတွင် သူမည်မျှ လွမ်းဆွတ်နေပြီး သူမကို တွေ့ချင်ကြောင်း ဖော်ပြသည့် စကားလုံးများဖြင့် ပြည့်နှက်နေသည်။ ရာဟန် အပြင်ထွက်နေစဉ် အီလီယန် အကယ်ဒမီကနေပြန်လာခဲ့သည်။ အီလီယန် သည် ရိုစီနာ ဗိုက်ကိုကြည့်ကာ အကြာကြီး ဘာမှပြန်မပြောသေးပေ။

"သားရဲ့ မောင်နှမ ဖြစ်လာမယ့်ကလေးက ဒီထဲမှာရှိနေတာလား"

ထိုစကားကိုသာ ပြောလေသည်။ ရိုစီနာ ခေါင်းညိတ်ပြလျှင်၊ အီလီယန် က အနည်းငယ် စိတ်ရှုပ်နေသည့် မျက်နှာထားနှင့် မေးလိုက်သည်။

"မိန်းကလေးလား ယောက်ျားလေးလား"

" မသိသေးဘူး"

ထိုအခါ အီလီယန် မျက်နှာထားသည် လေးနက်လာသည်။သို့သော် သူ့ပုံစံက သဘောကျသွားပုံရ၍ ရိုစီနာ ဝမ်းသာမိလေသည်။ ရာဟန် မရှိချိန်မှာ သူမနှင့် အီလီယန် တို့ဟာ တစ်နေကုန်နီးပါး အတူတူကုန်ဆုံးခဲ့ကြသည်။ ဟင်းချိုပူပူတွေစားကြ၊ စာအုပ်ဖတ်ကြ၊သို့မဟုတ် အသစ်ဆောက်ထားသည့် ဖန်လုံအိမ်ကြီးထဲမှာ ဆော့ကစားဖို့ ရံဖန်ရံခါ သွားကြသည်။ ရာဟန် သည် လတ်တီပင်များစိုက်ရန် ဖန်လုံအိမ်တည်ဆောက်ထား၍ အနွေးဓာတ်ရရန် တစ်ချို့တိရစ္ဆာန်ငယ်လေးများက လာရောက်ကစားကြသည်။ သူတို့နှစ်ယောက် အေးချမ်းသည့် အချိန်လေးမှာ အနားယူနေစဉ် နှင်းတွေက ကောင်းကင်ကနေ ကြွေကျလာ၏။ ပြာမှုန်များကဲ့သို့ တဖျပ်ဖျပ်လွင့်နေသော နှင်းများသည် တဖြည်းဖြည်း စုပုံလာကာ နောက်ဆုံးတွင် မြက်ခြောက်များနှင့် လမ်းဘေး ဝဲယာက မြေကွက်လပ်တို့ကိုပင် ဖုံးလွှမ်းသွားခဲ့သည်။ ကမ္ဘာကြီးကလည်း အဖြူရောင် ဖြစ်လာရသည်။

တော်ဝင်နန်းတော်သည် တဖြည်းဖြည်း နှင်းများဖြူဖွေးနေသော လယ်ကွင်းပြင်ကြီးလို ဖြစ်သွားခဲ့သည်။ထို့ကြောင့် အစေခံများအားလုံး အပြင်သို့ထွက်ပြီး နှင်းများထူထပ်စွာ ကျနေသောလမ်းကို စတင်ရှင်းလင်းသောအခါ ရိုစီနာ စိတ်ပူသွားရသည်။ အဘယ်ကြောင့်ဆိုသော် ရာဟန် ပြန်လာချိန်ရောက်နေပြီဖြစ်သည်။ သူ လမ်းမှာ တစ်ခုခု ဖြစ်နေမလားဟု စိုးရိမ်ပြီး တွေးနေမိစဉ် အပြင်က ဆူညံသံများကို ကြားလိုက်ရသည်။ မြင်းဟည်းသံများနှင့် လူအများအပြား၏ အသံများသည် နှင်းများကိုဖြတ်၍ အဆောက်အအုံအတွင်းပိုင်းသို့ ရောက်ရှိလာခဲ့သည်။ ရိုစီနာ အင်္ကျီထက်ဝတ်ဖို့တောင် မစဉ်းစားဘဲ ထွက်လာခဲ့ရာ နှင်းများ ဖြူဖွေးစွာ ဖုံးလွှမ်းထားသော ရာဟန်က မြင်းပေါ်မှ ဆင်းလာလေသည်။သူ၏ မြင်းနက်ကြီးသည် ဆီးနှင်းကြောင့် မြင်းဖြူနှင့် တူသွားသည်။

"ရာဟန်!"

ရိုစီနာ အော်လိုက်တော့ ရာဟန် လန့်သွားပြီး ခေါင်းကို မော့ကြည့်လိုက်၏။

"... ရိုစီနာ ဘာဖြစ်လို့လဲ..."

ရိုစီနာ ၏ အဝတ်အစားကို သူမြင်ပြီး မြင်းကို လက်ထောက်ထံ ချက်ချင်း အပ်လိုက်ကာ ချက်ချင်းပင် ပြေးလာသည်။

"မင်း အအေးမိမယ်"

စိုးရိမ်စိတ်ကြောင့် သူ မျက်မှောင်ကြုတ်ထားသည်။ ရိုစီနာ က သူမကို အလျင်အမြန်ဝင်ဖို့ ပြောစကားကို ဘာမှပြန်မပြောသေးဘဲ ပြုံးပြလိုက်သည်။

“ခဏပဲရှိသေးတာ...ကျွန်မကိုမလွမ်းဘူးလား"

"...မင်းကိုလွမ်းရလွန်းလို့ ကိုယ်တော့ ရူး​တော့မယ်​ထင်​တယ်​"

ရာဟန် က သူမကို ပွေ့ဖက်ဖို့ ကြိုးစားရင်း ရပ်သွားသည်။ သူ၏ ဝတ်ရုံနှင့် အပြင်အဝတ်သည် နှင်းများဖြင့် ဖုံးလွှမ်းနေပြီး အေးစက်နေတာဖြစ်သည်။

"ကိုယ်တို့ အထဲကို အရင်ဝင်ရရင်ကောင်းမယ်"

ထိုအခါ ရိုစီနာသည် အမြန် အဆောက်အဦးထဲသို့ ၀င်သွားလိုက်သည်။ အေးစက်သောလေနှင့် နွေးထွေးသော လေတို့သည် အချင်းချင်း ပေါင်းဆုံသွားပြီးနောက် သူတို့ နှစ်ယောက်ကို နွေးထွေးမှုတို့ဖြင့် ဝန်းရံထားကြသည်။ နှစ်ယောက်သား စင်္ကြံထက်မှာ ဘေးချင်းကပ်လျက် လမ်းလျှောက်လာရာ တံခါးပွင့်လာပြီး အီလီယန် ထွက်လာသည်။

"..ဖေဖေ"

ရာဟန် ကို မြင်လိုက်သည်နှင့် အီလီယန် မျက်လုံးပြူးသွားသည်။

"မတွေ့ရတာ ကြာနေပြီနော်....သား"

ရာဟန် ကပြောလိုက်ရာ အီလီယန် သူ့ဆီ ချက်ချင်းပြေးလာ၏။ ရိုစီနာ က သူ့ကို အတင်းပြေးမလာဖို့ သတိပေးလိုက်သော်လည်း အီလီယန် က တခစ်ခစ်ရယ်နေတာမရပ်ပေ။

ထို့နောက် သုံးယောက်သား ဧည့်ခန်းထဲကို ချက်ချင်းဝင်သွားကြသည်။ မီးဖိုကြီးသည် ထင်းများဖြင့် အဆက်မပြတ် တောက်လောင်နေပြီး ရာဟန် က သူ၏ ရေစိုအဝတ်အစားများကို ချွတ်လိုက်သည်။ ထင်းများ လောင်ကျွမ်းသွားပြီး တစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက်သွားကြသည်။ထို့‌နောက် အီလီယန် က အကယ်ဒမီမှာ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ပြောပြသည်။ ရိုစီနာ နှင့် ရာဟန် တို့သည် အီလီယန် စကားကို နားထောင်ရင်း ပြုံးမိကြသည်။ အီလီယန် စကားဆုံးသောအခါ ရာဟန် သည် ရိုစီနာ ဗိုက်ကိုကြည့်လိုက်သည်။

“အချိန်သိပ်မကျန်တော့ဘူးပဲ"

ရိုစီနာ အနည်းငယ် ရှက်ရွံ့စွာ ရယ်မောလိုက်သည်။ ဗိုက်ထဲက ကလေးက မြန်မြန်ကြီးပြင်းလာ၍ နောက်တစ်လခွဲခန့်တွင် ကမ္ဘာသို့ ရောက်ရှိလာမည်ဖြစ်သည်။ ထို့နောက် ရာဟန် က အီလီယန် ကို စိုက်ကြည့်ကာ မေးလိုက်သည်။

"သား ကလေးလေးကို နှုတ်ဆက်ပြီးပြီလား"

"... နေ့တိုင်း နှုတ်ဆက်တယ်"

ရာဟန် ပြုံးလိုက်သည်။ သူ ထင်ထားသည့်အတိုင်းပင် သူ့မျက်နှာမှာ မနာလိုမှုများ ပြည့်နှက်နေသည်။ အီလီယန် သည် အသက်ကြီးလာသော်လည်း အမေဖြစ်သူ၏ အချစ်တွေအားလုံးကို လိုချင်နေသော ကလေးတစ်ယောက်ပင်။သူက အီလီယန် ဆံပင်ကို ဆွဲဖွပြီး ရိုစီနာ ကိုမေးလိုက်သည်။

"မင်းအခြေအနေက ဘယ်လိုလဲ"

"မဆိုးပါဘူး...ဒါပေမယ့် နှင်းတွေကျနေတော့ ဘာမှကို သိပ်မလုပ်နိုင်ခဲ့ပါဘူး...လမ်းတောင် မလျှောက်ရဘူး"

ရိုစီနာ သည် ပြတင်းပေါက်မှ ထွက်ကာ နှင်းထူထပ်သော မြင်ကွင်းကို ငေးကြည့်နေသည်။ ထို့နောက် ရာဟန် က ချက်ချင်းထကာ

“ဒါဆို အခုအချိန်က သင့်တော်တယ်”

"ဟုတ်လား"

"နှင်းတွေကျနေရင်တောင် ကိုယ်တို့သွားလို့ရတဲ့နေရာ ရှိတယ်မဟုတ်လား"

ရာဟန် စကားကြောင့် ရိုစီနာ မျက်လုံးများသည် ရုတ်တရက် သတိပြုမိသွားသလိုပင်။ မြေအောက်ခန်းထဲမှာ မိုးလုံလေလုံ ရေကူးကန်တစ်ခု အသင့်ရှိနေပြီ ဖြစ်သည်။

"အီလီယန်..သား ရော လိုက်ချင်လား"

"သား ဒီမှာပဲနေမယ်"

ထို့နောက် အီလီယန် သည် ကုလားထိုင်ပေါ်တွင် တစ်ဝက်ခန့် လျော့တိလျော့ရဲ မှီထားရင်း တဖြည်းဖြည်း အိပ်ပျော်သွားတော့သည်။ နောက်ဆုံးတွင် သူတို့နှစ်ယောက်တည်း မြေအောက်ခန်းထဲရှိ မိုးလုံလေလုံ ရေကူးကန်ဆီသို့ ဆင်းသွားကြသည်။အလျင်စလိုလုပ်ထားသောကြောင့် ကြီးကြီးမားမားမဟုတ်သော်လည်း ရိုစီနာ တစ်ယောက်တည်းသုံးရန် လုံလောက်သည်။ ရာဟန် ထွက်သွားပြီးကတည်းက ရေထဲမဆင်းရတာ အချိန်အတော်ကြာနေပြီမို့ သူမ ရေချိုးချင်စိတ်ရှိမနေပေ။ရာဟန်က သူမကို ရေပေါ်တွင် ပေါလောပေါ်နေသော ပုခက်ထဲမှာ ထားလိုက်ပြီး သူမရှပ်အင်္ကျီမှ ကြယ်သီးများကို ဖြုတ်လိုက်သည်။ ရှည်လျားလှသော လက်ချောင်းများက သူမ ကြယ်သီးကို ဖြုတ်လိုက်တိုင်း ရိုစီနာ ၏ အကြည့်များက ထူးဆန်းနေ၏။ရာဟန် သူမကို ချွတ်ပြီးသောအခါ ရှေ့က အရင်ဦးဆောင်လိုက်သည်။ ရိုစီနာသည် အလွန်ပါးလွှာသော အတွင်းခံ ၀တ်စုံကို ၀တ်ဆင်ထားပြီး ခြေထောက်များကို ရေထဲသို့ စိတ်ထားလိုက်သည်။ ပူနွေးသောရေများသည် သူမ၏ ခြေကျင်းဝတ်များကို ရစ်ပတ်ထားလိုက်လျင် သူမ အိမ်ကို ပြန်ရောက်သွားသလို သက်တောင့်သက်သာ ဖြစ်သွားရ၏။

ရာဟန်သည် သူမ လက်ကို ကိုင်ထားရင်း ရှေ့ကို ဆက်သွားနေသည်။ ရိုစီနာ သည် လမ်းလျှောက်ရသည်ထက် ပိုမိုလွယ်ကူပြီး သက်တောင့်သက်သာရှိသော ရေထဲတွင် ရာဟန် ဦးဆောင်မှုကြောင့် မျောပါနေသည်။ သူမသည် တစ်ချိန်လုံး အိပ်လိုက်၊ထိုင်လိုက်သာ လုပ်နေရတာကြောင့် ယခု ရေထဲတွင် နေရခြင်းသည် ကြည်နူးစရာကောင်းနေသည်။ထို့နောက် သူမ ခြေထောက်နှစ်ဖက်စလုံးကို ကြမ်းပြင်ပေါ်မှ ခွာပြီး ဖြည်းညှင်းစွာ ကူးခတ်သွားလိုက်သည်။ထို့နောက် အနည်းငယ် နစ်မြုပ်သွားတော့မည်ဆိုပါက ရာဟန်က ချက်ချင်းပင် သူမကို ဖမ်းကိုင်ထားပေးသည်။

ခဏ ရေကစားပြီးနောက် သူမ အနည်းငယ် နွမ်းနယ်လာရ၏။ ထိုအခါ ရာဟန် သည် သူမကို ချက်ချင်း ပွေ့ချီလိုက်၍ သူမ သူ့လည်ပင်းကို ဖက်ထားလိုက်ရသည်။ စိုစွတ်နေသည့် သူ့ခန္ဓာကိုယ်တွေက တစ်ယောက်ကိုတစ်ယောက် ထိမိသွားပြီး နှစ်ယောက်သား မျက်လုံးချင်းဆုံလိုက်ကြသည်။ တစ်ယောက်ကို တစ်ယောက်၏ မျက်နှာတွေက သူတို့မျက်လုံးထဲမှာ ထင်ဟပ်နေကြသည်။ တစက်စက်ကျနေသည့် ဆံပင်တွေကနေ မြေပြင်ပေါ်ကျလာသည့် ရေစက်သံတွေကို ကြားနေရသည်။ရာဟန်သည် မျက်လုံးကို ဖြည်းညှင်းစွာမှိတ်လိုက်ပြီး သူမ နှုတ်ခမ်းများကို နမ်းရှိုက်လိုက်၏။ထို့နောက် အသက်ရှူသံတွေ ဖလှယ်ကြရင်း တစ်ယောက်ကိုတစ်ယောက် မက်မော တောင့်တလာကြသည်။

ရာဟန် ၏ စိုစွတ်သော နှုတ်ခမ်းများသည် ရေစက်လမ်းကြောင်းအတိုင်း လိုက်၍ သူမ ပါးပြင်နှင့် လည်ကုပ်အောက်သို့ ရွေ့လျားသွားသည်။

“ရှင် အဲဒါကို မလွန်ဆန်နိုင်ဘူးမဟုတ်လား…”

ထို့နောက် ရိုစီနာ သည် ပုခက်ပေါ်တွင်ထိုင်ပြီး မျက်နှာသုတ်ပုဝါကြီးကို ဆွဲထုတ်လိုက်သည်။ရာဟန်က ခြေထောက်ကို ဖြည်းညှင်းစွာသုတ်ပေးနေရင်း ရိုစီနာ တုန်လှုပ်သွားသည်။

“အာ….”

ရာဟန် မျက်နှာသုတ်ပုဝါကို အမြန်ချလိုက်သည်။

"ရိုစီနာ"

"ကလေး…"

ရာဟန် သည် သူမ ဗိုက်ကို တည့်တည့်ကြည့်လိုက်သည်။ စိုစွတ်ပြီး တင်းကြပ်သော အတွင်းခံ ၀တ်စုံအောက်တွင် သူမ ဗိုက်ကလေးက ရွေ့လျားနေသည်။ ဗိုက်ထဲက ကလေးသည် သူမ ဗိုက်ထဲမှာ ထပ်ခါထပ်ခါ ခုန်နေတာကို အထင်းသားမြင်နေရသည်။

"ရာဟန်..ထိကြည့်လိုက်"

တုံ့ဆိုင်းနေသော ရာဟန် သည် သူ့လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်သည်။ သူ့လက်ကို ဗိုက်ပေါ် ဂရုတစိုက်တင်လိုက်ပြီး တွန့်လိမ်သွားသလို ခံစားလိုက်ရသည်။ ရာဟန် မျက်နှာသည် စကားလုံးများဖြင့် မဖော်ပြနိုင်သော အမူအရာတစ်ခု ထင်ဟပ်သွားရသည်။ သူ ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ရာ သူ့မျက်လုံးများသည် ရိုစီနာ ၏ မျက်လုံးများနှင့် ဆုံမိကြပြီး နှစ်ယောက်သား အံ့အသင့်နေသော အမူအရာများဖြင့် ပြုံးပြလိုက်ကြသည်။

***

ရိုစီနာ ၏ သတ်မှတ် မွေးဖွားရက်နီးလာသောအခါ၊ ပြတင်းပေါက်အပြင်ဘက်တွင် နှင်းများကျလာသည်။

ခုအချိန်မှာ နှင်းတွေ အားလုံး အရည်ပျော်ပြီး နွေဦးကို ကြိုဆိုဖို့ အချိန်ကျနေပြီ ဖြစ်သော်လည်း ကောင်းကင်က ရာသီတွေ လွဲမှားနေပုံရသည်။ ရိုစီနာ၊ ရာဟန် နှင့် အီလီယန် တို့သည် မီးဖိုရှေ့တွင် ဘေးချင်းကပ်ထိုင်နေကြသည်။ ရိုစီနာသည် သူမ၏ ဝါသနာအရ ချည်ထိုးနေပြီး ရာဟန် သည် ဒဏ္ဍာရီပုံပြင်စာအုပ်များဖတ်နေချိန်ဖြစ်သည်။ ပုံပြင်က ကိုယ်ဝန်မဆောင်မီ ကြိုတင်ပြင်ဆင်ထားသင့်သော ပညာပေးပုံပြင်တစ်ခု ဖြစ်သော်လည်း သူ့အသံသည် ဂီတကဲ့သို့ ကောင်းလွန်းလှသည်။နေ့တိုင်း တစ်အုပ်စီ ဖတ်ပြလေ့ရှိတာကြောင့် ပညာသင်သွားနေခဲ့ရသော အီလီယန်ကို မေးလိုက်သည်။

"ဖေဖေလည်း သားကို ဖတ်ပြရမလား"

အီလီယန် ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်သည်။ ရာဟန် ကို ကလေးပညာပေးစာအုပ်ဖတ်ဖို့ သူ့အသက်မပြည့်သေးဘူးဟု ပြောချင်နေပုံရသည်။ သို့သော်၊ ရာဟန် သည် နောက်ထပ် ကလေးပညာပေးစာအုပ်ကို ထပ်ယူလိုက်သည်။ရိုစီနာ ကြောင့် မကြိုက်ကြောင်း ပြောလို့မဖြစ်တာကြောင့် အီလီယန် ခမျာ အောင့်သက်သက်နှင့် ဇာတ်လမ်းကို နားထောင်ခဲ့ရသည်။ ရာဟန်က အသံနေအသံထားကောင်းလှသည်ဖြစ်၍ သူလည်း နည်းနည်း အာရုံစိုက်လာမိသည်။

ရာဟန် ၏ ပျော့ပျောင်းညင်သာသော အသံကိုနားထောင်ရင်း အီလီယန် သည် ရိုစီနာ ဗိုက်ကို တစ်ချက်ကြည့်လိုက်သည်။ မကြာသေးမီက အီလီယန် သည် ထိုဗိုက်ကို ထိခဲ့ဖူးသည်။ ယခုအချိန်အထိ ကလေးလေး မွေးလာမှာကိုတွေးပြီး မနာလိုဖြစ်မိသော်လည်း သူထိလိုက်သည်နှင့် အထဲက ကလေးလေးက လှုပ်ပြီး တုံ့ပြန်တာကြောင့် ကျေနပ်မိသလိုလိုပင်။ ထိုခံစားချက်ကို သူ ကိုယ်တိုင်လည်း ထူးဆန်းစွာ ခံစားလိုက်ရသည်။ သူမုန်းသည့် ဤကလေးလေးက မွေးဖွားလာပါက သူထင်ထားတာထက် ပိုကောင်းချင်ကောင်းနေနိုင်၏။

မကြာမီ ပြတင်းပေါက်အပြင်ဘက်တွင် နှင်းများ မရပ်မနား ကျဆင်းလာကာ ရိုစီနာ ချည်ထိုးနေသည့်လက်သည် ပိုနှေးကွေးလာသည်။ ထို့နောက် ချောက်ကနဲ မြည်သံနှင့်အတူ ချည်လုံး နှင့်အပ်သည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားရသည်။

“အိုး…”

သူမ၏ ညည်းညူသံကြောင့် ရာဟန် နှင့် အီလီယန် တို့သည် ချက်ချင်း ခေါင်းမော့လိုက်ကြသည်။ထို့နောက် သူမသည် ကုလားထိုင်ပေါ်တွင်ထိုင်နေရင်းက ဗိုက်နာလာရပြီး အသက်ရှုကြပ်ကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားတာဖြစ်သည်။ဤကား ပင်ပန်းခြင်း၏အစပင်။



Xxxxxx