Chapter 127
Side story. 22
ရာဟန် နွေရာသီနန်းတော်သို့ရောက်သည်နှင့် မြင်းပေါ်မှဆင်းပြီး သူ့ကုတ်အင်္ကျီအတွင်းပိုင်းကို စစ်ဆေးကြည့်လိုက်သည်။ သူ့အင်္ကျီထဲမှာ ယိုနှစ်ပုလင်းက ပုံစံမပျက်ရှိနေကြသည်။သူ့လက်ထဲတွင် ယိုပုလင်းများကို ကိုင်ထားပြီး ဂရုတစိုက် လျှောက်လာ၏။
နွေရာသီနန်းတော်သည် လူတိုင်း အိပ်ပျော်နေချိန်တွင် တိတ်ဆိတ်နေပြီး မှောင်မည်းနေရသည်။ အိပ်ခန်းရှေ့တွင် ရာဟန် ရပ်လိုက်ရင်း တံခါးအက်ကွဲကြောင်းများမှတစ်ဆင့် အလင်းရောင်များကို သူ မြင်ရသည်။
နောက်ကျနေပြီဟာကို... သူမ မီးမပိတ်ဘဲ အိပ်ပျော်သွားသလား...
ထို့နောက် ရိုစီနာ မနိုးအောင် တံခါးကို တိတ်တဆိတ် ဖွင့်လိုက်သည်။
ကျွီ....
အခန်းတံခါး၏ စူးစူးဝါးဝါး မည်သံက စူးရှစွာ ထွက်ပေါ်လာ၍ သူ အထဲသို့ဝင်ရန် ကြိုးစားစဥ် ခေတ္တရပ်တန့်သွားသည်။ ရိုစီနာသည် တံခါးနားမှ ကုလားထိုင်ပေါ်မှာ မှီပြီး အိပ်နေတာကြောင့်ပင်။ သက်တောင့်သက်သာရှိသော အိပ်ရာကို အဝေးတွင် ထားပြီး အိပ်၍ အဆင်မပြေသော ကုလားထိုင်ပေါ်တွင် မှိန်းနေရှာသည်။ ရာဟန် ဘယ်လိုလုပ်ရမှန်းမသိဖြစ်သွားရ၏။ သူမ၏ အေးချမ်းသောမျက်နှာသည် ချစ်စဖွယ်ကောင်းလှသဖြင့် သူ့ရင်ဘတ်တစ်ဖက်က ပြည့်နှက်နေသကဲ့သို့ တောင့်တင်းလာရသည်။သူ့ ရင်တွင်းထဲက ခံစားချက်မှာ သူ့ ပါးစပ်ထောင့်အထိ ပျံ့နှံ့သွားခဲ့သည်။ သူ ပြုံးနေရင်း ဤအခိုက်အတန့်သည် ထာဝရတည်မြဲမည်ဟု မျှော်လင့်မိသည်။ သူ ရိုစီနာ ကို အချိန်အတော်ကြာ ငုံ့ကြည့်နေစဉ် ခဏကြာတော့ သူမ မျက်လုံးပွင့်လာသည်။
"ရှင် ပြန်ရောက်လာပြီလား"
“…အင်း...မင်းဘာလို့ ဒီအနားမှာအိပ်နေတာလဲ"
"ရှင့်ကို စောင့်နေတာ"
ရိုစီနာ သည် အိပ်ငိုက်နေသော မျက်လုံးများကို ပွတ်သပ်ကာ ဖျတ်ခနဲ ပြုံးလိုက်သည်။ ရာဟန်က သူမကို ဖက်ရန်ပြင်လိုက်စဉ် တစ်ချက်တွေဝေသွားသည်။လေကြောင့် သူ့တစ်ကိုယ်လုံး အေးစက်နေတာဖြစ်သည်။ ဤအအေးဒဏ်ကို သူမ ထိသွား၍ မဖြစ်ပေ။ ရာဟန် တုံ့ဆိုင်းနေစဉ် ရိုစီနာ သည် ထိုင်ခုံမှထကာ သူ့ကို အရင်ပွေ့ဖက်လိုက်သည်။သူ့အတွေးတွေကို သူမ သိပြီးပြီ ဖြစ်သည့်အတိုင်း လေကြောင့် အေးစက်နေသည့် သူ့ခေါင်းကို ပွတ်သပ်ပေးလိုက်သည် ။
"ရှင် အီစတက် ကိုသွားတယ်လို့ ကြားတယ်...အရမ်း ပင်ပန်းတယ်မလား"
ရိုစီနာ ဝမ်းနည်းသွားသောအခါ ရာဟန် က ခေါင်းခါလိုက်သည်။
“ဒါက အိမ်ရှေ့မှာ လမ်းထွက်လျှောက်လောက်ပဲ ရှိတာပါ... မင်းမသိဘူးလား...ကိုယ် ဟေလာ မှာဆို ဒီထက် အများကြီး ပင်ပန်းခဲ့တာ"
ရိုစီနာ သည် လိမ်ညာသော သူ့စကားကို ပြုံးလိုက်မိသည်။ ထို့နောက် ရာဟန်က သူမကို ပွေ့ချီပြီး အိပ်ရာပေါ် တင်ထားလေသည်။ ထို့နောက် သူ့အင်္ကျီကို ချွတ်ကာ မေးလိုက်သည်။
"အခုစားချင်လား"
“အင်း”
ရိုစီနာ ခေါင်းညိတ်လိုက်သည်။ သူမကို တတ်နိုင်သမျှ မြန်မြန်ကျွေးချင်တာကြောင့် သူ ကိုယ်တိုင်သွားခဲ့သည့် ရာဟန် ၏ ကြိုးစားအားထုတ်မှုကို အလဟဿ မဖြစ်စေချင်ပေ။
“……”
ရာဟန် သည် ယိုပုလင်းနှစ်ပုလင်းကို စားပွဲပေါ်ချလိုက်၏။ရိုစီနာ ပြောတာက သစ်သီးအစိမ်း ဖြစ်သော်လည်း ယခုတော့ ယိုပုလင်းနှစ်ပုလင်းသာ။
"အစိမ်းလိုက် အသီးကို လိုချင်တာကွာ"
ရာဟန်က ရေရွတ်သလိုပြောရင်း...
“ဒီနေ့တော့ ကိုယ့်မှာ အရည်အချင်း မရှိဘူးဆိုတာကို လက်တွေ့ကျကျ သိလိုက်ရတယ်”
ရာဟန် က သူ့ကိုယ်သူ အပြစ်တင်သည့်အခါ ရိုစီနာ အေးစက်စက် ဖြစ်နေသည့် သူ့လက်ကို ဆွဲပြီး ကိုင်ထားလိုက်၏။
"ဘာလဲသိလား.... လတ်တီက ယိုလုပ်စားရင် အရမ်းကောင်းတာ"
ရာဟန် ခေါင်းကို ချက်ချင်း မော့လိုက်သည်။ ရိုစီနာ ၏ ငြိမ်သက်သော အသံသည် သူ့နားရွက်ကိုပါ လှုပ်ယမ်းသွားစေလေသည်။
"ကျွန်မက လတ်တီယိုကို အရမ်း ကြိုက်တယ်...ခဏခဏ အစားများတယ်..."
“…..”
"ကျေးဇူးတင်ပါတယ်...ရှင်သိလား...ကျွန်မ အရမ်းစားချင်နေခဲ့တာ"
ရာဟန် ဝမ်းသာသွားသည်။သူမ စကားထဲတွင် ဝမ်းမြောက်မှု၊ နွေးထွေးမှု၊ ကျေးဇူးတင်မှု၊ ချစ်စဖွယ်ကောင်းမှု… အစရှိသည့် မဖော်ပြနိုင်သည့် ခံစားချက်များစွာ ပါဝင်သည်။
"ကိုယ် မင်းကို မုန့်တွေ ယူလာပေးမယ်"
ထို့နောက် သူက အနည်းငယ် တုန်နေသော အသံဖြင့် ပြောပြီး ထမင်းစားခန်းထဲကို ဆင်း၍ မုန့်များ ယူလာပေးသည်။ မုန့်များကလည်း သရေစာဖြစ်သောကြောင့် အစာအိမ်အတွက် ဝန်မပိစေပေ။ ထို့နောက် ရာဟန် က ယိုကို ထောပတ်ဓားနှင့် သုတ်လိုက်ပြီး ပေါင်မုန့်ပေါ်မှာ ဖြန့်လိုက်သည်။ ထို့နောက် ရိုစီနာသည် ကုတင်ပေါ်တွင်ထိုင်နေရင်း မုန့်ကိုစားကြည့်လိုက်သည်။ သူမ နှုတ်ခမ်းလေးများက မုန့်များကို တလှုပ်လှုပ်နှင့် စားနေမည့်အချိန်ကို သူ ကြောက်စိတ်ဖြင့် စောင့်နေခဲ့၏။ သူမ မကြိုက်ပါက သူ ဘာဆက်လုပ်ရမည်ကို တွေးနေမိစဉ် ရိုစီနာက အော်ပြောလိုက်၏။
"အရသာရှိလိုက်တာ"
ပြန်အော့အန်ခြင်းမရှိဘဲ မျိုချနေသော သူမ စကားကို ရာဟန်က ဝေးကနဲအော်ကာ သူမကို ဖက်ထားလိုက်မိသည်။
“တော်သေးတာပေါ့ကွာ"
ကံကောင်းထောက်မစွာနှင့်၊နောက်ဆုံးမှာ သူမသည် စားစရာတစ်ခုခု စားနိုင်ခဲ့ပြီဖြစ်သည်။သူ့လက်တွေကို ဖြည်းညှင်းစွာ ဖြေလျှော့ပြီးနောက် ရာဟန် က ပေါင်မုန့်ပေါ် ယိုကို ထပ်သုတ်လိုက်သည်။ယခု သူ့အလုပ်က ရိုစီနာ ဗိုက်မပြည့်မချင်း ကျွေးဖို့ပင်။
ရိုစီနာ သည် အာသာပြေသွား၍လားမသိ၊ ဒုတိယမြောက် ပေါင်မုန့်ကို ငြင်းပယ်ခဲ့သည်။ သူမ စားသောက်နေစဉ် ဗိုက်မအောင့်စေရန် ရာဟန်က ရေကိုလည်း ခပ်ပေးသည်။ အရင်ကဆို သူမသည် ရေကိုလည်း ခါးသည်ဟုဆိုကာ မသောက်ခဲ့သော်လည်း ယခုမူ ကောင်းကောင်းသောက်နေလေ၏။အချိန်အတော်ကြာပြီးနောက် ရိုစီနာ သည် ပေါင်မုန့် တစ်ထုပ်နှင့် လတ်တီယိုတစ်ပုလင်းကို နောက်ဆုံးတွင်စားပစ်နိုင်၍ ရာဟန် အလွန်ပျော်နေခဲ့သည်။ထို့ကြောင့် ယနေ့တေ့ ရိုစီနာ ၏ ဖျားနာခြင်း ဝေဒနာသည် တိမ်ငွေ့များလို ပျောက်ကွယ်သွားခဲ့သည်။
***
ဆောင်းဦးနှောင်းပိုင်း နီးကပ်လာသည်နှင့်အမျှ ညနေကတည်းက တံခါးသော့ကို တင်းတင်းကျပ်ကျပ် သော့ခတ်ထားရသည့် နွေရာသီနန်းတော်သည် တိတ်ဆိတ်နေသည်။ နောက်ဆုံးတွင် နန်းတော်ကို စောင့်ရှောက်ရသော အစေခံများ အိပ်ရာဝင်သောအခါ စင်္ကြံရှိ မီးများအားလုံး ပိတ်သွားခဲ့သည်။ မှောင်မဲနေသော စင်္ကြံ၏အဆုံးရှိ တံခါးပေါက်မှ အလင်းတန်းများ ထွက်ပေါ်လာသည်။ ဘုရင်မင်းမြတ်တို့ မောင်နှံ၏ အိပ်ခန်းမှ အလင်းရောင်ဖြစ်သည်။ ရက်များစွာမကျန်တော့သဖြင့် ဝမ်းနည်းမိသောကြောင့် သူတို့ အလွယ်တကူ မအိပ်နိုင်ကြပေ။
ရိုစီနာ သည် ကူရှင်များဖြင့် ပြည့်နေသော ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး ရာဟန် က သူမ ခြေထောက်ဘေးတွင် ထိုင်နေသည်။အစက သူမသည် ဘုရင်တစ်ပါးဖြစ်ပြီး ကြမ်းပြင်ပေါ်မှ ထိုင်နေ၍ ပြောခဲ့သေးသော်လည်း ရာဟန်က မထသဖြင့် သူ ပျော်နေသည်ဟုသာ သဘောထားလိုက်ရသည်။ ရာဟန် သည် သူမ ခြေထောက်များကို သူ့လက်ကြီးများဖြင့် ညင်သာစွာ ထွေးဆုပ်ထားသည်။ သူမသည် ကိုယ်ဝန်ရှိပြီးကတည်း လမ်းမလျှောက်နိုင်ခဲ့သော်လည်း မကြာခဏဆိုသလို၊ ခြေထောက်များက နာကျင်ရောင်ရမ်းနေတတ်သည်။ထို့ကြောင့် သူမ အနားမှာ ထိုင်ပြီး သူ ညတိုင်း နှိပ်နယ်ပေးသည်။ အမိန့်ပေးခိုင်းလိုက်လျှင် သူမ လက်တွေ ၊ခြေထောက်တွေကို နှိပ်ပေးမည့် အစေခံတွေ အများကြီးရှိသော်လည်း ရာဟန် က သူ့တာဝန်ဟုသာ ခံယူထားတာဖြစ်သည်။ အကြောင်းမတိုက်ဆိုင်သော်လည်း ရာဟန် ထိုအကြောင်းကို အမြဲပြောဖူးသည်။ အစပိုင်းမှာ နည်းနည်းရှက်နေသော်လည်း ရိုစီနာ သည် သိပ်မကြာခင်မှာ သူ့ဆန္ဒကို ဝမ်းသာအားရ လက်ခံလိုက်၏။ ရာဟန် သည် သူမ၏ လက်များနှင့် ခြေထောက်များကို ညတိုင်း နှိပ်နယ်ပေးသောအခါ သူမ စိတ်ထဲကလည်း ကြည်နူးမိသည်။
"နာရင် ပြောနော်"
သူသည် ရိုစီနာ ၏ ရောင်ရမ်းနေသော ခြေသလုံးများနှင့် ခြေဖဝါးများကို ညင်သာစွာ ပွတ်သပ်နှိပ်နှယ်နေတော့သည်။သူမ ကြိုက်သည့်နေရာကို ရာဟန် သိပြီးသားဖြစ်သည်။
"ရှင့်ပုခုံးကို ကျွန်မလည်း။နှိပ်ပေးမယ်"
ရာဟန်က ချက်ချင်း ထိုင်ခုံမှထရန် ကြိုးစားခဲ့ေသာ်လည်း ရိုစီနာ စကားကို မလွန်ဆန်နိုင်ခဲ့။
"ရှင်လည်း ပင်ပန်းထားတာပဲကို"
"….ဒါပေမယ့်”
“ထိုင်ပြီး စာရွက်စာတမ်းတွေကြည့်ရတာ အရမ်းပင်ပန်းတာ"
နောက်ဆုံး သူမသည် မရမကဖြင့် ရာဟန် ပုခုံးကို ဖိဆုပ်ထားလိုက်သည်။ အနှိပ်ခံပြီးနောက် ရာဟန်က သူမ ဗိုက်ကိုစိုက်ကြည့်နေလေသည်။ ဝိုင်းဝိုင်း ကလေး ပူနေသည့် ဗိုက်ဟာ ဘယ်လိုပင်ကြည့်ကြည့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်၏ ခန္ဓာကိုယ်ပင်။ ရိုစီနာ သည် သူမ ဗိုက်သားကို ကြည့်နေသည့် ရာဟန် ကြောင့် အနည်းငယ်ရှက်သွေးဖြာနေမိသည်။
“လှတယ်”
ရိုစီနာ ရုတ်တရက် သူ့စကားကြောင့် ကြောင်စီစီဖြစ်သွား၏။ထို့နောက် သူမ မသိလိုက်ခင်မှာ ရာဟန် က သူမ လက်ကို ဆွဲပြီး ဖောင်းနေသည့် ဗိုက်ပူပူပေါ်တင်ထားလိုက်သည်။
"မင်းရဲ့ ဗိုက်လေးက အရမ်းလှတာပဲ...လက်လေးတွေကလည်း အရမ်းလှတယ်...အားလုံးက လှနေတော့တာပါပဲ"
လှိုက်လှိုက်လှဲလှဲ ချီးကျူးစကားကြောင့် သူမ ပါးပြင်များ နီရဲလာရသည်။
"တစ်ကယ်လား...ဘာတွေက ဒီလောက်တောင် လှနေလို့လဲ"
"အားလုံးက ကိုယ့်မျက်လုံးထဲမှာ လှတယ်"
လေးနက်သော အဖြေတစ်ခု ပြောလာသောအခါ သူမ တစ်ချက် ခစ်ကနဲ ရယ်မောလိုက်မိသည်။ မကြာသေးမီ ခန္ဓာကိုယ်၏ အပြောင်းအလဲဖြစ်လာတာကို စိတ်ပူပန်ခဲ့ပြီး ယခု သူမအား လှသည်ဟု သူက ပြောသောအခါ သူမကိုယ်သူမ ယုံကြည်မှု တိုးလာသလို ခံစားရသည်။ စကားစမြည်ပြောနေကြသော သူတို့နှစ်ဦးသည် မကြာမီ ကုတင်ပေါ်တွင် ဘေးချင်းကပ်လျက် အိပ်လိုက်ကြသည်။ မျက်လုံးချင်းဆုံရုံကလွဲပြီး ဘာမှမထိရ၊မကိုင်ရသော်လည်း စိတ်ထဲမှာပျော်ရွှင်နေမိသည်။ ခဏအကြာတွင်၊အခန်းထဲမှ မီးလင်းဖိုရှိ မီးတောက်က တဖြေးဖြေး ကွယ်ပျောက်သွားပြီး မကြာမီ ရာဟန် မျက်ခွံတွေလည်း တဖြည်းဖြည်း မှေးစင်းလာကာ သူအရင်ဆုံး အိပ်ပျော်သွားတော့သည်။
"ဒီနေ့ ရှင် အရမ်းကြိုးစားထားတာပဲ"
ယခုမှ ရာဟန် သည် ရက်အတော်ကြာအတွင်း ပထမဆုံး အိပ်ပျော်သွားတာဖြစ်မည်။ သူသည် သူမ မျက်နှာကို အဆုံးထိကြည့်ချင်ပြီး အိပ်ပျော်သွားသည်အထိ စောင့်ခဲ့ဖူးသည်။ ရိုစီနာ သူ့ဆံပင်ကို ပွတ်သပ်လိုက်သည်။ နေရောင်များ ဖြာကျထားသလို ပြိုးပြိုးပြက်ပြက်ဖြစ်နေသော ရွှေရောင်ဆံပင်များကို ဖွဖွပွတ်သပ်ပေးနေမိပြီး စောင်ကို ဆွဲယူ၍ ရာဟန် အပေါ်မှာ တင်ပေးလိုက်၏။ သူမ သူ့မျက်နှာကို ကြည့်ပြီး 'ချောလိုက်တာ' ဟူသော စကားကို လွှတ်ကနဲ ပြောလိုက်မိသည်။ ချောမောလှပသော နှာတံ၊ ရွှေရောင်မျက်ခုံးမွှေးများနှင့် တင်းတင်းစေ့ထားသော နှုတ်ခမ်းများ...
ဆယ်နှစ်ကြာသွားသောအခါ သူသည် ပို၍ရင့်ကျက်လာသည်။ ငယ်ရွယ်နုပျိုသော အသွင်အပြင်တို့ ပျောက်ရှသွားကာ ပြီးပြည့်စုံသော လူတစ်ယောက် ဖြစ်လာခဲ့သည်။
'အသက်ကြီးလာတာနဲ့အမျှ ရှင်ပိုချောလာတာ အမှန်ပဲ'
ရာဟန် ဆံပင်တွေကို အချိန်အကြာကြီး ပွတ်နေသည့် ရိုစီနာ ဟာ အိပ်ငိုက်နေသော ကြောင်တစ်ကောင်လို သမ်းဝေလိုက်သည်။အစက အိပ်ချင်စိတ်မရှိသော်လည်း ယခုတော့ အိပ်ချင်လာရပြန်သည်။ထို့နောက် လက်ကျန် စောင်ကို ဆွဲထုတ်ပြီး မျက်လုံးကို မှိတ်ထားလိုက်သည်။တဖြည်းဖြည်းနှင့် အိပ်ငိုက်ခြင်းက သူမစိတ်ထဲကို တိုးဝင်လာရလေသည်။ ကြယ်လေးတွေ၏ တေးဆိုသံတွေက တိတ်တိတ်ဆိတ်ဆိတ် ရှိလှသည့် ညနက်နက်မှာ ပေါ်ထွက်လာသည်။ထိုစဥ် တင်းတင်းစေ့ထားသော ရွှေရောင်မျက်တောင်များသည် ဖြည်းညှင်းစွာ ကြွတက်လာသည်။
နိုးလာပြီးနောက် ရာဟန် သည် မျက်နှာကျက်ကို ကြည့်ကာ ချက်ချင်း ခေါင်းကို လှည့်လိုက်သည်။ သူ့ဘေးနားတွင် အိပ်ပျော်နေသော ရိုစီနာ ၏ မျက်နှာကို မြင်လိုက်ရသောအခါ သူ မသိစိတ်က ပြုံးလိုက်မိသည်။ မီးအိမ်တစ်ခုက အခန်းကို ထွန်းလင်းစေပြီး အိပ်နေသည့် ရိုစီနာ ကို ငုံ့ကြည့်နေမိသည်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော သူမသည် စောင်ခြုံထားတာဖြစ်၏။ စောင်က ကုတင်တစ်ခုလုံးကို ဖုံးနိုင်လောက်အောင် ကြီးသော်လည်း ရာဟန် က စောင်အောက်မှ ထွက်လာပြီး သူမကို အားလုံး ခြုံပေးလိုက်၏။ထို့နောက် သူ ငြိမ်သက်စွာ အသက်ရှုရင်း သူမ၏ ဆံပင်များကို ပွတ်သပ်လိုက်ရာ အနီရောင်ဆံပင်များက သူ့လက်ချောင်းများတွင် တွယ်ကပ်နေသည်။
ထို့နောက် ပါးကို တစ်ချက်နမ်းကာ စောင်ကို အနည်းငယ်ဆွဲ၍ သူမ ရင်ဘတ်ပေါ်အထိ ဆွဲခြုံပေးလိုက်လေသည်။ထိုအခါ သူမ၏ ပါးစပ်ထောင့်များသည် နွေးထွေးသော ခံစားချက်ကို နှစ်သက်သွားသလို အနည်းငယ် မြင့်တက်လာသည်။ ရာဟန် သည် သူမကို သူ့ရင်ခွင်ထဲတွင် ထည့်ထားပြီးမှ မျက်လုံးကို ဖြည်းညှင်းစွာ မှိတ်ထားလိုက်သည်။ယခုအချိန်က အနည်းငယ် ပူနွေးသောဆောင်းဦးနှောင်းပိုင်း ဖြစ်လေသည်။
***
ဆောင်းဦးရာသီသည် အကယ်ဒမီ သို့ ရောက်ရှိလာခဲ့သည်။ နွေရာသီအားလပ်ရက်အပြီးတွင် အကယ်ဒမီသို့ ပြန်လာသော ကျောင်းသားများအားလုံး စိတ်လှုပ်ရှားနေကြသည်။နွေရာသီ အားလပ်ရက် ကုန်ဆုံးပြီးချိန်မှာ ဆောင်းဦး စာမေးပွဲတွေ ကျင်းပမည်ဖြစ်၏။ အားလုံးသည် စာမေးပွဲအတွက် ပြင်ဆင်ရန် အလုပ်များနေသော်လည်း အီလီယန် တစ်ယောက်သာ အကယ်ဒမီတွင် အလုပ်အရှုပ်ဆုံးလူ ဖြစ်သည်မှာ သေချာသည်။ အားလပ်ရက်အတွင်း အီလီယန် သည် သိပ္ပံသုတေသနလုပ်ငန်းများတွင် ပါဝင်ခဲ့ရုံသာမက လစဉ်စာမေးပွဲကိုလည်း သီးခြားဖြေဆိုခဲ့ရသည်။ ရလဒ်အနေနှင့် အားလပ်ရက်ပြီးသောအခါ မူလတန်းကျောင်းမှ အထက်တန်းကျောင်းကို အမြန်ခုန်တက်နိုင်ခဲ့၏။
အားလပ်ရက်ပြီးပြီးချင်း အထက်တန်းကျောင်းက သင်ခန်းစာများကို လိုက်တက်ခဲ့သည့် အီလီယန် ဟာ အသက်ကြီးကြီး ကျောင်းသားတွေကြားမှာတောင် အဆင်ပြေပြေ စာလိုက်နိုင်ခဲ့သည်။သူသည် မင်းသားတစ်ပါးဖြစ်သောကြောင့် အကယ်ဒမီရှိ ဘယ်လိုလူကမှ သူ့ကို မထိပါးနိုင်ပေ။
အတန်းပြီးသောအခါ၊ အီလီယန် သည် အဆောင်သို့ ပြန်သွားခဲ့သည်။ အခန်းထဲကို ဝင်လာစဉ် အိပ်ဆောင်မန်နေဂျာက အီလီယန် ကို ခေါ်လိုက်သည်။
"ဟာဘက် အင်ပါယာ ဆီက စာတစ်စောင်ရောက်လာပါတယ်"
ထို့နောက် အီလီယန် သည် မန်နေဂျာထံမှ စာကို သွားဆင်းယူလိုက်သည်။စာအိတ်ပေါ်က ရိုစီနာ ဆိုသည့် နာမည်ကို မြင်လိုက်ရတော့ သူ့မျက်နှာက ဝင်းလက်သွားရသည်။အီလီယန် စိတ်လှုပ်ရှားစွာနှင့် ချက်ချင်း လှေကားပေါ်ကို ပြေးတက်သွားလိုက်သည်။ ထို့နောက် စားပွဲခုံရှေ့မှာ ထိုင်ပြီး စာအိတ်ကို သေသေချာချာဖွင့်လိုက်သည်။ စာရွက်ပေါ်တွင် သပ်သပ်ရပ်ရပ် ရေးထားသော လက်ရေးကလေးများက ညီညာစွာ ရှိနေကြသည်။အီလီယန် သည် စာလုံးလေးများကို သေချာ အရသာခံဖတ်နေမိသည်။
အမေဖြစ်သူက စာကို ထုံးစံအတိုင်း နေကောင်းကြောင်း၊သာကြောင်း၊မာကြောင်းသာ မေးမြန်းထားသည်။ဤအားလပ်ရက်မှာ သားဖြစ်သူမျက်နှာကို မမြင်ရ၍ လွမ်းဆွတ်သတိရနေကြောင်း၊ ရာသီအပြောင်းအလဲမှာ အအေးမိခြင်းမဖြစ်အောင် သတိထားသင့်ကြောင်း စသည်ဖြင့် ရေးသားထားသည်။ပြီးလျှင်၊သူမမှာ အရေးတကြီးကိစ္စတစ်ခု ပြောစရာရှိသည်ဟု ရေးထားသည်။ စာကိုဖတ်နေသည့် အီလီယန် က တစ်နေရာအရောက်မှ ခေတ္တရပ်သွားရ၏။
[သားအတွက် မောင်နှမတစ်ယောက်ဒီဆောင်းရာသီအကုန်မှာ မေမေ မွေးပေးမယ်]
"…ဘာ"
အီလီယန် သူ့လက်ထဲမှ စာကို ချလိုက်ပြီး ထိတ်လန့်တကြားဖြစ်ကာ မျက်လုံးးများပြူးသွားရ၏။
" မှားဖတ်မိသွားလို့ဖြစ်မယ်"
အီလီယန် သည် သူ့ကိုယ်သူ ငြင်းဆန်ကာ ခေါင်းယမ်းလိုက်သည်။ ထို့နောက် အသက်ပြင်းပြင်းရှူရင်း တုန်ရီစွာဖြင့် စာကို ကောက်ကိုင်လိုက်ပြန်သည်။ သူ မမှားပေ။ နောက်ထပ်ကလေးတစ်ယောက်ကို မွေးဖွားတော့မည်ဟု စာထဲတွင် ရှင်းရှင်းလင်းလင်း ဖော်ပြထားလေသည်။
“ နောက်ထပ် ကလေးတစ်ယောက်…”
ဤသတင်းက ရုတ်တရက်ဖြစ်နေ၍ ယုံဖို့ခက်သော်လည်း ရိုစီနာ ကတော့ လိမ်ပြောမှာမဟုတ်ပေ။ အီလီယန် သည် အချိန်အတော်ကြာအောင် အာရုံမစိုက်နိုင်ဘဲ ငြိမ်ငြိမ်ထိုင်နေပြီး ပြတင်းပေါက်မှ လေနုအေးကို ခံစားနေသည်။ ထို့နောက် လေနှင့်အတူပါလာသော လူသည် အီလီယန် ဘေးတွင် ရပ်သွားသည်။
-အရှင်မင်းကြီး...
ထိုလူက အီလီယန် ကို အသေအချာခေါ်လိုက်သည်။ အီလီယန် မှာတော့ သူ့ကိုတောင်သတိမထားမိဘဲ သူ့အတွေးထဲမှာ နစ်မွန်းနေရသည်။ သူ့အနားမှာ တစ်ယောက်ယောက်ရောက်လာလျှင် အမြဲလိုလို သတိရှိတတ်သည့် အီလီယန် မှာ ယနေ့တော့ ထူးထူးခြားခြားဘာကိုမှ ဂရုမစိုက်နိုင်တော့သလိုပင်။
- ပြဿနာရှိလို့လား...
အမေးရှိသော်လည်း အီလီယန် က ပြန်မဖြေဘဲ လေထဲသို့ အကြာကြီး စိုက်ကြည့်နေပြီး သူနှုတ်ခမ်းများကို မရဲတရဲ ဖွင့်ဟ,လိုက်၏။
"ကျွန်တော့်မှာ မကြာခင် ညီလေးလား၊ညီမလေးလား... ဘာလေးမှန်းမသိတဲ့ဟာလေး ရှိလာတော့မယ်"
- အင်း... ဂုဏ်ယူပါတယ်...
အီလီယန် ထိုသူ့ကို အမြန်လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးထဲရှိ စူးရှသော အလင်းရောင်သည် အထူးအဆန်းဖြစ်နေသည်။
"ဂုဏ်ယူပါတယ် ဟုတ်လား"
ထိုလူ အံ့သြတကြီးဖြစ်သွားသည်။သူ့အမြင်ကတော့ သေချာပေါက် ကောင်းသည့်ကိစ္စဟု ထင်မိသော်လည်း အီလီယန် ကတော့ သိပ်အဆင်ပြေပုံမရပေ။
- မွေးချင်းရှိလို့ မကောင်းဘူးလား...
"ဒီကလေးက မေမေ့ရဲ့ အချစ်တွေအားလုံးကို ခိုးသွားလိမ့်မယ်"
"ဖေဖေနဲ့လည်း အရမ်း အဆင်ေပြဖို့ ခက်သွားမယ်"
အီလီယန် ဒေါသတကြီးဖြင့် လက်သီးကို ဆုပ်ထားသည်။သူသည် အကယ်ဒမီသို့ ရောက်သောအခါ ရိုစီနာ နှင့် ခွဲခွာခဲ့ရသည်။ အတူတူကုန်ဆုံးချိန်များ လျော့နည်းလာသည်နှင့် အားလပ်ရက်အတွင်း နန်းတာ်ကိုပြန်လာတိုင်း အမေဖြစ်သူ၏ အချိန်များကို လက်ဝါးကြီးအုပ်ရန် ဆုံးဖြတ်ခဲ့သည်။ ရာဟန် ကိုလည်း အနည်းငယ် ကြည့်ရလာပြီမို့ သိပ်မခက်ခဲပေ။သို့သော်၊ နောင်ထက် ကလေးလေးတစ်ယောက် မွေးလာသည့်အခါ အပြောင်းအလဲတွေ ဖြစ်လာတော့မည်။ ထင်ရှားသည်မှာ၊ ရိုစီနာ သည် ထိုကလေးငယ်ကိုသာ အပြည့်အဝ အာရုံစိုက်ပြီး သူ့ကို သိပ်ဂရုစိုက်နိုင်တော့မှာမဟုတ်ပေ။
"သူက ကျွန်တော့်ထက် ရုပ်ဆိုးမယ်... သူ့စရိုက်ကလည် ကျွန်တော့်ထက် ပိုဆိုးလာမယ်ဆိုတာ သေချာတယ်"
မမွေးသေးသော ညီငယ်ကို သူ ဆဲဆိုမိပြန်သည်။ထိုလူသည် အလွန်စိတ်အားထက်သန်စွာ မကောင်းပြောနေသော အီလီယန် ကို စိုက်ကြည့်နေမိသည်။ အီလီယန်သည် သူ့အသက်အရွယ်နှင့်အညီ ရင့်ကျက်နေပြီဟု အမြဲထင်ခဲ့သော်လည်း ယခုမူ သာမန်ကလေးတစ်ယောက်သာ ဖြစ်နေသည်။
"ကျွန်တော် ငြိမ်နေမှာ မဟုတ်ဘူး"
ထိုကဲ့သို့ ယုတ်မာသော စကားများကို ပြောလိုက်သောအခါ ထိုလူ ဆွံ့အသွားရသည်။အီလီယန် ပုံစံက ညီငယ်တစ်ယောက်လိုမဟုတ်ဘဲ ရန်သူ တစ်ယောက်အကြောင်းကို ပြောနေပုံရသည်။ ထိုလူသည် ခဏတာ အတွေးထဲတွင် ပျောက်ကွယ်သွားသည်။သူ့မှာ မွေးချင်းမရှိသောကြောင့် အီလီယန် မည်ကဲ့သို့ ခံစားရနေရသည်ကို သူမသိပေ။ နားမလည်သော်လည်း နှစ်သိမ့်သင့်သည်ဟု သူ ထင်မိသည်။
- ဒါပေမယ့် နောက်ဆုံးတော့ အရှင့်ရဲ့ မွေးချင်းမောင်နှမပါပဲ...
"ခင်ဗျားက ဘယ်သူလဲ"
အီလီယန်၏ မျက်နှာသည် အနည်းငယ် မည်းမှောင်သွား၍ ထိုလူက လန့်သွားပြီး နောက်ကျမှ ပြန်ဖြေလိုက်သည်။
- ကျွန်တော်က အရှင့်ဘက်တော်သားပါ...
"ဒီကလေးကလည်း ကျွန်တော့်လို နတ်ဘုရားတွေရဲ့ တန်ခိုးနဲ့ မွေးဖွားလာနိုင်တယ်"
–……
ထိုလူ၏ အမူအရာမှာ အနည်းငယ်ရှုပ်ထွေးသွားသည်။ ဤပြဿနာကို သူဘယ်တုန်းကမှ မတွေးခဲ့မိပေ။ အဘယ်ကြောင့်ဆိုသော် ရှင်ဘုရင်၏ တန်ခိုးအာဏာဆိုသည်မှာ နှစ်ခု ဖြစ်ရိုးထုံးစံမရှိပေ။ ထိုလူက ပြန်မဖြေသောအခါ အီလီယန် ၏ မျက်လုံးများ သုန်မှုန်လာသည်။
"ခင်ဗျားက ဘယ်သူနောက်လိုက်မှာလဲ နောက်ကလေး နောက်ကိုလား..."
- မဟုတ်ဘူး... အဲဒါ မဟုတ်ဘူး
ထိုလူက ချက်ချင်းပြန်ဖြေသည်။ ထိုမှသာ အီလီယန် အနည်းငယ် သဘောကျသွားပုံပေါ်သွားသည်။သို့သော် ဆုပ်ထားသော လက်သီးသည် သူ့စိတ်ခံစားချက်က လုံးဝ မသက်သာသေးသလိုပင် လုံးဝ တင်းကျပ်စွာ ဆုပ်ထားဆဲဖြစ်သည်။
"ကျွန်တော်ကသာ ကျွန်တာ့် မေမေ့ရဲ့ ပထမဆုံး သားကြီးပါ"
အီလီယန် သည် မမွေးသေးသော သူ့မောင်နှမ အပေါ် ပြိုင်ဆိုင်စိတ်နှင့်အတူ ဒေါသစိတ်တို့ တောက်လောင်နေလေသည်။
***