Chapter 126
Side story. 21
ပူပြင်းသည့် နွေရာသီအဆုံးနှင့် ဆောင်းဦးပေါက်ရာသီ စပ်ကြားမှာ ဆောင်းရာသီရောက်လာသလိုမျိုး တော်ဝင်နန်းတော်မှာ အေးခဲနေပြီဖြစ်သည်။ အကြောင်းမှာ ရိုစီနာသည် နံနက်အစောကြီးကတည်းက ဖျားနေတာကြောင့်ပင်။ သူမ ကိုယ်ဝန်ရှိသည့် သတင်းကြားပြီးနောက်တွင် သူမ ဘာကိုမှမစားခဲ့ပေ။ရေချိုသောက်တာကိုပင် ခါးသလို ဖြစ်နေပြီး ငါးခြောက်အရသာ ရနေတာကြောင့် သူမ စိတ်လက် မအီမသာဖြစ်နေသည်။ ရာဟန် က စိတ်ပူပြီး သူမကို အစားအသောက် မျိုးစုံ ကျွေးရှာ၏။ တော်ဝင်နန်းတော်၏ စားဖိုမှူးများမှာလည်း နေ့ရောညပါ အစားအသောက်များ ချက်ပြုတ်နေကြသော်လည်း သူမ ခန္ဓာကိုယ်က အားလုံးကို ငြင်းပယ်ခဲ့သည်။ ပါဝင်ပစ္စည်းများကြောင့်လားဟု တွေးကာ ရာဟန် သည် အင်ပါယာ၏ ကုန်ပစ္စည်းများ တင်ပို့သည့် လုပ်ငန်းများအားလုံးထံသို့ စာတစ်စောင် ပေးပို့ခဲ့သည်။
ထိုစာထဲတွင် ပါဝင်ပစ္စည်းများကို အမျိုးအစားအလိုက် ပေးပို့ရန် မက်ဆေ့ခ်ျတစ်ခုပါရှိသည်။ ထို့နောက် ဘုရင်မင်းမြတ်နန်းတော်သည် ထိပ်တန်း အရာရှိများက ပေးပို့လာသော အစားအစာများဖြင့် ပြည့်နေတော့သည်။ သို့သော်လည်း ရိုစီနာ က ဘာမှမစားနိုင်တာမို့ နောက်ဆုံး ပြောင်းဖူးအရည်ကျဲ စွပ်ပြုတ်ကိုသာ သောက်နေရတော့သည်။ သို့သော်လည်း နောက်ပိုင်းကျလျှင် သူမ သိပ်မစားဖြစ်တော့ပေ။
ရိုစီနာ ၏ မျက်နှာသည် တဖြည်းဖြည်း ချောင်ကျလာ၍ ရာဟန် မှာလည်း စိတ်ဖိစီးနေတော့သည်။ ယနေ့လည်း၊ သူမ ဘာမှမစားနိုင်၍ ရာဟန် က နေမကောင်းဖြစ်နေသည့် သူမ ဘေးမှာ ဝင်ထိုင်လိုက်သည်။
"မင်းတစ်ကယ်စားချင်တာ ဘာမှမရှိဘူးလား"
"...စားချင်စိတ်ကို မရှိဘူး"
ရာဟန် က စိတ်ပျက်နေပုံဖြင့် ပြောကာ သူမလက်ကို ဆုပ်ကိုင်ထားလိုက်သည်။
"ဒီတိုင်းဆို မင်း မူးလဲသွားမှာ...."
သူမမှာ ကိုယ်ဝန်ရှိနေသော်လည်း ကိုယ်အလေးချိန်တက်လာမည့်ရမည့်အစား ကိုယ်အလေးချိန် လျော့ကျသွားခဲ့တာဖြစ်သည်။ သူမ၏ ဖြူဖျော့နေသည့် အသားအရေကို မြင်လိုက်ရတော့ သူမအစား သူပါ ဖျားတောင်ဖျားချင်လာ၏။
"ကျွန်မ နေကောင်းပါတယ်...ရှင်သာတစ်ခုခုစားသင့်တာ"
ရာဟန် သည် ရိုစီနာ ကို စိတ်ပူနေပြီး အစားအသောက်ကို ကောင်းကောင်း သိပ်မစားခဲ့ပေ။သူမ စိတ်ပူသွားသောအခါ ရာဟန် က ခေါင်းခါလိုက်သည်။
"မင်းက ဘာမှမစားနိုင်ဘဲနဲ့ ကိုယ် ဘယ်လိုစားရမလဲ...ကိုယ်လည်း စားချင်စိတ် မရှိဘူး”
ရိုစီနာ ဘာမှပြန်မပြောနိုင်တော့။ယခုလောလောဆယ်တော့ သူမ ဇွန်းတောင် ကိုင်ချင်စိတ်မရှိချေ။
"အီလီယန် ကို လွယ်ရတုန်းက ဒီလောက်ဆိုးတာ မဟုတ်ဘူး..."
ထိုအချိန်တွင် ကိုယ်ဝန်ကြောင့် ဖျားနာခြင်း ဝေဒနာသည် သိပ်အခြေအနေမဆိုးလှသဖြင့် လှိုင်းမူးတာဟုသာ ထင်နေခဲ့၏။ ယခု ခံစားနေရသော ဝေဒနာသည် ထိုစဉ်ကထက် ပိုပြင်းထန်သည်။
သူမ ခပ်ယဲ့ယဲ့ကလေးမှီထားကာ သူ့လက်ကို ကိုင်ထားရင်း....
"စကားမစပ်..ခဏနေ အစည်းအဝေး လုပ်မယ်ဆို"
"…ဟုတ်တယ်"
“လူတိုင်း စောင့်နေကြတယ်မလား...ဆက်လုပ်လေ"
ရာဟန် သည် သူ တစ်ကယ် မသွားချင်နေပုံဖြင့် အချိန်ဆွဲနေလိုက်သည်။သူမ စိတ်ထဲမှာလည်း သူမျက်နှာညှိုးနေရ၍ သနားစိတ်ဖြင့် သူ့လက်ကို ထိထားလိုက်သည်။
"အစည်းအဝေးကနေ ပြန်လလာရင် အတူတူထမင်းစားမယ်...ကျွန်မ ကြိုးစားပြီး စားပါ့မယ်"
'ကြိုးစားပါမည်'ဟူသော စကားလုံးသည် ရာဟန့်အား လွန်စွာနာကျင်စေမည်ကို သူမ မသိပေ။ ရာဟန် ခေါင်းညိမ့်လိုက်သည်။
"ကိုယ် ပြန်လာခဲ့မယ်"
ထို့နောက် ရာဟန် က ပိုနာကျင်သွားပုံဖြင့် သူမ လက်ဖမိုးကို နမ်းလိုက်ပြီး ထိုင်ခုံကနေ ထလိုက်၏။
***
ကိုယ်အလေးချိန် ကျသွားသော ရာဟန် သည် ပုံမှန်ထက် ပို၍ စိတ်တိုလွယ်နေသည်။ ချွန်ထက်သော သူ့မေးရိုးသည် ကွဲကြေနေသော ဖန်အပိုင်းအစတစ်ခုနှင့်တူပြီး သူ့မျက်လုံးများသည် အနည်းငယ် ပိုပြာသွားသလိုပင်။သူ အလွန်စိတ်မကောင်းဖြစ်နေကြောင်း သိထားကြသော မှူးမတ်များသည် အစည်းအဝေးစတင်ပြီးနောက်တွင်ပင် အပြစ်လွတ်အောင် နေရင်း အလုပ်များနေကြသည်။ ထိပ်ဆုံးခုံတွင်ထိုင်နေသော ရာဟန် သည် စားပွဲခုံကို ဘုန်းကနဲ ပုတ်လိုက်သည်နှင့် အစီအစဉ်ကို ဆွေးနွေးနေကြသော မှူးမတ်များ၏ အသံများ တဖြည်းဖြည်း လျော့ပါးလာသည်။ မှူးမတ်တို့ အချင်းချင်း ကြည့်လိုက်ကြ၏။ရာဟန် ယခုလို ဒေါသထွက်နေရခြင်းမှာ ရိုစီနာ နှင့် ပတ်သက်နေရမည်။ ဘုရင်မင်းမြတ် နန်းတော်တစ်ဝိုက်တွင် ပျံ့နှံ့နေသည့် ကောလာဟလများကို မှူးမတ်များ ကောင်းစွာ သိရှိခဲ့ကြသည်။ ဘုရင်မသည် ပြင်းထန်သော အဖျားဝေဒနာခံစားနေရပြီး အစာမစားနိုင်ဟု ဆိုကြသည်။ ထိုသတင်းက ဟုတ်မှန်နေသလိုပင်၊ရာဟန် ကလည်း ဒေါသထွက်နေလေ၏။
အခမ်းအနားအစီအစဉ်ကို ဆွေးနွေးနေကြသော အရာရှိကြီးများ ပြောကြားပြီးနောက် အစည်းအဝေးခန်းမသည် တိတ်ဆိတ်သွားခဲ့သည်။ လေထုသည် အလွန်အမင်း အေးစက်နေတာကြောင့် မည်သူမျှ အလွယ်တကူ ပါးစပ်ကို မဖွင့်ရဲကြပေ။
“ထောက်ပံ့ရေးပစ္စည်းတွေကို ရယူဖို့က ဝေးလွန်းတယ်....ဒါကြောင့် အနီးဆုံး တော့ပ် မာဗယ်ကနေပြီးတော့ အဲဒါကို ဖြည့်ဆည်းပေးရင် ပိုကောင်းတယ်... ပြီးတော့ ဥပဒေမူကြမ်းကို အင်ပါယာတရားရုံးက လုပ်ပေးရမှာ…”
အစီအစဉ်ကို လျင်မြန်စွာ ရှင်းလင်းခဲ့ပြီး ရာဟန် မျက်လုံးကို မှိတ်ထားလိုက်သည်။
“ဘုရင်မ ဖျားနေတဲ့အတွက် ဘာမှမစားနိုင်တော့ဘူး…ငါ ဘာလုပ်သင့်သလဲ"
မှူးမတ်တို့သည် မျက်စိမှိတ်ထားကြ၏။ သူတို့ အတတ်နိုင်ဆုံး ဦးနှောက်ကို ညှစ်ထုတ်ထားပြီး အကြံတွေ တစ်မျိုးပြီးတစ်မျိုး ပေးလိုက်ကြသည်။သို့သော်၊ထိုအကြံတွေက အပေါ်ယံ အဖြေတွေပင်။ အဖြေ တစ်ခုမှ မရလိုက်၍ ရာဟန် သည် သူတို့အားလုံးကိုတစ်ချက်ကြည့်ကာ မှူးမတ်တစ်ဦးကို ညွှန်ပြလိုက်သည်။
"ခင်ဗျားမှာ သားသမီးတွေ အများကြီးရှိတယ်လို့ ကြားထားတယ်..ခင်ဗျားမိန်းမက အဲ့ဒီလိုဖျားရင် ဘာလုပ်သလဲ"
ထိုမေးခွန်းကို မှူးမတ်က ပြန်ဖြေလိုက်သည်။
“တစ်ကယ်တော့… ကျွန်တော့်ရဲ့ အစေခံတွေက အားလုံး လုပ်ပေးတာဆိုတော့ ကျွန်တော်လည်း သေချာမသိပါဘူး"
ရာဟန် က သူ့ကို သစ္စာဖောက်တစ်ယောက်လို ကြည့်နေသည်။ သူ့မှာ ကလေးအများကြီးရှိတာကြောင့် အကြံဉာဏ်တောင်းဖို့ တွေးထားသော်လည်း အချည်းအနှီးဖြစ်သွားရချေပြီ။ ရာဟန် သက်ပြင်းချလိုက်ရာ စားပွဲဝိုင်းမှာ ထိုင်နေကြသည့် မှူးမတ်တွေမှာ စိတ်ညစ်စပြုလာကြသည်။ ထိုအချိန်တွင် မှူးမတ်တစ်ဦးက သူ့လက်ကို အသေအချာ မြှောက်လိုက်သည်။
"အရှင်မင်းကြီး...ကျွန်တော် ပြောလို့ရမလား"
ရာဟန် ခေါင်းညိတ်လိုက်သည်။ စကားပြောခွင့်ရသောအခါ မှူးမတ်ကသူ့အတွေ့အကြုံများကို ဝေမျှလေသည်။
“ကျွန်တော့်မိန်းမလည်း ပြင်းပြင်းထန်ထန် ဖျားနာပြီး ဆရာဝန်တောင် အရှုံးပေးခါနီးမှာ ကျွန်ဝော်က သူ့မွေးရပ်မြေကနေ အစားအသောက်တွေ တကူးတကမှာပြီး ကျွေးခဲ့တာ..အဲ့ဒီတော့ သူမ သက်သာသွားတယ်"
ရာဟန် သည် စားစရာအားလုံးကို စားနေသည့် မှူးမတ်၏ ဇနီးသည်ကို စိတ်ထဲမှာမြင်လာရသည်။
“မွေးရပ်မြေက အစားအသောက်….”
ယခု ပြန်တွေးကြည့်မှ သူသည် အင်ပါယာမှ ဟင်းလျာတွေကိုသာ သူမကို ကျွေးခဲ့တာဖြစ်သည်။ ရိုစီနာ သည် အာစတေးနီးယား တွင် အချိန်အတော်ကြာနေခဲ့သောကြောင့် သူမသည် ထိုနေရာမှ အစားအသောက်များကို လွမ်းဆွတ်နေတာဖြစ်နိုင်သည်။
"အဲ့ဒီအကြံကောင်းတယ်"
သူ့အတွက် အဖြေကို ရှာတွေ့သော မှူးမတ်များ အားလုံး ရင်ထဲမှာ ရွှင်မြူးကြသည်။
***
"ရိုစီနာ"
အစည်းအဝေးပြီးသည်နှင့် ရာဟန် သည် အိပ်ခန်းထဲသို့ အမြန်ပြေးသွားခဲ့သည်။ စာအုပ်ဖတ်နေရင်း ကုတင်ပေါ်မှာ လှဲအိပ်နေသည့် ရိုစီနာ က စာအုပ်ကို ချထားလိုက်ပြီး ခေါင်းကို လှည့်လိုက်သည်။ ရာဟန် ၏ နီမြန်းမြန်းပါးပြင်များက သူ အမြန်ပြန်လာကြောင်း သိသာနေသည်။ထို့နောက် သူက ကုတင်ဆီသို့ တည့်တည့်လာကာ သူမ ပါးပြင်နှင့် နဖူးကို နမ်းလိုက်သည်။
"မင်း အာစတေးနီးယား အစားအသောက်တွေ မစားချင်ဘူးလား"
"...အာစတေးနီးယား အစားအစာ"
"အဲဒီ့မှာ မင်း ကြိုက်တဲ့ အစားအစာလိုမျိုးလေ.... စားချင်လား...ကိုယ် သိချင်တယ်"
“အင်း…”
ရိုစီနာ လေးလေးနက်နက် တွေးနေမိသည်။
“စဉ်းစားကြည့်တော့....အာစတေးနီးယား မှာ ကျွန်မ ခဏခဏ စားတဲ့ အသီးအနှံတစ်ခု ရှိတယ်”
"အဲဒါဘာလဲ"
“လတ်တီလို့ခေါ်တဲ့ သစ်သီးတစ်မျိုးလေ...သူ့အသားက အပြင်က တောက်ပြောင်ပြီး အတွင်းပိုင်းက အရမ်းနူးညံ့တယ်...မမှည့်ဘူးဆိုရင်..ချိုချဉ်လေး...မှည့်တဲ့အခါဆို တစ်ကယ်ချိုတယ်…”
အသီးအနှံကို ရှင်းပြနေသည့် ရိုစီနာ က အရသာကို သတိရသွားပြီး နှုတ်ခမ်းကို လျှာနှင့်သပ်လိုက်သည်။
"အဲဒါကို တွေးပြီး ချက်ချင်းးပဲ စားချင်လာတာ"
ရာဟန် မျက်နှာသည် ချက်ချင်းပင် ကြည်လင်သွားသည်။ သူမ ဖျားကတည်းက စားချင်စိတ်မရှိဟုသာ ပြောခဲ့တာဖြစ်သည်။ယခုမူ စားချင်စိတ်ပေါ်လာသည်ဆို၍ ပျော်သွားမိသည်။ မှူးမတ်တွေကို အရင်မေးကြည့်တာက အတော်ကို အကြံကောင်းပေသည်။
"အခုချက်ချင်း သွားရှာခိုင်းလိုက်မယ်"
“ဒါပေမယ့် အင်ပါယာထဲမှာ လတ်တီကို တစ်ခါမှ မတွေ့ဖူးဘူး…”
ရာဟန် က အောင်ပွဲခံသော မျက်နှာဖြင့် တံခါးလက်ကိုင်ကို ကိုင်လိုက်သည်။
“စိတ်မပူပါနဲ့...ဘုရင်တစ်ပါးဖြစ်ပြီး အသီးလေးတစ်လုံးလောက်တောင် မရှာနိုင်စရာ မရှိပါဘူး"
မကြာမီ ထိုသို့ ပြောခဲ့သော သူ့ပါးစပ်ကို ပိတ်ရိုက်ချင်စိတ်ပါ ပေါ်လာလိမ့်မည်ဟု သူ မသိခဲ့သေးပေ။အသီးတစ်ခုသာဟု သူ ထင်ခဲ့သော လတ်တီသည် ရှာရအလွန်ခက်ခဲသည်။ အာစတေးနီးယား တွင် ထိုအသီးများကို လမ်းမပေါ်သို့ ကန်ချပစ်ရသည်အထိ အများအပြားရှိသော်လည်း အင်ပါယာတွင် အရှားပါးဆုံးအသီးဖြစ်သည်။ရာသီဥတုနှင့် မြေဆီလွှာ မတူသောကြောင့် အင်ပါယာတွင် လတ်တီပင်တစ်ပင်မှ မပေါက်နိုင်ပေ။ ကြွက်တစ်ကောင်လို အင်ပါယာနန်းတော်ကို ဖြတ်သန်းရှာဖွေခဲ့သော ရာဟန် သည် တစ်စုံတစ်ဦးကို တော့ပ်မာဗယ် သို့ ချက်ချင်းစေလွှတ်ခဲ့သည်။ သုံးနာရီအတွင်း မြို့တော်၏ စားသောက်ကုန်လုပ်ငန်းစု အားလုံးကို ရှာဖွေခဲ့သော်လည်း လတ်တီဟုခေါ်သော အသီး မပြောနှင့်၊အစေ့ကိုပင် ရှာမတွေ့ခဲ့ပေ။
ရာဟန် သည် နန်းတက်ပွဲအပြီးတွင် အာစတေးနီးယား နှင့် စတင်ဆက်ဆံခဲ့တာကြောင့် အသီးအနှံများကို အလွယ်တကူရနိုင်သည်ဟု သူထင်ခဲ့သည်။ သို့သော်လည်း သူ အထင်မှားနေခြင်းသာ။ လတ်တီ သည် အာစတေးနီးယား တွင်သာ တွေ့ရှိရသောအပူပိုင်းအသီးဖြစ်သည်။ အာစတေးနီးယား မှ တော်ဝင်နန်းတော်သို့ တစ်ခုခု တင်ပို့ရန် အနည်းဆုံး နှစ်လခန့် အချိန်ယူရမည်ဖြစ်ပြီး မည်မျှ ကောင်းမွန်စွာ သိမ်းဆည်းထားပါစေ၊ အပူပိုင်းဒေသ အသီးအနှံများကို နှစ်လအတွင်း လုံခြုံစွာ သယ်မသွားနိုင်ပေ။လတ်တီကို ရှာမတွေ့သဖြင့် ရာဟန် သာမက၊သူ၏ လက်ထောက်များသည်လည်း စိတ်ပျက်နေကြပြီ ဖြစ်သည်။ သူမသည်လတ်ဆတ်သော လတ်တီ အရသာကိုမြည်းစမ်းလိုပါက၊ တစ်ခုတည်းသောနည်းလမ်းမှာ အာစတေးနီးယား သို့တိုက်ရိုက်သွားရမည်။သို့မဟုတ် ဖန်လုံအိမ်တစ်ခုပြုလုပ်ပြီး သစ်ပင်များ စိုက်ပျိုးရန်ဖြစ်သည်။ ထိုနှစ်ခုလုံးက ရာဟန် လိုချင်သည့် အဖြေမဟုတ်ခဲ့ပေ။
"ဟူး...ဟူး…”
ရာဟန် သည် သူ၏ ရွှေရောင်ဆံပင်ကို ဆုပ်ကိုင်လိုက်သည်။ သူ့ဆံပင်တွေက ရှုပ်ပွနေသော်လည်း သူ့ခေါင်းထဲက အတွေးများ လောက်တော့ ရှုပ်ပွမနေပေ။ ညနေအထိ ဘာမှ မရသေးသော ရာဟန် သည် စိတ်ဆင်းရဲနေခဲ့သည်။ သူသည် အရာအားလုံးကို ပိုင်ဆိုင်ထားသော ဘုရင်မင်းမြတ်ဖြစ်သည်။ သူလိုချင်တာတစ်ခုခုရှိလျှင် လူတိုင်းက သူ့ကိုပေးရပေမည်။ မရှိသော အရာကိုပင် တောင်းဆိုပါက မရရအောင် ဖန်တီးပေးရမည်။ သို့သော် ဤမျှကြီးမားသော ဘုရင့်စွမ်းအားဖြင့်ပင် လတ်တီကို ယူဆောင်လာနိုင်ခြင်း မရှိချေ။ နောက်ဆုံးတွင်၊မျှော်လင့်ချက်မဲ့စွာဖြင့် ရာဟန် က လတ်တီ ယူလာသူများအား ရွှေဆယ်ပုံးပေးမည်ဟု ပြောခဲ့သည်။ အံ့အားသင့်ဖွယ်ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့သော်လည်း ညနေစောင်းနေချိန်မှာပင် သတင်းတစ်စုံတစ်ရာ မရရှိခဲ့ပေ။ ထိုအခါ သူ၏ စိတ်ရှည်သည်းခံမှုက ကြမ်းပြင်ပေါ်ကို ကျသွားခဲ့ရသည်။ ရိုစီနာ ၏ ဖြူဖျော့သော အသားအရေကို ကြည့်လိုက်လျှင် သဲကန္တာရလေသည် သူ့ခန္ဓာကိုယ်ကို ဖြတ်သွားသကဲ့သို့ သူ့သွေးများ ခန်းခြောက်သွားသည်။
"အရှင်မင်းကြီး"
ရာဟန် ၏ အတွင်းရေးမှူးသည် တံခါးခေါက်ရန်မေ့သွားပြီး အမြန်ဝင်လာ၍ သူ ချက်ချင်း ခေါင်းမော့ပြီး ကြည့်လိုက်လျှင် အတွင်းရေးမှူးက ခြေလှမ်းရပ်လိုက်သည်။ အကြောင်းမှာ သူ့ကို ကြည့်နေသည့် စူးစူးဝါးဝါး မျက်လုံးတွေကြောင့်ပင်။သို့သော်လည်း အတွင်းရေးမှူးက သူဘယ်တော့မှ မလန့်သလိုလို ပြန်ဟန်ဆောင်ကာ ယဉ်ကျေးစွာပြောလိုက်၏။
“… လတ်တီကို အစိမ်းလိုက်ရှာတာ စွန့်စားရမယ်ထင်တယ်”
"ဟုတ်လား"
ရာဟန် သက်ပြင်းချလိုက်သည်။သူ့ သက်ပြင်းကို ဂဏန်းများဖြင့် ရေတွက်လိုက်ပါက တစ်ညလုံး အိပ်ပြီး ရေလျှင်တောင် ပြီးဦးမှာမဟုတ်ပေ။
“အစိမ်းမဟုတ်ပေမယ့် လတ်တီကို ရှာတွေ့ခဲ့တယ်"
"...အဲဒါက အသီးအနှံမဟုတ်ဘူးလား"
“ဟုတ်ပါတယ်...ကျွန်တော် တွေ့တာက ပျော့အိအိနဲ့...လတ်တီယိုပါ…”
ရာဟန် သည် အတွင်းရေးမှူး၏ စကားကြောင့် ဘုန်းကနဲ မတ်တပ်ထရပ်လိုက်သည်။သူ ချက်ချင်း ယိုဘူးကို ဘာကြောင့်မတွေးမိတာလဲဟုတောင် တွေးမိလိုက်သည်။
"ဘယ်မှာလဲ"
ထို့နောက် သူသည် ဗီရိုထဲက အင်္ကျီတစ်ထည်ကို ယူနေစဉ် အတွင်းရေးမှူးက...
"အဲဒါက အီစတက် မှာရှိတယ်လို့ ကြားပါတယ်"
"အီစတက် ဆိုရင် မင်း မြို့တော်ရဲ့ အစွန်းမှာရှိတဲ့ နယ်မြေကို ဆိုလိုတာလား"
“ဟုတ်ကဲ့ပါ အရှင်မင်းကြီး...မနက်ဖြန်မနက်အစောကြီးလာပို့ပေးပါ့မယ်"
ရာဟန် ထိုအကြံကို မကြိုက်ပေ။အသွားအပြန် အချိန်ကို တွေးကြည့်တော့ မနက်ဖြန်ညနေအထိ မရနိုင်ဟု သူ ထင်မိသည်။ သူ မစောင့်နိုင်တော့။သူ ချီတုံချတုံဖြစ်နေသည့်အချိန်၌ပင် ရိုစီနာ သည် ဖျားနာခြင်း ဝေဒနာကို ခံစားနေရတာဖြစ်သည်။ ယိုကို သူမ မစားနိုင်လျှင်တောင် ဘာပဲဖြစ်ဖြစ် သွားယူမည်ဟု တွေးထားသည်။
“ဟုတ်ပြီ....မြင်း ပြင်လိုက်”
"ခင်ဗျာ"
"ငါ ကိုယ်တိုင်သွားယူမယ်"
“ဒါပေမယ့်…”
အတွင်းရေးမှူးက ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်သည်။ နေဝင်ချိန်သည် ကောင်းကင်ယံတွင် နီရဲနေသည်။ ခဏကြာလျှင် အမှောင်ထုက စိုးမိုးလာတော့မည် ဖြစ်သည်။
"မင်းကိုပြောထားမယ်...ငါနောက်ကျမယ်နော်"
ထို့နောက် ရာဟန် သည် ကုတ်အင်္ကျီကို ၀တ်ဆင်ပြီး အနောက်မှ အတွင်းရေးမှူး၏ စကားကိုတောင် နားမထောင်ဘဲ နန်းတော်မှ ထွက်ခွာသွားခဲ့သည်။ ထို့နောက် ပြင်ဆင်ထားသည့် မြင်းနက်ပေါ်တွင် ထိုင်ကာ လည်ဆံကို ပုတ်လိုက်သည်။
"ဒီနေ့ မင်းကို ဒုက္ခပေးရမယ်ထင်တယ်"
ထို့နောက် မြင်းနက်ကြီးက တစ်ချက်ဟည်းပြီး တဟုန်ထိုး ပြေးပါတော့သည်။ ရာဟန် ၏ အနောက်ဘက်မှာ နေရောင်က တောက်ပနေသည်။ အေးမြသော လေနုအေးသည် သူ့ဆံပင်များကို ဖြတ်တိုက်လာသည်။သူ နန်းတော်မှ လျင်မြန်စွာ ထွက်လာခဲ့ပြီး ဖြတ်လမ်းမှတစ်ဆင့် မြို့တော်ကို ဖြတ်သွားခဲ့သည်။ သူ့မြင်းနက်က အင်မတန်မြန်တာကြောင့် လမ်းသွားလမ်းလာတွေက အံ့သြပြီး လှည့်ကြည့်လိုက်လျှင် သူတို့ ဘယ်သူဘယ်ဝါမှန်းတောင် မသိကြဘဲ မြင်းအမြိီးကိုသာ မြင်လိုက်ကြရတော့သည်။
အမှောင်ထုတွေချည်းသာ လမ်းမတွေပေါ်မှာ ပြည့်နေ၏။ သူ ကောင်းကောင်းမမြင်နိုင်သော်လည်း အရှိန်ကိုမလျှော့သေးပေ။ သူ လမ်းမကြီးကို ဖြတ်သန်းလာသောအခါတွင် လမင်းကြီးသည် သူ့ခေါင်းထက်တွင် တရိပ်ရိပ် တက်လာသည်။ သူ၏ ရွှေရောင်ဆံပင်များက လရောင်ကို ဖက်တွယ်ထားသကဲ့သို့ ဖြူဖွေးတောက်ပနေသည်။ ညအချိန်ရောက်မှ ရာဟန် သည် အီစတက် သို့ရောက်ရှိလာခဲ့သည်။
ရောက်သည်နှင့် လတ်တီယို ရောင်းချသည့် ဆိုင်များကိုသွားပြီး ဝယ်လိုက်သည်။ ညဉ့်သန်းခေါင်အချိန်မှာ အိပ်ရာက နိုးလာသည့် ဆိုင်ပိုင်ရှင်ဟာ ဘုရင်မင်းမြတ်ကိုယ်တိုင် ကြွလာမှန်း သိလိုက်သောအခါ မည်ကဲ့သို့ တုံ့ပြန်မည်ကို တွေးကြည့်နိုင်သည်။ ငွေအမြောက်အမြားကို ဆိုင်ပိုင်ရှင်အား ပေးပြီးနောက် ရာဟန် သည် သူ့လက်ထဲတွင် လတ်တီ ယိုပုလင်းနှစ်ပုလင်းကို ကိုင်ဆောင်ကာ မြင်းစီးပြီး ပြန်သွားခဲ့သည်။ သူလာသည့် လမ်းအတိုင်း ပြန်လာရင်း အသက်ရှုလိုက်တိုင်း အဆင်မပြေဖြစ်နေရှာသည့် ရိုစီနာ ကို သတိရသွားသောအခါ သူ တစ်စက်မှ နားတောင်မနားနိုင်တော့။ လရောင်အောက်မှာ ခရီးနှင်နေရင်း တဖြည်းဖြည်းနှင့် အဝေးက တောက်ပနေသည့် ရွှေရောင် ခေါင်မိုးနှင့် နီးစပ်လာ၏။ နောက်ဆုံးတွင် သူ တော်ဝင်နန်းတော်သို့ ရောက်လာခဲ့လေသည်။
Xxxxxx