အပိုင်း ၂၈
Viewers 17k

Chapter 28


တစ်စင်တီမီတာခန့်သာ ဝေးနေပါကလည်း မက်ခါကို မထိသရွေ့ လက်နက်များက ကြေးနီနှင့် သံ အပိုင်းတစ်ခုထက်မပိုပေ။ 


သို့ဖြစ်၍ ကြယ်တံခွန်မက်ခါကို ရင်ဆိုင်ရန် အကောင်းဆုံးနည်းလမ်းက ပြိုင်ဘက်ကို မိမိနှင့် လာမထိစေရန်ဖြစ်သည်။


ထိသွာခဲ့ပါကလည်း လျင်မြန်စွာ လှုပ်ရှားနိုင်ပါက အန္တရာယ်ကို ရှောင်ရှားနိုင်မည်ဖြစ်သည်။


၎င်းက အနီးကပ်တိုက်ခိုက်မှုများအတွက်သာ ဖန်တီးထားသော မုန်တိုင်းနှင့် အလင်းမက်ခါများအတွက် ခက်ခဲလှသည်။ ယခင်တစ်ကြိမ် ကာလက်နှင့်တိုက်ခိုက်ခဲ့သော မုန်တိုင်းမက်ခါသည်လည်း ‌မောင်းနှင်သူအခန်းသာ ကျန်ခဲ့သည်။


သို့ရာတွင် ယွမ်ရှင်းကျဲ၏ အလင်းမက်ခါက တာဝေးပစ်မီးအမြောက်အချို့ တပ်ဆင်ထားသည်။ သို့သော်လည်း အဆုံးတွင် ၎င်းက အနီးကပ်တိုက်ခိုက်မှုများတွင်သာ အဓိက အသုံးပြုနိုင်သည်။


သူ ဘာလုပ်လို့ရမလဲ ...


အဝေးပစ်သေနတ်တွေ တပ်လိုက်ရမလား ...


ဒါကလည်း အလုပ်ဖြစ်မယ့်ပုံမပေါ်ဘူး ... တာဝေးပစ်မက်ခါတွေက သန်မာတဲ့ လက်နက်တွေလိုတယ် ... အခု သူ့မှာက ကြယ်ဒင်္ဂါးတစ်သောင်းလောက်ပဲ ကျန်တော့တာ ... 


ယွမ်ရှင်းကျဲ ခဏတာ ကျဉ်းထဲကျပ်ထဲ ရောက်သွားသည်။ 

လေ့ကျင့်ရေးကွင်းမှ ပြန်လာပြီးသည့်နောက်တွင်လည်း ဤပြဿနာကို မည်သို့ဖြေရှင်းရမည်ကိုသာ တွေးနေမိသည်။


အဓိက လေ့ကျင့်ရေးကွင်းများနှင့် ပြိုင်ပွဲခန်းမ တစ်ဝိုက်တွင် ‌ဧရာမချယ်ရီပန်းပင်ကြီးတစ်ပင် စိုက်ပျိုးထားသည်။ ပန်းနုရောင် ပန်းပင်လယ်ကြီးက ယွမ်ရှင်းကျဲ၏ အာရုံစိုက်မှုကို ရရှိထားသည်။


ရှေးကျသော ကမ္ဘာကြီးမှ အသက်ရှင်ကျန်ရစ်ခဲ့သော ဤအပင်မျိုးက ကြယ်ဒင်္ဂါးတစ်သိန်းခန့် တန်ဖိုးရှိလိမ့်မည်ဖြစ်သည်။ ထိုကဲ့သို့သော အပင်မျိုးကို ရှင်းဟိုင်စစ်တက္ကသိုလ်  နေရာတိုင်းတွင် တွေ့ရနိုင်သည်။


ထိုစဉ် ‌အဝေးမှ မြှောင်ဟူသော အသံကို အကြိမ်ပေါင်းများစွာ ကြားလိုက်ရသည်။


သူ့ဘေးမှ အယ်လ်ဖာကောင်မလေးက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီး ချယ်ရီပင်ကြီးကို ရုတ်တရက် လက်ညိုးထိုးပြကာ အော်ပြောလိုက်သည်။

" အာ ... ဟိုမှာ ကြောင်လေးတစ်ကောင်ရှိတယ် ..."


ကျိုးဖေးရွှယ် အံ့အားသင့်သွားပြီး မမျှော်လင့်စွာဖြင့် ပြောလိုက်သည်။ 

" ငါတို့ကျောင်းက စိမ်းလန်းစိုပြည်နေတော့ တိရစ္ဆာန်ငယ်လေးတွေ တော်တော်များတယ် ..."


လေတိုက်ခတ်သဖြင့် အရွက်များ တဖျပ်ဖျပ်လွင့်နေသော ပင်စည်နောက်တွင် လိမ္မော်ရောင်ကြောင်လေးတစ်ကောင် ပုန်းနေသည်။ 


ကြောင်လေးက သစ်ပင်ပေါ် တက်သွားနိုင်ခဲ့သော်လည်း ဖဝါးလေးနှစ်ဖက်က ဒဏ်ရာရပြီး သွေးများထွက်နေသည်။ ချယ်ရီပွင့်ဖတ်အချို့ပေါ်တွင် သွေးစက်များ စွန်းထင်းနေသည်။ ၎င်းက ကြယ်တစ်ဝက်သားရဲငယ်လေးများကို တိုက်ခိုက်ရာမှ ဒဏ်ရာရလာခြင်းဖြစ်နိုင်သည်။


ကြယ်တစ်ဝက်သားရဲငယ်လေးများက ကြွက်နှင့်တူသော်လည်း တိုက်ခိုက်နိုင်စွမ်းက ကြောင်များထက် မနိမ့်ပေ။  သို့ဖြစ်၍ ကြောင်လေးများက တစ်ခါတစ်ရံ ဒဏ်ရာရသွားနိုင်သည်။


လေပွေတစ်ခု တိုက်ခတ်လာချိန်တွင် ချယ်ကီပွင့်ဖတ်များ ကြွေကျလာပြန်သည်။ လိမ္မော်ရောင်ကြောင်လေးက သစ်ပင်ပေါ်မှဆင်းရန် ကြိုးစားနေ​​သော် လည်း နာကျင်မှုနှင့် သွေးထွက်လွန်နေမှုကြောင့် ဟန်ချက်မညီဖြစ်သွားသည်။ ၎င်း၏ ခန္ဓာကိုယ်က တုန်ယင်နေပြီး မီတာအနည်းငယ်မြင့်သည့် သစ်ပင်ကြီးပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်နေသည်။


သစ်ပင်တစ်ဝိုက်တွင် လူအနည်းငယ်ရှိသည်။ သူတို့က ကြောင်လေးကို ကယ်ဆယ်ရန် တက်သွားသော်လည်း ပင်စည်က အလွန်သေး၍ သစ်ပင်ကြီးလှုပ်ခါပြီး ကြောင်လေး ပြုတ်ကျသွားမည်စိုးသောကြောင့် အလျင်စလိုမလုပ်ရဲကြပေ။ 


ယွမ်ရှင်းကျဲက ရှေ့ကိုထွက်သွားပြီး သစ်ပင်ပေါ်တက်မည်အပြုတွင် မနီးမဝေးမှ ပုံရိပ်တစ်ခု ထွက်လာသည်။ ပတ်ဝန်းကျင်တစ်ခွင်လုံး ရုတ်တရက် တိတ်ဆိတ်သွားသည်။


ထို အရပ်ရှည်ရှည်လူက တွန့်ဆုတ်ခြင်းမရှိပဲ သစ်ပင်ပေါ် အမြန်တက်သွားကာ သူ၏ခြေထောက်တစ်ဖက်ကို ပင်စည်တွင်ထောက်ပြီး တစ်ဖက်ကို သစ်ကိုင်းပေါ် တက်နင်းလိုက်ကာ ကြောင်လေးအနီးသို့ ကပ်သွားသည်။


ထိုလူပြုတ်ကျမည်စိုး၍ အားလုံးက စိုးရိမ်နေကြသည်။


ယွမ်ရှင်းကျဲက ထိုလူကို မှင်သက်စွာငေးကြည့်နေသည်


သိပိမကြာမီအချိန်တွက် လက်ဖဝါးကြီးတစ်ဖက်က ကြောင်လေးကို ဖမ်းလိုက်ပြီး ထိုကောင်လေးက သစ်ပင်ပေါ်မှ ခုန်ချလိုက်သည်။


" ဝိုး ... အရမ်းမိုက်တာပဲ ..."


" လုပ်သွားတာ မြန်သလားမမေးနဲ့ ..."


" လော့ဝမ်ချွမ်း ပီသပါပေတယ် ..."


" ရှောင်လော့က တော်သားပဲ ..."


‌ကျိုးဖေးရွှယ်က ပြုံးပြီး လက်မထောင်ပြလိုက်သည်။


လော့ဝမ်ချွမ်းက ကျိုးဖေးရွှယ်၏ ချီးကျူးမှုကို တုံ့ပြန်လိုက်သည်။ ထို့နောက် သူ၏အိတ်ထဲမှ ပိုးသတ်ဆေးကိုထုတ်ပြီး ကြောင်လေး၏ဒဏ်ရာကို ဂရုတစိုက် သုတ်ပေးလိုက်သည်။ သူ၏မှေးကျဉ်းနေသောမျက်လုံးများထဲတွင် နူးညံ့ညင်သာမှုများဖြင့် ပြည့်နေ၍ ဘေးနားမှ အိုမီဂါများ ရှက်ကုန်ကြသည်။


လိမ္မော်ရောင်ကြောင်လေးက မလှုပ်ရှားပဲ ဆေးထည့်ပေးသည်ကို ငြိမ်ခံနေသည်။


ချယ်ရီပွင့်ဖတ်များက လူငယ်လေးနှင့် ကြောင်လေးအပေါ်  အဆက်မပြတ်ကြွေကျနေပြီး နွေးထွေးသော အခြေအနေ‌တစ်ရပ်ကို ဖန်တီးပေးနေသည်။


ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်းနှင့် ကြောင်လေးကို ငေးကြည့်နေမိသည်။


သူ့ဘေးမှ မိန်းကလေးက လက်ကို ဆန့်ထုတ်ကာ ယွမ်ရှင်းကျဲရှေ့တွင် လက်ကာပြလိုက်ပြီး တီးတိုးပြောလိုက်သည်။


" ယွမ်ရှင်းကျဲ ... စီနီယာလော့က ကြောင်လေးကိုကယ်လိုက်တုန်း အရမ်း ခံ့ညားလွန်းနေတော့ နင်ကြောင်တောင်တောင် ဖြစ်သွားတာလား ..."


" ငါသိပြီ ..."


မှောင်ခိုဈေးမှသူဌေးက သူ့ကိုတစ်စုံတစ်ခုပေးခဲ့သည်ကို မှတ်မိသွားသည်။ သူ၏မျက်လုံးများအရောင်လက်လာပြီး ချက်ချင်းပင် စိတ်လှုပ်ရှားလာသည်။


" ကာလက်ကို ငါဘယ်လိုတိုက်ရမလဲသိပြီ ..."

သူ အနိုင်ရနိုင်ရုံသာမက သူ၏မက်ခါ တစ်စစီအဖြုတ်မခံရအောင် ကာကွယ်နိုင်မည့်နည်းလမ်းကို စဉ်းစားမိသွားသည်။


မနီးမဝေးမှ လော့ဝမ်ချွမ်း၏ ပုံရိပ်က ခဏရပ်တန့်သွားပြီး တည်ငြိမ်စွာ လှမ်းကြည့်လိုက်သည်။


ထိုမိန်းကလေးက သိချင်စိတ်ဖြစ်သွားပြီး တအံ့တဩဖြင့် ပြောလိုက်သည်။


" နင် သိသွားပြီလား ... ဘယ်လိုတိုက်မှာလဲ ..."


သူမ ပဟေဠိဖြစ်သွားသည်။

ဘာလို့ ယွမ်ရှင်းကျဲက ရုတ်တရက်ကြီး ဒါကိုတွေးမိသွားတာလဲ ... ကြောင်တစ်ကောင်ကို ကယ်လိုက်တာနဲ့ ကြယ်တံခွန်မက်ခါကို တိုက်ခိုက်တာရဲ့ကြားမှာ ဆက်နွယ်မှုရှိလို့လား ...


ကျိုးဖေးရွှယ်က ထိုစကားများကိုကြားသည့်အခါ အနည်းငယ် ထိတ်လန့်သွားသည်။ ယွမ်ရှင်းကျဲကိုကြည့်ပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။


" မင်းရဲ့ အကြံကဘာလဲ ... ဆရာကို ပြောစမ်းပါဦး ..."


ယွမ်ရှင်းကျဲက ခဏတွေးလိုက်ပြီးသည့်နောက် ကျိုးဖေးရွှယ်ကို မေးလိုက်သည်။


" ဆရာကျိုး ကျွန်တော့်မှာ မေးခွန်းတစ်ခုရှိတယ် ... ကျွန်တော်က အလင်းမက်ခါနဲ့ စာရင်းသွင်းထားတာ‌ဆိုတော့ မက်ခါကို ပြိုင်ပွဲအတွက် ဘယ်ပမာဏလောက်အထိ ပြုပြင်မွမ်းမံလို့ရလဲ ..."


" မွမ်းမံတာက မူလပုံစံကိုပဲ အခြေခံထားသရွေ့ရတယ် ... ဖျက်ဆီးနိုင်စွမ်းအားကြီးတဲ့ လက်နက်တွေတော့ ထပ်ထည့်လို့ မရပေမယ့် ကျန်တဲ့ဟာတွေကို ကြိုက်သလိုလုပ်လို့ရတယ် ..."


ကျောင်း၏ စည်းမျဉ်းများက လျော့ရဲလာပြီး ပြိုင်ပွဲတစ်ခုနှင့်တစ်ခုကြားမှ အချိန်ကွာဟချက်က တိုတောင်းလှသဖြင့် ပြိုင်ပွဲဝင်များက မူလမက်ခါကို ကြီးမားသော ပြောင်းလဲမှုများလုပ်ရန် ခက်ခဲလှသည်။


" ဒါဆိုရင် ကျွန်တော် ဒီလိုမျိုး ပြင်လိုက်မယ်ဆိုရင်ရော ..."


ယွမ်ရှင်းကျဲက ကျိုးဖေးရွှယ် နားနားသို့ကပ်ကာ သူ၏အကြံကို တီးတိုးပြောပြလိုက်သည်။


အစပိုင်းက ကျိုးဖေးရွှယ်မှာ ရယ်၍သာ နားထောင်နေသည်။ သို့သော် အစအဆုံးကြားပြီးချိန်၌ တအံ့တဩဖြစ်သွားပြီး သူ၏မျက်လုံးများ ပြူးကျယ်သွားသည်။


" ယွမ်ရှင်းကျဲ ... မင်း ရူးနေတာလား ... အဲ့လိုဖြစ်အောင် ဘယ်လိုလုပ်မှာလဲ အန္တရာယ်များလွန်းတယ် ..."

28.2


အယ်လ်ဖာကောင်မလေးကလည်း ယွမ်ရှင်းကျဲကို အံ့အားသင့်စွာကြည့်လိုက်သည်။


" အဲ့လို မွမ်းမံတာမျိုးကို အောင်အောင်မြင်မြင် လုပ်နိုင်ပါ့မလား ... အပြောင်းအလဲကကြီးလွန်းတော့ မြန်မြန် လုပ်နိုင်ပါ့မလား ... ပြီးတော့ အဲ့လိုလုပ်မယ်ဆို သာမန်လူတွေအတွက် ခက်ခဲတဲ့ စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုတွေလည်းလိုတယ် ..."


ကျိုးဖေးရွှယ် မျက်မှောင်ကြုတ်ပြီး ထပ်ပြောလိုက်သည်။ 


" သန်မာတဲ့ စိတ်ပိုင်းဆိုင်ရာထိန်းချုပ်မှုလည်း လိုတဲ့အပြင် မက်ခါတွေကို မွမ်းမံဖူးတဲ့ အတွေ့အကြုံလည်းလိုတယ် မင်းက အခုမှ အလင်းမက်ခါကို စမောင်းတဲ့လူလေ ... အဲ့လိုမွမ်းမံနိုင်တဲ့ စွမ်းရည်မရှိသေးဘူး စိတ်ထင်ရာလျှောက်မလုပ်နဲ့ ..."


သူတို့၏ ပြောစကားများကို ကြားပြီးသည့်နောက် ယွမ်ရှင်းကျဲ၏ နှုတ်ခမ်းများကွေးညွှတ်လိုက်သည်။


" ကျွန်တော် မစမ်းကြည့်သေးပဲနဲ့ ရမရ ဘယ်လိုသိမှာလဲ ..."


သူက ပြုပြင်မွမ်းမံနိုင်စွမ်းနှင့် စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုမှလွဲ၍ အရာအားလုံးချို့ယွင်းနေသည်။


" ဆရာ တစ်ခုတော့ ပြောထားမယ်နော် ..."

ကျိုးဖေးရွှယ်က သူ့ကို လေးနက်စွာကြည့်လိုက်သည်။


" မက်ခါကို ပြင်ပြီးမှ ပြဿနာတစ်ခုခုရှိလာခဲ့ရင် မင်း နောက်ပြိုင်ပွဲကို ပြိုင်ခွင့်မရှိဘူး ... လုံခြုံမှုက ဦးစားပေးပဲ ..."


ယွမ်ရှင်းကျဲက အာမခံလိုက်သည်။

" ကျွန်တော် မကျရှုံးစေရပါဘူး ..."


ကျိုးဖေးရွှယ်က သူ့ကို သံသယမကင်းစွာကြည့်လိုက်သည်။

ဒီကလေး ဘယ်ကနေ ယုံကြည်ချက်တွေ ရလာပါလိမ့် ...


သူတို့သုံးယောက် စကားပြောပြီးချိန်၌ ယွမ်ရှင်းကျဲ၏ စိတ်ထဲတွင် ဆုံးဖြတ်ချက်ချပြီးသွားသည်။ သို့ရာတွင်အခြားနှစ်ယောက်၏ အမူအယာများက အကောင်းဘက်တွင် ရှိမနေပေ။ 


ကျိုးဖေးရွှယ်က မနီးမဝေးတွင် ကြောင်လေးကိုချီထားသော လော့ဝမ်ချွမ်းကို သတိပြုမိသွားပြီး သူ့ထံသို့လျှောက်လာပြီး ပြုံးပြကာမေးလိုက်သည်။


" ယို့ ... ရှောင်လော့ မင်းမထွက်သွားသေးဘူးလား ... ဒီကြောင်လေးကို တော်တော်ချစ်တာပဲလား ..."


လော့ဝမ်ချွမ်း ခေါင်းငုံ့ပြီး သူ၏လက်လှုပ်ရှားမှုများက ခဏတာ ရပ်တန့်သွားသည်။ သို့သော် ယွမ်ရှင်းကျဲက သူ၏အမူအယာကို မမြင်လိုက်ပေ။ 


သူက ကျောင်းယူနီဖောင်းဝတ်ထားပြီး ကြောင်လေးကိုချီထားသည်။ ကြောင်လိမ္မော်ရောင်လေးက သူ၏ နက်ပြာရောင်အထည်စနှင့် ဆော့ကစားနေပြီး  လော့ဝမ်ချွမ်း၏ ရေခဲတုံးကဲ့သို့ မျက်နှာကြီးကို လျစ်လျူရှု့လိုက်ပါက နွေးထွေးပြီး ချစ်စရာကောင်းသော အခြေအနေတစ်ခု ဖြစ်နေသည်။


ယွမ်ရှင်းကျဲက အစောပိုင်းက သူ၏အတွေးထဲတွင်သာ နစ်မြုပ်နေခဲ့သည်။ ယခုအချိန်မှ ချယ်ရီပင်အောက်မှ ကောင်လေးနှင့် သူ့ရင်ခွင်ထဲမှ ကြောင်လေးကို ကြည့်လိုက်မိသည်။ လော့ဝမ်ချွမ်းက ထင်ထားသလောက် ကြောက်စရာမကောင်းဟု ခံစားလိုက်မိသည်။ အနည်းဆုံး။သူက အိုမီဂါများကို ကြောက်ရွံ့သည်ဟူသော ကောလဟာလများအတိုင်း မဟုတ်နေပေ။ 


လော့ဝမ်ချွမ်းက ကြောင်ခြေဖဝါးလေးကို ကြည့်လိုက်သည်။ အနာက သွေးတိတ်သွားပြီဖြစ်၍ ကြောင်လေးကို မြေကြီးပေါ် ချပေးလိုက်ပြီး ၎င်း၏ခေါင်းပိစိလေးကို သူ၏လက်ချောင်း ဖြူဖြူသွယ်သွယ်လေးဖြင့် နူးညံ့စွာ ပွတ်ပေးလိုက်သည်။


ကြောင်လေးကလည်း သူ့လက်ကို ပြန်ပွတ်နေပြီး ခဏအကြာတွင် ခြုံပုတ်ထဲ တိုးဝင်ပျောက်ကွယ်သွားသည်။


" ကျွန်တော့်ကို သွားခွင့်ပြုပါဦး ..."

လော့ဝမ်ချွမ်းက ကျိုးဖေးရွှယ်ကို ပြောပြီးနောက် လှည့်ထွက်သွားသည်။


" ငါ သူ့ကို ကျေးဇူးတင်ရဦးမှာပဲ ..."

ယွမ်ရှင်းကျဲက တီးတိုးပြောလိုက်သည်။


" တကယ်လို့  ဒီကြောင်လေးကိုကယ်ဖို့ သူရောက်လာတာကိုသာ မကြည့်လိုက်မိရင် ငါအဲ့လို ပြင်လို့ရတယ်ဆိုတာ မတွေးမိလောက်ဘူး ..."


ကျိုးဖေးရွှယ်က သူ့ကို ထိတ်လန့်တကြား ကြည့်လိုက်သည်။


" မင်းက လော့ဝမ်ချွမ်းနဲ့  ကြောင်ကိုမြင်တာနဲ့ မက်ခါကို အဲ့လိုပြင်ဖို့ အတွေးရသွားတယ်ပေါ့ ..."


ယွမ်ရှင်းကျဲ ခေါင်းကိုဖြည်းဖြည်းချင်း ငြိမ့်ပြ‌လိုက်သည်။


ကျိုးဖေးရွှယ် သူ့နဖူးကိုသူ ပြန်ရိုက်မိတော့သည်။

" မင်းကို ဘယ်သူကများ အဲ့လိုသတ္တိတွေ ပေးလိုက်တာလဲ ..."


–––


နေ့လယ်ဘက် စက်အတု လေ့ကျင့်ခန်းထဲတွင် ...


ကျောင်း၏ မက်ခါပြိုင်ပွဲကာလအတွင်း ကျောင်းသားမြောက်များစွာက ဤနေရာတွင် လာရောက်လေ့ကျင့်ကြသည်။


လေ့ကျင့်ရေးခန်းထဲတွင် စက်အတုခန်းများစွာရှိပြီး ကွဲပြားသည့် ပုံရိပ်ယောင်မျက်မှာပြင်များလည်းရှိ၍ ကျောင်းသားများက မျိုးစုံသော တိုက်ပွဲများကို ကြည့်ရှု့ရန် အသုံးပြုနိုင်ကြသည်။


လူများစွာက တစ်ခုသော အလင်းမျက်နှာပြင်ရှေ့တွင် စုပြုံနေကြသည်။


အလင်းမျက်နှာပြင်ပေါ်တွင် ကြယ်တံခွန်မက်ခါနှင့် အလင်းမက်ခါတို့၏ တိုက်ပွဲဝင်နေကြသည်။ အတုဖန်တီးထားသော စစ်မြေပြင်က ကျောင်း၏ PKကွင်းထဲတွင် ဖြစ်သည်။


မက်ခါနှစ်ခုက စက်ဝိုင်းပုံကွင်းထဲတွင် ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။ အလင်းဓားရှည်နှင့် ချိန်းကြိုးဓားရှည်ကြီးက အဆက်မပြတ် ပွတ်တိုက်နေသည်။ ထို့နောက်တွင် ကြယ်တံခွန်မက်ခါက သူ၏လက်နက်နှင့် တိုက်ခိုက်သည့်စတိုင်ပြောင်းလိုက်ပြီးနောက် ချို့ယွင်းချက်များကို ချက်ချင်းတွေ့ရှိသွားသည်။


ကြယ်တံခွန်မက်ခါက အလင်းမက်ခါ၏ လက်မောင်းနှစ်ဖက်ကို တစ်စစီဖြုတ်ပစ်ရန် အချိန်သိပ်မကြာလိုက်ပေ။ 


အရာအားလုံးက ယခုအခါမှသာ စတင်ပုံရသည်။ လက်‌မောင်းများ ဆုံးရှုံးသွားပြီးသည့်နောက်တွင် တခြားအစိတ်အပိုင်းများလည်း အားဖြင့် ဆွဲဖြုတ်ခံလိုက်ရပြီး ဘေးတွင်ကြည့်နေသော ကျောင်းသားများကိုပင် ကြောက်လန့်သွားစေသည်။


" ဘယ်လို အရူးကောင်လဲ ..."


" အမြဲတမ်းလိုလို ကဖျက်ယဖျက် လုပ်နေတော့တာပဲ ..."


" ဘာလို့များ အဲ့လိုပဲ လုပ်ပစ်နေတာပါလိမ့် ..."


တိုက်ပွဲပြီးဆုံးသွားသည့်အခါ စက်အတုအခန်းနှစ်ခု ပွင့်သွားသည်။ အခန်းတစ်ခုထဲမှ အရပ်ရှည်ရှည် ဆံပင်အနီရောင်နှင့် ချောမောခံ့ညားသော အယ်လ်ဖာတစ်ယောက် ထွက်လာသည်။ သူ၏ကိုယ်တွင် ချွေးစက်များ တွဲလွဲခိုနေပြီး မျက်လုံးများက ရန်လိုသည့်ပုံပေါက်နေသဖြင့် ဘေးနားမှ ကျောင်းသားများက ငှက်များ ပျံသန်းသွားသကဲ့သို့ နေရာအနှံ့ပြန့်ကျဲကုန်သည်။ သူ့ဘေးရှိ နောက်ထပ် အခန်းတစ်ခုထဲမှ ဘီတာကောင်လေးတစ်ယောက် ထွက်လာသည်။


" ကာလက် လေ့ကျင့်တာကို အဲ့လောက်ကြီးထိ လုပ်စရာလိုလို့လား ..."


ဘီတာ‌ကောင်လေးက နားမလည်နိုင်သည့်ဟန်ဖြင့် မေးလိုက်သည်။


" မင်းနောက်တစ်ခါ ပြိုင်ရမယ့်အလင်းမက်ခါက Bအဆင့်ပဲ ရှိတာလေ မောင်းမယ့်သူကလည်း ပထမနှစ်က အိုမီဂါလေးတဲ့ ... မင်း ၅မိနစ်အတွင်း ပွဲဖြတ်လိုက်ရင်တောင် ရတယ် ..."


ကာလက်က အနီရောင်ဆံပင်တိုနှင့် လူဖြစ်ပြီး သူ၏မျက်နှာပေါ်မှ အမူအယာက အနည်းငယ်ကြမ်းတမ်းနေပြီး သူပြန်ဖြေလိုက်သည်။


" ငါလည်း ကျောင်းအဖွဲ့မှာ ပါချင်တယ် ..."


" မင်း ဒီနှစ်တော့ သေချာပေါက် ပါရမှာပါ ..."

ကောင်လေးက နှစ်သိမ့်လိုက်သည်။


" အရမ်းလည်းကြိုးစားမနေနဲ့ ... နောက်ပိုင်းပွဲတွေအတွက် စွမ်းအင်ချန်ထားဦး ... မဟုတ်ရင် Sအဆင့် ပြိုင်ဘက်တွေနဲ့တွေ့ရင် ပြဿနာဖြစ်လိမ့်မယ် ..."


ကာလက် ပြန်မဖြေပေ။


ဘီတာကောင်လေးက ဆက်ပြောလိုက်သည်။

" မင်းရဲ့ ပြိုင်ဘက်က အိုမီဂါလေးပဲကို အရမ်းတွေ အလွန်အကျွံလုပ်ပြီး သူ့ကို အရှက်မခွဲပါနဲ့ ... အဲ့လိုလူမျိုးတွေကို မောင်းတဲ့စက်ခန်းလေးပဲ ချန်ထားခဲ့ပြီး အကုန်တစ်စစီဖြုတ်ပစ်တာ များလွန်းပါတယ် ..."


" ငါ ဒီတစ်ခါ အဲ့စက်ခန်းကိုပါ ဖျက်ဆီးပစ်မှာ ... မဟုတ်ရင် အဲ့အိုမီဂါကို ငါ မလေးစားသလို ဖြစ်သွားမှာပေါ့ ..."

ကာလက်က စကားကို တစ်လုံးချင်းပြောလိုက်သည်။


ဘီတာကောင်လေး အံ့အားသင့်သွားမိသည်။ ကာလက်ထွက်သွားသည်ကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

" သောက်ကျိုးနည်း သူက တကယ့်သောက်ရူးကောင်ပဲ ..."


ကာလက်က စက်အတုလေ့ကျင့်ခန်းထဲမှ ထွက်လာစဉ် လူနှစ်ယောက်နှင့် ဆုံမိသည်။


သူ့အကြည့်က ထိုလူနှစ်ယောက်အပေါ် ရောက်သွားချိန်တွင် အလိုလိုမျက်မှောင်ကြုတ်မိသွားသည်။ မျက်လုံးထဲတွင်လည်း မကြည်လင်သည့်ပုံရိပ်များဖြတ်သန်းသွားပြီး သူတို့အနားမှ ဖြတ်လာစဉ် တစ်ယောက်၏ ပခုံးကို ဝင်တိုက်ပြီးမှ လေ့ကျင့်ရေးအခန်းထဲက ထွက်သွားသည်။


ခယ့်လိုင် ထိတ်လန့်သွားသည်။ သူ၏ပခုံးကို ပြန်ပွတ်နေပြီး ကာလက်၏ နောက်ကျောကိုကြည့်ကာ တီးတိုး ရေရွတ်လိုက်သည်။


" ချီးပဲ ... အဲ့ဆံနီကောင်က တော်တော်ထူးဆန်းတာပဲ ..."


လော့ဝမ်ချွမ်းက ဘာမှမထူးဆန်းသလိုပင် ကာလက်ကို လှမ်းကြည့်လိုက်သည်။


" ဒါပေမဲ့ ကာလက်ရဲ့ ဒီနှစ်လုပ်ဆောင်ချက်တွေက အရင်နှစ်ထက်စာရင် ပိုကောင်းလာတယ် ..."


ခယ့်လိုင် မျက်မှောင်ကြုတ်လိုက်သည်။


".အရင်နှစ်တုန်းက စုကျီနန်က ကျောင်းအဖွဲ့မှာ သူ့နေရာအစားထိုးပါခဲ့ရတယ်လေ ... အဲ့ဒါကြောင့်မို့ ကာလက်က ကံဆိုးပြီး နှစ်နှစ်ဆက်တိုက် ကျောင်းအဖွဲ့ထဲပါဖို့ အရွေးချယ်မခံရတော့ဘူး ..."


လော့ဝမ်ချွမ်း၏ လေသံက တည်ငြိမ်နေသည်။


" သူက ကျောင်းအဖွဲ့ထဲပါနိုင်တဲ့အဆင့်တစ်ခုကို တကယ်ရောက်နေပြီပဲ ..."


xxxxx