အပိုင်း ၂၇
Viewers 17k

Chapter 27


အီခယ့်၏ ဥက္ကာပျံမက်ခါနှင့် နှိုင်းယှဉ်ပါက ကာလက်မှာ သိသိသာသာပင် ပိုကြောက်စရာကောင်းသည်။


ချီယု မျက်မှောင်ကြုတ်လိုက်သည်။


" ကာလက်တဲ့လား ... ဆံပင်နီရောင်နဲ့ အယ်လ်ဖာအရူးကောင်လား ..."


" ဟုတ်တယ် ..."

စုကျီနန်က စိုးရိမ်သွားဟန်ဖြင့် ပါးစပ်ကိုလက်ဖြင့် အုပ်ထားလိုက်သည်။


" အာ ကျွန်တော်မှတ်မိပြီ ... လော့ဝမ်ချွမ်းပြီးရင် ကာလက်ကလည်း အလင်းမက်ခါတွေနဲ့ပြိုင်ရင် တစ်ခါမှ မရှုံးဖူးဘူး ...  ပထမဆုံးပွဲစဉ်တုန်းက မုန်တိုင်းမက်ခါကြီးလည်း အပိုင်းပိုင်းအစစ ဖြစ်သွားပြီး မောင်းနှင်သူ‌ရဲ့စက်ခန်းပဲ ကျန်ခဲ့တယ်တဲ့ ..."


စုကျီနန်ပြောသည့် ပြိုင်ပွဲကလည်း homepageတွင် ထိပ်ဆုံး ၅နေရာထဲတွင်ရှိသည်။ မရေမတွက်နိုင်သော လူများက ကာလက်ကို အရူးတစ်ယောက်ဟုသာ သတ်မှတ်ထားပြီး လော့ဝမ်ချွမ်းပြီးလျှင် မတွေ့ချင်ဆုံး ပြိုင်ဘက်ဖြစ်သည်။


ချီယု ‌မျက်မှောင်ကြုတ်လိုက်သည်။


အကြောင်းရင်းကို မသိသော်လည်း ယွမ်ရှင်းကျဲ၏ အခြေအနေကို သူစတင် ပူပန်လာသည်။


" အစ်ကိုကြီးယု သူ့ကိုစိတ်ပူတယ်ဆိုရင် ပြိုင်ပွဲကို တူတူသွားကြည့်ကြမလား ... ကျွန်တော်တို့ ပြိုင်ပွဲအချိန်ကလည်း ညီလေး ရှင်းကျဲတို့နဲ့ မတူဘူးလေ ... သူ့ကို သွားအားပေးပြီး ညီလေးရှင်းကျဲက ကာလက်ကို အနိုင်ယူမလားဆိုတာ သွားကြည့်ကြမယ်လေ ..."


ထိုသို့ပြောပြီးနောက် စုကျီနန်၏ မျက်လုံးများက ရှိုးပွဲတစ်ခုကို ကြည့်ရတော့မည်ကဲ့သို့ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားသည်။


ယွမ်ရှင်းကျဲက မောင်းနှင်သူစက်ခန်းသာ ကျန်သည်အထိ ဖျက်ဆီးခံလိုက်ရမည်ကိုကြည့်ရန် မစောင့်နိုင်တော့ပေ။ 


ထိုမှသာ ကျောင်းတစ်ကျောင်းလုံးတွင် အသန်မာဆုံးအိုမီဂါက စုကျီနန်တစ်ယောက်တည်းသာဖြစ်ကြောင်း ချီယု သိသွားလိမ့်မည်ဖြစ်သည်။


....


ယွမ်ရှင်းကျဲက လုရန်ရှုနှင့်အတူ ကျောင်းကန်တင်းတွင် ညစာစားနေသည်။ အော်ရီရယ်ကလည်း အနားတွင် ရှိနေသည့်အတွက် သူတို့သုံးယောက်က ပြိုင်ပွဲအတွင်းမှ တိုက်ခိုက်မှုများအကြောင်း ပြန်ပြောနေကြသည်။


" ချီယုက ငါတို့အဖွဲ့မှာလေ ..."

လုရန်ရှုပြောလိုက်သည်။


" သူကတော့ ဒီတိုင်းပါပဲ ... သူကအများဆုံးမှ A+အဆင့် မုန်တိုင်းမက်ခါမောင်းနှင်သူပေါ့ ... သူ့မျက်နှာက သာမန်ပဲကို လူအတော်များများက သူ့ကိုချောတယ်လို့ထင်နေကြတယ် ... သူ့အဖေသာ မက်ခါစစ်တပ်က ဒုတ်ယဗိုလ်ချုပ်ကြီးမဟုတ်ရင် သူ့ အဲ့လောက်ယုံကြည်ချက် ရှိနေနိုင်မယ်တဲ့လား ...


လုရန်ရှု မျက်ဆံမလှန်ပဲ မနေနိုင်တော့ပေ။ 


" ပြိုင်ပွဲလည်းပြီးရော စုကျီနန်က သူ့ဆီအပြေးသွားပြီး တာဝါလေး သွားပေးတယ်လေ ... ပြီးတော့အစ်ကိုကြီးယုက အရမ်းတော်တာပဲ ဘလာဘလာ အဲ့ဒါမျိုးတွေသွားပြောတယ် ဝေါ့ ..."


" ငါတို့အဖွဲ့ထဲမှာလည်း ကာလက်ဆိုတဲ့နာမည်နဲ လူတစ်ယောက်ပါတယ် ..."


အော်ရီရယ်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။ 


" သူလည်း A+အဆင့်ရှိတဲ့ ကြယ်တံခွန်မက်ခါ မောင်းတဲ့လူပဲ ... ကြည့်ရတာတော့ ကျောင်းအဖွဲ့ကို သူအရင်နှစ်ကမှ ဝင်တာထင်တယ် ... ဒါပေမဲ့ ကံဆုံးပြီး Sအဆင့် ပြိုင်ဘက်နှစ်ယောက်နဲ့တွေ့တော့ သူ့နေရာပျောက်သွားရတာ ... သူ့ကိုကြည့်ရတာ လုံးဝ အရူးတစ်ယောက်လိုပဲ ... သူက သူ့ရဲ့ဆယ်မီတာကျော်မြင့်တဲ့ မုန်တိုင်းမက်ခါကြီးနဲ့ ပြိုင်ဘက်ရဲ့မက်ခါကို တစ်စစီဆွဲဖြုတ်ပြီး မောင်းနှင်သူနေရာမှ ကျန်ခဲ့အောင်လုပ်ခဲ့တာ ..."


" မောင်းနှင်သူနေရာပဲ ကျန်ခဲ့တယ်တဲ့လား ... ဒါဆို တစ်ခြားအပိုင်းတွေလည်း ဖျက်ဆီးခံရမှာပဲပေါ့ ..."


ယွမ်ရှင်းကျဲ အံ့အားသင့်သွားသည်။


" ဟုတ်တယ် ... ငါကြားတာတော့ သူက တတိယနှစ်ရဲ့ နာမည်ကျော်ပြိုင်ပွဲဝင်တဲ့ ..."


အော်ရီရယ်က ပြိုင်ပွဲဗီဒီယိုတစ်ခုကို ယွမ်ရှင်းကျဲကို ပြသလိုက်သည်။


" သူဖျက်ဆီးလိုက်တဲ့ မက်ခါထဲက ပြိုင်ပွဲဝင်က ဆက်ပြိုင်လို့ မရတော့တဲ့အထိ ဖြစ်သွားတာလေ ..."


" အလင်းမျက်နှာပြင်ပေါ်မှ အပိုင်းပိုင်းဖြစ်သွားသည့် မက်ခါကိုကြည့်ကာ ယွမ်ရှင်းကျဲစိတ်ထဲတွင် ဝမ်း‌နည်းလာမိသည်။


အဲ့ဒါကိုပြန်ပြင်ဖို့ ငွေဘယ်လောက်တောင် ကုန်မှာလဲ ...


ထိုကဲ့သို့သော ပြိုင်ဘက်မျိုးနှင့် သူမတွေ့ချင်ပေ။ 


ထိုအချိန်တွင် လုရန်ရှုက အတန်းgroupထဲသို့ တစ်စုံတစ်ယောက်က မက်ဆေ့ပို့လိုက်သည်ကိုမြင်၍ ဝင်ကြည့်လိုက်ပြီး လက်ထဲမှဇွန်းကို ချလိုက်သည်။


" ကြည့်ကြဦး ... ဒုတိယပွဲစဉ်အတွက် ပြိုင်ရမယ့်အတွဲတွေ ထွက်လာပြီ ..."


ယွမ်ရှင်းကျဲက ထမင်းကြော်စားနေလျက် အလင်းမျက်နှာပြင်ကို ကြည့်လိုက်သည်။ သူ့နာမည်ကို မြင်လိုက်ရချိန်တွင် စားနေသောထမင်းများပင် သီးမတတ်ဖြစ်သွားသည်။


" ကာ ... ကာလက်တဲ့ ..."

ယွမ်ရှင်းကျဲ အော်ရီရယ်ကို ငေးငိုင်စွာကြည့်ပြီး ထိုနာမည်ကိုသာ ရွတ်နေမိသည်။


" ဒါက မင်းပြောတဲ့လူလား ..."


လုရန်ရှုနှင့် အော်ရီရယ်က ယွမ်ရှင်းကျဲကို တစ်ချိန်တည်း ကြည့်လိုက်ကြသည်။


သူတို့၏ အမူအယာများမှာ အလွန်တည်ငြိမ်နေလွန်းလှသည်။ 


" ရှင်းကျဲ ..."


လုရန်ရှုက ယွမ်ရှင်းကျဲ၏ ကြည့်ရဆိုးသောမက်ခါကို တွေးမိပြီး သူပြောရန်စကားများ ပြန်စီနေသည်။


"မင်းရဲ့မက်ခါပျက်စီးသွားလို့ ပြန်ပြင်ရရင် ပိုက်ဆံကုန်တယ်ဆိုပေမယ့် အဲ့လိုကြီး အဖျက်ဆီးခံလိုက်ရမှာ ရှက်စရာကောင်းတယ်လေ ... မင်း တိုက်ရိုက် အရှုံးပေးလိုက်ဖို့ စဉ်းစားရင်ရော ဘယ်လိုလဲ ..."


ယွမ်ရှင်းကျဲ : " အင်း တကယ်ကို ပိုက်ဆံအများကြီးကုန်မှာပဲ ..."


အော်ရီရယ်က သက်ပြင်းအကြိမ်ကြိမ်ချပြီး မျက်မှောင်ကြုတ်လိုက်သည်။


" မင်းရဲ့ ပထမပွဲစဉ်က အတော်လေး စိတ်လှုပ်ရှားစရာကောင်းပါတယ် ဒါပေမဲ့ အဲ့အချိန်တုန်းက ပြိုင်ဘက်က Bအဆင့်လေ ... A+အဆင့်နဲ့တော်တော်လေးကွာတယ် ..."


အတန်း၏ အွန်လိုင်းgroupထဲတွင်လည်း လူအတော်များများက ပြိုင်ဘက်များကို တွဲပေးထားပုံကြောင့် ကြောက်လန့်နေကြသည်။


" ချီးပဲ ... ငါက စတုတ္ထနှစ်နဲ့ ပြိုင်ရမှာဟ ..."


" ဒါကြီးက မျှတရဲ့လား ... ငါတို့က လူသစ်တွေလေ Aအဆင့်က လူတော်တွေနဲ့မှ တစ်ခါတည်း တွဲပေးထားရတယ်လို့ ..."


" သောက်ကျိုးနည်း ကာလက်ပါတယ်ဟ ..."


" ဘု‌ရားရေ မင်းတော့ကံဆိုးတာပဲ @ယွမ်ရှင်းကျဲ ..."


" နင်ရဲ့ မက်ခါအတွက် ခဏလောက်ငြိမ်သက်လိုက်ပါ @ယွမ်ရှင်းကျဲ ..."


" ယွမ်ရှင်းကျဲ မင်း တစ်မိနစ်လောက်အထိ အသက်ရှင်နိုင်မယ်လို့ ငါမျှော်လင့်တယ် @ယွမ်ရှင်းကျဲ ..."


" နတ်သားလေးရဲ့ ခေါက်ထားတဲ့ အတောင်ပံတွေက ဒီတစ်ခါတော့ အချိုးခံရတော့မယ် @ယွမ်ရှင်းကျဲ ..."


" ဖိနပ်အဝါနဲ့ မက်ခါလေး အချခံရတော့မယ် @ယွမ်ရှင်းကျဲ ..."


လုရန်ရှုက ယွမ်ရှင်းကျဲအတွက် ပြန်ပြောပေးနေသည်။ 


" ပြိုင်ပွဲမစခင် ကံမကောင်းစေမယ့်အရာတွေပြောနေရလား လူမဆန်လိုက်ကြတာ ..."


ပြောပြီးသည်နှင့် လုရန်ရှုက ယွမ်ရှင်းကျဲဘက်သို့ လှည့်လာသည်။


" ရှင်းကျဲ မင်းရဲ့ခွန်အားက မလုံလောက်ရင်တောင် အလံကိုမြှောက်ပြီး အရှုံးပေးလိုက်လို့ရတယ် ..."


အော်ရီရယ် : " မင်းရဲ့ မက်ခါခေါင်းထဲမှာ music boxလိုဟာမျိုးထည့်ထားလိုက် ပြီးတော့ အန္တရာယ်လာပြီဆို အလံဖြူထောင်လိုက် .."


ယွမ်ရှင်းကျဲ : "....."


ပြိုင်ပွဲမစတင်သေးသော်လည်း အားလုံးက ယွမ်ရှင်းကျဲ၏ အခြေအနေကို ပူပန်နေကြသည်။


ညစာစားပြီးသည့်နောက် ယွမ်ရှင်းကျဲက ကာလက်၏ ပြိုင်ပွဲဗီဒီယိုကို အခန်းထဲတွင် အထပ်ထပ်အခါခါ ကြည့်နေသည်။ သူ၏ချိန်းကြိုးဓားရှည်ကြီးက အဆိပ်ပြင်းသည့် မြွေတစ်ကောင်နှင့်တူပြီး ပြိုင်ဘက်ကိုမမျှော်လင့်ထားသည့် အနေအထားမှ အမြဲတမ်းတိုက်ခိုက်တတ်ပြီး နက်ရှိုင်းသည့် ခြစ်ရာများ တစ်ခုပြီးတစ်ခု ချန်ထားခဲ့တတ်သည်။


အမှန်တွင် ကျောင်းသားများက ယွမ်ရှင်းကျဲအပေါ် ယုံကြည်ချက် မရှိကြသည်မှာလည်း အံ့ဩစရာမဟုတ်ပေ။ ပထမ‌ပြိုင် ပွဲက ဘီတာကောင်လေးနှင့် ကာလက်က လုံးဝနှိုင်းယှဉ်၍မရကြောင်း သူလည်းကောင်းကောင်းသိသည်။ ဤဗီဒီယိုကို တစ်ယောက်တည်း ကြည့်နေလျက်နှင့်ပင် သတ်ဖြတ်ချင်သည့်ရောင်ဝါများကို ခံစားမိနေသည်။

27.2


ဒီလူက မက်ခါတက္ကသိုလ်ရဲ့ ပါရမီရှင်တစ်ယောက်ပဲ ... သူပြိုင်ပွဲမှာ တိုက်ခိုက်နေတဲ့ပုံက စစ်မြေပြင်မှာ တိုက်ခိုက်နေတာနဲ့ တူတယ်လို့ပြောရင်တောင်ချဲ့ကားပြောနေတာလို့ မထင်ရဘူး ...


လှုပ်ရှားမှု တစ်ခုချင်းစီတိုင်းက ပြိုင်ဘက်၏မက်ခါကို လုံးဝဖျက်ဆီးပစ်ရန် ချိန်ရွယ်ထားသည်။


ပြိုင်ပွဲက ဆယ်မိနစ်ခန့်သာ ကြာလိုက်သည်။ သူ၏ပြိုင်ဘက်က မုန်တိုင်းမက်ခါကို ခုခံသည့်နေရာတွင် အလွန်တော်သော်လည်း လက်နက်ချလိုက်ရသည်။


၎င်းက အနိုင်ရရှိခဲ့သော်လည်း ပရိသတ်များ အော်ဟစ်အားပေးမှုမရှိခဲ့သည့် တစ်ခုတည်းသော ပြိုင်ပွဲဖြစ်သည်။


အဘယ့်ကြောင့်ဆိုသော် အားလုံးက ကာလက်၏ ပြင်းထန်သောနည်းလမ်းများကြောင့် ကြောက်ရွံ့သွားခဲ့ပြီး ထိုကဲ့သို့ အရူးမျိုးနှင့် ရင်ဆိုင်ရမည်ကို ‌လန့်သွားခဲ့သောကြောင့်ဖြစ်သည်။


ယွမ်ရှင်းကျဲက ကာလက်၏ ယခင်ပြိုင်ပွဲမှ ဗီဒီယိုများကိုလည်း ကြည့်ခဲ့သည်။


ပထမနှစ်တွင် ကာလက်က Bအဆင့် ကြယ်တံခွန်မက်ခါကိုသုံးခဲ့သည်။ ဒုတိယနှစ်တွင် Aအဆင့်သို့ ရောက်ခဲ့ပြီး တတိယနှစ်တွင် A+အဆင့်သို့ တိုးမြှင့်ပေးခံခဲ့ရသည်။ သူက ရည်မှန်းချက်ကြီးသော ကျောင်းသားတစ်ယောက် ဖြစ်ကြောင်းကိုလည်း တွေ့နိုင်သည်။


နောက်တစ်ချက်မှာ ကာလက်၏ တိုက်ခိုက်သည့်စတိုင်နှင့် သူအသုံးပြုသည့်လက်နက်များလည်း ပြောင်းလဲသွားသည်။ မပြောင်းလဲပဲ တည်ရှိနေသည့် တစ်ခုတည်းသောအရာက အလင်းမက်ခါများကို သူ၏ အနိုင်ယူနှုန်းပင်ဖြစ်သည်။ ပြိုင်ပွဲဆယ်ခုတွင် ကိုးခုကို အနိုင်ရခဲ့ပြီး ကျန်ရှိနေသည့်တစ်ပွဲကိုမူ လော့ဝမ်ချွမ်းထံတွင် ရှုံးနိမ့်ခဲ့သည်။


သို့သော်လည်း ယွမ်ရှင်းကျဲက အနိုင်အရှုံးထက်သူ၏မက်ခါ အပိုင်းပိုင်းဖြစ်သွားမည်ကို ပိုဂရုစိုက်သည်။ သူက ယခုအခါမှ မက်ခါကို ပြန်လည်ပြင်ဆင်ပြီး Bအဆင့်သို့ ရောက်ခါစရှိသေးသည်။ အကယ်၍ လက်မောင်းတစ်ဖက် အဖြုတ်ခံလိုက်ရပါက ရက်ပေါင်းများစွာကြာသည်အထိ စိတ်ဓာတ်ကျသွားနိုင်ပြီး နောက်ပိုင်းပြိုင်ပွဲများကိုပါ သက်ရောက်သွားနိုင်သည်။


သေချာစဉ်းစားတွေးတောပြီးသည့်နောက်တွင် နောက်ဆုံးပြိုင်ပွဲကဲ့သို့  ပြိုင်ဘက်ကို တိုက်ရိုက် ရင်မဆိုင်သင့်ကြောင်း သိလိုက်ရသည်။ သို့မဟုတ်ပါက သူပြိုင်ပွဲတွင် နိုင်ခဲ့လျှင်ပင် ပြန်လည်ပြင်ဆင်စရိတ်က အတော်လေးကုန်ကျမည်ဖြစ်၍ တွက်ခြေမကိုက်ပေ။ 


သူ ပြိုင်ပွဲတွင် ဝင်ပြိုင်ရခြင်းက ပိုက်ဆံရရန်သာဖြစ်ပြီး ပိုက်ဆံကုန်ရန် မဟုတ်ပေ။ 


သူ့ကို တိုက်ရိုက်ရင်မဆိုင်နိုင်သည့်အတွက် နည်းဗျူဟာများအသုံးပြုကာ အနိုင်ရအောင် လုပ်ရမည်ဖြစ်သည်။ 


နောက်နေ့တွင် ယွမ်ရှင်းကျဲက အတန်းထဲမှ ကြယ်တံခွန်မက်ခါသုံးရာတွင် အတော်ဆုံးကျောင်းသားကို ဆက်သွယ်ပြီး သူ့ထံမှ နည်းစနစ်များ သင်ယူရန် ဆုံးဖြတ်လိုက်သည်။


တစ်ဖက်လူမှာ B+အဆင့် မောင်းနှင်ရေးစွမ်းရည်ရှိသော အယ်လ်ဖာကောင်မလေးဖြစ်သည်။ သူမက ပထမနှစ်များ၏ လူတွေ့စစ်ဆေးချက်တွင် အဆင့် ၁၅ရခဲ့သူဖြစ်၍ အလွန်ကျွမ်းကျင်မှုရှိသောလူတစ်ယောက်ဟု သတ်မှတ်ရပေမည်။


ယွမ်ရှင်းကျဲက သူ့ခေါင်းထဲတွင် နည်းဗျူဟာများစွာ ဖန်တီးထားသော်လည်း ပွဲစဉ်နှစ်ခုပြီးသည့်နောက်တွင် လေးနက်သည့် ပြဿနာတစ်ခုကို ရှာတွေ့သွားသည်။ အလင်းမက်ခါမှာ မက်ခါအားလုံးထဲတွင် လက်နက်ကိရိယာအနည်းဆုံးဖြစ်ပြီး မောင်းနှင်သူ၏ တုံ့ပြန်မှုအရှိန်နှင့် ကျွမ်းကျင်မှုကိုသာမှီခို၍ အနိုင်ရအောင် ပြုလုပ်ရသည်။


အခြားစကားဖြင့် ပြောရမည်ဆိုလျှင်  1 Vs .1 ပြိုင်ပွဲများတွင် အလင်းမက်ခါများမောင်းနှင်ပါက ပြောပလောက်သည့် နည်းဗျူဟာများ မရှိပေ။ 


အနီးကပ်တိုက်ခိုက်မှုများတွင် ကြယ်တံခွန်မက်ခါက ပြိုင်ဘက်ကို တစ်စစီဖြုတ်ပစ်နိုင်သည့် လက်နက်၆မျိုးနှင့် ဖျက်ဆီးရေးစွမ်းအင်ရှိသည့် လက်နက်၅မျိုးကို အသုံးပြုနိုင်၍ အသာစီးရနေသည်ဟု ဆိုနိုင်သည်။


အလင်းမက်ခါတွင် အလင်းဓားရှည်နှစ်ချောင်းသာရှိပြီး လိုအပ်ပါက မြှားတံများနှင့် အမြှောက်များကိုသာ အသုံးပြုနိုင်သည်။ ဓားကိုင်ဆောင်မှုနှင့် အသားကျရန်အတွက် မက်ခါ၏ ခန္ဓာကိုယ်တွင် အစိတ်အပိုင်းများစွာ တပ်ဆင်ရမည်ဖြစ်သည်။


ပြိုင်ပွဲပြီးဆုံးသွားသည့်နောက်တွင် အယ်လ်ဖာကောင်မလေးက ချွေးများစိုရွှဲနေသည်။ ယွမ်ရှင်းကျဲ၏ ခြစ်ရာမထင်လုနီးပါး ဖြစ်နေသည့် မက်ခါကိုကြည့်ပြီး တအံ့တဩပြောလိုက်သည်။


" ချီးပဲ ဒီကြည့်ရဆိုးတဲ့ မက်ခါက အတော်ရုပ်ဆိုးပေမယ့် အလိုအလျောက်တုံ့ပြန်မှု အားကောင်းသားပဲ ..."


ယွမ်ရှင်းကျဲက တည်ကြည်သော အမူအရာဖြင့် သူမကို မေးလိုက်သည်။


" ကာလက်ကို နိုင်ဖို့အတွက် ငါ့မှာအခွင့်အရေးရှိမယ်ထင်လား ..."


"ဒါ ..."


ကောင်မလေးက အနည်းငယ်ရှက်သွားပုံရပြီး ဆုံးဖြတ်ချက်ချပြီးနောက် ပြန်ဖြေလိုက်သည်။


" ရိုးရိုးသားသားပြောရမယ်ဆိုရင် ကာလက်ကSအဆင့်ကို မရောက်သေးပေမယ့် ကျောင်းမှာ အသန်မာဆုံး ကြယ်တံခွန်မက်ခါမောင်းနှင်သူ ဖြစ်နေပြီ ... အရင်နှစ်က ကံမကောင်းလို့သာ ကျောင်းအဖွဲ့မှာ မပါခဲ့ရတာ ... Aအဆင့်အောက်က မောင်းနှင်သူတွေက သူ့နဲ့ရင်ဆိုင်ဖို့ အတော်လေးခက်ခဲလိမ့်မယ် ..."


ယွမ်ရှင်းကျဲ၏မက်ခါကို စိုးရိမ်ပူပန်စွာကြည့်ပြီး သူ‌မပြောလိုက်သည်။

" ပြီးတော့... ကြယ်တံခွန်မက်ခါက ဘယ်ရှု့ထောင့်ကပဲကြည့်ကြည့် အလင်းမက်ခါထက် အားသာချက်တွေ ပိုများနေတယ် ..."


ယွမ်ရှင်းကျဲက သူ၏ပြိုင်ဘက်မက်ခါအကြောင်းတွေးလျင် အတွေးထဲ နစ်မျောနေသည်။


ထိုကောင်မလေးက သူစိတ်ဓာတ်ကျနေသည်ဟု ထင်သွား၍ နှစ်သိမ့်ပေးလိုက်သည်။

" ဒါပေမဲ့ နင့်ရဲ့ တုံ့ပြန်မှုကလည်း မြန်တာပဲ .. ငါဆိုရင် နင့်ကို ထိနိုင်မှာတောင် မဟုတ်ဘူး ...နင်က ပထမနှစ်ရဲ့ ထိပ်တန်းပြိုင်ပွဲ‌တွေထဲမှပါတယ် လက်မလျှော့ပါနဲ့ ..."


ယွမ်ရှင်းကျဲ၏ စိတ်အခြေအနေက ပြိုင်ပွဲမစတင်မီ ပြိုလဲသွားမည်စိုး၍သာ ထိုသို့ပြောလိုက်သော်လည်း သူ ကာလက်ကို အနိုင်ယူနိုင်မည်ဟု သူမ မထင်ခဲ့ပေ။ 


ထိုအချိန်တွင် အသက်ကြီးကြီးနှင့် ခေါင်းမာသောအသံတစ်သံက လေ့ကျင့်ရေးခန်းမအတွင်းမှ ထွက်‌ပေါ်လာသည်။

" ကြောက်နေတာလား ..."


ယွမ်ရှင်းကျဲ မော့ကြည့်လိုက်သည့်အခါ ကျိုး​ဖေးရွှယ်ကို မြင်လိုက်ရသည်။ သူ၏ဆရာက ရုတ်တရက်ပေါ်လာပြီး အဘယ့်ကြောင့် ပွဲကြည့်သူနေရာတွင်ထိုင်ကာ သူတို့အား စောင့်ကြည့်နေရခြင်းအကြောင်းကို မသိပေ။


" ဆရာကျိုးပါလား ..."

မိန်းကလေးက အံ့အားသင့်သွားပြီး လျင်မြန်စွာ နှုတ်ဆက်လိုက်သည်။


" ဆရာ ဒီတစ်ပတ် လိုအပ်တာတွေဝယ်ဖို့ ဈေးဝယ်မထွက်ရဘူးလား ..."


" ဝယ်ပြီးသွားပြီ ..."

ကျိုး​ဖေးရွှယ်က ထိုင်နေရာမှ ထလာပြီး ယွမ်ရှင်းကျဲဆီသို့ လျှောက်လာသည်။


အနားရောက်လာသည့်အခါ ပြုံးပြီးမေးလိုက်သည်။


" ပြိုင်ပွဲက ခက်တယ်ဆိုပေမယ့် မင်း ကာလက်ကို မကြောက်ဘူးမလား ..."


သူ့လေသံထဲတွင် ဟာသလုပ်နေသည့်အသံ ပါနေသည်။


ယွမ်ရှင်းကျဲ ပြန်မဖြေနိုင်မီမှာပင် ကျိုး​ဖေးရွှယ်က မက်ခါ၏ခြေထောက်ကိုကြည့်လိုက်သည်။ ထို့နောက် ခြေထောက်ကိုကြည့်ကာ တအံ့တဩပြောလိုက်သည်။


" အိုး ... ငါနဲ့ ရှုးဖိနပ်တွေနဲ့တောင် တူသေးတယ် ..."


ယွမ်ရှင်းကျဲ : " ကြည့်လို့မကောင်းဘူးလားဆရာ ..."


ဤလူအိုကြီး၏ စကားများကြောင့် သူ့ရင်ထဲ နာကျင်မိသွားသည်။


" နောက်တာပါ ..."


ကျိုး​ဖေးရွှယ် သူ့ပခုံးကိုပြတ်ကာ ပြုံးပြလိုက်သည်။


" မင်း စိတ်လှုပ်ရှားနေမှာစိုးလို့လေ ..."


ထို့နောက် ကျိုး​ဖေးရွှယ်က ယွမ်ရှင်းကျဲ၏ မက်ခါကိုကြည့်ကာ ချီးကျူးလိုက်သည်။


" တော်တော်ကောင်းအောင် မွမ်းမံထားတာပဲ ... မင်းရဲ့ ပြန်လည်မွမ်းမံစွမ်းရည် အဲ့လောက်ကောင်းတာကို အရင်က သတိမထားခဲ့မိဘူး ..."


သူ၏မျက်နှာက တည်ကြည်သွားပြီး အမူအယာက လေးနက်လာသည်။


" ဒါပေမဲ့ ဒီလိုအဆင့်လောက် မွမ်းမံတတ်ရုံနဲ့ ကာလက်ကို အနိုင်ယူပြီး တိုက်ပွဲကို မြန်မြန်အဆုံးသတ်ဖို့ဆိုရင် အရမ်း အန္တရာယ်များတယ် ..."


ကျိုး​ဖေးရွှယ်က ယွမ်ရှင်းကျဲ စိတ်ပူနေသည့် ဒုတိယမြောက်တစ်ခုကို ထောက်ပြလိုက်သည်။ အလင်းမက်ခါက နည်းဗျူဟာများကို အသုံးပြုရခြင်း၏ ခက်ခဲမှုအပြင် သူ၏အကြီးမားဆုံး ပြဿနာက ရုပ်ပိုင်းဆိုင်ရာခွန်အားဖြစ်သည်။


သူ၏လက်ရှိ ရုပ်ပိုင်းဆိုင်ရာခွန်အားမှာ Bအဆင့်သာရှိသေးပြီး ပြိုင်ပွဲအချိန်ကြာလာလေ ကာလက်၏ လက်ထဲတွင် အဖမ်းခံရရန် နီးကပ်လာလေ ဖြစ်သွားလိမ့်မည်။


သူ၏ဘေးမှ မိန်းကလေးက ကြည့်မနေနိုင်တော့၍ တီးတိုးပြောလိုက်သည်။


" ဆရာကျိုး အတန်းဖော်ယွမ်ကို မခြောက်ပါနဲ့တော့ ... အလင်းမက်ခါတွေက ကြယ်တံခွန်မက်ခါတွေကိုနိုင်ဖို့ တော်တော်ခက်တယ် ... အရင်နှစ်ကလည်း နိုင်ငံတော်အဆင့်ပြိုင်ပွဲမှာ လော့ဝမ်ချွမ်းက ကြယ်တံခွန်မက်ခါဆီမှာ ရှုံးလုနီးပါး ဖြစ်သွားသေးတယ်လေ ..."


ကျိုး​ဖေးရွှယ်က လွှတ်ခနဲ ပြောလိုက်မိသည်။

"  ဘာလို့ဆိုတော့ အဲ့ကလေးက ..."


သို့သော် တစ်ဝက်တစ်ပျက်တွင် ဆက်မပြောပဲ ရပ်လိုက်သည်။


ယွမ်ရှင်းကျဲ အတွေးထဲ နစ်နေသည်ကိုမြင်၍ ကျိုး​ဖေးရွှယ်က သူ့ကိုကြည့်ပြီး ရုတ်တရက်မေးလိုက်သည်။


" ကြယ်တံခွန်မက်ခါဆိုတဲ့နာမည် ဘယ်လိုဖြစ်လာလဲသိလား ..."


ယွမ်ရှင်းကျဲက လန့်သွားပြီးနောက် ခဏတွေးလိုက်သည်။

" အရွယ်အစားသေးပြီး အရှိန်မြန်လို့များလား ..."


" မင်းပြောတဲ့ဟာအပြင် တခြားအကြောင်းရင်းတစ်ခု ရှိသေးတယ် ..."


ကျိုး​ဖေးရွှယ်က အဓိပ္ပါယ်ပါပါ ပြုံးလိုက်သည်။


" စကြဝဠာထဲမှာ ကြယ်တံခွန်တစ်ခုက ကြယ်တစ်လုံးအနား ရောက်လာရင် အပူချိန်မြင့်လို့ အငွေ့ပြန်မှုတွေဖြစ်ပြီး အရမ်းလှတဲ့ ရောင်ခြည်စက်ဝန်းနဲ့ အမြီးတန်းလို ပုံလေးဖြစ်သွားတယ် ... ဒါပေမဲ့ သူက ကြယ်နဲ့ ဝေးသွားရင်တော့ ညစ်ပတ်တဲ့ နှင်းဘောလုံးတစ်လုံးသာသာပဲ ..."


ကျိုး​ဖေးရွှယ်၏ စကားများက မက်ခါနှင့် ဘာမှမဆိုင်သည်ဟု ထင်ရသော်လည်း ၎င်းက ကြယ်တံခွန်မက်ခါ၏ ချို့ယွင်းချက်ကို တိုက်ရိုက်ထောက်ပြသွားသည်။


ပြိုင်ဘက်ကို အပိုင်းပိုင်းအစစ ဖြုတ်ပစ်ရန် ပြုလုပ်ထားသော မက်ခါတစ်ခုက ပြိုင်ဘက်နှင့် နီးကပ်လာမှသာ ၎င်း၏အစွမ်းကို ပြသနိုင်သည်။ အဝေးတွင် ရှိနေပါက အသုံးမဝင်ပေ။


xxxxx