အပိုင်း ၂၆
Viewers 17k

Chapter 26


အနက်ရောင်အလင်းမက်ခါက တုံ့ပြန်ရန် မေ့နေသကဲ့သို့ ထိုနေရာတွင်သာရပ်နေပြီး မလှုပ်ရှားပေ။ 


အားလုံး အသက်အောင့်ထားပြီး တစ်​ပြိုင်နက်တည်း တွေးနေကြသည်။ 

လော့ဝမ်ချွမ်း အာရုံလွင့်သွားပြန်တာလား ...


ယွမ်ရှင်းကျဲ မျက်လုံးကို ဖြေးညှင်းစွာ ဖွင့်လိုက်သည်။


ထိုစဉ် ...


လော့ဝမ်ချွမ်း၏မက်ခါက လှုပ်ရှားလာသည်။


၎င်း၏ ညာဘက်လက်ကို ဆန့်ထုတ်လိုက်ပြီး ချိန်းကြိုးဓားရှည်ကြီးကို ဖမ်းယူလိုက်သည် 


သူ ဘာလုပ်မည်ကို အားလုံးမသိခင်မှာပင် ‌ဥက္ကာပျံမက်ခါ၏ ချိန်းကြိုးဓားက အလင်းမက်ခါ၏ ဆွဲယူခြင်းခံလိုက်ရသည်။


ထို့နောက်တွင် အလင်းမက်ခါ၏ အရိပ်က ညာဘက်တွင်ရောက်လာပြီး နောက်အခိုက်အတန့်မှာပင် ဥက္ကာပျံမက်ခါ၏ ဆန့်ကျင်ဘက် အရပ်မျက်နှာကို ရောက်သွားသည်။


အီခယ့်၏မျက်လုံးများ ရုတ်ချည်းပြူးကျယ်သွားသည်။


သူ မတုံ့ပြန်နိုင်မီမှာပင် အလင်းမက်ခါက သူ့ဘေးမှ  ဒယိမ်းဒယိုင်လှုပ်ရှားလာပြီး လက်ထဲမှ ချိန်းကြိုးဓားကို ပြတ်လုနီးပါးဖြစ်သွားအောင် အားပြင်းပြင်းဖြင့် ဆောင့်ဆွဲလိုက်သည်။ 


" ဘန်း ..."


အားလုံး၏ အံ့ဩနေသော အကြည့်များအောက်တွင် အလင်းမက်ခါက အရုပ်တစ်ရုပ်ကို ဖျက်ဆီးလိုက်သကဲ့သို့ ဥက္ကာပျံမက်ခါ၏ ချိန်းကြိုးဓားကို မြေ‌ပြင်ပေါ်သို့ ပစ်ချကာ နင်းချေလိုက်သည်။

ဤတိုက်ခိုက်မှုက ယွမ်ရှင်းကျဲ၏ ယခင်ပြိုင်ပွဲမှစွမ်းရည်ထက် ပိုသန်မာသည်။ ချိန်းကြိုးဓားက ပျက်စီးသွားပြီး ဥက္ကာပျံမက်ခါ၏လက်ဖဝါးက အားပြင်းသော ပွတ်တိုက်မှုမှ မီးပွားများလွင့်စင်လာမှုကြောင့် မီးခိုးအနည်းငယ်ထွက်လာသည်။


အီခယ့်က မိန်းမောမှင်သက်သွားပြီး သူ့ဦးနှောက်ထဲတွင် ခဏတာ ဗလာကျင်းသွားသည်။


လော့ဝမ်ချွမ်းက သူ့ကို ညှာတာလိုက်သည်ကို သူသိသည်။


ထိုသို့ဆက်ဖြစ်နေပါက သူ့အခြေအနေက ပိုဆိုးသွားမည်ဖြစ်သည်။


ဒိုင်လူကြီးက နံပါတ်စဉ်ရေတွက်နေစဉ်မှာပင် အီခယ့်က PAစနစ် ဖွင့်လိုက်ပြီး မြေပြင်ပေါ်တွင် အားနည်းစွာဖြင့် လက်နက်ချလိုက်သည်။


အပြင်ဘက်မှ ကြည့်သူနေသူများက ‌ခဏတာအေးခဲကုန်ကြသည်။


" ပြီးသွားပြီလား ..."


" ဘုရားရေ လော့ဝမ်ချွမ်းက အလင်းဓားရှည်ကိုတောင် မထုတ်လိုက်ရဘူး ..."


" အရမ်း အရမ်းကို သန်မာတာပဲ ... ကြောက်စရာကောင်းတဲ့ ဥက္ကာပျံမက်ခါကြီးကိုတောင် ဆယ်စက္ကန့်အတွင်း လက်နက်မပါပဲ အနိုင်ယူလိုက်တယ် ..."


" ရိုက်ချက်ကြီးက ရက်စက်လွန်းပါတယ် ... အဲ့ထက် ပြင်းပြင်း ဖိချလိုက်ရင် ဥက္ကာပျံမက်ခါကြီး အပိုင်းပိုင်းဖြစ်ကုန်မယ်ထင်တယ် ..."


ယွမ်ရှင်းကျဲက မက်ခါကြီးကို ငေးကြည့်နေမိသည်။ 


လော့ဝမ်ချွမ်း၏ခွန်အားကို သူ အံ့အားသင့်သွားခြင်း မရှိပေ။ သို့သော်လည်း သူ၏တိုက်ခိုက်ပုံကို အံ့အားသင့်သွားမိသည်။ ၎င်းက အပိုအလိုမရှိသော လှုပ်ရှားမှုများ ဖြစ်သည်။ သူတိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ချိန်တွင် ပြိုင်ဘက်ဖြစ်သူ ပြန်ထလာနိုင်မည့် အခွင့်အရေးကို လုံးဝမပေးပေ။ 


သူ၏နည်းစနစ်က သန်မာပြီး နှလုံးသားက ခက်ထန်သည်။


ယွမ်ရှင်းကျဲက သူ၏ပြိုင်ပွဲတွင် သူ့ကိုယ်ပိုင်မက်ခါကိုသာ ဂရုစိုက်ပြီး အရှုံးအနိုင်က ဒုတိယဦးစားပေးဖြစ်သည်။


သို့ရာတွင် လော့ဝမ်ချွမ်းက အနိုင်အရှုံးကိုသာ ဂရုစိုက်ပုံရသည်။


သူတို့နှစ်ယောက်လုံးက အနိုင်ရခဲ့သူများဖြစ်သော်လည်း မည်သည့်ကမ္ဘာတွင် နေထိုင်သည်ဖြစ်စေ လော့ဝမ်ချွမ်းဟူသည့်လူက အသန်မာဆုံးမက်ခါ တိုက်ခိုက်ရေးသမားကောင်းတစ်ယောက် ဖြစ်လာနိုင်မည်ဖြစ်သည်။


သူတို့နှစ်ယောက်လုံး မက်ခါထဲမှ ထွက်လာပြီးချိန်တွင် လော့ဝမ်ချွမ်းက အီခယ့်ဆီလျှောက်လာပြီး ခေါင်းမော့၍ သူနှင့်မျက်လုံးချင်းဆုံအောင်ကြည့်ပြီး ခေါင်းအနည်းငယ်ငြိမ့်ပြလိုက်သည်။ သူ၏ လေသံက မမာသော်လည်းပျော့ပျောင်းမနေပေ။ 


" ကျွန်တော့်ကို သင်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ..."


သူ၏ လောကဝတ်ပြုမှုက ပြီးပြည့်စုံနေသော်လည်း နားလည်ရ ခက်ခဲလှသည်။


အီခယ့်က အံ့အားသင့်သွားသည်။ လော့ဝမ်ချွမ်းက သူ့ကို ရန်စသွားသည်ဟု ထင်လိုက်မိသည်။ တစ်ဖက်လူ၏ စကားပြောပုံနှင့် အမူအကျင့်က ပွဲမစမီကနှင့် တစ်ထပ်တည်းဖြစ်မည်ဟု မထင်ခဲ့မိပေ။ သူက ပြောပြီးသည်နှင့် လှည့်ထွက်သွားသည်။


၎င်းက ကျက်သရေရှိသော အပြုအမူတစ်ခုဖြစ်သည်မှာ သိသာသော်လည်း ၎င်းက အီခယ့်ကို ပို၍ စိတ်မသက်မသာဖြစ်စေသည်။ သူ့စွမ်းရည်သူ အထင်ကြီးနေသည့် လူရွှင်တော်တစ်ယောက်ကဲ့သို့ ခံစားလိုက်ရသည်။


ယွမ်ရှင်းကျဲက မက်ခါထဲတွင်ရှိနေစဉ်မှ ကိုယ်ရောင်ကိုယ်ဝါနှင့် လုံးဝကွာခြားနေသည့် ကွင်းထဲမှ မြင့်မြတ်အေးစက်သော လူငယ်လေးကို ကြည့်လိုက်သည်။ 

ဘယ်လိုအတွေ့အကြုံတွေက လော့ဝမ်ချွမ်းကို အခုလိုစိတ်ဓာတ်မျိုးဖြစ်လာအောင် လုပ်ခဲ့တာလဲဆိုတာ သူသိချင်လာပြီ ...


နေရောင်ခြည်အောက်တွင် ချောမောခံ့ညားသောကောင်လေးက သူ၏အလင်းမက်ခါကို မောင်းထွက်လာထွက်လာသည်နှင့် ကြည့်ရှု့နေသူများထဲမှ အိုမီဂါနှင့် ဘီတာများက စတင်အော်ဟစ်ကြတော့သည်။


" အား အား အား ... လော့ဝမ်ချွမ်းက အရမ်းချောတာပဲ‌ ..."


" လော့ဝမ်ချွမ်းက ဒီနေ့လည်းသန်မာပြီး ချောမောနေတာပဲ ..."


" ဝမ်ဝမ်ရေ နောက်ပြိုင်ပွဲတွေမှာလည်း ကံကောင်းပါစေ ..."


လော့ဝမ်ချွမ်း ကွင်းထဲမှ ထွက်သွားချိန်တွင် လူအုပ်ကြီးက သူ့နောက်မှ လိုက်သွားကြသည်။ သူတို့က အပြင်ကိုထွက်သွားသော်လည်း အနားမကပ်ရဲကြပေ။ 


ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်း၏ မည်သူ့ကိုမှ ဂရုမစိုက်ပုံရသည့် နောက်ကျောကို လူအုပ်ထဲမှကြည့်နေပြီး အော်ဟစ်နေကြသော အိုမီဂါနှင့်ဘီတာများကို ရူးနေသည်ဟု  ခံစားလိုက်ရသည်။ 

သူက အိုမီဂါတွေကို ကြောက်တယ်ဆိုတာဟုတ်ပေမယ့် အဲ့လောက်ကြောက်စရာကောင်းအောင် အေးစက်တဲ့အကျင့်စရိုက်နဲ့လူကိုများ 'ဝမ်ဝမ်' လို့ ခေါ်ရဲကြတယ်ပေါ့ ...


သူတို့တွေ အရိုက်ခံရမှာ မကြောက်ကြဘူးလား ... 


ထိုလူများ၏ အကျင့်စရိုက်က သူနားမလည်နိုင်သည့် အဆင့်တစ်ခုတွင် ရှိနေသည်ဟု ထင်လိုက်သည်။


–––


ယွမ်ရှင်းကျဲ အဆောင်သို့ပြန်ရောက်သည့်အခါ လုရန်ရှုလည်း ပြိုင်ပွဲပြီးသွားပြီဖြစ်သည်။ သူ့ကိုကြည့်ရသည်မှာ ပင်ပန်းနွမ်းနယ်နေ၍ ပြိုင်ပွဲက သူ့ထံမှ အားအင်များကို ယူဆောင်သွားပုံရသည်။


လုရန်ရှုက ဧည့်ခန်းထဲမှ ဆိုဖာပေါ်ထိုင်နေပြီး စောဒကတက်နေသည်။ 


" ရှင်းကျဲ ငါအရမ်းပင်ပန်းတာပဲ ... ငါဒီနေ့ မြေပေါ်မှာ နင်းချခံရတော့မလို့ ... ‌မိနစ်နှစ်ဆယ်လောက် အချခံရပြီး နောက်ဆုံးမှ အလစ်ချောင်းတိုက်လိုက်မိလို့ အနိုင်ရသွားတာ မင်းရော..."


" ငါလား ... ငါ ၁၅မိနစ်လောက် ကစားခဲ့တယ်လေ ... အဆင်ပြေပါတယ် ... ပြိုင်ပွဲမှာ ဝင်ကစားရတာ တော်တော်လေး ပင်ပန်းတယ် ..."

ယွမ်ရှင်းကျဲက အေးအေးဆေးဆေးပင် ပြောလိုက်သည်။ 


လုရန်ရှု သက်ပြင်းချလိုက်သည်။

" အမ် မင်းပြိုင်ပွဲဝင်မိတာ နောင်တရနေပြီလား ..."


" နောင်တမရပါဘူး ..."

ယွမ်ရှင်းကျဲ ခဏတွေးတောလိုက်သည်။


" ဒီနေ့ လုပ်ခဲ့တာတွေ သိပ်မကောင်းဘူးလို့ပဲ ခံစားနေမိတာ ..."


လုရန်ရှုက သူ့ကို လက်မထောင်ပြသည်။

" မင်းက အိုမီဂါတွေထဲမှာ သူရဲကောင်းပဲ ... ငါမင်းကို လေးစားတယ် ..."


ပြိုင်ပွဲ၏ ပထမပွဲစဉ်များက တစ်ခါတစ်ရံတွင် လွယ်ကူနေတတ်သည်။ နောက်ပွဲစဉ်တွင် အနိုင်ရသူနှင့် ရှုံးနိမ့်သူများကို ခွဲခြားထားမည်ဖြစ်သည်။ ယွမ်ရှင်းကျဲက အနိုင်ရသာအုပ်စုထဲတွင် ပါဝင်သွားပြီဖြစ်၍ သူ၏ပြိုင်ဘက်၏အင်အားကလည်း တိုးလာမည်သာ။


ယွမ်ရှင်းကျဲက ဒုတိယမြောက်ပွဲစဉ်အထိသာ အနိုင်ရနိုင်မည်ဟု လုရန်ရှုတွေးမိနေသည်။

26.2


ပြိုင်ပွဲ၏ ပထမပွဲစဉ်ပြီးဆုံးသွားသည့် ထိုညနေတွင် ပွဲစဉ်၏ ဗီဒီယိုကို ကျောင်း၏ တရားဝင်forumပေါ် တင်လိုက်ကြသဖြင့် အုံးအုံးကျက်ကျက် ဆွေးနွေးမှုကြီးများ ဖြစ်ပေါ်လာသည်။


၎င်းတို့ထဲတွင် သာမန်မျှသော ပြိုင်ပွဲများက အောက်ခြေသို့ရောက်သွားပြီး ပြောင်မြောင်သော လုပ်ဆောင်ချက်များရှိသည့် ပြိုင်ပွဲများက homepage၏ ထိပ်ဆုံးတွင် ရောက်နေသည်။


ပထမဆုံးနေရာတွင် ရှိနေသည်မှာ လော့ဝမ်ချွမ်း၏တိုက်ပွဲဖြစ်သည်။ ခေါင်းစဉ်မှာ < ဆယ်စက္ကန့်အတွင်း အယ်လ်ဖာဖြစ်မှုကို ‌ပြသနိုင်ခဲ့သော လော့ဝမ်ချွမ်း > ဟူ၍ဖြစ်သည်။ ဗီဒီယိုမှာ ဆယ်စက္ကန့်စာသာရှိသည်။ သို့ရာတွင် အားလုံးက ထိုဗီဒီယိုကို မရေမတွက်နိုင်သည်အထိ ကြည့်ရှု့ခဲ့ကြသည်။ ၎င်းက တခြားဗီဒီယိုများ၏ ကြည့်ရှု့သူအရေအတွက်ထက် အတော်လေးများနေသည်။


" ငါတို့ကျောင်းမှာ လော့ဝမ်ချွမ်းကိုနိုင်တာ ဘယ်သူမှ မရှိဘူးထင်တယ် ..."


" နိုင်ငံတွင်းက တခြားစစ်တက္ကသိုလ်က လူတွေရော သူ့ကိုတိုက်ခိုက်နိုင်ပါ့မလား ..."


" အရမ်းသန်မာလွန်းတယ် ... အရာရှိလောင်းတစ်ယောက် အနေနဲ့ဆို သူ့ရဲ့မက်ခါက အရမ်းမိုက်လွန်းနေတယ် ..."


" သူနဲ့ တိုက်ခိုက်ဖို့ဆို စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာခွန်အား SSအဆင့်ရှိနေဖို့ လိုလိမ့်မယ် ..."


" ဒုတိ‌ယနေရာက ဗီဒီယိုက မမျှော်လင့်ထားပဲ Bအဆင့်မက်ခါတွေကြားက တိုက်ပွဲဖြစ်နေတာပဲ ခေါင်းစဉ်က < Bအဆင့် လူသစ်လေးတွေကလည်း အံ့ဩစရာကောင်းနိုင်ပါတယ် > တဲ့ ..."


လူရန်ရှုက ဗီဒီယိုကို မြင်သည့်အခါ သူ၏မျက်လုံးများ ပြူးကျယ်သွားသည်။ ယွမ်ရှင်းကျဲ၏ အခန်းထဲပြေးဝင်သွားကာ သူ၏မှတ်ဉာဏ်တုကို ပြလိုက်သည်။


" ‌ကြည့်ဦး ... မင်း homepageပေါ် ရောက်နေပြီ ..."


ယွမ်ရှင်းကျဲက မတုံ့ပြန်သဖြင့် လုရန်ရှုက ဆက်ပြေညလိုက်သည်။


" မင်းက လော့ဝမ်ချွမ်းရဲ့နောက် ရောက်နေတာပဲ ... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ..."


ယွမ်ရှင်းကျဲက ခေါင်းစဉ်မှ 'လူသစ်လေး' ဟူသည့် စာလုံးကိုကြည့်ကာ နှုတ်ခမ်းများတွန့်သွားသည်။


" ငါနဲ့ မထိုက်တန်ပါဘူး ..."


၎င်းက မတော်တဆဟုသာ လုရန်ရှု ထင်လိုက်မိသည်။ ယွမ်ရှင်းကျဲ၏ မက်ခါက ကြည့်ရဆိုးသဖြင့် လူအတော်များများက နှိပ်ကြည့်မိခြင်းဖြစ်လိမ့်မည်။ သို့သော်လည်း သူ ဗီဒီယိုကို ကြည့်လိုက်ချိန်တွင် အာရုံက ထိုနေရာမှ မခွာနိုင်တော့ပေ။ မက်ခါနှစ်ခု၏ လှုပ်ရှားမှုများကိုကြည့်ကာ သူ၏စိတ်ခံစားချက်များက တက်လိုက်ကျလိုက်ဖြစ်နေသည်။ သူအလွန်စိတ်လှုပ်ရှားနေသဖြင့် အသက်ရှုရန်ပင် မေ့နေမိသည်။


ဗီဒီယိုကို ကြည့်ပြီးချိန်တွင် လုရန်ရှု အချိန်တစ်ခုကြာသည်အထိ စိတ်ငြိမ်ငြိမ် မထားနိုင်ခဲ့ပေ။ စက်ရုပ်တစ်ရုပ်ကဲ့သို့ သူ၏ခေါင်းကို ယွမ်ရှင်းကျဲဘက်သို့ ဖြည်းညှင်းစွာ လှည့်လိုက်သည်။


" ဒါနဲ့များ မင်းက ဒီနေ့လုပ်ခဲ့တာ သိပ်မကောင်းဘူးလို့ ပြောတယ်ပေါ့ ..."


–––


ထို ဗီဒီယိုကိုကြည့်မိသည့် အခြားလူတစ်ယောက်မှာ မက်ခါ လေ့ကျင့်ရေးခန်းမထဲမှ ချီယုဖြစ်သည်။ 


မူလက သူ၏ပြိုင်ပွဲဗီဒီယိုက မည်သည့်အဆင့်တွင် ရှိနေသည်ကိုသာ ကြည့်လိုခြင်းဖြစ်သည်။ သူ log inဝင်လိုက်သည့်အခါ ဒုတိယနေရာမှ ဗီဒီယိုကို မြင်လိုက်သည်။ သူလှောင်ပြောင်သရော်လိုက်ပြီး မည်သည့်နှစ်မှကျောင်းသား၏ ဗီဒီယိုက ဤမျှကြည့်ကောင်းနေ၍ အဆင့်နှစ်နေရာရောက်နေသည်ကို သိချင်သွားသည်။


ကျော်သွားရမည့်အစား ချီယု၏ လက်ချောင်းများက ဗီဒီယိုကို ထိလိုက်မိသည်။


ရင်းနှီးနေသည့် လူတစ်ယောက်နှင့် မရင်းနှီးသည့် ကြည့်ရဆိုးသော မက်ခါတစ်ခုကို တွေ့လိုက်သည်။ သူ မတုံ့ပြန်နိုင်မီ ခဏတာ အံ့အားသင့်သွားမိသည်။

ဒါက ယွမ်ရှင်းကျဲရဲ့ အလင်းမက်ခါ မဟုတ်ဘူးလား ...


သို့ရာတွင် သူထိတ်လန့်ရာမှ အသိပြန်မကပ်မီ အလင်းမက်ခါကြီး၏ အရိပ်များက သူ၏အာရုံစိုက်မှုကို ယူဆောင်သွားသည်။


၁၅မိနစ်အတွင်းမှာပင် တိုက်ပွဲ၏အခြေအနေထဲသို့ ချီယုစိတ်နှစ်သွားသည်။ ယွမ်ရှင်းကျဲ၏မက်ခါ အန္တရာယ်ထဲရောက်နေသည့်အခါ သူ့မျက်လုံးများထဲတွင် တင်းမာမှုများဖြစ်လာသည်။


ဗီဒီယိုထဲတွင် ငွေရောင်မက်ခါ၏ အလင်းဓားရှည်ကြီးက ရောင်စုံမက်ခါနှင့် စင်တီမီတာ အနည်းငယ်သာ ကွာဝေးတော့သည်။ ချီယု စိတ်လှုပ်ရှားစွာဖြင့် လက်သီးတင်းတင်း ဆုပ်ထားလိုက်မိသည်။ သို့သော် ယွမ်ရှင်းကျဲ၏ မက်ခါက ထိတ်လန့်စရာကောင်းသည့် အလှည့်အပြောင်းတစ်ခုကို ဖန်တီးပေးလိုက်သည်။


ချီယု သူကိုယ်တိုင်ပင် မသိလိုက်ပဲ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ထိုပြိုင်ပွဲကို ကြည့်ပြီးသည့်နောက် အချိန်အတော်ကြာအထိ တိတ်ဆိတ်နေပြီးမှ ပြောလိုက်သည်။


" ချီးပဲ ..."


မက်ခါနှစ်ခုလုံးက Bအဆင့်ဟုသာ မဖော်ပြထားပါက ၎င်းတို့ကို Aအဆင့် မက်ခါနှစ်ခု၏ တိုက်ပွဲဟု ထင်သွားမည်ဖြစ်သည်။


ယွမ်ရှင်းကျဲ ... သူဘယ်တုန်းက ဒီလောက်ကြီး တိုးတက်သွားရတာလဲ ...


ထိုအချိန်တွင် စုကျီနန်က လေ့ကျင့်ရေးခန်းမထဲဝင်လာပြီး ချီယုက ပြိုင်ပွဲဗီဒီယိုကိုကြည့်နေသည်ကို တွေ့လိုက်သည်။ သူပြုံးပြီး ကိုယ်ကို ရှေ့သို့ကိုင်းလိုက်သည်။


" အစ်ကိုကြီးယုရဲ့ ပြိုင်ပွဲဗီဒီယိုကို ကြည့်နေတာလား ..."


ချီယု ခေါင်းခါလိုက်သည်။


စုကျီနန်က ပိုမိုချိုသာစွာပြုံးလိုက်သည်။

" ဒါဆို ကျွန်တော့်ရဲ့ ဗီဒီယိုလား ကျွန်တော် ဒီနေ့သေချာမလုပ်ခဲ့မိဘူး ..."


" အင်း ဟုတ်တယ် ..."

ချီယု သတိလက်လွတ်ပြောလိုက်မိသည်။


" စကားမစပ် လော့ဝမ်ချွမ်းရဲ့ ဆယ်စက္ကန့်စာ ဗီဒီယိုက ဘာများကောင်းလို့ ယွမ်ရှင်းကျဲရဲ့ ဗီဒီယိုက ဘာလို့ ဒုတိယနေရာရောက်နေရတာလဲ ... Sအဆင့် မက်ခါတိုက်ခိုက်ရေးသမားတိုင်းက အဲ့လောက်တော့ တိုက်ခိုက်နိုင်ကြတာပဲလေ ..."


ချီယုက ယွမ်ရှင်းကျဲကို ချီးကျူးလိုက်သည့်အခါ စုကျီနန်၏ အမူအယာက ရုတ်ချည်းပြောင်းလဲသွားသည်။


ခဏအကြာတွင် သူ့အမူအယာကို လိုက်လျောညီထွေဖြစ်အောင်နေပြီး ချီယုလက်ထဲသို့ စာရင်းစာရွက်တစ်ရွက်ကို ပေးလိုက်သည်။


" အစ်ကိုကြီးယု ဒုတိယပွဲစဉ်ရဲ့ ပြိုင်ရမယ့်အတွဲစာရင်း ထွက်လာပြီ ... ညီလေး ရှင်းကျဲက နည်းနည်းကံမကောင်းတဲ့ပုံပဲ ..."


ထိတ်လန့်သွားသော ချီယုက စာရင်းစာရွက်ကို မြန်မြန်ယူပြီး ယွမ်ရှင်းကျဲ၏ နာမည်ကို ရှာလိုက်သည်။


အနိုင်ရရှိသူအုပ်စုထဲတွင် သန်မာသောယှဉ်ပြိုင်သူများစွာ ပါဝင်ပြီး ဒုတိယပွဲစဉ်တွင် ယွမ်ရှင်းကျဲ၏ပြိုင်ဘက်မှာ ကာလက်ဟူသော အယ်လ်ဖာဖြစ်သည်။ သူက ဥက္ကာပျံမက်ခါ မောင်းနှင်သူထဲတွင် အတော်ဆုံးဖြစ်ပြီး သူ၏စွမ်းရည်က A+ အဆင့်သို့ရောက်နေပြီး Sအဆင့်ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။


xxxxx