အပိုင်း ၂၅
Viewers 17k

Chapter 25


သို့ရာတွင် ယွမ်ရှင်းကျဲက ထူးဆန်းသည့်ထောင့်အနေအထားမှ ဓားရှည်ကြီးကို ရှောင်လိုက်သည်။ နောက်သို့အမြန်ဆုတ်ပြီး လေပေါ်တစ်ဖန် ပြန်တက်သွားသည်။ ဤတစ်ကြိမ်တွင် အပေါ်မြင့်မြင့်ဆီသို့ ရောက်သွားသဖြင့် ဆွဲငင်အားမဲ့စက်၏အသံများက်ုပါ ကွင်းအပြင်မှ ကြားနေရသည်။


ထို့နောက်တွင် ယွမ်ရှင်းကျဲက သူ၏ အလင်းဓားရှည်နှစ်ချောင်းကိုထုတ်ကာ အောက်သို့ လျင်မြန်စွာ ခုန်ဆင်းလာသည်။


" ချီးပဲ ... ပဏာမပြိင်ပွဲတုန်းက လှည့်စားချက်ပဲလားဟ ..."


" အမြင့်ကို အသုံးချ အောက်ကိုခုန်ဆင်းပြီး ပြိုင်ဘက်ရဲ့ ဒူးနေရာကို တိုက်ခိုက်မယ်ပေါ့ ... ဒီတစ်ခါရော ဘယ်နေရာကို ထိသွားဦးမှာလဲ ..."


" သူ အောင်မြင်ပါ့မလား ..."


ပြိုင်ဘက်ကလည်း အသင့်ပြင်ဆင်ထားခဲ့သည်။ သူက ယွမ်ရှင်းကျဲကို အခွင့်အရေး အနည်းငယ်မျှပင် မပေးပဲ လေထဲသို့ ခုန်တက်လိုက်ပြီး နေရာတစ်ခုရှာပြီးနောက် ရပ်တန့်လိုက်သည်။


ထို့နောက်တွင် ငွေရောင်မက်ခါ၏ ပခုံးထက်မှ လျှို့ဝှက်ကိရိယာတစ်ခု ပွင့်လာသည်။ မြောက်များစွာသော ငွေရောင်မြှားတံများ ချက်ချင်းပေါ်ထွက်လာပြီး မလှမ်းမကမ်းမှ ယွမ်ရှင်းကျဲထံသို့ ဦးတည်သွားသည်။ 


ငွေရောင်မက်ခါမှ မြှားတံများထွက်ပေါ်လာသည်ကို မြင်လိုက်သည့်အခါ ယွမ်ရှင်းကျဲက နှုတ်ခမ်းများ တွန့်ကွေးလိုက်ပြီး သူ၏လမ်းကြောင်းကို‌ ချက်ချင်းပြောင်းလိုက်ပြီး ၎င်းတို့ကိုရှောင်ရှားလိုက်သည်။


ယခုချိန်တွင် မက်ခါကိုလေ့လာနေခြင်း ပြီးဆုံးသွားပြီဖြစ်သည်။


မက်ခါ၏ အခြေခံဒေတာများအရ ခုန်လိုက်သည့်အချိန်ဖြစ်သွားသည့် ‌ဂျက်ပါဝါမှအစ အသေးစိတ်လိုအပ်ချက်များအထိ မက်ခါတစ်ခုလုံးကို မောင်းနှင်သူ၏ ဦးနှောက်မှ ခွဲခြမ်းစိတ်ဖြာပေးခြင်းဖြစ်သည်။ ၎င်း၏ ခွန်အားနှင့် အားနည်းချက်များကိုလည်း သိရှိသွားပြီဖြစ်သည်။


မက်ခါ၏ ဒေတာများကို တိုက်ပွဲအတွင်းစုဆောင်းရခြင်းက ယွမ်ရှင်းကျဲ၏ ဝါသနာဖြစ်ပြီး ဤပြိုင်ပွဲတွင် ဝင်ပြိုင်ရသည့် အဓိကအကြောင်းအရင်းလည်းဖြစ်သည်။


၎င်းက စက်ဝိုင်းပုံ လှည့်ပတ်လိုက်ပြီး ပြိုင်ဘက်ကို ရှိသမျှ နည်းလမ်းအကုန်သုံးကာ လှည့်ဖျားလိုက်ခြင်းဖြစ်သည်။ လှည့်ဖျားမှုများထဲတွင် ပခုံးပေါ်တွင် တပ်ဆင်ထားသော မြှားတံများလည်းပါသည်။ မြှားများကို အထူးသတ္တုစပ်တစ်မျိုးဖြင့် ပြုလုပ်ထား၍ မက်ခါတစ်ခုကို လွယ်ကူစွာ ထိခိုက်စေနိုင်သည်။


၎င်းက သူ့ပြိုင်ဘက်၏ အဓိကဖဲချက်နစ်ခုဖြစ်ကြောင်း ယွမ်ရှင်းကျဲသိ၍ သူနှင့် ဆက်မကစားနေတော့ပေ။ ပြိုင်ပွဲစတင်ပြီး ၁၅မိနစ်သို့ရောက်ချိန်တွင် ပြိုင်ဘက်၏ အားနည်းချက်ကို အမိအရဆုပ်ကိုင်ပြီး ကျယ်လောင်သောအသံကြီးဖြင့် မြေပြင်ပေါ် အမှောက်သိပ်လိုက်ပြီး ထိုမက်ခါ၏ရင်ဘတ်ကို ခြေထောက်ဖြင့် တက်နင်းလိုက်သည်။


အနိုင်ရရှိမည်ဟု ထင်ခဲ့သော ဘီတာကောင်လေးမှာ ထိုသို့မြန်ဆန်သည့် အလှည့်အပြောင်းမျိုးကို မမျှော်လင့်ထားသည့်ပုံပင်။ 


သူ့ကို ယွမ်ရှင်းကျဲက ခိုင်မာစွာထိန်းချုပ်သွားနိုင်ခဲ့ခြင်းဖြစ်သည်။ သူ၏လက်ထဲမှ အလင်းဓားရှည်ကြီးကိုလည်း အယူခံလိုက်ရပြီး လုံးဝမလှုပ်ရှားနိုင်တော့ပေ။ သူက ရုန်းကန်နေရုံသာ တတ်နိုင်ပြီး မက်ခါကြီး၏ ခြေဖဝါးကိုသာ မြင်နေရတော့သည်။ အခုံး၊ ခြေဖဝါးနှင့် အဆစ်နေရာများကိုလည်း မွမ်းမံထားပြီး အလွန်ကြည့်ရဆိုးသော အဝါရောင်အဖြစ် ပြောင်းသွားသည်ကို မြင်လိုက်ရသည်။


အဝါရောင်ရှူးဖိနပ်စီးထားသည်နှင့်တူသော မက်ခါကြီး၏ တက်နင်းခြင်းခံရ၍ အသက်ရှုရကြပ်နေသည်။


ဆယ်စက္ကန့်အကြာတွင် ဒိုင်လူကြီး၏ နံပါတ်စဉ်ရေတွက်ခြင်း ပြီးဆုံးသွားပြီး ဘီတာကောင်လေး ရှုံးသွားခဲ့သည်။


ယွမ်ရှင်းကျဲက အသုံးဝင်လှသော ဒေတာများရသွားခဲ့၍ အလွန်ပျော်ရွှင်နေသည်။ ပြိုင်ပွဲပြီးဆုံးပြီးသည့်နောက် သူ၏ပြိုင်ဘက်နှင့် ပျော်ရွှင်စွာ လက်ဆွဲနှုတ်ဆက်လိုက်သည်။


ဘီတာကောင်လေးက အလွန်ဝမ်းနည်းနေသော်လည်း ပြိုင်ပွဲတွင် အလွန်စိတ်နစ်သွားခဲ့၍ သူ့ကို မချီးကျူးပဲ မနေနိုင်ဖြစ်နေသည်။

" အဲ့လို ပေါက်ကွဲစွမ်းအားကြီးကို ဖုံးကွယ်ထားမယ် မထင်ခဲ့မိဘူး ... ငါ သတိလက်လွတ်ဖြစ်သွားတယ် ... နောက်တစ်ခါဆို မင်းကို နိုင်စေရမယ် ..."


ယွမ်ရှင်းကျဲ၏ ရုတ်ချည်းအနိုင်ရရှိမှုကြောင့် ပရိသတ်များပင် အံ့အားသင့်ကုန်သည်။


" ဘယ်လိုလုပ် နိုင်သွားတာလဲ ..."


" အလှည့်အပြောင်းကတော့ မိုက်လွန်းတယ် ... အလင်းဓားရှည်နှစ်ချောင်း အပြန်အလှန်တိုက်နေပြီးတော့ မမျှော်လင့်ထားတဲ့ အနိုင်ယူမှုနဲ့ အဆုံးသတ်သွားတာပဲ ..."


" ဒီလို ခက်ခဲတဲ့ လှုပ်ရှားမှုတွေက မက်ခါရဲ့ အလိုအလျောက် တုံ့ပြန်နိုင်စွမ်း အတော်လေးမြင့်ဖို့လိုတယ် ... အယ် ပြီးတော့ သက်ရောက်လိုက်တဲ့အားကြောင့် စိတ်ခွန်အားကိုလည်း ပြိုလဲမသွားအောင် တောင့်ခံထားနိုင်ဖို့လိုသေးတယ် ... အဲ့လိုမျိုးက်ု အိုမီဂါတစ်ယောက်က လုပ်နိုင်ပါ့မလား ..."


" ပထမနှစ်လူတွေ့စစ်ဆေးတာမှာ ပထမနေရာရတဲ့လူ ဖြစ်ထိုက်ပါပေတယ် ... ဒီ ယွမ်ရှင်းကျဲဆိုတဲ့ကောင်လေးက စွမ်းရည်တချို့ရှိနေတာပဲ ..."


" ဟုတ်တယ် ... သူ့မက်ခါက နည်းနည်းကြည့်ရဆိုးပေမယ့် တော်တော်သန်မာတယ် ..."


" အချခံရပြီးတဲ့နောက် အနိုင်ရသွားတယ်ဆိုတော့ လေးစားစရာပဲ ..."


အားလုံးက ယွမ်ရှင်းကျဲ မည်သို့အနိုင်ရသွားသည်ကို ဆွေးနွေးနေကြသည်။ ထိုစဉ် လော့ဝမ်ချွမ်းက ကွင်းထဲမှ ဆယ်ကျော်သက်လေးများကို နက်ရှိုင်းသောမျက်ဝန်းတစ်စုံဖြင့် တိတ်ဆိတ်စွာကြည့်နေသည်။


ယွမ်ရှင်းကျဲက အစပိုင်းတည်းမှ အနိုင်ရနိုင်သော အခွင့်အရေးရှိပြီး သူ၏ပြိုင်ဘက်က ပြန်ထလာနိုင်ချေမရှိတော့ကြောင်း သူသိရှိထားသည်။ ယွမ်ရှင်းကျဲ ပြုလုပ်ခဲ့သည့် လှုပ်ရှားမှုများက ပြိုင်ဘက်ကို ဆော့ကစားရန်သာဖြစ်ပြီး သူနှင့်မဆိုင်သော ထူးဆန်းသည့် အမြင့်တစ်နေရာတွင် ရပ်နေကာ ပြိုင်ဘက်ကို အထင်သေးစွာဖြင့် ငုံ့ကြည့်နေခဲ့သည်။


သူက အခွင့်မသာသေးသည်မဟုတ်ပဲ ပြိုင်ဘက်၏ တုံ့ပြန်မှုခွန်အားကို သိရရန် တမင်တကာအချိန်ဆွဲနေခဲ့ခြင်းဖြစ်သည်။ တခြားအဓိပ္ပါယ်ဖြင့်ပြောရလျှင်  ခဏတာအပျင်းပြေ ဆော့ကစားနေခြင်းဖြစ်သည်။


ယွမ်ရှင်းကျဲက ဖွက်ထားသောမြှားတံများကို ရှောင်ရှားလိုက်ချိန်တွင် ငွေရောင်မက်ခါ၏ အားနည်းချက်ကို သိသွားသည်ကို လော့ဝမ်ချွမ်းမြင်လိုက်သည်။


ယွမ်ရှင်းကျဲက မက်ခါကိုအလွန်အမင်း ကြည့်ရဆိုးအောင် ပြုလုပ်ထားသော်လည်း အနိုင်ရရှိသွားခဲ့ခြင်းကြောင့် သူ၏ မွမ်းမံပြင်ဆင်မှုများက သံသယဝင်စရာမလိုသည်အထိ အောင်မြင်သွားခဲ့ကြောင်း အားလုံးကိုပြသသကဲ့သို့ ဖြစ်သွားသည်။


လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲကိုကြည့်နေစဉ် သူ၏မျက်ဝန်းထဲတွင် ခံစားချက်မျိုးစုံဖြစ်တည်လာသည်။ မည်သူကမျှ သူ၏အတွေးကို မဖတ်နိုင်သော်လည်း ယခုအချိန်တွင် ယွမ်ရှင်းကျဲ၏ ကြည့်ရဆိုးသော မက်ခါကို သူကြည့်နေပုံက ပထမဆုံးအကြိမ်ကလို မအေးစက်တော့ပေ။

25.2


ဂိမ်းပြီးဆုံးပြီးနောက် ထွက်သွားရန်စီစဉ်ထားသည့် ယွမ်ရှင်းကျဲက ပရိသတ်များထံမှ ‌ဆူဆူညံညံအသံများကို ကြားလိုက်ရသည်။


လော့ဝမ်ချွမ်း တိုက််ခိုက်တော့မည်ဖြစ်သည်။


မူလက ယွမ်ရှင်းကျဲမှာ နောက်ထပ်ပြိုင်ပွဲတစ်ပွဲအတွက် ပြင်ဆင်ရန်ပြန်သွားမည်ဖြစ်သည်။ သို့ရာတွင် လူတွေ့စစ်ဆေးချက်မြေပုံပေါ်မှ လော့ဝမ်ချွမ်းပြသခဲ့သည့် ကြောက်မက်ဖွယ်ရလဒ်များကို အမှတ်ရသွားခဲ့သည်။ ထို့ကြောင့် လော့ဝမ်ချွမ်း၏ တိုက်ပွဲဝင်စွမ်းရည်များကို ချက်ချင်းသိချင်သွားသည်။ 


သို့ဖြစ်၍ မက်ခါလေးထောင့်တုံးကို သိမ်းထားလိုက်ပြီး နောက်ထပ်ပြိုင်ပွဲတစ်ခု စတင်ရန် စောင့်ဆိုင်းနေကြသည့် ပရိသတ်အုပ်ကြီးထဲ တိုးဝင်သွားသည်။


လော့ဝမ်ချွမ်းနှင့် သူ၏ပြိုင်ဘက်က စင်မြင့်နောက်တွင် ပြင်ဆင်နေကြပြီး ပတ်ဝန်းကျင်မှ ဆွေးနွေးနေသံများက ယွမ်ရှင်းကျဲ၏ အာရုံစိုက်မှုက်ိုရယူထားကြသည်။


" ငါကြားတာတော့ ဒီနေ့ လော့ဝမ်ချွမ်းရဲ့ပြိုင်ဘက်က အဆင့်Aရှိတဲ့ ဥက္ကာပျံမက်ခါ မောင်းမှာတဲ့ ..."


" ဝိုး တကယ်ကြီးလား ... ငါ အရင်နှစ်က နိုင်ငံတော်အဆင့်ပြိုင်ပွဲကိုတောင် သတိရသွားပြီ ... လော့ဝမ်ချွမ်းရဲ့ အခွင့်မသာခဲ့တဲ့ ပြိုင်ပွဲက ဥက္ကာပျံမက်ခါနဲ့ ပြိုင်ရတုန်းကမလား ..."


"  နိုင်ငံတော်အဆင့်ပြိုင်ပွဲတုန်းက သူ Sအဆင့် ဥက္ကာပျံမက်ခါနဲ့ ရင်ဆိုင်ရတုန်းကဆိုရင် ဘာလို့လဲမသိဘူး  ရုတ်တရက် အာရုံပြန့်သွားပြီး မက်ခါရဲ့ လက်မောင်းမှာတောင် ခြစ်ရာထင်လုနီးပါးဖြစ်သွားသေးတယ် ..."


" ဟုတ်တယ် ... လော့ဝမ်ချွမ်းက အဲ့ပွဲမှာ နိုင်သွားခဲ့ပေမယ့် ... အဲ့တုန်းကပြိုင်ဘက်က သူ့ရဲ့ မက်ခါကို ဒဏ်ရာရအောင်လုပ်နိုင်ခဲ့တဲ့ တစ်ယောက်တည်းသောလူပဲ ..." 


" မောင်းနှင်သူက အိုမီဂါလို့ကြားထားတယ် ... အဲ့ဒီ အကြောင်းပြချက်ကြောင့်များလား ..."


" ငါလည်း သိပ်တော့မရှင်းဘူး ... ‌ဒါပေမဲ့ အဲ့ဒီပွဲက သူ့စိတ်ထဲမှာ အရိပ်မည်းကြီးဖြစ်ခဲ့ပုံပဲ ..."


ဘေးမှလူများ မှတ်ချက်ပြုနေသည်ကိုနားထောင်ပြီး ယွမ်ရှင်းကျဲ မျက်မှောင်ကြုတ်လိုက်သည်။

လော့ဝမ်ချွမ်းရဲ့ အိုမီဂါတွေကိုကြောက်စိတ်က သု့ကိုပြိုင်ပွဲမှာ စိတ်လွင့်သွားစေတာလား ... အဲ့လိုမဖြစ်သင့်ဘူးလေ ဟုတ်တယ်မလား ...


အားလုံးက သူတို့၏ထင်မြင်ချက်များကို ဆွေးနွေးနေစဉ်မှာပင် လော့ဝမ်ချွမ်းက အနက်ရောင်လေ့ကျင့်ရေးဝတ်စုံဝတ်ပြီး စမတ်ကျကျဖြင့် ကွင်းထဲတွင် ပေါ်လာသည်။


သူ၏ပြိုင်ဘက်မှာ သိသိသာသာ စိတ်လှုပ်ရှားနေပုံရသည့် တတိယနှစ်မှ အယ်လ်ဖာတစ်ယောက်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူရင်ဆိုင်ရမည့်လူမှာ ပြိုင်ပွဲစဝင်ချိန်မှစ၍ တစ်ကြိမ်မှ မရှုံးနိမ့်ဖူးသော ပါရမီရှင်အဆင့်တစ်ယောက် ဖြစ်နေသောကြောင့်ဖြစ်သည်။


ဥက္ကာပျံမက်ခါများက အလင်းမက်ခါများထက်ပို၍ လွှမ်းမိုးနိုင်စွမ်းရှိသော်လည်း လော့ဝမ်ချွမ်းမှာ ‌လွှမ်းမိုးခံရမည့်လူအမျိုးအစားထဲတွင် မပါဝင်ပေ။ 


ကွင်းအပြင်မှ တတိယနှစ်ကျောင်းသားများက အယ်လ်ဖာ‌ကောင်လေးကို အားပေးနေကြသည်။


" အီခယ့် မကြောက်နဲ့ ... လော့ဝမ်ချွမ်းက မင်းကိုမနိုင်ပါဘူး ..."


" အလင်းမက်ခါက ဥက္ကာပျံမက်ခါကို နိုင်မယ်တဲ့လား ... သူ့ကို ဆုတ်ဖြဲ‌ပစ်လိုက်စမ်းပါ ..."


" သူ့ကို ဖျက်ဆီးပစ် ဖျက်ဆီးပစ် ..."


ကျောင်းသားတစ်ဝက်ခန့်က ရှိုးပွဲတစ်ခုကို ကြည့်နေသကဲ့သို့ ငြိမ်သက်နေသော်လည်း အခြားတစ်ဝက်မှာမူ သူတို့၏ရေပန်းစားမှုကို အတန်းငယ်ကျောင်းသားတစ်ယောက်က ခိုးယူသွားမည်ကို သဘောမကျကြပေ။ 


ဥက္ကာပျံမက်ခါက စစ်မြေပြင်တွင် အသုံးဝင်လှသည်။ ဖြစ်သည်။ ၎င်း၏ အကြီးမားဆုံး လုပ်ဆောင်ချက်မှာ အခြားမက်ခါများကို ဖျက်ဆီးပစ်နိုင်သည့် လက်နက်များဖြစ်သည်။ ၎င်းက မြန်ဆန်ခက်ထန်၍ ပေါက်ကွဲမှုအားပြင်းသည်။


ထို့အပြင် ဥက္ကာပျံမက်ခါက အလင်းမက်ခါအသေးစားနှင့် တူသည်။ ၎င်းက မည်သည့်ရှု့ထောင့်မှပင်ဖြစ်စေ လူသားခန္ဓာကိုယ်နှင့် သဟဇာတဖြစ်ပြီး ပြိုင်ဘက်ကို ပိုမိုလွယ်ကူစွာ အနိုင်ယူပစ်နိုင်သည်။ သို့ဖြစ်၍ ၎င်းကို 'အလင်းမက်ခါအသေးစား' ဟုလည်း ခေါ်ကြသည်။


ထိုကဲ့သို့သော မက်ခါအမျိုးအစားကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်၍ ယွမ်ရှင်းကျဲ အံ့အားသင့်သွားသည်။ ပြိုင်ဘက်ကို တစ်စစီဖြုတ်ပစ်သည်ကို သူ မအံ့ဩသော်လည်း တစ်စစီဖြုတ်ပစ်ရုံမက ၎င်းတို့၏အစိတ်အပိုင်းကို မိမိခန္ဓာကိုယ်တွင် တပ်ဆင်လိုက်ခြင်းဟူသည့် အရှက်မဲ့သော မက်ခါအမျိုးအစားကို မမြင်ဖူးခဲ့ပေ။ 


အဲ့ဒါကို အရမ်းသဘောကျသွားပြီ ...


ယခုအချိန်တွင် သူက လော့ဝမ်ချွမ်းနှင့် အီခယ့်တို့အကြားမှ တိုက်ပွဲကိုသာ စိတ်ဝင်စားနေသည်။


လော့ဝမ်ချွမ်းက အီခယ့်နှင့် တစ်စက္ကန့်မျှသာ လက်ဆွဲနှုတ်ဆက်လိုက်ပြီး လက်ပြန်ရုတ်ကာ လေသံဖျော့ဖျော့ဖြင့် ပြောလိုက်သည်။

" ကျေးဇူးပြုပြီး သင်ပြပေးပါဦး ..."


ထို့နောက်တစ်ဖက်သို့လှည့်ပြီး မက်ခါဆီသို့ လျှောက်သွားသည်။ သူက အလွန်အရပ်ရှည်ပြီး  ကျောပြင်ကလည်း အေးစက်သည့်အရိပ်အငွေ့မျ ထုတ်လွှတ်နေသည်။


သူ၏အသန့်ကြိုက်သော အကျင့်ကြောင့် သူ့ပြိုင်ဘက်မှာ အနည်းငယ် စိတ်မသက်မသာဖြစ်သွားသည်။ သူ၏တိုက်ခိုက်လိုစိတ်များ ပြင်းထန်လာပြီး အံကြိတ်ကာ ဆဲရေးလိုက်သည်။

" ဟန်ဆောင်မနေနဲ့ ... မင်း အရင်နှစ်က ဥက္ကာပျံမက်ခါကို ရှုံးလုနီးပါးဖြစ်သွားတယ်မလား ..."


လော့ဝမ်ချွမ်းက သူ့ကိုလျစ်လျူရှု့ထားသည်။


ဥက္ကာပျံမက်ခါကို မောင်းနှင်ကြသည့်ကျောင်းသားများက ယှဉ်ပြိုင်လိုစိတ်များသည်။ သူတို့၏ပြိုင်ဘက်မက်ခါများက လက်မောင်း သို့မဟုတ် လက်နက်တစ်ခုခု တစ်စစီအဖြုတ်ခံလိုက်ရသည်ကို ကြည့်ရခြင်းအား သဘောကျနှစ်သက်ကြသည်။


ယခုလက်ရှိအချိန်တွက် အီခယ့်ဟူသော အယ်လ်ဖာကောင်လေးက လော့ဝမ်ချွမ်း၏ အလင်းမက်ခါကို တစ်စစီဖြုတ်ရန် အစီအစဉ်ဆွဲနေပြီး ၎င်း၏ အလင်းဓားရှည်ဖြင့်သာ သူ့ကိုချေမှုန်းပစ်ရန် စဉ်းစားနေသည်။


နှစ်ဖက်လုံး အဆင်သင့်ဖြစ်သောအခါ ပြိုင်ပွဲစတင်သည့် အချက်ပြမှုနှင့်အတူ လေထုအခြေအနေက တင်းမာလာသည်။


အိခယ့်၏ ဥက္ကာပျံမက်ခါက ကျောဘက်မှ ချိန်းကြိုးဓားရှည်ကြီးနှင့် ဧရာမအလင်းဓားရှည်ကြီးကို ထုတ်လိုက်သည်။ ၎င်းတို့နှစ်ခုလုံးက မက်ခါများကို တစ်စစီဖြုတ်ရန်အတွက် ချွန်ထက်သောလက်နက်များဖြစ်သည်။


ဥက္ကာပျံမက်ခါက မက်ခါအသေးစားလေးသာဖြစ်သည်။ သူ၏ရှေ့တွင်ရပ်နေသော မြင့်မားထည်ဝါသည့် အလင်းမက်ခါကြီးက ပြန်တိုက်ခိုက်ရာတွင် အရှိန် အလွန်ထိန်းထားရမည်ဖြစ်သည်။


နောက်တစ်စက္ကန့်တွင် ဥက္ကာပျံမက်ခါက ဂျက်စွမ်းအားကိုဖွင့်လိုက်ပြီး လောက်လေးခွကဲ့သို့ အရှိန်ဖြင့် ပျံထွက်သွားသည်။


၎င်းက သေးငယ်သော ရုပ်ဝတ္ထုဖြစ်သောကြောင့် အရှိန်မြင့်ရာတွင်လည်း အီနားရှား( အရွေ့ဂုဏ်သတ္တိ ) နည်းပါးသဖြင့် အရှိန်က ကြောက်မက်ဖွယ်ရာပင်ဖြစ်သည်။ အလင်းဓားနှင့် ချိန်းကြိုးဓားတို့က မမြင်ရသော ဝိုးတဝါးပုံရိပ်များ ဖြစ်သွားသည်။


ဥက္ကာပျံမက်ခါက အလင်းမက်ခါနှင့် အလွန်နီးလာသေ အခါတွက် အီခယ့်က သူ့လက်ထဲမှ ချိန်းကြိုးဓားကြီးကို ပစ်လိုက်သည်။


ချိန်းကြိုးဓားကို လွှသွားအဖြစ် အသုံးပြုနိုင်သည်။ ၎င်းကိုဆန့်ထုတ်လိုက်သည့်အခါ လွှသွား၏ အဆက်များက အမြန်ပြန့်သွားပြီး အဆစ်များစွာပါသည့် ကြာပွတ်တစ်ခုကဲ့သို့ ဖြစ်သွားပြီး ပြိုင်ဘက်မက်ခါ၏လက်မောင်းကို ဆွဲထားနိုင်သည်။


ကြည့်နေသူအားလုံး၏ မျက်လုံးများပြူးကျယ်ကုန်သည်။ 


" သေစမ်း စလာတည်းက ပြင်းထန်နေပြီဟ ..."


" နေဦး သူက လော့ဝမ်ချွမ်းရဲ့ ဘယ်ဘက်လက်မောင်းကို ချိန်ထားတာ ..."


" လော့ဝမ်ချွမ်း၏မက်ခါ လက်မောင်းပေါ်က ခြစ်ရာတွေက အရင်နှစ်တုန်းက ရခဲ့တာလေ ... အီခယ့်က သူ့ကိုအရှက်ခွဲနေတာလား ..."


" သူ အောင်မြင်သွားတော့မှာလား ..."


အကယ်၍ အီခယ့်က လော့ဝမ်ချွမ်း၏မက်ခါကို ဒဏ်ရာရအောင်လုပ်နိုင်ပါက ရှုံးသွားလျှင်ပင် ဒဏ္ဍာရီတွင်ကျန်ခဲ့တော့မည်ဖြစ်သည်။


xxxxxx