အပိုင်း ၃၀
Viewers 17k

Chapter 30


၎င်းတွင် အနက်ရောင်ကိုယ်ထည်၊ ရွှေရောင်နားရွက် ၊ အစိမ်းရောင်မျက်လုံး ၊ အနီရောင်ခြေလက်လေးချောင်းနှင့် ထည့်တွက်၍ မရသော အမြီးတစ်ချောင်းပါဝင်သည်။


" ရုပ်ဆိုးလိုက်တဲ့ ကင်းထောက်စက်ပါလား ..."


" အလင်းမက်ခါကို ကြည့်ရဆိုးလှပြီထင်နေတာ အဲ့ထက်ပို ကြည့်ရဆိုးတဲ့ဟာ ရှိဦးမယ် မထင်ထားဘူး ..."


" အဲ့ဒါ ဘယ်လိုတိရစ္ဆာန်မျိုးဆိုတာတောင် ပြောလို့မရဘူး ..."


" အလင်းမက်ခါကို ကြယ်နှစ်ထပ်မက်ခါဖြစ်အောင် ပြောင်းဖို့ ဖြစ်နိုင်လို့လား ..."


" အရမ်း စွန့်စားရမှာ ... ကြယ်နှစ်ထပ်မက်ခါက စိတ်စွမ်းအားထိန်းချုပ်မှု မြင့်ဖို့လိုတယ် ..."


လော့ဝမ်ချွမ်း၏အကြည့်က မက်ခါပေါ်တွင်သာ ရောက်နေသည်။ သူ့မျက်ခုံးများတွန့်နေပြီး မျက်ဝန်းထဲတွင်လည်း အံ့ဩတကြီးဖြစ်နေသည့် အရိပ်အမြွက်များ ပေါ်လွင်နေသည်။


ထိုရက်က ယွမ်ရှင်းကျဲနှင့် ကျိုးဖေးရွှယ်တို့ မည်သည့်အကြောင်းပြောနေသည်ကို သူမကြားခဲ့ပေ။ သူက ယွမ်ရှင်းကျဲ၏ ပြုပြင်မွမ်းမံမှု အစီအစဉ်ကိုသာ ခန့်မှန်းနိုင်ခဲ့ပြီး သိချင်စိတ် ဖြစ်ခဲ့မိသည်။


သို့သော်လည်း " ရုပ်ဆိုးသည့်အရာတစ်ခုအပေါ် နောက်ထပ် ရုပ်ဆိုးသည်တစ်ခု ထပ်လိုက်ခြင်း " ဟူသောပုံရိပ်ကို မြင်ရမည်ဟု မထင်ခဲ့မိပေ။ 


တစ်ခုကသေးပြီး တစ်ခုကကြီးသည့် ရုပ်ဆိုးသောမက်ခါနှစ်ခု အတူတူရပ်နေသည့်အခါ ထိုပုံစံမှာ စည်းချက်ကျနလောက်အောင် ရုပ်ဆိုးလွန်းနေသည်။


" ဘုရားရေ ယွမ်ရှင်းကျဲ သူတကယ်ပဲ ..."

ခယ့်လိုင်က မက်ခါနှစ်ခုကို မှင်သက်စွာကြည့်နေမိပြီး အချိန်တစ်ခဏခန့်အထိ စကားတစ်ခွန်းကို အဆုံးထိ မပြောနိုင်ဖြစ်သွားသည်။


" သူ ဘာလို့ အရမ်းထူးဆန်းရတာလဲ ... သူ့ကို အဲ့လိုတွေလုပ်ဖို့ ဘယ်သူကများ မြှောက်ပေးလိုက်တာလဲ ..."


သူ့စကားများကြောင့် လော့ဝမ်ချွမ်းက ကြောင်လေးကို ကယ်ခဲ့သည့်နေ့ကို ရုတ်တရက် အမှတ်ရသွားသည်။ သူ တစ်စုံတစ်ခုကိုပြောချင်ဟန်ဖြင့် နှုတ်ခမ်းပါးများကို ဟလိုက်သော်လည်း မပြောဖြစ်လိုက်ပေ။ 


မြှောက်ပေးလိုက်သည့်လူက သူဖြစ်ကြောင်း ဘယ်သောအခါမျှ ဝန်ခံမည်မဟုတ်ပေ။ 


လုရန်ရှု ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။

" ရှင်းကျဲက အဲ့ဒါကိုကျားလို့ပြောပေမယ့် ငါဘယ်လိုပဲကြည့်ကြည့် အဲ့ဒါက ငါတို့မိသားစု အရင်တုန်းကမွေးဖူးတဲ့ စိတ်မမှန်တဲ့ကြောင်နဲ့ ပိုတူတယ် ... ကြည့်ရတာ ရုပ်ဆိုးရုံမကဘူး သူ့အပြုအမူကလည်း သာမန်ပါပဲ ..."


" သူ ဘာတွေများ တွေးနေပါလိမ့် ..."


အော်ရီရယ်က သူ့နဖူးကိုသူ ရိုက်နေပြီး ရှေ့ကိုတည့်တည့်မကြည့်နိုင်တော့ပေ။ 


" ကြယ်နှစ်ထပ်မက်ခါက မောင်းနှင်သူရဲ့ စိတ်ပိုင်းဆိုင်ရာစွမ်းအားကို နှစ်ခု ခွဲထားဖို့လိုတယ် ... ပြီးတော့ သူက စိတ်ပိုင်းဆိုင်ရာအားနှစ်ဆ လိုတယ်ဆိုတော့ စက်နှိုးဖို့တောင်ခက်တယ် ... သူ့ရဲ့စိတ်ထိန်းချုပ်စွမ်းရည်က အဲ့လောက်သန်မာလို့လား ..."


" ငါ သူ့ကို အစတည်းက အကြံပေးခဲ့ပါတယ် ..."

‌လုရန်ရှုက ယွမ်ရှင်းကျဲ၏ ကြယ်နှစ်ထပ်မက်ခါကိုကြည့်ကာ ဖြည်းညင်းစွာပြောလိုက်သည်။


" ဒါပေမဲ့ သူက မက်ခါကို နှစ်ရက်အတွင်း အောင်အောင်မြင်မြင် ပြန်ပြင်နိုင်ခဲ့တာဆိုတော့ ဆန်းကြယ်မှုကြီးလို့ပဲ ပြောရမှာ ... အဲ့တော့ သူ့ကိုပဲ ထပ်ယုံလိုက်ရအောင် ..."


ထိုစကားကိုကြားပြီးသည့်နောက် အော်ရီရယ်က သု့အကြည့်များကို ကွင်းလယ်သို့ ရွှေ့လိုက်သည်။ မက်ခါနှစ်ခုက ကြည့်ရဆိုးသော်လည်း ၎င်းက စံနှုန်းပြည့်မီသည့် ကြယ်နှစ်ထပ်မက်ခါဖြစ်သည်။ ယွမ်ရှင်းကျဲ၏ ပြန်လည်မွမ်းမံခြင်းစွမ်းရည်က အားလုံးမျှော်မှန်းထားသည်ထက် ကျော်လွန်နေခဲ့သည်။


" သူ့ဘာသူ ပြန်ပြင်ထားတာတဲ့လား ..."

ချီယု၏ မျက်လုံးများပြူးကျယ်လာပြီ မတ်တပ်ထရပ်မတတ်ပင် ဖြစ်သွားသည်။


" ယွမ်ရှင်းကျဲက  မက်ခါတွေပြင်တတ်အောင် ဘယ်တုန်းက သင်လိုက်တာလဲ ... ဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူး ... ငါ သူ့ကို သိလာတာကြာပြီ သူက မက်ခါ ဘာလဲဆိုတာတောင်  နားလည်ရုံလေးလေ ..."


စုကျီနန်လည်း မျက်မှောင်မကြုတ်ပဲ မနေနိုင်တော့ပေ။ 


" သီအိုရီအရဆိုရင် ဘယ်မက်ခါကိုမဆို ကြယ်နှစ်ထပ်မက်ခါအဖြစ် ပြောင်းလို့ရတယ် ... သူ့မှာ စိတ်ပိုင်းဆိုင်ရာ ပါဝါသုံးကိရိယာနဲ့ အချက်ပြထုတ်လွှင့်မှု တပ်ဆင်ထားသရွေ့ စိတ်ပိုင်းဆိုင်ရာစွမ်းအားကို သုံးပြီးမက်ခါနှစ်ခုကို တစ်ချိန်တည်း ထိန်းချုပ်နိုင်တယ် ... ဒါပေမယ့် အခက်ခဲဆုံးအရာက ပြန်လည်ပြင်ဆင်ပြီးတဲ့ နောက်ပိုင်းပဲ ..."


ယွမ်ရှင်းကျဲက ဒီလိုမျိုး မဆင်မခြင်မွမ်းမံလိုက်ရုံနဲ့ ဖျက်ဆီးခံရမယ့်ဘေးက လွတ်မယ်လို့ မျှော်လင့်နေတာလား ... သူသာ ကြယ်နှစ်ထပ်မက်ခါကို သေချာမမောင်းနိုင်ရင် ပိုပြီးဆိုးဆိုးရွားရွားဖြစ်အောင် ဖျက်ဆီးခံရမှာလေ ...

 

ထိုအကြောင်းကိုကြားသည့်အခါ ချီယုက ယွမ်ရှင်းကျဲကို ပူပန်စွာကြည့်လိုက်သည်။


ကြယ်တံခွန်မက်ခါကို တိုက်ခိုက်ရာတွင် အလင်းမက်ခါထက် ကြယ်နှစ်ထပ်မက်ခါက ပိုကောင်းသော်လည်း စက်နှိုးရန်ပင် ခက်ခဲလွန်းသည်။ ၎င်းက တစ်ချိန်တည်းတွင် လက်နှစ်ဖက်ကိုသုံးပြီး မတူညီသောစာလုံးနှစ်လုံးကို ရေးရသည်နှင့် တူညီလုနီးပါးဖြစ်သည်။


ယွမ်ရှင်းကျဲ၏ လှုပ်ရှားမှုက အမှန်ပင် စွန့်စားရာကျလွန်းသည်။


ကာလက်သည်ပင် မက်ခါကို မြင်ပြီးနောက် အံ့အားသင့်သွားသည့် အမူအယာမျိုး ပြသလာသည်။


ထို့နောက် မျက်မှောင်ကြုတ်ပြီး စိတ်အနှောင့်အယှက်ဖြစ်သွားပုံဖြင့် ယွမ်ရှင်းကျဲကို မေးလိုက်သည်။


" မင်းက ငါ့ကိုအထင်သေးတာလား ... မင်း ကြယ်နှစ်ထပ်မက်ခါပုံ ပြောင်းလိုက်တာကို ငါဂရုမစိုက်ပေမယ့် အဲ့လောက်အရည်အသွေးနိမ့်တဲ့ ကြောင်ကို ဘာလို့ ခေါ်လာတာလဲ ... အဲ့ဒါအရုပ်လား ..."


" မဟုတ်ပါဘူး ဒါက ကျားပေါက်လေးပါ ..."


ယွမ်ရှင်းကျဲက အလေးအနက်ပြန်ဖြေလိုက်သည်။


" ကျားပေါက်တဲ့လား ... ဒါက မသန်စွမ်းဖြစ်နေ‌တဲ့ကြောင်ဆိုတာ သိသာနေတာကြီးကို ... ရုပ်ကလည်းဆိုးသေး အမြီးလည်းမပါဘူး ... ဘာများ အသုံးဝင်မှာမို့လဲ ..."


ကာလက်က ကင်းထောက်မက်ခါလေးကို ရွံရှာစက်ဆုပ်ဟန်ဖြင့် ကြည့်လိုက်သည်။ 


သားရဲပုံစံမက်ခါ၏အမြီးက အလွန်အရေးကြီးသော တိုက်ခိုက်ရေးကိရိယာဖြစ်သည်။ ယခုအခါ ၎င်းတွင် အမြီးမရှိတော့၍ အရည်အသွေးနိမ့်သွားသည်ဟု တွေးလိုက်မိသည်။

30.2


" ကြောင်လို့ပြောတော့လည်း ကြောင်ပဲပေါ့လေ ... ဒါပေမဲ့ ခဏနေလို့ သူက ဆိုးရွားတာတစ်ခုခုလုပ်မိရင်တော့ စိတ်မဆိုးပါနဲ့ ..."


ကာလက် မျက်မှောင်ကြုတ်လိုက်သည်။


" မသန်စွမ်း ကြောင်စက်ရုပ်ကများ ဘယ်လိုဆိုးရွားတာတွေ လုပ်နိုင်မှာမို့လဲ ..."


စက်ရုပ်သားရဲလေး၏ ရန်မလိုသော အသွင်အပြင်ကြောင့် ကာလက်က ၎င်းကို ခြေထောက်နှင့် တက်နင်းချလိုက်ရန် ဆုံးဖြတ်လိုက်သည်။


[ ကွင်းနံပါတ်Cက ဒုတိယပွဲစဉ်တွေရဲ့ လေးပွဲမြောက်ပြိုင်ပွဲ စတင်ပါမယ် ...]


သူတို့နှစ်ယောက်လုံး မက်ခါထဲသို့ တစ်ချိန်တည်းဝင်သွားကြသည်။


ကြယ်တံခွန်မက်ခါကို စက်နှိုးလိုက်သည်နှင့် သတ်ဖြတ်မှုရောင်ဝါကို ယူဆောင်လာသည့် ဟိန်းသံကြီး ထွက်ပေါ်လာသည်။ ကတ္တီပါနီရောင်လက်နက်များက ပို၍ ထိတ်လန့်စရာကောင်းလာပြီး ယွမ်ရှင်းကျဲ၏ မက်ခါက နောက်တစ်စက္ကန့်တွင် ၈ပိုင်းကွဲသွားတော့မည်ဟုပင် ထင်ရသည်။


ယွမ်ရှင်းကျဲ၏ ကြယ်နှစ်ထပ်မက်ခါကို စက်နှိုးလိုက်ချိန်တွင် ကင်းထောက်မက်ခါလေး၏ မျက်လုံးများလည်း အရောင်လက်သွားသည်။ ခဏတွင်းချင်းတွင် ၎င်းက မတိုက်ခိုက်နိုင်သည့် အရုပ်လေးအဖြစ်မှ ရက်စက်ကြမ်းကြုတ်သည့် သားရဲပုံစံအဖြစ် အနည်းငယ်ပြောင်းလဲသွားသည်။


သို့ရာတွင် ပြင်ဆင်မွမ်းမံမှုက ပစ္စည်းအကန့်အသတ်များရှိ၍ မက်ခါက ကျားအစစ်ကဲ့သို့ မပြောင်းလဲနိုင်ပေ။ ၎င်းက ကြောင်တစ်ကောင်နှင့်သာ တူနေသည်။


ယွမ်ရှင်းကျဲက အလင်းမက်ခါကို ဤသို့မွမ်းမံရန် ဆုံးဖြတ်လိုက်ရခြင်းမှာ အလင်းမက်ခါတွင် မည်သည့်နည်းဗျူဟာမှ မရှိသည်ကို သိသောကြောင့်ဖြစ်သည်။ ၎င်းက မောင်းနှင်သူ၏စွမ်းရည်ပေါ်တွင်သာ အလုံးစုံမှီခိုရပြီး ပြိုင်ပွဲကို ကြာရှည်စွာ အချိန်မဆွဲထားနိုင်ပေ။ 


မှောင်ခိုဈေးကွက်သူဌေးက ကင်းထောက်စက်ကို သူ့အား အကြောင်းမဲ့ပေးခဲ့ခြင်း မဟုတ်ပေ။ 


ပြန်လည်မွမ်းမံသည့် လုပ်ငန်းစဉ်အတွင်း လုရန်ရှုက ဘေးမှနေ၍ ကြယ်နှစ်ထပ်မက်ခါက လူသစ်များနှင့် အကျွမ်းဝင်မှုမရှိပဲ စက်နှိုးပြီးသည့်နောက်တွင် လက်လျှော့လိုက်ရန်သာ စောင့်ဆိုင်းနေရမည်ဟု သူ့ကို ဖျောင်းဖျပြောဆိုခဲ့သည်။


သို့ရာတွင် ယွမ်ရှင်းကျဲက ခိုင်မာစွာပြောလိုက်သည်။


" ငါ့ရဲ့ အလင်းမက်ခါကို လက်ချောင်းလေးတစ်ချောင်းတောင်မှ ကာလက်က ဖြုတ်သွားမှာ မဖြစ်စေချင်ဘူး ..."


ပြောပြီးသည့်နောက်တွင် ဆက်လက်ပြင်ဆင်နေသည်။


ယွမ်ရှင်းကျဲ၏ အရှုံးမပေးသောစိတ်ဓာတ်ကြောင့် လုရန်ရှု့မှာ စိတ်လှုပ်ရှားပြီး မျက်ရည်ပင်ဝဲလာသည်။


" ရှင်းကျဲ ... မင်းဘာလို့ အရမ်းပြောင်းလဲသွားရတာလဲ ..."


ယွမ်ရှင်းကျဲ၏ စိတ်ထဲတွင် ဆင်းရဲမွဲတေမှုကြောင့်ဟုသာ ဖြေလိုက်မိသည်။


စိတ်စွမ်းအား ခွဲခြမ်းခြင်းနှင့် သင်္ကေတထုတ်လွှင့်စက်က ဈေးမကြီးပေ ၎င်းတို့နှစ်မျိုးပေါင်းမှ တစ်သောင်းသာကုန်သည့်အတွက် ယွမ်ရှင်းကျဲ၏ နောက်ဆုံးလက်ကျန်ငွေနှင့် လုံလောက်သွားသည်။ နောက်ဆုံးတွင် အချိန်တစ်ညတည်းဖြင့် ကြယ်နှစ်ထပ်မက်ခါကို ပြုလုပ်ခဲ့သည်။


၎င်း၏နာမည်အတိုင်းပင် ကြယ်နှစ်ထပ်မက်ခါတွင် ကြယ်နှစ်ထပ်စနစ်ကဲ့သို့ မက်ခါနှစ်ခုပါဝင်သည်။ ယျေဘုယျအားဖြင့် ပြောရမည်ဆိုလျှင် ပင်မ မက်ခါမှာ အသေးစားမှ အလတ်စား ထိုးစစ်မက်ခါဖြစ်ပြီး ဒုတိယမက်ခါက ထောက်လှမ်းခြင်းအတွက် တာဝန်ရှိသည်။


စစ်မြေပြင်တွင် ကြယ်နှစ်ထပ်မက်ခါက ရှေ့တန်းကင်းထောက်အဖြစ် ဆောင်ရွက်ရပြီး ရှုပ်ထွေးသောမြေပြင်တွင် ပုန်းအောင်းကာ ထောက်လှမ်းစောင့်ကြည့်ရန်နှင့် ဝင်ရောက်စွက်ဖက်ရန်အတွက် ကင်းထောက်မက်ခါများကို စေလွှတ်လေ့ရှိသည်။ ၎င်းက မက်ခါအသစ်များ၏ ဆန်းသစ်တီထွင်မှုတွင် ထင်ရှားခဲ့သော အရေးကြီးသော မက်ခါများထဲမှ တစ်ခုဖြစ်ပြီး မကြာသေးမီနှစ်များက စတင်ထည့်သွင်းအသုံးပြုခဲ့သည်။


မောင်းနှင်သူ၏ သူ၏စိတ်ပိုင်းဆိုင်ရာစွမ်းအားကို စိတ်ပိုင်းဆိုင်ရာပါဝါ ခွဲခြမ်းမှုမှတစ်ဆင့် နှစ်ပိုင်းခွဲလိုက်ရသည်။ အများစုမှာ ပင်မမက်ခါကို ထိန်းချုပ်ရန်နှင့် အခြားသေးငယ်သောအပိုင်းက ‌သင်္ကေတထုတ်လွှင့်မှုမှတစ်ဆင့် ကင်းထောက်မက်ခါကို ထိန်းချုပ်ရန်ဖြစ်သည်။


ဤလုပ်ဆောင်ချက်နည်းလမ်းက မက်ခါ‌ ခြောက်ခုတွင် အထူးခြားဆုံးနှင့် အခက်ခဲဆုံးဖြစ်သည်။


သို့ဖြစ်၍ ကြယ်နှစ်ထပ်မက်ခါများ၏ ကင်းထောက်မက်ခါမျာမှာ ပြည့်ဝစွာဖြင့် အလိုလျောက် လှုပ်ရှားတတ်ကြသည်။ ထိန်းချုပ်သူက တိုက်ခိုက်ရန်၊ ခုခံရန် သို့မဟုတ် ဆုတ်ခွာရန် အချက်ပြမှုများပေးရန် စိတ်ပိုင်းဆိုင်ရာစွမ်းအားကို အသုံးပြုနေသရွေ့ ၎င်းသည် သတ်မှတ်ထားသော ပစ်မှတ်ကို အလိုအလျောက် တိုက်ခိုက်မည်ဖြစ်သည်။


၎င်းက အိမ်မွေးတိရစ္ဆာနှင့်အတူ တိုက်ခိုက်သောသခင်နှင့် အလားသဏ္ဍာန်တူသည်။ သို့ဖြစ်၍ ကြယ်နှစ်ထပ်မက်ခါကို လမ်းလျှောက်နေသော ခွေးမက်ခါ သို့မဟုတ် သခင်နှင့်အစေခံမက်ခါဟု ခေါ်သည်။


သို့သော် အလိုအလျောက်စနစ်က ကြယ်နှစ်ထပ်မက်ခါ၏ အပေါ်ပိုင်းကန့်သတ်ချက်ကို အလွန်မမြင့်သွားစေပေ။  ယမန်နှစ်က နိုင်ငံတော်အဆင့်ပြိုင်ပွဲတွင် ကြယ်နှစ်ထပ်မက်ခါ အသုံးပြုသူအရေအတွက်က  တတိယအများဆုံးဖြစ်ခဲ့သော်လည်း ထိပ်တန်းမောင်းနှင်သူဆယ်ယောက်တွင် ကြယ်နှစ်ထပ်မက်ခါမရှိပေ။ 


ကံကောင်းသည်မှာ ကြယ်နှစ်ထပ်မက်ခါ၏ ကြယ်တံခွန်မက်ခါအပေါ် နှောင့်ယှက်နိုင်စွမ်းက အတော်လေးသန်မာသည်။ ကွင်းထဲတွင် ကာလက်၏ကြယ်တံခွန်မက်ခါက စက်ရုပ်သားရဲကြောင့် အနှောင့်အယှက်ဖြစ်နေသရွေ့ ယွမ်ရှင်းကျဲတွင် ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးရှိသည်။


သို့သော်လည်း ယွမ်ရှင်းကျဲ၏ ရည်ရွယ်ချက်များက ထိုထက်ပိုသည်။


xxxxx