အပိုင်း ၃၁
Viewers 17k

Chapter 31


သူက အလိုအလျောက်တုံ့ပြန်နိုင်စွမ်းအပြည့်ရှိသော သားရဲစက်ရုပ်ကို မထိန်းချုပ်ချင်သော်လည်း ၎င်း၏လှုပ်ရှားမှုအားလုံးက်ု စိတ်ပိုင်းဆိုင်ရာစွမ်းအားဖြင့် ထိန်းချုပ်ရန် ကြိုးစားနေသည်။


စိတ်ပိုင်းဆိုင်ရာစွမ်းအား ထိန်းချုပ်ရေးအခန်း ၊ စက်အတုလေ့ကျင့်ရေးခန်းနှင့် ကြယ်မက်ခါတို့ထံတွင် စမ်းသပ်ပြီးသည့်နောက် သူ၏စိတ်ပိုင်းဆိုင်ရာစွမ်းအားက သားရဲစက်ရုပ်ကို ၁၀၀%ခန့် မထိန်းချုပ်နိုင်သော်လည်း အနည်းဆုံး ၈၀%အထိ ထိန်းချုပ်နိုင်ခဲ့သည်။


ကွင်းထဲတွင် ကာလက်က ယွမ်ရှင်းကျဲကို စက်ဝိုင်းပုံစံလှည့်ပတ်နေပြီး ကတ္တီပါနီရောင်ချိန်းကြိုးဓားနှစ်ခုကို ရုတ်တရက် ပစ်လွှတ်လိုက်သည်။ ချိန်းကြိုးဓားနှစ်ချောင်းက သွေးစွန်းနေသောဓားနှစ်ချောင်းနှင့်ပင် တူနေသည်။


မက်ခါ၏ အရှိန်မြင့်လာသောစက်ကို နှိုးလိုက်ပြီးသည့်နောက် သူက ယွမ်ရှင်းကျဲကို တိကျပြတ်သားစွာ တိုက်ခိုက်တော့သည်။


ပရိသတ်များအားလုံး။အသက်အောင့်ထားမိကြသည်။


ယွမ်ရှင်းကျဲ၏မက်ခါနှစ်ခုက တစ်ခုနှင့်တစ်ခု ကပ်မနေတော့‌ပဲ သီးခြားစီဖြစ်သွားသည်။ 'ကြောင်ရုပ်ကလေး' က စတင်လှုပ်ရှားလာသည့်အခါ သားရဲဘုရင်တစ်ကောင်၏ အလျင်ကို သယ်ဆောင်လာပြီး ၎င်း၏အရှိန်က ကြယ်ပွင့်သားရဲအစစ်၏ အရှိန်နီးပါးဖြစ်လာသည်။


ကာလက်က စိတ်အာရုံပျံ့လွင့်မနေပေ။ သူ၏ ရည်ရွယ်ချက်က အလွန်ရှင်းလင်းပြီး ပင်မမက်ခါဆီသို့သာ တည့်တည့်သွားနေသည်။


ကာလက်က ချိန်းကြိုးဓားနှစ်ချောင်းကို ပစ်တော့မည့်အချိန်တွင် အားတစ်ခုက ရုတ်တရက် သူ၏ခြေထောက်များကို ရစ်ပတ်လာသည်။


ထိုရုပ်ဆိုးသောကြောင်မက်ခါတွင်လည်း ချိန်းကြိုးဓားနှစ်ချောင်းပါဝင်သည်။ မည်သည့်အချိန်ကမှန်း မသိသော်လည်း ၎င်းက ကာလက်၏ကျောဘက်သို့ရောက်လာကာ သူ့ကိုစတင်တိုက်ခိုက်ပြီး အရှက်ခွဲတော့သည်။


ထိုမြင်ကွင်းကြောင့် ပရိသတ်များ ဆူဆူညံညံဖြင့် ဆွေးနွေးကုန်ကြသည်။ သားရဲစက်ရုပ်လေးက ထိုမျှအင်အားကြီးသည့် လှုပ်ရှားမှုတစ်ခုကို ပြုလုပ်လိုက်မည်ဟု မမျှော်လင့်ထားကြပေ။ 


" ထလာပြီလား ... ကြောင်စက်ရုပ်က ထလာပြီ ..."


" အဲဒီ‌ကင်းထောက်စက်ရုပ်က အလိုအလျောက်တုံ့ပြန်နိုင်စွမ်းအား အတော်မြင့်တာပဲ ချိန်းကြိုးဓားနှစ်ချောင်းကိုတောင် သုံးလို့ရနေပြီတဲ့လား ..."


" ချီးပဲ ဘာလို့ အရမ်းမြန်ရတာလဲ ... ကာလက်ရဲ့ခြေထောက်ကို ပတ်လိုက်တာတောင် ငါမမြင်လိုက်ဘူး ..."


" ဒါပေမဲ့ အဲ့ဒီချိန်းကြိုးဓားတွေက အသေးစား‌ဗားရှင်းဆိုတာ သိသာပါတယ် ... အရှည်လည်းမတူဘူး ... သူက အရည်အသွေးပိုနိမ့်တော့ ခြေထောက်ကို ပတ်ထားရာ‌ကနေ မကြာခင်လွတ်သွားမှာပဲ ..."


ပရိသတ်များ၏ အမြင်တွင် သားရဲစက်ရုပ်က လျင်မြန်ပြီး လှုပ်ရှားမှုများက ကွေးကောက်လွယ်နိုင်သော်လည်း ၎င်း၏ အစိတ်အပိုင်းများဖွဲ့စည်းထားပုံက အစစ်နှင့် နှိုင်းယှဉ်၍မရပေ။


ကြယ်တံခွန်မက်ခါက သေးငယ်သော်လည်း အလွန်စွမ်းအားကြီးသည်။ ၎င်းက တစ်ဖက်သို့လျင်မြန်စွာလှည့်လိုက်ပြီး ချိန်းကြိုးဓားနှစ်ချောင်းကို ဖျက်ပစ်ရန် ကြိုးပမ်းတော့သည်။


သို့ရာတွင် ကာလက် မမျှော်လင့်ထားသည် ရုပ်ဆိုးသောကြောင်မှာ ချိန်းကြိုးဓားနှစ်ချောင်းကို ပြန်လျှော့ပြီး သူ့ကိုဖမ်းမိစေလိုက်သည်။


ကာလက်က ဆော့ကစားခံနေရသည်ဟု ထင်လာ၍ စိတ်ထဲတွင် ဒေါသဖြစ်လာသည်။ သူ့ခြေထောက်ကိုမြှောက်ကာ သားရဲစက်ရုပ်ကို တိုက်ရိုက်ကန်ပစ်ချင်လာသည်။


ထိုမြင်ကွင်းကြောင့် ပရိတ်သံက အံ့ဩတကြီးဖြင့် အော်ဟစ်ကုန်ကြသည်။


" ကာလက် ဒုက္ခရောက်နေပြီထင်တယ် ..."


" ဒါက အလစ်တိုက်ခိုက်တာပဲ ..."


ကြယ်တံခွန်မက်ခါ၏ခြေထောက်က သားရဲစက်ရုပ်ကို မထိမီမှာပင် သူ့ကို အနောက်ဘက်မှ ရုတ်တရက် တိုက်ခိုက်ခြင်းခံလိုက်ရသည်။


မက်ခါ၏ နာကျင်မှုက အာရုံကြောများကိုပျံ့သွားချိန်တွင် များစွာလျော့ပါးသွားသော်လည်း ကာလက်မှာ နာကျင်မှုကို ခံစားရဆဲဖြစ်သည်။ တစ်ဖက်သို့လှည့်ကြည့်လိုက်သောအခါ သူ၏သံချပ်ကာကို ယွမ်ရှင်းကျဲက တိုက်ခိုက်နေသည်ကို မြင်လိုက်ရသည်။


သူက တုံ့ဆိုင်းခြင်းမရှိပဲ ပြိုင်ဘက်ထံသို့ ချိန်းကြိုးဓားရှည်ကို ပစ်လွှတ်လိုက်သည်။


ချိန်းကြိုးဓားများက ယွမ်ရှင်းကျဲ၏မက်ခါကို ရစ်ပတ်တော့မည့်အချိန်တွင် သူက ထူးဆန်းသော ထောင့်တစ်နေရာမှ ရှောင်လိုက်ပြီး ဆွဲအားမဲ့ခလုတ်ကိုနှိပ်ကာ ခုန်လိုက်သည်။ ခုန်နေစဉ် ချိန်းကြိုးဓားကို အလင်းဓားရှည်ဖြင့် တားမြစ်လိုက်သည်။


သူ၏လက်ထဲသို့ ရောက်လာသော အားပြင်းသည့် တုန်ခါမှုများကြောင့် ကာလက် အနည်းငယ် လန့်သွားမိသည်။ ထို အိုမီဂါကောင်လေးကို ဤမျှအစွမ်းရှိမည်ဟု မထင်ထားခဲ့ပေ။ 


သို့ရာတွင် ထိုသို့ဖြစ်ခြင်းကလည်း ၎င်း၏တိုက်ခိုက်ချင်စိတ်ကို လှုံ့ဆော်ပေးသကဲ့သို့ ဖြစ်သွားသည်။ သူ၏ ချိန်းကြိုးဓားကို ပြန်ဆွဲလိုက်ကာ တစ်ချက်ခုန်လိုက်ပြီး ယွမ်ရှင်းကျဲကို နောက်တစ်ကြိမ် တိုက်ခိုက်ပြန်သည်။


နောက်ထပ်လှုပ်ရှားမှုတစ်ချက်ဖြင့် ပြိုင်ဘက်ကို ဆွဲဖြဲပစ်မည်ဟု ကြုံးဝါးလိုက်သည်။


ပရိသတ်များ ဆူညံပွက်လောရိုက်ကုန်ကြပြန်သည်။


" သားရဲစက်ရုပ်လေးက ကာလက်ရဲ့ကျောဘက်ကို တိုက်တော့မယ်ဟ ..."


" ဝိုး ... အဲ့ဒီကြောင်က ပိုင်ရှင်ရဲ့ အပြုအမူကို အတုခိုးတတ်တာလား ..."


" မင်း မှားနေပြီ ... မက်ခါနှစ်ခုလုံးကို သူတို့ပဲ ထိန်းချုပ်နေတာလေ ..."


" မဟုတ်သေးပါဘူး ကင်းထောက်မက်ခါလေးက အလိုအလျောက်စွမ်းအားအပြည့်နဲ့ လုပ်နေတာ မဟုတ်ဘူးလား ..."


" ငါလည်း ကြယ်နှစ်ထပ်မက်ခါ ‌မောင်းတဲ့သူပဲ ... အဲ့လို ချောင်းပြီးတိုက်လို့ရတဲ့ အမိန့်မျိုး မရှိပါဘူး ..."


နောက်တစ်စက္ကန့်တွင် ကြယ်တံခွန်မက်ခါ၏ကျောဘက်ကို သားရဲစက်ရုပ်က လက်သည်းဖြင့် နှစ်ချက် ကုတ်ဆွဲလိုက်သည်။ ထို့နောက် အလင်းဓားရှည်ငယ်လေးကို ထုတ်လိုက်ပြီး မက်ခါ၏ကျောရိုးနေရာကို ထိုးစိုက်လိုက်သည်။


ကာလက်က အရှက်ခွဲခံနေရဟည်ဟု ထင်မိလာပြီး ဒေါသတကြီးဖြင့် ရုပ်ဆိုးသောကြောင်ဘက်သို့ လှည့်လာသည်။ 


သို့ရာတွင် သူတစ်ဖက်သို့ လှည့်လိုက်ချိန်မှာပင် အေးစက်မှုတစ်ခုကို ခံစားလိုက်ရသည်။ သူ ထင်ထားသည့် အတိုင်းပင် ယွမ်ရှင်းကျဲက သူ့ကို နောက်တစ်ကြိမ်တိုက်ခိုက်ပြန်သည်။


ကာလက်က သားရဲစက်ရုပ်ဖြင့် ရင်ဆိုင်ရန် ကြိုးစားသည့်အချိန်တိုင်း ယွမ်ရှင်းကျဲက သူ၏ကျောဘက်ကို လာရောက်တိုက်ခိုက်သည်။


ကာလက်က ယွမ်ရှင်းကျဲကို တိုက်ခိုက်ချင်သည့် အချိန်တွင်လည်း သားရဲစက်ရုပ်က သူ့ဆီသို့ပြေးလာကာ ဓားဖြင့်ထိုးသည်။


ဤကဲ့သို့ဖြစ်စဉ်မျိုး ထပ်ခါထပ်ခါ ဖြစ်ပေါ်နေသည့်အတွက် ကာလက်၏ ဒေါသ ပေါက်ကွဲထွက်လာသည်။ သူ မနေနိုင်တော့ပဲ  PAစနစ်ကိုဖွင့်ကာ ပရိသတ်အားလုံး ကြားနိုင်လောက်မည့်အသံဖြင့် အော်ဟစ်လိုက်သည်။


" ဒီ ယီးလိုဟာတွေကဘာလဲ ... ပြီးကို မပြီးနိုင်တော့ဘူး ..."


( T/N - အရှေ့မှာပြောဖို့ ကျန်ခဲ့လို့ပါ PAစနစ် (သို့) Public Address Systemဆိုတာက သတ်မှတ်ထားတဲ့ ဧရိယာတစ်လျှောက် ထုတ်လွှင့်လို့ရတဲ့ အသံတွေကို စုစည်းလိုက်တာပါ ၊ ရှင်းအောင် ပြောရရင်တော့ မက်ခါထဲကနေ စပီကာဖွင့်ပြီး အကုန်ကြားရအောင် အော်လိုက်တဲ့ သဘောမျိုးပါပဲ ...)


ဒိုင်လူကြီးက စပီကာကို လျင်မြန်စွာကိုင်လိုက်သည်။


" အဝါကတ် သတိပေးချက်တစ်ကြိမ် ... ပြိုင်ပွဲဝင်ကာလက်ပြိုင်ပွဲအတွင်း ယဉ်ကျေးစွာပြုမူပေးပါ ..."


ပရိသတ်အားလုံးက ထိုမြင်ကွင်းကို စိတ်ဝင်တစားဖြစ်နေသည်။ ကြောက်စရာကောင်းသည့် ကာလက်ကို ပထမနှစ်အိုမီဂါလေးက ‌ဆော့ကစားနေမည်ဟု မထင်ခဲ့မိကြပေ။ 


မောင်းနှင်သူ စက်ခမ်းထဲတွင် ကာလက်ချွေးထွက်နေသည့် မြင်ကွင်းကို ရှားရှားပါးပါး တွေ့နိုင်သည်။

31.2


ပြိုင်ပွဲစတင်သည်မှာ ငါးမိနစ်ခန့်ရှိပြီဖြစ်သော်လည်း သူက ယွမ်ရှင်းကျဲ၏မက်ခါကို တစ်စစီလုပ်နိုင်ရန် မပြောနှင့် သူ့ကို ထိ၍ပင် မရသေးချေ။


သို့သော်လည်း အဆုံးတွင်မူ သူက ပြိုင်ပွဲမျိုးစုံတွင်ပါဝင်ခဲ့ဖူးသူဖြစ်၍ အသက်ပြင်းပြင်းရှုပြီး စိတ်တည်ငြိမ်အောင် နေလိုက်သည်။


လက်ရှိအချိန်တွင် ယွမ်ရှင်းကျဲ၏စွမ်းရည်က သူမျှော်မှန်းထားသည်ထက် သာလွန်နေသည်။ ‌ရုပ်ဆိုးသောကြောင်၏ ခန္ဓာကိုယ်ပျော့ပျောင်းမှုက သာမန်အလိုအလျောက် ကင်းထောက်မက်ခါများနှင့် လုံးဝမတူညီပေ။ 


ထိုသို့ဖြစ်နေရသည့် တစ်ခုတည်းသောအကြောင်းမှာ ယွမ်ရှင်းကျဲ၏ စိတ်ပိုင်းဆိုင်ရာစွမ်းအားထိန်းချုပ်မှုစွမ်းရည်က အလွန့်အလွန်သန်မာ၍ တစ်ချိန်တည်းတွင် ပင်မမက်ခါနဲ့ သားရဲစက်ရုပ်တို့၏ လှုပ်ရှားမှုကို ထိန်းချုပ်နိုင်ခြင်းဖြစ်သည်။


ကာလက်၏ ရင်ထဲတွင် နစ်မွန်းလာသည်။


သူက ပြိုင်ပွဲတိုင်းကို အထင်မသေးရဲသူဖြစ်၍ ပြိုင်ပွဲမတိုင်မီ ကြိုးကြိုးစားစားလေ့ကျင့်ခဲ့သည်။


ယွမ်ရှင်းကျဲ၏ လုပ်ဆောင်ချက်များက သူခန့်မှန်းထားသည်ထက် ကျော်လွန်နေခဲ့သည်။


ကြယ်တံခွန်မက်ခါ၏နောက်မှ ကပ်တွယ်ထား‌‌သောအကာအရံက ‌အလစ်တိုက်ခိုက်မှုများမှ ကာကွယ်ရန်ဖြစ်သည်။ ၎င်းက မက်ခါနှစ်ခုနှင့် တစ်ချိန်တည်းတိုက်ခိုက်နေရသည်မှာ အတန်ငယ်ကြာမြင့်သွားပြီဖြစ်၍ သားကောင်ကိုတစ်ချက်တည်းသတ်ပစ်နိုက်ရန် နည်းလမ်းရှာနေသော မုဆိုးနှင့်တူလာသည်။


လေထုအခြေအနေက တင်းမာလာပြန်သည်။


" ယွမ်ရှင်းကျဲက ကာလက်ကို ဒီအခြေအနေထိရောက်အောင် တွန်းပို့ထားတာပဲ ... သူက ကြယ်နှစ်ထပ်မက်ခါအဆင့်ထိ မွမ်းမံထားရုံမကဘူး သူ့ကိုလည်း ကောင်းကောင်းမောင်းတတ်တယ်ပေါ့လေ ..."


ခယ့်လိုင်က ကွင်းထဲကို တအံ့တဩဖြင့် ကြည့်နေသည်။


လော့ဝမ်ချွမ်းက အတွေးနက်နဲနေသောမျက်လုံးများနှင့် သားရဲစက်ရုပ်လေးကို ကြည့်နေသည်။


အဲ့ဒီကင်းထောက်မက်ခါလေးက ကာလက်ကို အရှက်ခွဲဖို့သက်သက်ပဲထည့်ထားတာတော့ မဟုတ်လောက်ဘူး ...


ကွင်းထဲမှ ကာလက်က စိတ်တည်ငြိမ်မှု ပြန်လည်ရရှိသွားပြီဖြစ်သည်။ သူ့ရင်ထဲတွင် ၎င်းက အမြီးမပါသည့် ဒုက္ခိတကြောင်တစ်ကောင်ဟု‌သာ သရော်လိုက်သည်။ အဆိုးဆုံးအခြေအနေထိဖြစ်လာ၍ မက်ခါနှစ်ခုကို အတူတူတစ်စစီဖြုတ်ပစ်မည်ဟု တွေးလိုက်သည်။


ချိန်းကြိုးဓားကို ပြန်သိမ်းလိုက်ပြီး တာဝေးပစ်အမြောက်ကို ကိုင်မြှောက်လိုက်ပြီး ယွမ်ရှင်းကျဲနှင့် 'ဒုက္ခိတကြောင်' ထံသို့ အချက်ရေအနည်းငယ် ပစ်လိုက်သည်။ ထို့နောက် အလင်းလွှသွားနှင့် ပို၍ပျော့ပျောင်းသော အလင်းကြာပွတ်ကိုထုတ်လိုက်သည်။ မက်ခါ၏ မြင်းကောင်ရေအားကို အမြင့်ဆုံးထိ တင်လိုက်ပြီး ပြိုင်ဘက်ဆီသို့ ပြေးသွားသည်။


အလင်းကြာပွတ်နှင့် အလင်းလွှသွားက လေထဲတွင် ပုံရိပ်ယောင်အဖြစ်သာ ကျန်ခဲ့ပြီး အပြာရောင်ကြယ်တံခွန်တစ်ခုနှင့်ပင် တူနေသည်။


သားရဲစက်ရုပ်က အမြောက်ပစ်ခတ်ခြင်းကို ရှောင်ရှားလိုက်ပြီးသည့်နောက်တွင် ကြယ်တံခွန်မက်ခါက လျင်မြန်စွာချည်းကပ်လာပြီး ကြာပွတ်ကိုတစ်ချက်ယမ်းလိုက်သဖြင့် ခေါင်းကိုပင် ထိလုနီးပါးဖြစ်သွားသည်။ 


ယွမ်ရှင်းကျဲက သားရဲစက်ရုပ်ကို အမြန်ထိန်းချုပ်လိုက်သည်။


ကြောင်ရုပ်ဆိုးလေးက မြေကြီးပေါ်တစ်ပတ်လှိမ့်ပြီး ယွမ်ရှင်းကျဲထံသို့ ဘောလုံးတစ်လုံးကဲ့သို့ လှိမ့်သွားကာ အလင်းကြာပွတ်ကို ရှောင်ရှားလိုက်သည်ကို ကာလက် မြင်လိုက်သည်။


သူ ထိုနေရာတွင်ပင် ရပ်မနေပဲ ယွမ်ရှင်းကျဲနှင့် သားရဲစက်ရုပ်လေးကြားမှ အကွာအဝေးကို မှန်းဆလိုက်ပြီး။ယွမ်ရှင်းကျဲကို အလွန်အမင်းမြန်ဆန်သောအရှိန်ဖြင့် စတင်တိုက်ခိုက်တော့သည်။


အလင်းကြာပွတ်က ချိန်းကြိုးဓားထက် ပိုရှည်သည်။ ယွမ်ရှင်းကျဲက ရှောင်တိမ်းလိုက်နိုင်မည်ဟု တွေးလိုက်သော်လည်း သူ၏မက်ခါဘယ်ဘက်လက်မောင်းကို ကြာပွတ်က လာပတ်မိသွားသည်။


ပရိသတ်များ ဆူညံကုန်ကြသည်။


" သေရောဟေ့ ဖမ်းမိသွားပြီ ..."


" ယွမ်ရှင်းကျဲ သေတော့မှာလား ..."


" ‌သူတော့ရှုံးပြီ ..."


ထိုမြင်ကွင်းကြောင့် ချီယုက အထိတ်တလန့်ဖြင့် မတ်တပ်ရပ်လိုက်ပြီး လက်သီးများတင်းတင်းဆုပ်ထားသည်။


စုကျီနန်က သူ့နှုတ်ခမ်းထောင့်စွန်းများကို လျှာဖြင့်သပ်လိုက်ကာ တီးတိုးပြောလိုက်သည်။


" ကာလက်က ဒီအခွင့်အရေးကိုရဖို့ တော်တော်လေး စောင့်လိုက်ရတာပဲ ..."


ယွမ်ရှင်းကျဲ၏ မက်ခါ ဘယ်ဘက်လက်မောင်းက အဖမ်းခံလိုက်ရ၍ သူ ရုန်း‌ကြည့်ပြီး လွတ်ရန်ကြိုးစားသော်လည်း မရပေ။ ကာလက်၏အလင်းကြာပွတ်က သူ့ကို တင်းတင်းကြပ်ကြပ် ရစ်ပတ်ထားသည်။


အလင်းကြာပွတ်၏ ဖျက်ဆီးနိုင်စွမ်းအားက ချိန်းကြိုးဓားလောက် ကြောက်စရာမကောင်းသော်လည်း သူ၏မက်ခါကို ချည်နှောင်ထားရန် လုံလောက်သည်။


ထို့နောက်တွင် ကာလက်က အလင်းလွှသွားကြီးကိုမြှောက်ကာ ယွမ်ရှင်းကျဲမက်ခါ၏ ဘယ်ဘက်လက်မောင်းကို တစ်စစီဖြုတ်ရန် ကြိုးစားတော့သည်။


ယွမ်ရှင်းကျဲက အလင်းဓားရှည်ကိုမြှောက်ပြီး အလင်းလွှသွားကိုင်ထားသော မက်ခါ၏လက်မောင်းကို ပိုင်းချလိုက်သည်။


ကာလက်က လျင်မြန်စွာတုံ့ပြန်လိုက်ပြီး ချက်ချင်းပင် အလင်းလွှသွားကိုဖယ်လိုက်ကာ ယွမ်ရှင်းကျဲ၏ အခြားမက်ခါလက်မောင်းတစ်ဖက်ကို ရစ်ပတ်ရန် ချိန်းကြိုးဓားဖြင့်  အစားထိုးလိုက်သည်။


ကြယ်တံခွန်မက်ခါက အလင်းမက်ခါ၏လက်မောင်းကို ခိုင်မြဲစွာရစ်ပတ်ထားပြီး ခြေထောက်တွင်အားစိုက်ကာ ယွမ်ရှင်းကျဲမက်ခါ၏ လက်မောင်းနှစ်ဖက်လုံးကို ကြမ်းတမ်းသည့်အင်အားကိုသုံးပြီး ဆွဲဖြုတ်ရန် ကြိုးစားလိုက်သည်။


တကယ့် အရူးပဲ ...


ယွမ်ရှင်းကျဲ အနည်းငယ်ချွေးပြန်လာသည်။ မျက်မှောင်ကြုတ်လျက်နှင်ပင် ကင်းထောက်မက်ခါကို အမိန့်ပေးလိုက်သည်။


နောက်တစ်စက္ကန့်တွင် သားရဲစက်ရုပ်လေးက ခုန်တက်လိုက်ပြီး အရပ်ရှည်ရှည် မက်ခါနှစ်ခု၏အလယ်တွင် ပေါ်လာသည်။


လက်နက်ငယ်လေးများဖြင့် ကြယ်တံခွန်မက်ခါကို တိုက်ခိုက်သော်လည်း ထိရောက်မှုကလည်း သေးငယ်လွန်းနေသည်။


ကာလက်က တစ်ချက်မှ တွန့်မသွားပဲ ကြာပွတ်နှင့် ချိန်းကြိုးကို ဆွဲထားသည်။ ကြောင်ရုပ်ဆိုး၏ တိုက်ခိုက်မှုက သူ့ကို ကလိထိုးနေသည်နှင့်တူသည်။


ပရိသတ်များက ယွမ်ရှင်းကျဲကို စိုးရိမ်စပြုလာသည်။


" ဒီတိုင်းသာဆို ရုပ်ဆိုးတဲ့မက်ခါလေး ရှုံးတော့မှာပဲ ... B- အဆင့်နဲ့ A+အဆင့် တိုက်ခိုက်တာမှာ ဒီလိုကြမ်းကြမ်းတမ်းတမ်းတွေလုပ်ပစ်ရင် ကာလက်ပဲ သေချာပေါက်နိုင်တော့မှာ ..."


" ယွမ်ရှင်းကျဲက လက်မောင်းနှစ်ဖက် ဆွဲဖြုတ်ခံလိုက်ရရင် မောင်းနှင်သူစက်ခန်းပဲ ကျန်တော့မှာ ... "


" သူ ဘာလို့ အရှုံးမပေးသေးတာလဲ ... အဲ့လောက်ကြီး အချခံနေရရင် သူရှုံးသွားတဲ့အပြင် လုပ်ဆောင်ချက်ရမှတ်တွေပါ နည်းကုန်မှာ ..."


" ကြည့်ရတာ သူက ကြိုးစားချင်သေးတာထင်တယ် ... ပထမနှစ်ကျောင်းသားတွေက ကာလက်ကြောက်စရာကောင်းတာကို မသိကြဘူး ... ခဏနေရင်တော့ အသနားခံရတော့မယ် ..."


ခယ့်လိုင် မနေနိုင်တော့ပဲ မတ်တပ်ရပ်ကာ လော့ဝမ်ချွမ်းကို စိုးရိမ်တကြီး ပြောလိုက်သည်။


" ငါထင်တာတော့ ယွမ်ရှင်းကျဲက တစ်မိနစ်တောင် မခံတော့လောက်ဘူး ..."


" အင်း ... သူအဲ့လောက်ထိ မတုံးသင့်ဘူး ..."

လော့ဝမ်ချွမ်းက အေးအေးဆေးဆေးပင် ပြောလိုက်သည်။


ကြောင်ရုပ်ဆိုးက သူ့ရှေ့လာရပ်နေ၍ ကာလက်က သရော်ပြီး သူ့ကိုယ်သူပြောလိုက်သည်။


" ငါ ယွမ်ရှင်းကျဲကို ရှင်းထုတ်ပြီးတာနဲ့ ဒီငတုံးကြောင်ကိုပါ ရှင်းပစ်မယ် ..."


သူ့စကား မဆုံးမီမှာပင် ကြောင်ရုပ်ဆိုးက ရုတ်တရက် လှည့်ပြီး ယွမ်ရှင်းကျဲ၏မက်ခါကိုယ်ထည်၏ ရင်ဘတ်အပိုင်းကို တက်သွားသည်။


ကာလက် ခဏတာ အေးခဲသွားသည်။

သူ ဘာလုပ်နေတာလဲ...


ထို့နောက်တွင် သားရဲစက်ရုပ်က တင်ပါးကိုမြှောက်ပြီး နှစ်ကြိမ်ခန့် လှုပ်လိုက်ပြီးသည့်နောက် အဆင်ပြေသော ထောင့်တစ်ခုကို ရှာနေသည်။


၎င်းက အမြီးမရှိသောကြောင့် ကြောင်က တင်ပါးကိုလှုပ်ရမ်းနေသည်နှင့်သာတူ၍ ရယ်စရာကောင်းနေသည်။


အော်ရီရယ်က ထိတ်လန့်တကြားပြောလိုက်သည်။


" ဒီကောင် ဘာလုပ်နေတာတုန်း ..."


" သားရဲစက်ရုပ်ထဲမှာ အလံဖြူထွက်လာလို့ရတဲ့နေရာ ထည့်ထားတာများလား ..."

လုရမ်ရှုလည်း အံ့အားသင့်နေသည်။


အားလုံး စိတ်ရှုပ်ထွေးနေစဉ်မှာပင် သားရဲစက်ရုပ်က ရုတ်တရက် ရပ်တန့်သွားသည်။


" ဘုန်း ..."


ကျယ်လောင်သောအသံကြီးက အားလုံးကို ထိတ်လန့်သွားစေသည်။ အသံတိတ်သွားပြီးသည့်နောက်တွင်  သားရဲစက်ရုပ်၏ အမြီးပိုင်းနေရာမှ ‌ဗုံးတစ်လုံးထွက်လာကာ ကာလက်၏မက်ခါခေါင်းကို ပစ်လိုက်ကြောင်း သိလိုက်ရသည်။


ကြောင်တစ်ကောင်က လူတစ်ယောက်၏ မျက်နှာတည့်တည့်သို့ လေလည်လိုက်သည့်ပုံနှင့်တူနေပြီး ၎င်းမီးခိုးများတွင် အရောင်များလည်း ပါနေသည်။


ယွမ်ရှင်းကျဲက ပြိုင်ပွဲမစတင်မီ ပြောခဲ့သည်ကို ကာလက် ရုတ်တရက် သတိရသွားသည်။


[ ကျွန်တော် ဆိုးရွားတဲ့အရာတစ်ခုခုလုပ်မိရင် စိတ်မဆိုးပါနဲ့ ...]


ယခုအချိန်တွင် "ဆိုးရွားတဲ့အရာ"ဟူသော စကားလုံးက မည်သည်ကို ညွှန်းဆိုကြောင်း သိသွားသည့်အပြင် ဤကြောင်ရုပ်ဆိုးတွင် အမြီးမရှိရသည့် အကြောင်းအရင်းကိုလည်း နောက်ဆုံးတွင် သဘောပေါက်သွားသည်။


xxxxx