အပိုင်း ၃၂
Viewers 17k

Chapter 32


ပြိုင်ပွဲတွင် မီးခိုးဗုံးများအတွက် သတ်မှတ်ချက်ရှိသည်။ သို့ဖြစ်၍ သားရဲစက်ရုပ်က ပစ်လွှတ်လိုက်သော မီးခိုးဗုံးမှာ ကွင်းထဲတွင် မီးခိုးများဖြင့် ပြည့်မသွားစေသော်လည်း ကာလက်၏ ကြယ်တံခွန်မက်ခါ ခေါင်းပေါ်၌ မှိုပုံစံတိမ်တိုက်ဖြစ်သွားသည်။


ကာလက်၏ အမြင်အာရုံများ ဝေဝါးကုန်သည်။ ကြောင်ရုပ်ဆိုးက သူ့ကိုဆက်လက်တိုက်ခိုက်နေခြင်း ဟုတ်မဟုတ်ပင် မပြောနိုင်တော့ပေ။ ယွမ်ရှင်းကျဲ၏မက်ခါကို တစ်စစီ မဖြုတ်နိုင်တော့၍ အလင်းကြာပွတ်နှင့် ချိန်းကြိုးဓားကို တင်းတင်းကိုင်ထားရာမှ အားလျှော့လိုက်ပြီး အဝေးသို့ဆုတ်သွားသည်။


ယွမ်ရှင်းကျဲက ထိုအခါမှ စိတ်အေးလက်အေးဖြင့် သက်ပြင်းချနိုင်သည်။ စက္ကန့်အနည်းငယ်သာ နောက်ကျသွားပါက သူ့မက်ခါ၏ လက်မောင်းများတွင် ခြစ်ရာများထင်ကျန်ခဲ့နိုင်သည်။


သို့သော် အနီးကပ်တိုက်ခိုက်မှု ပြီးဆုံးသွားပြီးနောက် သူ့ရှေ့မှ မက်ခါကို ယွမ်ရှင်းကျဲ၏ ဒေတာအချက်အလက် စုဆောင်းမှု ပြီးဆုံးသွားသည်။


အစမှအဆုံးအထိ သူ၏လှုပ်ရှားမှုတိုင်းက ပြိုင်ဘက်၏ခွန်အားကို စမ်းသပ်ရန်အတွက်သာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။


A+မက်ခါများက အလွန်သန်မာသည်ကို ယွမ်ရှင်းကျဲ ဝန်ခံရပေမည်။ ကာလက်၏ ကြယ်တံခွန်မက်ခါက သူယခင်ကမြင်ခဲ့ဖူးသော မက်ခါအများစုထက် ကောင်းမွန်ပြီး အားနည်းချက် မရှိသလောက်ပင်ဖြစ်သည်။


သို့သော် ဤကမ္ဘာပေါ်တွင် ပြီးပြည့်စုံသော မက်ခါဟူ၍ မရှိပေ။ 


ကြယ်တံခွန်မက်ခါက ယွမ်ရှင်းကျဲ၏စိတ်ထဲတွင် အပြာရောင်ပုံစံငယ်တစ်ခု ဖြစ်နေသည်ကို ကာလက်မသိပေ။ အစိတ်အပိုင်းအားလုံး၏ ဒေတာနှင့် လုပ်ဆောင်ချက်များကိုလည်း ဆရာကျနေပြီဖြစ်သည်။


ပြိုင်ပွဲစတင်ပြီး ၁၂မိနစ်အချိန်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။


ကြောင်ရုပ်ဆိုး၏ အရှက်ခွဲခံနေရသဖြင့် ပရိသတ်ထဲမှ  ကျယ်လောင်သည့်ရယ်သံများ ထွက်လာသည်ကို ကာလက်က မောင်းနှင်ခန်းမှတစ်ဆင့် ကြားနေရသည်။


အတိတ်က သူကွင်းထဲတွင် တိုက်ခိုက်နေပါက ပရိသတ်ကကြောက်လန့်ပြီး တိတ်ဆိတ်နေကြသည်။ သူ ယခင်က ဤကဲ့သို့ အဆက်ဆံမခံရဖူးပေ။ ဒေါသကြောင့် သူ့လက်များတုန်နေပြီး သူ့မျက်စိရှေ့မှကြောင်ကို တစ်စစီချိုးဖဲ့ပစ်ချင်လာသည်။


ရယ်နေ‌ကြသောပရိသတ်များက ကြယ်တံခွန်မက်ခါက သားရဲစက်ရုပ်ဆီသို့ တစ်ဟုန်ထိုးပြေးသွားသည်ကို  သတိပြုမိသည့်အခါ ရယ်သံများရပ်သွားကြသည်။


" ချီးပဲ ... ကာလက်တော့ လုံးဝကို ရူးသွားတာပဲ ..."


" ကြောက်စရာကောင်းလိုက်တာ ... သူ့အရှိန်က အကာအကွယ်ကိုတောင် ဖောက်ထွက်သွားတော့မယ်လို့ ထင်ရတယ် ..."


" ဒီတစ်ခါရော ယွမ်ရှင်းကျဲ တားနိုင်ပါ့မလား ..."


ကြယ်တံခွန်မက်ခါက ယွမ်ရှင်းကျဲ၏ သားရဲစက်ရုပ်နောက်ကိုလိုက်နေသည်။ ချိန်းကြိုးဓားရှည်ကြီးက ကာလက်၏ ဒေါသတကြီး ရိုက်ခတ်မှုများကြောင့် မြေပြင်ပေါ်တွင် နက်ရှိုင်းသော ခြစ်ရာများ ချန်ခဲ့သည်။


ယွမ်ရှင်းကျဲက မက်ခါကို ထိန်းချုပ်ပြီး ရှောင်ရှားနေစဉ် ပြောလိုက်သည်။


" ကျွန်တော်တို့ ဒေါသမထွက်ဖို့ သဘောတူထားတယ်လေ ..."


ဒေါသကြောင့် စုံလုံးကန်းနေသော ကာလက်မှာ ကြောင်ရုပ်ဆိုးထံသို့ မရောက်နိုင်ပဲ စွမ်းအင်များကုန်ကာ မောဟိုက်နေသည်။


ခဏအကြာတွင် သူအသက်ပြင်းပြင်း ရှုနေရတော့သည်။


ကာလက်က သားရဲစက်ရုပ်ကို မဖမ်းမိခင်မှာပင် သားရဲစက်ရုပ်၏ ကိုယ်ထည်က ဘောလုံးတစ်လုံးကဲ့သို့ဖြစ်သွားပြီး မြေပြင်တွင်လဲလျောင်းကာ သေချင်ယောင်ဆောင်နေသည်။


ထိုအနေအထားတွင် သားရဲစက်ရုပ်က အလွန်တောင့်တင်းလှသည်။ ကာလက်က ချိန်းကြိုးဓားဖြင့် အကြိမ်အနည်းငယ် ပိုင်းဖြတ်သော်လည်း အပေါ်ယံ‌တွင်သာ ခြစ်ရာများ ကျန်ခဲ့သည်။ ဤကြောင်ဘောလုံးကြောင့် သူ့စိတ်အလိုရှိတိုင်း မလှုပ်ရှားနိုင်ဖြစ်နေသည်။


ကာလက်က သူလှည့်စားခံနေရကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။ ယွမ်ရှင်းကျဲက သူ၏သားရဲစက်ရုပ်ဖြင့် ကာလက်၏စွမ်းအင်ကို ဖြုန်းတီးနေခြင်းသာဖြစ်သည်။


ပြိုင်ပွဲက ၁၆မိနစ်အထိ ကြာမြင့်လာပြီဖြစ်သည်။


ယွမ်ရှင်းကျဲက အဆုံးသတ်ရန် ဆုံးဖြတ်လိုက်သည်။


ကာလက်က ပင်မ မက်ခါကို အသေအကြေတိုက်ခိုက်ရန် ပြင်လိုက်ချိန်တွင် ယွမ်ရှင်းကျဲ၏ မက်ခါက လေပေါ်မှ သူ့ကိုငုံ့ကြည့်နေသည်ကို မြင်လိုက်ရသည်။


နေရောင်ခြည်က အထက်မှ ဖြာကျနေပြီး မက်မမက်ခါ၏အရိပ်က မြေပြင်ပေါ်မှ ကာလက်၏ ကြယ်တံခွန်မက်ခါပေါ်သို့ ဖြာကျနေကာ မဖော်ပြနိုင်သည့် ဖိနှိပ်ချုပ်ခြယ်မှုများကို ယူဆောင်လာသည်။


ထို့နောက်တွင် ယွမ်ရှင်းကျဲက အလင်းဓားရှည်နှစ်ချောင်းကိုထုတ်လိုက်ပြီး အောက်သို့ခုန်ဆင်းရန် အသင့်အနေအထားသို့ ပြင်ထားလိုက်သည်။


ယွမ်ရှင်းကျဲက ပြိုင်ပွဲကွင်းထဲသို့ ခုန်ချရန် အခွင့်အရေးရှာခဲ့သည်မှာ တတိယမြောက်အကြိမ်ဖြစ်သည်။ သူ၏ ပထမပြိုင်ဘက်နှစ်ယောက်ကို ဤနည်းဖြင့်သာ အနိုင်ယူခဲ့ခြင်းဖြစ်၍ ယခုအခါ အားလုံးက အံ့အားသင့်နေကြသည်။


" သူက ကြယ်တံခွန်မက်ခါကိုချဉ်းကပ်ဖို့ အရင်လက်ဦးမှု ယူထားတာလား ..."


" မဖြစ်နိုင်ဘူး ... အရမ်းအန္တရာယ်များလွန်းတယ် ..."


" သူ ဘာတွေလုပ်နေပြန်တာလဲ ..."


ချီယုက ယွမ်ရှင်းကျဲ၏ အပြုအမူကြောင့် မျက်မှောင်ကြုတ်ထားပြီး စိုးရိမ်ပူပန်နေသည်။


" အခုလိုအချိန်မှာ အသုံးဝင်ဆုံးနည်းလမ်းက တာဝေးပစ်အမြောက်နဲ့ ပစ်ဖို့ပဲလေ ..."


စုကျီနန်က ယွမ်ရှင်းကျဲ၏မက်ခါကို စိုက်ကြည့်နေသည်။ ဤတစ်ကြိမ်တွင်လည်း ယွမ်ရှင်းကျဲ အနိုင်ရသွားလိမ့်မည်ဟု သူ မထင်ပေ။


နောက်တစ်စက္ကန့်အကြာတွင် ယွမ်ရှင်းကျဲ၏မက်ခါက ကာလက်ဆီသို့ အမှန်ပင် ခုန်ဆင်းလာသည်။


ကာလက်က လှောင်လိုက်သည်။

" သေချင်နေတာပဲ ..."


သူ မက်ခါကို မော့ကြည့်လိုက်ပြီး တိုက်ခိုက်မှုကို ခုခံရန်ပြင်ထားလိုက်သည်။


သူက ပြိုင်ပွဲကို စောစီးစွာအဆုံးသတ်ရန် စီစဉ်ထားခဲ့သော်လည်း ယွမ်ရှင်းကျဲက လက်ဦးမှုယူပြီး သူ့ကိုတွန်းအားပေးလိမ့်မည်ဟု မထင်ခဲ့ပေ။ 


ကတ္တီပါနီရောင်ချိန်းကြိုးဓားရှည်ကြီးက အေးစက်စွာ တောက်ပနေပြီး ယွမ်ရှင်းကျဲ၏မက်ခါကို အချိန်မရွေး ဖျက်ဆီးပစ်ရန် စောင့်ဆိုင်းနေသည်။


ကာလက်က အခွင့်အရေးကိုဖမ်းဆုတ်ပြီး ဆွဲငင်အားမဲ့ခလုတ်ကိုနှိပ်ကာ လေထဲသို့ပျံသွားပြီး ယွမ်ရှင်းကျဲကိုတိုက်ရန် ပြင်‌လိုက်သည်။ သို့ရာတွင် အပေါ်သို့ ခုန်တက်မည့်အချိန်မှာပင် အားတစ်ခုက သူ့ခြေထောက်ကို လျင်မြန်စွာဆွဲထားလိုက်သည်။


သေချင်ယောင်ဆောင်နေသော ကြောင်စက်ရုပ်မှာ ကာလက်မသိမီမှာပင် သူ့နောက်သို့ ရောက်နေခဲ့သည်။


ကာလက်၏အာရုံက လေထဲမှ ပင်မမက်ခါထံသို့ ရောက်နေစဉ်တွင် ၎င်းက အစိမ်းရောင်အလင်းကြာပွတ်တစ်ခုကို ထုတ်လိုက်ပြီး ကာလက်၏ခြေထောက်‌ကို ရစ်ပတ်လိုက်ကာ အပေါ်သို့ခုန်တက်မည့်အချိန်မှာပင် ကြာပွတ်ကို အားပြင်းပြင်းဖြင့် ဆွဲလိုက်သည်။ ကြယ်တံခွန်မက်ခါ၏ခြေထောက်ကို တင်းကြပ်စွာ ချည်နှောင်ထားသည်။


" ဝုန်း ..."


အားလုံး၏ မျက်လုံးအောက်တွင် ကြယ်တံခွန်မက်ခါ၏ အ‌ထက်သို့ခုန်တက်ရန်ပြင်နေရာမှ  မြေပေါ်သို့ ပြန်ပြုတ်ကျလာသည်။

32.2


မြေပြင်ပေါ်တွင် ဖုန်တထောင်းထောင်းထနေသည်။ ဖုန်များလွင့်ပြယ်သွားချိန်တွင် ကြယ်တံခွန်မက်ခါ၏ခြေထောက်အောက်တွင် သားရဲစက်ရုပ်ရှိနေကြောင်း  ပရိသတ်များ သတိပြုမိသွားသည်။


အားလုံး အံ့အားသင့်ကုန်သည်။


" အဲ့ ကြောင်ရုပ်ဆိုးက တော်လှချည်လား ..."


" လူကမောင်းနေတယ်ဆိုတာရော သေချာရဲ့လား ..."


" ဘယ်လိုများလုပ်လိုက်ပါလိမ့် ... အောက်ကိုခုန်ချဖို့ပြင်နေတုန်း ယွမ်ရှင်းကျဲက သားရဲစက်ရုပ်ကို သူ့ပြိုင်ဘက်ခြေထောက်ကို ကြာပွတ်နဲ့သွားပတ်ဖို့ ထိန်းချုပ်လိုက်တယ်ပေါ့ ..."


" တကယ် အံ့ဩစရာကောင်းတာပဲ ... မက်ခါနှစ်ခုကို လူနှစ်ယောက်က ထိန်းချုပ်နေတယ် ဆိုရင်တောင် ဒီလောက်အချိန်ကွက်တိဖြစ်မှာ မဟုတ်ဘူး ..."


" ငါက ကြောင်ရုပ်ဆိုးလောက်တောင် မတော်ပါလား ..."


" ဒါကြီးက ဖြစ်နိုင်လို့လား ..."


ရုတ်ချည်းဖြစ်ပေါ်လာသော မြင်ကွင်းကြောင့် ယွမ်ရှင်းကျဲ၏စိတ်ထဲတွင် ကြိမ်ဖန်များစွာ ကောက်ချက်ချလိုက်သည်။


သူ၏ စုဆောင်းထားသော သတင်းအချက်အလက်များအရ ဤကြယ်တံခွန်မက်ခါက မြန်ဆန်သော်လည်း ဟန်ချက်ညီမှုနှင့် ခုန်နိုင်သောစွမ်းရည် ချို့ယွင်းနေသည်။


အထူးသဖြင့်  ၎င်း၏ ခြေထောက်အောက်ခြေအပြားက ဧရာမမက်ခါများနှင့် မနှိုင်းယှဉ်နိုင်ပေ။  သို့မဟုတ်ပါက ကာလက်က အလင်းကြာပွတ်နှင့် ချိန်းကြိုးဓားကို အသုံးပြု၍ ယွမ်ရှင်းကျဲ၏ မက်ခါကို ရစ်ပတ်လိုက်ချိန်တည်းက ၎င်း၏အောက်ပိုင်းကိုသာအသုံးပြုပြီး သူ၏မက်ခါလက်မောင်းကို ချိုးပစ်မည်ဖြစ်သည်။


ထို့အပြင် ဤမက်ခါက လက်နက်၏အရှိန်ကို အကျိုးရှိရှိ အသုံးချသည်။ သို့ဖြစ်၍ ကိုယ်ထည်အောက်ပိုင်းသို့ စွမ်းအင်ပြောင်းလဲခြင်းက အလွန်နိမ့်၍ အပေါ်သို့ခုန်တက်ရန် ပြင်ချိန်တွင် လွယ်ကူစွာနှောင့်ယှက် နိုင်သည်။

( T/N - ရှင်းရှင်းပြောရရင် မက်ခါရဲ့အောက်ပိုင်းက လေးနေလို့ အပေါ်ကို လွယ်လွယ်တက်လို့ မရတာပါ ... ခုန်တက်ဖို့ ပြင်နေချိန်မှာလည်း အလွယ်တကူတားလို့ရတယ် ...) 


ဤမက်ခါ၏ ဟန်ချက်ညီမှုက ပို၍လေးနက်သော ချို့ယွင်းချက်ဖြစ်သည်။ ဟန်ချက်ညီမှုစနစ်က ဒီဇိုင်းတွင် အပြစ်အနာအဆာ ရှိနေရုံသာမက ကာလက်ကိုယ်တိုင်ကလည်း ဟန်ချက်ညီမှု ချို့ယွင်းနေသည်။


သူ ချိန်းကြိုးဓားရှည်ကို ဆွဲထုတ်လိုက်သည့် လှုပ်ရှားမှု ကြီးကြီးမားမား ပြုလုပ်ချိန်တိုင်းတွင် ၎င်းကို မြင်နိုင်သည်။


ဟန်ချက်ညီမှုစနစ် ကောင်းမွန်ခြင်းက မက်ခါ၏လက်မောင်းကို ကောင်းမွန်စွာလှုပ်ရှားနိုင်မည့် ပါဝါများပေးနိုင်ပြီး ဟန်ချက်ညီမှုချို့တဲ့ခြင်းက လှုပ်ရှားမှုများပြုလုပ်ရာတွင် နှောင့်နှေးစေပြီး ပိုမိုအားစိုက်ထုတ်ရသည်။


ဤပြဿနာနှစ်ခုကို ပေါင်းစပ်လိုက်သည့်အတွက် ကြယ်တံခွန်မက်ခါ၏ ခြေထောက်ကို ချည်ထားလိုက်ချိန်တွင် ၎င်းကအချိန်ကိုက် မပျံနိုင်တော့ရုံသာမက ‌ဟန်ချက်မညီဖြစ်ပြီး မြေပြင်ပေါ်သို့ ချက်ချင်းလဲကျသွားသည်။


လဲကျသွားပြီးနောက်တွင်လည်း ပြန်ထရန် ခက်ခဲနေသည်။


ကာလက် တစ်ကြိမ်တစ်ခါမှ ဤကဲ့သို့ ဝမ်းမနည်းခဲ့ဖူးပေ။ 


သူ မြေပြင်ပေါ်မှ ထချင်သော်လည်း သူ့ခြေထောက်ကို အလေးတုံးကြီးဖြင့် ဖိထားသကဲ့သို့ ခံစားနေရသည်။


အရှုံးမပေးချင်သည့် ကာလက်က မြေပြင်ပေါ်တွင် ရုန်းကန်နေသည်။ ‌သူ့ခြေထောက်မှကြာပွတ်ကို ဆွဲချွတ်ချင်သော်လည်း အားတစ်ခုက သူ့အပေါ် ကျဆင်းလာသည်။


သားရဲစက်ရုပ်က ကာလက်၏လည်ပင်းပေါ် တက်လာသည်။


ယွမ်ရှင်းကျဲ အောက်သို့ခုန်ဆင်းလာခြင်းက အယောင်ပြရုံသာဖြစ်သည်။ ကာလက်၏ ရုန်းကန်နေမှုကိုကြည့်ပြီး မက်ခါကို မြေပြင်ပေါ်သို့ တဖြည်းဖြည်းဆင်းသက်လိုက်သည်။


ပြိုင်ပွဲက မိနစ်နှစ်ဆယ်အထိ ရောက်လာပြီဖြစ်သည်။


အလင်းကြာပွတ် ၊ ဓားရှည်များဖြင့် ဆွဲယူခြင်းများက ယွမ်ရှင်းကျဲ၏ တုံ့ပြန်မှုပါဝါနှင့် ရုပ်ပိုင်းဆိုင်ရာခံနိုင်ရည်ရှိမှုကို အလွန်အမင်းစမ်းသပ်လိုက်သကဲ့သို့ ဖြစ်သွားသည်။


ယခုအခါ သူ၏ရုပ်ပိုင်းဆိုင်ရာခွန်အားက ကန့်သတ်ချက်သို့ ရောက်ရှိသွားပုံရသည်။


ကာလက်က အလွန်ဒေါသထွက်နေသောကြောင့် ကြောင်ရုပ်ဆိုးကို ဖမ်းဆွဲသော်လည်း မမီနိုင်ဖြစ်နေသည်။


ကြောင်ရုပ်ဆိုးက ချိန်းကြိုးဓားရှည်နှစ်ခုကိုဆွဲလိုက်ပြီး မြေပေါ်တွင်ထောက်ထားကာ ကြယ်တံခွန်မက်ခါကို ခိုင်မြဲစွာကိုင်ထားသည်။


ဒိုင်လူကြီးက စတင်ရေတွက်နေသည်။


" တစ်ဆယ် ကိုး ရှစ် ..."


" ကာလက်ရှုံးပြီး ယွမ်ရှင်းကျဲ နိုင်တော့မယ်ထင်တယ် ..."


" ငါ အဲ့လိုကြီးဖြစ်သွားမယ်လို့ မထင်ထားခဲ့ဘူး ..."


ပရိသတ်များက ပြိုင်ပွဲပြီးဆုံးပြီဟု ထင်နေချိန်မှာပက် ရုတ်တရက် ယွမ်ရှင်းကျဲက မောဟိုက်မှုကို ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်က အပူစီးကြောင်းတစ်ခု ဖြတ်သန်းသွားသည်။


ယွမ်ရှင်းကျဲ၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားသည်။

သူ ဘာဖြစ်တာပါလိမ့် ...


သူက ပင်ပန်းလွယ်သော်လည်း တစ်ကြိမ်တစ်ခါမှ အားနည်းမှုကို မခံစားခဲ့ရဖူးပေ။ သူ၏လည်ပင်းညာဘက်ခြမ်းတွင်လည်း ကိုက်ခဲမှုတစ်မျိုး ခံစားလိုက်ရသည်။


သားရဲစက်ရုပ်၏ အစွမ်းက မောင်းနှင်သူနှင့်လည်း ဆက်နွယ်နေသည်။ ယွမ်ရှင်းကျဲ ပင်ပန်းလာသည့်အခါ ၎င်း၏အစွမ်းကလည်း လျော့သွားသည်။ ၎င်းကို ကာလက်လည်း ခံစားမိသည်။


" ဘန်း ..."

ကာလက်က အခွင့်အရေးကိုရယူပြီး ကြောင်ရုပ်ဆိုး၏ လည်ပင်းနောက်ကို ဖမ်းဆွဲပြီး ကိုင်ပေါက်လိုက်သည်။


" ချီးပဲ ... ဆက်ပြီးတိုက်ကြဦးမှာလား ..."


" ကာလက်က အခွင့်အရေးရှိသေးတယ်ပေါ့ ..."


" ကာလက်သာ ထနိုင်ပြီဆိုရင် ယွမ်ရှင်းကျဲရဲ့ လက်ရှိအခြေအနေနဲ့ဆို သိပ်မဟန်ဘူး ..."

ခယ့်လိုက်က ယွမ်ရှင်းကျဲ၏မက်ခါကိုကြည့်ကာ ဖြည်းညှင်းစွာပြောလိုက်သည်။


" ယွမ်ရှင်းကျဲက အိုမီဂါဆိုတော့ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာခံနိုင်ရည်ရှိမှုက အကန့်အသတ်ကို ရောက်လာပြီထင်တယ် ..."


လော့ဝမ်ချွမ်းက တိတ်ဆိတ်နေဆဲဖြစ်ပြီး အကြည့်တစ်ချက် မလွှဲပဲ ကွင်းထဲသို့သာ စိုက်ကြည့်နေသည်။


အော်ရီရယ် မျက်မှောင်ကြုတ်လိုက်ပြီး သူ့လက်ဖဝါးတွေလည်း ချွေးများ စီးကျနေသည်။


" ဘာလို့ ရှင်းကျဲက ဒီတိုင်းရပ်နေတာလဲ ... သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာခွန်အားက အကန့်သတ် ရောက်သွားတာများလား ..."


" သူ လုံးဝအားမရှိတော့တာလည်း ဖြစ်နိုင်နယ် ..."


လုရန်ရှု၏ အမူအယာက အဆိုးဘက်သို့ ရောက်နေသည်။


မလှမ်းမကမ်းမှ ချီယုကလည်း အသက်အောင့်ထားပြီး ကာလက်၏လှုပ်ရှားမှုများကိုကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။


" မဟုတ်ဘူးလေ ကာလက်က ဆက်တိုက်နိုင်သေးတာလဲ ... ယွမ်ရှင်းကျဲက သူ့ကို ဘာဖြစ်လို့ ဘာမှမလုပ်တာလဲ ... လှုပ်ရှားတော့လေ သူ့ကိုအခွံနွှာပစ် ... မြန်မြန်လုပ် ..."


သူ့ပုံစံက ယွမ်ရှင်းကျဲထက်ပို၍ စိတ်ပူနေပုံပေါ်သည်။


စုကျီနန်လည်း စိတ်လှုပ်ရှားနေသည်။ ယွမ်ရှင်းကျဲ၏ လုပ်ဆောင်ချက်များအားလုံးက သူခန့်မှန်းထားသည် ထက် ကျော်လွန်နေခဲ့သည်။ ယခုအချိန်တွင် ရလဒ်ကို အဆုံးအဖြတ်ပေးတော့မည်ဖြစ်ပြီး သူတို့နှစ်ယောက်လုံး အနိုင်ရနိုင်ချေရှိနေသည်။


ယွမ်ရှင်းကျဲ အသက်ပြင်းပြင်းရှုလိုက်သည်။ ရုတ်တရက်ဖြစ်ပေါ်လာသော မောဟိုက်မှုက သူ၏ခြေလက်များကို အားနည်းသွားစေပြီး သူ၏ကိုယ်တွင်းမှ အပူချိန်ကလည်း အဆင်မပြတ် မြင့်တက်လာသည်။ ၎င်းကိုဖိနိပ်ရန်အတွက် သူ အသည်းအသန် ကြိုးစားနေရသည်။


သူ ဘာဖြစ်နေပါလိမ့် ...


နံပါတ်စဉ် ဆက်လက်ရေတွက်နေသည်။


" ငါး လေး သုံး ..."


ပရိသတ်များက အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်နေသည်။


အခြေအနေကို ပြောင်းပြန်လှန်ဖို့ ဖြစ်နိုင်ပါ့မလား ..."


ကာလက်က ထရပ်နိုင်ရန် ရုန်းကန်နေသည်။


ယွမ်ရှင်းကျဲ ရုတ်တရက် ရှေ့သို့လျှောက်လာပြီး လည်ပင်းကို ပွတ်လိုက်သည်။ သားရဲစက်ရုပ်၏အစား သူက ‌ကြယ်တံခွန်မက်ခါပေါ် ထိုင်ချလိုက်သည်။


" ထားလိုက်တော့ ငါ့ဘာသာပဲ လုပ်တော့မယ် ..."


xxxxx