အပိုင်း ၃၃
Viewers 17k

Chapter 33


ယွမ်ရှင်းကျဲ၏ မက်ခါက ၎င်း၏အလေးချိန်ကို အခွင့်ကောင်းယူပြီး ကာလက်၏မက်ခါကို ခိုင်မာစွာ ဖိထားလိုက်သည်။


သာမန်အချိန်များဆိုလျှင် ယွမ်ရှင်းကျဲက ဤကဲ့သို့သော လှုပ်ရှားမှုများ ပြုလုပ်မည်မဟုတ်ပေ။ လက်နက်ကို အသုံးပြုခြင်း သို့မဟုတ် လက်နှင့်ခြေထောက်များ သုံး၍သာ နောက်ဆုံးရိုက်ချက်ကို ပြုလုပ်လိုက်မည်ဖြစ်သည်။


ယခုအခါ သူ့ခန္ဓာကိုယ်ထဲတွင် ပူလောင်နေပြီဖြစ်၍ ရုပ်ပိုင်းဆိုင်ရာခွန်အားကလည်း အဆက်မပြတ် လျော့နည်းနေသည်။ သူ့အတွက် ဆက်လက်တိုက်ခိုက်ရန် မဖြစ်နိုင်တော့၍ ဤသို့ပြုလုပ်ခြင်းကသာ အကောင်းဆုံးလှုပ်ရှားမှုဖြစ်သည်။


ကာလက်၏မက်ခါကို အပေါ်မှ တက်ဖိခံနေရကြောင်း ပရိသတ်များ မြင်သည့်အခါ ကိုယ်ချင်းစာရမည်လား လက်ခုပ်တီးရမည်လားပင် မသိတော့ပေ။ 


" သနားစရာကောင်းလိုက်တာ အရူးကာလက်က နောက်ထပ်အရူးတစ်ယောကိကို တွေ့သွားတာပဲ ..."


" ယွမ်ရှင်းကျဲ ကောင်းကောင်းလုပ်ခဲ့တာပဲ ... ငါ့ကို ကာလက် အနိုင်ယူနေတုန်းကဆို ပရိသတ်တွေက ရယ်နေခဲ့ကြတာ ... အခုတော့ သူ့အလှည့်ပြန်ရောက်လာပြီ ဝဋ်လည်တာပဲ ..."


" ဖုန်းရွှေ အလှည့်အပြောင်းပဲ ... ကာလက်က ဒီနေ့မှ မျှမျှတတဖြစ်သွားတာ ..."


ကာလက်က ဒေါသတကြီး ရုန်းကန်နေသော်လည်း နံပါတ်စဉ်ရေတွက်ခြင်း ပြီးဆုံးသွားပြီဖြစ်သည်။


ဒိုင်လူကြီးက ယွမ်ရှင်းကျဲ အနိုင်ရကြောင်း ကြေညာလိုက်သည်။


ပရိသတ်များ ဆူညံပွက်လောရိုက်ကုန်သည်။


ပြိုင်ပွဲကိုကြည့်ပြီးသူတိုင်း အထင်ကြီးကုန်ကြသည်။ ကြောက်စရာကောင်းသောကာလက်က ပထမနှစ် အိုမီဂါလေးထံတွင် ရှုံးသွားလိမ့်မည်ဟု သူတို့မထင်ခဲ့ကြပေ။ ပြိုင်ပွဲအတွင်းတွင် ယွမ်ရှင်းကျဲ၏ ကြယ်နှစ်ထပ်မက်ခါကို အားအင်အပြည့်ဖြင့် ထိန်းချုပ်သွားပုံကြောင့် အားလုံး အမြင်ကျယ်သွားကြသည်။


လက်ခုပ်သံများက နားပင်းလုမတတ်ကျယ်လောင်နေပြီး အံ့ဩဖွယ်ကောင်းသည့် ပြိုင်ပွဲကို ပရိသတ်များက အားပေးနေကြသည်။


" ယွမ်ရှင်းကျဲက အရမ်းတော်တာပဲ ... သူ တကယ်ကြီး နိုင်သွားတယ်ပေါ့ ..."


" သူက ပြိုင်ပွဲရဲ့ ဒုတိယတစ်ပိုင်းလုံးကို သေချာကိုငါတွယ်သွားတာပဲ ...သူ မနိုင်ဘူးဆိုမှ ထူးဆန်းနေမှာ ..."


" သူက A+အဆင့် ကြယ်နှစ်ထပ်မက်ခါမောင်းသူတစ်ယောက်လို့ ပြောရင်တောင် ချဲ့ကားပြောတယ်လို့ထင်မိမှာမဟုတ်ဘူး ..."


" သူနိုင်ပြီ ... တကယ်နိုင်သွားပြီ ... ယွမ်ရှင်းကျဲက ကာလက်ကို နိုင်သွားပြီတဲ့ ..."


ချီယုက ကွင်းထဲသို့ မှင်သက်မိန်းမောစွာကြည့်နေသည်။


ထို့နောက် ချီယုက စုကျီနန်ဘက်သို့လှည့်ကာ အံ့ဩဝမ်းသာနေသော အသံဖြင့်ပြောလိုက်သည်။


" စုကျီနန် မင်း မြင်လိုက်လား ... ကြည့်ရတာ ယွမ်ရှင်းကျဲက အရမ်းတော်လာတဲ့ပုံပဲ ..."


စုကျီနန်က ပြုံးပြကာ ပြောလိုက်သည်။ သို့သော် သူ၏အပြုံးက စိတ်ထဲကမပါပဲ အတင်းလုပ်ယူထားသာ့် အပြုံးဖြစ်သည်။


" ညီလေးရှင်းကျဲကို အဲ့လောက်တော်မယ် မထင်ထားဘူး ... သူက ပုန်းကွယ်နေတဲ့ ရတနာလေးပဲ ..."


ချီယုက ခဏတာပျော်ရွှင်နေပြီးနောက် သူ၏စိတ်အခြေအနေက ရုတ်ချည်း ရှုပ်ထွေးသွားသည်။ မူလက ယွမ်ရှင်းကျဲ သူ့ကိုယ်သူ အရူးလုပ်ကာ သူ၏မက်ခါ အပိုင်းပိုင်းဖျက်စီးခံလိုက်ရ၍ အကူအညီတောင်းနေမည့်မြင်ကွင်းကို ကြည့်လိုသောကြောင့် ရောက်လာခဲ့ခြင်းဖြစ်သည်။


သို့ရာတွင် ယွမ်ရှင်းကျဲ၏ အနိုင်ရရှိမှုကြောင့် သူအံ့အားသင့်သွားလိမ့်မည်ဟု မထင်ခဲ့မိပေ။ 


ချီယုက ကွင်းထဲတွင် သူနှင့်အတူတိုက်ခိုက်ပေးနိုင်မည့် အဖော်တစ်ယောက်ကို ရှာချင်နေသည်မှာ ကြာလှပြီဖြစ်သည်။ စုကျီနန်က သူနှင့်အဖွဲ့တည်းသားချင်းဖြစ်လာချိန်တွင် သူနှင့် စေ့စပ်ထားသူ ယွမ်ရှင်းကျဲကို  အားမလိုအားမရ ဖြစ်လာခဲ့သည်။


သူ ယွမ်ရှင်းကျဲကို အမြဲတမ်းပြောမိနေသည်မှာ ... 

မင်း  စုကျီနန်ဆီက မသင်ယူနိုင်ဘူးလား ... ဟူသည့်စကားပင်ဖြစ်သည်။


ဤပြိုင်ပွဲတွင် ယွမ်ရှင်းကျဲက အင်အားကြီးရန်သူကို ရင်ဆိုင်ခဲ့ရသော်လည်း မျက်နှာတစ်ချက်မပျက်သွားခဲ့ပေ။ သူ၏ စွမ်းအင်အင်များ ကုန်ခမ်းသွားသည်အထိ တိုက်ခိုက်ပြီး နောက်ဆုံးတွင် အနိုင်ရခဲ့သည်။


ယွမ်ရှင်းကျဲ၏ ထိုသို့သောဘက်ခြမ်းကို ချီယု မမြင်ခဲ့ဖူးပေ။ 


ယွမ်ရှင်းကျဲ လူတွေ့စစ်ဆေးချက်တွင် ပထမနေရာရခဲ့ခြင်းကို ကံကောင်းသောကြောင့်ဟုသာ ‌ထင်ခဲ့မိသည်။


ကွင်းထဲမှ ပြိုင်ပွဲဝင်နှစ်ယောက်က မက်ခါထဲမှ ထွက်လာကြသည်။ ယွမ်ရှင်းကျဲ၏ ဆံပင်က ချွေးများဖြင့် စိုရွှဲနေသည်။ ဖန်သားပြင်ပေါ်မှ သူ၏မျက်နှာ ဖြူဖြူဖွေးဖွေးတွင် ချွေးများဖြင့် ရွှဲနစ်နေပြီး  သူ၏မျက်လုံးများက ကြယ်ပွင့်များကဲ့သို့ လင်းလက်တောက်ပနေသည်။


ချီယု၏အကြည့်များက ထိုမြင်ကွင်းမှ မရှောင်ဖယ်နိုင်ခဲ့ပေ


သူ့ရင်ထဲတွင် ထူးဆန်းသော မေးခွန်းတစ်ခု ဖြစ်တည်လာသည်။

ယွမ်ရှင်းကျဲက အရင်တုန်းကရော ဒီလိုကြည့်ကောင်းခဲ့တာလား ...


စုကျီနန်က ချီယု၏ မျက်ဝန်းများကို တွေ့ပြီး သူ့ရင်ထဲတွင် ခန့်မှန်းမရနိုင်သော ကပ်ဆိုးကြီးတစ်ခုကို ခံစားလိုက်ရသည်။


သူက ချီယုနှင့် တွေ့ဆုံခဲ့ချိန်မှစ၍ ယွမ်ရှင်းကျဲအပေါ်  အထင်သေးပြီး သနားစရာဟုသာ တွေးခဲ့သည်။


စုကျီနန်က လွတ်လပ်သောအိုမီဂါဖြစ်လိုသည့် ရည်ရွယ်ချက်ရှိသည်။ သူက မက်ခါများကိုမောင်းနှင်နိုင်ပြီး ကွင်းထဲတွင်လည်း လက်ရည်ချင်းယှဉ်၍ တိုက်ခိုက်နိုင်ကာ ရလဒ်ကောင်းများလည်း ရရှိထားသည်။ ယွမ်ရှင်းကျဲက ဤဘဝတွင် သူ့ကိုလိုက်မီနိုင်စရာအကြောင်း မရှိပေ။


စုကျီနန်က ချီယု၏ရင်ထဲတွင် သူ့ကိုမည်သူနှင့်မျှ အစားမထိုးနိုင်ဟု မူလက သူ့ကိုယ်သူထင်ခဲ့မိသည်။


သို့သော်လည်း ယွမ်ရှင်းကျဲက ကာလက်ကို အနိုင်ယူလိုက်သည်ကို မြင်လိုက်ရချိန်တွင် သူ့နေရာက အခြိမ်းခြောက်ခံနေရသည်ဟု ထင်မြင်လာသည်။


ကွင်းထဲမှ ယွမ်ရှင်းကျဲမှ အသက်ပြင်းပြင်းရှုနေရသည်။  မက်ခါထဲမှ ထွက်လာပြီးနောက်တွင် သူ၏ခန္ဓာကိုယ်က အနည်းငယ် တည်ငြိမ်သွားသော်လည်း ခြေလက်များက အားနည်းနေဆဲဖြစ်သည်။


သူ ဖျားနေတာများလား ...


လွန်ခဲ့သည့်နှစ်ရက်က မက်ခါကို တစ်ညလုံးပြုပြင်ခဲ့ပြီး သူ၏စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာခွန်အားများကို လေ့ကျင့်ကာ  နေ့တိုင်းအလုပ်ရှုပ်နေခဲ့၍ ဖျား‌နာရန် ဖြစ်နိုင်သည်။

33.2


ယွမ်ရှင်းကျဲ အသက်ကိုမနည်းရှုကာ သူ၏ကိုယ်တွင်းမှ ထူးဆန်းမှုကြီးကို ဖိနှိပ်ပြီး ကာလက်ဆီသို့ လျှောက်သွားသည်။ သူ အဆူခံရတော့မည်ဟု ထင်လိုက်သော်လည်း ကာလက်က သူ့ကို တည်ငြိမ်စွာကြည့်နေသည်။


ခဏအကြာတွင် ကာလက်ကအံကြိတ်ပြီး တစ်လုံးချင်းပြောလာသည်။


" မင်းရဲ့ ကြောင်ရုပ်ဆိုးက တော်တော်လေး ပျော့ပျောင်းတာပဲ ..."


ယွမ်ရှင်းကျဲ၏ မျိုးစုံသောလှုပ်ရှားမှုများကြောင့် သူစိတ်တိုနေသည်မှာ သိသာလှသည်။


" အဲ့ဒါက ကြောင်လား ငါးလား ... ဘာလို့အရမ်းမြန်နေရတာလဲ ... ပြီးတော့ မင်း တမင်တကာ ငါ့ရဲ့မက်ခါပေါ်တက်ထိုင်ပြီး ငါ့ကိုအရှက်ခွဲတယ် ..."


ကာလက်၏ အသံက စိတ်အနှောင့်အယှက်ဖြစ်နေပုံရသည်။


ယွမ်ရှင်းကျဲက လည်ချောင်းရှင်းပြီး ကာလက်ကိုကြည့်ကာ ပြောလိုက်သည်။


" စိတ်မဆိုးပါနဲ့ ... ကျွန်တော် တိုက်ခိုက်ဖို့ အားမရှိတော့လို့ပါ ..."


ကာလက်သည်လည်း အလွန်ချွေးထွက်နေသည်။ သူပြိုင်ပွဲမြောက်များစွာတွင် ပါဝင်ခဲ့သော်လည်း ယခုပြိုင်ပွဲက သူ့အတွက်အပင်ပန်းဆုံးဖြစ်သည်။ Sအဆင့်ရှိသောပြိုင်ဘက်များကို တိုက်ခိုက်ခဲ့စဉ်ကပင် ဤမျှ မပင်ပန်းခဲ့ပေ။ ယွမ်ရှင်းကျဲကိုကြည့်နေလျက် သူ့စိတ်ထဲ မသက်မသာဖြစ်လာသော်လည်း သူ့လက်ကိုကမ်းပေးလိုက်သည်။


ယွမ်ရှင်းကျဲက ဆံနီ လူကို မှင်သက်စွာ ကြည့်နေမိသော်လည်း ထိုလူက မျက်မှောင်ကြုတ်နေဆဲဖြစ်သည်။ သူ့မျက်လုံးထဲတွင် ရန်လိုမှုများရှိနေသော်လည်း အလွန်ထိန်းချုပ်ထားရပုံပေါ်သည်။


သူတို့နှစ်ယောက် မျက်လုံးချင်းဆုံလိုက်ချိန်တွင် ကာလက်က နေရခက်စွာဖြင့် အကြည့်လွှဲလိုက်ပြီး တည်ငြိမ်ချင်ဟန်‌ဆောင်လိုက်သည်။


" ငါ စိတ်မဆိုးပါဘူး ... ဘာ စိတ်ဆိုးစရာရှိလို့လဲ ... နိုင်တယ်နဲ့ ရှုံးတယ်ဆိုတာ စစ်သားတွေအတွက် ပုံမှန်ပဲလေ ..."


ကာလက်၏ စိတ်ထားက သူထင်ထားသည်ထက် ပိုကောင်းနေမည်ဟု ယွမ်ရှင်းကျဲ မမျှော်လင့်ခဲ့မိပေ။ သူက လက်ကမ်းပေးကာ သူ့ပြိုင်ဘက်နှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။


" စီနီယာ စိတ်မဆိုးတာ တော်သေးတာပေါ့ ... စီနီယာ့လိုမျိုးစတိုင်နဲ့ပြိုင်ဘက်က ကျွန်တော့်ကိုဂိမ်းထဲမှာ အပြတ်ချေမှူန်းပစ်မယ် ထင်ခဲ့တာ ..."


ကာလက်က ယွမ်ရှင်းကျဲ၏လက်ကို ညှစ်လိုက်သည်။ သူ့နှုတ်ခမ်းကို ခပ်ဟဟဖွင့်ကာ လှောင်ပြုံးတစ်ခုကို ဆင်မြန်းလိုက်သည်။


" ဘာစတိုင်လဲ ... ကြယ်တံခွန်မက်ခါဆိုတာ ပြိုင်ဘက်တွေကို တစ်စစီဖြုတ်ပစ်ဖို့ မွေးဖွားလာတာပဲလေ ... ငါကလည်း ပြိုင်ဘက်ကိုကွင်းထဲမှာ အရှုံးမပေးမချင်း တစ်စစီဖြုတ်ပစ်တာပဲလေ ဘာများမှားလို့လဲ ..."


ယွမ်ရှင်းကျဲ အနည်းငယ်လန့်သွားသည်။


" ငါက ကျောင်းလက်ရွေးစင်အဖွဲ့ထဲ ဝင်ချင်ရုံပါပဲ ..."


ကာလက်က လက်ပြန်ရုတ်လိုက်သည်။ သူ၏ အနီရောင်ဆံပင်များအောက်တွင် ခိုင်မာသော အကြည့်တစ်မျိုး ရှိနေသည်။


အမှန်တွင် ကာလက်က သူ၏ပြိုင်ပွဲစတိုင်က အလွန်ကြမ်းတမ်းလွန်း၍ လူပေါင်းများစွာက သူ့ကို အမြင်မကြည်ကြသည်ကိုလည်း သိသည်။


သို့သော် သူဂရုမစိုက်ပေ။


ကာလက်က ပြိုင်ပွဲတစ်ပွဲချင်းစီကို အလေးအနက်ထားကာ ပြိုင်ဆိုင်သည်ကို သူသဘောပေါက်သွားသည်။ သူက ပြိုင်ဘက်၏မက်ခါကို တစ်စစီလုပ်ပစ်ရခြင်းကို အပြစ်ရှိသည်ဟု မခံစားရသကဲ့သို့ ကွင်းထဲတွင် သူ အရှက်ကွဲရခြင်းကိုလည်း စိတ်ဆိုးစရာဟု မထင်ပေ။ 


" ကျွန်တော်တို့ ကျောင်းလက်ရွေးစင်အဖွဲ့မှာ ဆုံကြရင်ကောင်းမယ် ..."


သူက ကာလက်ကို ပြုံးပြလိုက်သည်။


" ကံအကောင်းဆုံးပဲပေါ့ ..."


ကာလက် အံ့အားသင့်သွားသော်လည်း သူ့ကိုသရော်လိုက်သည်။


" မင်းက တော်တော်လေးကို ယုံကြည်ချက်ရှိနေပါလား ... ဒါပေမဲ့ မင်းနဲ့ပြိုင်ဖို့ အခွင့်အရေး ရဦးမယ်ဆိုရင်တော့ မင်းရဲ့ ဒုက္ခိတကြောင်ကို တစ်စစီဖြုတ်ပစ်မယ် ..."


ထို့သို့ပြောလိုက်ခြင်းမှာ ယွမ်ရှင်းကျဲ၏ ခွန်အားက သူစိန်ခေါ်နိုင်သည့် အဆင့်တစ်ခုတွင်ရှိသည်ဟု ရှင်းလင်းစွာအသိအမှတ်ပြုလိုက်ခြင်းဖြစ်သည်။


အိုမီဂါတစ်ယောက်အပေါ် အနိုင်ယူချင်စိတ်ဖြစ်ပေါ်လာခြင်းက ကာလက်အတွက် ပထမဆုံးအကြိမ်ဖြစ်သည်။


ပြောပြီးသည်နှင့် သူက အထာကျကျဖြင့် လှည့်ထွက်သွားသည်။


ယွမ်ရှင်းကျဲလည်း ကွင်းထဲမှ ထွက်သွားသည်။ သူကွင်းထဲမှ ထွက်လိုက်သည်နှင့် သူ၏ခန္ဓာကိုယ်မှ အပူလှိုင်းက ထပ်မံဖြစ်ပေါ်လာသဖြင့် ရပ်တန့်သွားသည်။


ဆေးခန်းကို မြန်မြန်သွားမှပဲ ...


ထိုသို့တွေးကာ သူ့အရှိန်ကို တင်ပြီး မြန်မြန်လျှောက်သွားတော့သည်။


ချီယုက ယွမ်ရှင်းကျဲထွက်သွားသည်ကို မြင်သည့်မအခါ သူ့နောက်မှလိုက်သွားရန် ပြင်လိုက်သည်။


" ချီယု ... ဘယ်သွားမလို့လဲ ..."

စုကျီနန်က သူ့ကို တအံ့တဩဖြင့် ကြည့်လိုက်သည်။


" ယွမ်ရှင်းကျဲဆီ သွားမလို့လေ ..."

ချီယု ခဏရပ်သွားသည်။


စုကျီနန် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။


" ညီလေးရှင်းကျဲက အစ်ကိုကြီးကို ဘလော့ထားလို့ ဟိုရက်ကတောင် စိတ်ဆိုးနေသေးတယ်လေ ... ဟိုရက်ကလည်း အစ်ကိုကြီးကို သူအော်တယ်လေ ... အစ်ကိုကြီးကသူ့ကို စိတ်ဆိုးအောင်လုပ်ထားတာ သူ့ဘာသာသူ အေးအေးဆေးဆေး နေခိုင်းလိုက်ပါ ..."


ချီယုက တွန့်ဆုတ်ခြင်းမရှိပဲ ပြန်ဖြေလိုက်သည်။


" သူက ငါ့အတွက်နဲ့ သူ့ကိုယ်သူ တိုးတက်အောင်လုပ်ထားတာ ... မက်ခါမောင်းသင်ထားရုံတင်မကဘူး ကာလက်ကိုလည်း အနိုင်ယူခဲ့သေးတယ် ... သူအဲ့လောက်တောင် ပြောင်းလဲပေးထားတာ ငါသာ စကားသေချာပြောသရွေ့ သူစိတ်မဆိုးတော့လောက်ပါဘူး ... ပြီးတော့ သူပြိုင်ပွဲမှာ နိုင်သွားတာကို ငါဂုဏ်ပြုရဦးမယ်လေ ..."


စုကျီနန်က ချီယု၏ဘေးသို့သွားရပ်ကာ သက်ပြင်းချလိုက်သည်။


" အစ်ကိုကြီးယုက ညီလေးရှင်းကျဲရဲ့ စိတ်ကို သေချာနားမလည်သေးဘူးပဲ ... သူအခု ပင်ပန်းနေတာလေ ... အစ်ကိုကြီးသူ့ကို သွားဂုဏ်ပြုရင်တောင် ဘာမှပြန်ပြောနိုင်မှာ မဟုတ်ဘူး ..."


ထိုစကားများ ကြားသည့်အခါ ချီယု မျက်မှောင်မကြုတ်ပဲ မနေနိုင်တော့ပေ။


" ကောင်းပြီလေ ဒါဆိုရင်လည်း သူ့ကို အဆောင်ပြန်လိုက်ပို့ပေးပြီး ပြန်လာခဲ့မယ် ..."


ထို့နောက် ပွဲကြည့်စင်မှ ထွက်သွားသည်။


စုကျီနန်၏မျက်နှာက ပြောင်းလဲသွားသည်။ လက်သီး တင်းတင်းဆုပ်ထားကာ ပြောလိုက်သည်။


" ကျွန်တော်လည်း လိုက်ခဲ့မယ် ... ကျွန်တော်လည်း ညီလေးရှင်းကျဲကို ဂုဏ်ပြုချင်တယ် ..."


ထို့နောက်တွင် ချီယု၏နောက်ကို ပြေးလိုက်သွားသည်။


xxxx