Chapter : 44 ( မီး မိန်းကလေး [19] )
ရှန့်ချန့်ယန်က မေးလိုက်သည်။
"ခုထိကြောက်နေတုန်းလား"
"မကြောက်တော့ပါဘူး"
ဟိုင်ရိသည် ကုတင်ပေါ်လှဲလျက် နာလန်မထူသေးသလို ခံစားနေရ၏။
"မေ့တောင်မေ့နေပြီ"
ရှန့်ချန့်ယန် ရယ်မိလိုက်သည်။
ဟိုင်ရိ : "ခေါင်းအေးသွားအောင် လုပ်ပါရစေဦး"
ရှန့်ချန့်ယန် : "ခေါင်းအေးရင်လည်း အေးပေါ့၊ ကျွန်တော်တော့ အိပ်တော့မယ်"
ဟိုင်ရိ သူနောက်နေတယ်ဟု ထင်ခဲ့သော်လည်း ရှန့်ချန့်ယန် တကယ်ပင် ထိုစကားပြောပြီးနောက် လှည့်ပြီး အိပ်လိုက်သည်။
ဟိုင်ရိ : ?
ဟိုင်ရိ : "ဟယ်လို"
ရှန့်ချန့်ယန်က အသံတိုးတိုးနဲ့ တီးတိုးရေရွတ်လိုက်၏။
"ကျွန်ဆော်အိပ်ချင်နေပြီ၊ မနက်ကျရင် စောစောနှိုးဦး"
ဟိုင်ရိ ကြောင်သွားသည်။
"မင်းက ဘယ်လိုလူမျိုးလဲ"
"နှစ်ညဆက်တိုက် အိပ်ရေးပျက်နေတဲ့သူမျိုးပါ"
ရှန့်ချန့်ယန် ပြန်ဖြေလိုက်သည်။
"ခင်ဗျားက ညဉ့်နက်အထိ မီးထွန်းပြီး အလုပ်လုပ်တော့မလို့လား… ကျွန်တော်သာ ဆက်ပြီး အိပ်ရေးပျက်နေရင် ခင်ဗျားအဖြေကို မကြားရခင် အရင်သေသွားလိမ့်မယ်"
ဟိုင်ရိမှာ ပါးစပ်ပိတ်ပြီး မျက်လုံးပြူးပြူးနဲ့ မျက်နှာကျက်ကို စိုက်ကြည့်ဖို့မှလွဲလို့ တခြားရွေးစရာမရှိတော့။ ဟိုင်ရိတစ်ကိုယ်လုံး စိတ်လှုပ်ရှားမှုတွေ လွှမ်းခြုံသွားပြီး နောက်ခံကနေ ကုတ်ခြစ်သံများ ထွက်ပေါ်လာသည်။
ရိုင်းစိုင်းသည့်အသံတစ်ခုက ခေါင်းထဲမှာ ပဲ့တင်ထပ်လာပြီး ကျယ်လောင်စွာ အော်ဟစ်နေ၏။
ရှန့်ချန့်ယန် ငါ့ကို ဖွင့်ပြောလိုက်ပြီ!!!!!!!
သူငါ့ကို လိုက်ချင်နေတာလား အားးးး!
သူဘယ်လိုလိုက်မှာလဲ!!!
လခွမ်း!!! ကြေကွဲဖွယ် ကောင်းလိုက်တာ...
ငါတို့နှစ်ယောက်မှာ ဘယ်လိုအနာဂတ်ရှိနိုင်မှာလဲ…
အတူတူသေရမှာလား…
ဟိုင်ရိ သူ့ခေါင်းထဲရှိ အသံကြောင့် အကြီးအကျယ် စိတ်အနှောင့်အယှက်ဖြစ်နေသည်။ သူအသက်ပြင်းပြင်းရှူလိုက်၏။
အချိန်အတော်ကြာသည်အထိ အိပ်ချင်စိတ် လုံးဝမရှိချေ။ သူဖုန်းကို ခိုးကြည့်လိုက်သည်။ ၂:၃၀ နာရီ ရှိနေပြီဖြစ်သည်။
မိုးက မကြာခင်လင်းတော့မည်ဖြစ်သည်။ သူ့ကို လက်တွေ့ဆန်ဆန် ချက်ချင်း ပြန်တွန်းပို့လိုက်သလိုပင်။ လူသတ်သမား သူမသေသေးကြောင်း သိသွားပါက ဘာလုပ်သင့်သလဲ...
ရှန့်ချန့်ယန် ထိုကိစ္စကို မပြောခဲ့သောကြောင့် ပြဿနာမရှိသင့်ပေ။ နောက်ထပ် အတွေးတစ်ခုက မကြာခင် သူ့စိတ်ထဲ ပေါ်လာသည်။
ရှန့်ချန့်ယန် လျိုကျယ်၏ ညဘက် စကားပြောဖို့ အကြံပြုချက်ကို ပယ်ချခဲ့သည်။
ဖြစ်နိုင်သည်က အခန်းထဲ၌ ကြိုတင်ပြင်ဆင်မှုများ လုပ်ဖို့ ဖြစ်နိုင်သည်။
ရှန့်ချန့်ယန်လို ပိန်ပိန်ပါးပါး လူတစ်ယောက်သည် အဘယ်ကြောင့် အမြဲတမ်း တည်ငြိမ်ပြီး စုစည်းနေလဲဆိုသည်ကို သူနားမလည်နိုင်သေးချေ။
ရှန့်ချန့်ယန်သည် သူ့ကို နောက်ဘာဖြစ်မလဲဆိုတာ ခန့်မှန်းနိုင်သည့် သူတစ်ယောက်လို ခံစားရစေ၏။
ရှန့်ချန့်ယန်သည် သူ့ကို ငြင်းပစ်ချင်မှာ မဟုတ်ဘူးဟု ထင်မိသည်။ အမှန်ကား၊ ဟိုင်ရိသည် ထိုကိစ္စထဲမှ သိနိုင်သည်က ရှန့်ချန့်ယန်သည် သူ့ကို သူငယ်ချင်းအဖြစ်သာ သဘောထားသည်ဆိုလျှင်၊ သူကောင်းကောင်းနေနိုင်ရန် သူ့အား ငြင်းပစ်ရန် မျှော်လင့်သင့်ပေ၏။ သို့ပေမယ့် ရှန့်ချန့်ယန်သည် သူ့အား ထွက်မသွားစေချင်ခဲ့၊ စည်းကမ်းများကိုပင် ချိုးဖောက်ခဲ့သေးသည်။
စည်းကမ်းချိုးဖောက်ခြင်း၏ အကျိုးဆက်ကား ဘာတွေဖြစ်မယ်ဆိုတာ ဟိုင်ရိမသိပေ။ သို့သော်လည်း ထိုကိစ္စ၌ အပြစ်ပေးခြင်းတစ်စုံတစ်ရာ မရှိဘဲ လွတ်မြောက်သွားရန် မဖြစ်နိုင်ပေ။
ဟိုင်ရိ နောက်လှည့်ကြည့်လိုက်ရာ ရှန့်ချန့်ယန်၏ ကျယ်ပြန့်သော ကျောပြင်ကို တွေ့လိုက်ရသည်။ သူ့ကိုယ်ပေါ်တွင် လူငယ်လေးတစ်ဦး၏ ပိန်သွယ်သော ခန္ဓာကိုယ်ပုံစံရှိပြီး ခေါင်းအုံးထဲသို့ မြုပ်နှံထားသည့်အတွက် နောက်ကျောဘက်မှပင် အေးစက်စက် အငွေ့အသက်များ ထွက်ပေါ်နေ၏။
'ဘယ်သူက ငါ့ကို သတ်ချင်တာလဲ'
ဟိုင်ရိ ဓားတွင် မိမိအပေါ်သို့ ကျရောက်ခဲ့သည်ဖြစ်ရာ ထပ်မံစဉ်းစားမိသည်။
'ဘယ်သူက လူသတ်သမား ဖြစ်နိုင်မလဲ'
'လျိုကျယ်တော့ မဖြစ်နိုင်လောက်ပါဘူး၊ ဟုတ်တယ်မလား'
သူ တွေးလိုက်မိပြန်သည်။
ဤကမ္ဘာတွင် သေခြင်းတရားဟူသည် အသက်ပင်ဖြစ်သည်။ ထို့ကြောင့် တစ်စုံတစ်ဦးကို သတ်ဖြတ်ခြင်းမှာလည်း ၎င်းတို့အား အသက်ပြန်ရှင်စေခြင်းပင် ဖြစ်သည်။ သတ်ဖြတ်ခြင်းလုပ်ရပ်သည် လူသတ်မှုဟု ကိုယ်စားမပြုတော့ပေ။ လူသတ်သမားသည် အပြစ်ရှိသည်ဟူသော ခံစားချက်အားလုံးကို ဆုံးရှုံးသွားလိမ့်မည်ဖြစ်ရာ လူသတ်သမားမည်သူမဆို ဖြစ်နိုင်သည်။
'ရှန့်ချန့်ယန်လည်း မဖြစ်နိုင်ပါဘူး၊ ဟုတ်တယ်မလား'
ဟိုင်ရိသည် မိမိအတွေးများကြောင့် တုန်လှုပ်သွားပြီး ထိုအတွေးကို ချက်ချင်းပင် ပယ်ချလိုက်သည်။ ရှန့်ချန့်ယန်သည် ထိုသို့သောသူမျိုး မဟုတ်ပေ။
အမှန်စင်စစ်၊ ပတ်ဝန်းကျင်လေထုကြောင့်သော်လည်းကောင်း၊ ဤကြောက်မက်ဖွယ်ကောင်းသော ညကို ဟိုင်ရိ မေ့ပျောက်စေလိုသည့် ရှန့်ချန့်ယန်၏ ဆန္ဒကြောင့်သော်လည်းကောင်း၊ ရှန့်ချန့်ယန်သည် သူပြုခဲ့သည်များကို ပြောပြခဲ့ပေလိမ့်မည်။ အသေးစိတ် စီစဉ်ထားသော အစီအစဉ်တစ်ခုနှင့် နှိုင်းယှဉ်ပါက ဤဝန်ခံခြင်းသည် မတော်တဆမှုတစ်ခုနှင့် ပိုမိုဆင်တူသည်။
ဟိုင်ရိ၏ စိတ်ထဲ၌ အထူးတလည် ရှုပ်ထွေးနေသည်။
ရုတ်တရက် ရှန့်ချန့်ယန် နောက်လှည့်ကြည့်လိုက်သောအခါ ဟိုင်ရိသည် သူ၏ အာရုံကို ရှန့်ချန့်ယန်ထံသို့ ပြန်လည်ပို့လိုက်ရသည်။ သူသည် ရှန့်ချန့်ယန် လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ခေါင်းအုံးအောက်တွင် စမ်းနေသည်ကို ကြည့်နေမိ၏။ ကာလတစ်ခုကြာပြီးနောက် သူသည် နားကြပ်တစ်စုံကို ထုတ်ယူလိုက်သည်။ မျက်လုံးများမှိတ်ကာ သူ၏ ဖုန်းကို စတင်စမ်းသပ်နေ၏။
"မင်း ခုထိ မအိပ်သေးဘူးလား"
ဟိုင်ရိ မေးလိုက်သည်။
ရှန့်ချန့်ယန်သည် မျက်လုံးများကို အိပ်ချင်မူးတူးဖြင့် ဖွင့်လိုက်၏။ ဖုန်း၏ နားကြပ်ပေါက်ထဲသို့ နားကြပ်ထိုးထည့်ပြီး သူတစ်ခုခုကို ရှာဖွေရန် မျက်နှာပြင်ကို မျက်လုံးမှိတ်၍ ကြည့်လိုက်သည်။ ထို့နောက် နားကြပ်တစ်ဖက်ကို ဟိုင်ရိ၏ နားထဲသို့ ထိုးထည့်လိုက်၏။
ဟိုင်ရိသည် ရင်းနှီးသော သံစဉ်တစ်ခုကို ကြားလိုက်ရသည်။
~ အချစ်ကို လိုချင်သည့်အချိန်၊ ရောင်းချင်တဲ့အချိန်မှာ ရောင်းလို့ဝယ်လို့မရဘူး… ~
ဟိုင်ရိသည် ဘာမှမပြောနိုင်အောင် ဖြစ်သွားသည်။
"ကဲ၊ အိပ်တော့"
ရှန့်ချန့်ယန်သည် မျက်လုံးများမှိတ်လိုက်ပြီး ပြောလိုက်၏။
ဟိုင်ရိသည် ရယ်မောခြင်းကို မထိန်းချုပ်နိုင်အောင် ဖြစ်သွားသည်။
ရှန့်ချန့်ယန်သည် ဟိုင်ရိကို အိပ်ပျော်အောင် ချော့မြှူသကဲ့သို့ သူ၏ ပခုံးကို ပုတ်လိုက်၏။ သူ၏ လက်က ဟိုင်ရိ၏ ပခုံးပေါ်တွင် ရှိနေချိန်၌ သူသည် ပြန်လည်အိပ်ပျော်ရန် ကြိုးစားနေပုံရသည်။
ဟိုင်ရိသည် သူ့ကို မျက်လုံးပြူးပြူးဖြင့် စိုက်ကြည့်နေ၏။ ရှန့်ချန့်ယန်၏ နားတွင် နားကြပ်တစ်ဖက်ရှိနေသည်ကို တွေ့သောအခါ ဟိုင်ရိသည် သူ၏လက်ဖြင့် ရှန့်ချန့်ယန်ပခုံးကို ~ မင်း အရင်တုန်းက လမ်းခွဲချင်ခဲ့တယ်၊ လမ်းခွဲလိုက်ပါတော့ ~ ဟူသော သံစဉ်အတိုင်း ညင်သာစွာ ပုတ်လိုက်သည်။
"ဒါကမင်းရဲ့ ပထမဆုံး အချစ်ဆီ ဦးတည်တဲ့ ခြေလှမ်းလား"
ဟိုင်ရိက မေးလိုက်သည်။
"ဒါပထမဆုံး ခြေလှမ်းဟုတ်လား"
စိတ်ရှုပ်ထွေးနေသော ရှန့်ချန့်ယန်သည် မစဉ်းစားဘဲ ပြန်ဖြေလိုက်၏။
"အဲဒါက သိပ်ပြီး သတိမရှိရာ မကျဘူးလား"
ဟိုင်ရိ : "ဒါဆို မင်းရဲ့ ပထမဆုံး ခြေလှမ်းက ဘာလဲ"
"မမှတ်မိဘူး"
ရှန့်ချန့်ယန်သည် မူးဝေစွာ တီးတိုးရေရွတ်လိုက်သည်။ သူသည် မည်သည့်အချိန်မဆို အိပ်ပျော်သွားနိုင်ပုံရ၏။
"ခင်ဗျားက အရမ်းချောတယ်"
ဟိုင်ရိသည် ဘာမှပြန်မပြောနိုင်တော့ပေ။
ရှန့်ချန့်ယန်သည် တကယ်ပင် ယခုအခါ အလွန်ပင်ပန်းနေပြီဖြစ်သည်။ သူ အိပ်ရာမဝင်မီ ဟိုင်ရိ အိပ်ပျော်ရန် စောင့်နေခဲ့သော်လည်း ဟိုင်ရိသည် မမျှော်လင့်ဘဲ မည်သို့မျှ အိပ်မပျော်နိုင်ဘဲ ကြက်သွေးထိုးသွင်းခံထားရသကဲ့သို့ ဖြစ်နေ၏။ မစောင့်နိုင်တော့ဘဲ သူသည် <Love for Sale> သံစဉ်အတိုင်း ခဏချင်းပင် အိပ်ပျော်သွားသည်။
ရုတ်တရက် ငြိမ်သက်ခြင်းတစ်ခုသည် ဟိုင်ရိကို လွှမ်းခြုံသွား၏။ သူသည် မျက်လုံးများကို မှိတ်လိုက်ပြီး မကြာမီ အိပ်ပျော်သွားသည်။
နောက်တစ်နေ့ မနက်စောစောတွင် နှိုးစက်က သူ့ကို နှိုးလိုက်သည်။ သူ မျက်လုံးဖွင့်လိုက်သောအခါ သူ့ဘေးတွင် မည်သူမျှ မရှိတော့ပေ။
ဗီရို တံခါးကျယ်ကြီး ပွင့်နေသေးသည်။ အခန်းထဲ၌ လူတစ်ယောက်မှတော့ မရှိချေ။
ဟိုင်ရိက သူ့ဖုန်းကို လှမ်းကြည့်လိုက်သည်။ ရှန့်ချန့်ယန်က သူ့ကို စာတစ်စောင်ပို့ထား၏။
'ကျွန်တော်သွားပြီ'
စာကို မနက် ၆:၁၅ နာရီမှာ ပို့ခဲ့ပြီး အခု ၈:၃၀ နာရီ ရှိပြီဖြစ်သည်။
ညက သိပ်နောက်ကျမှ အိပ်ခဲ့တာကြောင့် ဟိုင်ရိ တကယ်တော့ အိပ်ရာက မထချင်သေး။ ထို့နောက်တွင် ရှန့်ချန့်ယန်ဆီက ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရရှိခဲ့သည်။ ဟိုင်ရိ ဖုန်းကို ကောက်ကိုင်ပြီး မေးလိုက်၏။
"မင်းငါ့အတွက် နှိုးစက်ပေးထားတာလား"
ဟိုင်ရိ နှာချေလိုက်သည်။
"အဲလိုနောက်စရာတွေ မပြောပါနဲ့၊ အခု ငါ ဒီလိုဟာမျိုး မခံနိုင်ဘူး..."
ရှန့်ချန့်ယန် : "မနက်စာ လာစား"
ဟိုင်ရိက ကုတင်ပေါ်မှာ ပက်လက်လှန်နေ၏။ သူကိုယ်သူ ထဖို့ မတတ်နိုင်။
ရှန့်ချန့်ယန် : "ခင်ဗျား ခုထိ မပေါ်လာရင် လူတိုင်း ခင်ဗျားသေပြီလို့ ထင်ကြလိမ့်မယ်"
ဟိုင်ရိမှာ ထပြီး မျက်နှာသစ်ဖို့မှလွဲလို့ ရွေးစရာမရှိတော့ပေ။ သူ အိမ်သာမှန်ထဲက သူ့ပုံရိပ်ကို ကြည့်လိုက်သည်။ သူ့ဆံပင်တွေက ငှက်သိုက်လိုဖြစ်နေပြီး ညက သိပ်နောက်ကျမှ အိပ်ခဲ့တာကြောင့် နည်းနည်း ဖောရောင်နေ၏။ ဟိုင်ရိက ဝမ်းနည်းစွာဖြင့် စဉ်းစားမိသည်။
မနက်ခင်းမှာ ရှန့်ချန့်ယန် မြင်ခဲ့ရတဲ့ မြင်ကွင်းက ဒါလား…
သူ သိပ်နီးနီးကပ်ကပ် မကြည့်ခဲ့ပါစေနဲ့လို့ မျှော်လင့်ရ၏။
သူဤတစ်ကြိမ်တွင် သူ့ဆံပင်ပုံစံကို အထူးတလည် ပြင်ဆင်လိုက်သည်။ မှန်ထဲရှိ သူ့ပုံရိပ်ကို သေချာစစ်ဆေးပြီးနောက် နောက်ဆုံးတော့ ကောင်းပြီလို့ ခံစားရ၏။ ရှန့်ချန့်ယန်ရဲ့ စကားများက ရုတ်တရက် သူ့စိတ်ထဲ ပေါ်လာသည်။
'ခင်ဗျားက အရမ်းချောတယ်'
ဟိုင်ရိ မျက်နှာနီရဲသွားသည်။
ဟိုင်ရိက သူ့ကိုယ်သူ အားပေးလိုက်၏။
"မင်းက ထိုက်တန်ပါတယ်၊ မင်းက ထိုက်တန်ပါတယ်၊ မင်းက ထိုက်တန်ပါတယ်!"
နောက်ဆုံးစကားလုံးမှာ သူ မှန်ထဲက သူ့ပုံရိပ်ကို လက်ညှိုးထိုးလိုက်သည်။ သူက ပုံစံလုပ်လိုက်သည်၊ လက်တစ်ဖက်က သူ့ခေါင်းပေါ်မှာရှိပြီး သူ့ခေါင်းကို အနည်းငယ် ငုံ့ထား၏။ သူ ကြွေးကြော်လိုက်သည်။
"နှလုံးခုန်သံလေးရေ...မင်းက ထိုပ်တန်ပါတယ်ကွာ"
ဟိုင်ရိက သူ့ကိုယ်ပိုင် လေးစားမှုကို မြှင့်တင်ခြင်းကို ပြီးဆုံးပြီး မနက်စာစားရန် ထွက်သွားသည်။ သူခြေချလိုက်သည့်အခိုက်အတန့်တွင် အခန်းတစ်ခုလုံး တိတ်ဆိတ်သွား၏။
သူ ရှန့်ချန့်ယန်ဘေး၌ သဘာဝအတိုင်း ဝင်ထိုင်လိုက်သည်။ ထန်ယင်၏ ခက်ရင်း စားပွဲပေါ်သို့ ကျသွားသံမှာ မြည်ဟည်းသွား၏။
ဒီနေ့အတွက်မနက်စာ...ဟိုင်ရိ တစ်ကိုက်ကို သူ့ပါးစပ်ထဲ ထိုးထည့်လိုက်သည်။ အရသာမဆိုးဘူးဟု ခံစားရပြီးနောက် သူမှတ်ချက်ချလိုက်၏။
"မဆိုးဘူး"
လျိုကျယ် : "...ဟိုင်ရိ"
ဟိုင်ရိ သူမကိုကြည့်ဖို့ ခေါင်းထောင်လိုက်ပြီး ဘာမှမဖြစ်ခဲ့သလို ပြန်ဖြေလိုက်သည်။
"အင်း"
"နင်..."
လျိုကျယ်က စကားဖြတ်လိုက်သည်။
“နင် ခုထိ ရှိနေသေးတာလား"
သူမ ထရပ်ပြီး ဟိုင်ရိဆီ လျှောက်လာပြီး သူ့ကျောကို ပုတ်လိုက်၏။
"နင် ထွက်သွားပြီလို့ ငါထင်ခဲ့တာ! နင့်အခန်းမှာ ညက တော်တော် ဆူဆူညံညံဖြစ်ခဲ့တာ၊ ဘာဖြစ်ခဲ့တာလဲ"
ဟိုင်ရိ : "အာ...ငါ့အခန်းလား ငါမသိဘူး"
ရှန့်ချန့်ယန်ရဲ့ ပါးစပ်ထောင့်စွန်းက အနည်းငယ် ကော့ညွတ်သွား၏။
မသိယောင်ဆောင်လျက် ဟိုင်ရိက လျိုကျယ်ကို ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"မင်း နားကြားမှားတာလား၊ ငါညက စောစောအိပ်တာ ဘာမှမကြားလိုက်ဘူး"
လျိုကျယ် ကြောင်သွားပြီး တစ်စိတ်တစ်ပိုင်း မယုံကြည်နိုင်သလိုမျိုးပင်။ သို့သော် ဟိုင်ရိသည် သူမဟာ သင့်လျော်တဲ့ အပြုအမူကို နားလည်သည့်ဉာဏ်ကောင်းသော အမျိုးသမီးတစ်ယောက်ဆိုတာ သိ၏။ တကယ်ပင် သူမက မေးခွန်းများကို ဆက်မမေးတော့ပေ။
ဟိုင်ရိသည် သူဝင်လာတုန်းက လူတိုင်း၏ တုံ့ပြန်မှုများကို အထူးတလည် စောင့်ကြည့်ခဲ့၏။
ကျန်သည့် သုံးယောက်၏ မျက်နှာများမှာ အံ့ဩခြင်း အပြည့်ရှိနေသော်လည်း ဝမ်ယင့်၏ အသားအရေမှာ အရမ်းကို ဆိုးရွားပြီး သူပြိုလဲလုမတတ် ဖြစ်နေပုံရသည်။
ဝမ်ယင့်က လူသတ်သမား ဟုတ်မဟုတ်ကို ဟိုင်ရိ အရမ်းသိချင်နေပြီဖြစ်၏။ ဝမ်ယင့်အား လူသတ်သမားဟု သူခံစားရပြီး ထို့အတွက်ကြောင့် သူမှန်လားဆိုတာ သိချင်နေသည်။
သို့ပေမယ့် ဝမ်ယင့်သည် လူသတ်သမားဆိုပါက အရာအားလုံး သိပ်ရိုးရှင်းလွန်းနေပြီဖြစ်၏။
ရှန့်ချန့်ယန်သည် မနက်ခင်း၌ ဟိုင်ရိကို ဘာမှမဖြစ်ခဲ့သလိုမျိုး လှမ်းကြည့်လိုက်သည်။ သူ မနက်စာစားပြီးနောက် သူ့ခေါင်းကို စားပွဲပေါ်တင်ပြီး ဖုန်းကို စိုက်ကြည့်နေ၏။ ဟိုင်ရိ သူ့ကို ခါးရိုးမနာရအောင် တည့်တည့်ထိုင်ဖို့ တိုက်တွန်းချင်ခဲ့သော်လည်း အမြင်မတော်မှာကို ကြောက်သည်ကြောင့် သူ့စိတ်ထဲမှာသာ မှတ်ထားလိုက်ရ၏။ သူ ရှန့်ချန့်ယန်ကို နောက်မှ ယခုလို မထိုင်တော့ဖို့ ပြောရန်သူ့စိတ်ထဲ၌ မှတ်သားထားလိုက်သည်။
မနက်စာက တစ်ဦးစီ၏ ကိုယ်ပိုင်အတွေးများနှင့် ငြိမ်းချမ်းစွာ ကုန်ဆုံးသွား၏။
နောက်ပိုင်းမှ သေဆုံးသူက စားပွဲခင်းကို လာသိမ်းသည်။ သူမသည် မနေ့ကနှင့် မည်သည်မျှမထူးခြားပေ။ ဟိုင်ရိထံလျှောက်လာသည့်အခါမှာလည်း ထူးခြားတဲ့ အပြုအမူမျိုး ပြသခြင်းမရှိပေ။
ရှန့်ချန့်ယန်က စားပွဲအောက်၌ သူ့ဖုန်းပေါ်တွင် အမြန်ရိုက်နှိပ်လိုက်သည်။ ဟိုင်ရိက သူလက်ခံရရှိသည့် မက်ဆေ့ခ်ျကို နှိပ်လိုက်၏။ ၄င်းသည် ပေါင်ပေ့ဆီက မက်ဆေ့ခ်ျဖြစ်ပြီး 'သေဆုံးသူမှာ မှတ်ဉာဏ်တွေရှိတယ်' လို့ ပြောထားသည်။
စကားမပြောနိုင်စွာဖြင့် ဟိုင်ရိက သူ့ကို အစက်သုံးစက် ပို့လိုက်၏။
ရှန့်ချန့်ယန် : "ဒါကြောင့် သူ့ကို မဆွနဲ့၊ သူ ခင်ဗျားကို ရှာပြီး ဘယ်ကနေမှန်းမသိအောင် လန့်အောင်လုပ်လိမ့်မယ်"
ဟိုင်ရိ : "သူ ငါ့ကို သတ်ဖို့ လက်လျှော့လိုက်ပြီလား"
ရှန့်ချန့်ယန် : "လူသတ်သမားက လက်လျှော့မလျှော့ပေါ် မူတည်တယ်"
ဟိုင်ရိ စတင်ရိုက်နှိပ်လိုက်၏၊ သူ့ခေါင်းငုံ့ထားသည်။
"မင်းဒါကို ဘယ်လိုဖြေရှင်းခဲ့လဲ၊ မင်းအဆင်ပြေလား"
ရှန့်ချန့်ယန် : "အစီရင်ခံစာတစ်စောင်ရေးခဲ့တယ်၊ ညက ကျွန်တော်တိုက်ခိုက်ခံရတယ်လို့ ပြောခဲ့တာ"
ဟိုင်ရိ ခဏတာ တိတ်ဆိတ်သွားသည်။
ရှန့်ချန့်ယန် နောက်ထပ် မက်ဆေ့ခ်ျတစ်ခု ပို့လိုက်သည်။
"ဒီည ကျွန်တော့်အခန်းလာအိပ်"
ဟိုင်ရိဆီက ပြန်စာမရသည်နှင့် ဟိုင်ရိ နားလည်မှုလွဲသွားမှာကို စိုးရိမ်သည်ကြောင့် ရှန့်ချန့်ယန်က နောက်ထပ်မက်ဆေ့ခ်ျတစ်ခုနဲ့ ဆက်လိုက်သည်။
"ခင်ဗျားအခန်းထဲက စက်က ပျက်နေတယ်"
ဟိုင်ရိ သူ့ကို 'အိုကေ' စတစ်ကာတစ်ခု ပို့လိုက်၏။
ရှန့်ချန့်ယန်သည် သူ၏ ထူထဲပြီး စောင်းနေသည့် မျက်ခုံးမွှေးများကို တွန့်ချိုးလိုက်သည်။ စာပို့ခြင်းကို ရပ်လိုက်ပြီးနောက် သူ၏ဖုန်းကို စားပွဲပေါ်သို့ တင်လိုက်၏။ ထို့နောက် ဖုန်းကို ဖြည်းဖြည်းလေး ပုတ်လိုက်ကာ တစ်စုံတစ်ရာကို စဉ်းစားနေပုံရသည်။
ဟိုင်ရိသည် ရှန့်ချန့်ယန်တွင် အတွေးများစွာ ရှိတတ်သည်ဟု ခံစားရ၏။ သူသည် အမြဲတမ်း တိတ်ဆိတ်ပြီး လျစ်လျူရှုတတ်ကာ စဉ်းစားသည့်အခါ တခြားသူများကို မိုင်ပေါင်းထောင်ချီ ဝေးကွာနေသကဲ့သို့ ခံစားရစေသည်။ သူတို့သည် အခန်းကဏ္ဍချင်း လဲထားသကဲ့သို့ပင်။ ဟိုင်ရိက ရှန့်ချန့်ယန်ကို ကာကွယ်လိုခဲ့သော်လည်း တကယ်တမ်းတွင် ကာကွယ်ပေးနေသည်မှာ ရှန့်ချန့်ယန်သာ ဖြစ်၏။ ဟိုင်ရိသည် ဤကမ္ဘာအကြောင်းကို ရှန့်ချန့်ယန်ကဲ့သို့ နားလည်မှုအဆင့် မရှိသည်မှာ အမှန်ပင်။
လူတိုင်း မနက်စာစားပြီးသည်နှင့် သေဆုံးသူက တရားဝင် ကြေညာလိုက်သည်။
"သက်သေရှာဖွေမှု အခုစမယ်”
ဟိုင်ရိက ပေါ့ပေါ့ပါးပါးပင် မေးလိုက်၏။
"ဘယ်နေရာကို ရှာရမလဲ၊ အဖေ.."
( TN : ဝမ်ယင့်အခန်းကို ရှာဖို့ လုပ်နေတာပါ )
ရှန့်ချန့်ယန်၏ အသံက ကျယ်လွန်းခြင်း၊ ပျော့လွန်းခြင်းမရှိဘဲ၊ သူက အကြံပြုချက်တစ်ခု ပေးနေရုံသက်သက်လိုပင် ပြောလိုက်၏။
"ကျွန်တော့်ဟာကို ရှာလိုက်၊ ကျွန်တော့်သဲလွန်စတွေက ပိုရိုးရှင်းတယ်"
ဟိုင်ရိသည် ရယ်လိုက်ပြီးနောက်
"ကောင်းပြီလေ၊ ရိုးရှင်းတဲ့သဲလွန်စတွေကို ငါစိန်ခေါ်မယ်"
လျိုကျယ် : "တကယ်လား...ရှင်တို့တွေက တော်တော်ရှက်စရာကောင်းတယ်၊ မစိုက်ပျိုးဘဲ ရိတ်သိမ်းနေကြတာ"
ဟိုင်ရိ : "ငါ့ဟာကိုလည်း ရှာလိုက်ပါ၊ ငါ့မှာလည်း သဲလွန်စတွေ အများကြီးမရှိဘူး"
ဟိုင်ရိသည် စိုးရိမ်ခြင်းမရှိပေ။ ညက အရာများသည် အလွန်ရှုပ်ထွေးခဲ့ပြီး သူ၏ ကိုယ်ပိုင်အခန်းထဲတွင် မည်သည့်သဲလွန်စများ ဖွက်ထားသည်ကို သူကိုယ်တိုင်ပင် မမြင်ခဲ့ရပေ။ သို့သော် သူ၏ဇာတ်ညွှန်းကို ဖတ်ပြီးပြီဖြစ်သောကြောင့် အသက်အန္တရာယ်ရှိသည့် မည်သည့်သဲလွန်စမှ ရှိမနေသင့်ပေ။
သူသည် လူသတ်သမားမဟုတ်သောကြောင့် ဤတစ်ကြိမ်တွင် အနည်းငယ် ပို၍ ပေါ့ပေါ့ပါးပါးနေကာ အမှန်အတိုင်း ပြောပြရန် ရည်ရွယ်ခဲ့သည်။ နောက်ဆုံး၌ ဟိုင်ရိနှင့် ရှန့်ချန့်ယန်တို့သည် တစ်ဦးနှင့်တစ်ဦး၏ အခန်းများကို ရှာဖွေကြပြီး၊ လျိုကျယ်သည် ထန်ယင်၏အခန်းကို ရှာဖွေ၊ ထန်ယင်က ဝမ်ယင့်၏အခန်းကို ရှာဖွေကာ ဝမ်ယင့်က လျိုကျယ်၏အခန်းကို ရှာဖွေခဲ့ကြ၏။
ဟိုင်ရိသည် သူ၏အခန်းထဲသို့ ခြေချလိုက်သည်နှင့် ရှန့်ချန့်ယန်နှင့်သက်ဆိုင်သည့် သင်းပျံ့သည့် ရနံ့ကို နမ်းရှိုက်မိလိုက်သည်။ ထိုရနံ့မှာ ပေါ့ပါးသည့်ရနံ့ဖြစ်ပြီး၊ ရှန့်ချန့်ယန် သန့်ရှင်းရေးလုပ်ရန် အသုံးပြုခဲ့သည့် ပစ္စည်းများ၏ ရနံ့ ဖြစ်နိုင်၏။ ရှန့်ချန့်ယန်သည် အခန်းမှ မထွက်ခွာမီလေးတွင်ပင် သန့်ရှင်းရေး လုပ်ခဲ့ပုံရသည်။
ဟိုင်ရိသည် ရေချိုးခန်းတံခါးကို ထူးဆန်းစွာ စပ်စုလိုစိတ်ဖြင့် တွန်းဖွင့်လိုက်၏။ ရေငွေ့များ၏ ခံစားမှုမှာ ယခုတိုင် ရှိနေဆဲပင်။ အလှပြင်စားပွဲပေါ်တွင် ပုလင်းများနှင့် အိုးများ စုပုံနေသည်ကို တွေ့လိုက်ရသည်။ ပိုမိုနီးကပ်စွာ စစ်ဆေးပြီးနောက် ဟိုင်ရိသည် ဤနေရာတွင် ဘာသဲလွန်စမှ မရှိဟု ကောက်ချက်ချလိုက်၏။
ရေချိုးခန်းမီးများ ရုတ်တရက် ပိတ်သွားသည်။ ဟိုင်ရိ ဘာမှမပြောဘဲ နေလိုက်၏။ ရေချိုးခန်းတံခါးသည် အနည်းငယ်ဟနေပြီး အပြင်မှ အလင်းရောင် အနည်းငယ် ဝင်လာစေသည်။ ဟိုင်ရိ၏ မျက်စိရှေ့တွင် သွေးများသည် မှန်အောက်သို့ ဖြည်းဖြည်းချင်း စီးကျလာ၏။ ဟိုင်ရိသည် မှန်ကို ဘာခံစားချက်မှမရှိဘဲ စိုက်ကြည့်နေပြီး လုံးဝမလှုပ်ရှားဘဲ ပြောလိုက်သည်။
"ငါကြောက်လိမ့်မယ်လို့ မင်းထင်လား"
ရေပိုက်ခေါင်းသည် ချက်ချင်းပင် သူ့ဘာသာသူ လှည့်ပွင့်သွားသည်။ သွေးများ ယိုစိမ့်ကျလာပြီး ရေချိုးခန်းတံခါးမှာ လုံးဝပိတ်သွား၏။ ဟိုင်ရိသည် နံရံကို မှီလိုက်ကာ
"ညဘက်ပဲ သတ်လို့ မရဘူးလား၊ မင်းဘာလုပ်နေတာလဲ"
လေထုက တိတ်ဆိတ်သွား၏။ ဟိုင်ရိသည် ရိုးသားစွာပင်
"ညဘက်လုပ်လို့ရမလား၊ နေ့ဘက်ဆို လူတိုင်းတော်တော် အလုပ်ရှုပ်နေတာ၊ မင်းမှာ လုပ်စရာအလုပ်မရှိဘူးလား"
ရေချိုးခန်းမီးများ ပြန်ပွင့်လာသည်။ 'သေ' ဆိုသည့် စကားလုံးကို မှန်ပေါ်တွင် သတိထားစွာ ရေးထားသ၏။ ဟိုင်ရိသည် စက္ကူသုတ်ပဝါတစ်ခုကို ဆွဲယူပြီး လေထဲသို့ ပြောလိုက်သည်။
"ငါ့ကို ရေနည်းနည်းပေး"
ရေပိုက်ခေါင်းမှ စီးကျလာသည့် သွေးများ ဖြည်းဖြည်းချင်း လျော့ကျသွားပြီး ခဏအကြာတွင် လုံးဝရပ်တန့်သွား၏။ ဟိုင်ရိသည် ရေပိုက်ခေါင်းကို လှည့်လိုက်သောအခါ ရေများ ထွက်လာလေသည်။
စက္ကူသုတ်ပဝါကို ရေစိုအောင်လုပ်ပြီးနောက် ဟိုင်ရိသည် မှန်ပေါ်မှ သွေးများကို သုတ်လိုက်ပြီးမှ ပြောလိုက်၏။
"တံခါးဖွင့်"
တံခါးမှာ ပွင့်သွားလေသည်။ ဟိုင်ရိသည် ထိုအရာကို ရယ်စရာကောင်းသည်ဟု ထင်ခဲ့သော်လည်း သူထွက်သွားရင်း ဘာမှမပြောဘဲ နေခဲ့၏။
သေဆုံးသူသည် တော်တော်စိတ်ဝင်စားဖို့ကောင်းသော်လည်း တော်တော်လေးလည်း သနားစရာကောင်းသည်။ သူမသည် ဤဇာတ်လမ်း၏ အဓိကဇာတ်ကောင်ဖြစ်သော်လည်း တကယ်တမ်းတွင် သူမသည် ဘာမှမပိုင်ဆိုင်ဘဲ ကိုယ်တိုင် လွတ်လပ်စွာ လုပ်ဆောင်နိုင်စွမ်းပင် မရှိပေ။ တကယ့် အဓိကဇာတ်ကောင်များမှာမူ ကစားသမားများသာ ဖြစ်၏။
အခန်း၏ ဖွဲ့စည်းပုံမှာ ရိုးရှင်းသည်။ အခန်းထဲရှိ ကုတင်မှာ ဟိုတယ်များကဲ့သို့ အလှဆင်ထားသည်။ ကုတင်ခြေရင်းတွင် စားပွဲသေးသေးလေးတစ်လုံးရှိပြီး ကုတင်ဘေးတွင် ဆိုဖာတစ်ခု ရှိနေ၏။ ဤအခန်းသည် ဟိုင်ရိ၏ အခန်းထက်ပင် အများကြီး ပိုကောင်းလေသည်။
ဇာတ်ကောင်စရိုက်အရ ဆိုလျှင် ရည်းစားဟောင်းသည် သူတွဲခဲ့သည့် ပန်းချီဆရာထက် နည်းနည်းပိုချမ်းသာပုံရ၏။ သို့သော် ဟိုင်ရိသည် ဇာတ်ညွှန်းကို သေသေချာချာဖတ်ပြီးသည့်အခါ ရည်းစားဟောင်းသည် သူခိုးဖြစ်နိုင်သည်ဟု တွေးမိသည်။
ဟိုင်ရိသည် အံဆွဲများကို ရှာဖွေကြည့်လိုက်သည်။ တကယ်ပင် သူ ခိုးယူခံရသည့် ရတနာဆိုင်အမှု၏ အသေးစိတ်အချက်အလက်များကို ဖော်ပြထားသည့် သတင်းစာတစ်စောင်ကို တွေ့လိုက်ရ၏။ သုံးနှစ်အကြာတွင် ‘ဗီးနပ်စ်၏ မျက်ရည်’ကို အိုက်စီ ရတနာဆိုင်မှ ခိုးယူသွားခဲ့ခြင်း ဖြစ်သည်။ ယနေ့အထိ သူခိုး၏တည်နေရာကို မသိရသေးပေ။ ရည်းစားဟောင်းသည် ထိုအရာကို ခိုးယူသွားခဲ့ခြင်း ဖြစ်နိုင်၏။
ဟိုင်ရိသည် တခြားအံဆွဲများကို ဖွင့်ရန် ရွှေ့လိုက်သော်လည်း ဒုတိယအံဆွဲမှာ စကားဝှက်ဖြင့် သော့ခတ်ထားသည်ကို တွေ့လိုက်ရသည်။ စုစုပေါင်း အကွက်လေးခုရှိပြီး နံပါတ်များ ဖြစ်နိုင်၏။ ဟိုင်ရိသည် ချက်ချင်းပင် သူ့ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး စကားဝှက်အတွက် သဲလွန်စများ ရှာဖွေလိုက်သည်။ သို့သော် အကြာကြီး ရှာဖွေပြီးနောက်တွင်ပင် သူနှင့်ပတ်သက်သည့် မည်သည့်သဲလွန်စကိုမျှ ရှာမတွေ့ခဲ့ရပေ။
🌟🌟🌟