Chapter : 45 ( မီး မိန်းကလေး [20] )
Viewers 3k

Chapter : 45 ( မီး မိန်းကလေး [20] )

တစ်ခဏတာမျှ မတွေဝေဘဲ ဟိုင်ရိသည် သူ၏ပတ်ဝန်းကျင်ကို လျှို့ဝှက်နံပါတ်နှင့်ပတ်သက်သည့် သဲလွန်စများ ရှာဖွေခဲ့သည်။ သူတစ်ဝက်တစ်ပျက်မျှ ရှာဖွေခဲ့သော်လည်း သက်ဆိုင်သည့် အရာတစ်ခုမျှ မတွေ့ရပေ။

အိပ်ရာသည် သန့်ရှင်းသပ်ရပ်နေသည်။ ဟိုင်ရိသည် မော့ကြည့်လိုက်သည်။ ပန်းပွင့်အပိုင်းအစများဖြင့် ပုံဖော်ထားသည့် အဝါရောင်နံရံကပ်စက္ကူသည် နံရံတွင် ကပ်ထား၏။ နံရံ၏ ဘေးနှစ်ဖက်တွင် တစ်ဖက်နှင့်တစ်ဖက် မျက်နှာချင်းဆိုင် ပုံများ ချိတ်ဆွဲထားသည်။

ဘယ်ဘက်တွင် အမျိုးသမီးတစ်ဦး၏ ဆီဆေးပန်းချီကားရှိ၏။ ထိုပန်းချီကားကို အလွန်ရှေးရိုးဆန်သော ပုံစံဖြင့် ရေးဆွဲထားပြီး မျက်လုံးများကို လုံးဝဖုံးအုပ်ထားသည့် တောက်ပသော အဝါရောင် အစင်းကြောင်းတစ်ခုမှလွဲ၍ ဘာမျှမရှိပေ။ ဘောပင်ဖြင့် ဆွဲထားသကဲ့သို့ ဖြစ်နေသည်။ ၎င်းသည် အလွန်ခေတ်မီသော ပုံစံရှိ၏။

ညာဘက်နံရံတွင်မူ အခြေခံအကျဆုံး ပုံသဏ္ဍာန်များ၏ ပုံကြမ်းတစ်ခု ချိတ်ဆွဲထားသည်။ စက်လုံးတစ်လုံး၊ ဆလင်ဒါတစ်ခု၊ တြိဂံပိရမစ်တစ်ခုနှင့် ကုဗပုံနှစ်ခုတို့ကို တစ်ခုပေါ်တစ်ခု ထပ်ဆင့်၍ ရှုပ်ထွေးသော ပုံပယောဂတစ်ခုကို ဖန်တီးထား၏။ ပုံသည် ခိုင်မာသော အခြေခံအုတ်မြစ်များ ရှိသော်လည်း ထိုသို့သော အရာတစ်ခုကို နံရံတွင် ချိတ်ဆွဲထားသည်အထိတော့ မဖြစ်သင့်ပေ။

ဟိုင်ရိသည် မသေချာသောစိတ်ဖြင့် လာခဲ့သည်။ သူထိကြည့်လိုက်သော်လည်း ပြဿနာမတွေ့ရပေ။

ဟိုင်ရိသည် နောက်တစ်ကြိမ် လှည့်ကြည့်ကာ အမျိုးသမီး၏ ဆီဆေးပန်းချီကားကို စိုက်ကြည့်လိုက်သည်။ ဤပုံနှစ်ပုံနှင့်ပတ်သက်၍ ပြဿနာရှိနေသည်ကို တော်တော်လေး သေချာနေပြီ ဖြစ်၏။ သို့သော် ၎င်းကို မည်သို့ စစ်ဆေးရမည်ကိုမူ ထိုအချိန်၌ သူမည်သို့မျှ မသိသေးပေ။ သူသည် အမျိုးသမီး၏ ပန်းချီကားရှေ့တွင် ကိုယ်ကို နေရာယူလိုက်ပြီး ပုံနှစ်ပုံစလုံးသည် လူတစ်ဦးရပ်နေမည့် အမြင့်ခန့်တွင် တူညီသော အမြင့်၌ ချိတ်ဆွဲထားသည်ကို တွေ့ရှိခဲ့သည်။ ဟိုင်ရိသည် အရပ်ရှည်သောကြောင့် ခေါင်းကို အနည်းငယ် နှိမ့်ချခဲ့ရ၏။

ဟိုင်ရိသည် ဤအမြင့်ကို သတိပြုမိခဲ့သည်။ ၎င်းတို့သည် အရွယ်ရောက်ပြီးသူတစ်ဦး၏ ပျမ်းမျှအရပ်အမြင့်အတိုင်း ချိတ်ဆွဲထားသည်ဟု ထင်ရသည်။

သူသည် နောက်သို့ပြန်ကြည့်ကာ ပုံနှစ်ပုံစလုံးသည် တစ်ခုနှင့်တစ်ခု လုံးဝပြိုင်လျက်ရှိသည်ကို တွေ့ရှိခဲ့၏။

စဉ်းစားပြီးသည့်နောက် ဟိုင်ရိသည် သူ့ခန္ဓာကိုယ်ကို နှိမ့်ချလိုက်ပြီး အမျိုးသမီး၏ ဖုံးအုပ်ထားသော မျက်လုံးများနှင့် သူ၏ အမြင်ကို တူညီအောင် ချိန်ညှိလိုက်သည်။ ပန်းချီကားနှင့် ပတ်သက်၍ ထူးခြားသည့်အချက် တစ်စုံတစ်ရာ မရှိခဲ့ပေ။

ပြဿနာသည် အဘယ်မှာနည်း...

ဟိုင်ရိသည် သဲလွန်စများ ရှာဖွေရန် အခန်းထဲတွင် အပြန်အလှန် လှည့်ပတ်နေသည်။ ရည်းစားဟောင်း၏ တံခါးရှေ့တွင် စားပွဲငယ်လေးတစ်လုံးရှိပြီး ထိုစားပွဲပေါ်တွင် ရွှေရောင်ဗန်းတစ်ခု တင်ထား၏။ ရေမွှေးပုလင်းတစ်လုံး၊ အကြွေစေ့အချို့နှင့် နေကာမျက်မှန်တစ်လက်တို့ကို ဗန်းပေါ်တွင် တင်ထားသည်။

ဟိုင်ရိသည် နေကာမျက်မှန်ကို ကောက်ယူပြီး တပ်ကြည့်ရန် ဆန္ဒရှိနေစဉ် ရုတ်တရက် သူ၏အကြည့်သည် ရေမွှေးဆီသို့ ရောက်သွား၏။ သူသည် အလွတ်ကြည့်ပြီးနောက် ပတ်ဖြန်းလိုက်သည်။ ပန်းရနံ့ ပြင်းပြင်း ရှိနေ၏။

၎င်းသည် အမျိုးသမီးသုံး ရေမွှေးဖြစ်သည်ဟု သူချက်ချင်း ကောက်ချက်ချလိုက်သည်။ ထို့ပြင် အသုံးပြုပြီးသား တစ်ပုလင်းလည်း ဖြစ်၏။ အသစ်တော့ မဟုတ်ပေ။

ဟိုင်ရိသည် ရေမွှေးနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ထူးခြားနေသည်ဟု ခံစားရသော်လည်း ၎င်းသည် သူရှာဖွေနေသည့် သဲလွန်စမဟုတ်ကြောင်း သိလိုက်သည်။ သူသည် နေကာမျက်မှန်ကို ကောက်ယူပြီး အမျိုးသမီးပုံပန်းချီကားဆီသို့ လျှောက်သွား၏။ နေကာမျက်မှန်ကို တပ်ဆင်ပြီးနောက် သူလှည့်ကြည့်ကာ အမျိုးသမီး၏ အမြင်အတိုင်း ပုံကြမ်းကို ကြည့်ရှုလိုက်သည်။

နေကာမျက်မှန်မှတစ်ဆင့် ကြည့်လိုက်သောအခါ အလင်းပြန်ခြင်းနှင့် အရိပ်တို့၏ အာနိသင်ကြောင့် မှောင်နေသည့် အစိတ်အပိုင်းများ ပျောက်ကွယ်သွားခဲ့သည်။

ပုံကြမ်းများအတွက်မူ အလင်းနှင့် အရိပ်တို့၏ အပြန်အလှန်အကျိုးပြုမှုသည် အရေးအကြီးဆုံး ဖြစ်၏။ အလင်းတန်းတစ်ခု ကျရောက်သောအခါ အချို့နေရာများ မှောင်လာပြီး အချို့နေရာများ လင်းလာသည်။ အလင်းနှင့် အရိပ်၊ တောက်ပမှုနှင့် ပိုမိုတောက်ပမှု၊ မှောင်ခြင်းနှင့် ပိုမိုမှောင်ခြင်းတို့၏ ကွဲပြားမှုသည် ပုံတစ်ခုကို အောင်မြင်စွာ ဖန်တီးခဲ့သည်။ သို့သော် ဟိုင်ရိ နေကာမျက်မှန်ကို တပ်လိုက်သောအခါ မှောင်သောနေရာများ ပျောက်ကွယ်သွားပြီး သုံးဖက်မြင်ပုံကြမ်းသည် နှစ်ဖက်မြင်အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

ဘယ်မှညာသို့ ကြည့်လျှင် စက်လုံးသည် ဘဲဥပုံအဖြစ်သို့ ပြောင်းလဲသွားပြီး ကုဗပုံများသည် ထောင့်မှန်စတုဂံများ ဖြစ်လာကာ၊ တြိဂံပိရမစ်သည် တြိဂံတစ်ခု ဖြစ်လာသည်။ ပုံသည်လည်း ကြက်ခြေခတ်ပုံသဏ္ဍာန် ဖြစ်လာခဲ့၏။

နေကာမျက်မှန်ကို ဆက်လက်တပ်ဆင်ထားရင်း ဟိုင်ရိသည် သူ၏လက်များကို ရင်ဘတ်တွင် ပိုက်၍ နံရံကိုမှီကာ အချိန်အကြာကြီး အမှတ်မဲ့ စူးစမ်းနေခဲ့သည်။

ရုတ်တရက် တစ်စုံတစ်ဦးမှ မေးလိုက်သည်။

"ဘာလုပ်နေတာလဲ"

အတွေးထဲတွင် နစ်မြောနေသည့် ဟိုင်ရိသည် လုံးဝတုန်လှုပ်သွားခဲ့၏။ ထန်ယင်ဖြစ်နေသည်ကို မြင်လိုက်သောအခါမှသာ သူစိတ်သက်သာရာ ရသွား၏။ သူသည် သေဆုံးသူမှ စကားပြောလိုက်သည်ဟုပင် ထင်လိုက်မိသည်။

ထန်ယင်သည် သူစိတ်ပူပန်နေသည်ကို ရယ်မောလိုက်ပြီး မေးလိုက်၏။

"ဘာဖြစ်တာလဲ"

"ဘာမှမဟုတ်ဘူး"

ဟိုင်ရိက ပြောပြီး နေကာမျက်မှန်ကို ချွတ်လိုက်သည်။ သူသည် သော့ခတ်ထားသည့် နေရာသို့ လျှောက်သွားကာ ငုံ့ကြည့်လိုက်ပြီးမှ မေးလိုက်၏။

"ရှာတာ ပြီးပြီလား"

"မပြီးသေးဘူး"

ထန်ယင်က ပြန်ဖြေသည်။

"ကျွန်မ နားမလည်သေးတဲ့ သဲလွန်စအချို့ ရှိသေးတယ်၊ ဒါပေမယ့် ရှင် ကျွန်မဘေးအခန်းမှာ ရှိနေတာကို ရုတ်တရက် သတိရလို့ လာကြည့်တာ"

ဟိုင်ရိသည် လျှို့ဝှက်နံပါတ် '၀၁၃၀' ကို ရိုက်ထည့်ရင်း မေးလိုက်လေသည်။

"မင်း ဝမ်ယင့် အခန်းကို ရှာတာလား၊ အဖေ့အခန်းလား"

"အင်း"

ထန့်ယန်က ပြန်ဖြေသည်။

"အဲတာဖြေရှင်းနေတာလား"

တိုတောင်းသော အသံမြည်သံတစ်ခု ထွက်ပေါ်လာပြီး ၎င်းသည် မှားယွင်းသော လျှို့ဝှက်နံပါတ်ဖြစ်ကြောင်း ပြသနေ၏။

တစ်စက္ကန့်မျှပင် မတွေးဘဲ ဟိုင်ရိသည် '၀၁၁၀' ကို ရိုက်ထည့်လိုက်သည်။ ထန်ယင်သည် လျှောက်လာစဉ် အသံမြည်သံကို ကြားလိုက်ရ၏။ သော့သည် ပွင့်သွားခဲ့သည်။

ထန်ယင်သည် အံ့သြစွာဖြင့် အော်လိုက်သည်။

"ပွင့်သွားပြီ"

ဟိုင်ရိသည် အံဆွဲကို ဖွင့်လိုက်ပြီး မျက်ရည်စက်ပုံသဏ္ဍာန် စိန်လည်ဆွဲကို တွေ့ရှိသောအခါ အံ့သြခြင်းမရှိပေ။ ၎င်းတစ်ခုလုံးသည် ငွေရောင်ဖြစ်ပြီး သေးငယ်သော စိန်များအား ဆွဲကြိုးတစ်လျှောက် သိမ်မွေ့စွာ သီကုံးထား၏။ နေရောင်အောက်တွင် ၎င်းသည် တောက်ပသော အလင်းတန်းကို ထုတ်လွှတ်သည်။ ထိုအရာသည်မှာ ‘Venus ၏ မျက်ရည်’ကလွဲ၍ အခြားမည်သည်မှ မဟုတ်ပေ။ ထန်ယင်သည် မသိစိတ်ဖြင့် သူ၏ ပါးစပ်ကို ဖုံးလိုက်ရာ မိန်းကလေးတစ်ဦးထံမှ မျှော်လင့်ရမည့် အပြုအမူပင် ဖြစ်သည်။ သူမသည် ပြုံးလျက် ပြောလိုက်၏။

"အရမ်းလှတာပဲ၊ အစစ်လား"

ဟိုင်ရိသည် ရယ်မောလျက် ထိုအရာကို သူမအား ပေးလိုက်ပြီးမှ လက်ဝတ်ရတနာဘူးအောက်မှ စာကို ကောက်ယူလိုက်သည်။ သူသည် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

"စိန်တွေက ချမ်းသာတဲ့သူတွေအတွက် ထောင်ချောက်တွေပဲလို့ ပြောကြတယ် မဟုတ်လား...အစစ်ဟုတ်၊ မဟုတ်က အရေးမကြီးဘူး မဟုတ်လား"

"ဒါက ယောက်ျားတစ်ယောက်ဖြစ်ရခြင်းရဲ့ အဓိပ္ပါယ်ပဲလား မသိဘူး"

ထန်ယင်က ညည်းတွားလိုက်သည်။ 

"ဘယ်လိုလုပ် အတူတူဖြစ်နိုင်မှာလဲ"

ဟိုင်ရိသည် စာ၏အစပိုင်းစာပိုဒ်ကို မြင်လိုက်သောအခါ ပြန်ဖြေရန် ပြင်ဆင်လိုက်သည်။

"မင်းနဲ့ အဲဒီရည်းစားဟောင်း(ရှန့်ချန့်ယန်) လမ်းခွဲတော့မှာလား"

"ကျွန်မတို့ရဲ့ ဆက်ဆံရေးက ပြိုလဲလုနီးပါး ဖြစ်နေပြီ"

ထန်ယင်သည် သူမ၏ ဇာတ်ညွှန်းထဲမှ စကားလုံးများကို တစ်လုံးချင်း ပြန်ပြောလိုက်သည်။

"ဘာလို့လဲ"

ဟိုင်ရိသည် သူမအား စာကို ကမ်းပေးလိုက်သည်။

"ဒီလည်ဆွဲက မင်းအတွက် လက်ဆောင်ပေးတာ"

ထန်ယင် : ...?

သူမသည် စာကိုယူလိုက်ပြီး စာ၏ထိပ်တွင် ရေးထားသော အမည်ကို ကြည့်လိုက်သောအခါ တကယ်ပင် သူမကိုယ်တိုင် ဖြစ်နေ၏။

စာထဲ၌  "ကျွန်တော့်ရဲ့ အလှဆုံးရတနာကို ကျွန်တော့်ရဲ့ အဖိုးတန်ဆုံး ရတနာလေးဆီ ပေးအပ်ခြင်း" ဟု ဖော်ပြထားသည်။

တစ်ခုခု မှားနေသည်အား သဘောပေါက်သွားသောအခါ သူမသည် မျက်မှောင်ကြုတ်လျက်ပင် ပြောလိုက်သည်။

"မဖြစ်နိုင်ဘူး...သူကျွန်မကို မကြိုက်ဘူး၊ သူဒီလိုမျိုး တစ်ခါမှ ကျွန်မကို မခေါ်ဖူးဘူး"

"ထူးဆန်းတာပဲ"

ဟိုင်ရိသည် သူမ၏စကားများကို မေးခွန်းမထုတ်ဘဲ နားထောင်၏။ သူသည် မတ်တပ်မရပ်မီ စာကို နောက်တစ်ကြိမ် ကြည့်လိုက်သည်။

"နောက်ထပ် သဲလွန်စတွေ ရှိနိုင်တယ်၊ အဖေ့အခန်းထဲမှာ ဘာတွေရှာတွေ့ ခဲ့လဲ"

ထန်ယင် : "ဘာမှ အသုံးဝင်တာမရှိဘူး၊ သူ့အခန်းထဲမှာ ဓာတ်ငွေ့နံ့ ရတယ်၊ ဘာလို့မှန်းတော့ မသေချာဘူး"

ဟိုင်ရိ : "ဓာတ်ငွေ့လား"

"ဘာဖြစ်လို့လဲ"

"ငါသိတယ်"

ဟိုင်ရိက ပြောလိုက်သည်။

"ငါ အရင်က သေဆုံးသူရဲ့ အိမ်ထဲကို ခိုးဝင်ခဲ့ဖူးတယ်၊ အဲဒီအနံ့က အိမ်ထဲမှာရှိခဲ့တာ... သူ့အခန်းထဲမှာလည်း အတူတူပဲလား"

သူတို့အားလုံး အတူနေထိုင်ကြသော်လည်း လူတိုင်း၏အခန်းသည် မူလအခြေအနေအတိုင်း ပြန်လည်ထားရှိခဲ့ပြီး ပတ်ဝန်းကျင်တစ်ခုလုံးကိုတော့ ပြန်မပြင်ဆင်ခဲ့ပေ။ အရာအားလုံးကို ပြန်လည်ပြင်ဆင်ထားပါက သက်သေအထောက်အထားများ ရှာဖွေခြင်းသည် လက်တွေ့မကျပေ။

ထန်ယင် : "ကျွန်မ မသိဘူး...အဖေနဲ့ပတ်သက်တဲ့ ဒီသဲလွန်စက ကျွန်မဇာတ်ညွှန်းထဲမှာ မပါဘူး၊ ဒါကြောင့် အဲဒီလူ ဘာလုပ်ခဲ့လဲဆိုတာ သိပ်မသေချာဘူး"

သို့သော် ဟိုင်ရိ၏ ဇာတ်ညွှန်းတွင်တော့ ပါဝင်ခဲ့သည်။ ဖြစ်ရပ်ဖြစ်ပွားသည့်နေ့ မွန်းလွဲပိုင်းတွင် သူနှင့် ရည်းစားဟောင်းသည် ဘားတွင် အဖေကို တွေ့ခဲ့၏။ ထိုအချိန်တွင် သူသည် သော့များကို လာယူခဲ့သည်ဟု ပြောသည်။ သို့သော် ဟိုင်ရိ ညနေပိုင်းတွင် သူ့အိမ်ထဲသို့ ခိုးဝင်သွားသောအခါ အိမ်သည် မှောင်မိုက်ပြီး လူမရှိဘဲ လွတ်နေခဲ့၏။

သူဘယ်သွားခဲ့တာလဲ...

ဟိုင်ရိသည် ဤနေရာတွင် ပြဿနာရှိသည်ဟု ခံစားခဲ့ရသည်။

"အချိန်ရောက်လာရင် ငါတို့ ပြန်သုံးသပ်မယ်၊ ဒီနေရာကလည်း အတော်လေး ရှုပ်ပွနေတယ်"

ထန်ယင်သည် သူ့အပေါ် မျက်စိစူးစူးကြည့်လိုက်သည်။

"ညက ဘာဖြစ်ခဲ့တာလဲ"

ဟိုင်ရိ ပြုံးလိုက်၏။ သူ၏အမူအရာသည် ပုံမှန်နှင့် ဘာမျှမကွာခြားပေ။

"ဘာလို့လူတိုင်း ငါ့ကို ဒါတွေ မေးနေကြတာလဲ၊ ဘာမှမဖြစ်ခဲ့ဘူး"

"မဖြစ်နိုင်ဘူး...အဲဒီအသံတွေ တစ်ညလုံး ဆက်တိုက်ထွက်နေတာ လူတိုင်းကြားတယ်"

ထန့်ယန်က ပြောလိုက်သည်။

"ရှင်မကြားဘူးလား"

ဟိုင်ရိ : ...

ထန်ယင်သည် ဟိုင်ရိအတွက် ထောင်ချောက်တစ်ခု ဆင်ထားခဲ့သည်။ ထင်ရှားသည်မှာ သူမသည် လျိုကျယ်ထက်ပင် များစွာ ပို၍ ပါးနပ်၏။

သို့သော် ဟိုင်ရိသည် ထိုထောင်ချောက်ထဲသို့ အလွယ်တကူ မကျရောက်ခဲ့ပေ။

"ငါ ညက နားကြပ်တပ်ပြီး အိပ်ပျော်သွားလို့ ဘာသံမှ မကြားလိုက်ဘူး...ဘာအသံတွေလဲ"

ထန်ယင်သည် သူ့အမူအရာကို စူးစမ်းကြည့်လိုက်သည်။ ဟိုင်ရိက ဟန်ဆောင်နေပုံမရသဖြင့် သူမရှင်းပြလိုက်သည်။

"ဘယ်နံရံကို သေဆုံးသူက ခြစ်နေလဲ ကျွန်မမသေချာဘူး၊ ဒါပေမယ့် သူမတစ်ညလုံး အော်ဟစ်ပြီး ခြစ်နေခဲ့တာ၊ မနက်ကျမှ ရပ်သွားတာ၊ ကျွန်မ အိပ်ရေးပျက်လုနီးပါးပဲ... တစ်ယောက်တည်း နေရတာ တကယ်ကြောက်စရာပဲ"

ထိုအချိန်တွင် ဟိုင်ရိနှင့် ရှန့်ချန့်ယန်တို့သည် မုန်တိုင်း၏ဗဟိုတွင် ရှိနေသော်လည်း ညက အတော်လေး ကောင်းကောင်းအိပ်ပျော်ခဲ့ကြ၏။ ရှန့်ချန့်ယန်သည် ခေါင်းအုံးပေါ် ခေါင်းတင်ပြီး အိပ်ပျော်သွားခဲ့သည်။ ဟိုင်ရိက ရယ်မောလိုက်သည်။

ထန့်ယန်က ဆက်ပြော၏။

"ရှင့်အခန်းကနေ အသံတွေ ထွက်လာပုံရပြီး မနက်ကျတော့ ရှင်ပေါ်မလာဘူး၊ ဒါကြောင့် လူတိုင်းက ထင်နေကြတာ ရှင်…"

ဟိုင်ရိက သူမ၏ဝါကျကို အဆုံးသတ်ရန် ကူညီပေးလိုက်သည်။

"သေသွားပြီလို့"

"အဲဒါ မဖြစ်သေးပါဘူး"

ဟိုင်ရိက နောက်ပြောင်လိုက်သည်။ 

"စိတ်ပျက်အောင် လုပ်မိတဲ့အတွက် တောင်းပန်ပါတယ်"

ထန်ယင် : "ရှင် ဘယ်လိုလုပ် ဒီလိုနောက်ပြောင်တဲ့စကားမျိုး ပြောနိုင်တာလဲ"

ဟိုင်ရိသည် သူမှားယွင်းပြောဆိုမိကြောင်း ရုတ်တရက် သဘောပေါက်သွားပြီး အလျင်အမြန်ပင် နောက်ဆက်တွဲ စကားထပ်ပြောလိုက်၏။

"တကယ်တောင်းပန်ပါတယ်"

သူပြောချင်သည့် စကားမပြီးဆုံးမီ တံခါးခေါက်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ ရှန့်ချန့်ယန်က တံခါးကို မှီလျက် 

"ကျွန်တော် အနှောင့်အယှက် ပေးမိနေတာလား"

သူ့ကို လှည့်ကြည့်ပြီး မြင်လိုက်သောအခါ ထန်ယင်က ပျော်ရွှင်စွာ ပြန်ဖြေလိုက်သည်။ 

"ဟယ်လို၊ ရည်းစားဟောင်းလေး...ကျွန်မကို လည်ဆွဲတစ်ခု ပေးမလို့လား"

ဟိုင်ရိသည် ရှန့်ချန့်ယန် သူမ၏မေးခွန်းကြောင့် အံ့အားသင့်သွားသည်ကို ရှင်းရှင်းလင်းလင်း သိမြင်လိုက်သည်။ ခဏတာ တွေဝေသွားပြီးနောက် သူသည် သူ၏မှတ်ဉာဏ်ကို ပြန်လည်ရရှိကာ ဇာတ်ညွှန်းထဲ၌ ထိုသို့သော စာပိုဒ်တစ်ခု အမှန်တကယ်ရှိကြောင်း သဘောပေါက်လိုက်၏။ 

"ဒါပေါ့...လျှို့ဝှက်နံပါတ်ကို သိပြီလား"

သူသည် အထဲသို့ဝင်ကာ ကုတင်ပေါ်တွင် ထိုင်လိုက်ပြီး သော့ခလောက်ကို တစ်ချက်ကြည့်လိုက်သည်။

ထန်ယင် : "ဟိုင်ရိက ဒုတိယအကြိမ် ကြိုးစားတာနဲ့ ဖြေရှင်းလိုက်တာ...ဘယ်လိုလုပ်လိုက်တာလဲ"

ဟိုင်ရိက ရှန့်ချန့်ယန်ကို အစားထိုးမေးလိုက်သည်။ 

"အင်း" 

ရှန့်ချန့်ယန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

ဟိုင်ရိ : ...

ရှန့်ချန့်ယန် : "ကျွန်တော် ခင်ဗျားကို လျှို့ဝှက်နံပါတ် ပြောဖို့ ပြန်လာတာ...ခုနက ပြောဖို့မေ့သွားလို့"

ယေဘူယျအားဖြင့် အခန်းထဲတွင် နေထိုင်သူသည် လျှို့ဝှက်နံပါတ်ကို သိမည်မဟုတ်ပေ။ ရှန့်ချန့်ယန်သည် သူ၏ကိုယ်ပိုင်အခန်းထဲမှ သဲလွန်စများအရ ၎င်းကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်နိုင်၏။

ဟိုင်ရိသည် နေကာမျက်မှန်ကို ထန်ယင်အား ပေးလိုက်ပြီး ဆီဆေးပန်းချီကားရှေ့တွင် ရပ်ခိုင်းလိုက်သည်။ သူမနေရာယူလိုက်သောအခါ သူမ၏အရပ်အမြင့်သည် ပုံနှင့် အတော်လေး တူညီနေသည်မှာ သေချာ၏။

သူသည် ပုံကြမ်းကို လက်ညှိုးထိုးပြလိုက်သည်။ 

"မြင်လား"

ထန်ယင်က ခေါင်းညိတ်လိုက်၏။

"ဘဲဥပုံက ( 0 ) ကို ကိုယ်စားပြုတယ်...စတုဂံက ( ၁ ) ကို ကိုယ်စားပြုတယ်"

ဟိုင်ရိ : "ဒါလေးလုံးပါတဲ့ လျှို့ဝှက်နံပါတ်ပဲ၊ ဒါဆို အဆုံးမှာရှိတဲ့ ကြက်ခြေခတ်က ၁၀ ကို ကိုယ်စားပြုတယ်ဆိုရင် တြိဂံကို ချန်လှပ်ထားရမယ်"

ထန်ယင်၏ မျက်နှာတစ်ဝက်နီးပါးကို နေကာမျက်မှန်ဖြင့် ဖုံးအုပ်ထားရာ လုံးဝိုင်းပြီး ချစ်စရာကောင်းသော မေးစေ့သာ မြင်ရ၏။ သူမ နေကာမျက်မှန်ကို ချွတ်လိုက်ပြီး ပြုံးလိုက်ကာ 

"ဒါက ဘယ်လိုဖြစ်တာလဲ...ဒီလောက် မခက်ဘူးပဲ"

ဟိုင်ရိသည် ရှန့်ချန့်ယန်ကို ကြည့်လိုက်သည်။

"ဒီလောက် ရိုးရှင်းတာကို မင်းက အဖြေကို လာပြောပြတာလား"

ရှန့်ချန့်ယန်က ကုတင်ပေါ်တွင် ခြေတစ်ဖက်ကို တစ်ဖက်ပေါ်တင်ကာ ပျင်းရိစွာဖြင့် ဖုန်းကစားနေပြီးသား ဖြစ်၏။

ဟိုင်ရိသည်လည်း ကုတင်ဘေးတွင် ဝင်ထိုင်လိုက်သည်။ သူသည် ရှန့်ချန့်ယန်နှင့် နှစ်ယောက်တည်း နေချင်သော်လည်း ထန်ယင်သည် ဆက်နေပြီး ဇာတ်လမ်းအကြောင်းအရာများကို သူတို့နှင့်အတူ ဆွေးနွေးနေ၏။ သူမ ရှန့်ချန့်ယန်ကို ပြုံးလျက် မေးလိုက်၏။

"ဟိုင်ရိ အခန်းထဲမှာ တစ်ခုခု တွေ့မိလား"

ရှန့်ချန့်ယန်က ကုတင်ခေါင်းရင်းကို မှီပြီး Weibo ကို စိတ်မဝင်စားစွာ ရွှေ့ကြည့်နေသည်။ သူက ဂရုမစိုက်ဟန်ဖြင့် ပြန်လည်ဖြေကြားလိုက်သည်။

"အရေးကြီးတာ ဘာမှမရှိဘူး"

ထန်ယင်သည် သူ့၏ စိတ်ပျက်အားငယ်မှုကို ဖုံးကွယ်၍ ပြုံးနေခဲ့သည်။

"ကောင်းပြီ၊ ဒါဆို ကျွန်မ ရှင့်ကိုမေးမယ်… ကျွန်မတို့နှစ်ယောက် လမ်းခွဲတော့မယ့်ဆဲဆဲမှာ ဘာလို့ ဒီလိုစျေးကြီးတဲ့ ဆွဲကြိုးပေးရတာလဲ"

"ငါ မေ့သွားပြီ"

ရှန့်ချန့်ယန်က ရိုးသားစွာ ပြန်ဖြေသည်။ 

"နောက်မှ တွေ့တဲ့အခါ ဇာတ်ညွှန်းကို ငါ ပြန်ကြည့်လိုက်မယ်"

ထန်ယင် : ...

သူမ ပြောစရာစကား မရှိတော့ပေ။ သူမသည် သူ့အား စကားစမြည်ပြောဆိုရန် ကြိုးစားခဲ့သော်လည်း ရှန့်ချန့်ယန်၏ ပုံစံသည် အေးစက်နေဆဲပင်။ ထန်ယင်သည် ဟိုင်ရိကို ကြည့်လိုက်ရာ ဟိုင်ရိကလည်း အကူအညီမဲ့စွာ ပြုံးပြ၏။

ထန်ယင် ကိုယ်တိုင်ကလည်း ချောမောလှပသော အမျိုးသမီးတစ်ဦး ဖြစ်သည်။ ဖြစ်နိုင်ခြေ အားလုံးတွင် သူမသည် ယခုလို မလေးမစား လုပ်ခံရဖူးခြင်း မရှိပေ။ ကိုယ့်ကိုယ်ကိုယ် သတိပြုမိသွားကာ သူမ ထရပ်လိုက်သည်။ 

"ကျွန်မ ရှာဖွေလို့ မပြီးသေးဘူး၊ ကျွန်မ ပြီးမှ ပြန်သုံးသပ်ကြရအောင်"

ဟိုင်ရိသည် သူမကို လိုက်ပို့ရန် ချက်ချင်းထရပ်လိုက်သည်။ သို့သော် ထန်ယင်မှာ လွဲမှားစွာ နားလည်လိုက်ကာ တံခါးဝတွင် သူ့အား မေးလိုက်၏။

"လိုက်ခဲ့မလို့လား"

"...အာ"

ဟိုင်ရိက ပြောလိုက်သည်။

"ငါက ချစ်သူဟောင်းကို မေးစရာရှိလို့ပါ"

ထန်ယင်သည် ချက်ချင်း ရှက်ရွံ့သွားသည်။ 

"ကောင်းပါပြီ ဒါဆို"

ဟိုင်ရိ : "စကားပြောပြီးရင် ငါတို့ အတူတူသွားကြမယ်လေ"

"မလိုဘူး"

ထန်ယင်က ငြင်းလိုက်သည်။

"သဲလွန်စတွေလည်း သိပ်မရှိပါဘူး၊ နောက်မှပဲ ဆက်ပြောကြတာပေါ့"

အနည်းငယ် စိတ်အိုက်နေသော ဟိုင်ရိသည် တံခါးကို ပိတ်လိုက်သည်။ ရှန့်ချန့်ယန်က ဖုန်းကို ဆက်ကစားနေပြီး မျက်နှာတွင် ဂရုမစိုက်ဟန် အပြည့်ပင်။

ဟိုင်ရိ : "ငါ အတွေးလွန်နေတာလား မသိဘူး..."

"မဟုတ်ဘူး"

ရှန့်ချန့်ယန်က ပါးစပ်ဖွင့်ပြောလိုက်သည်။ 

"သူ ခင်ဗျားကို စိတ်ဝင်စားနေတာ"

"ဪ" 

ဟိုင်ရိက ပြောလိုက်၏။

ရှန့်ချန့်ယန်သည် ငြိမ်သက်ခြင်း၏ ပြယုဂ်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေခဲ့၏။

ဟိုင်ရိ : ...

ရှန့်ချန့်ယန် : "ဘာလို့ ဒီလောက် ပျင်းဖို့ကောင်းရတာလဲ...ကျွန်တော့်ကို ခင်ဗျားဖုန်းပေး၊ ကစားရအောင်"

ဟိုင်ရိသည် သူ၏ဖုန်းမျက်နှာပြင်ကို ဖွင့်လိုက်ပြီး လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။ မကြာခင်မှာပင် ဖုန်းမှ အသံလွှင့်တစ်ခု၏ အသံထွက်ပေါ်လာ၏။

"မင်း သိပ်ပြီး တုံ့ပြန်မှုမရှိပါလား"

ဟိုင်ရိ ခဏစောင့်ပြီး အနည်းငယ် မယုံနိုင်စွာဖြင့် မေးလိုက်သည်။

"သူ ငါ့ကို စိတ်ဝင်စားတယ်ဆိုတာ မင်းလည်း သတိမထားမိဘူးလား"

ရှန့်ချန့်ယန်သည် မျက်လုံးများဝိုင်းကာ ခေါင်းထောင်ကြည့်ပြီး မေးလိုက်သည်။

"ခင်ဗျားက 0 စစ်မဟုတ်ဘူးလား"

ထိုအချိန်၌ ဟိုင်ရိမှာ ရှန့်ချန့်ယန်သည် ကောင်တာမှ ဝန်ထမ်းနှင့် ပြိုင်ဆိုင်ရန် ဆန္ဒရှိသော်လည်း ထန်ယင်ကို အလေးအနက်မထားသည်ကို နားလည်သွား၏။

ရှန့်ချန့်ယန် : "သူနဲ့ မိတ်ဆွေဖွဲ့လို့ရပါတယ်၊ ကျွန်တော် အဲဒါကို လုံးဝလက်ခံပါတယ်"

ဟိုင်ရိ : ...

ရှန့်ချန့်ယန်၏ ရယ်မောသံသည် သူ့၏ တုံ့ပြန်မှုကို မြင်သောအခါ အနည်းငယ် မကောင်းဆိုးဝါးဆန်သော အရည်အသွေးတစ်ခု ပါဝင်နေသည်။ ထိုအခါမှ ဟိုင်ရိသည် ဤဆိုးသွမ်းသော ကလေးငယ်က သူ့ကို လုံးဝလှည့်စားခဲ့သည်ကို သဘောပေါက်သွား၏။

🌟🌟🌟