Chapter - 4 : ယောင့်ကွိုင်းကုမ္ပဏီ ( 1 )
Viewers 1k

Chapter - 4 : ယောင့်ကွိုင်းကုမ္ပဏီ ( 1 )

ယနေ့ခေတ်တွင် အွန်လိုင်းမှ ဗီဒီယိုကြည့်ရှုနိုင်သည့် ပလက်ဖောင်းများအား အသုံးပြုသူ ပိုမိုများပြားလာသည်။ ယင်းသည် ခေတ်ဟောင်း ရုပ်မြင်သံကြားအပေါ် အတော်အတန် ကြီးမားသော သက်ရောက်မှုရှိ၏။

အွန်လိုင်း ဗီဒီယိုကြည့်ရှုနိုင်သည့် ပလက်ဖောင်းများသည် အမျိုးမျိုးသော ပြိုင်ပွဲ၏ ပွဲစဉ်များအား ထုတ်လုပ်ခဲ့ရာ အတော်အတန် အောင်မြင်လာသဖြင့် ယခင်က ကြည့်ရှုနှုန်းအများဆုံး ဘုရင်ဖြစ်ခဲ့သော တုန်းချန် ရုပ်မြင်သံကြားဌာနသည် နောက်ကျကျန်နေခဲ့သည်ကို မလိုလားဘဲ ၎င်းတို့ကိုယ်တိုင်၏ ပြိုင်ပွဲ ပွဲစဉ်တစ်ခုအား စီစဉ်လိုက်သည်။

'အိုင်ဒေါတစ်ဦး မွေးဖွားခြင်း' အတွက် စိတ်ဝင်စားမှု မြှင့်တင်ရန် ရုပ်မြင်သံကြားဌာနသည် ငွေအမြောက်အမြားသုံးစွဲရန် မတွန့်ဆုတ်ဘဲ နာမည်ကြီး အနုပညာရှင်များအား အစီအစဉ်တွင် အကဲဖြတ်ဒိုင်များအဖြစ် ပါဝင်ရန် ခေါ်ယူလိုက်သည်။

အခြားသူများအား မပြောနှင့်၊ 'ကျိရှိုးနျန်' ဟူသော နာမည်တစ်ခုတည်းနှင့်ပင် လူတိုင်း၏ အာရုံအား ဖမ်းစားရန် လုံလောက်ပေသည်။

ကျိရှိုးနျန်သည် ဆယ်နှစ်ကြာ ပွဲဦးထွက်ခဲ့ပြီး အမြဲတစေ ဇာတ်ကားများ ရိုက်ကူးနေခဲ့သည်။ သူသည် ရုပ်သံအစီအစဉ်များတွင် ပါဝင်ခဲ၏။ ကောလာဟလအရ အစီအစဉ်၏ ထုတ်လုပ်သူသည် သူ၏ သူငယ်ချင်းဟောင်းတစ်ဦးဖြစ်ပြီး သူ့အား ပါဝင်ရန် မျက်နှာလိုမျက်နှာရဖြင့် ခေါ်ယူခဲ့သည်ဟု ဆို၏။

သူ အကဲဖြတ်ဒိုင်ဖြစ်လာရသည့် အကြောင်းရင်းသည် အရေးမကြီးပေ။ အရေးကြီးသည်မှာ ယင်းသည် လုရွှိကို အလွန်ကောင်းမွန်သော အခွင့်အရေးအား ပေးလိုက်ခြင်းပင်ဖြစ်သည်။

လုရွှိသည် ကျိရှိုးနျန်နှင့် နီးစပ်အောင် မည်သို့လုပ်ရမည်ကို စဉ်းစားနေခဲ့ခြင်းဖြစ်၏။ ယခု သူသည် အကြံတစ်ခု ရလိုက်သည်။

သူသည် အဆိုပါအစီအစဉ်အတွက် လူရွေးပွဲသို့ ဝင်ရောက်မည်။ အစီအစဉ်အတွင်း ဝင်ရောက်နိုင်သရွေ့ ကျိရှိုးနျန်နှင့် သဘာဝအတိုင်း ထိတွေ့နိုင်မည်ဖြစ်သည်။

သို့ဖြစ်ရာ သူ ယခု ရင်ဆိုင်နေရသော ပြဿနာမှာ သူ မည်ကဲ့သို့ လူရွေးပွဲသို့ ဝင်ရောက်နိုင်မည်နည်းဟူ၍ ဖြစ်သည်။ အစီအစဉ်၏ ဖော်ပြချက်အရ ၎င်းတို့သည် တစ်နိုင်ငံလုံးမှ သင်တန်းသားများအား ရွေးချယ်နေသည်။ သူ ဝင်ရောက်လိုပါက အနည်းဆုံး အေဂျင်စီတစ်ခုသည် သူ့နောက်ကွယ်မှ ထောက်ခံရန် လိုအပ်ပေသည်။

ဤအချက်အား စဉ်းစားမိသောအခါ လုရွှိသည် ဌာနချုပ်သို့ ချက်ချင်း ဖုန်းခေါ်လိုက်သည်။

"ဟေး… ဘော့စ် ကျွန်တော် အလုပ်ကို လက်ခံရရှိပါပြီ၊ ပြဿနာသေးသေးလေးတစ်ခုရှိတယ်… ကျွန်တော် အဖွဲ့အစည်းရဲ့ အကူအညီ လိုအပ်တယ်"

ဘော့စ်ဟု ခေါ်ဆိုခံရသူမှာ သေမင်းတမန်ဌာန၏ အကြီးအကဲဖြစ်သည်။ သူသည် လျင်မြန်စွာနှင့် လုံ့လဝိရိယရှိရှိ ပြောဆို လုပ်ဆောင်တတ်သူဖြစ်ရာ လုရွှိ၏ စကားများအား ကြားသောအခါ ပြန်ဖြေ၏။

"ပြော"

လုရွှိ သည် သူ၏ အစီအစဉ်အား အကျဉ်းချုံး ဖော်ပြကာ သူ၏ လက်ချောင်းသည် ကျိရှိုးနျန်၏ ကိုယ်ရေးအချက်အလက်များပေါ်တွင် ပွတ်တိုက်ကြည့်နေသည်။

"ကျွန်တော့်အတွက် စီမံခန့်ခွဲမှု အေဂျင်စီတစ်ခု လိုအပ်တယ်… တုန်းချန် ရုပ်သံနဲ့ အတူတူ ပူတွဲလုပ်ကိုင်နေတဲ့ တစ်ခုပေါ့"

"ကောင်းပြီ"

တစ်ဖက်လူသည် တစ်လုံးတည်းသော စကားလုံးဖြင့် ပြန်ဖြေပြီးနောက် ဖုန်းချလိုက်သည်။

လုရွှိသည် ဤအကြီးအကဲ၏ စရိုက်အား ကောင်းကောင်းသိသည်။ သူ၏ မေးစေ့အား ပွတ်ရန် လက်တစ်ဖက် မြှောက်လိုက်ပြီး ပါးစပ်မှ ပြုံးလိုက်သည်။ ဤကိစ္စမှာ ပြီးမြောက်သွားပြီဖြစ်၏။

ခန့်မှန်းထားသည့်အတိုင်း ဖုန်းခေါ်ဆိုမှု ပြီးဆုံးပြီး တစ်မိနစ်ပင် မကြာမီတွင် အကြီးအကဲသည် သူ့ထံသို့ မက်ဆေ့ချ်တစ်ခု ပို့လိုက်ပြီး အောက်ခြေတွင် လိပ်စာတစ်ခု ပူးတွဲပါလာသည်။

"ငါ နတ်ဆိုးကြီးကြပ်ရေးရုံးကို ဆက်သွယ်ပြီး မင်းအတွက် အေဂျင်စီတစ်ခု စီစဉ်ပေးလိုက်မယ်၊ မင်း မနက်ဖြန် သူတို့ဆီ သွားလို့ရပြီ"

ယောင့်ကွိုင်း ကုမ္ပဏီ...

စိတ်ဝင်စားစရာပဲ…

[ Note - ယောင့်ကွိုင်း ( ဒါက အေဂျင်စီရဲ့ နာမည်ပါ )၊ ဒါပေမဲ့ ယောင်းကွိုင့်က နတ်ဆိုးလို့ အဓိပ္ပာယ်ရတယ်၊ အသံဆင်လို့ စိတ်ဝင်စားစရာပဲလို့ ပြောလိုက်တာပါ )

____

မနက် ၈ နာရီ မတိုင်မီ လုရွှိသည် သူ၏ ပစ္စည်းများအား ထုပ်ပိုးလျက် ဘေ့စ်ဘောဦးထုပ် ဆောင်းကာ အိမ်အပြင်သို့ ထွက်လာလေသည်။

အလုပ်အတွက် လုရွှိသည် ဒုတိယမြောက် မြို့ပတ်လမ်းအတွင်းရှိ ဥယျာဉ်အိမ်ရာတစ်ခုတွင် အခန်းငှားနေထိုင်ခဲ့သည်။ သွားလာရေးသည် အလွန် အဆင်ပြေကာ ရထားဘူတာနှင့် ဘတ်စ်ကားဂိတ်များသည် အောက်ထပ်တွင်သာ ရှိသည်။ ပူပြင်းသော နေရောင်အောက်တွင် လမ်း၏ ဘေးနှစ်ဖက်ရှိ သစ်ပင်စိမ်းများပင် အရောင်ပြောင်းသွားသည်အထိ ပူပြင်းနေပြီး ပတ်ပတ်လည်တွင် လုပ်ငန်းများဖြင့် ရှုပ်ထွေးနေသည်။

ယနေ့သည် ပုံမှန်ထက်ပင် ပို၍ပူပြင်းနေ၏။

လုရွှိသည် ကောင်းကင်သို့ မော့ကြည့်လိုက်ပြီး အဘယ်ကြောင့်နည်းဟု မတွေးဘဲ မနေနိုင်ခဲ့ပေ။

လှေကားသို့ဆင်းသောအခါ သူ၏ ခြေလှမ်းများသည် မြန်ဆန်ပေါ့ပါးလွန်းနေသည်။ ဘူတာရုံထဲသို့ ဝင်လိုက်မှသာ အေးသွားတော့၏။

ဥမင်လိုဏ်ခေါင်းထဲမှ နေရာတိုင်းတွင် နံရံကြော်ငြာများ ကပ်ထား၏။ ထိုကြော်ငြာများထဲတွင် ပရိသတ်၏ ပံ့ပိုးမှု ဆိုင်းဘုတ်နှစ်ခုလည်း ပါဝင်နေသည်။ လုရွှိ၏ မျက်လုံးသည် ထိုဆိုင်းဘုတ်နှစ်ခုအား ဝေ့ကြည့်ရင်း အသစ်ထွက်ရှိထားသည့် အနုပညာရှင်တစ်ဦးအတွက် ဖြစ်ရမည်ဟု တွေးမိသည်။

"တုန်းချန်" မြို့မှာ ဘယ်တော့မှ မရှားပါးတာက လူတွေပဲ…

ယခုအချိန်သည် အလုပ်သမားလူတန်းစားများအတွက် အလုပ်သွားချိန်သို့ ရောက်နှင့်ပြီဖြစ်ရာ ရထားစောင့်ဧရိယာသည် လူများဖြင့် ပြည့်နှက်နေသည်။ လုရွှိသည် နားကြပ်တပ်ကာ တန်းစီနေသော လူအုပ်ကြီး၏ အလယ်၌ ရပ်နေရင်း အခြားသူများနှင့် အကွာအဝေးအား တိတ်တဆိတ် ထိန်းသိမ်းထားသည်။

သူ့ပုံစံသည် လူအများထဲမှ ထင်ပေါ်နေသည်။ သူ၏ အသားအရေသည် ဖြူဖျော့ပြီး တောက်ပနေ၏။ သူသည် ဘေးဘက်တွင် ပေါ့ပေါ့ပါးပါး ရပ်နေရုံမျှဖြင့်ပင် လူများက သူ့အား မလွဲမသွေ ခိုးကြည့်ကြသည်။

"အသင့်ပြင်၊ တစ်၊ နှစ်၊ သုံး"

မိန်းကလေးနှစ်ဦးသည် မနီးမဝေးတွင် ရပ်နေကြပြီး တစ်ဦးမှာ လုရွှိအား ကျောပေးကာ သူမ၏ စကတ်အား ယမ်းနေသည်။ နောက်တစ်ဦးမှာ ဖုန်းအား မြှောက်ထားပြီး ဓာတ်ပုံရိုက်ရန် အဆင်သင့်ရှိ၏။ ပထမတစ်ချက်ကြည့်လျှင် သူငယ်ချင်း၏ ဓာတ်ပုံအား ရိုက်နေပုံရသော်လည်း အမှန်တကယ်တွင် ကင်မရာ၏ မှန်ဘီလူးသည် လုရွှိအပေါ်တွင် အပြည့်အဝ အာရုံစိုက်ထား၏။

"အိုကေ!"

ရထားသည် ဘူတာရုံသို့ ဆိုက်ရောက်လာသည်အား မြင်သောအခါ ဓာတ်ပုံရိုက်သည့် မိန်းကလေးသည် သူငယ်ချင်းဖြစ်သူအား လက်ဟန်ပြလိုက်သည်။ ၎င်းတို့နှစ်ဦးသည် ရထားတွဲထဲသို့ တိုးဝင်သွားကြပြီး ခေါင်းချင်းဆိုင်ကာ သူတို့၏ ဓာတ်ပုံအယ်လ်ဘမ်အား ကြည့်ရင်း သူတို့၏ မျက်လုံးများသည် ပျော်ရွှင်ဖွယ် လခြမ်းပုံစံ ကွေးသွားကြသည်။

ဓာတ်ပုံထဲမှ လူငယ်လေးသည် ရုပ်ပုံဇာတ်လမ်းများထဲက ထွက်လာသည့် မျက်နှာပိုင်ရှင်ဖြစ်သည်။ သူ၏ အဖြူရောင် တီရှပ်သည် သူ၏တစ်ထည်တည်းသော မီးခိုးရောင်ဝတ်စုံနှင့် လိုက်ဖက်ညီသည်။ သူ၏ ခြေထောက်များသည် ရှည်လျားလှ၏။ သူသည် မူလ၌ ရထားအားစောင့်ရန် အာရုံစိုက်နေပြီး သူ၏ ဘေးတိုက်ရုပ်သွင်မှာ လှပနေသည်။

ရည်ရွယ်ချက်မဲ့သော်လည်းကောင်း သို့မဟုတ် ရည်ရွယ်ချက်ရှိရှိသော်လည်းကောင်း ဗီဒီယို၏ နောက်ဆုံးနှစ်စက္ကန့်အတွင်း ကောင်လေးသည် တစ်ခုခုအား သတိပြုမိဟန်ဖြင့် ၎င်းတို့ဘက်သို့ လှမ်းကြည့်လိုက်သည်။

သူမ၏ လျှို့ဝှက်ဓာတ်ပုံရိုက်နေခြင်းအား သိသွားကြောင်း သဘောပေါက်သောအခါ ဓာတ်ပုံရိုက်သော မိန်းကလေး၏ လက်များပင် တုန်ယင်သွားသည်။ သို့သော် သူသည် ပြုံးလျက် မျက်ခုံးပင့်ပြလိုက်ရုံသာရှိ၏။ သူသည် အလွန်လှပလွန်း၍ သူမတို့၏ နှလုံးသားများပင် တုန်ယင်သွားသည်။

"အား..!!!"

"အရမ်းချောတာပဲ!"

မိန်းကလေးနှစ်ဦးမှာ အော်ဟစ်လိုသော စိတ်များအား ထိန်းချုပ်ရန် ၎င်းတို့၏ ပါးစပ်များအား အုပ်ထားရသည်။

သူတို့သည် မူလ၌ နောက်ကျောဘက်မှ ခဏလေးသာ ရိုက်ယူခဲ့ကြခြင်းဖြစ်သည်။ ဤပုဂ္ဂိုလ်သည် နတ်ဘုရားများက နှစ်သက်ရသော မျက်နှာမျိုး ပိုင်ဆိုင်ထားပြီး ပေါ့ပေါ့ပါးပါး ဓာတ်ပုံ ရိုက်ခံရုံဖြင့်ပင် ပိုစတာတစ်ခုကဲ့သို့ ထွက်ပေါ်လာမည်ဟု မည်သည့်အခါမျှ မတွေးခဲ့မိပေ။

"ငါ သူ့ကို ကြည့်လေ ကြိုက်လေပဲ၊ သူ့ရဲ့ ဖုန်းနံပါတ်ကို တကယ်လိုချင်တယ်"

"ငါရောပဲ!"

သူမတို့နှစ်ဦးသည် စိတ်ချင်းတူညီကြသည်။ သူမတို့ လက်ချင်းတွဲကာ သူ့အား ရှာရန် ဘေးချင်းကပ် ရထားတွဲသို့ သွားရန် ပြင်ဆင်လိုက်ကြသည်။ သူ ရထားပေါ် တက်လာသည်အား ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသော်လည်း ထိုသူအား မတွေ့ရဘဲ အကြိမ်အနည်းငယ်မျှ ပတ်ရှာခဲ့ကြသည်။

မိန်းကလေးတစ်ဦးမှာ စိတ်ပျက်သွား၏။

"အရမ်းထူးဆန်းတာပဲ… သူ ဘယ်လို ပျောက်သွားတာလဲ"

နောက်မိန်းကလေးတစ်ဦးက စဉ်းစားလိုက်သည်။

"ဒီဗီဒီယိုကို အွန်လိုင်းမှာ တင်လိုက်မလား… အဲဒီအခါကျ သူ့ကို ရှာတွေ့နိုင်မလား မသိဘူး"

မကြာမီပင် ထိုမိန်းကလေးနှစ်ဦးသည် ဗီဒီယိုအား Mouyin ပေါ်တွင် တင်လိုက်ကြပြီး ဝန်ခံရန်အတွက် အသုံးပြုသော တေးဂီတကိုပင် အထူးရွေးချယ်လိုက်သည်။

(Note: ‘Mouyin’ တရုတ် douyin ပါပဲ၊ စကားလုံးပြောင်းသုံးထားတာပါ )

[ တူ အစ်မကြီး - ရထားဘူတာမှာ တွေ့ခဲ့ရတဲ့ ကောင်လေးတစ်ယောက်၊ သူက ငါ့ရဲ့ နှလုံးသားထဲက ကောင်လေးပဲ၊ အဲဒီတုန်းက ဘူတာမှာ လူတွေ အရမ်းများလွန်းလို့ သူ့ရဲ့ အဆက်အသွယ် အသေးစိတ်ကို အချိန်မီ မရလိုက်ဘူး… နင်တို့ သူ့ကို သိကြလား ]

~~~