“အစ်ကိုရွှိ၊ ခင်ဗျား သူ့ကို သိလား”
“သူ့ကြော်ငြာတွေက လမ်းတွေပေါ်မှာ အပြည့်ပဲလေ၊ ရုပ်ရှင်ဧကရာဇ် ကျိရှိုးနျန်ကို မသိတဲ့သူ တစ်နိုင်ငံလုံးမှာ တစ်ယောက်မှမရှိဘူး''
“မှန်လိုက်တာ”
ရှဲ့အန်း ခေါင်းညိတ်ကာ ဝန်ခံလိုက်သည်။ မကြာသေးမီက သူကိုယ်တိုင်ပင် ကျိရှိုးနျန်၏ နောက်ဆုံးထွက် ရုပ်ရှင်အား ကြည့်ခဲ့သေးသည်။
“ဌာနချုပ်က ပို့လိုက်တဲ့ ဖိုင်တွေကို ကြည့်ပြီးပြီ၊ ဒီလူက တကယ်ကို တော်တော်လေးခက်မယ့်ပုံပဲ...”
လုရွှိသည် ရှဲ့အန်းဆီမှ စာရွက်စာတမ်းများ ယူကာ ဘေးနားရှိ ကုလားထိုင်အား ဆွဲထုတ်ပြီး ထိုင်ချလိုက်ရင်း လှန်ကြည့်လိုက်သည်။
“အဲလိုလား”
ရှဲ့အန်း ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်… စဉ်းစားကြည့်ပါဦး… သူက အခုဆို အကြိမ် ၁၈၀၀ လောက်သေဆုံးသင့်နေပြီ၊ ဒါပေမဲ့ သူက အခုထိ ကောင်းကောင်းမွန်မွန် ရှင်သန်နေတုန်းပဲ၊ ဒါက သူ့မှာ ပြဿနာရှိနေတယ်လို့ ဆိုလိုတာမဟုတ်လား”
စာရွက်စာတမ်းများအား ကြည့်ခြင်းအားဖြင့် ကျိရှိုးနျန်သည် အကြိမ် ၁၈၀၀ ခန့်မျှသေဆုံးသင့်ပြီဟူသည်ကား တကယ်ပင် ချဲ့ကားပြောဆိုခြင်းမဟုတ်ပေ။
“တစ်နှစ်သားအရွယ်မှာ လှေကားပေါ်က ပြုတ်ကျတယ်၊ ၅ နှစ်သားအရွယ်မှာ ပြန်ပေးဆွဲခံရတယ်၊ ၁၀ နှစ်သားမှာ ကားတိုက်ခံရတယ်၊ အသက် ၂၀ မှာ ဓာတ်လိုက်တယ်...”
ကျိရှိုးနျန်သည် ယခုချိန်ထိ အသက်ရှင်သန်နေသည်ကား လွန်စွာ ခဲယဥ်းလှသည်ဟု ပြောနိုင်ပေသည်။
“ဒီအစ်ကိုက နည်းနည်းတော့ သနားစရာကောင်းလွန်းနေပြီ”
လုရွှိသည် မည်သို့သော ထူးခြားဖြစ်စဉ်မျိုးမဆို မြင်ဖူးသော်လည်း ကျိရှိုးနျန် အသက်ရှင်နေခြင်းသည် သူကိုယ်တင်ပင် အံ့ဩစရာတစ်ခုဟု ထင်မိသည်။
“မှန်တယ်… မှန်ပါတယ်၊ သူက တစ်နှစ်သားအရွယ်မှာတည်းက ကျွန်တော်တို့ဌာနကို အစီရင်ခံစာတင်ခဲ့ရမှာ၊ ဒါပေမဲ့ သူက အခုထိ ကောင်းကောင်းမွန်မွန် နေထိုင်နေတုန်းပဲ… ဘယ်လိုနည်းလမ်းကို သုံးပြီး ကောင်းကင်ဘုံကနေ ပုန်းအောင်းနေမှန်းလည်း ကျွန်တော်တို့ မသိဘူး”
ရှဲ့အန်းက ပြောလိုက်သည်။
လုရွှိသည် စာရွက်စာတမ်းများအား လှန်လှောကြည့်သော်လည်း စုံစမ်းစစ်ဆေးမှု ရလဒ်အား မတွေ့ရပေ။ သူသည် ရှဲ့အန်းအား မော့ကြည့်လိုက်၏။
“ဒါဆို သူက အသက်ကို ငှားထားတာလား ဒါမှမဟုတ် ဘာလဲ”
လူသားများသည် အသက်ရှင်ချင်စိတ် များကြ၏။ တစ်ချို့ကား သူတို့၏ ကံကြမ္မာအား တည်ငြိမ်စွာ လက်ခံနိုင်သော်လည်း တစ်ချို့မှာမူ ကံကြမ္မာအား ဆန့်ကျင်ချင်ကြသည်။
လုရွှိသည် ထိုသို့သော အခြေအနေတော်တော်များများအား ကိုင်တွယ်ဖြေရှင်းဖူး၏။ ကျိရှိုးနျန် မည်သည့်နည်းလမ်းများ သုံးထားသည်ဆိုခြင်းအား သူ မသိရုံသာ။
“အဲဒါကြောင့်ပဲ ခင်ဗျားကို အရေးတကြီး ပြန်လာဖို့ ကျွန်တော် ပြောတာ”
ရှဲ့အန်းက ပြောသည်။ သူသည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းအား ပုတ်ကာ ဆက်ပြောသေး၏။
“အသက် ၂၀ က မှတ်တမ်းဖိုင်တွေက တစ်ယောက်ယောက်ကြောင့် ဖျက်ဆီးခံလိုက်ရတယ်၊ မကြာသေးခင်ကမှ သန့်ရှင်းရေးလုပ်တုန်း ကျိရှိုးနျန်ဆိုတဲ့ ဒီဧရာမပိုးကောင်ကြီးကို ရှာတွေ့လိုက်တာ...”
“သူတို့ စုံစမ်းဖို့ လူမလွှတ်ဘူးလား”
“လွှတ်သေးတယ်၊ ဒါပေမဲ့ ဘယ်သူမှ ဘာမှ စုံစမ်းလို့ မရလာဘူး”
“ဟမ်”
ယုတ္တိရှိရှိ စဉ်းစားကြည့်လျှင် သူတို့ဌာန၏ စွမ်းဆောင်ရည်သည် အတော်လေး ကောင်းမွန်၏။ ထိုကဲ့သို့ စုံစမ်းစစ်ဆေးမှု ကြာမြင့်စွာလုပ်ခြင်းပင် ရလဒ်မထွက်သည်ကား မဖြစ်သင့်ပေ။
ရှဲ့အန်းသည် လုရွှိ၏အတွေးများအား ထုံးစံအတိုင်း သိနေသည်။ သူသည် သူ့ရယ်မောသံအား မြိုသိပ်ကာ ပြောလိုက်သည်။
“ကျွန်တော်တို့ လုပ်ဖော်ကိုင်ဖက် သုံးယောက်ကို လွှတ်လိုက်တာ၊ ဒါပေမဲ့ နောက်ဆုံးတော့ သုံးယောက်စလုံးက သူ့ရဲ့ ပရိသတ်တွေ ဖြစ်သွားကြတယ်… တစ်ယောက်ကဆို fansite ဆရာကြီးတောင် ဖြစ်သွားတယ်...”
“ဘယ်လိုတောင်လား”
ထိုစကားအားကြားသောအခါ လုရွှိ ရယ်ချင်မိသွားသည်။
''ကျိရှိုးနျန်က မှော်ဂါထာတွေဘာတွေ တတ်တယ်လို့တော့ ပြောမှာမဟုတ်ပါဘူးနော်''
ဓာတ်ပုံထဲတွင် ကျိရှိုးနျန်သည် အလွန် ခန့်ညားလွန်းနေသည်။ သူ့မျက်လုံးများသည် ကျောက်စိမ်းကဲ့သို့ ကြည်လင်နေပြီး တစ်ဖက်လူအား သတိပင်မထားမိပဲ ကောင်းမွန်သောစိတ်ဆန္ဒများ ဖြစ်ပေါ်လာစေသည်။
ရှဲ့အန်း သတိပြန်ဝင်လာပြီး ခေါင်းခါလိုက်၏။
“အဲလိုတော့ ဟုတ်ပုံမရဘူး၊ ဒါပေမဲ့ ဒီလို ကိစ္စမျိုးမှာတော့ ပြောရခက်တယ်၊ ဌာနချုပ်ရဲ့ ယူဆချက်က သူက သူ့ဘဝဟောင်းမှာ သူတော်စင် ဖြစ်ခဲ့တာ ဒါမှမဟုတ် သူ့အသက်ကို ဆွဲဆန့်ဖို့အတွက် ကြောက်စရာကောင်းတဲ့ လျှို့ဝှက်နည်းလမ်းတချို့ကို သုံးနေတာ ဖြစ်နိုင်တယ်… တကယ့်အကြောင်းရင်းက ဘာလဲဆိုတာကတော့ အစ်ကိုရွှိ၊ ခင်ဗျား အပေါ်ပဲ မူတည်တယ်”
လုရွှိသည် စာရွက်စာတမ်းများအား ခုံပေါ်သို့ ပစ်တင်လိုက်ပြီး သူနားလည်ကြောင်းပြသရန် ခေါင်းငြိမ့်လိုက်သည်။
သူတို့ စကားပြောနေကြစဥ် လိမ္မော်ရောင်ကြောင်လေးသည် အခန်းထောင့်ရှိ အလိုအလျောက်ကြောင်စာထုတ်စက် ထံသို့လျှောက်သွားလေသည်။ လုရွှိမရောက်မီလေးပင် ရှီအန်းသည် ထိုလိမ္မော်ရောင်ကြောင်အတွက် အစားအစာအချို့ ထည့်ပေးထားသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် အစာတစ်ဝက်ခန့်အား စားပြီးသား ဖြစ်နေသည်။
ရှဲ့အန်းသည် လိမ္မော်ရောင်ကြောင်၏ ဝိုင်းစက်သော ကိုယ်ခန္ဓာအား ကြည့်လိုက်သည်။ ၎င်း၏ ဝါးစားသံများအား နားထောင်ရင်း သူ့ပိုက်ဆံအိတ်ထဲမှ နာကျင်မှုအား ခံစားမိလိုက်သည်။
"ဒီအမှုရဲ့ ဆုကြေးက တော်တော်များတယ်… အစ်ကိုရွှိ၊ ခင်ဗျားဒါကို ဖြေရှင်းဖို့ တကယ်ကြိုးစားရမယ်၊ မဟုတ်ရင် ပါးမေ့ကို အစာကျွေးနိုင်တော့မှာ မဟုတ်ဘူး"
"မြောင်"
၎င်း၏ နာမည်အား တစ်စုံတစ်ယောက်မှ ဖော်ပြသည်အား ကြားလိုက်ရသဖြင့် လိမ္မော်ရောင်ကြောင်ဖြစ်သော ပါးမေ့သည် နောက်လှည့်ကြည့်လိုက်သည်။ ၎င်းသည် မြေပြင်ပေါ်သို့ လှဲချလိုက်ရာ၊ ၎င်း၏ နူးညံ့ပွယောင်းသော ကိုယ်ခန္ဓာသည် မြေပေါ်သို့ ဆင်းသက်သွားသည်။
၎င်းသည် အနောက်ခြေထောက်အား မြှောက်ကာ သူတို့နှစ်ဦးအား ၎င်း၏ယောက်ျားဖြစ်ကြောင်း အမှတ်အသားအား ထုတ်ပြလိုက်သည်။ ၎င်းသည် ကြောင်အထီးဖြစ်သော်လည်း 'မေ့' ဟု အမြဲခေါ်ခြင်းခံရသောကြောင့် ဆန္ဒပြချင်နေခြင်းဖြစ်သည်။
( ပါး = နံပါတ် ရှစ်၊ မေ့ = ညီမလေး )
လုရွှိသည် ၎င်းအား ကြည့်လိုက်ပြီးနောက် ပြုံးလိုက်၏။
"အိုး… မင်းတော်တော်တက်ကြွနေပါလား"
သူ၏ စကားများသည် ပေါ့ပေါ့ပါးပါးဖြစ်နေသောကြောင့် ၎င်း၏ ဆန္ဒပြမှုများအား လျစ်လျူရှုထားသည်မှာ ထင်ရှားသည်။
ပါးမေ့သည် ၎င်း၏ ဝဖိန့်ဖိန့်ခြေထောက်ငယ်လေးအား ချလိုက်ပြီး၊ ပျင်းရိသော "မြောင်" သံတစ်ချက်ပေးကာ စားစရာကိုသာ ဆက်စားရန် ပြန်လှည့်သွားသည်။ ၎င်း၏ အစာစားခြင်းကမည်မျှကြီးသည်အား မည်သူမျှ မသိနိုင်ပေ။
ရှဲ့အန်း သည် ၎င်းတို့နှစ်ဦး၏ အပြန်အလှန်ဆက်ဆံရေးအား ကြည့်ရင်း မသိစိတ်ကပင် ရယ်မောချင်လာသည်။
ပါးမေ့အား လုရွှိသည်ငရဲဘုံလမ်းမပေါ်မှ ကောက်ယူလာပြီး လမ်းဘေးကြောင်အဖြစ် မွေးစားခဲ့ခြင်းဖြစ်သည်။ လုရွှိသည် တော်တော်လေးပေါ့ပေါ့ပါးပါးဆန်သော လူတစ်ယောက်ဖြစ်ပြီး ကြောင်အား ပါးမေ့ဟု ရမ်းသမ်းနာမည်ပေးခဲ့ခြင်းလည်းဖြစ်သည်။ ၎င်းသည် 'ညီလေး' ဖြစ်မှန်းသိပြီးသည့်တိုင် နာမည်ပြောင်းရန် ပျင်းရိနေခဲ့၏။
(Note: ‘ညီလေး’ က အထီးကိုဆိုလိုတာပါ)
ငရဲဘုံလမ်းမပေါ်တွင် သက်ရှိသတ္တဝါများအား မြင်တွေ့ရခြင်းသည် အလွန်ထူးဆန်းသည့် ကိစ္စဖြစ်သည်။ လုရွှိ ဂရုမစိုက်သော်လည်း ရှဲ့အန်းခမျာ စိုးရိမ်ခဲ့ရသည်။ သူသည် မှတ်တမ်းများရှိရာသို့ တကူးတက သွားရှာသေးသော်လည်း မှတ်တမ်းများထဲတွင် ပါးမေ့ အကြောင်း ဖော်ပြထားခြင်းမရှိသည်အား တွေ့ရှိလိုက်ရသည်။
သူသည် မူလက လုရွှိအား မမွေးရန် အကြံပေးလိုသော်လည်း ပါးမေ့၏ နူးညံ့သော ဗိုက်အား ထိတွေ့ပြီးနောက်… ၎င်း၏ ပန်းရောင်ခြေချောင်းလေးများအား ကြည့်ရှုပြီးနောက်… ရှဲ့အန်းသည် နောက်ဆုံးတွင် မည်သည့် ကန့်ကွက်စကားမျှ မဆိုနိုင်တော့ပေ။
အလုပ်ဆင်းရမည့်အချိန်ရောက်ပြီဖြစ်ကြောင်း မြင်သောအခါ လုရွှိသည် သူ၏ ကျောပိုးအိတ်အားဖွင့်ကာ ပါးမေ့အား လေချွန်ပြလိုက်သည်။ ပါးမေ့သည် ဝိုင်းစက်နေသော်လည်း ၎င်း၏ လှုပ်ရှားမှုများသည် အမှန်တကယ် ပေါ့ပါးသွက်လက်သည်။ ၎င်းသည် အမြီးယမ်း၍ ကျောပိုးအိတ်ထဲသို့ ခုန်ဝင်လိုက်ရာ လေထဲတွင် ဘောလုံးပုံစံစက်ဝိုင်းတစ်ခု ဆွဲထားသည့်အတိုင်းပင်။ ဤသည်ကား လေဖြည့်ထားသည့် ဘဲလေးကချေသည်တစ်ဦးနှင့်ပင် တူနေသည်။
ရှဲ့အန်းသည် သူ့အား တံခါးအထိ လိုက်ပို့ပေးပြီးနောက် ကျိရှိုးနျန်အကြောင်း တွေးနေဆဲဖြစ်သည်။
"အစ်ကိုရွှိ၊ ခင်ဗျားက အဖွဲ့အစည်းရဲ့ မျှော်လင့်ချက်ပဲ၊ ရန်သူက ခင်ဗျားကို စုံလုံးကန်းစေတာမျိုး မဖြစ်ပါစေနဲ့"
လုရွှိသည် သူ၏ နားကြပ်အား တပ်လိုက်ပြီး သီချင်းတစ်ပုဒ်ဖွင့်လိုက်ရာ သူ၏ မက်မွန်ပွင့်မျက်လုံးများတွင် စိတ်ပိုင်းဖြတ်ထားသော နားလည်မှုတစ်ချို့ လျှပ်ခနဲလက်သွားသည်။
"မပူပါနဲ့၊ ငါမဖြစ်စေရဘူး"
ဈာပနပစ္စည်းများ ဝယ်ရန် လမ်းမပေါ်မှ တစ်စုံတစ်ယောက် ဝင်မလာမီ သူတို့နှစ်ဦးမှာ စကားများများမပြောလိုက်ရပေ။ ရှဲ့အန်းသည် ဝယ်သူအား ကူညီပေးရာတွင် အလုပ်ရှုပ်သွားပြီး ပြန်မော့ကြည့်လိုက်သောအခါ လုရွှိ ထွက်ခွာသွားပြီး အဝေးသို့ ရောက်နှင့်နေပြီဖြစ်သည်။ သူသည် ရှဲ့အန်းအား နှုတ်ဆက်ရန် မလိုအပ်ကြောင်း ပြသသည့်အနေဖြင့် လက်ပြလိုက်၏။
တရုတ်နိုင်ငံ၏ မြို့တော်ဖြစ်သည့် တုန်းချန်မှာ နေ့ရောညပါ မီးများ ထိန်ထိန်လင်းနေသည်။
ညရောက်ပြီးသည့်တိုင် မြို့မီးရောင်များသည် နေ့ခင်းဘက်နှင့် သိပ်မကွာခြားအောင် ဖန်တီးထားသည်။
လမ်းများသည် လူစည်ကားလျက်ရှိပြီး အလုပ်ပိတ်ရက်မှ လွတ်မြောက်လာသော ရုံးဝန်ထမ်းများဖြင့် ပြည့်နှက်နေသည်။ လုရွှိသည် ပါးမေ့အား ရင်ဘတ်ရှေ့တွင် ပိုက်ထားပြီး၊ သေမျိုးတို့၏ ရှားရှားပါးပါး လောကအား အေးအေးလူလူ ရပ်ကြည့်ရန် ရပ်တန့်လိုက်သည်။
ချစ်သူစုံတွဲများသည် ပူးကပ်စွာနှင့် ၎င်းတို့၏ မျက်နှာများတွင် မဖုံးကွယ်နိုင်သော ရှက်ရွံ့မှုဖြင့် စိတ်လှုပ်ရှားမှုများ ပါရှိနေသည်။ စျေးဝယ်ထွက်ရန်နှင့် စားသောက်ရန် တွေ့ဆုံကြသည့် သူငယ်ချင်းများလည်းရှိပြီး အပန်းဖြေစရာများ ရှာဖွေနေကြ၏။ သက်ကြီးရွယ်အိုများသည် သုံးလေးငါးယောက်တွဲလျက် ကကွက်လေ့ကျင့်ခန်းစတင်ရန်အတွက် ရင်ပြင်ငယ်လေးဆီသို့ အလျင်အမြန် လျှောက်လှမ်းနေကြသည်။
နေ့ဘက်တွင် အရိပ်များအတွင်း ပုန်းအောင်းနေခဲ့သော သရဲတစ္ဆေများသည် ၎င်းတို့၏ အလုပ်များအားလုပ်ကိုင်ရန် ညဘက်တွင်သာ လုံ့လဝိရိယရှိရှိ ထွက်လာကြသည်။
ပုံမှန်အားဖြင့် သေဆုံးသွားသောသူများအား သေမင်းတမန်များမှ လမ်းပြခေါ်ဆောင်သွားကြသည်။ သို့သော် အမုန်းတရားများနှင့် သေဆုံးပြီး သေမျိုးတို့၏ လောကတွင် ကျန်နေခဲ့ကာ မထွက်ခွာလိုသူများလည်း များစွာရှိသည်။
ထိုအချိန်တွင် မိန်းမသရဲတစ်ဦးမှာ လမ်းအလယ်တွင် မတ်တပ်ရပ်နေပြီး သူမ၏ ခန္ဓာကိုယ်ပေါ်မှ သွေးများသည် ခန်းခြောက်နေကာ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက သေဆုံးခဲ့ဟန်ရှိသည်။
ဤမိန်းမသရဲသည် ဆယ်နှစ်ကျော်က ယာဉ်တိုက်မှုဖြင့် သေဆုံးခဲ့သော်လည်း တိုက်ပြီး ထွက်ပြေးသွားသော ယာဉ်မောင်းအား ယခုအချိန်အထိ ဖမ်းမိခြင်းမရှိသေးပေ။ သူမသည် သေဆုံးစဉ်က ဝတ်ဆင်ထားသော အဝတ်အစားများ ဝတ်ဆင်ထားပြီး သူမအား သတ်ခဲ့သူကို ရှာဖွေရန်အတွက် မတော်တဆမှုဖြစ်ပွားရာ နေရာတွင် ရပ်နေသည်။ သူမသည် ဖြတ်သွားသော ကားတိုင်းဆီသို့ ချဉ်းကပ်ကာ လိုက်ခေါက်ရင်း သူမ၏ ပါးစပ်မှလည်း အကြိမ်ကြိမ် ရေရွတ်နေသည်။
"နင်လား… မဟုတ်ဘူးလား…"
လူသားများမှာ သူမအား မမြင်နိုင်ခြင်းသည် ကံကောင်းပေသည်။ မဟုတ်ပါက အလွန်ဒုက္ခရောက်နိုင်သည်။
လုရွှိသည် ရှေ့ဆက်သွားရန် စဉ်းစားနေစဉ် သူ၏ အကြည့်သည် သရဲမနှင့် တိုက်ဆိုင်စွာ ဆုံမိသွားလေသည်။
မိန်းမသရဲသည် လုရွှိအား မြင်လိုက်ရသောအခါ စိုးရိမ်လာပြီး မသိစိတ်ကပင် သွေးများမရှိသော သန့်ရှင်းသည့် အခြေအနေသို့ ပြန်ရောက်သွားသည်။ သူမသည် ဤလမ်းဆုံတွင် ဆယ်နှစ်ကျော်ကြာ ရပ်နေခဲ့ပြီး ဤလူနှင့် အကြိမ်ပေါင်းများစွာ တွေ့ဆုံဖူးသော်လည်း သူ့အား မြင်တိုင်း စိတ်လှုပ်ရှားမိသည်။
ဆရာလုရွှိက အရမ်းချောတာပဲ…
"မင်္ဂလာညနေခင်းပါ၊ ဆရာ…"
လုရွှိသည် သူမအား ပြုံးပြကာ နှုတ်ဆက်လိုက်သည်။
လုရွှိ ထွက်သွားသည်နှင့် မိန်းမသရဲသည် သူမ၏ မိသားစုဝင်များမှ မကြာသေးခင်ကမှ ပူဇော်ပေးထားသော iPhone 11 အား ထုတ်လိုက်ပြီး သရဲလူမှုကွန်ရက် အက်ပ်တွင် ပို့စ် တင်လိုက်သည်။
[ ဆရာလုရွှိနဲ့ ထပ်တွေ့ရတာ အရမ်းပျော်တာပဲ၊ ဒီနေ့လည်း ငါ့ကို ပြုံးပြသွားသေးတယ် ]
မကြာမီပင် သူမ၏ ပို့စ်သည် မတရားသေဆုံးခဲ့ရသော သူမ၏ သရဲညီအစ်မများထံမှ နှစ်သက်မှုများနှင့် မှတ်ချက်များဖြင့် ပြည့်နှက်သွားသည်။
[ အား...အား...အား… ငါလည်း ဆရာလုရွှိကို မြင်ချင်လိုက်တာ! ]
[ အားကျလိုက်တာ၊ ငါဒီအခြေအနေမှာ ရှာလကာရည်ဖြစ်နေပြီ ]
[ ဟူးဟူး၊ ငါ ဆရာလုရွှိကို ငါ့ရည်းစားအဖြစ် ကြေညာလိုက်ပြီ!!! ]
…
'ကိုယ့်ကိုယ်ကို သိ၊ ရန်သူကို သိလျှင် ဘယ်တော့မှ မရှုံးနိမ့်' ဟူသောဆိုရိုးစကားအတိုင်းပင်။
လုရွှိသည် အိမ်သို့ပြန်ရောက်သည်နှင့် ပါးမေ့အား နေရာချထားပေးလိုက်ပြီး ချက်ချင်းပင် သူ၏ ဖုန်းထုတ်လိုက်ကာ ကျိရှိုးနျန်အကြောင်း ရှာဖွေလေသည်။
[ ကျိရှိုးနျန်၊ ၁၉၉၃ ခုနှစ်တွင် တရုတ်နိုင်ငံ တုန်းချန်၌ မွေးဖွားသည်။ တရုတ်၏ နာမည်ကြီး ရုပ်ရှင်နှင့် ရုပ်မြင်သံကြား မင်းသား၊ တရုတ်၏ အသက်အငယ်ဆုံး ရုပ်ရှင်ဧကရာဇ်ဆုကို ရရှိသူ… ]
သို့သော် သူ၏ အောင်မြင်မှုများအား ကြည့်ခြင်းအားဖြင့် ကျိရှိုးနျန်သည် ထူးချွန်သော မင်းသားတစ်ဦးဖြစ်သည်မှာ သေချာသည်။ သူသည် အသက် ၁၇ နှစ်တွင် ပွဲဦးထွက်ကတည်းက ရေပန်းစားခဲ့ပြီး၊ သူ၏ ပထမဆုံး ရုပ်ရှင်ဖြင့် ထိုနှစ်တွင်ပင် ရုပ်ရှင်ဧကရာဇ်ဂုဏ်ပုဒ်အား ရရှိခဲ့သည်။
ငယ်ရွယ်စဉ်ကပင် ကျော်ကြားခဲ့သော ကျိရှိုးနျန်သည် မာန်မာနထောင်လွှားခြင်းမရှိဘဲ၊ သူ၏ ပညာရေးအား ထူးချွန်စွာ ပြီးမြောက်ရုံသာမက ဂန္ထဝင်မြောက်သော ဇာတ်ကားများစွာတွင် တစ်ခုပြီးတစ်ခု သရုပ်ဆောင်ခဲ့သဖြင့် တရုတ်၏ 'အမျိုးသားရတနာမင်းသား' ဟူသော အမည်အား ရရှိခဲ့သည်။
သူ၏ အလုပ်အကိုင်အောင်မြင်မှုများရှိသော်လည်း ကျိရှိုးနျန်၏ ကိုယ်ပိုင်ကံကြမ္မာသည် လမ်းကြမ်းတစ်ခုဖြစ်ခဲ့သည်။
သူသည် ငယ်စဉ်ကပင် မိဘမဲ့ဖြစ်ခဲ့ရပြီး ဆွေမျိုးများ၏ လျစ်လျူရှုခြင်းအား ခံခဲ့ရသည်။
သူသည် ဆယ်နှစ်ကြာ ပွဲဦးထွက်ပြီးနောက် မည်သည့် အရှုပ်တော်ပုံမျှ မရှိခဲ့ဘဲ အခြားသူများနှင့် သူ၏ ဆက်ဆံရေးသည် အလွန်ရိုးရှင်းလှ၏။
သူ့နောက်ခံအား စုံစမ်းရန်အတွက် သူကိုယ်တိုင်ထံမှသာ အသေးစိတ်အချက်အလက်များ ရယူနိုင်ပေသည်။
လုရွှိသည် ပစ်မှတ်နှင့် နီးစပ်အောင် မည်သို့လုပ်ရမည်အား စဉ်းစားနေစဉ် အရည်အချင်းပြိုင်ပွဲတစ်ခုအတွက် ကြော်ငြာတစ်ခု ပေါ်လာလေသည်။
[ ဒီနွေရာသီမှာ၊ သူတို့ဟာ စင်ပေါ်ထက်မှာ ချွေးစက်တွေနဲ့ ပေးဆပ်ရင်း သူတို့ရဲ့ လူငယ်အိပ်မက်တွေနောက် လိုက်ကြပါလိမ့်မယ်… မိန်းကလေး ထောင်ပေါင်းများစွာရဲ့ အိပ်မက်ဖြစ်လာမယ့်လူ၊ ပွဲဦးထွက်ဖို့ ဂုဏ်ကို အောင်မြင်စွာရရှိမယ့်လူ၊ နောက်မျိုးဆက်ရဲ့ ပြောရေးဆိုခွင့်ရှိလူ ဖြစ်လာမယ့်သူက ဘယ်သူဖြစ်မလဲ… သူတို့ရဲ့ အနာဂတ်တွေဟာ သင့်အပေါ်မှာ မူတည်ပါတယ်၊ ပွဲဦးထွက်ဖို့ သင်နှစ်သက်တဲ့ ပြိုင်ပွဲဝင်ကို မြန်မြန်ရွေးချယ်လိုက်ပါ… ဒီနွေရာသီရဲ့ 'အိုင်ဒေါတစ်ဦး မွေးဖွားခြင်း' မှာ ကျွန်တော်တို့ သင့်ကို စောင့်မျှော်နေပါမယ်… ဒီနွေရာသီမှာ တစ်ဦးနဲ့တစ်ဦး မတွေ့ဆုံဘဲ ထွက်ခွာမသွားကြပါစို့! ]
လုရွှိသည် ကြော်ငြာအား စိတ်မဝင်စားပေ။
သူသည် ၄င်းအား ပိတ်တော့မည့်အချိန်တွင် အကဲဖြတ်ဒိုင်များ၏ စာရင်းအား သတိထားမိလိုက်ပြီး ရပ်တန့်သွားသည်။
အကဲဖြတ်ဒိုင်လေးဦးထဲတွင် ကျိရှိုးနျန်၏ နာမည်သည် စာရင်း၏ ထိပ်ဆုံးတွင် ထင်ရှားပေါ်လွင်စွာ ရပ်တည်နေပြီး မျက်စိပသာဒဖြစ်စေလေသည်။
~~~