Chapter : 63 ( ထာဝရတောက်ပခြင်း [3] )
Viewers 3k

Chapter : 63 ( ထာဝရတောက်ပခြင်း [3] )


ဆံပင်ဝါသည် စားပွဲပေါ်လက်ထောက်လျက် ပြတ်သားစွာမေးလိုက်သည်။

"ဘယ်သူသွားမှာလဲ"

"ငါမသွားဘူး...ငါမနေ့ကသွားပြီးပြီ"

ဟိုင်ရိက ပြတ်သားစွာပြန်ပြော၏။

ဆံပင်ဝါ: "ကျွန်တော်လည်း အရင်တစ်ခေါက်က သွားပြီးပြီ"

ရှန့်ချန့်ယန်: "ဘယ် 'အရင်' ကိုပြောတာလဲ"

ဆံပင်ဝါမှာ စကားမဲ့သွားသည်။

လေထုက ချက်ချင်းတင်းမာသွား၏။

ခဏအကြာ၌ ဆံပင်ဝါက ပြောလိုက်သည်။

"ထားလိုက်တော့၊ ကတ်ကြေး၊ စက္ကူ၊ ကျောက်တုံး နဲ့ပဲ သွားကြရအောင်"

သူတို့ လက်တွေကို ဆန့်တန်းလိုက်ပြီး တစ်ယောက်မျက်လုံးကို တစ်ယောက် လေးနက်စွာ စိုက်ကြည့်ကြ၏။ သုံးအထိ ရေတွက်ပြီးနောက် သူတို့ လက်တွေကို ပြတ်သားစွာ ထုတ်ပြလိုက်သည်။ ကံမကောင်းစွာဖြင့် ဆံပင်ဝါ ရှုံးနိမ့်သွား၏။

ဆံပင်ဝါက မတ်တပ်ရပ်ပြီး အပြင်က မှာစားထားသော ဗူးခွံများပါသည့် အမှိုက်များကို ကောက်လိုက်သည်။

"ခင်ဗျားတို့နှစ်ယောက် လိမ်တာ ကျွန်တော်မသိဘူးလို့ မထင်နဲ့၊ ခင်ဗျားတို့နှစ်ယောက်က အမြဲတမ်း ကြိုတိုင်ပင်ပြီး တစ်ချိန်တည်း ထုတ်ပြကြတာ"

ဟိုင်ရိက သွားကြားထိုးတံတစ်ချောင်းကို ပါးစပ်မှာ ကိုင်ထားသည်။

"မင်းက အမြဲတမ်း ကတ်ကြေးပဲ ရွေးတာလေ"

ရှန့်ချန့်ယန်ကလည်း ဧကရာဇ်ကြီးတစ်ပါးကဲ့သို့ ဆိုဖာပေါ်မှာ လှဲလျောင်းနေ၏။

"ငါတို့ရဲ့ စိတ်ပညာကို တွန်းလှန်ဖို့ဆိုတာ…"

သူက လက်ညှိုးတစ်ချောင်းကို ဝှေ့ယမ်းပြီး စကားသုံးလုံးကို ဖွဖွလေး ထွေးထုတ်လိုက်သည်။

"မဖြစ်နိုင်ဘူး"

ဟိုင်ရိက သူ့စကားကို ထပ်ပြောလိုက်၏။

"မဖြစ်နိုင်ဘူး"

မျက်နှာအနှံ့ ဒေါသများဖုံးလွှမ်းနေသော ဆံပင်ဝါသည် အမှိုက်သွားပစ်ရန် ထွက်သွားလေသည်။

"Fight the Landlord" ဂိမ်းကို ကစားရင်း ပြဇာတ်ရုံထဲ ပိတ်လှောင်နေခဲ့ကြသည်မှာ တစ်ပတ်နီးပါး ရှိနေပြီဖြစ်သည်။ နေ့တိုင်း သူတို့သည် ဘာလုပ်ရမှန်းမသိသော အခြေအနေမျိုးဖြင့် နေထိုင်ကြ၏။ ပြဇာတ်ရုံကို မဖွင့်ကြသလို အလုပ်တာဝန်များတွင်လည်း ပါဝင်ခြင်းမရှိကြပေ။

( Flight the Landlord ဆိုတာ ဖဲကတ်တွေနဲ့ သုံးယောက် ကစားရတဲ့ ဂိမ်းဖြစ်ပါတယ်၊ ကစားသမားနှစ်ယောက်က အဖွဲ့လိုဖြစ်ပြီး ကျန်တဲ့ ကစားသမားတစ်ယောက်က သူတို့ကို နိုင်အောင် ကစားရတာပါ၊ ကတ်ဂိမ်းတွေ သိပ်မသိတာမလို့ မှားကောင်း မှားနိုင်တာမျိုး ရှိနိုင်ပါတယ် )

"Fight the Landlord" အတွက် သူတို့မှာ လူဦးရေပြည့်နေ၏။

ယနေ့၌ ရှန့်ချန့်ယန်သည် အလုပ်စလုပ်ရန် ကြေညာခဲ့သည်။ ထို့ကြောင့် အလုပ်ပြန်စခြင်းကို ဂုဏ်ပြုရန် ကိတ်မုန့်တစ်လုံးမှာယူပြီး ညနေ ၄ နာရီအထိ စားကြ၏။ ကောင်းကင်မှာ မှောင်စပြုနေပြီဖြစ်၏။

ဟိုင်ရိက ပြဇာတ်ရုံတံခါးကို တွန်းဖွင့်လိုက်သည်။ ဆံပင်ဝါက အမှိုက်ပစ်ရာမှ ပြန်လာကာစ ဖြစ်၏။ ဟိုင်ရိက ကောင်းကင်ယံမှ တိတ်ဆိတ်စွာ ပျံသန်းနေသော ဝေလငါးများကို ကြည့်နေသည်။ ၎င်းတို့သည် ကြီးမားသော အမြီးများကို ဝှေ့ယမ်းကာ မြင့်မားသော အဆောက်အအုံများပေါ်မှ ဖြတ်သန်းပြီး တိမ်တိုက်များကြားထဲ ပျောက်ကွယ်သွားကြ၏။

ဟိုင်ရိ: "သူတို့က တိတိကျကျ ဘာတွေလဲ"

"ဘယ်သူမှ မသိဘူး"

ဆံပင်ဝါက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"အပြင်ထွက်တာကို အမှိုက်ကို ဘာလို့မပစ်တာလဲ"

ဟိုင်ရိ တံခါးကိုမှီပြီး လက်မောင်းပိုက်ကာ ပြန်လည်ပြောလိုက်၏။

"ဘာလို့လည်းဆိုတော့ ငါ အောင်မြင်မှု ဆိုတဲ့အရသာကို ခံစားရတာကြိုက်တယ်လေ"

ဆံပင်ဝါသည် ဟိုင်ရိအား လက်ခလည်ထောင်ပြလိုက်၏။

ဟိုင်ရိ: "Fight the Landlord ကို နောက်ကျရင် အပြင်မှာကစားရအောင်၊ အပြင်က ရာသီဥတုက အရမ်းကောင်းတယ်"

"အကယ်လို့ အပြင်မှာသာကစားခဲ့မယ်ဆိုရင်...."

ဆံပင်ဝါသည် ဆေးလိပ်ကို ပါးစပ်မှာညှပ်ကာ အပြင်ကိုကြည့်လိုက်ပြီး

"ယန်ကောက အဲဒီကောင်မလေးတွေဆီမှာ အရှင်လတ်လတ်စားခံရမှာ နာရီဝက်တောင်ကြာမှာမဟုတ်ဘူး"

ဟိုင်ရိသည် ရှန့်ချန်ယန်အား လာရှာလေ့ရှိသော ပရိတ်သတ်များကို မတွေ့ရသေးချေ။ ထို့နောက် သူ၏ သိချင်စိတ်များမှာ တစ်ဟုန်တိုး တိုးသွားလေသည်။

"တစ်ယောက်ယောက်က သူ့ရဲ့လက်မှတ်ကို တောင်းဖူးလား"

ဆံပင်ဝါ: "ပထမဆုံးတစ်ယောက်လာတုန်းက ယန်ကောရဲ့အာရုံရဖို့ကို ဘတ်စ်ကားကို ၃နာရီတောင်စီးလာရတာ၊ အတည်ပေါက်ကြီးနော်… သူတို့ ဒီဖန်သားနံရံအပြင်ဘက်မှာရပ်နေပြီးတော့ ယန်ကော ဖုန်းကြည့်တာကို ရပ်ကြည့်နေခဲ့တာ"

ဆံပင်ဝါက ဟိုင်ရိမှီနေသော တံခါးသို့ လက်ညိုးထိုးကာ ပြောလိုက်၏။

'အဲဒါကို နားလည်ဖို့ ဘာများခက်လို့လဲ’

ဟိုင်ရိက တွေးလိုက်သည်။

ဟိုင်ရိကလည်း အရင်က လုပ်ဖူး၏။ ရှန့်ချန့်ယန်ကို တစ်ချက်ကြည့်ရုံနှင့် မြင်နိုင်ရန် မွန်ဂိုလီးယားကနေ ပေကျင်းအထိတောင် ပြေးလာခဲ့ဖူးသည် မဟုတ်လား။

ပရိသတ်မဟုတ်သည့် လူတစ်ယောက်ကတော့ တကယ်နားမလည်နိုင်ပေ။

ဆံပင်ဝါက စဥ်းစားလိုက်ပြီးမှ မျက်နှာပွင့်လင်းသွားသည်။

"ယန်ကောရဲ့ ဆံပင်က သူပထမဆုံးရောက်တုန်းက အနီရောင်ဆိုတာ မင်းသိတယ်မလား"

ဟိုင်ရိ ခေါင်းညိတ်လိုက်၏။

ဆံပင်ဝါ: "သူက အဲတုန်းက တော်တော့်ကို မျက်စိပွင့်လန်းစေတာပဲ၊ သူ့ရဲ့ဆံပင်နီနီကြောင့် တစ်ခရိုင်လုံးက သူ့ကို မှတ်မိနိုင်တယ်၊ ပြီးတော့ သူ့ကိုရှာနေတဲ့သူတွေက အမြဲရှိနေတယ်၊ သူ မခံနိုင်တော့ဘဲ ခေါင်းတုံးတုံးပစ်လိုက်သေးတယ်"

ဟိုင်ရိက ရှန့်ချန့်ယန် ခေါင်းတုံးတုံးနေသည်ကို မည်းမှောင်စွာ တွေးကြည့်ကာ လှောင်ရယ်လိုက်သည်။

ဆံပင်ဝါက သူ့လက်ထဲက စီးကရက်နှင့် သူ့ခေါင်းကို လက်ညှိုးထိုးပြလိုက်၏။

"သူက တအားတိုအောင် တုံးပစ်လိုက်တာ၊ တစ်လက်မလောက်ပဲ ရှည်တယ်… နောက်ဆုံး ခေါင်းတုံးတုံးပြီးနောက် ပိုပြီးချောလာတယ်၊ သူ့ကို မမှတ်မိတဲ့လူတွေတောင် ချောတယ်လို့ ခံစားရစေတယ်... စစ်မှုထမ်းဟောင်းတစ်ယောက်လို့ ထင်ကြပေမယ့် သူ့ကိုလာရှာတဲ့လူတွေက ပိုတောင်များလာသေး"

ဟိုင်ရိ: "ဟားဟားဟား"

ဆံပင်ဝါက သက်ပြင်းချလိုက်သည်။

"သူက ကောင်းမွန်တဲ့ဘဝလေးရှိတာပဲ"

ဟိုင်ရိမျက်နှာမှ အပြုံးသည် ချက်ချင်းတင်းမာသွားပြီးနောက် ပျက်သွား၏။

ထိရှလွယ်တဲ့အချက်အကြောင်း ပြောနေတာပဲ...

ဆံပင်ဝါ: "ကျွန်တော့် ယန်ကောက လူကောင်းတစ်ယောက်ပါ၊ ဟိုင်ကော... ကျွန်တော် ဘာလို့ ကျွန်တော့်ယန်ကောနဲ့ အတူရှိရတာကို ကြိုက်လဲဆိုတာ သိလား"

ဟိုင်ရိက သူ့ကို ကြည့်လိုက်သည်။

ဆံပင်ဝါက ဆက်ပြော၏။

"ကျွန်တော် ယန်ကောလို လူကောင်းတစ်ယောက်ကို ကောင်းကင်က ဘယ်လိုဆက်ဆံမလဲဆိုတာ ကျွန်တော် သိချင်လို့"

ဆံပင်ဝါရဲ့ အကြည့်က ရိုးသားတယ်။ မျက်ဝန်းမှာ မျက်ရည်တွေဝဲနေသလိုပဲ။

"ကျွန်တော်က တန်ဖိုးမရှိပါဘူး၊ ယန်ကောက ကျွန်တော့်လိုဖြစ်လာမှာ မဟုတ်ဘူးမလား"

ဟိုင်ရိ: ...

ဆံပင်ဝါက စီးကရက်ဖင်ကို မြေကြီးပေါ် ခြေထောက်နဲ့ ကြိတ်ချေပြီး အခန်းထဲဝင်သွားသည်။

သူဝင်သွားတာကို မြင်သော ရှန့်ချန့်ယန်က မေးလိုက်သည်။

"ဟိုင်ရိ ဘယ်မှာလဲ"

"ကောင်းကင်ကို ကြည့်နေတယ်"

ဆံပင်ဝါက ပေါ့ပေါ့ပါးပါး ပြန်ဖြေ၏။

"သူ အပြင်မှာ"

ရှန့်ချန့်ယန်က ဂီတာတစ်လက်ကို ကောက်ယူပြီး သုတ်လိုက်သည်။

ဆံပင်ဝါ: "ဂီတာတီးတော့မလို့လား"

ရှန့်ချန့်ယန်က ဟုတ်တယ်ဟု ပြန်မဖြေသလို ငြင်းလည်းမငြင်းပေ။ သူပြောသည်က

"စမ်းကြည့်တာ"

ဆံပင်ဝါ: "ခင်ဗျား ဂီတာတီးတာ ကျွန်တော်တစ်ခါမှမမြင်ဖူးဘူး"

ရှန့်ချန့်ယန်က စကားမပြောဘဲ ပြုံးလိုက်သည်။

သူက စားပွဲရှေ့က ကုလားထိုင်ပေါ်မှာ ပေါ့ပေါ့ပါးပါးထိုင်ရင်း ခြေချိတ်ထား၏။ သူ လက်ထဲက ဂီတာကြိုးတွေကို ညင်သာစွာတီးခတ်လိုက်သည်။

ဂီတသံတွေက သူ့လက်ချောင်းတွေကနေ ချောမွေ့စွာ စီးဆင်းလာသည်။ ဟိုင်ရိက အပြင်ကနေ ဂီတသံကို ကြားပြီး ဝင်လာ၏။

"ဒီည ဂီတာတီးမို့တာလား"

ရှန့်ချန့်ယန်: "အင်း"

ပြဇာတ်ရုံထဲ ကုလားထိုင်တွေကို ပြွတ်သိပ်ထည့်ထားရာကနေ ဖယ်ရှားပြီး စားပွဲပုတစ်လုံးရှေ့မှာ ကစဥ့်ကလျားချထားသည်။ ဆံပင်ဝါသည် ကားဂိုဒေါင်ထဲမှ အရက်အားလုံးကို တူးဖော်ပြီး သူတို့ပြင်ဆင်ထားသည့် ဘားပေါ်မှာ တင်ထား၏။

အဲဒီလိုပဲ ဒီည သူတို့ဘား စီးပွားရေးလုပ်ငန်း စဖွင့်တော့မှာ ဖြစ်သည်။

ဟိုင်ရိသည် ယနေ့တွင် ရှန့်ချန့်ယန်၏ ရှပ်အင်္ကျီကို ဝတ်ထားသည်။ သူနှင့် သိပ်မတော်ပေ။ အင်္ကျီလက်တွေကို ခေါက်တင်ပြီး အဝတ်တစ်ထည်ယူကာ သန့်ရှင်းရေးလုပ်နေစဉ် ရှန့်ချန့်ယန်က စတော်ဘယ်ရီအရသာ လော်လီပေါ့တစ်ခုကို ပါးစပ်ထဲထည့်ရင်း ဂီတာကို စမ်းသပ်နေ၏။ ဟိုင်ရိနှင့် ဆံပင်ဝါတို့က သူဘာတီးမှာလဲဟု မေးသောအခါ သူက မဖြေပေ။

မူလက မည်သူမှလာမှာမဟုတ်ဘူးဟု ဟိုင်ရိ ထင်ခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူတို့သည် အချိန်အတော်ကြာ ပိတ်ထားခဲ့ရတာဖြစ်ပြီး ထိုဧရိယာမှာလည်း လူသွားလူလာနည်းပါးခဲ့၏။ 

တစ်ယောက်နှစ်ယောက်လောက်လာရင်တောင် တော်တော်လေး ကောင်းမွန်သည့် ပရိသတ်အင်အားလို့ သတ်မှတ်လို့ရပြီဖြစ်၏။ သို့ပေမဲ့ ည ၇ နာရီကနေ ၈ နာရီလောက်မှာတော့ ရှန့်ချန့်ယန်သည် ကုလားထိုင်တစ်လုံးကို ရွှေ့ထုတ်ပြီး အသံစနစ်ကို ပြင်ဆင်ကာ တံခါးဘေးမှာ ထိုင်ပြီး မိုက်ခရိုဖုန်းထဲကို ရက်ပ်သီချင်းနှစ်ကြောင်းဆိုလိုက်ရာ လူတွေက အပြင်မှာ တဖြည်းဖြည်း စုဝေးလာကြသည်။

ဟိုင်ရိက ဘားကို မှီပြီး မျက်လုံးပြူးပြူးဖြင့် အပြင်ဘက်က မြင်ကွင်းကို ကြည့်နေ၏။ သူက ရှန့်ချန့်ယန် ထရပ်ပြီး သီချင်းစည်းချက်အတိုင်း လက်နှစ်ဖက်လုံးကို ဝှေ့ယမ်းနေသည်ကို မြင်ရသည်။ ပရိသတ်များ၏ စိတ်ခံစားမှုများလည်း လှုပ်ရှားလာပြီး သူတို့က ရှန့်ချန့်ယန်နောက်ကို လိုက်ပြီး လက်ဝှေ့ယမ်းကြသ၏။

ရှန့်ချန့်ယန်က ခဏလောက် ကခုန်လိုက်သေးသည်။ သူ၏ လှုပ်ရှားမှုများက သန့်ရှင်းသပ်ရပ်ပြီး သူ၏ ကခုန်ပုံများက နောက်တစ်ခုဆီကို ချောမွေ့စွာ ဆက်သွား၏။ သူ့ကို ကြည့်ရုံနှင့်ပင် ဟိုင်ရိက နွေဦးရာသီ ရောက်လာသလို ခံစားရသည်။

ဒီကိုရောက်ပြီး ရှန့်ချန့်ယန် ကတာကို သူပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၏။ ရှန့်ချန့်ယန်က ကြေညာလိုက်သည်။

"ကျွန်တော်တို့ ဘားရဲ့ မွန်ဂိုသူဌေးကို သီချင်းဆိုဖို့ ဖိတ်ကြရအောင်"

ဟိုင်ရိ ခဏတာမျှ ကြောင်ပြီး ကြည့်နေသည်။ ထို့နောက် ရှန့်ချန့်ယန် သူ့ကို လျှို့ဝှက်စွာ ကြည့်နေသည်ကို အပြည့်အဝ သိနေသကဲ့သို့ လှည့်လာပြီး သူ့ကို လက်ပြနေသည်ကို သူမြင်လိုက်ရ၏။

ဟိုင်ရိ: ...

ဆံပင်ဝါက ဖန်ခွက်တွေ သန့်ရှင်းရေးလုပ်နေတုန်းဖြစ်သည်။

"ခင်ဗျား ဘယ်တုန်းက သူဌေးဖြစ်သွားတာလဲ"

အပြင်ဘက်က ပရိသတ်တွေက စပ်စုစွာ ဝေ့ကြည့်ကြပြီး ဆိုင်ထဲက ဖောက်သည်တွေက ရယ်ကြ၏။

ဖောက်သည်များ: "ဆိုပြပါ"

ဟိုင်ရိက ၎င်းကိစ္စများတွင် စင်မြင့်ကြောက်တတ်တာမျိုး မရှိတာကြောင့် ဘာမှမတတ်နိုင်ဘဲ ထွက်သွားလိုက်သည်။

ရှန့်ချန့်ယန်က ပြုံးပြီး သူ့ကို မိုက်ခရိုဖုန်းကမ်းပေး၏။ ဟိုင်ရိက အဲဒါမလိုဘူးဟု ပြောလိုက်သည်။

သို့ပေမဲ့ ရှန့်ချန့်ယန်က ခေါင်းညိတ်လိုက်၏။ သူသည် ဂီတာနှင့် ကုလားထိုင်ပေါ်မှာ ထိုင်လိုက်သည်။

ဟိုင်ရိ: "ဒါဆို ငါဘာဆိုရမလဲ"

ရှန့်ချန့်ယန်: "ခင်ဗျားသဘောပဲ"

စဉ်းစားပြီးနောက် ဟိုင်ရိက "Liability" ဟု ရေရွတ်လိုက်သည်။

( )

ရှန့်ချန့်ယန်က ခဏတာမျှ မှိုင်တွေစွာ ကြည့်နေ၏။ သူက မော့ကြည့်ပြီး သူ့ကို ခဏကြည့်ကာ ရယ်လိုက်သည်။

ဟိုင်ရိ မိုက်ခရိုဖုန်းကို ကောက်ကိုင်လိုက်ရာ သူ၏စိတ်ခံစားချက်သည် ရုတ်တရက် လေးလံသွားသည်။

~ ဘေဘီ တကယ်ပဲ ငါ့ကို နာကျင်စေတယ် ~

~ တက္ကစီထဲမှာ ငိုနေခဲ့တယ် ~

~ သူက ငါ့ကို သိချင်စိတ်မရှိဘူး ~

~ ငါ့မုန်တိုင်းထဲ တိုးဝင်မိတာက သူရဲ့ အကြီးမားဆုံး အမှားပဲတဲ့ ~

~ ငါ့အချစ်က အဆိပ်တဲ့ ~

ထိုအချိန်၌ ဟိုင်ရိ၏ acappella သံစဉ်အကြား ရှန့်ချန့်ယန်ရဲ့ ဂီတာသံက ထွက်ပေါ်လာသည်။

~ ဒါဆို ငါ အိမ်ပြန်ရမယ်ထင်တယ် ~

~ ငါ ချစ်တဲ့ မိန်းကလေးရဲ့ ရင်ခွင်ထဲကိုပေါ့ ~

~ ငါ ဖျက်စီးမပစ်ရ‌သေးတဲ့ တစ်ခုတည်းသော အချစ်ပေါ့ ~

~ သူ(မ)ကို ကျေနပ်အောင်လုပ်ဖို့ ခက်ခဲလွန်းတယ်

~ ဒါပေမဲ့ သူ(မ)က တောမီးလိုပါပဲ ~

ဟိုင်ရိက သူ့မျက်လုံးတွေကို မှိတ်လိုက်သည်။ သူ့စိတ်ထဲ၌ ဤအချိန်မှာ ဘာအတွေးမှမရှိပေ။ သူက အလွန်အမင်း ဝမ်းနည်းခြင်းလည်းမရှိ၊ ပျော်ရွှင်ခြင်းလည်းမရှိချေ။

~ သူ(မ)ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အစွမ်းကုန်ကြိုးစားတယ် ~

~ အချစ်ကို ဖန်တီးပြီး ဧည့်ခန်းထဲမှာ ဖြည်းဖြည်းချင်း ကကြမယ် ~

~ ဒါပေမဲ့ သူစိမ်းတစ်ယောက်ကတော့ ~

~ တစ်ယောက်တည်း ယိမ်းနွဲ့ကနေပြီး သူ့ပါးသူကိုင်နေတဲ့ ကောင်မလေးတစ်ယောက်ကို မြင်ရလိမ့်မယ် ~

🌟🌟🌟