Chapter : 64 ( ထာဝရတောက်ပခြင်း [4] )
Viewers 3k

Chapter : 64 ( ထာဝရတောက်ပခြင်း [4] )


အလွန်အမင်း ဝမ်းနည်းဖွယ်ကောင်းသော သီချင်းစာသားများက ရှန့်ချန့်ယန် လတ်တလော မြှင့်တင်ထားသော လေထုကို မှိုင်းမှိုင်းစွဲသွားစေ၏။ သို့သော် ဟိုင်ရိထဲတွင် စိတ်ခံစားမှုမျိုးစုံ ရုတ်တရက် ပေါ်ပေါက်လာပြီး သူက ငြိမ်သက်စွာ သီချင်းဆက်ဆိုနေသည်။

~ လူတွေက ပြောတယ်၊ မင်းက ငါ့အတွက် အနှောင့်အယှက်တစ်ခုပဲတဲ့ ~

~ မင်းက ဝန်ထုပ်ဝန်ပိုးတစ်ခုပဲတဲ့ ~

~ မင်းက ငါ့အတွက် အနှောင့်အယှက်တစ်ခုပဲတဲ့ ~

~ ဒါကြောင့် သူတို့ နောက်ဆုတ်သွားပြီး တခြားအစီအစဉ်တွေ လုပ်ကြတယ် ~

~ ငါ နားလည်ပါတယ် ငါက ဝန်ထုပ်ဝန်ပိုးတစ်ခုပဲ‌လေ ~

~ မင်းကို ပေါက်ကွဲစေပြီး ထွက်သွား‌အောင်လုပ်တဲ့လူ ~

~ ငါက လူတိုင်းအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုပဲ‌ ~

ဟိုင်ရိက ရပ်လိုက်ပြီး ရှက်ရွံ့စွာ ပြောလိုက်သည်။

ဟိုင်ရိ: "သီချင်းစာသားတွေ မေ့သွားတယ်"

သို့သော် ခဏတာ တိတ်ဆိတ်ပြီးနောက် လူတိုင်း လက်ခုပ်တီးကြ၏။

ရှန့်ချန့်ယန်က ပြုံးလိုက်သည်။

"ခင်ဗျား လူတိုင်းကို နည်းနည်း ပိုပျော်အောင်လုပ်စေချင်ခဲ့တာ"

ရယ်သံတွေ ဆူညံသွားသည်။ တချို့လူများက ဘားထဲသို့ ရောက်နှင့်နေပြီဖြစ်ရာ ဟိုင်ရိက လမ်းဖယ်ပေးရင်း အော်ပြောလိုက်၏။

"ဝင်လာပြီး သောက်ကြ!"

ရှန့်ချန့်ယန်: "ကျွန်တော်တို့ရဲ့ မွန်ဂိုသူဌေးကို ခင်ဗျားတို့နဲ့အတူ သောက်ဖို့ လိုက်ပို့ပါစေ"

ထိုသို့နှင့် ဘားတစ်ခုလုံး ဆူညံသံတွေနဲ့ စိတ်လှုပ်ရှားမှုတွေ ပြည့်နှက်နေသည်။ ဟိုင်ရိသည် အချိန်အတော်ကြာ အရက်အများကြီး မသောက်ဖူးသေးပေ။ ရှန့်ချန့်ယန်သည် အရက်သောက်တာကို မကြိုက်ပေ။ ဆံပင်ဝါမှာလည်း အရက်သောက်လို့မရ‌ချေ။ ထို့ကြောင့် ဟိုင်ရိသည် Haidilao ကနေ ပြန်သယ်လာသော ဝိုင်ဖြူ ငါးပုလင်းကို သောက်ပြီးနောက် သူထပ်မသောက်တော့ပေ။

လူတိုင်းသည် အကြောင်းအရာမျိုးစုံကို တတွတ်တွတ်ပြောနေကြ၏။

ဝိုင်ဖြူနည်းနည်းသောက်ရုံနဲ့ ဟိုင်ရိက နည်းနည်းလေး မူးလာသည်။

ကောင်မလေးတစ်ယောက်က မေးလာ၏။

"သူဌေး...ရှင် အရမ်းချောတာပဲ၊ ကပြားလား"

ဟိုင်ရိက ပြုံးလိုက်သည်။

"ငါချောတာလား"

ကောင်မလေး မျက်နှာနီရဲသွားတဲ့အထိ ဆွဲဆောင်ပြီးနောက်မှာတောင် ဟိုင်ရိက ဘာမှမသိသလိုပင် လှည့်ပြီး တခြားသူများနှင့် စကားပြောဖို့ ထွက်သွား၏။

ဆံပင်ဝါက စားပွဲတစ်လုံးဆီကို ဝိုင်ပို့ပေးရင်း အဲဒီက ဖောက်သည်များကို ပြောလိုက်သည်။

"စင်ပေါ်ကလူက သူဌေးကြီးပါ...ကျွန်တော်က ဒုတိယသူဌေး၊ ဒီလူက တတိယသူဌေး"

ဖောက်သည်များက သူ့စကားကို လုံးဝနားမလည်ဘဲ သူ့ကို ရှုပ်ထွေးစွာ ကြည့်နေကြသည်။

ဆံပင်ဝါ: "တတိယသူဌေး… ခင်ဗျားသောက်ရင်လည်း ပိုက်ဆံရှင်းရမှာနော်"

ဟိုင်ရိ: "ရှန့်ချန့်ယန်ရဲ့ စာရင်းထဲထည့်လိုက်"

ဆံပင်ဝါ: ...

ဟိုင်ရိပတ်လည်က စိတ်ဓာတ်ကျခြင်း၏ သင်းပျပျ အရှိန်အဝါက ဆွဲဆောင်မှုရှိနေသည်။ ညတွင်းချင်း သူ၏ Wechat ကို အနည်းဆုံး ငါးယောက်လောက်က တောင်းကြ၏။ ဟိုင်ရိ အနည်းငယ် မူးနေပြီဖြစ်သောကြောင့် သူ၏ မွန်ဂိုသွေးထဲက ဖော်ရွေမှုစိတ်ဓာတ်များက ပေါ်ပေါက်လာသည်။ မည်သူလာလာ သူငြင်းပယ်ခြင်းမရှိဘဲ လိုချင်သူတိုင်းကို ပေး၏။

ရှန့်ချန့်ယန် ဘားမှတစ်ဆင့် သူ့အား ခဏတာ စောင့်ကြည့်နေသည်။

ဟိုင်ရိက အော်ပြောလိုက်သည်။

"တွေ့လား!"

သူသည် ရှန့်ချန့်ယန်ကို လက်ညှိုးထိုးပြလိုက်၏။

"ငါ့သားလေ"

ရှန့်ချန့်ယန် အပါအဝင် လူတိုင်း ရယ်မောလိုက်ကြသည်။

ဟိုင်ရိ: "ချောတယ်နော်၊ ဟုတ်တယ်မလား"

သူသည် မူးယစ်နေသော အခြေအနေတော့ မဟုတ်သော်လည်း အနည်းငယ် မူးရုံဖြင့် ရမ်းပြီး ပြောမိနေခြင်း ဖြစ်သည်။

ကောင်မလေးတစ်ယောက်သည် ရည်ရွယ်ချက်ရှိရှိ ပြောလိုက်၏။

"သူဌေး… သူက ရှင့်ကို သူ့သားလို့ ပြောတယ်နော်"

ရှန့်ချန့်ယန်က လက်ဝှေ့ယမ်းပြီး ဆက်ပြောဖို့ ခွင့်ပြုလိုက်သည်။

ဟိုင်ရိ: "သားတစ်ယောက်ကို ပြုစုပျိုးထောင်ပြီးမှပဲ ငါ့မိဘတွေ ငါ့အပေါ် ရင်းနှီးမြှုပ်နှံခဲ့တာတွေကို နားလည်လာတယ်"

ရှန့်ချန့်ယန်က ခဏတာမျှ ကြောင်သွားပြီး သူ့ကို ကြည့်လိုက်သည်။

လူတိုင်းက ကပြားတစ်ယောက်ဟု ထင်ရပြီး ဆွဲဆောင်မှုရှိသည့် ဤမွန်ဂိုကောင်လေးအား စပ်စုစိတ်ပြင်းပြစွာနဲ့ သေသေချာချာ စူးစမ်းကြည့်ကြ၏။

သို့သော် ဟိုင်ရိ၏ အကြည့်မှာ ဘားမှ ဝိုင်ဖန်ခွက်များအား သန့်ရှင်းရေးလုပ်နေသည့် ရှန့်ချန့်ယန်ဆီတွင်သာ ရှိနေသည်။

ဝိုင်ဖန်ခွက်တွေကို ခဏတာ သန့်ရှင်းရေးလုပ်ပြီးနောက် ရှန့်ချန့်ယန်က စင်မြင့်ပေါ်ကို တက်လာပြီး မိုက်ခရိုဖုန်းကို မြှောက်ကိုင်လိုက်၏။

"အားလုံးပဲ မင်္ဂလာပါ၊ ကျွန်တော်က ရှန့်ချန့်ယန်ပါ"

စင်အောက်က လူတွေက လက်ခုပ်တီးပြီး အော်ပြောကြသည်။

ပရိသတ်: "ကောင်းတယ်"

ရှန့်ချန့်ယန်: "အားလုံးအတွက် သီချင်းတစ်ပုဒ် အပြည့်ဆိုပေးပါမယ်"

ဟိုင်ရိ၏ အမေသည် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ အချိန်အတော်ကြာ နေထိုင်ခဲ့ဖူးတာကြောင့် အရှေ့မြောက်ပိုင်းလေသံ အနည်းငယ် ပါတတ်သည်။ ထို့ကြောင့် ဟိုင်ရိကလည်း တစ်ခါတစ်ရံ အရှေ့မြောက်ပိုင်း ဒေသသုံး စကားလုံးတွေကို သုံးတတ်၏။ ဆံပင်ဝါ၏ အမေကလည်း အရှေ့မြောက်ပိုင်းက ဖြစ်ပြီး သူ၏ လွှမ်းမိုးမှုက ရှန့်ချန့်ယန်ထဲတွင် အရှေ့မြောက်ပိုင်း၏ ကြမ်းတမ်းတဲ့ သဘောကို ပေါ်လွင်စေသည်။ ထိုအချိန်မှာတော့ ဘယ်လိုမှ မသင့်လျော်တာမျိုး မရှိပေ။

စင်အောက်ရှိ လူများသည် တစ်ယောက်ပြီးတစ်ယောက် အော်ပြောလာကြသည်။

"သီချင်းတစ်ပုဒ်လုံး!"

သူ့မျက်နှာမှာ ငြိမ်သက်တဲ့ အမူအရာနဲ့ သူ့လက်ထဲမှာ ဂီတာတစ်လုံးကို ကိုင်ရင်း ရှန့်ချန့်ယန်က ဂီတာမတီးခင် အသံကို စမ်းသပ်လိုက်၏။

အားလုံး ငြိမ်သက်သွားကြသွားပြီး

ရှန့်ချန့်ယန်က သီချင်းစဆိုလိုက်သည်။

~ မင်းကို ဘယ်လိုများ စွဲလမ်းခဲ့မိတာလဲ၊ ငါ့ကိုယ်ငါ မေးမိတယ် ~

ဟိုင်ရိ: ...

ဟိုင်ရိက စင်မြင့်ကို တွေဝေစွာ ကြည့်နေပြီး သူ့ပါးစပ်က အနည်းငယ် ဟနေသည်။

ရှန့်ချန့်ယန်က သူ့ကို စိုက်ကြည့်ရင်း ပြုံးကာ သီချင်းဆိုနေသည်-

~ ငါ အရာအားလုံးကို စွန့်လွှတ်နိုင်တယ် ~

~ ဒါပေမဲ့ ဒီနေ့ထွက်သွားဖို့က ခက်ခဲတဲ့ကိစ္စပဲ ~

~ မင်းက လှပတာမဟုတ်ဘူး၊ ဒါပေမဲ့ မယုံနိုင်လောက်အောင် ချစ်စရာကောင်းတယ် ~

~ အာ...စင်ဒရဲလား...ငါ့ရဲ့ စင်ဒရဲလား… ~

ကောင်မလေးများက သူတို့ပါးတွေကို ဖိကိုင်ရင်း တစ်ယောက်ပြီးတစ်ယောက် ဆွဲဆောင်မှုရှိသည့် အချစ်ထဲကို နစ်ဝင်သွားကြ၏။

၄င်းကလည်း တစ်ချိန်က သူတို့၏ အိပ်မက်တစ်ခု ဖြစ်ခဲ့နိုင်သည်။ အရပ်ရှည်ပြီး၊ အေးစက်စက်ဖြင့် ချောမောသည့် ကောင်လေးတစ်ယောက်က ဂီတာတီးပြီး သူတို့ကို "စင်ဒရဲလား" သီချင်းဆိုပြဖို့ပင်…

( )

ချစ်ရသူကို ဒီလိုသီချင်းမျိုး ဆိုပြသည့် ကောင်လေးတစ်ယောက်… ဒါကလည်း လူငယ်ဘဝ၏ စိတ်ကူးယဉ်မှုတစ်ခု ဖြစ်နိုင်ပေသည်။

ရှန့်ချန့်ယန်၏ အသံထဲမှာ ဘာမှမတတ်နိုင်သည့် ခံစားချက်တွေ ရောယှက်နေပြီး ဆိုလိုက်သည်။

~ ငါ မင်းနှလုံးသားကို အမြဲတမ်း နာကျင်အောင်လုပ်နေတယ် ~

~ ငါ အမြဲတမ်း ရက်စက်တယ် ~

~ မင်း ဒါကို အလေးအနက်မထားစေချင်ခဲ့ဘူး ~

~ ဘာလို့လဲဆိုတော့ ငါမယုံရဲခဲ့လို့ ~

~ မင်းက အရမ်းလှတယ် ~

~ ထပ်ပြီး မယုံနိုင်လောက်အောင် ချစ်စရာကောင်းတယ် ~

~ အာ...စင်ဒရဲလား...ငါ့ရဲ့ စင်ဒရဲလားလေး… ~

~ တစ်ခါတလေ ငါ့နှလုံးသား နာကျင်ရမယ်လို့ မင်း ဘယ်တုန်းကမှ မတွေးဖူးခဲ့ဘူး ~

~ ဒါ အိပ်မက်သာဆိုရင် ဒီအိပ်မက်ကနေ နိုးထတာထက် အမြဲတမ်း မူးယစ်နေတာကိုပဲ ငါလိုချင်တယ် ~

~ ဒါ အိပ်မက်သာဆိုရင် ဒီအိပ်မက်ကနေ နိုးထတာထက် အမြဲတမ်း မူးယစ်နေတာကိုပဲ ငါလိုချင်တယ် ~

~ တစ်ခါတုန်းက ငါသည်းခံခဲ့တယ်၊ ပြီးတော့ ငါစောင့်ခဲ့တယ် ~

~ ငါ မင်းလာဖို့ စောင့်နေခဲ့တာ ဖြစ်နိုင်တယ် ~

~ ငါ မင်းလာဖို့ စောင့်နေခဲ့တာ ဖြစ်နိုင်တယ် ~

ဟိုင်ရိ အရက်သောက်သည့်အခါ ဘယ်တော့မှ သူ့ခေါင်းကို မရောက်ဖူးပေ။ သူ့မျက်နှာလည်း နီရဲတာမျိုး မရှိဖူးခဲ့။ သို့ပေမဲ့ ဤအချိန်မှာတော့ သူ့အကြည့်က စင်မြင့်ဆီ ဦးတည်နေချိန်မှာ သူ့မျက်နှာက နီရဲနေခဲ့သည်။

တစ်ခုခုကို ခံစားမိသကဲ့သို့ ဆံပင်ဝါက ရှန့်ချန့်ယန်အား ကြည့်လိုက်၊ ဟိုင်ရိအား ကြည့်လိုက် လုပ်နေခဲ့သည်။ နောက်တစ်ခါ ရှန့်ချန့်ယန်ကို ကြည့်ပြန်သည်။ ထို့နောက် ဟိုင်ရိကို ထပ်ကြည့်ပြန်သည်။ သူ့ခေါင်းက ခြူလိုပင် ရှေ့တိုးနောက်ဆုတ် လှုပ်နေ၏။

~ တစ်ခါတုန်းက ငါသည်းခံခဲ့တယ်၊ ပြီးတော့ ငါစောင့်ခဲ့တယ် ~

~ ငါ မင်းလာဖို့ စောင့်နေခဲ့တာ ဖြစ်နိုင်တယ် ~

~ ငါ မင်းလာဖို့ စောင့်နေခဲ့တာ ဖြစ်နိုင်တယ် ~

စင်အောက်၌ လက်ခုပ်သံများနှင့် အားပေးသံတွေ ဆူညံသွားသည်။ ရှန့်ချန့်ယန်က အော်ပြောလိုက်၏။

“ဘယ်သူမဆို ဒီကိုလာပြီး ကြိုက်တာဆိုလို့ရတယ်”

ထို့နောက် သူက ဂီတာကို ကုလားထိုင်ဘေးမှာ ချထားပြီး စင်အောက်သို့ ဆင်းသွားသည်။

ဟိုင်ရိက ချက်ချင်းဆိုသလို အလှိုက်လှဲဆုံး ကြိုဆိုခံရသူ အနေအထားကနေ ဆုံးရှုံးသွား၏။ လူတိုင်းက သူ့အစား လူငယ်သူ‌ဌေးအကြောင်း စတင်ဆွေးနွေးကြသည်။ ထို့နောက် အခန်းထဲတွင် ရှိသည့် လူတွေအားလုံးထဲတွင် လူငယ်သူဌေးကို အနားလည်ဆုံး လူက ဟိုင်ရိဖြစ်သည်ကြောင့် သူသည် စကားဝိုင်းထဲကို အချိတ်အဆက်မိမိ ဝင်ရောက်သွား၏။

ဆံပင်ဝါသည် စင်ပေါ်ကဆင်းလာသော ရှန့်ချန့်ယန်၏ အမူအရာကို စိုက်ကြည့်နေသည်။ သူသည် သူ့ကိုယ်သူ စောင်းပြီး သူ့မျက်နှာကို ကာလိုက်ရင်း တိုးတိုးလေး မေးလိုက်၏။

"ဒါက ကျွန်တော်ထင်တဲ့ အတိုင်းပဲလား"

ရှန့်ချန့်ယန်က သူ့ကို စောင်းငဲ့ကြည့်လိုက်သည်။

ဆံပင်ဝါ: ?

ရှန့်ချန့်ယန်: "မင်း ဘာထင်လဲ"

"ကျွန်တော် ဘာထင်လဲ"

ဆံပင်ဝါလည်း မသိပေ။

ရှန့်ချန့်ယန်: "အဲအတိုင်းပဲ"

ဆံပင်ဝါ: !!

ရှန့်ချန့်ယန် သူ၏လက်ညှိုးတစ်ချောင်းကို ဆန့်ထုတ်ပြီး သူ့နှုတ်ခမ်းဖျားမှာ တင်လိုက်သည်။

ရှန့်ချန့်ယန်: "မပြီးသေးဘူး"

ဆံပင်ဝါ: "လခွမ်း..ခင်ဗျား သူ့ကို တစ်ဖက်သတ် ဆက်ပြီး ကြိုက်နေတုန်းပဲလား"

အနည်းငယ် စကားပြောလို့မရအောင် ဖြစ်သွားပြီး ရှန့်ချန့်ယန် မဖြေဘဲ နေလိုက်သည်။

ဆံပင်ဝါ: "သွား! ခင်ဗျား သူ့ကို ကြိုက်ရင် သွားလုပ်!"

ရှန့်ချန့်ယန်က ရယ်မောသံနှင့် မျက်ရည်များကြားကနေ ပြောလိုက်၏။

"မင်းဂရုစိုက်စရာမလိုဘူး… ငါ့မှာ ငါ့နည်းလမ်းတွေရှိတယ်၊ မင်းရဲ့သွန်သင်ဆုံးမမှုကို ငါမလိုအပ်ဘူး"

ဆံပင်ဝါ: "ကြည့်ရတာ ခင်ဗျားမှာ ခင်ဗျားနည်းလမ်းတွေရှိသားပဲ"

သူသည် ရှန့်ချန့်ယန်က မိန်းကလေးတစ်ယောက်ကို ချော့မော့သလို ဟိုင်ရိအား ချော့မြူနေသည်ကို လှောင်ပြောင်နေခြင်း ဖြစ်သည်။

ရှန့်ချန့်ယန်က အနည်းနှင့်အများ ကိုယ့်ကိုယ်ကို သတိထားမိလာ၏။ သူ့နှာခေါင်းကို တို့ရင်း မယုံကြည်သလို မေးလိုက်သည်။

"ဘယ်လိုလဲ"

ဆံပင်ဝါရယ်လိုက်သည်။

"ခင်ဗျား တော်တော်ချောတာပဲ… ဒီည ကောင်မလေး ဘယ်နှစ်ယောက်ကို ညှို့ယူလိုက်လဲ ဘယ်သူသိမလဲ"

ရှန့်ချန့်ယန်က ဖန်ခွက်တစ်ခွက်ကို ဆေးကြောလိုက်၏။

ရှန့်ချန့်ယန်: "တစ်ယောက်လောက်ဆို ရပါပြီ"

ဆံပင်ဝါ တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းတွေ ထသွားသည်။

🌟🌟🌟