လုရွှိသည် အဆင့် F တွင် ထိုင်လိုက်သောအခါ လူတိုင်းမှာ အံ့အားသင့်သွားကြသည်။
အဆင့် B ၌ ထိုင်နေသော သင်တန်းသားများသည် သူ့အား အော်ခေါ်လိုက်၏။
"ကော၊ မင်းရွေးလိုက်တဲ့ အဆင့်က အဆိုးဆုံး အဆင့်ကြီးနော်''
"အခု ဘယ်လိုလုပ်မလဲ… ငါတို့ သူ့နဲ့အတူ အောက်ဆင်းပြီး ထိုင်ရမလား"
"အဆင့် A က အကောင်းဆုံးပဲ၊ မင်း အမြန်ဆုံး ဒီကို တက်လာတာ ပိုကောင်းမယ်"
"ခ်ခ်ခ်... "
လီဟိုင်ချောင်းသည် လက်နှစ်ဖက်အား ရင်ဘတ်ပေါ်တွင် ပိုက်ထားရင်း ရယ်မောခြင်းအားမထိန်းနိုင်ခဲ့ပေ။ သူသည် ပိုင်ဇယ်အား ကြည့်ကာ ခေါင်းခါလိုက်သည်။
"ကျွန်တော် ပြောလို့ပြောတာ မဟုတ်ပါဘူး၊ ဒါရိုက်တာပိုင်… ခင်ဗျားရဲ့ ဒီအနုပညာရှင်လေးက နည်းနည်း ရိုးသားလွန်းတယ်လို့ ထင်တယ်၊ အဆင့် F ကို ရွေးတာထက် အဆင့် D ကတောင် ပိုကောင်းဦးမယ်"
ပိုင်ဇယ်သည် လုရွှိ၏ ရွေးချယ်မှုနှင့် ပတ်သက်၍ အလွန်အမင်း အံ့အားသင့်ခြင်းမရှိပေ။ လီဟိုင်ချောင်း၏ မျက်ခုံးများပင် ပျော်ရွှင်မှု အရိပ်အယောင်များ သယ်ဆောင်နေသည်ကို မြင်သောအခါ ပိုင်ဇယ်သည် အေးစက်သောလေသံဖြင့် စကားတစ်ခွန်း ပစ်ထုတ်လိုက်သည်။
"ပြိုင်ပွဲက အခုမှ အစပဲ ရှိသေးတယ်၊ စိတ်မပူပါနဲ့"
ဖန့်ဇုန်းသည် ဘေးနားမှနေ၍ ကင်မရာတစ်လုံးအား လုရွှိ၏ အနီးကပ်ပုံ ရိုက်ရန် ညွှန်ကြားနေခဲ့သည်။ လုရွှိသည် သူ၏ ရွေးချယ်မှုအား မည်သို့ ရှင်းပြမည်ကို သူ ကြားလို၏။
တင်ဆက်သူ လျန်တာသည် တုန်းချန်ရုပ်မြင်သံကြားမှ ဖြစ်ပြီး ဖန့်ဇုန်း၏ မိတ်ဆွေဟောင်းတစ်ဦး ဖြစ်သည်။ သူသည် တစ်နိုင်ငံလုံးတွင် ကြည့်ရှုသူ အများဆုံး ရရှိထားသော ရသစုံဖျော်ဖြေပွဲများအား တင်ဆက်ခဲ့သူလည်း ဖြစ်သည်။
သူသည် ပရိသတ်နှင့် ဆက်ဆံရေး ကောင်းမွန်ပြီး တင်ဆက်သူလောကရှိ သူ၏ နေရာသည် အလွန်မြင့်မားသည်။ သို့သော် လျန်တာသည် နွေးထွေးပြီး ရိုးသားသော ပင်ကိုစရိုက်အား အမြဲ ထိန်းသိမ်းထား၏။
လုရွှိ စင်နောက်ဘက်မှ ထွက်လာသည့်အခိုက်အတန့်တွင် လျန်တာ၏ မျက်လုံးများ တောက်ပသွားသည်။
ဖန့်ဇုန်းသည် ပိုင်ဇယ်မှာ ထူးချွန်သော သင်တန်းသားတစ်ဦးခေါ်လာကြောင်း သူ့အား အစောပိုင်းက ပြောပြထားပြီးဖြစ်သည်။ ယနေ့တွင် မြင်တွေ့ရပြီးမှ ထိုစကားများသည် ချဲ့ကားခြင်းမဟုတ်ကြောင်း သူ သိလိုက်ရ၏။
အခြားသူများကဲ့သို့ပင် လုရွှိသည် အဆင့် F အား ရွေးချယ်လိမ့်မည်ဟု သူ လုံးဝမတွေးခဲ့မိပေ။
ခဏတာ အံ့အားသင့်ပြီးနောက် လျန်တာသည် ထိုအမှား ကျူးလွန်သူအား ချက်ချင်းပင် အင်တာဗျူးလိုက်သည်။
"သင်တန်းသား လုရွှိ၊ မင်း အဆင့် F ကို ရွေးချယ်ရခြင်း အကြောင်းရင်းကို ပြောပြပေးနိုင်မလား"
လုရွှိသည် သူ့နာမည် ခေါ်သံကြားသောအခါ ခေါင်းမော့လိုက်သည်။ သူသည် အေးဆေးတည်ငြိမ်စွာနှင့် ပုံမှန်အတိုင်း ပြန်ဖြေလိုက်၏။
"ကျွန်တော် လေ့ကျင့်တာ သိပ်မကြာသေးဘူး၊ အဆင့် F ကို ရွေးချယ်တာက ကျွန်တော့် လက်ရှိ စံနှုန်းကို ပိုပြီး ထင်ဟပ်စေလိမ့်မယ်ထင်လို့"
ကင်မရာသည် အနီးကပ် ရိုက်ကူးလိုက်သောအခါ လုရွှိ၏ မက်မွန်ပွင့်မျက်လုံးများနောက်ကွယ်ရှိ ရိုးသားမှုအား ဖော်ပြနေပြီး သူ တစ်ခုခု မှားယွင်းစွာ ပြုလုပ်ခဲ့သည်ဟူသော သံသယမှာ အလုံးစုံ ကင်းမဲ့နေသည်။ ဤကဲ့သို့ အနီးကပ်ရိုက်ကူးခြင်းအား မှန်ဘီလူးဖြင့် ကြည့်ရှုခြင်းဟု သတ်မှတ်နိုင်သည်။ သို့သော်လည်း လုရွှိ၏ မျက်နှာသည် အံ့မခန်း ချောမောနေဆဲဖြစ်ပြီး သူ၏ အသားအရေသည် အပြစ်အနာအဆာများ ကင်းစင်ကာ အလွန်ကောင်းမွန်နေသည်။
ပရိသတ်များအား မဆိုထားနှင့် စင်နောက်ကွယ်မှ စောင့်ဆိုင်းနေသော သင်တန်းသားများပင် မနာလိုဖြစ်ကြသည်။
ရွှီလဲ့လဲ့သည် ဖန်သားပြင်ပေါ်မှ လုရွှိ၏ မျက်နှာအား ကြည့်ရင်း မပြောဘဲ မနေနိုင်တော့ပေ။
"လုရွှိက အရွယ်ရောက်လာကတည်းက သူ့ရဲ့ ရုပ်ရည်ကောင်းကို အားကိုးပြီး နေထိုင်ခဲ့တာ ဖြစ်နိုင်တယ်၊ သူ အရမ်းချောတာပဲ၊ ဝါး!"
သူ၏ အဖွဲ့ဝင်တစ်ဦးသည် သူ့အား လျင်မြန်စွာ တွန်းလိုက်ပြီး နောက်ပြောင်လိုက်၏။
"သတိထားဦး ကောရေ… မင်းက ယောက်ျားစစ်စစ်လေ"
ရွှီလဲ့လဲ့သည် ရှက်ရွံ့ခြင်းမရှိပေ။
"ယောက်ျားစစ်စစ်တွေက တစ်စုံတစ်ယောက်ကို ချောတယ်လို့ ပြောရင် သူက တကယ်ကို ချောတာပဲ၊ လုရွှိရဲ့ မျက်နှာကိုမှ မျက်နှာလို့ ခေါ်သင့်တာ… ငါ့မျက်နှာကတော့ သာမန်ဆန်တဲ့ အရာတစ်ခုလိုပဲ ခံစားရတယ်"
နောက်ကွယ်မှ တစ်စုံတစ်ဦးသည် ညင်သာစွာ ရွှတ်ခနဲ အသံပြုလိုက်သော်လည်း ရိုက်ကူးရေးကိုသာ အာရုံစိုက်နေသောကြောင့် အခြားစကားများစွာ မပြောတော့ပေ။
လျန်တာသည် လုရွှိမှာ အတွေ့အကြုံမရှိသော အသစ်တစ်ဦးဖြစ်ကြောင်း ကြားသိထားသော်လည်း ဤကလေးသည် ဤမျှအထိ ရိုးသားလိမ့်မည်ဟု မတွေးမိခဲ့ပေ။
သူသည် ရုပ်ရည်ချောမောပြီး ယနေ့ခေတ် လူငယ်များ၌ ဖြစ်တတ်သော စိတ်လိုက်မာန်ပါ မရှိဘဲ စိတ်နေသဘောထား ကောင်းမွန်သူ ဖြစ်သည်။ လျန်တာ၏ လုရွှိအပေါ် အထင်အမြင်မှာ အလွန်ကောင်းမွန်နေခဲ့သည်။
သူ၏ လေ့ကျင့်ရေးကာလ တိုတောင်းခြင်းနှင့် ပတ်သက်၍ သူ၏ အရည်အချင်း အနည်းငယ် လိုအပ်နေလျှင်ပင် အားပေးထောက်ခံမှု ရရှိနိုင်သေးသည်။
"မင်း အချိန်အကြာကြီး လေ့ကျင့်ထားတာ မဟုတ်ဘူးဆိုတာ ငါ သိတယ်၊ ဒါပေမဲ့ မင်း မြန်မြန်ဆန်ဆန် တိုးတက်ပြီး အဆင့် F ကနေ တက်လှမ်းနိုင်လိမ့်မယ်လို့ ငါ ယုံကြည်တယ်"
အချိန်အကြာကြီး မလေ့ကျင့်ထားဘူးလား…
စင်နောက်ဘက်၊ စောင့်ဆိုင်းနေရာတွင် တစ်စုံတစ်ဦးက တိုးတိုးလေး ပြောလိုက်သည်။
"ယောင့်ကွိုင်းက လူအသစ်နဲ့ စာချုပ်ချုပ်တာ မကြားမိဘူး၊ ဒါကြောင့် လုရွှိက လုံးဝ အတွေ့အကြုံမရှိတဲ့ အသစ် ဖြစ်နိုင်တယ်"
ဒီလိုဖြစ်ခဲ့တာကိုး!
ထိုစကားအား ကြားလိုက်ရသောအခါ လုရွှိအား ပြိုင်ဘက်အဖြစ် မြင်နေသော သင်တန်းသားများသည် ချက်ချင်းပင် ပို၍ စိတ်သက်သာရာ ရသွားကြသည်။
မည်သို့ပင်ဆိုစေကာမူ 'အိုင်ဒေါလ်တစ်ဦးမွေးဖွားခြင်း' သည် သင်တန်းသားများ၏ အရည်အချင်းများအား ဘက်စုံမှ ကြည့်ရှုမည်ဖြစ်သည်။ လှပသော မျက်နှာရှိခြင်းသည် အားသာချက်တစ်ခု ဖြစ်နေသော်လည်း ရုပ်ရည်ကောင်းတစ်ခုတည်းသာရှိပြီး အခြားသောအရည်အချင်းများ မရှိပါက စင်မြင့်ပေါ်ထက်၌ ခပ်ဝေးဝေးသို့ မရောက်နိုင်ပေ။
လုရွှိ၏ အကဲဖြတ်မှုသည် သေးငယ်သော ရှုပ်ထွေးမှုတစ်ခုမျှသာ ဖြစ်သည်။
လျန်တာသည် သူနှင့် ခဏတာ စကားပြောဆိုပြီးနောက် ကိုယ်ပိုင်အကဲဖြတ်မှုများအား ဆက်လက်လုပ်ဆောင်လေသည်။
ရွှီလဲ့လဲ့ပါဝင်သည့် 'Age of Innocence' အဖွဲ့သည် ငါးဖွဲ့မြောက်အဖွဲ့အနေဖြင့် လာရောက်ကာ နေရာများ ရွေးချယ်ခဲ့ကြသည်။
ရွှီလဲ့လဲ့ ဝင်လာသောအခါ ပထမဆုံး လုပ်သည့်အရာမှာ လုရွှိအား နှုတ်ဆက်ခြင်းဖြစ်၏။ သူ၏ ဖော်ရွှေမှုပုံစံမှာ သူသည် လုရွှိ၏ ပရိသတ်တစ်ဦးကဲ့သို့ ဖြစ်နေစေသည်။ သူသည် လုရွှိနှင့်အတူ ထိုင်ချင်သော်လည်း သူသည် အဖွဲ့တစ်ဖွဲ့၏ အစိတ်အပိုင်းဖြစ်သောကြောင့် နောက်ဆုံးတွင် သူ့အဖွဲ့အားလိုက်၍ အဆင့် B သို့ သွားခဲ့ရသည်။
အဆင့် B ပြည့်သွားသည်ကို မြင်သောအခါ လျန်တာသည် သူ၏ မိုက်ခရိုဖုန်းအား ကောက်ယူကာ ပြုံးရင်း ပြောလိုက်၏။
"အခုထိတော့ ကျွန်တော်တို့ရဲ့ အဆင့် A ထိုင်ခုံတွေက လုံးဝ လွတ်နေတုန်းပါပဲ၊ အဆင့် A မှာ ပထမဆုံး ထိုင်မယ့်သူက ဘယ်သူဖြစ်မလဲဆိုတာ ဘယ်သူသိနိုင်မလဲ… နောက်တစ်ခုကတော့ ရှင်းတူးကုမ္ပဏီမှ BTT-boys အဖွဲ့ဖြစ်ပါတယ်၊ သူတို့ရဲ့ ရွေးချယ်မှုက ဘာဖြစ်မလဲ"
လျန်တာ၏ ကြေညာချက်နှင့်အတူ အဖွဲ့ဝင် ငါးဦးပါဝင်သည့် BTT-boys အဖွဲ့သည် ထွက်ပေါ်လာသည်။ သူတို့၏ ပုံစံတူ ဝတ်စုံများနှင့် ပျမ်းမျှ အရပ် ( ၁၈၀ ) စင်တီမီတာသည် သူတို့အား အတော်လေး မျက်စိကျစရာ ဖြစ်စေသည်။
လုရွှိသည် ယောက်ျားလေးအဖွဲ့များအကြောင်း သိပ်နားမလည်ပေ။ သူသည် သင်တန်းသားများ စိတ်လှုပ်ရှားစွာ အော်ဟစ်နေသည်ကိုသာ ကြားရသည်။
"အား… BTT ပဲ! ငါ စုန့်ကျယ်ကို လုံးဝ ချစ်တယ်!"
"ဟုတ်တယ် ဟုတ်တယ်… သူတို့ရဲ့ ဓားလို ကကွက်တွေက အရမ်း အံ့သြဖို့ကောင်းတယ်၊ သူတို့အားလုံး အဆင့် A ဖြစ်လိမ့်မယ်လို့ ငါ ထင်တယ်"
"သူတို့ A ကို ရွေးမယ်လို့ လောင်းရဲတယ်!"
"ဒါကို သံသယဖြစ်စရာ မလိုဘူး… BTT က ဒီကို ပွဲထွက်ဖို့ လာတာပဲ"
မျှော်လင့်ထားသည့်အတိုင်း ထိုငါးဦးသည် ၎င်းတို့၏ ခြေတံရှည်များဖြင့် တည့်တည့်မတ်မတ် လျှောက်လှမ်းကာ အပိုင်း A သို့ ဦးတည်သွားလိုက်ကြသည်။
ခေါင်းဆောင်ဖြစ်သူ စုန့်ကျယ်သည် တုံ့ဆိုင်းမှုမရှိဘဲ ထိပ်ဆုံးရှိ ပင်မနေရာတွင် ချက်ချင်း ထိုင်ချလိုက်သည်။
ဤအချိန်တွင် BTT သည် အဆင့် A အတွက် မိမိတို့ ကိုယ့်ကိုယ်ကို ရွေးချယ်သည့် ပထမဆုံး အဖွဲ့ ဖြစ်လာလေသည်။
"တကယ်ကို အပေါ်ကနေ မြင်ရတဲ့ မြင်ကွင်းက ကောင်းလိုက်တာ"
လီဟိုင်ချောင်းသည် ဤအခြေအနေအတွက် သူ့ကိုယ်သူ ဝမ်းသာမဆုံး ဖြစ်နေသည်။ သူ ခေါ်လာသည့် အဖွဲ့သည် အဆင့် A တွင် ပထမဆုံး ဝင်ထိုင်သည့် အဖွဲ့ ဖြစ်လာခဲ့သည်။ အစီအစဉ် ထုတ်လွှင့်သည့်အခါ ဆွေးနွေးမှုများ အတော်လေး များလိမ့်မည်ဟု သူ စိတ်ကူးနိုင်၏။ ၎င်းတို့အားလုံး ပွဲထွက်နိုင်မည်ဆိုပါက သူ အရင်က ကြိုးစားခဲ့သမျှ အားလုံး တန်ဖိုးရှိသွားပေလိမ့်မည်။
ပိုင်ဇယ်မှ အသံမထွက်သည်ကို မြင်သောအခါ လီဟိုင်ချောင်သည် အဆင့် F တွင် အေးဆေးတည်ငြိမ်စွာ ထိုင်နေသော လုရွှိအား မသိစိတ်ဖြင့် လှမ်းကြည့်မိသည်။
မည်မျှပင် စွမ်းဆောင်ရည်မရှိပါစေ… အဆင့် B အား ရွေးချယ်ခဲ့သင့်သည်။ ဤလုရွှိသည် အဆင့် F အား ရွေးချယ်ခြင်းသည် ပြဿနာမရှိဟု ခံစားရသည့် ထူးခြားသောသူ ဖြစ်သည်။
ရုပ်ရည်ကောင်းတစ်ခုတည်းသာရှိသူသည် ပို၍ရှေ့ဆက်ရန် ကံမပါပေ။ ဤတစ်ကြိမ်တွင် ပိုင်ဇယ်သည် မှားယွင်းစွာ ဆုံးဖြတ်ခဲ့ပုံရ၏။
သူသည် တကယ်တမ်း အရည်အချင်းရှိသည်ဆိုပါက ရှိုးပွဲအစတွင် ဖုံးကွယ်ထားသင့်သည် မဟုတ်ပေ။
လီဟိုင်ချောင်းသည် တွေးရင်း၊ တွေးရင်းနှင့် တစ်ခါတစ်ရံ စိတ်လှုပ်ရှားသွားပြီး နောက်တစ်ခါတွင် သံသယဖြစ်လာသည်။ နောက်ဆုံးတွင် သူသည် ရိုးရိုးလေး ခေါင်းခါလိုက်ကာ စင်နောက်ဘက်မှ ရိုက်ကူးရေးအား ကြည့်ရှုခြင်းအပေါ် အာရုံစိုက်လိုက်သည်။
~~~