Chapter - 15 : အစူးရှဆုံး တောက်ပနေသည့် တည်ရှိမှု ( 2 )
Viewers 1k

BTT သည် အဆင့် A တွင် ၎င်းတို့၏ ထိုင်ခုံများရွေးချယ်ပြီးနောက် နောက်ဆက်တွဲ ကိုယ်ပိုင်အကဲဖြတ်မှုများတွင် တစ်စုံတစ်ယောက်မှ ရှေ့သို့ အမြန်ရစ်သည့် ခလုတ်အား နှိပ်လိုက်သကဲ့သို့ ဖြစ်သွားလေသည်။

အလွန်လျှင်မြန်စွာပင် သင်တန်းသားများသည် တစ်ဖွဲ့ပြီးတစ်ဖွဲ့ ထွက်လာကြသည်။ A ၊ B ၊ C နှင့် အဆင့် D များသည် အဖွဲ့ဝင်များဖြင့် ပြည့်သွားပြီး ကျန်ရှိသော သင်တန်းသားများသည် လုရွှိ၏ ဘေးနားသို့ သွားကာ အဆင့် F တွင်သာ ထိုင်ချလိုက်ရတော့သည်။

လူတိုင်းသည် စိတ်မငြိမ်မသက် ဖြစ်နေကြပြီး အဆင့် မြင့်တက်လာမည့် အခွင့်အရေးအတွက် စင်မြင့်ဖျော်ဖြေမှုများကိုသာ စောင့်ဆိုင်းနေကြသည်။

လုရွှိသည် သင်တန်းသား အုပ်စုတစ်စု၏ အလယ်၌ ညပ်နေသော်လည်း သူသည် ထိုအုပ်စုတွင် အတည်ငြိမ်ဆုံးသူ ဖြစ်နေသည်။

အဆင့်သတ်မှတ်ခြင်း ပြီးဆုံးသွားပြီဖြစ်သည်ကို မြင်သောအခါ လုရွှိ၏ နှုတ်ခမ်းထောင့်များသည် အပေါ်သို့ အနည်းငယ် ကွေးညွှတ်သွားပြီး သူ၏ လက်များအား ပေါင်ပေါ်တွင် ချိတ်ထားကာ သူ၏ ပစ်မှတ် ပေါ်လာရန် စောင့်ဆိုင်းနေလေသည်။

မျှော်လင့်ထားသည့်အတိုင်း သင်တန်းသားများ အားလုံး နေရာယူပြီးနောက် လျန်တာသည် ပေါ့ပေါ့ပါးပါးဖြင့် စင်ပေါ်သို့ တက်လာပြီး ပြုံးကာ နည်းပြများအား မိတ်ဆက်ပေးလိုက်သည်။

"အားလုံးကို အဆင့် မြင့်တက်လာမယ့် အခွင့်အရေး ပေးနိုင်ဖို့အတွက် ကျွန်တော်တို့ဟာ အထူးအနုပညာရှင် လေးဦးကို နည်းပြတွေအဖြစ် ဖိတ်ကြားထားပါတယ်၊ အခုဆိုရင် ကျွန်တော်တို့ရဲ့ ဒဏ္ဍာရီလာ နည်းပြအဖွဲ့ စင်ပေါ်ကို တက်ရောက်လာတဲ့အခါ ဝမ်းသာစွာ ကြိုဆိုလိုက်ကြရအောင်"

'အိုင်ဒေါလ်တစ်ဦးမွေးဖွားခြင်း' သည် တကယ်တမ်း၌ အစွမ်းကုန် ကြိုးစားထားသည်ဟု ပြောရပေမည်။ သူတို့ ဖိတ်ကြားထားသော နည်းပြများအားလုံးသည် လုပ်ငန်းနယ်ပယ်အတွင နာမည်ကြီး အနုပညာရှင်များ ဖြစ်ကြသည်။

အက နည်းပြ ချင်ရော့ဝေးမှာ အသက် ( ၂၃ ) နှစ်ဖြစ်၏။ သူမသည် အသက် ( ၄ ) နှစ်အရွယ်ကတည်းက စတင်ကခဲ့ပြီး အသက် ( ၁၅ ) နှစ်တွင် ပြည်ပရှိ ဖျော်ဖြေရေးကုမ္ပဏီတစ်ခု၌ သင်တန်းသား ဖြစ်လာကာ အသက် ( ၁၉ ) နှစ်တွင် အဖွဲ့တစ်ဖွဲ့နှင့် ပွဲဦးထွက်ခဲ့ပြီး မိန်းကလေးအဖွဲ့ထဲမှ အခြားအဖွဲ့ဝင်များထက် ထင်ပေါ်ကျော်ကြားကာ တစ်ညတာအတွင်း အာရှတစ်လွှားတွင် နာမည်ကြီးလာခဲ့သည်။

အဆို နည်းပြမှာ ကူဝမ်အန်းဖြစ်ပြီး အသက် ( ၃၂ ) နှစ် ရှိလေသည်။ သူသည် ( ၂၁ ) ရာစုတွင် တရုတ်ပြည်၌ အရှိန်အဝါ အရှိဆုံးနှင့် အရည်အချင်းရှိသော သီချင်းရေးဆရာဖြစ်ပြီး မည်သည့် တူရိယာမဆို ကောင်းစွာ တီးခတ်နိုင်လေသည်။ သူသည် အသက် ( ၁၁ ) နှစ်တွင် အနုပညာရှင်များအတွက် သီချင်းများ စတင်ရေးသားခဲ့ပြီး အသက် ( ၁၇ ) နှစ်တွင် တစ်ကိုယ်တော် အယ်လ်ဘမ် ထုတ်ဝေခဲ့ပြီးဖြစ်သည်။ သူသည် ထိပ်ဆုံးမှ ပွဲဦးထွက်ခဲ့ပြီး သူ၏ သီချင်းများသည် တစ်နှစ်ပတ်လုံး ဇယားများ၏ ထိပ်ဆုံးတွင် ရှိနေလေသည်။

ရက်ပ် နည်းပြ ရှန်ချန်ယွိသည် အသက် ( ၂၆ ) နှစ်ဖြစ်၏။ သူသည် ချင်းရော့ဝေးနှင့် အေဂျင်စီတူ ဂျီအမ်ကုမ္ပဏီမှ ဖြစ်သည်။ သူသည် ယောက်ျားလေးအဖွဲ့၏ အဓိက ရက်ပ်ပါ ဖြစ်သော်လည်း ရှန်ချန်ယွိသည် အမှန်တကယ်တွင် ဘက်စုံ ဖျော်ဖြေရေးသမားဖြစ်သည်။

သူ၏ နှိုင်းယှဉ်၍မရအောင် ချောမောသော ရုပ်ရည်နှင့် အေးချမ်းလှသော ဟန်ပန်တို့ကြောင့် မိန်းကလေးပရိသတ်များနှင့် ဇနီးမယားပရိသတ်များစွာအား သိမ်းပိုက်ထားနိုင်ခဲ့သည်။

နိုင်ငံတော်၏ ရတနာ သရုပ်ဆောင် ကျိရှိုးနျန်ပါ ထပ်ပေါင်းထည့်လိုက်သောအခါ ငွေအမြောက်အများ သုံးထားသည့် နည်းပြများ၏ အာရုံစိုက်မှုသည် အစီအစဉ်အပေါ် ၌ အများအပြား ဖြစ်ပေါ်စေလေသည်။

နည်းပြ တစ်ဦးချင်းစီ ထွက်လာတိုင်း စင်နောက်ရှိ သင်တန်းသားများသည် အံ့သြတုန်လှုပ်နေကြ၏။

သူတို့ရှေ့တွင် ရပ်နေသော နည်းပြများသည် ကြယ်ပွင့်များကဲ့သို့ တောက်ပနေကြပြီး သင်တန်းသား မည်မျှသည် ၎င်းတို့အား သူတို့၏ ပန်းတိုင်အဖြစ် သတ်မှတ်ထားသည်ကို မည်သူမှ မသိနိုင်ပေ။

သူတို့နှင့်အတူ ဤရှိုးပွဲအား ရိုက်ကူးခွင့်ရခြင်းသည် တကယ်တမ်း၌ အိပ်မက်တစ်ခု အကောင်အထည်ပေါ်လာခြင်းပင် ဖြစ်သည်။

သင်တန်းသားများသည် စိတ်လှုပ်ရှားလွန်း၍ သူတို့အိုင်ဒေါများ၏ နာမည်များကို အော်ဟစ်ခြင်းအား မရပ်နိုင်တော့ပေ။ စတူဒီယိုတစ်ခုလုံးသည် ပရိသတ်များမှ သူတို့ အကြိုက်ဆုံး နာမည်ကြီးများအား ချစ်ခင်ကြောင်း ဝန်ခံနေသည့် ကြီးမားသော မြင်ကွင်းတစ်ခု ဖြစ်သွားသော်လည်း လုရွှိသည် သူ၏ ခံစားချက်ပြောင်းလဲမှု လက္ခဏာ တစ်စုံတစ်ရာမှ မပြဘဲ ထိုနေရာတွင် တိတ်တဆိတ် ထိုင်နေလေသည်။

"ကျွန်တော့် နတ်သမီးက တကယ်ကို နတ်သမီးစစ်စစ်ပဲ၊ ချစ်လိုက်တာ ချစ်လိုက်တာ!"

လုရွှိဘေးမှ ယောက်ျားလေးသည် သူ ပြုံးသောအခါ အစွယ်တစ်စုံ ပေါ်လာသည်။ သူသည် ချင်းရွှေဝေ၏ သစ္စာရှိ ပရိသတ်တစ်ဦး ဖြစ်နေကြောင်း ရှင်းနေ၏။ သူသည် ချင်းရွှေဝေ စင်ပေါ်၌ ရှိနေသည်ကို မြင်သောအခါ အလွန် စိတ်လှုပ်ရှားနေသဖြင့် မည်သို့လုပ်ရမှန်းမသိ ဖြစ်နေသည်။

သူသည် သူ၏ နတ်သမီးနှင့် တွေ့ဆုံရခြင်း၏ ပျော်ရွှင်မှုကို ဘေးနားရှိသူနှင့် မျှဝေချင်သော်လည်း လုရွှိအား မျက်နှာချင်းဆိုင်ရသောအခါ စကားပြောဆိုရန် မည်သို့ စတင်ရမည်ကို မသိတော့ပေ။

လုရွှိ၏ ရုပ်ရည်အရှိန်အဝါသည် အလွန်ပြင်းထန်လေသည်။ သူ ထိုနေရာ၌ ထိုင်နေရုံဖြင့်ပင် ထိုယောက်ျားလေးသည် သူ့အား သတိမထားမိဘဲ မနေနိုင်တော့ပေ။

ထိုယောက်ျားလေး ထိုင်ချလိုက်သည်မှစ၍ သူ့ဘေးနားရှိ လုရွှိသည် အတော်လေး စိတ်ခံစားမှု မရှိတော့ပေ။ သူသည် ယောင့်ကွိုင်းကုမ္ပဏီမှ လူများ၏ စိတ်နေသဘောထားအား အံ့ဩနေစဉ် သူ၏ ဘေးနားရှိသူသည် ရုတ်တရက် ပထမဆုံး တုံ့ပြန်မှုအား ပြသလိုက်သည်။

ထိုယောက်ျားလေးသည် လုရွှိ၏ အကြည့်အား လိုက်ကြည့်လိုက်ရာ နိုင်ငံတော်၏ ယောက်ျားနတ်ဘုရား ကျိရှိုးနျန်သည် သူကိုယ်သူ မိတ်ဆက်ရန် စင်ပေါ်သို့ လမ်းလျှောက်လာသည်ကို မြင်လိုက်ရသည်။ သူ၏ အနက်ရောင်ပြာရောင် ဝတ်စုံသည် ကောင်းမွန်စွာ ချုပ်လုပ်ထားသဖြင့် သူ၏ ခန္ဓာကိုယ်အနေအထားအား ပို၍ပင် တည်တံ့နေစေခဲ့သည်။

မီးမောင်းထိုးထားသော မီးရောင်သည် သူ့အပေါ်သို့ ထိုးကျနေပြီး သူသည် ဒဏ္ဍာရီပုံပြင်မှ မင်းသားတစ်ပါးနှင့်တူသော ပုံရိပ်ယောင်အား ဖန်တီးပေးနေသည်။

စင်ပေါ်တွင် နာမည်ကြီးများ ပြည့်နေသော်လည်း ကျိရှိုးနျန်၏ ထူးချွန်မှုအား မည်သူမျှ ဖယ်ရှားနိုင်ခြင်း မရှိပေ။ ချင်းရွှေဝေဖြစ်စေ၊ ရှန်ချန်ယွိဖြစ်စေ၊ ၎င်းတို့အားလုံးသည် သူတို့ အဖွဲ့များ၏ မျက်နှာစာများ ဖြစ်ကြပြီး တောက်ပသော ကြယ်များ ဖြစ်ကြသည်။ သို့သော် ၎င်းတို့သည် ကျိရှိုးနျန်၏ ဘေးတွင် ရပ်လိုက်သည်နှင့် လူတိုင်း၏ အာရုံစိုက်မှုသည် မသိစိတ်မှ ကျိရှိုးနျန်အပေါ်သို့သာ ကျရောက်သွားသည်။

ဤနှစ်များတစ်လျှောက်တွင် အချိန်ကာလ သို့မဟုတ် နေရာမရွေးပင် ကျိရှိုးနျန်သည် အမြဲတမ်း အတောက်ပဆုံးသော ပုဂ္ဂိုလ် ဖြစ်နေခဲ့သည်။

လုရွှိသည် စိတ်ပါဝင်စားစွာ ကျိရှိုးနျန်အား ကြည့်နေ၏။ သူ၏ မျက်လုံးများ တောက်ပနေပြီး သူ၏ နှုတ်ခမ်းထောင့်များသည် မသိစိတ်ဖြင့် အနည်းငယ် ကွေးညွှတ်နေသည်။

ထိုယောက်ျားလေးမှ တွေးလိုက်သည်။

ဒီတုံ့ပြန်မှုက ငါ့ရဲ့ နာမည်ကြီးတွေကိုစွဲလမ်းတဲ့ လုပ်ရပ်တွေနဲ့ သိပ်မကွာပါလား...

'အစွယ်လေး' သည် ရုတ်တရက် သဘောပေါက်သွားပြီး လုရွှိအား လက်ညှိုးထိုးကာ စိတ်လှုပ်ရှားစွာ ကောက်ချက်ချလိုက်သည်။

"ဪ ဒါဆို မင်းက နျန်ကောရဲ့ ပရိသတ်ကိုး…"

"ဟင်" 

လုရွှိသည် ပထမ၌ အံ့အားသင့်သွားပြီးနောက် လျှို့ဝှက်စွာ ပြုံးလိုက်သည်။

"ကျွန်တော် တကယ်တမ်း သူ့ကြောင့် လာခဲ့တာပါ"

အိုင်ဒေါတစ်ယောက်ကြောင့် ပါတာလား။

'အစွယ်လေး' သည် လုရွှိအား မနေနိုင်ဘဲ လက်မထောင်ပြလိုက်ငည်။

"တကယ့် သစ္စာရှိတဲ့ ပရိသတ်ပဲ"

လုရွှိသည် ပခုံးတွန့်ပြပြီး အခြားမည်သည်ကိုမှ မပြောတော့ဘဲ ခေါင်းလှည့်ကာ ကျိရှိုးနျန်အား ကြည့်နေပြီး ရွှင်လန်းစွာဖြင့် အာရုံစိုက်နေပုံပေါ်နေလေသည်။

ကျိရှိုးနျန်သည် သူ အကြည့်ခံနေရသည်ကို သဘာဝအတိုင်းပင် သိ၏။

သူ စင်ပေါ်သို့ တက်လာသည်မှစ၍ တစ်စုံတစ်ဦးသည် သူ့အား လောက်မြိုက်စွာ စောင့်ကြည့်နေသော အကြည့်ဖြင့် စိုက်ကြည့်နေ၏။

သူ အကြည့်လားရာဘက်သို့ လိုက်ကြည့်လိုက်သောအခါ လူငယ်လေးတစ်ဦးသည် သူ့အား ပြုံးရယ်ရင်း ကျီစားဟန်ဖြင့် စောင့်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

သူသည် လွန်ကဲစွာ ချောမောသော မျက်နှာ၊ ပုံသွင်းထားသော အပင်ကဲ့သို့ အနည်းငယ် ကောက်ကွေးနေသော ဆံပင်၊ စိုစွတ်သော မက်မွန်ပွင့် မျက်လုံးများ ရှိလေ၏။

ပထမတစ်ချက်ကြည့်လိုက်လျှင် သူသည် ကလေးဆန်နေသည်။

ကျိရှိုးနျန်သည် ဤမျက်နှာအား မှတ်မိ၏။ ဤသူသည် အဆင့် F တွင် ပထမဆုံး ဝင်ထိုင်သည့် သင်တန်းသားဖြစ်ကြောင်း သူ မှတ်မိသည်။ ထိုအချိန်တွင် ဖန့်ဇုန်းသည် ယောင့်ကွိုင်းကုမ္ပဏီအောက်မှ အသစ်စက်စက် လက်မှတ်ထိုးထားသော အနုပညာရှင်သည် သူ့ပရိသတ်ဖြစ်ကြောင်း ပြောပြထားပေသည်။

ဤပုဂ္ဂိုလ်သည် လုရွှိ ဖြစ်နိုင်ပေ၏။

၎င်းတို့၏ အကြည့်များ ဆုံမိသောအခါ ကောင်လေးသည် ရှောင်လွှဲခြင်းမရှိပေ။ သူသည် သူ၏ ပါးကို ထောက်ထားသော လက်ချောင်းများအား လှုပ်ရမ်းပြပြီး တိတ်ဆိတ်စွာ နှုတ်ဆက်နေသကဲ့သို့ ရှိ၏။

ကျိရှိုးနျန်သည် လုရွှိအား အနည်းငယ် ခေါင်းညိတ်ပြပြီး နည်းပြများအတွက် သီးသန့်ထားသော ထိုင်ခုံတွင် ထိုင်ချလိုက်သည်။

လျန်တာ၏ ဆွဲဆောင်မှုရှိသော အသံသည် ထပ်မံ ထွက်ပေါ်လာ၏။

"သင်တန်းသားများ၊ ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကို ပြင်ဆင်ထားကြပါ၊ မကြာခင်မှာ နည်းပြတွေရဲ့ အကဲဖြတ်မှုတွေ စတင်ပါတော့မယ်..."

~~~