Chapter - 16 : ငါ မင်းကို လုံးဝ မယုံဘူး ( 1 )
Viewers 1k

သင်တန်းသားများက မိမိတို့၏ အဆင့်များကို ကိုယ်ပိုင်အကဲဖြတ်ခြင်း ပြီးစီးပြီးနောက် နည်းပြများသည် ၎င်းတို့၏ စွမ်းဆောင်ရည်များအပေါ် မူတည်၍ ပြန်လည်အကဲဖြတ်မည်ဖြစ်သည်။

ဖျော်ဖြေမှု အစီအစဉ်သည် ၎င်းတို့ အစောပိုင်း၌ မဲနှိုက်ခဲ့သော နံပါတ်များအတိုင်း ဖြစ်သည်။ လုရွှိသည် 'Age of Innocence' အဖွဲ့ထက် အနည်းငယ် စော၏။

"သင်တန်းသား လုရွှိ၊ ဘယ်လိုဖျော်ဖြေမှုမျိုး ပြင်ဆင်ထားလဲ"

ရွှီလဲ့လဲ့သည် လုရွှိအား အမှန်တကယ် နှစ်သက်ပုံရပြီး တွေ့ဆုံသည့်အခါတိုင်း စကားမပြော၍ မနေနိုင်ပေ။

ရှိုးပွဲတွင် ဤကဲ့သို့သောအရာများသည် လျှို့ဝှက်ချက်မဟုတ်သောကြောင့် လုရွှိသည် ဖုံးကွယ်စရာ မလိုပေ။

"သီချင်းဆိုပါ့မယ်"

"ဝါး… မင်း သီချင်းဆိုတာကို တကယ် နားထောင်ချင်တယ်!"

ရွှီလဲ့လဲ့၏ မျက်နှာသည် ပြုံးရန်အတွက် ဖန်တီးထားပြီး သူ၏ ပါးပြင်ပေါ်ရှိ ပါးချိုင့်နှစ်ခုသည် အလွန်ချစ်စရာကောင်းသည်။ သူသည် လုရွှိ မည်သည့်သီချင်းအား သီဆိုမည်ကို ထပ်မေးချင်သေးသော်လည်း စင်ပေါ်မတက်မီ အမြန် လေ့ကျင့်မှု ပြန်လုပ်ရမည်ဟု ပြောလာသော သူ၏ အဖွဲ့ဝင်က ဆွဲခေါ်သွားခဲ့သည်။

"သူ အချိန်အကြာကြီး လေ့ကျင့်ထားတာ မဟုတ်ဘူးလို့ ပြောပြီးသားပဲ၊ မင်းက မေးနေတုန်းပဲလား၊ မင်းက အရူးလား"

အဖွဲ့ဝင်၏ အမြင်တွင် လုရွှိ၏ 'တိုတောင်းသော လေ့ကျင့်ရေးကာလ' သည် သူ့ကိုယ်သူ ရှေ့တန်းတင်ရန် နည်းလမ်းတစ်ခုမျှသာ ဖြစ်သည်။ သူ၏ မျက်နှာအား ကြည့်သောအခါ မျှော်လင့်ချက်များ ထားရှိရန် လွယ်ကူသော်လည်း ထိုမျှော်လင့်ချက်များ မြင့်လေလေ၊ စိတ်ပျက်မှု ပိုကြီးလေ ဖြစ်ပေမည်။

ဖျော်ဖြေမှုအပြီးတွင် သူ၏ မြင့်မားသော နေရာမှ ပြုတ်ကျသည်အထိ စောင့်ဆိုင်းမည့်အစား ပရိသတ်အား စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ပေးရန်အတွက် သူ၏ ဂုဏ်သတင်းကို ဖျက်ဆီးလိုက်ခြင်းသည် ပို၍ကောင်းပေ၏။

သူ၏ ဖျော်ဖြေမှု ဆိုးရွားလျှင်ပင် သူသည် အဆင့် F တွင် ရှိနိုင်သည်။ ကံကောင်းပါက D သို့မဟုတ် C အဆင့်သို့ ရောက်ရှိနိုင်သည်။ ထိုသို့ဆိုလျှင် ထိုအရာသည် တကယ်တမ်း၌ ပျော်ရွှင်စရာ၊ အံ့အားသင့်စရာ ဖြစ်ပေလိမ့်မည်။

လုရွှိသည် သူ၏နောက်ကွယ်မှ သင်တန်းသားများ ပြောဆိုနေသည်ကို ဂရုမစိုက်ပေ။ သူသည် ဖန်သားပြင်ကိုသာ စိုက်ကြည့်နေ၏။

အလျင်အမြန်ပင် ပထမအဖွဲ့သည် ၎င်းတို့၏ ဖျော်ဖြေမှုပြီးဆုံးသွားသည်။

'အမျိုးသမီး ဦးစားပေး' ဟူသော စည်းမျဉ်းအရ ချင်ရော့ဝေးသည် ပထမဆုံး တုံ့ပြန်မှုပေးသည့် နည်းပြဖြစ်သည်။

"မင်းတို့ရဲ့ ကိုယ်ပိုင်အကဲဖြတ်မှုက အဆင့် B ၊ မှန်တယ်နော်"

သူ(မ)၏ အသံမှာ တည်ငြိမ်၏။ မျက်နှာပြင်ပေါ်တွင် စိတ်ခံစားမှု များများစားစား မရှိပုံရပေ။ ၎င်းမှာ ကောင်းသည် သို့မဟုတ် ဆိုးသည်ကို မည်သူမျှ မသိပေ။

သင်တန်းသားအနည်းငယ်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီးနောက် ခဏတာ တုံ့ဆိုင်းပြီးမှ ခေါင်းညိတ်ပြကြသည်။

ချင်ရော့ဝေးသည် သူ(မ)၏ မျက်ခုံးများအား အသာပင့်လိုက်ပြီး ဆက်လက်မပြောမီ ရလဒ်များကို အတည်ပြုရန်အတွက် အခြားနည်းပြ သုံးဦးနှင့် တိတ်တဆိတ် ဆွေးနွေးလိုက်သည်။

"မင်းတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ငါ ကြည့်လိုက်တော့ သုံးနှစ်လောက် လေ့ကျင့်ထားတယ်လို့ ရေးထားတယ်၊ ဒါပေမဲ့ အဲဒီ လေ့ကျင့်မှုရဲ့ အရိပ်အယောင်ကို မင်းတို့ရဲ့ ခန္ဓာကိုယ်တွေမှာ မတွေ့ရဘူး"

ဤစကားများသည် အလွန်ပင် လေးနက်ပေသည်။ စင်ပေါ်ရှိ သင်တန်းသားများအားလုံးမှာ မျက်နှာနီရဲသွားကြ၏။ လေထုသည်လည်း ရုတ်တရက် ပို၍ လေးနက်လာ၏။

နည်းပြများ၏ နောက်ဆုံး ဆွေးနွေးမှု ရလဒ်များအရ ၎င်းတို့ လေးဦးလုံးသည် အဆင့်လျှော့ချ ခံခဲ့ရသည်။ အဆင့် C တွင် ထားရှိခဲ့သော ခေါင်းဆောင်မှလွဲ၍ ကျန်အဖွဲ့ဝင် သုံးဦးလုံးအား အဆင့် D သို့ ပို့ဆောင်လိုက်သည်။

အစပိုင်း၌ပင် အကဲဖြတ်မှုမှာ ဤမျှအထိ တင်းကျပ်နေပြီ ဖြစ်သည်။ ဆက်လက်ပါဝင်မည့် သင်တန်းသားများသည် ရုတ်တရက် စိတ်လှုပ်ရှားလာကြသည်။

"အစကတည်းက ဒီလောက် စိတ်လှုပ်ရှားစရာ ကောင်းနေတာလား…"

"ငါ ရုတ်တရက်ဆိုတော့ လန့်သွားတာပဲ… ငါ လုရွှိနဲ့အတူ အဆင့် F မှာ ထိုင်ရတော့မယ်လို့ ခံစားနေရတယ်"

"မင်း အများကြီး တွေးနေတာပဲ… မင်း မသိနိုင်ပါဘူး၊ လုရွှိက အဆင့်တက်သွားနိုင်သေးတယ်"

~~~

နောက်ထပ် အဖွဲ့နှစ်ဖွဲ့တွင် အဆင့်လျှော့ချမှုများနှင့် အဆင့်တိုးမြှင့်မှုများ ရှိခဲ့သည်။

နည်းပြများ၏ စံနှုန်းများသည် အင်မတန်ပင် မြင့်မား၏။ ၎င်းတို့သည် ဖျော်ဖြေမှုတစ်ခုတည်းဖြင့် အဖွဲ့ဝင်တစ်ဦးချင်းစီ၏ အားသာချက်များနှင့် အားနည်းချက်များအား ပြောပြနိုင်သည်။

အလားအလာရှိသူများအား C မှ B အဆင့်သို့ တိုးမြှင့်ခဲ့ပြီး၊ မရှိသူများသည် D သို့မဟုတ် F အဆင့်သို့ပင် ကျဆင်းသွား၏။

အဆင့်သတ်မှတ်မှုများမှာ လျင်မြန်စွာ ပြောင်းလဲနေသည်။ ၎င်းတို့၏ ကံကြမ္မာမှာ မည်သို့ ဖြစ်လာမည်ကို မည်သူမျှ မသိပေ။

လုရွှိ စင်ပေါ်မတက်မီ ရွှီလဲ့လဲ့ပင် သူ့ထံသို့ အားပေးလာခဲ့သည်။ သို့သော် လုရွှိသည် အလုံးစုံ စိတ်လှုပ်ရှားမနေခဲ့ပေ။

သူသည် ဘဝနှင့် သေခြင်းဆိုင်ရာ ကိစ္စရပ်များကို နေသားကျနေပြီ ဖြစ်သည်။ စင်ပေါ်တက်၍ ဖျော်ဖြေခြင်းကဲ့သို့သော အရာသည် အသေးအဖွဲ ကိစ္စတစ်ခုမျှသာ ဖြစ်၏။

"နောက်တစ်ခုကတော့ ယောင့်ကွိုင်းကုမ္ပဏီမှ သင်တန်းသား ဖြစ်ပါတယ်..."

လျန်တာမှ သူ၏နာမည်အား ခေါ်ဆိုနေသည်ကို ကြားသောအခါ လုရွှိသည် မဆိုင်းမတွ မီးမောင်းထိုးခံရသည့် နေရာသို့ ဝင်ရောက်ကာ စင်၏ ဗဟိုသို့ လျှောက်လှမ်းလာသည်။

မီးရောင်သည် သူ့အပေါ်သို့ တည့်မတ်စွာ ကျရောက်နေပြီး သူ့အား ပို၍ပင် တောက်ပနေစေသည်။

စင်အောက်မှ ကြည့်ရှုနေသော ဒိုင်များပင် စိတ်မငြိမ်သက်ဘဲ မနေနိုင်ပေ။ ရှန်ချန်ယွိသည် ပထမဆုံး စကားပြောသူ ဖြစ်၏။

"လုရွှိ၊ မင်းက ဒီနှစ်မှ ၁၈ နှစ်လား"

အသက် ( ၂၀၀ ) ပြည့်ပြီးသားဖြစ်သည့် လုရွှိသည် သူ၏ နှုတ်ခမ်းအား မဲ့လိုက်ပြီး ဝိုးတဝါးဖြင့် ခေါင်းညိတ်ကာ အတည်ပြုလိုက်သည်။

ရှန်ချန်ယွိသည် ချင်ရော့ဝေးအား တစ်ချက်ကြည့်လိုက်ပြီး နောက်ပြောင်လိုက်သည်။

"သူက မောင်လေးပဲ"

ချင်ရော့ဝေးသည် လုရွှိ၏ ရုပ်ရည်အား အတော်အတန် သဘောကျသော်လည်း ကြေညာလိုက်သည်။

"မင်း ချောရင်တောင် ငါ မင်းအပေါ် ညှာတာမှာမဟုတ်ဘူးနော်"

ဤအခြေအနေတွင် လုရွှိထံ၌ ပြောစရာတစ်ခုမျှ မလိုပေ။ သူသည် ကျိရှိုးနျန်ကိုသာ တစ်ချက်ကြည့်လိုက်ပြီး မျက်ခုံးကို အနည်းငယ် ပင့်လိုက်သည်

မျက်နှာပြင်ပေါ်တွင် သူ၏ အမူအရာသည် ပုံမှန်ဖြစ်သော်လည်း သူ မည်သည်အား တွေးနေသည်ကို မည်သူမျှ မသိနိုင်ပေ။

ကုဝမ်အန်းသည် ၎င်းတို့ စကားပြောဆိုမှု ပြီးဆုံးသွားပြီဖြစ်သည်ကို မြင်သောအခါ လက်ကို မြှောက်လိုက်ပြီး လုရွှိအား ပြောလိုက်သည်။

"မင်း စလို့ရပြီ"

ထိုအခိုက်အတန့်တွင် ဝန်ထမ်းတစ်ဦးသည် စင်ပေါ်သို့ တက်လာပြီး လုရွှိအတွက် မိုက်ခရိုဖုန်းအား ဒူးထောက်ကာ ထောင်ပေးလိုက်သည်။

စတူဒီယိုအတွင်းရှိ မီးများသည် ရုတ်တရက် မှိန်သွားပြီး စင်ပေါ်ရှိ မီးမောင်းထိုးထားသော မီးရောင်တစ်ခုတည်းသာ လုရွှိအပေါ်သို့ ထွန်းလင်းနေသည်။

ဂီတသံမှာ စတင်လာခဲ့၏။ လုရွှိသည် မိုက်အား လက်နှစ်ဖက်ဖြင့် ကိုင်ထားပြီး အပြုံးလေးနှင့်တကွ အသံနိမ့်ဖြင့် စတင် သီဆိုလိုက်သည်။

"မင်းဟာ အမှောင်ထဲက အလင်းတန်းလေးတစ်ခု…

ငါ့ကို သေခြင်းဆီ ပျော်ရွှင်စွာ လမ်းပြနေသူ..."

သူအား ရည်ညွှန်းနေသကဲ့သို့ ထိုကဗျာဆန်လှသော သီချင်းအား ဆိုလိုက်သည်နှင့် သူ၏အသံမှာ ပြတ်သားရှင်းလင်းလာခဲ့၏။

"သေခြင်းတရားက ဘယ်လောက်တောင် လှပလဲဆိုတာ ကြည့်လိုက်ပါဦး…

ကောင်းကင်ကို ထိုးဖောက်တဲ့ တောက်ပမှုမျိုးနဲ့..."

သူ၏ စိတ်ဝိဉာဉ်ထည့်သွင်းထားသော အသံသည် ပရိတ်သတ်များ၏ နားထဲ စီးဝင်ရောက်လာသည်မှာ တစ်စုံတစ်ယောက်က သူတို့၏ နှလုံးသားထဲသို့ ဦးတည်၍ သီဆိုနေသကဲ့သို့ပင်။

စင်ပေါ်ရှိ အမျိုးသားသည် သူ၏ နှုတ်ခမ်းထောင့်များကို ပင့်တင်ကာ ပြုံးလိုက်၏။ သူ၏ လှပသော မျက်လုံးများသည် မှိန်ဖျော့သော အလင်းရောင်ဖြင့် တောက်ပနေပြီး သူ၏ အသံအား အသုံးပြု၍ ပရိသတ်အား ဆွဲဆောင်လိုက်သည်။

"ငါ မင်းနဲ့အတူ လိုက်သွားဖို့ ဆန္ဒရှိတယ်…

အဆုံးမဲ့ သေခြင်းတရားထဲကို ကျရောက်ဖို့…

လမ်းလျှောက်နေဖို့..."

"အချစ်နတ်ဘုရား၊ ငါ့ရဲ့ သီချင်းကို နားထောင်ပါ…

သေမင်းနတ်ဘုရား၊ ငါနဲ့အတူ ကပါ..."

လုရွှိသည် ဖြည်းညှင်းစွာ သီဆိုနေခြင်းမှာ မြက်ခင်းပြင်ပေါ်သို့ မိုးစက်များ တဖွာဖွာကျနေသဖွယ်၊ လေတိုက်ခတ်မှုကြောင့် ထွက်ပေါ်လာသော လေတံပိုးများ၏ ဂီတသံသဖွယ် ပျော့ပြောင်းနေ၏။

သူသည် သေခြင်းတရားအကြောင်းအား သီဆိုနေပါသော်ငြား လူတိုင်းကို ဘဝ၏ လှပသော အမှတ်တရများကို ပေးစွမ်းနေသည်။

ဂီတသံရပ်သွားပြီး လူတိုင်း၏ အာရုံလွင့်ပြန်မှုများ ပြန်စုနိုင်ရန်အတွက် အချိန်အတန်ကြာခဲ့၏။

စင်ပေါ်တွင် အပြစ်ကင်းစင်စွာ ပြုံးနေသော လုရွှိအား မြင်လိုက်ရသည့်အခါ အကဲဖြတ်ဒိုင်များ အံ့အားသင့်ရုံသာမက သင်တန်းသားများပါ ရူးသွပ်သွားရသည်။

"သူ အရမ်း ကောင်းကောင်းဆိုနိုင်တာပဲ… သူ အဆင့် A ကို တန်းတက်မှာ သေချာတယ်"

"ဝူး… ငါ မှားသွားပြီ၊ ငါ လုရွှိနဲ့အတူ အဆင့် F မှာ ထိုင်မယ်လို့ မပြောခဲ့သင့်ဘူး၊ ငါ ဒူးထောက်ပြီး သူ့ကို ပွဲထွက်ခွင့် ပေးလိုက်ပါ့မယ်"

"ငါ ပြောသားပဲ… ယောင့်ကွိုင်းကုမ္ပဏီက အနုပညာရှင်တွေက လူတွေတောင် မဟုတ်ဘူး"

~~~

ကုဝမ်အန်းသည် ဂီတစွဲလမ်းသူတစ်ဦး ဖြစ်၏။ သူ၏စိတ်များ ပြန်လည်တည်ငြိမ်လာသောအခါ လုရွှိအား လျင်မြန်စွာ မေးလိုက်သည်။

"ဒီသီချင်းကို ငါ တစ်ခါမှ မကြားဖူးဘူး၊ မူရင်းသီချင်းလား"

လုရွှိက မနေ့ကမှ စာချုပ်ချုပ်ထားတာလေ၊ ရှိုးပွဲအတွက် ပြင်ဆင်ဖို့ အချိန် ဘယ်ကရမှာလဲ…

သူသည် ပြိုင်ပွဲတွင် ယှဥ်ပြိုင်နေသောကြောင့် သေမင်းတမန်ဌာန၏ သီချင်းဖြစ်သော ‘The Ballad of Death’ အား သီဆိုရန် စဉ်းစားခဲ့သည်။

ဤသီချင်းသည် သေမင်းတမန်ဌာနရှိ ထူးချွန်သော ပုဂ္ဂိုလ်များအား ဂုဏ်ပြုရန်နှင့် လူတိုင်း သေခြင်းအား ရင်ဆိုင်ရာတွင် ပျော်ရွှင်ပြီး ငြိမ်သက်သော သဘောထားရှိစေရန်အတွက် ဌာနချုပ်၏ အကြီးအကဲမှ တစ်စုံတစ်ဦးအားရေးသားရန် တာဝန်ပေးခဲ့သည့် သီချင်းဖြစ်သည်။

လုရွှိသည် မည်သူရေးခဲ့သည်ကို မပြောနိုင်သောကြောင့် ဝိုးတဝါးဖြင့် ပြောလိုက်၏။

"ကိုယ်ပိုင်သီချင်းပါ၊ ဒါပေမဲ့ ကျွန်တော့် သူငယ်ချင်းက ရေးပေးခဲ့တာပါ"

ကုဝမ်အန်း၏ မျက်လုံးများ ချက်ချင်း တောက်ပလာသည်။

"ဒီ သူငယ်ချင်းက ဘယ်သူလဲဆိုတာ ပြောပြပေးနိုင်မလား… သူ သီချင်းတွေ ဆက်ရေးနေတုန်းပဲလား"

သူသည် သီချင်းရေးသားရာတွင် ဤမျှ ကောင်းမွန်သော တစ်စုံတစ်ဦးအား စာချုပ်ချုပ်ဆိုနိုင်ပါက တရုတ်ဂီတလုပ်ငန်းတွင် တောက်ပစွာ ထွန်းလင်းနိုင်မည်မှာ သေချာသည်။

"သူ ဒီလောကမှာ မရှိတော့ပါဘူး..." 

လုရွှိ ရိုးရိုးလေး ပြောလိုက်ပြီး အသေးစိတ် မပြောပြဘဲ လူတိုင်းကို စိတ်ကူးယဉ်ရန် နေရာပေးလိုက်သည်။

ဒါဆို သူ ကွယ်လွန်သွားပြီလား…

လုရွှိသည် ဤဝမ်းနည်းဖွယ် အမှတ်တရအား ပြောပြလိမ့်မည်ဟု မည်သူမျှ မထင်ခဲ့ပေ။

ကုဝမ်အန်းမှာ ချက်ချင်း တောင်းပန်လိုက်၏။

"စိတ်မကောင်းပါဘူး"

လူတိုင်းသည် 'သေခြင်း' ဟူသော စကားလုံးအား တားမြစ်ထားသောအရာအဖြစ် အမြဲတမ်း သဘောထားပုံရသည်။

သေခြင်းသည် နာကျင်ခြင်း၊ ညှိုးနွမ်းခြင်း၊ မေ့ပျောက်ခြင်းကဲ့သို့သော အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများအား ဆိုလိုသကဲ့သို့ ဖြစ်နေသည်။

လုရွှိသည် စင်ပေါ်၌ ရှည်လျားစွာ ပြောဆိုချင်စိတ်မရှိသောကြောင့် စာရေးဆရာတစ်ဦး၏ စကားအား ငြိမ်သက်စွာ ကိုးကားလိုက်သည်။

"သေခြင်းက ဘဝရဲ့ ဆန့်ကျင်ဘက် မဟုတ်ဘဲ၊ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပါတယ်၊ ဒီအရာကို ကျွန်တော်တို့ နားလည်နိုင်မယ်ဆိုရင်… ဘဝက ပိုပြီး ပေါ့ပေါ့ပါးပါး မဖြစ်နိုင်ဘူးလား"

ဘဝနှင့် သေခြင်းအကြောင်း ဤမျှ တည်ငြိမ်စွာ ပြောဆိုနိုင်သူ နည်းပါးသည်။

သူသည် အခြားသူများထံသို့ ပေါ့ဆသော်လည်း သဘာဝကျသော အထင်အမြင်ကို ပေးစွမ်းနေလေသည်။ စတူဒီယိုအတွင်းရှိ လေထုမှာ ရုတ်တရက် တင်းမာမှု လျော့နည်းသွားသည်။

လုရွှိ စကားပြောနေစဉ် ကျိရှိုးနျန်သည် သူ့အား ပို၍ အနီးကပ် ကြည့်ရှုနေသည်။ သူ စတူဒီယိုသို့ မလာမီ သူ၏ ကျောဘက်သည် အလွန်နာကျင်နေသကဲ့သို့ ခံစားရပြီး တစ်စုံတစ်ခုမှ ဖိစီးထားသကဲ့သို့ ဖြစ်နေသည်။ သို့သော် ယခု သူ၏ ခန္ဓာကိုယ်သည် ပို၍ ပေါ့ပါးနေပြီး သူ၏ စိတ်ခံစားချက်သည်လည်း ပို၍ပငိ ကောင်းမွန်နေသည်ဟု ခံစားရသည်။

ဤပြောင်းလဲမှုသည် လုရွှိနှင့် ဆက်စပ်နေသည်ဟု သူ သံသယရှိသော်လည်း သူ အလွန်အကျွံ တွေးနေသည်ဟုလည်း ထင်ကာ သူ၏ အကြည့်အား ဖယ်ရှားလိုက်သည်။

လုရွှိ၏ ပြန်လည်အကဲဖြတ်မှုနှင့် ပတ်သက်၍ နည်းပြများသည် အလွန်လျင်မြန်သော ဆွေးနွေးမှုအပြီး၌ ကောက်ချက်ချခဲ့ကြသည်။

ရလဒ်အား မကြေညာမီ ချင်ရော့ဝေးသည် မေးမြန်းရန်လည်း မမေ့ခဲ့ပေ။

"ခုနက မင်းရဲ့ အဆိုစွမ်းရည်ကို ပြသခဲ့တယ်၊ မင်းရဲ့ အကစွမ်းရည်က ဘယ်လိုလဲဆိုတာ ငါတို့ အရမ်း သိချင်တယ်"

လုရွှိသည် သူ၏ လက်များအား ဖြန့်လိုက်၏။

"ကျွန်တော် ပြင်ဆင်ဖို့ အချိန်မရခဲ့ဘူး"

သူ၏ မျက်နှာသည် အလွန်ဆွဲဆောင်မှုရှိသောကြောင့် နည်းပြများသည် သူ့အား ဒုက္ခမပေးရန် ဆုံးဖြတ်ခဲ့ကြသည်။

နောက်ဆုံးတွင် ကျိရှိုးနျန်သည် ရလဒ်အား ကြေညာသူ ဖြစ်၏။ သူသည် လုရွှိအား မော့ကြည့်ပြီးနောက် ပြောလိုက်သည်။

"လုရွှိ၊ မင်း ကိုယ့်ကိုယ်ကို အဆင့် F ပေးခဲ့တယ်၊ မှန်တယ်နော်"

လုရွှိခေါင်းညိတ်ပြ၏။

"ဟုတ်ကဲ့"

ကျိရှိုးနျန်က အဘယ်ကြောင့်မှန်း မမေးခဲ့ပေ။ သူသည် လုရွှိကို ရိုးရိုးလေး ဂုဏ်ပြုလိုက်၏။

"ငါတို့ရဲ့ အကဲဖြတ်မှုအပြီးမှာ မင်းကို အဆင့် A ပေးဖို့ ဆုံးဖြတ်လိုက်တယ်"

"ဘုရားရေ၊ အဆင့် F ကနေ တန်းပြီး အဆင့် A ကို ရောက်သွားတာ… ဒီအရှိန်က ဒုံးပျံစီးသွားသလိုပဲ!"

"သူက ရုပ်ရည်ကောင်းပြီး သီချင်းလည်း အရမ်းကောင်းကောင်းဆိုတတ်တယ်၊ အဆင့် A ဖြစ်မှာ သေချာတာပဲလေ"

"ဒါဆို သူ ဘာလို့ အစက အဆင့် F ကို ရွေးခဲ့တာလဲ… သူ အဆင့် A ကို တန်းသွားခဲ့သင့်တယ်"

နည်းပြများသည် အဆင့် A အဖြစ် ပထမဆုံး အကဲဖြတ်ခဲ့သည့် သင်တန်းသားအနေဖြင့် လုရွှိသည် ပရိသတ်ထံ၌ ပြောစရာများ ဖြစ်လာသည်။

~~~