ဖန့်ဇုန်းသည် လုရွှိ အဆင့် A အပိုင်းသို့ လမ်းလျှောက်သွားသည်ကို ကြည့်ပြီး သူသည် ရတနာတစ်ပါး ကောက်ရလိုက်သကဲ့သို့ ခံစားနေရသည်။ သူ၏ ပါးစပ်သည် နားရွက်အထိချိတ်အောင် ပြုံးနေလေသည်။
လီဟိုင်ချောင်းသည် ဘေးနားမှ ရပ်ကြည့်နေသည်။ သူ လုံးဝ ပြုံးမပြနိုင်ခဲ့ပေ။
သူသည် ပိုင်ဇယ်မှာ ဤတစ်ကြိမ်တွင် အလှပန်းအိုးတစ်လုံးကို ပွဲထုတ်လိုက်သည်ဟု ထင်မိသည်။ နောက်ဆုံးတွင် သူ၌ လှည့်ကွက် အနည်းငယ် ရှိပုံရ၏။
( Note: အလှပန်းအိုး အရည်အချင်းမရှိဘဲ ရုပ်ရည်ပဲရှိတဲ့သူကို ခေါ်တာပါ )
သူဒီလောက် ကောင်းကောင်းဆိုနိုင်ရင် တစ်ခြားသူတွေ အတွေးမှားအောင် အဆင့် F ကို ဘာလို့ ရွေးခဲ့တာလဲ...
လီဟိုင်ချောင်း တွေးလေလေ လုရွှိသည် ၎င်းအား ပိုင်ဇယ်၏ ညွှန်ကြားချက်အရ အထင်ကြီးစေရန်အတွက် အံ့အားသင့်စရာအဖြစ် ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်ဟု ပိုခံစားရလေ ဖြစ်သည်။
ပိုင်ဇယ်မှာ အလုံးစုံ အံ့အားသင့်ခြင်းမရှိသည်ကို မြင်သောအခါ သူသည် မည်သို့သောရလဒ် ဖြစ်မည်ကို အစကတည်းကပင် သိထားသကဲ့သို့ ဖြစ်နေသည်။
"သစ္စာဖောက်!"
လီဟိုင်ချောင်းသည် အတွင်းစိတ်မှနေ၍ ကျိန်ဆဲလိုက်၏။
လုရွှိသည် တစ်စုံတစ်ဦးမှ သူ့အား ထိုသို့ အမည်တပ်နေသည်ကို မသိပေ။
သူ အဆင့် A အပိုင်းတွင် ထိုင်လိုက်သော်လည်း သူ မကြာမီက မြင်တွေ့ခဲ့ရသည်ကို စဉ်းစားနေမိသည်။
ကျိရှိုးနျန် ဝင်လာသည့် အခိုက်အတန့်မှစ၍ သူသည် သူ၏ ပတ်ဝန်းကျင်တွင် မှောင်မိုက်သော စွမ်းအင်များ ဝဲလည်နေသည်ကို မြင်နိုင်သည်။
တစ်စုံတစ်ဦး၏ အသက်စွမ်းအင် အားနည်းသွားသည်နှင့် မသန့်ရှင်းသောအရာများသည် သူတို့အား ရှာဖွေရန် ရောက်လာခြင်းမှာ သဘာဝကျလှသည်။
ကျိရှိုးနျန်၏ အခြေအနေအား ကြည့်ခြင်းအားဖြင့် သူသည် အချိန်အတော်ကြာ ရစ်ပတ်ခံထားရပုံရသည်။ သို့သော် ထိုအရာသည် လုရွှိ တည်ရှိနေခြင်းအား အာရုံခံမိသောကြောင့် သူ့နောက်သို့ ဆက်လိုက်ရန် မဝံ့ရဲတော့ပေ။
ကျိရှိုးနျန်သည် တကယ်တမ်း အသက်ငှားရမ်းနေပါက ဤကဲ့သို့သော ပြဿနာမျိုးနှင့် ရင်ဆိုင်ရမည် မဟုတ်ပေ။
သို့သော် မည်သည်မှ မသေချာပေ။ ၎င်းသည် သူတို့အား လှည့်စားရန်အတွက် လှည့်ကွက်တစ်ခု ဖြစ်နိုင်၏။
ရှဲ့အန်းသည်လည်း အလားတူတစ်ခုခု ပြောခဲ့ဖူးသည်။ စုံစမ်းရန် စေလွှတ်ခဲ့သော လူသုံးဦး ရှိခဲ့သော်လည်း ၎င်းတို့အားလုံးသည် နောက်ဆုံးတွင် ပရိသတ်များ ဖြစ်သွားကြသည်။ လုရွှိသည် ပေါ့ဆ၍ မဖြစ်ပေ။
စတူဒီယိုအတွင်း၌ အကဲဖြတ်မှုများ ဆက်လက် ဖြစ်ပေါ်နေသည်။
လုရွှိ၏ ဖျော်ဖြေမှုသည် အခြားသင်တန်းသားများအား လှုံ့ဆော်ပေးခဲ့သကဲ့သို့ ဖြစ်နေ၏။ တစ်စုံတစ်ဦးသည် အဆင့် F မှ အဆင့် A သို့ ရောက်ရှိနိုင်ပါက ၎င်းတို့သည် မိမိတို့ကိုယ်ကို အရှက်မရအောင် ကြိုးစားသင့်သည်။
ထိုသို့ဖြစ်ရာ လုရွှိ၏ ဖျော်ဖြေမှုအပြီးတွင် ရှင်းလင်းစွာပင် ကွဲပြားမှုတစ်ခု ရှိလာသည်။ ပထမအဖွဲ့ သုံးဖွဲ့၏ စံနှုန်းများသည် ယခုအခါ သာမန်ဖြစ်နေပုံရသည်။
နောက်မှ ရောက်လာသော သင်တန်းသားများ၏ စုစုပေါင်း စွမ်းရည်များသည် ပို၍ ကောင်းမွန်လာပုံရ၏။ အထူးသဖြင့် စုန့်ကျယ်၏ အဖွဲ့ဖြစ်သည်။ ၎င်းတို့၏ အက ခွန်အားသည် ပွဲထွက်ရန် အရည်အချင်းရှိပြီးဖြစ်သည်။ လုရွှိကဲ့သို့ သာမန်လူတစ်ဦးအတွက်ပင် ၎င်းတို့၏ အကတွင် ပူးပေါင်းဆောင်ရွက်မှုနှင့် သီချင်းဆိုခြင်း၌ ကျွမ်းကျင်မှုသည် အခြားသင်တန်းသားများထက် သိသာစွာ ထင်ရှားနေ၏။
နည်းပြများမှာလည်း ရုန်းကန်နေရပုံရပြီး ရှည်လျားသော ဆွေးနွေးမှုပြီးသွားမှသာ ဆုံးဖြတ်ချက် ချခဲ့ကြသည်။
"မင်းတို့ ငါးယောက်စလုံး အကုန်ကောင်းတယ်လို့ ငါတို့အားလုံး ယူဆကြတယ်၊ ဒါကြောင့် မင်းတို့ ငါးယောက်စလုံးကို အဆင့် A ပေးဖို့ ဆုံးဖြတ်လိုက်တယ်"
"အား..."
"ဒါ အံ့သြစရာပဲ!!"
"အားကျယ်၊ ငါတို့အားလုံး အဆင့် A ပဲ!"
စင်ပေါ်ရှိ အဖွဲ့ဝင်များသည် ဝမ်းသာမဆုံး ဖြစ်နေကြသော်လည်း သံသယစိတ်တစ်ခု ရှိနေသည်
အဆင့် A တွင် စုစုပေါင်း ထိုင်ခုံ ခုနစ်လုံးသာ ရှိပြီး လုရွှိအား ထည့်သွင်းပါက သုံးလုံးယူပြီးဖြစ်သည်။
၎င်းသည် အဆင့် A ရရှိခဲ့သူ စုစုပေါင်း ရှစ်ဦး ရှိသည်ဟု ဆိုလိုသည်။ ၎င်းသည် ကန့်သတ်ချက်အား ကျော်လွန်နေကြောင်း ရှင်းနေသည်။
လူတိုင်း၏ စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခု ပေါ်လာ၏။
မျှော်လင့်ထားသည့်အတိုင်း ရှန်ချန်ယွိသည် ဖြေရှင်းချက်အား ကြေညာရန် အလွန်လျင်မြန်စွာ ပါးစပ်ဟလိုက်သည်။
"မင်းတို့ထဲက တစ်ယောက်ယောက်က သရေပြိုင်ပွဲမှာ ပါဝင်ရမယ်၊ အဆင့် A အပိုင်းကို သွားပြီး Battle လုပ်ဖို့ တစ်ယောက်ကို ရွေးပါ... အနိုင်ရသူက အဆင့် A မှာ ထိုင်ဖို့ အရည်အချင်း ရရှိလိမ့်မယ်"
စင်နောက်ဘက်တွင် ဆူညံသံများ ဖြစ်ပေါ်သွားသည်။
"ပထမအဆင့်မှာတင် ပြိုင်ပွဲကဏ္ဍ ရှိနေပြီလား"
"ဘုရားရေ... ဘုရားရေ၊ လူတိုင်းက အရမ်း သန်မာနေကြတာ... ဒါက လက်တွေ့ဘဝက နတ်ဘုရားတွေကြား တိုက်ပွဲလို ဖြစ်မနေဘူးလား"
"နည်းပြ လေးယောက်လုံးက နတ်ဆိုးတွေကြီးပဲ၊ ဒါပေမဲ့ ငါ တကယ်ကြိုက်တယ်၊ ဟဲဟဲ"
~~~
စိန်ခေါ်ခံရရန် စောင့်ဆိုင်းနေသော အဆင့် A ရှိ လူသုံးဦးမှလွဲ၍ ကျန်သင်တန်းသားများအားလုံး စိတ်လှုပ်ရှားစွာ ကြည့်ရှုနေကြသည်။
စိန်ခေါ်သူ စုန့်ကျယ်သည် အဆင့် A အပိုင်းသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားသည်။ လုရွှိဘေးတွင် ထိုင်နေသော ကျိုးယွီ့အမည်ရှိ သင်တန်းသားတစ်ဦးမှ ခေါင်းကုတ်ကာ သက်ပြင်းချလိုက်သည်။
"သွားပြီ၊ သွားပြီ... သူ ငါ့ကို ရွေးမှာ သေချာတယ်... အူးးး..."
တစ်ဖက်တွင် ဝမ်လင်အမည်ရှိ အခြားသင်တန်းသားတစ်ဦးမှာ တည်ငြိမ်နေ၏။ သူသည် စုန့်ကျယ်အား တိုက်ရိုက် လက်ဝှေ့ယမ်းပြလိုက်သည်။
"ကျွန်တော့်ကို ရွေးပါ၊ ကျွန်တော့်ကို ရွေးပါ၊ ကျွန်တော် လမ်းဖယ်ပေးဖို့ အသင့်ဖြစ်နေပါပြီ"
စုန့်ကျယ်သည် ထိုနှစ်ဦးအား ကြည့်လိုက်သော်လည်း လုရွှိ မည်သို့ တုံ့ပြန်နေသည်ကိုသာ သိချင်နေမိသည်။
ဤရှိုးပွဲတွင် ကြောက်စရာကောင်းသော ပြိုင်ဘက်တစ်ဦးအနေဖြင့် စုန့်ကျယ်မှာ မည်သူဖြစ်သည်ကို လူတိုင်း သိကြ၏။
စုန့်ကျယ်ပင် သူ့ကိုယ်သူ အလွန်ယုံကြည်မှုရှိပြီး သူသည် ဤစင်မြင့်ပေါ်တွင် ရှိနေရန် မွေးဖွားလာသည်ဟု အမြဲ ထင်ခဲ့၏။
သူသည် အခြားအဖွဲ့များရှိ အဖွဲ့ဝင်များ၏ စွမ်းရည်မှာ မည်သို့ရှိသည်ကို အနည်းငယ် သိသောကြောင့် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသည်။
သို့သော် သူ ထည့်သွင်းမစဉ်းစားခဲ့သည်မှာ လုရွှိကဲ့သို့ တစ်စုံတစ်ဦးသည် အရာအားလုံး၏ အလယ်တွင် ရုတ်တရက် ပေါ်လာခြင်းဖြစ်သည်။
စုန့်ကျယ်သည် အဆင့် A အပိုင်းတွင် ရပ်လိုက်၏။ လူတိုင်း၏ မျက်လုံးများသည် သူ့အပေါ်သို့ ကျရောက်နေပြီး သူ ပြုလုပ်မည့် ရွေးချယ်မှုအပေါ် စိတ်ဝင်စားနေကြသည်။
လုရွှိသည် သူ့အား စစ်ဆေးနေသည်ကို မြင်သောအခါ မျက်ခုံး ပင့်လိုက်ပြီး စုန့်ကျယ်အား ပြုံးပြကာ ကျရောက်လာမည့် စိန်ခေါ်မှုအား လက်ခံရန် အသင့်ဖြစ်နေသည်။
လူတိုင်းမှာ စုန့်ကျယ်သည် လုရွှိအား ရွေးချယ်လိမ့်မည်ဟု ခန့်မှန်းနေချိန်တွင် စုန့်ကျယ်သည် ရုတ်တရက် သူ၏ ခြေထောက်များအား ရွှေ့လိုက်ပြီး နောက်ဆုံးတွင် ကျိုးယွီ့၏ ရှေ့၌ရပ်လိုက်၏။
"မင်္ဂလာပါ၊ မင်းနဲ့ ပြိုင်ချင်တယ်"
ကျိုးယွီ့သည် အော်ဟစ်လိုက်ပြီး နုတ်ထွက်သွားတော့မည့် အမူအရာပင် ဖြစ်နေသည်။ သူသည် အတော်အတန် ကောင်းမွန်သော်လည်း စုန့်ကျယ်က ပို၍များစွာ ကောင်းမွန်နေကြောင်း ရှင်းနေသည်။
မျှော်လင့်ထားသည့်အတိုင်း စုန့်ကျယ် အနိုင်ရသွား၏။
သူသည် လုရွှိဘေးတွင် နေရာယူလိုက်ပြီး သူ့အား မာနကြီးစွာ ကြည့်လိုက်သည်။ သူ၏ မျက်လုံးများတွင် မုန်တိုင်းတစ်ခု ရှိနေပြီး သူ၏ ပြိုင်ဘက်အား ကြည့်နေသကဲ့သို့ပင်။
လုရွှိသည် ထိုအရာအား ဂရုမစိုက်ပေ။ သူသည် စုန့်ကျယ် ထိုင်ရန်အတွက် နေရာဖယ်ပေးရန် သူ၏ ခန္ဓာကိုယ်အား ရွှေ့လိုက်သည်။
စုန့်ကျယ်သည် ခဏတာမျှ အံ့အားသင့်သွားပြီး လုရွှိ၏ ကမ်းလှမ်းချက်အား လက်ခံကာ ထိုင်ချလိုက်ရတော့သည်။
သူ စိတ်ပြန်လည်တည်ငြိမ်လာသောအခါ အနည်းငယ် စိတ်ပျက်သွားသည်။
ငါ့ အရှိန်အဝါကို လုရွှိက လုံးဝ ဖိနှိပ်လိုက်သလို ဘာလို့ ခံစားနေရတာလဲ...
ထို့နောက်တွင် အခြားသင်တန်းသားများလည်း အဆင့် A ရရှိခဲ့ကြပြီး စုန့်ကျယ်ကဲ့သို့ပင် သူတို့သည် ယှဥ်ပြိုင်ရန် တစ်စုံတစ်ဦးအား ရွေးချယ်ရတော့သည်။
ထူးဆန်းစွာပင် အခြား အဆင့် A သင်တန်းသားများအားလုံး အကြိမ်များစွာ ပြောင်းလဲသော်လည်း မည်သူမျှ လုရွှိအား စိန်မခေါ်ခဲ့ပေ။
သူ အဆင့် A ၏ ပင်မထိုင်ခုံတွင် ထိုင်လိုက်သည့် အခိုက်အတန့်မှစ၍ သူ ထိုနေရာမှ တစ်ကြိမ်တစ်ခါမျှ မထွက်ခွာခဲ့ပေ။
ပင်ပန်းနွမ်းနယ်ဖွယ် ရိုက်ကူးရေး တစ်ရက်အကြာတွင် 'အိုင်ဒေါလ်တစ်ဦး မွေးဖွားခြင်း' ၏ ပထမဆုံး အပိုင်း ရိုက်ကူးမှုကား ပြီးဆုံးသွားသည်။
နည်းပြများသည် ဧရိယာမှ ဦးစွာ ထွက်ခွာသွားကြ၏။ ထို့နောက် သင်တန်းသားများသည် လေ့ကျင့်ရေး အိပ်ဆောင်များသို့ ပြောင်းရွှေ့ကာ ပြင်ဆင်ရန်အတွက် ၎င်းတို့၏ ခရီးဆောင်အိတ်များအား ထုပ်ပိုးခြင်းဖြင့် အလုပ်များနေကြသည်။
ရိုက်ကူးရေး အဆင်ပြေမှုအတွက် ထုတ်လုပ်ရေးအဖွဲ့သည် တီဗီဌာနနှင့် ကပ်လျက်ရှိသော အဆောက်အအုံဟောင်းတစ်ခုအား ပြန်လည်မွမ်းမံခဲ့သည်။ ၎င်းအား သင်တန်းသားများ၏ နေထိုင်ရာနှင့် လေ့ကျင့်ရေးဧရိယာအဖြစ် အသုံးပြုမည်ဖြစ်သည်။
ပိုင်ဇယ်သည် လုရွှိအတွက် ခရီးဆောင်အိတ်များ ထုပ်ပိုးရန် လူများအား အကူအညီတောင်းခဲ့သည်။
၎င်းတို့သည် တံခါးပိတ် လေ့ကျင့်ရေး လုပ်ရမည်ဖြစ်သောကြောင့် ပိုင်ဇယ်သည် သူ၏ မန်နေဂျာအနေဖြင့် အတွင်းသို့ လိုက်ပါနိုင်မည် မဟုတ်ပေ။
"သိပ်ပြီး ကိုယ့်ကိုယ်ကို ဖိအားမပေးပါနဲ့... ကိုယ့်ဘာသာကိုယ်ပဲ နေလိုက်လို့ရတယ်"
ပိုင်ဇယ်သည် လုရွှိ၏ ပထမဆုံး ရိုက်ကူးမှုအား ကြည့်ရှုပြီးနောက် အတော်လေး အံ့အားသင့်သွားရသည်။
နောက်ဆုံးတွင် ပိုင်ဇယ်မှ နောက်ဆုံးစကားတစ်ခွန်း မပြောဘဲ မနေနိုင်တော့ပေ။
"မင်းနဲ့ ငါ သေမင်းတွေအကြောင်း ယူဆထားတဲ့ ပုံစံက တော်တော်လေး ကွာတာပဲ..."
လုရွှိ ထိုစကားကို ကြားသောအခါ ခေါင်း စောင်းလိုက်ပြီး ပြုံးလိုက်၏။
"သေမင်းတွေက ဘယ်လို ပုံစံမျိုးလို့ မင်း ထင်ထားတာလဲ"
တည်ကြည်သော၊ အေးဆေးသော၊ စကားနည်းသော...
ပိုင်ဇယ်သည် ထိုအဓိကကျသည့် စကားလုံးအချို့ကို တွေးလိုက်သော်လည်း ၎င်းသည် ဘက်လိုက်သော ယေဘူယျပြောဆိုမှုတစ်ခု ဖြစ်သည်ဟု ခံစားရသည်။
လုရွှိသည် သူ မည်သို့တွေးနေသည်ကို သိသော်လည်း ပခုံးတွန့်ပြလိုက်၏။
"ဒီလောကမှာ မင်း စာအုပ်တစ်အုပ်ရဲ့ အဖုံးကိုကြည့်ပြီး ဘယ်တော့မှ အကဲဖြတ်လို့ မရဘူး၊ ဘယ်လို ပုံပန်းသဏ္ဍာန်ပဲ ဖြစ်နေပါစေ... ငါတို့ အလုပ်ကို လုပ်နေသမျှ အားလုံး အိုကေပဲ"
"ဒါ အမှန်ပဲ"
ပိုင်ဇယ်သည် သူ၏ မျက်မှန်အား ချွတ်လိုက်ပြီး မျက်လုံးများအား ပွတ်သပ်လိုက်သည်။ လုရွှိသည် သူ့အား စူးစမ်းစွာ ကြည့်နေသည်ကို သူ သတိပြုမိသည်။
လုရွှိသည် ဤကဲ့သို့သော မျက်နှာအား ပြသခြင်းသည် ရှားပါးသောကြောင့် ပိုင်ဇယ် မေးလိုက်သည်။
"ဘာဖြစ်တာလဲ"
လုရွှိသည် သူ့အကြည့်အား အောက်သို့ လျှော့ချလိုက်ပြီး ပိုင်ဇယ်၏ လက်ထဲရှိ မျက်မှန်အား မေးစေ့ဖြင့် ညွှန်ပြလိုက်သည်။
"တကယ်တော့ ငါ အမြဲတမ်း သိချင်နေခဲ့တာ... မင်းတို့ နတ်ဆိုးတွေမှာ အမြင်အာရုံ အားနည်းတာ ရှိလား"
"..."
ပိုင်ဇယ် ခေါင်းခါလိုက်သည်။
"မရှိပါဘူး၊ အနည်းဆုံးတော့ ငါ့မှာ မရှိဘူး"
သူ ပြောနေစဉ် သူ၏ မျက်မှန်အား ပြန်တပ်လိုက်ပြီး အလေးအနက် ရှင်းပြလိုက်သည်။
"ဒါက ဒါရိုက်တာတစ်ဦးရဲ့ ပုံရိပ်နဲ့ ပိုလိုက်ဖက်မယ်လို့ ငါ တွေးမိတာ၊ ဒါပါပဲ"
"စိတ်ဝင်စားစရာပဲ"
လုရွှိသည် နားလည်ကြောင်း ခေါင်းညိတ်ပြပြီး ကားတံခါးကို ဆွဲဖွင့်ကာ ဆင်းသွားလေသည်။ မတော်တဆပင် အခုမှ ရောက်လာသော ရွှီလဲ့လဲ့နှင့် တွေ့ဆုံလေ၏။
"ရွှိကော!"
လုရွှိအား အဝေးမှ မြင်သောအခါ ရွှီလဲ့လဲ့သည် သူ၏ ခရီးဆောင်အိတ်အား ဆွဲကာ လုရွှိထံသို့ ပြေးလာသည်။
"ကျွန်တော်တို့ အားလုံး အလျင်စလို ပြန်နေကြတာနဲ့ ခင်ဗျားကို ပြောဖို့ အချိန်မရလိုက်ဘူး၊ ခင်ဗျားသီချင်းဆိုတာ တကယ် ကောင်းတာပဲ"
အစကတည်းက ရွှီလဲ့လဲ့သည် လုရွှိမှာ အရည်အချင်းရှိသူဟု ထင်ခဲ့သည်။ သူ ပါးစပ်ဖွင့်လိုက်သောအခါ ပရိသတ်တစ်ရပ်လုံးကိုပင် အံ့အားသင့်စေလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ဒါက ညီလေး မဟုတ်ဘူး၊ ဒါက သိသိသာသာကို အစ်ကို တစ်ယောက်ပဲ!
ရွှီလဲ့လဲ့၏ လေးစားကြည်ညိုမှုသည် သူ၏ မျက်နှာတစ်ပြင်လုံးတွင် ရေးသားထားသည်။ လုရွှိသည် ရယ်ရမလား၊ ငိုရမလား မသိတော့ပေ။
"ဒါက ဒီအတိုင်းပါပဲ၊ တကယ်တမ်း ကောင်းတာ၊ မကောင်းတာနဲ့ မဆိုင်ပါဘူး"
"လုံးဝ မဟုတ်ဘူး!"
ရွှီလဲ့လဲ့အား ယခုအခါ လုရွှိ၏ ပရိသတ်လေးအဖြစ်ပင် သတ်မှတ်နိုင်သည်။ မည်သူမှ မကြည့်နေသည့် အခွင့်အရေးအား ယူ၍ သူ၏ အိတ်ကပ်ထဲမှ ကာကွယ်ရေး ယတြာတစ်ခု ထုတ်ယူပြီး လုရွှိ၏ လက်ထဲသို့ ထည့်လိုက်သည်။
"ဒါက..."
လုရွှိသည် သူ၏ လက်ထဲရှိ အဝါရောင်ယတြာအား ကြည့်လိုက်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။
"ကာကွယ်ရေး ယတြာ၊ ဘေးကင်းဖို့အတွက်"
လုရွှိသည် အနည်းငယ် ရှုပ်ထွေးနေသောကြောင့် ရွှီလဲ့လဲ့သည် သူတို့နှင့် သိပ်မဝေးသော အဆောက်အအုံဟောင်းအား လက်ညှိုးထိုးပြပြီး တိုးညှင်းစွာ ရှင်းပြလိုက်သည်။
"ရွှိကော၊ ကျွန်တော် ပြောပြမယ်၊ ဒီအဆောက်အအုံမှာ သရဲခြောက်တယ်တဲ့..."
~~~