"သရဲခြောက်တာလား"
"ဟုတ်တယ်၊ ဟုတ်တယ်"
ရွှီလဲ့လဲ့သည် သူ သိသမျှ ကောလာဟလ အားလုံးကို လုရွှိအား ပြောပြချင်သဖြင့် အားရပါးရ ခေါင်းညိတ်လိုက်သည်။
"ငါ့ အဖွဲ့ဝင်ရဲ့ ဆွေမျိုးက တုန်းချန်ရုပ်မြင်သံကြားနဲ့ ဒါရိုက်တာအဖြစ် လုပ်နေတာ၊ ရိုက်ကူးနေတုန်း အထူးဂရုစိုက်ဖို့ သူ သတိပေးထားတယ်"
သူတို့ရှေ့ရှိ တိုက်ခန်းအဆောက်အအုံ၏ အပြင်ပန်းအား မွမ်းမံထားသော်လည်း ဗိသုကာပုံစံအရ ၎င်းသည် အတော်လေး ရှေးဟောင်းအဆောက်အအုံဖြစ်ကြောင်း ရှင်းနေသည်။ တုန်းချန်တွင် ထိုသို့သော ရှေးဟောင်းအဆောက်အအုံများစွာ ရှိသောကြောင့် ပထမတစ်ချက်ကြည့်လျှင် ထူးခြားမှုမရှိပေ။
လုရွှိ မည်သည်ကိုမှမပြောသည်အား မြင်သောအခါ ရွှီလဲ့လဲ့က သူသည် ဘာသာမဲ့တစ်ဦး ဖြစ်ရမည်ဟု ထင်ကာ အလျင်အမြန် ပြောလိုက်သည်။
"ငါ တကယ် မလိမ်ပါဘူး၊ ဒီအဆောက်အအုံက နှစ်ပေါင်းအများကြီးကို လူမနေဘူးလေ၊ ဘယ်သူမှလည်း မဝယ်ချင်ကြဘူး… ညတိုင်း သရဲတွေ ထွက်လာတယ်လို့ ကောလာဟလ ထွက်နေတာ၊ လူအများကြီး မြင်ဖူးကြတယ်၊ သူတို့ ဘာလို့ ငါတို့ကို ဒီမှာ နေစေချင်တာလဲ သိချင်လား"
"ဘာလို့လဲ"
"ဟင်း… ငါတို့က အားကောင်းတဲ့ ယောက်ျားလေး အုပ်စု မဟုတ်ဘူးလား၊ ငါတို့ စုစည်းနေတဲ့အခါ အသက်စွမ်းအင်တွေ အများကြီး ရှိလိမ့်မယ်၊ ဒါကြောင့် သူတို့က ဒီသရဲတွေကို ဖိနှိပ်စေချင်တာ"
ရွှီလဲ့လဲ့သည် ပွင့်လင်းစွာပင် ပြောလိုက်၏။ သူသည် သိပ်မဝေးသော တိုက်ခန်းအဆောက်အအုံအား လှမ်းကြည့်လိုက်ပြီး သူ့ကိုယ်သူ ဖက်လိုက်ကာ အနည်းငယ် တုန်ယင်သွားသည်။
"အဲဒီမှာ မိန်းမသရဲတွေ မရှိဘူးလို့ မျှော်လင့်ပါတယ်၊ ရှိရင်တောင် သူတို့ ငါ့ကို သတိမထားမိပါစေနဲ့လို့ တကယ် မျှော်လင့်တယ်"
"ကျစ်… ဘယ်ခေတ်ရောက်နေပြီလဲ၊ ဒီကမ္ဘာမှာ သရဲကို ယုံတဲ့လူ ရှိနေတုန်းလား"
စကားပြောသူလိုက်မှာ BTT အဖွဲ့ဝင် ရွှီဟောက်မင် ဖြစ်၏။ သူသည် အရပ်ရှည်ပြီး မကြာခဏ လေ့ကျင့်ခန်း လုပ်သူတစ်ဦးနှင့် တူသည်။ ရွှီလဲ့လဲ့သည် စကားပြောဆိုမှုအပေါ် အလွန်အာရုံစိုက်နေသဖြင့် ထိုလူငါးဦး ရောက်လာသည်ကိုပင် သတိမထားမိခဲ့ပေ။
သူ အနည်းငယ် ရှက်ရွံ့သွားသော်လည်း ရှင်းပြချင်မိသည်။
"ငါ တကယ် အဓိပ္ပာယ်မရှိတာ ပြောနေတာ မဟုတ်ပါဘူး၊ လူအများကြီး မြင်ဖူးကြတယ်..."
ရွှီလဲ့လဲ့ ရှင်းပြရန် ကြိုးစားနေသည်ကို မြင်သောအခါ ရွှီဟောက်မင်မှ ချက်ချင်း ပြန်ပြောလိုက်သည်။
"ဘယ်သူက မြင်ဖူးတာလဲ… မင်းလား"
ရွှီလဲ့လဲ့ ပြောစရာစကားမဲ့သွားသည်။
"အမ်… မဟုတ်ဘူးလေ၊ ဒါပေမဲ့..."
"မင်း မမြင်ဖူးဘူးဆိုတော့ ဒီကို လာပြီး အထိတ်တလန့်တွေ လုပ်မနေနဲ့"
သူ ပြောဆိုသောအခါ ရွှီဟောက်မင်သည် လုရွှိအား တစ်ချက်ကြည့်ရန် မမေ့ခဲ့ပေ။ သူ စိတ်မရှည်သော အသံကား ထွက်လာခဲ့၏။။
"ဒီကမ္ဘာမှာ သရဲဆိုတာ မရှိဘူး၊ ဟုတ်ပြီလား"
တိတ်ဆိတ်နေသော လုရွှိသည် အနည်းငယ် ပြုံးလိုက်ပြီး သူ၏ တောက်ပသော မျက်လုံးများအား ရွှီဟောက်မင်ဘက်သို့ လှည့်လိုက်သည်။
"ဒီကိစ္စတွေကို အရမ်း သေချာနေသလို မပြောပါနဲ့… ဘယ်သူသိမှာလဲ၊ မင်း ဒီည တစ်ကောင်လောက် မြင်ရင် မြင်ရနိုင်တယ်"
လုရွှိ ထိုသို့ ပြောလိုက်သောအခါ လေပြင်းတစ်ခု ရုတ်တရက် တိုက်ခတ်လာပြီး လမ်းဘေးရှိ ပန်းခြံစည်းရိုးတစ်လျှောက် ပေါက်ရောက်နေသော နှင်းဆီများသည် လေညင်းကြောင့် ယိမ်းထိုးသွားသည်။ လုရွှိသည် အလင်းရောင်အား ကျောပေးထား၏။
သူ၏ မျက်နှာတွင် အပြုံးတစ်ခုရှိသော်လည်း သူ၏ မျက်လုံးများတွင် လူများအား သူ၏ စကားများနောက်ကွယ်တွင် ပိုမိုနက်ရှိုင်းသော အဓိပ္ပာယ် ရှိသည်ဟု ခံစားရစေသော အကြည့်တစ်ခု ရှိနေ၏။
သူ၏ အကြည့်အောက်တွင် ရွှီဟောက်မင်သည် သူ၏ ကျောရိုးတစ်လျှောက် အေးစက်မှုတစ်ခု တက်လာသည်အား ခံစားလိုက်ရပြီး သူ ပြောချင်ခဲ့သည့် စကားများပင် မေ့သွားလေသည်။
သူ သတိပြန်ဝင်လာသောအခါ သူ၏ တုံ့ပြန်မှုသည် အနည်းငယ် ထိတ်လန့်လွန်းသည်ဟု ခံစားရသဖြင့် ဒေါသတကြီး ပြောလိုက်သည်။
"အဲဒါ ဘာကို ဆိုလိုတာလဲ"
လုရွှိသည် သူတို့အား ပြုံးလျက်သား ကြည့်နေပြီး ဤအခြေအနေအား စိတ်ထဲမထားပုံရသည်။
စုန့်ကျယ်သည် ဘေး၌ ရပ်နေရင်း ဤပဋိပက္ခ ဖြစ်ပျက်နေသည်ကိုသာ ကြည့်နေ၏။ သူသည် အနောက်ဘက်မှ အခြားသင်တန်းသားအချို့ ရောက်လာနေသည်ကို မြင်သောကြောင့် ရွှီဟောက်မင်အား လျှင်မြန်စွာ ဆွဲထုတ်လိုက်သည်။
"တော်ပြီ၊ သွားကြစို့"
ရွှီဟောက်မင်သည် သူ၏ အဖွဲ့ဝင်များနောက်သို့ လိုက်သွားလေသည်။ အကြောင်းတစ်ခုခုကြောင့် သူသည် လုရွှိ ယခုနက ပြောခဲ့သည့် စကားအား မစဉ်းစားဘဲ မနေနိုင်ပေ။
မင်း ဒီည တစ်ကောင်လောက် မြင်ရင် မြင်ရနိုင်တယ်...
ရူးချင်စရာပဲ…
ရွှီလဲ့လဲ့သည် အခြေအနေမှာ ဤကဲ့သို့ ပြင်းထန်လာလိမ့်မည်ဟု မထင်ခဲ့သောကြောင့် သူ၏ နားများကို ပွတ်သပ်ပြီး လုရွှိအား ဆွဲလိုက်သည်။
"အိုက်ယား၊ ရွှိကော သူတို့ကို ဂရုမစိုက်ပါနဲ့… အဆောင်ကို ယူပြီး စိတ်အေးအေးထားလိုက်ပါ"
သူ၏ လက်ထဲရှိ အဆောင်သည် သေးငယ်ပြီး ထ်ုအပေါ်၌ စုတ်တံဖြင့် တစ်ခုခု ရေးထားလေသည်။ ရွှီလဲ့လဲ့သည် ၎င်းအား ဆရာတစ်ဦးမှ မန်းမှုတ်ပေးထားကြောင်း အခိုင်အမာပြောလေသည်။ သူ ပိုက်ဆံ အများကြီး သုံးထားသည်မှာ ရှင်းလင်းနေပေ၏။
လုရွှိသည် ၎င်းအား အမှန်တကယ် မလိုအပ်သော်လည်း ရွှီလဲ့လဲ့နှင့် သူ၏ စေတနာအား စိတ်ပျက်စေချင်သောကြောင့် သူ၏ အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။
"ကျေးဇူးပါ"
ပထမထပ်သည် အားကစားလေ့ကျင့်ခန်းများနှင့် စားသောက်ဆိုင်များအတွက် ပြုလုပ်ထားကာ ဒုတိယထပ်တွင် သင်တန်းသားများနှင့် အကဲဖြတ်ဒိုင်များ၏ အိပ်ဆောင်နေရာဖြစ်သည်။ တတိယထပ်သည်တော့ သင်တန်းသားများ လေ့ကျင့်နိုင်ရန်အတွက် များပြားလှသော အကခန်းများအပြင် ပြန်လည် ပြုပြင်ထားလေသည်။
ရှိုး၏ ကြီးကြပ်ရေးမှူး ဒါရိုက်တာတစ်ယောက်အနေဖြင့် ဖန့်ဇုန်းသည် လေ့ကျင့်ရေးစခန်း၏ လုပ်ထုံးလုပ်စဉ်များကို သင်တန်းသားများအား ရှင်းပြရန် လာရောက်လေ့ရှိသည်။
တစ်စုံတစ်ယောက်မှ မေးလာခဲ့၏။
"ဒါရိုက်တာဖန့်၊ စတုတ္ထအထပ်က ဘာအတွက်လဲဗျ"
ဖန့်ဇုန်း၏ မျက်နှာသည် ရုတ်တရက် သံသယတချို့ဖြင့် လွှမ်းမိုးသွားသော်လည်း တခဏအတွင်း ပြန်ထိန်းနိုင်လိုက်သည်။
"သုံးထပ်က မင်းတို့အားလုံးအတွက် လုံလောက်နေပြီလေ၊ ဒါကြောင့် ပြန်ပြုပြင်တာမျိုး မလုပ်နေတော့တာ"
"ဒါဆို ပိုက်ဆံချွေတာဖို့ပေါ့နော်၊ ဟားဟား..."
လူတိုင်း ရယ်မောလိုက်ကြသည်။ မည်သူမျှ ဤကိစ္စကို အလေးအနက် မထားပေ။
"တစ်နေကုန် ရိုက်ကူးနေရတာ လူတိုင်း ပင်ပန်းနေလောက်ပြီ၊ နောက်မှ ဝန်ထမ်းတွေ ညွှန်ကြားတဲ့အတိုင်း မင်းတို့ရဲ့ အိပ်ခန်းတွေကို လိုက်သွားကြ… ဒီနေ့ စောစော အနားယူကြပါ၊ မနက်ဖြန်မှ အဓိက သီချင်းကို မှတ်တမ်းတင်ဖို့ ပြင်ဆင်ကြမယ်"
ဖန့်ဇုန်း စကားပြောပြီး ထွက်ခွာရန် ပြင်ဆင်နေစဉ် သူ တစ်ခုခု သတိရသွားပုံရပြီး ထပ်ပြောလိုက်သည်။
"ကျေးဇူးပြုပြီး ၁၀ နာရီမှာ ဖုန်းတွေကို အပ်ရပါမယ်၊ မိသားစုနဲ့ သူငယ်ချင်းတွေကို စကားပြောထား၊ သူတို့ မင်းတို့ကို ဆက်သွယ်လို့ မရတဲ့အခါ စိတ်ပူနေစရာ မလိုအောင်လို့ပါ"
"ဟင်၊ ငါတို့ ဖုန်းတွေကိုပါ ပေးရမှာလား"
"မဖြစ်နိုင်ဘူး၊ ငါ့ဖုန်းမပါရင် ငါ သေလောက်အောင် ပျင်းနေမှာပဲ!"
လူတိုင်းသည် သူတို့၏ ဖုန်းများအား စွဲလမ်းနေကြသည်။ ၎င်းတို့ထဲမှ မည်သူမျှ သူတို့၏ ဖုန်းများမပါဘဲ သူတို့၏ နေ့ရက်များက မည်သို့ ဖြစ်မည်ကို စဉ်းစားခဲ့ဖူးခြင်း မရှိပေ။
သို့သော် ထုတ်လုပ်ရေးအဖွဲ့သည် ဤအပေါ်တွင် အခိုင်အမာရှိနေပြီး သူတို့၌ ကန့်ကွက်စရာများ ရှိခဲ့လျှင်ပင် ၎င်းတို့အား ထိန်းထားနိုင်ရုံသာ ဖြစ်သည်။
ဤတစ်ကြိမ်တွင် အခန်းများအား အဆင့်အလိုက် ခွဲခြားထားပြီး အခန်းတစ်ခန်းလျှင် လူခြောက်ဦးနှင့် အခန်းတစ်ခန်းတွင် လူလေးဦး ရှိသည်။
တိုက်ဆိုင်စွာပင် လုရွှိသည် ထိုလူလေးဦး အဖွဲ့တွင် ပါဝင်လေသည်။ ကျန်ရှိသည့် အခန်းဖော်သုံးဦးသည် BTT အဖွဲ့ဝင်များဖြစ်၏။ စုန့်ကျယ်နှင့် ရွှီဟောက်မင်မှလွဲ၍ ကျန်တစ်ဦးမှာ ဟန်ထျန်းယွီအမည်ရှိ ယောက်ျားလေးတစ်ဦး ဖြစ်သည်။
လုရွှိသည် ဤစီစဉ်မှုအပေါ် မည်သည့် သဘောထားမျှ မရှိပေ။ သူသည် လက်ရှိတွင် ပတ်ဝန်းကျင်ကို စစ်ဆေးနေခြင်းဖြင့် အလုပ်များနေသည်။
ဤတိုက်ခန်းအဆောက်အအုံသည် မွမ်းမံမှုများ ပြုလုပ်ထားကြောင်း ရှင်းလင်းနေ၏။ ၎င်းသည် လတ်ဆတ်ရိုးရှင်းသော ပုံစံရှိပြီး တောက်ပ၍ သန့်ရှင်းနေပုံရသည်။
သို့သော်လည်း လုရွှိသည် ဤနေရာတွင် သက်ရှိလူများမှလွဲ၍ အခြားတစ်ခုခု ရှိနေသည်ဟု ခံစားနေရဆဲဖြစ်သည်။
ယခု ၈ နာရီပင် မထိုးသေးပေ။ ထိုအရာများ ထွက်လာရန် အချိန်မကျသေးဟု သူ ခန့်မှန်းမိသည်။
လုရွှိ၏ အိပ်ခန်းသည် ဓာတ်လှေကား၏ တည့်တည့်တွင် ရှိပြီး ဓာတ်လှေကားမှ ထွက်လာသောအခါ ပထမဆုံး အခန်းဖြစ်သည်။
အဆင့် A ရှိ သင်တန်းသားများသည် ရှိုးပွဲ၏ အဓိက ဦးစားပေးများ ဖြစ်သောကြောင့် ၎င်းတို့သည် အခြားသူများထက် ပိုမို၍ မျက်နှာပြင်ပေါ်တွင် ပေါ်လာမည်မှာ သေချာသည်။
အခြားသူများအားလုံးတွင် အိပ်ခန်း သုံးခန်း သို့မဟုတ် လေးခန်းအတွက် VJ ( ဗီဒီယို ဂျာနယ်လစ် ) တစ်ဦးကို တာဝန်ပေးထားသော်လည်း လုရွှိနှင့် ကျန်သူများတွင် VJ တစ်ဦးစီ ရှိလေသည်။
~~~