Chapter 46
ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်း၏မြင့်မားသောစွမ်းဆောင်မှုအပေါ် အလွန်လေးစားသွားခဲ့သည်။ သူက ကျေးဇူးစကားပြောရန်ပြင်လိုက်ချိန်တွင် တစ်ဖက်ကစာရွက်စာတမ်းနောက်တစ်ခုကို ထပ်မံကမ်းပေးလာပြန်သည်။
"ဒါက မနှစ်ကစုကျီနန်နဲ့ချီယုရဲ့ပြိုင်ပွဲကို စစ်ဆေးထားတဲ့အချက်အလက်တွေ..."
ယွမ်ရှင်းကျဲက အချက်အလက်များကို ဂရုတစိုက်ကြည့်ရှုပြီးနောက် "ချီယုက စုကျီနန်အတွက် လုပ်ဆောင်မှုအမှတ် 0.1ရအောင် သပ်သပ်အလျှော့ပေးခဲ့တာပဲ...ဒါ့ကြောင့် စုကျီနန်က ကာလက်ထက်အမှတ်များသွားပြီးတော့ အသင်းရဲ့အရံအဖွဲ့ဝင်ဖြစ်လာခဲ့တာပေါ့..."
ဤအရာအား ယွမ်ရှင်းကျဲမမျှော်လင့်ခဲ့ပေ။
ကာလက်က ဒါကြောင့်မို့လို့ လက်ရွေးစင်အသင်းဝင်ဖြစ်လာဖို့ လွဲချော်ခဲ့ရတာပေါ့...
ယွမ်ရှင်းကျဲက ခဏအကြာတွင် ရှော့ခ်ရသွားမှုမှ ပြန်လည်တည်ငြိမ်လာသည်။ အဆိုပါအချက်အလက်များသည် ချီယုနှင့်စုကျီနန်အား ကျောင်းထုတ်ခံရသည်အထိ သက်ရောက်မှုပြင်းထန်လေသည်။
သူ့အား လော့ဝမ်ချွမ်းအဘယ့်ကြောင့် ဤမျှကူညီနေရသည်ကို နားမလည်ရုံသာ။
ယွမ်ရှင်းကျဲက စာရွက်များအားတင်းတင်းဆုပ်ရင်းမေးလိုက်သည်။
"စီနီယာလော့...ဒါတွေကိုရှာဖို့ အတော်လေး အားစိုက်ခဲ့ရမှာပဲ...ကျွန်တော့်ကို ဘာဖြစ်လို့ ဒီလောက်ထိကူညီပေးရတာလဲ.."
လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲဤကဲ့သို့မေးလာမည်မှန်း ခန့်မှန်းပြီးဖြစ်ပုံရသည်။
"ပထမစာရွက်စာတမ်းက မင်းအပြစ်ကင်းကြောင်းသက်သေပြနိုင်ရုံတင်မဟုတ်ဖူး...မင်းကိုချောက်ချခဲ့တဲ့လူတွေလည်း ပြစ်ဒဏ်ခတ်ခံရလိမ့်မယ်.."
"ဒုတိယတစ်ခုမှာတော့ ချီယုနဲ့စုကျီနန်က ကျောင်းစည်းကမ်းကို ချိုးဖောက်တဲ့အတွက် ကျောင်းထုတ်ခံရနိုင်ချေအထိရှိတယ်..."
လော့ဝမ်ချွမ်းစကားကိုနားထောင်ရင်း ယွမ်ရှင်းကျဲမျက်ဝန်းများသည် တဖြည်းဖြည်းဝိုင်းစက်လာခဲ့သည်။
“ကိုယ် အဲ့ဒီ့လိုဖြစ်စေချင်တယ်..”
လော့ဝမ်ချွမ်း ကခေတ္တရပ်လိုက်ပြီး သူ့လက်ချောင်းသွယ်သွယ်လေးများနှင့် ရေတစ်ခွက်ကိုကောက်ယူကာ တစ်ငုံသောက်လိုက်သည်။
"ဒါပေမယ့် ဒီနေ့ စုကျီနန်နဲ့လုရန်ရှုရဲ့ပြိုင်ပွဲမှာ ကစားတုန်းက သူအရမ်းလွန်ကဲတဲ့ကိစ္စတစ်ခုကို ထပ်လုပ်ခဲ့တယ်လို့ ကိုယ်ကြားတယ်"
လော့ဝမ်ချွမ်းစကားလုံးများ၏ နက်နဲသော အဓိပ္ပါယ်ကိုနားလည်ရန် ယွမ်ရှင်းကျဲက တစ်စက္ကန့်နီးပါးအချိန်ယူခဲ့ရသည်။
ထို့နောက် အချက်အလက်များရရှိစဥ်ကထက်ပင် အံ့သြကာတုန်လှုပ်သွားခဲ့သည်။
“ဒါဆို ခင်ဗျား..ဆိုလိုတာက…”
"ကိုယ်က ကျောင်းအဖွဲ့ရဲ့ ကပ္ပတိန်ဖြစ်တဲ့အတွက် ကိုယ့်မှာလုပ်ပိုင်ခွင့်နည်းနည်းရှိတယ်”
ဟု လော့ဝမ်ချွမ်းကတည်ငြိမ်စွာပြောလာသည်။
“ကျောင်းတွင်းမက်ခါပြိုင်ပွဲမှာ မျိုးဆက်သစ်ကစားသမားတွေရဲ့ ကြံ့ခိုင်မှုကို စောင့်ကြည့်ဖို့အတွက် ပွဲစီစဉ်သူကို ပြိုင်ပွဲတစ်ခုစီစဉ်ခိုင်းပိုင်ခွင့်ရှိတယ်..."
သူက ယွမ်ရှင်းကျဲ၏ခန့်မှန်းချက်ကို အတည်ပြုခဲ့သည်။
လော့ဝမ်ချွမ်းက "မင်းနဲ့စုကျီနန်ကို ပဉ္စမအချီမှာတွဲပေးဖို့ ကိုယ်စီစဉ်လိုက်မယ်..."
သူက ခဏရပ်လိုက်ပြီး ဖြည်းညှင်းစွာပြောလိုက်သည်။
"မင်း အဲ့ဒီ့လိုဖြစ်စေချင်ရင်ပေါ့...”
ယွမ်ရှင်းကျဲ၏ နှလုံးခုန်နှုန်းသည် ယခုအချိန်တွင် လျင်မြန်စွာခုန်နေလေသည်။ နောက်ပြိုင်ပွဲတွင် စုကျီနန်နှင့်မတွေ့ပါက လုရန်ရှုအတွက်မည်ကဲ့သို့လက်စားချေရမှန်း သူ မသိချေ။
သို့ရာတွင် လော့ဝမ်ချွမ်းက သူ့အတွေးအားလုံးကို မြင်နေရသကဲ့သို့ပင် သူ့ထံသို့ အဆိုပါအခွင့်အရေးကို ယူဆောင်လာပေးခဲ့သည်။
"ဒါပေါ့....စုကျီနန်ကို အခုပဲ အနားယူစေချင်တယ်ဆိုရင်လည်း မင်းသဘောပါပဲ..."
လော့ဝမ်ချွမ်းကရေသောက်ရင်း ယွမ်ရှင်းကျဲကိုစိုက်ကြည့်နေခဲ့သည်။
"ရွေးချယ်မှုက မင်းအတွက်ပဲ..."
ယွမ်ရှင်းကျဲ တံတွေးမျိုချလိုက်မိသည်။ သူက heatဝင်နေဆဲဖြစ်ပြီး စုကျီနန်နှင့်ယှဉ်ပါက အားနည်းချက်ဖြစ်နေလိမ့်မည်။ သို့သော် စုကျီနန်အား စိန်ခေါ်ချင်နေဆဲပင်။
ထို့ကြောင့် လော့ဝမ်ချွမ်း၏အကြည့်အောက်တွင် ယွမ်ရှင်းကျဲကဖြည်းညှင်းစွာ ခေါင်းညိတ်ခဲ့သည်။ လော့ဝမ်ချွမ်းက အဆိုပါအဖြေကို မအံ့သြသကဲ့သို့ပင် သူ့အားခေတ္တစိုက်ကြည့်ကာ နှုတ်ခမ်းထောင့်လေးများသည် ဖြည်းညှင်းစွာမြင့်တက်လာခဲ့သည်။
ထို့နောက် သေသပ်စွာထုပ်ပိုးထားသော ဖယ်ရိုမုန်းထိန်းချုပ်ဆေးတစ်ဗူးကို ထုတ်ယူလိုက်ပြီး ဖြည်းညှင်းစွာပြောလာသည်။
"ဒါက ဘေးထွက်ဆိုးကျိုးမရှိတဲ့ ထိန်းချုပ်ဆေးပဲ..."
လုရန်ရှုက အဆိုပါထိန်းချုပ်ဆေးအား တော်ဝင်မိသားစုများသာ အသုံးပြုရန်တတ်နိုင်သည်ဟု ပြောခဲ့သည်။ လော့ဝမ်ချွမ်းကမူ သူ့အားတစ်ဗူးလုံးကို ဒီအတိုင်းပေးလာခဲ့သည်။ ယွမ်ရှင်းကျဲက ယနေ့ညတွင် လော့ဝမ်ချွမ်းထံမှ အံ့အားသင့်စရာအမြောက်အများကို ရရှိခဲ့သည်။ သူက သူ့ကိုယ်သူ အိပ်မက်မက်နေသလားဟူ၍ပင် သံသယဖြစ်မိလေသည်။
အိုမီဂါကိုကြောက်တဲ့ ရေခဲလူသားက သူ့ကို ဘာကြောင့် ဒီလောက်အထိကူညီပေးတာလဲ...
ယွမ်ရှင်းကျဲက သူ့လက်ချောင်းများကို တင်းကြပ်လိုက်မိသည်။ သူက လော့ဝမ်ချွမ်းကိုကြည့်ကာ အလေးအနက်ပြောလာခဲ့သည်။
"စီနီယာလော့...ခင်ဗျား ကျွန်တော့်ကို အများကြီးကူညီပေးခဲ့တာပဲ...ကျွန်တော် ခင်ဗျားကျေးဇူးကိုဘယ်လိုပြန်ဆပ်ရမှန်းမသိတော့ဘူး..."
"ကိုယ်အရင်ကပြောခဲ့တယ်...မင်းကိုကိုယ့်ရဲ့ မက်ခါပြင်ဆရာဖြစ်စေချင်တယ်လို့..."
လော့ဝမ်ချွမ်းကမျက်လွှာချရင်း ဖြည်းညှင်းစွာပြောလာခဲ့သည်။
"ဒါပေမယ့် မင်းကိုယ့်ကို ရက်အတော်ကြာတဲ့အထိ ဘာမှပြန်မပြောခဲ့ဘူး.…ကိုယ့်ရဲ့ ကမ်းလှမ်းမှုက ခုထိမလုံလောက်ဘူးလား..”
လော့ဝမ်ချွမ်း၏အသံသည် တဖြည်းဖြည်း ပျော့ပျောင်းလာခဲ့သည်။ သူက ယွမ်ရှင်းကျဲထံမှတုံ့ပြန်မှုအား တစ်လျှောက်လုံးစောင့်နေလေသည်။ တစ်ဖက်လူက တခြားလူ၏မက်ခါပြင်ဆရာဖြစ်သွားပြီလား ဟူ၍ပင် တွေးနေ မိသည်။
ယွမ်ရှင်းကျဲက တစ်ဖက်လူထံမှ ထိုကဲ့သို့ပြောမည်ဟုမထင်ခဲ့သဖြင့် ကြောင်တောင်တောင်လေး စိုက်ကြည့်နေမိသည်။
"မင်းသဘောတူရင် လတိုင်းလစာအနေနဲ့၃သိန်းပေးမယ်လေ..နောက်ပိုင်းလတွေကျရင်တော့ မင်းရဲ့စွမ်းဆောင်မှုပေါ်မူတည်ပြီး အဆုံးမရှိထပ်တိုးပေးပါ့မယ်...."
ချီယုထံမှ ကြယ်ဒင်္ဂါး၃သိန်းအပြီးအစီးဖြင့် ကမ်းလှမ်းချက်ကို ရရှိသည့်အချိန်ကပင် ယွမ်ရှင်းကျဲကအလွန်များပြားနေသည်ဟုထင်ခဲ့သည်။ ယခုမူလော့ဝမ်ချွမ်းက တောင်များ၏နောက်တွင် ပို၍မြင့်သောတောင်များရှိနေသေးကြောင်း ပြသခဲ့လေသည်။
နောက်စက္ကန့်တွင် လော့ဝမ်ချွမ်းက အချက်အလက်အားလုံးနှင့်အတူ ဖယ်ရိုမုန်းထိန်းချုပ်ဆေးပါဝင်သည့်သေတ္တာကို ယွမ်ရှင်းကျဲရှေ့သို့ တွန်းပို့လိုက်သည်။
ယွမ်ရှင်းကျဲအသံမှာ အလွန်ခြောက်ကပ်နေသည့်အလျှောက် သူ့ပင်ကိုယ်အသံနှင့်ပင်မတူချေ။
"ကမ်းလှမ်းချက်က အရမ်းများလွန်းမနေဘူးလား...စီနီယာလော့..."
လော့ဝမ်ချွမ်းက နောက်ပြန်ဆုတ်ရင်းခါးကိုမတ်လိုက်ကာ ယွမ်ရှင်းကျဲအား ကျဉ်းမြောင်းသောမျက်လုံးများဖြင့်ကြည့်လိုက်သည်။ သူ၏အာဒမ်ပန်းသီးက လိမ့်ဝင်သွားပြီးနောက်ပါးလွှာသောနှုတ်ခမ်းများက အနည်းငယ်ဖွင့်ဟလာခဲ့သည်။
"ဒါဆို ဒီလိုကမ်းလှမ်းမှုမျိုးကလုံလောက်တယ်လို့မင်းထင်လား...ယွမ်ရွှယ်တိ..."
အစတွင် ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်း၏အပြုအမူအပေါ် စိတ်တထင့်ထင့်ရှိခဲ့သည်။ ယခုမူ လော့ဝမ်ချွမ်းက အိုမီဂါများကိုကြောက်ရွံ့သော်လည်း ကျွမ်းကျင်သူများကိုမူ အလွန်လေးစားကြောင်း သူနားလည်သဘောပေါက်သွားပြီဖြစ်သည်။
ရှော့ခ်ရသွားမှုမှ ပြန်လည်အဆင်ပြေလာသောယွမ်ရှင်းကျဲက ပြန်တုံ့ပြန်လိုက်သည်။
"စီနီယာလော့...ကမ်းလှမ်းမှုက ကျွန်တော်မျှော်လင့်ထားတာထက် ပိုများပါတယ်...ကျွန်တော် လစာအနေနဲ့ ဒီလောက်ထိမျှော်မှန်းမထားခဲ့ဘူး..."
လော့ဝမ်ချွမ်းက သူ့အား စာချုပ်တစ်ခုပေးလိုက်သည်။
"မင်းသဘောတူတယ်ဆိုရင်...ဒီမှာလက်မှတ်ထိုးလိုက်ရုံပဲ..."
မျှော်လင့်ချက်အနည်းငယ်က သူ့မျက်ဝန်းထဲတွင်ထင်ဟပ်နေသော်လည်း ခဏအကြာတွင် ကွယ်ဝှက်လိုက်သည်။
ယွမ်ရှင်းကျဲက စာချုပ်ပါအကြောင်းအရာကို ဖတ်ရှုနေလေသည်။ အချက်အလက်တစ်ခုချင်းစီက အသေးစိတ်ကျနေပြီး အချိန်ပေး၍ပြင်ဆင်ထားဟန်ပင်။
ယွမ်ရှင်းကျဲက အံ့သြသွားခဲ့သည်။ လော့ဝမ်ချွမ်းက သူ့ကိုသီးသန့်ပြင်ဆရာအနေနဲ့ငှားဖို့ တစ်လျှောက်လုံးပြင်ဆင်နေခဲ့တာပဲ...
သို့ရာတွင် ခဏအကြာ၌ သူအတွေးလွန်နေခြင်းသာဖြစ်ကြောင်း သတိရသွားသည်။ ဤမျှမြင့်မားသောလစာနှင့်ဆိုပါက နှစ်သက်ရာမက်ခါပြင်ဆရာအားငှားနိုင်လေသည်။
မိနစ်နှစ်ဆယ်လောက်ကြာသည့်အခါ ယွမ်ရှင်းကျဲက စာချုပ်ကိုဖတ်ရှုပြီးစီးသွားလေသည်။
လော့ဝမ်ချွမ်းက စာချုပ်အောက်နားတွင် နဂါးပျံနေသည့်ဟန် သပ်ရပ်လှပသောလက်ရေးဖြင့် လက်မှတ်ရေးထိုးထားပြီးပြီဖြစ်သည်။ ယွမ်ရှင်းကျဲက သူ့လက်မှတ်ကိုရေးထိုးလိုက်သည်။
(TN: ≧v≦)
46.2
ယွမ်ရှင်းကျဲလက်မှတ်ထိုးပြီးသည်နှင့် လော့ဝမ်ချွမ်းကစာချုပ်ကိုပြန်သိမ်းလိုက်သည်။ အပြင်ဘက်ရှိကောင်းကင်မှာ အတော်လေးမှောင်စပျိုးနေပြီဖြစ်ပြီး ညစာစားချိန်ပင်ကျော်လွန်သွားပြီဖြစ်သည်။
ယွမ်ရှင်းကျဲက စာချုပ်အားအချိန်ကြာမြင့်စွာဖတ်ခဲ့ကြောင်း ရုတ်တရက်သတိပြုမိသွားကာ တစ်ဖက်လူ ဗိုက်ဆာနေမည်ကို စိုးရိမ်သွားခဲ့သည်။
"မင်းဘာစားမလဲ.."
လော့ဝမ်ချွမ်းက သူ့အားမေးလာသည်။
"ကိုယ် ဒီစားသောက်ဆိုင်ကို ခဏခဏရောက်ဖြစ်တယ်...အရသာကမဆိုးဘူးလို့ပြောလို့ရတယ်...မင်းစားချင်တာရွေးကြည့်..."
ယွမ်ရှင်းကျဲက ဤကမ္ဘာသို့ရောက်သည့်အချိန်မှစ၍ ကန်တင်းရှိအစားအစာများကိုသာ စားသောက်နေခဲ့ခြင်းပင်။ သူက ကျောင်းပြင်ပသို့ရောက်ဖူးခြင်းမရှိ။
စားပွဲ၏အလယ်တွင် လွင့်မျောနေသည့်တလက်လက်တောက်ပနေသော အနုမြူအစက်ကလေးတစ်ခုရှိသည်။ ယွမ်ရှင်းကျဲက ထိုအစက်လေးအားထိလိုက်သောအခါ နူးညံ့ပြီးအရသာကောင်းမွန်ပုံရသည့် ဟင်းပွဲများသည် သူ့ရှေ့တွင်တစ်ခုပြီးတစ်ခုပေါ်လာခဲ့သည်။
(TN:ပြောချင်တာကကွယ်..သုံးဖက်မြင်ပုံရိပ်လိုမျိုး)
အစားအစာများမှာပြီးသည့်အခါ သူတို့နှစ်ဦးကြားရှိလေထုက တိတ်ဆိတ်သွားခဲ့သည်။ ယွမ်ရှင်းကျဲက
"အဲ့ဒီ့တော့....စီနီယာလော့က အခုကျွန်တော့်ရဲ့ ဘော့စ်ဖြစ်သွားပြီပေါ့နော်..."
လော့ဝမ်ချွမ်းက ခေါင်းညှိတ်ပြလိုက်သည်။
"ဒါဆို ကျွန်တော်က ဘော့စ်လော့ လို့ခေါ်ရင်အဆင်ပြေမလားမသိဘူး.."
လော့ဝမ်ချွမ်းက မျက်နှာသေဖြင့်မေးလိုက်သည်။ "တခြားနာမည်ခေါ်လို့မရဘူးလား..."
ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်းအားကြည့်ရင်း တွေးလိုက်သည်။ သူ့အနေဖြင့် ထိုသို့အခေါ်ခံရရန် ငယ်ရွယ်လွန်းနေသည်။ သို့သော် တခြားနာမည်လည်းမတွေးတတ်ချေ။
"ဒါဆို ကျွန်တော်ဘယ်လိုခေါ်ရမလဲမသိဘူး.."
လော့ဝမ်ချွမ်းက ရေဖန်ခွက်အား လက်ချောင်းကလေးများဖြင့်ကစားရင်း ပြန်ဖြေလိုက်သည်။
"တကယ်လို့ခေါ်ချင်ရင်လည်း ဘော့စ်ပဲခေါ်ပါ..."
တစ်ဖက်လူမှာ အတော်လေးနားလည်ရခက်သည်ဟု ယွမ်ရှင်းကျဲယူဆလိုက်မိသည်။ သူကိုယ်တိုင်လည်း ခပ်အေးအေးနေတတ်သူဖြစ်ရာ အခြားလူများနှင့် မည်ကဲ့သို့ပေါင်းသင်းရမည်မှန်း မသိချေ။ အနာဂတ်တွင် လော့ဝမ်ချွမ်းအား စီနီယာဟုဆက်လက်ခေါ်ဆိုခြင်းကသာ သင့်လျှော်မည်ဟုတွေးနေခဲ့သည်။
ခဏအကြာတွင် ဝိတ်တာက အချိုပွဲများလာချပေးခဲ့သည်။ လော့ဝမ်ချွမ်း၏အချိုပွဲမှာ ရိုးရှင်းသောကိတ်အညိုရောင်တစ်လုံးဖြစ်သည်။ ယွမ်ရှင်းကျဲ၏အချိုပွဲတွင်မူ ပန်းရောင်ခရင်များပါဝင်ပြီး သကြားမှုံလေးများဖြင့်အလှဆင်ထားလေသည်။
စားသောက်ဆိုင်က အိုမီဂါနှင့်အယ်လ်ဖာ၏အချိုပွဲကို မတူကွဲပြားစွာပြင်ဆင်ပေးထားသည်။ ပို၍ချိုမြိန်ပြီးချစ်စဖွယ်ကောင်းသော အချိုပွဲများမှာ အိုမီဂါအတွက်ဖြစ်ပြီး အယ်လ်ဖာအတွက်မူ ရိုးရှင်းသောကိတ်မုန့်တစ်ခုသာဖြစ်သည်။
ယွမ်ရှင်းကျဲက အနည်းငယ်ထူးဆန်းသည်ဟုခံစားရသော်လည်း ဘာမှမပြောတော့ပေ။ သူက ဇွန်းကိုကိုင်လိုက်ကာ အချိုပွဲကိုမြည်းကြည့်လိုက်သည်။ ချိုမြိန်မွှေးပျံ့သောအရသာကြောင့် သူ့မျက်ဝန်းလေးများ တဖျပ်ဖျပ်တောက်ပသွားခဲ့သည်။
လော့ဝမ်ချွမ်းက သူ့အားခဏစိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
"ကျွန်တော့်အချိုပွဲကို သူနဲ့တူတဲ့ဟာပြန်လဲပေးပါ..."
ဝိတ်တာက အံ့သြသွားခဲ့သည်။ လော့ဝမ်ချွမ်းက မကြာခဏလာရောက်လေ့ရှိသော စားသုံးသူတစ်ဦးဖြစ်သော်လည်း အချိုပွဲများအားမနှစ်သက်ချေ။ အယ်လ်ဖာအတွက်ပြုလုပ်ထားသည့် အချိုပွဲများကိုပင် အနည်းငယ်သာစားလေ့ရှိသည်။
သို့ရာတွင် ဘာမှမပြောပဲ လဲလှယ်ပေးလိုက်သည်။
ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်း၏အပြုအမူတွင် ဆွဲဆောင်ခံလိုက်ရသည်။
ကြည့်ရတာ သူ့ကိုခွဲခြားဆက်ဆံခံရတယ်ဆိုပြီး မတွေးစေချင်လို့လား....
"မင်းရဲ့ အချိုပွဲကပိုပြီးအရသာရှိပုံပေါ်တယ်..."
လော့ဝမ်ချွမ်းက ပုံမှန်အတိုင်းပြောလိုက်သည်။
အိုး...သူလျှောက်တွေးနေမိတာပဲ...
"ဟုတ်တယ်...အရမ်းစားလို့ကောင်းတာပဲ...စတော်ဘယ်ရီဒိန်ချဥ်အရသာနဲ့...နူးညံ့နေရော.."
ယွမ်ရှင်းကျဲက ပြောရင်းဆိုရင်းတစ်ဇွန်းခပ်စားလိုက်သည်။
လော့ဝမ်ချွမ်းအကြည့်က ယွမ်ရှင်းကျဲ၏နှုတ်ခမ်းများအပေါ် ကျရောက်သွားခဲ့သည်။
လူငယ်လေးက အချိုပွဲစားနေချိန်တွင် တည်ကြည်မှုများအစား ပျော်ရွှင်မြူးထူးဟန်အစားထိုးလာခဲ့သည်။ သူ့နှုတ်ခမ်းတစ်ဝိုက်တွင် ခရင်မ်အချို့ပေနေပြီး နှုတ်ခမ်းပါးလေးကိုပို၍နီရဲရွှန်းစိုနေစေသည်။
ခဏအကြာတွင် လော့ဝမ်ချွမ်းက ရှက်ကိုးရှက်ကန်းဖြင့် သူ့အကြည့်ကိုလွှဲလိုက်ကာ ခပ်တိုးတိုးပြောလာသည်။
"အင်း...နူးညံ့မယ့်ပုံပဲ.."
"ဟုတ်တယ်...ဘာနဲ့လုပ်ထားတာလဲမသိဘူး..."
ပုံမှန်အားဖြင့်သူက အချိုပွဲများနှင့် ဆီများသောအစားအစာများကို မနှစ်သက်ပေ။ သို့ရာတွင် ယခုမူတော်တော်လေးစားလိုက်ရုံသာမက ကောင်းသားပဲဟူ၍ပင် ပြောရင်းအဆုံးသတ်လိုက်သည်။
ယွမ်ရှင်းကျဲက ထိုအကြောင်းအရာကို ပုံမှန်အတိုင်းသာတွေးနေသော်လည်း ဘေးနားရှိဝိတ်တာကမူ အံ့သြမှုကြောင့်ပါးစပ်အဟောင်းသားဖြစ်နေလေသည်။
သူတို့နှစ်ဦးအတူတကွ ညစာစားသောက်နေကြစဥ် လော့ဝမ်ချွမ်း၏မှတ်ဉာဏ်တုက တုန်ခါလာခဲ့သည်။ သူက ၎င်းကိုထုတ်ကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်ရင်းပြောလာသည်။
"ကိုယ် ကိစ္စလေးတစ်ခုပေါ်လာလို့..အရင်သွားနှင့်မယ်နော်..."
ယွမ်ရှင်းကျဲက သိလိုစိတ်ဖြင့်မေးလိုက်သည်။
"အရေးကြီးလို့လား...ကျွန်တော်ဘာကူညီပေးရမလဲ.."
"မဟုတ်တာ.."
လော့ဝမ်ချွမ်းက မတ်တပ်ရပ်လိုက်သည်။
"ဖြည်းဖြည်းစားနော်...ဘေလ်ကရှင်းပြီးသွားပြီ.."
သူက ပြောနေရင်း ကုတ်အင်္ကျီအရှည်ကိုကောက်ယူကာ ဝတ်လိုက်သည်။ အရပ်ရှည်ရှည်နှင့် သူ့အသွင်မှာ ပို၍ခန့်ညားသွားခဲ့သည်။
ယွမ်ရှင်းကျဲက ရုတ်တရက်လန့်သွားကာ မေးလာသည်။
"ဒါဆိုပိုက်ဆံက ကျွန်တော့်လစာထဲက ပြန်နှုတ်မှာလား.."
လော့ဝမ်ချွမ်းက တံခါးဝသို့ပင်ရောက်နေပြီဖြစ်သည်။
"မနှုတ်ပါဘူး...ဘော့စ်က မင်းကိုကြိုဆိုတယ်လို့သဘောထားလိုက်ပါ..."
သူ့နှုတ်ခမ်းလေးများက ခပ်ရေးရေးပြုံးနေခဲ့သည်။ အညိုဖျော့ဖျော့ကုတ်အင်္ကျီသည် သူ့အားတော်ဝင်ဆန်သောအရှိန်အဝါကို ပေးစွမ်းနေလေ၏။
xxxxxx