အပိုင်း ၄၇
Viewers 17k

Chapter 47


ယွမ်ရှင်းကျဲက အနည်းငယ်ရှုပ်ထွေးသွားသည်။ သူက ဘော့စ်လို့ခေါ်တာမကြိုက်ဖူးမဟုတ်ဖူးလား...


ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်းထံမှ ထိန်းချုပ်ဆေးသေတ္တာနှင့် အချက်အလက်များကိုသယ်ဆောင်ကာ အိပ်ဆောင်သို့ပြန်လာခဲ့သည်။


လုရန်ရှုက သက်သာလုနီးပါးဖြစ်နေပြီဖြစ်သည်။ ယွမ်ရှင်းကျဲပြန်ရောက်သောအခါ လုရန်ရှုအား ဆိုဖာပေါ်တွင်သတင်းကြည့်ရင်းလဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ 


သူက ကပျာကယာ လက်ဝှေ့ယမ်းလိုက်ကာ

 "လာ..လာ..သတင်းထူးရှိတယ်..." 


ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်းပေးခဲ့သော ပစ္စည်းများကိုနေရာချလိုက်ပြီး လုရန်ရှုဆီသို့လျှောက်သွားကာ မှတ်ဉာဏ်တု၏စခရင်မှ သတင်းကို တစ်ချက်ကြည့်လိုက်သည်။


(လျှို့ဝှက်ဆန်းကြယ်သော ဒုတိယမင်းသားလေး မြို့တော်သို့ ပြန်လာခြင်း)


"ဒုတိယမင်းသား..." ယွမ်ရှင်းကျဲက မေးလိုက်သည်။


 "သူက မြို့တော်မှာမနေဘူးလား..." 


လုရန်ရှုက သူ့ကို အံ့အားသင့်စွာကြည့်လိုက်သည်။


 "မင်းသတင်းကိုလုံးဝမကြည့်ဘူးလား..တော်ဝင်မိသားစုက ဒုတိယမင်းသားငယ်ငယ်ကတည်းက အတွေ့အကြုံရအောင်လို့ဆိုပြီး တခြားဂြိုဟ်တွေဆီကိုစေလွှတ်ခဲ့တာလေ...ဒါပေမယ့် သူဘယ်ဂြိုဟ်ကိုသွားပြီး...ဘယ်အချိန်ပြန်လာမယ်ဆိုတာ ဘယ်သူမှမသိကြဘူး..." 


ယွမ်ရှင်းကျဲနှင့်ပတ်သက်သည့် ဇာတ်ကြောင်းတွင် ဤအချက်အလက်များစွာမပါရှိချေ။ မူလကိုယ်သည် အချစ်မှလွဲ၍အခြားအရာများကို ဂရုမစိုက်သော အမြောက်စာဇာတ်ကောင်သာဖြစ်သည်။


လုရန်ရှုက ဆက်ပြောသည်။


 “ဒုတိယမင်းသားကဘယ်သူဆိုတာကိုရော...တော်ဝင်မိသားစုက သူ့အချက်အလက်တွေကိုဘာကြောင့် ဒီလောက်ထိလျှို့ဝှက်ထားတယ်ဆိုတာကိုရော ဘယ်သူမှမသိကြဘူး...မင်းပြောကြည့်...သူ့ကိုတော်ဝင်မိသားစုက အမွေဆက်ခံသူအဖြစ်ပျိုးထောင်ထားတာလို့ထင်လား..."


ယွမ်ရှင်းကျဲက ခဏစဉ်းစားလိုက်သည်။


 “တကယ်လို့ သူတို့က သူ့ကိုအမွေဆက်ခံသူဖြစ်စေချင်ရင် လူတွေနဲ့ပေးတွေ့သင့်တယ်မဟုတ်ဖူးလား...မဟုတ်ရင်ကောလဟာလတွေ အများကြီးလိုက်ရှင်းနေရမှာပေါ့” 


လုရန်ရှုက "မင်းပြောတာမှန်တယ်...ဒုတိယမင်းသားကို ဘုရင်ကသဘောမကျတဲ့အတွက် နန်းတော်ကနေနှင်ထုတ်လိုက်တာလို့လည်း ပြောကြတယ်...ဘယ်စကားကအမှန်လဲတော့ ငါလည်းမသိဘူး...” 


“ကောင်းပြီ...ဒါကငါတို့နဲ့မှမဆိုင်တာ..”


 ယွမ်ရှင်းကျဲက ရုတ်တရက်အကြောင်းအရာခေါင်းစဥ်ပြောင်းလိုက်သည်။


 "ငါ့မှာမင်းကိုပြောပြစရာရှိတယ်..." 


လုရန်ရှုက စိတ်ဝင်တစားမေးသည်။ 


"ဘာလဲ"


"ငါ လော့ဝမ်ချွမ်းရဲ့ သီးသန့်မက်ခါပြင်ဆရာ ဖြစ်သွားပြီ..." 


ယွမ်ရှင်းကျဲက တည်ငြိမ်စွာပြောလိုက်သည်။ 


"တကယ်လား...မင်းက လော့ဝမ်ချွမ်းရဲ့မက်ခါပြင်ဆရာဖြစ်သွားပြီလား..."


လုရန်ရှုကတုန်လှုပ်သွားပြီး ဆိုဖာပေါ်မှခုန်ဆင်းလိုက်သည်။


လုရန်ရှုထက်ပို၍ အံ့သြတကြီးဖြစ်နေသူမှာ တခြားလူမဟုတ်။ 


ခယ့်လိုင်ပင်။


နောက်တနေ့မနက်တွင် ခယ့်လိုင်က "ချွမ်းကြီးက မင်းနဲ့တကယ်စာချုပ်ချုပ်ခဲ့တာလား"ဟူသည့်စကားကို ငါးခါထက်မနည်းမေးခဲ့လေသည်။ သူက ပျက်နေသောအသံသွင်းစက်နှင့်ပင် တူသည်။


"သူပြောတော့ မင်းကိုမလိုပါဘူးဆိုပြီး....အဲ့သောက်ကလေးက လုံးဝမရိုးသားဘူးပဲ..."


ခယ့်လိုင်ကဆက်မေးလာသည်။


 "သူလစာဘယ်လောက်ပေးလဲ....စိတ်မပူပါနဲ့...ငါဘယ်သူ့မှပြန်မပြောပါဘူး..."


ယွမ်ရှင်းကျဲက အမှန်အတိုင်းပြောပြလိုက်သည်။ သို့ရာတွင် လစဥ်လစာတိုးမည့်အကြောင်းကိုတော့ ထည့်မပြောခဲ့ချေ။


"ဝါး....တစ်လကို ကြယ်ဒင်္ဂါး၃သိန်းတောင်ပေးမှာလား...ချွမ်းကြီးက အရမ်းမိုက်တာပဲ...အတော်ဆုံးမက်ခါပြင်ဆရာကိုငှားဖို့ ပိုက်ဆံတွေမိုးပေါ်ကကျလာတာလား..."


ခယ့်လိုင် အနည်းငယ်အားကျသွားသည်။


"တကယ်လို့ ခင်ဗျားမက်ခါမှာ ပြသနာတစ်ခုခုရှိရင်..ကျွန်တော်လျှော့စျေးနဲ့ပြင်ပေးပါ့မယ်...ဘာပဲဖြစ်ဖြစ် ခင်ဗျားက ကျွန်တော့်ဘော့စ်ရဲ့အခန်းဖော်ပဲလေ..."


ခယ့်လိုင်က ဝမ်းသာအားရဖြစ်သွားခဲ့သည်။


"တကယ်လား....မင်းပြောပြီးသားစကားကို ပြန်မပြင်ရဘူးနော်..."


သူတို့နှစ်ဦးက ခဏစကားပြောကြပြီးနောက်


 "ချွမ်းကြီး မနေ့ကသူ့အိမ်မှာကိစ္စရှိလို့ဆိုပြီး အိမ်ပြန်သွားတယ်လေ...အဲ့တာ မင်းကိုသူ့ရဲ့သီးသန့်ဂိုဒေါင်ကိုလိုက်ပြပေးပါဆိုပြီး ငါ့ကိုအကူအညီတောင်းထားတယ်..."


"သီးသန့်ဂိုဒေါင်..."


ယွမ်ရှင်းကျဲက အံ့သြသွားခဲ့သည်။ သူ့အနေဖြင့် ကျောင်းသားတစ်ဦး၌ အဆိုပါနေရာမျိုးရှိမှန်း ယခုမှသိခြင်းပင်။


ခယ့်လိုင်က ကျောင်း၏အနောက်တောင်ဘက်သို့ ဦးဆောင်၍ခေါ်သွားလေသည်။ ထိုနေရာတွင် ပုံစံကွဲပြားသော အဆောက်အဦးအများအပြားရှိကြပြီး တော်ရုံကျောင်းသားများ ဝင်ခွင့်မရကြ။


"ဒါက မက်ခါပြိုင်ပွဲမှာ ပထမရတဲ့လူတွေအတွက် ကျောင်းကအထူးအခွင့်အရေးအနေနဲ့ ပေးတာလေ..."


ခယ့်လိုင်က ရှင်းပြသည်။


 "အရင်ကတော့ ငါတို့ကျောင်းကစစ်တက္ကသိုလ်လေးခုထဲမှာပထမပဲ...ဒါပေမယ့် လွန်ခဲ့တဲ့လေးနှစ်ကတည်းက ပထမနေရာကနေဆင်းပေးခဲ့ရတယ်လေ...အဲ့ဒီ့တော့ ကျွမ်းကျင်တဲ့မက်ခါမောင်းနှင်သူတွေကိုဆိုရင် မြေတောင်မြှောက်ပေးဖို့အစွမ်းကုန်ကြိုးစားလေ့ရှိတယ်..."


ဂိုဒေါင်တံခါးကိုဖွင့်လိုက်သည့်အခါ မက်ခါနှင့်သက်ဆိုင်သော ကိရိယာအစုံအလင်ကို တွေ့လိုက်ရသည့်အတွက် ယွမ်ရှင်းကျဲက အံ့သြသွားခဲ့သည်။ 


"အများကြီးပဲ..."


"တော်တော်များများကတော့ ကျောင်းကပေးထားတာ..ဒီထဲကတချို့ဟာတွေကတော့ ချွမ်းကြီး မစ်ရှင်တွေလုပ်ရင်းရလာတာတွေလေ...."


"မစ်ရှင်...ဘယ်ကမစ်ရှင်လဲ.."


"ကြေးစားမစ်ရှင်တွေပေါ့..."


ခယ့်လိုင်က ရှင်းပြသည်။ 


"မင်းမသိတာကပုံမှန်ပါပဲ..တော်ရုံ.ဘယ်သူမှ အဲ့ဒီ့မစ်ရှင်တွေကို လက်မခံရဲကြဘူးလေ.."


ခယ့်လိုင်က မက်ခါပစ္စည်းအချို့ကို ညွှန်ပြရင်းပြောသည်။ 


"ချွမ်းကြီးက မက်ခါအကုန်လုံးကိုမောင်းနိုင်တယ်...သူအကြိုက်ဆုံးတစ်ခုကတော့ အလင်းဓားမက်ခါပဲ..."


ယွမ်ရှင်းကျဲက မက်ခါပစ္စည်းများကိုကြည့်နေရင်း စိတ်ထဲတွင် မှန်းဆကာတပ်ဆင်ကြည့်နေပြီဖြစ်သည်။

47.2


"ချွမ်းကြီးကပြောတယ်...သူအဲ့ဒီ့ မက်ခါပစ္စည်းတွေကို သိပ်မသုံးဖြစ်ဖူးတဲ့....မင်းလိုရင် ယူသုံးလို့ရတယ်တဲ့..."


ခယ့်လိုင်က ရုတ်တရက်အသံကိုနိမ့်လိုက်ကာ "မင်းရဲ့မက်ခါက ရုပ်ဆိုးတယ်လို့ သူထင်တဲ့အတွက် ပြင်စေချင်တာဖြစ်မယ်လို့ငါသံသယဝင်မိတယ်...ဒီတိုင်းထုတ်ပြောဖို့ကျ နည်းနည်းအားနာဖို့ကောင်းတယ်လေ...သိလား.."


ယွမ်ရှင်းကျဲက မျက်မှောင်ကြုတ်လိုက်သည်။ "လော့ဝမ်ချွမ်းက အဲ့ဒီ့လိုလူစားမျိုးမဟုတ်ပါဘူး.."


ခယ့်လိုင်က လက်များကိုဝေ့ယမ်းလိုက်သည်။


 "ဘာပဲဖြစ်ဖြစ် မင်းရဲ့မက်ခါက တကယ့်ကိုကြည့်ရဆိုးတာပဲမဟုတ်လား..."


"အိုခေ....အဲ့တာကိုမပြောပါနဲ့တော့..."


"စကားမစပ် ငါးပွဲမြောက်ပွဲစဥ်အတွက် ပြိုင်ရမယ့်လူတွေစာရင်း ထွက်လာပြီနော်..."


ခယ့်လိုင်က ယွမ်ရှင်းကျဲအားကြည့်ရင်း အလေးအနက်ပြောလာသည်။ 


"မင်းရဲ့ပြိုင်ဘက်က စုကျီနန်လို့တွေ့တယ်....ကောင်းကောင်းကြိုးစားပြီးပြိုင်ပါ...သူ့ကိုမရှုံးစေနဲ့..."


ယွမ်ရှင်းကျဲက သူ့အတွက် လော့ဝမ်ချွမ်းစီစဥ်ထားပေးသည်ကိုသိလိုက်ပြီး ခေါင်းညှိတ်လိုက်သည်။ 


"ဟုတ်ကဲ့ပါ..."


"တကယ်တမ်းတော့ ငါနဲ့စုကျီနန်က တစ်သင်းထဲသားချင်းဆိုတော့ ငါသူ့ဘက်ကလိုက်ပြောရမှာ..."


ခယ့်လိုင်က မျက်မှောင်ကြုတ်လိုက်သည်။ 


"ဒါပေမယ့် ငါအဲ့ကောင်ကို လုံးဝသဘောမကျဘူး...အရင်ရက်တုန်းက ချွမ်းကြီးကငါ့ကို ဖိုရမ်ပို့စ်တွေစစ်ဖို့ပြောလာတယ်လေ..ငါက ကျောင်းဖိုရမ်စီစဥ်သူထဲကတစ်ယောက်ဆိုတော့ မင်းကိုအပုပ်ချနေတဲ့ အကောင့်တစ်ခုကိုတွေ့လိုက်ရတယ်...."


"စီနီယာဆိုလိုတာက..."


ယွမ်ရှင်းကျဲက စကားထောက်ပေးလိုက်သည်။


"အဲ့တာစုကျီနန်ပဲ...သူဒီတစ်လျှောက်လုံး မင်းကိုအပုပ်ချတဲ့ပို့စ်တွေတင်နေခဲ့တာ..."


ခယ့်လိုင်က ဖိုရမ်စာမျက်နှာကိုဖွင့်ပြရင်းပြောလိုက်သည်။


 "ငါအကုန်လုံးကိုဖျက်ထားပြီးပြီ...ဒါပေမယ့် သက်သေတွေကိုတော့ချန်ထားတယ်..."


ခယ့်လိုင်ပြသောပို့စ်မှာ ယွမ်ရှင်းကျဲ တက္ကသိုလ်သို့ဝင်ရောက်သောအချိန်က စုကျီနန်တင်ထားခြင်းပင်။


(ချီယုရဲ့ မိတ်ဖက်က တက္ကသိုလ်ကိုရောက်လာတယ်တဲ့...သူဘယ်ကလာတာမှန်း သိတဲ့လူရှိကြလား..)


စုကျီနန်က ဘာမှမသိသော ဖြတ်သွားဖြတ်လာတစ်ယောက်ပုံစံဖြင့် တင်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် သူအမှန်တကယ်ထောက်ပြလိုခြင်းမှာ ယွမ်ရှင်းကျဲက ချီယု၏နောက်ခံကြောင့် ကျောင်းသို့ဝင်ရောက်ခဲ့ခြင်းဟူ၍။


ယွမ်ရှင်းကျဲ တက္ကသိုလ်ဝင်ခွင့်ဖြေနေချိန်တွင် အဆိုပါပို့စ်များမှာ တစ်ဒါဇင်ကျော်လောက်ရှိနေပြီဖြစ်သည်။ ဖရဲသီးစားသူများအတွက် ပြောစရာသတင်းတပုဒ်ကဲ့သို့ ဖြစ်လာခဲ့သည်။


စုကျီနန်က အရံအကောင့်ကိုအသုံးပြုခဲ့ခြင်းဖြစ်သောကြောင့် ပို့စ်တင်နေသူမှာ သူမှန်းမသိကြချေ။ ရလဒ်အနေဖြင့် ယွမ်ရှင်းကျဲက အများ၏ဝေဖန်စရာဖြစ်လာခဲ့ပြီး စုကျီနန်ကမူ အိုမီဂါများ၏စံနမူနာထားစရာ ဖြစ်ခဲ့လေသည်။


ခယ့်လိုင်က ခဏတာတိတ်ဆိတ်နေပြီးနောက် "ယွမ်ရွှယ်တိ...မင်းကြိုးစားရမယ်နော်..."


ယွမ်ရှင်းကျဲ၏တည်ငြိမ်သောအမူအရာသည် ပို့စ်တွင်ဖော်ပြထားသော "စိတ်ခံစားလွယ် စိတ်တိုလွယ်ပြီး ပေါင်းသင်းရခက်ခဲသော အိုမီဂါ" ဟူသောပုံစံနှင့် အလွန်ဝေးကွာလှသည်။ 


ခယ့်လိုင်က စုကျီနန်မှာ အတော်လေးအရှက်မဲ့သည်ဟု ခံစားရသည်။ သူကဂိုဒေါင်သော့အား ယွမ်ရှင်းကျဲထံအပ်နှံကာ အဆောင်သို့ပြန်သွားခဲ့သည်။


ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်းကို သူအသုံးပြုနိုင်မည့်ပစ္စည်းများအကြောင်း မေးလိုက်သည့်အခါ လော့ဝမ်ချွမ်းက အားလုံးကိုအသုံးပြုနိုင်ကြောင်း ပြောလာခဲ့သည်။


ယွမ်ရှင်းကျဲအနေဖြင့် စုကျီနန်၏ အမြောက်မှမီးတောက်များနှင့် ရင်ဆိုင်နိုင်စေရန်အတွက် သူ့မက်ခါ၏ခံနိုင်ရည်အား အဆင့်မြှင့်တင်ရန်လိုအပ်လေသည်။


ကြယ်ပျံမက်ခါများ၏ မီးလျှံများမှာအလွန်လျှင်မြန်ပြီး ရှောင်လွှဲနိုင်ချေမှာ မဖြစ်နိုင်သလောက်နည်းပါးလေသည်။ ယွမ်ရှင်းကျဲက သူ၏အင်ဂျင်ပျက်စီးသွားမည်ကိုစိုးရိမ်၍မဟုတ်ပဲ စုကျီနန်အားအနိုင်ပိုင်းရန်အတွက်အဓိကထား၍ ပြုပြင်မွမ်းမံမှုကိုလုပ်ဆောင်ခဲ့သည်။ 


ယွမ်ရှင်းကျဲက ပုံကြမ်းဆွဲပြီးသည်နှင့် ပြုပြင်မွမ်းမံရေးအခန်းသို့သွားကာ မက်ခါအားအဆင့်မြှင့်တင်ရန်ပြင်လိုက်သည်။ ထိုအချိန်တွင် ချီယုအားတံခါးဝ၌တွေ့လိုက်ရလေသည်။


ချီယုက ယွမ်ရှင်းကျဲheatဝင်သည့်ကိစ္စကို ရုံးချုပ်သို့တိုင်ကြားမိခြင်းအား နောင်တရနေခဲ့သည်။


 "တောင်းပန်ပါတယ် ရှင်းကျဲ...ငါအများကြီးမစဉ်းစားမိဘူး..." 


"သွားတော့..."


 ယွမ်ရှင်းကျဲက ပြုပြင်မွမ်းမံရာတွင်အသုံးပြုသည့်ဓားကို ကောက်ကိုင်လိုက်ပြီး ချီယုအားမျက်နှာမူလိုက်သည်။ 


"ငါ့မှာ မင်းကို ဂရုစိုက်ဖို့အချိန်မရှိဘူး..." 


ချီယုက ခြေတစ်လှမ်းမြန်မြန်ဆုတ်လိုက်သည်။ သူက အပြစ်မကင်းစွာဖြင့်


 “ငါဒီကိစ္စကို တခြားသူတွေသိအောင်လုပ်ဖို့ မကြံစည်ခဲ့သလို....မင်းကို ပြိုင်ပွဲကနေအနားယူရအောင်လုပ်ဖို့လည်း မရည်ရွယ်ခဲ့ပါဘူး..."


ယွမ်ရှင်းကျဲက ခယ့်လိုင်ပြသခဲ့သောပို့စ်များကို  သတိရသွားခဲ့သည်။ စုကျီနန်၏ သူ့အားအပုပ်ချလိုသောရည်ရွယ်ချက်မှာ အလွန်ပင်ထင်ရှားသော်လည်း ချီယုကမူ သူတို့ကြားရှိလျှို့ဝှက်ကိစ္စတစ်ခုသာဖြစ်သည်ဟူ၍ အယုံသွင်းနေလေသည်။


"မင်းရဲ့ဦးနှောက်ကို တခြားသူတွေဆီပေးလိုက်တာလား..." 


ယွမ်ရှင်းကျဲ သူ့အား အေးစက်စွာကြည့်လိုက်သည်။


“ငါ့ကို ခဏခဏလာရှာမနေစမ်းနဲ့...” 


ချီယုက ယွမ်ရှင်းကျဲကိုစိုက်ကြည့်ရင်း


 “ရှင်းကျဲ...ငါတို့က တစ်ယောက်အတွက်တစ်ယောက် အရေးပါတယ်မဟုတ်လား...” 


“ဘယ်ကသာ....” ယွမ်ရှင်းကျဲက ချီယုအားဓားဖြင့်ခုတ်ပစ်ချင်စိတ်ကို အတော်လေးထိန်းချုပ်နေခဲ့ရသည်။ 


"မင်း မြန်မြန်ထပြီးထွက်သွားစမ်းပါ..." 


"ရှင်းကျဲ....မင်းကိုငါ့ရဲ့ သီးသန့်မက်ခါပြင်ဆရာလုပ်ခိုင်းမယ်လေ....ဒီလိုဆိုရင် အချိန်ကြာလာတာနဲ့အမျှ ငါ့ရဲ့ခံစားချက်တွေကို မင်းနားလည်ပြီးလက်ခံလာလိမ့်မယ်..."


ချီယုက ယွမ်ရှင်းကျဲအား မျှော်လင့်တကြီးကြည့်ရင်းပြောသည်။


"စိတ်မကောင်းပါဘူး...ငါကလော့ဝမ်ချွမ်းရဲ့ မက်ခါပြင်ဆရာဖြစ်နေပြီ..." 


ယွမ်ရှင်းကျဲက အေးစက်စွာပြောလိုက်သည်။ 


xxxxxx