အပိုင်း ၄၈
Viewers 17k

Chapter 48


ချီယုက အံ့အားသင့်သွားကာ လွန်ခဲ့သည့်ရက်အနည်းငယ်ကတည်းက ချုပ်တည်းထားခဲ့ရသော ခံစားချက်များပေါက်ကွဲသွားခဲ့သည်။


သူက မျက်မှောင်ကြုတ်လိုက်ကာ ဒေါသတကြီးဖြင့်..


"ရှင်းကျဲ...အဲ့ဒီ့ကောင်က မင်းကိုဘယ်လောက်ပေးမှာမို့လို့လဲ...သူက အိုမီဂါတွေကိုကြောက်တတ်တဲ့သူတစ်ယောက်လေ....မင်းကို လုံးဝကောင်းကောင်းဆက်ဆံမှာမဟုတ်ဘူး...မင်းရူးနေတာလား..." 


ယွမ်ရှင်းကျဲက သူ့နှုတ်ခမ်းထောင့်လေးအား ကွေးညွှတ်လိုက်ရင်း "ဘာပဲဖြစ်ဖြစ် သူပေးတာကမင်းထက်တော့များတယ်လေ..."


ချီယု၏ မျက်လုံးများတွင် မနာလိုစိတ်များဖြင့်ပြည့်နှက်လာခဲ့သည်။ 


"မင်း ငါ့ကိုဒီလိုနည်းနဲ့စိတ်တိုစေချင်နေတာလား..." 


"အိုး..တကယ်တော့ငါမင်းကို ဓားနဲ့ခုတ်ပစ်ချင်တာ..." 


“မင်း….” ချီယုက သူ့ဒေါသသူအနိုင်နိုင်ပြန်ထိန်းလိုက်သည်။ သူတို့လမ်းခွဲခဲ့စဥ်က တစ်နေ့တွင် ယွမ်ရှင်းကျဲနောင်တရကာ သူ့ထံပြန်လာမည်ဖြစ်ကြောင်း ယုံကြည်မှုအပြည့်ရှိခဲ့သည်။


ယခုမူ ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်း၏မက်ခါပြင်ဆရာဖြစ်သွားလေပြီ။ ချီယုအနေဖြင့် သူတို့၏ဆက်ဆံရေးကို ဆိုးရွားမသွားစေရန်အတွက် သူ့စိတ်တွင်းရှိမနာလိုမှုများအား ထိန်းချုပ်ထားရန်သာတတ်နိုင်တော့သည်။


"ရှင်းကျဲ...ငါဒီနေ့ မင်းကိုစိတ်ဆိုးအောင်လုပ်ဖို့လာခဲ့တာမဟုတ်ဘူး..."


ချီယုက အသံကိုလျှော့လိုက်သည်။ 


"ပဉ္စမပြိုင်ပွဲမှာ မင်းနဲ့စုကျီနန်ပြိုင်ရမယ်ဆိုတာကို ငါတွေ့ခဲ့တယ်..."


ယွမ်ရှင်းကျဲက သူ့အားအေးစက်စက်စိုက်ကြည့်နေသည်။


"ငါ့ကို အထင်မလွဲနဲ့ပါနဲ့...မင်းအနိုင်ရဖို့ ငါတကယ့်ကိုမျှော်လင့်တာပါ....”


ချီယုက ယွမ်ရှင်းကျဲကိုကြည့်ရင်း ပြောလိုက်သည်။


 "ဒါပေမယ့် မင်းနဲ့ စုကျီနန်က အင်အားအရမ်းကွာတယ်လေ..." 


"ငါ သူ့ကိုမနိုင်ဘူးလို့မင်းထင်နေတာလား..."


ယွမ်ရှင်းကျဲက မျက်ခုံးပင့်ကာရယ်မောလိုက်သည်။


"ငါ မင်းအပေါ်သက်ညှာပေးဖို့ စုကျီနန်ကိုပြောထားတယ်..." 


ချီယုက ယွမ်ရှင်းကျဲအား ညှင်သာစွာကြည့်လိုက်သည်။ 


“စုကျီနန်က သဘောတူတယ်လေ...မင်းကိုယ်တိုင်အညံ့ခံမယ်ဆိုရင် လုရန်ရှုတုန်းကလိုမတိုက်ခိုက်ပဲ မင်းအပေါ်သက်ညှာပေးမယ်လို့ပြောတယ်...အရင်က မင်းသူ့အပေါ်ပြောဆိုခဲ့တာတွေကိုလည်း စိတ်ထဲမထားပါဘူးတဲ့…” 


“မင်း ငါ့အတွက်တောင်းပန်ပေးစရာမလိုပါဘူး...” 


ယွမ်ရှင်းကျဲက ပြုပြင်မွမ်းမံရေးအခန်းမှထွက်သွားရင်းပြောခဲ့သည်။


"တစ်ခုလောက်ကူညီပါလား...စုကျီနန်ကိုပြောပေးပါ...သူငါ့ကိုဒူးထောက်ပြီး ဆယ်ခါအရိုအသေပေးမယ်ဆိုရင်တော့ သူ့ကို အသက်ဆက်ရှင်ခွင့်ပေးဖို့ စဉ်းစားပေးပါ့မယ်လို့...." 


ချီယုက သူ့နောက်မှ အော်မေးလိုက်သည်။


 "မင်း ဘယ်ကိုသွားမလို့လဲ..."


ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်း၏ဂိုဒေါင်သို့ ဦးတည်၍သွားနေခြင်းပင်။ အရင်ကတစ်ခါမှမပေါ်ပေါက်ခဲ့ဖူးသော မက်ခါမွမ်းမံခြင်းနှင့်ဆိုင်သည့် စိတ်ကူးအသစ်အဆန်းတစ်ခုသည် သူ့အတွေးထဲတွင် လျှင်မြန်စွာပုံပေါ်နေခဲ့သည်။


ယွမ်ရှင်းကျဲအတွက် စုကျီနန်နှင့်ပြိုင်ရမည့်ပွဲတွင် နောက်ပြန်လှည့်ရန်အကြောင်းမရှိချေ။ သူနိုင်ကိုနိုင်ရမည်ပင်။


ထို့ကြောင့် ပြိုင်ပွဲမတိုင်ခင် ပြင်ဆင်မှုအသေးစိတ်ကို စတင်လုပ်ဆောင်တော့သည်။ သူကမက်ခါပုံစံသစ်ကို ရေးဆွဲပြီးနောက် မှတ်ဉာဏ်တုတွင် ထည့်သွင်းလိုက်သည်။ 


ယွမ်ရှင်းကျဲနှင့်ယှဥ်လျှင် စုကျီနန်က အလွန်စိတ်အေးလက်အေးရှိနေလေသည်။ သူက ယွမ်ရှင်းကျဲ၏အခြေအနေကိုပင် စုံစမ်းလိုက်သေးသည်။ မက်ခါပြန်လည်မွမ်းမံနေကြောင်းကြားသိရသောအခါ စုကျီနန်က နှာခေါင်းရှုံ့ကာ ပြောသည်။ 


"ယွမ်မိသားစုဆီကအထောက်အပံ့မရှိပဲနဲ့ သူကဘာများလုပ်နိုင်မှာတဲ့လဲ...အလကား ရှိုးလုပ်နေတာ..."


မနှစ်ကပြိုင်ပွဲတွင် ကာလက်၏အမှတ်ပေါင်းမှာ စုကျီနန်ထက်လျော့နည်းသည်။ စုကျီနန်က ယွမ်ရှင်းကျဲအား ကာလက်တမင်အလျှော့ပေးခဲ့သည်ဟု သံသယဝင်မိသည်။ 


ပြီးတော့ ယွမ်ရှင်းကျဲက heatဝင်နေတာလေ..A+တိုက်ခိုက်သူကို နိုင်အောင်တိုက်နိုင်မှာတဲ့လား...မဖြစ်နိုင်တာ..


ယွမ်ရှင်းကျဲအား အရှက်တကွဲရှုံးနိမ့်အောင်လုပ်မည်ဟု စုကျီနန်စိတ်ပိုင်းဖြတ်လိုက်သည်။


တစ်ဖက်တွင် ယွမ်ရှင်းကျဲက မက်ခါမွမ်းမံမှုများနှင့် အလုပ်ရှုပ်နေခဲ့သည်။ သူက ဤတစ်ကြိမ်၌ မက်ခါသားရဲကို အဓိကထား၍မွမ်းမံမှာဖြစ်ပြီး အနည်းငယ်ပင်လွဲမှား၍မရချေ။  


ဂိုဒေါင်ထဲရှိပစ္စည်းများကို တစ်ချက်စစ်ဆေးပြီးနောက် စကင်န်ဖတ်လိုက်ကာ လော့ဝမ်ချွမ်းထံပို့လိုက်သည်။ 


"ဘော့စ်...ကျွန်တော်ဒါတွေသုံးလို့ရလား.."


လော့ဝမ်ချွမ်းက အလုပ်များနေသည့်ပုံပင်။ သူက စာကိုဖတ်ကြည့်ပြီး ခဏအကြာတွင် ပြန်စာပို့ခဲ့သည်။ 


"ဂိုဒေါင်ထဲမှာရှိတဲ့ ပစ္စည်းအားလုံးက မင်းဟာတွေချည်းပဲ...ကိုယ့်ကို နောက်တစ်ခါမမေးနဲ့တော့..."


ပြန်စာမှာရိုးရှင်းသော်လည်း ယွမ်ရှင်းကျဲ ရင်ထဲအနည်းငယ်ခံစားသွားရပြီး မပြုံးပဲမနေနိုင်ခဲ့။ လော့ဝမ်ချွမ်းကဲ့သို့ဘော့စ်လက်အောက်၌ အလုပ်လုပ်နိုင်ရန်မှာ အလုပ်သမားတိုင်း၏အိမ်မက်ပင်ဖြစ်လိမ့်မည်။

48.2


လော့ဝမ်ချွမ်းက စာထပ်ပို့လိုက်သည်။


 "မင်း မက်ခါကိုဘယ်လိုမွမ်းမံမယ်လို့စဥ်းစားထားလဲ..."


ယွမ်ရှင်းကျဲက သူ၏မွမ်းမံမှုလုပ်ငန်းစဥ်အသေးစိတ်ကို ရှင်းပြခဲ့သည်။ အားလုံးကိုလိုက်ဖတ်ရန် လော့ဝမ်ချွမ်း အချိန်အနည်းငယ်ယူလိုက်ရသည်။ 


"အတော်လေး အသေးစိတ်တာပဲ..မွမ်းမံတဲ့နေရာမှာ တစ်ချက်လေးတောင်မှားသွားလို့မရဘူး.."လော့ဝမ်ချွမ်းက ပြန်ပြောလာသည်။


ယွမ်ရှင်းကျဲအနေဖြင့် ဤကဲသို့ရှုပ်ထွေးလှသောလုပ်ငန်းစဥ်အား တစ်ဖက်လူ အားပေးလောက်မည်မဟုတ်ဟု ခန့်မှန်းမိခဲ့သည်။ သို့သော် နောက်တစ်စက္ကန့်တွင် စာထပ်ရောက်လာသည်။


"ဒီလိုမွမ်းမံမှုမျိုးကို မင်းကလွဲပြီးဘယ်သူမှ မလုပ်နိုင်လောက်ဘူး.."


ယွမ်ရှင်းကျဲက ပျော်ရွှင်စွာရယ်မောလိုက်သည်။ "ဘော့စ်လော့က တကယ့်ကိုအမြင်ရှိတာပဲ..."


သူက ဂိုဒေါင်တွင်းရှိပစ္စည်းပစ္စယများကို မက်ခါမွမ်းမံရေးအခန်းသို့သယ်ဆောင်သွားပြီး စတင်မွမ်းမံရန်ပြင်လိုက်သည်။ ထိုအချိန်၌ စုကျီနန်၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသောမက်ခါအစိတ်အပိုင်းများကို ပြန်လည်ပြုပြင်နေသောလုရန်ရှုနှင့်တွေ့လေသည်။


ယွမ်ရှင်းကျဲက ပြိုင်ပွဲအတွက်ပြင်ဆင်ရသည်နှင့် အလုပ်ရှုပ်နေသောကြောင့် လုရန်ရှုအနေဖြင့် သူ၏မက်ခါအားပြင်ဆင်ရန် အခြားလူများကိုသာ အကူအညီတောင်းရတော့သည်။ သူက စက်ပစ္စည်းခများနှင့် ပြုပြင်စရိတ်များ အများအပြားကုန်ကျခဲ့သည်။


စုကျီနန်နှင့်ယွမ်ရှင်းကျဲ ယှဥ်ပြိုင်ရမည်မှန်းသိစဥ်ကတည်းက လုရန်ရှုအလွန်စိတ်လှုပ်ရှားနေခဲ့ပြီး အိပ်၍ပင်မပျော်ခဲ့။ 


ယခုမူ သူ့မက်ခါအားပြင်ဆင်နေသည့်အပေါ် အာရုံမစိုက်နိုင်ပဲ ယွမ်ရှင်းကျဲမွမ်းမံနေသည်ကိုသာ ဘေးမှလာရောက်စပ်စုနေခဲ့သည်။ 


"ရှင်းကျဲ...မင်းနဲ့စုကျီနန် ပဉ္စမပွဲစဥ်မှာယှဥ်တိုက်ရမှာဆို...မင်းသူ့ရဲ့ ရှုံးပွဲမရှိစံချိန်ကို ရိုက်ချိုးပစ်ရမယ်နော်...အဲ့ကောင်က ကိုယ့်ကိုယ်ကိုယ်ဟုတ်လှပြီထင်နေတာ..."


ယွမ်ရှင်းကျဲက မက်ခါသားရဲကိုမွမ်းမံရာ၌ အာရုံစူးစိုက်နေရသဖြင့် သဘောတူသည့်အသံသာပြုလိုက်သည်။


"ဒါနဲ့ မင်းဘာလို့ကြောင်ရုပ်ဆိုးကို ဒါတွေတပ်ပေးနေရတာလဲ..."


လုရန်ရှု၏မက်ခါအား ပြုပြင်ပေးနေသော စက်ပြင်ဆရာကသူ့အားပြောလာသည်။ "အတန်းဖော်...မင်းမက်ခါသားရဲကို အဲ့လိုတွေလျှောက်မတပ်သင့်ဘူး...မင်းသူ့ကိုပို့နိုင်မယ့် စိတ်စွမ်းအားက အကန့်အသတ်နဲ့လေ...ဒါတွေသွားတပ်ပေးတာက ဖြုန်းတီးရာကျတယ်..."


ထိုသူက စက်ပြင်ကျွမ်းကျင်ဆရာတစ်ယောက်ဖြစ်ပြီး မက်ခါပြုပြင်ရေး၌အတော်လေးနာမည်ကြီးသူတစ်ဦးပင်ဖြစ်သည်။


လုရန်ရှုက ထိုအရာများအားနားမလည်ချေ။ 


"ကိုယ့်ဟာကိုယ်ပြင်စမ်းပါ...ရှင်းကျဲကို ဘာလုပ်ရမယ်ဆိုပြီး လာသင်ပေးစရာမလိုပါဘူး..."


စက်ပြင်ဆရာက မျက်လုံးများလိမ့်လိုက်သည်။ သို့သော် လုရန်ရှု၏နောက်ဆက်တွဲစကားကြောင့် ကြောင်အသွားလေသည်။


"ရှင်းကျဲက လော့ဝမ်ချွမ်းရဲ့သီးသန့်မက်ခါပြင်ဆရာပဲ.."


"လော့...လော့ဝမ်ချွမ်း...ဟုတ်လား.."


လော့ဝမ်ချွမ်းက အိုမီဂါတစ်ယောက်ကို သီးသန့်မက်ခါပြင်ဆရာအဖြစ် ခန့်ထားတယ်....သူက အိုမီဂါတွေကို ကြောက်တယ်မဟုတ်ဖူးလား...


ဒီတစ်ယောက်က အိုမီဂါဖြစ်နေတာတောင်ဂရုမစိုက်ပဲ လော့ဝမ်ချွမ်းခန့်ထားတာလား..ဖြစ်နိုင်တာ သူကအရမ်းတော်နေလို့လား...


မက်ခါမွမ်းမံရေးအခန်းတွင်ရှိလူများသည် ယွမ်ရှင်းကျဲအား အထင်သေးသလိုကြည့်နေခဲ့ရာမှ လေးစားအားကျမှုများဖြင့်ကြည့်လာကြသည်။ သို့ရာတွင် ယွမ်ရှင်းကျဲက ထိုအရာများကိုဂရုမစိုက်အားချေ။


မွမ်းမံမှုပြီးသွားသည့်အခါ သူကရယ်ရင်းပြောလာသည်။ 


"ကာလက်ကိုကျေးဇူးတင်ရမယ်...သူ့ကြောင့်သာမဟုတ်ရင် ဒီလိုလုပ်လို့ရတယ်ဆိုတာကို ငါစိတ်ကူးမိမှာမဟုတ်ဖူး..."


"ကာလက်...ဟုတ်လား...မင်းကသူ့အချက်အလက်တွေကို ဘယ်ကနေရတာလဲ.."လုရန်ရှုက ဝေခွဲမရဟန်ဖြင့်မေးလိုက်သည်။


ယွမ်ရှင်းကျဲက သူ၏ကိုယ်ပိုင်မျက်ဝန်းများကိုညွှန်ပြရင်း လျှို့ဝှက်စွာပြုံးလိုက်သည်။


"မင်းမြင်နိုင်တယ်လား..."လုရန်ရှုက အံ့သြသွားသည်။ 


"မေ့လိုက်တော့...ငါမင်းနဲ့ကာလက်ရဲ့တိုက်ပွဲကို ထပ်ပြီးသွားကြည့်လိုက်ဦးမယ်..."


သူတို့နံဘေးရှိပြုပြင်သူက ယွမ်ရှင်းကျဲအားမေးလိုက်သည်။


 "ဒါပေမယ့် ကာလက်က ကြယ်တံခွန်မက်ခါကိုမောင်းတာလေ...မင်းက သူ့ကိုကြည့်ရုံနဲ့ ကြယ်နှစ်ထပ်မက်ခါကိုမွမ်းမံဖို့ စိတ်ကူးရတယ်လား...ဘယ်လိုလုပ်ပြီးတော့လဲ..."


ယွမ်ရှင်းကျဲက အလေးအနက်ပြန်ဖြေခဲ့သည်။


 "မက်ခါကဘယ်လိုပဲဖြစ်နေပါစေ...အရေးကြီးတာက မက်ခါမောင်းနှင်သူရဲ့ ခွန်အား၊ သက်လုံနဲ့ တိုက်ခိုက်နေတဲ့အချိန်အတွင်း မြန်မြန်ဆန်ဆန်တုံ့ပြန်နိုင်စွမ်းပဲ..."


သူ၏မျက်ဝန်းများတွင် အသက်အရွယ်နှင့်မလိုက်သော ဉာဏ်ပညာများထင်ဟပ်နေလေသည်။


မွမ်းမံရေးအခန်းတွင်းရှိလူများက အတွေးထဲကိုယ်စီနစ်မြုပ်သွားကြသည်။ သူတို့က အရေးကြီးသောအမှန်တရားကို တစ်လျှောက်လုံးမေ့နေခဲ့သည်ပင်။


လတ်တလောတွင် ယွမ်ရှင်းကျဲရောစုကျီနန်ပါ လေးပွဲဆက်အနိုင်ရထားသူများဖြစ်ကြသည်။ ထို့အပြင် သူတို့နှစ်ဦးစလုံးမှာ အိုမီဂါများ၏စံပြဖြစ်သည့်အလျှောက် သူတို့၏ပြိုင်ပွဲမှာ ဖိုရမ်တွင် လူပြောအများဆုံးတစ်ခုဖြစ်နေခဲ့သည်။


အဆိုပါပြိုင်ပွဲအား လောင်းကြေးထပ်သူများပင်ရှိနေလေသည်။ လောင်းကြေးမှာ အပျော်အပါးအတွက် အသုံးပြုလေ့ရှိကြသော ဖိုရမ်ဒင်္ဂါးများဖြစ်လေသည်။


စုကျီနန်၏ဖန်များက သူ့အား သောင်းသောင်းဖျဖျအမွှမ်းတင်နေကြလေသည်။


(ယွမ်ရှင်းကျဲက စုကျီနန်ကိုတကယ်ကြီးစိန်ခေါ်ဝံ့တယ်နော်...သူကဒီတိုင်း ချမ်းသာတဲ့နောက်ခံရှိရုံသပ်သပ်ပဲမဟုတ်လား...စုကျီနန်က အောက်ခြေကနေစပြီး ကြိုးစားလာခဲ့ရတာ...သခင်လေးထက်တော့ သေချာပေါက်ပိုတော်မှာပဲ...)


(မနေ့က ဖိုရမ်မှာယွမ်ရှင်းကျဲနဲ့ပတ်သတ်တဲ့ ပို့စ်တော်တော်များများဖျက်ချခံလိုက်ရတယ်...သူက ဖိုရမ်စီစဥ်သူကို သွားပြီးပေးကမ်းလိုက်တာနေမှာ..)


(ဟယ်...ကျောင်းဖိုရမ်က အားလုံးလွတ်လွတ်လပ်လပ်ပြောဆိုခွင့်ရှိတဲ့နေရာလေ...အဲ့လိုလုပ်လို့ရစရာလား....ဖြစ်နိုင်တာ သူ့မကောင်းကြောင်းတွေ လူသိမှာစိုးရိမ်နေတာလား...)


(သူကစုကျီနန်နဲ့ယှဥ်လို့ကိုမရတာ....မက်ခါမွမ်းမံတာနဲ့ပတ်သတ်တာကလွဲလို့ ဘယ်နေရာများအသုံးကျလို့လဲ...)


(Bအဆင့်က Bအဆင့်ပါပဲကွာ...လုရန်ရှုလိုပဲ ပက်ပက်စက်စက်ရှုံးမှာပါပဲ...)


(လုရန်ရှုနဲ့ ယွမ်ရှင်းကျဲက သူငယ်ချင်းတွေတဲ့....သူကလက်စားပြန်ချေချင်နေတာမဟုတ်လား...)


(ငါကြားတာတော့ ယွမ်ရှင်းကျဲကတော့ အနောက်တံခါးကဝင်လာတာတဲ့...)


ဖိုရမ်အသုံးပြုသူအများစုသည် ယခင်ကစုကျီနန်တင်ခဲ့သောပို့စ်များကြောင့် ယွမ်ရှင်းကျဲအပေါ်အမြင်မကြည်ကြပေ။ ဖိုရမ်က အမည်ဝှက်နှင့်အသုံးပြုရခြင်းဖြစ်လေရာ ပို့စ်တင်သည့်လူမှာ စုကျီနန်ဖြစ်ကြောင်း မည်သူမှမသိကြပေ။


စုကျီနန်က ယွမ်ရှင်းကျဲကို တိုက်ရိုက်အပုပ်မချခဲ့ချေ။ သူတင်သည့်ပို့စ်များမှာ "ငါတို့ကျောင်းကို ပုံမှန်မဟုတ်ပဲဝင်လာတဲ့ ပထမနှစ်အိုမီဂါရှိတာလား..""ကျောင်းမှာ မက်ခါဘယ်လိုမောင်းရမှန်း မသိတဲ့လူရှိတယ်ဆို...""ယွမ်ရှင်းကျဲက စုကျီနန်နဲ့တောင်ယှဥ်တိုက်လို့ရတယ်တဲ့..."


အစရှိသည်ဖြင့် ဝေဖန်သူတစ်ဦးအနေနှင့်မဟုတ်ပဲ ဖြတ်သွားဖြတ်လာတစ်ဦးက အမှတ်တမဲ့မေးမြန်းဟန်ဖြင့် လူထုအမြင်ကို သူလိုသလိုဆွဲယူကာ အသုံးချလေ့ရှိသည်။ ရလဒ်အနေဖြင့် ယွမ်ရှင်းကျဲမှာ သိက္ခာကျသထက်ကျလာပြီး ဖိုရမ်အသုံးပြုသူများ၏ကဲ့ရဲ့ပြစ်တင်ခြင်းကို ရင်ဆိုင်ရတော့သည်။


လုရန်ရှုက အဆိုပါလောင်းကြေးပို့စ်အားမြင်လိုက်သည်နှင့် အလွန်စိတ်ဆိုးသွားခဲ့သည်။ သူက "ငါ့ရဲ့ဖိုရမ်ဒင်္ဂါးအကုန်လုံးကို မင်းဘက်ကနေလောင်းထားတယ်....စုကျီနန်ဘက်ကလောင်းရတယ်လို့..အဲ့လူတွေကစိတ်မှမှန်ကြရဲ့လား.."


ယွမ်ရှင်းကျဲက ဘာမှပြန်၍မတုံ့ပြန်ခဲ့ချေ။


မကြာမီအချိန်တွင် ပြိုင်ပွဲကျင်းပမည့်အချိန်သို့ ရောက်ရှိလာခဲ့သည်။


ယွမ်ရှင်းကျဲအနေဖြင့်ကျောင်းလက်ရွေးစင်အသင်းသို့ဝင်ရန်အပေါ် အလေးအနက်မရှိသလို ပြိုင်ပွဲများတွင်လည်း အနိုင်ရလိုစိတ်ပြင်းထန်ခြင်းမရှိချေ။ မက်ခါများနှင့်ထိတွေ့နေရလျှင်ပင် သူ့အတွက်ပြည့်စုံနေပြီဖြစ်သည်။


သို့သော် စုကျီနန်ကိုမူ သေချာပေါက်အနိုင်ပိုင်းပစ်မည်ဟု သူဆုံးဖြတ်လိုက်သည်။


xxxx