Ch 4
Viewers 3k

👑 Chapter 4

👑 Complete the overnight stay mission


“အရှင်မင်းကြီး ညည့်နက်သန်းခေါင်တောင် ကျော်နေပြီနော်၊  ကျွန်တော်မျိုးမ ဖယောင်းတိုင်မီးတွေ ငြှိမ်းသတ်လိုက်ရတော့မလား” 


ကျန်းကျစ်မြောင် တစ်စုံတစ်ရာကို သတိရသွားပြီး ယွဲ့လင်း အားမေးလိုက်သည်။


[သရဲကားဆိုတာ အမှောင်ထဲမှာကြည့်မှ အရသာရှိတာ!]


ယွဲ့လင်း  ခန္ဓာကိုယ်မှာ ကျောက်ရုပ်ကဲ့သို အေးခဲရပ်တန့်သွားခဲ့လေသည်။


သူ သတ္တိကြောင်သူ မဟုတ်ပေ။


သို့သော် ယခုလိုမြင်ကွင်းမျိုးအား တစ်ခါမှမြင်ဖူးခဲ့ခြင်းမရှိချေ။


သူ့အာရုံထဲက ထင်ထင်ရှားရှားမြင်နေရတဲ့ ပုံရိပ်တွေ၊ ချောက်ချားစရာကောင်းအောင်ကြားနေရတဲ့ သံစဉ်တွေ၊ ကြက်သီးထစရာ စကားပြောသံတွေ…


ယွဲ့လင်း  ဘာမှ ပြန်မပြောနိုင်ဘဲ ဆွံ့အနေခဲ့သည်။


ဆိတ်ငြိမ်မှုက အဖြေဖြစ်သည်ဟု ကျန်းကျီမြောင် ယူဆလိုက်သည်။


ထို့ကြောင့် ဖယောင်းတိုင်မီးတွေကို ကျန်းကျီမြောင် ငြှိမ်းသတ်လိုက်ပြီး ဖရုံစေ့တစ်ထုပ်ယူကာ ကုတင်ထက်ကျကျနန နေရာယူ လိုက်ကာ ဘဝကြီးမှာ အဓိပ္ပာယ်ပြန်ရှိသွားသလိုလည်း ခံစားလိုက်ရသည်။


“၁၈၉၈ ခုနှစ်… ချင်းမင်းဆက်နန်းတော်ရဲ့ လူသူကင်းမဲ့တဲ့ နန်းတော်ထောင့်တစ်နေရာမှာ တိတ်ဆိတ်ခြောက်ကပ်နေတဲ့ ရေတွင်းပျက်ကြီးတစ်ခုရှိတယ်”


ယွဲ့လင်း  အာရုံထဲသည် ဖန်သားပြင်ထက် နန်းတွင်းအစောင့်တစ်ယောက် သတ်ဖြတ်ခံလိုက်ရပြီး ရေတွင်းပျက်ကြီးထဲ ပစ်ချခံလိုက်ရသည့် မြင်ကွင်းတစ်ခုပေါ်လာခဲ့သည်။


ယွဲ့လင်း  စိတ်ထဲမှ ကြောက်လန့်တကြားအော်ဟစ်မိလေသည်။


“၁၀ နှစ်ခန့် ကြာပြီးနောက် ရေတွင်းပျက်ကြီးထဲ ထူးထူးဆန်းဆန်းပြောင်းလဲမှုတွေစတင်ဖြစ်ပေါ်လာသည်”


ဒူ…..


ကြက်သီးထစရာ လေးလေးပင်ပင် သံစဉ်ကြီးတစ်ခုထွက်ပေါ်လာသည်။


ရေတွင်းပျက်ကြီးထဲမှ သွေးမဲ့ကာဖြူရော်နေသော လက်ကြီးတစ်ဖက် ကုတ်ဖဲ့တက်လာခဲ့သည်။


ဂျွတ်… ဂျွတ်…


ဘာသံကြီးလဲဟ!


အနီးနားမှ ထွက်လာနေသော ထူးဆန်းသည့် အသံတစ်သံကြောင့် ယွဲ့လင်း  စိတ်ချောက်ချားသွားပြီး ဘေးဘက်သို့ လှည့်ကြည့် လိုက်ရာ အမှောင်ထဲ ဖရုံစေ့တွေ တဂျွတ်ဂျွတ်ဝါးစားနေသည့် ကျန်းကျီမြောင်အားမြင်လိုက်ရသည်။


ကျန်းကျီမြောင် သူ့အား အူတူတူပြန်ကြည့်ကာမေးလိုက်သည်။ 


“အရှင်မင်းကြီး သုံးဆောင်ဦးမလား”

ယွဲ့လင်း  ခေါင်းကို ခက်ထန်စွာပြန်လှည့်သွားခဲ့သည်။ 


“မလိုဘူး!”


[မစားချင်ရင် မစားချင်ဘူးပေါ့! ရိုင်းရိုင်းစိုင်းစိုင်း ပြောစရာလိုလို့လား ? ဒါနဲ့ စနစ်က ဖန်တီးထားတဲ့ ဒီရုပ်ရှင်က ကြည့်လို့ကောင်း သားပဲ]


[ဒါပေမယ့် ဖုတ်ကောင်တွေ နည်းနည်းအကျည်းတန်နေတာလေး တစ်ခုပဲ! ဖုတ်ကောင်ဖြစ်လာတာနဲ့ အသားအရည်တွေ ဘာတွေ ထိန်းသိမ်းလို့မရတော့ဘူးလား ? ကျန်းကျီမြောင်ဆိုတဲ့ ငါ ဒီကိစ္စကိုပြစ်တင်ရှုတ်ချတယ်!]


[အဲ လာပြီလာပြီ၊ နန်းတွင်းအခြွေအရံတစ်ယောက် ရောက်လာပြီ၊ အဲ့အခြွေအရံက အမြှောက်စာဆိုတာသေချာတယ်၊ အရင်သေမှာ သေချာတယ်!]


[ဟိုးဟိုးဟိုး သေပြီ တကယ် သေသွားပြီ!]


ကျန်းကျီမြောင် ရုပ်ရှင်ကြည့်ရင်း စိတ်ထဲမှ အဆက်မပြတ်ရေရွတ် တွေးတောနေခဲ့သဖြင့် ယွဲ့လင်း  ခေါင်းတွေ ထိုးကိုက်လာ တော့သည်။


ဒီမိန်းမတော့!

တော်တော် စကားများပါလား!


စိတ်ထဲခေတ္တသောင်းကျန်းပြီးနောက် ကျန်းကျီမြောင် ပင်ပန်းသွားပြီး ရေတစ်ခွက် ငှဲ့ဖို့ထသွားတော့သည်။


ယွဲ့လင်းကမူ  မိန်းမစိုးတစ်ယောက်အား ဖုတ်ကောင်ဆိုသည့်အရာမှ  သေအောင်ကိုက်သတ်နေသည့် မြင်ကွင်းအား တစ်ယောက် တည်း မျက်လုံးပြူးလျက်ကြည့်နေရသည်။ သူ နေလို့တောင် မကောင်းတော့ပေ….


ကျန်းကျီမြောင်၏စကားသံများကို နားထောင်နေရခြင်းက ပိုသက်သာသေးသည်။ အနည်းဆုံးတော့ ကြောက်စိတ်အားဒေါသစိတ် ဖြင့် ဖုံးဖိနိုင်သေးသည်မဟုတ်ပါလား ?


ရေသောက်ပြီးနောက် ကျန်းကျီမြောင်ပြန်ရောက်လာကာ စိတ်ထဲမှ ဝေဖန်သုံးသပ်မှုများ အပိုင်းဆက်ခဲ့လေသည်။


[၁၀ မိနစ်တောင်ကြာနေပြီ၊ လျှို့ဝှက်အချစ်ရာဇဝင်ဆိုတာ ဘယ်မှာတုန်း၊ အချစ်ကြောင့် ဖုတ်ကောင်က လူပြန်ဖြစ်သွားမှာလား ?]


[မြန်မြန်လုပ်ပါဟ! ဇာတ်လမ်းကို မြန်မြန်ကျော်ပစ်လိုက်စမ်းပါ! အချိန်မရှိဘူး]


ဖုတ်ကောင်သည် ကိုယ်လုပ်တော်တစ်ပါး၏နန်းဆောင်ထဲ ခိုးဝင်လာခဲ့ပြီး သွေးစုပ်ကိုက်သတ်ဖို့ ကြိုးစားလိုက်သည်။ သို့သော် ဖုတ်ကောင်အားမြင်သောအခါ ကိုယ်လုပ်တော်မှ မိန်းမစိုးတစ်ယောက် ကျီစယ်နေသည်ဟုထင်ကာ ငွေခေါင်းလောင်းမြည်သံကဲ့သို့ သာသာယာယာ ရယ်မောလိုက်ပါတော့သည်။ ထိုရယ်သံအားကြားပြီး ဖုတ်ကောင်ခမျာ မှင်သက်သွားခဲ့လေသည်။


[လာပြီ လာပြီ၊ ဇာတ်လိုက်မင်းသမီး ပေါ်လာပြီ၊ ကိုယ်လုပ်တော်က ငတုံးမလေးပဲ!]


[ကိုယ်လုပ်တော်နဲ့ ဖုတ်ကောင်ကြားက အချစ်ဇာတ်လမ်းလား ? ကျွတ်ကျွတ်ကျွတ်…အရှင်မင်းကြီး ဦးထုပ်စိမ်းဆောင်းလိုက်ရရင် ဘယ်လိုပုံစံဖြစ်မလဲဆိုတာ မြင်ချင်လိုက်တာ!]


ယွဲ့လင်း ကျန်းကျီမြောင်အား မျက်စောင်းလှမ်းထိုးလိုက်သည်။


ကျန်းကျီမြောင် ဇာတ်လမ်းအကြောင်းပြောနေတာဖြစ်မှန်း သူ သိသော်လည်း သူ့အား မထိတထိ လှောင်ပြောင်သရော်နေခြင်းဟု ခံစားနေရသည်။


ဇာတ်လမ်းထဲတွင် ဖုတ်ကောင်မှ ကိုယ်လုပ်တော်လေးအား အသက်ချမ်းသာပေးခဲ့ရုံသာမကဘဲ နေ့တိုင်း နန်းဆောင်ထဲခိုးဝင်ကာ ဖျော်ဖြေပေးလေ့ရှိသည်။


[သရဲကားကနေ အချစ်ကားဖြစ်သွားပြီဟ]


[အဲ အဲ ဖုတ်ကောင်ကြီး စိတ်မထိန်းနိုင်တော့ဘူး၊ တစ်ယောက်ယောက်ကို ကိုက်သတ်တော့မယ်]


[သနားစရာ… အခြွေအရံလေး နောက်တစ်ယောက်တော့ ဒုက္ခရောက်ပြီ]


အခြွေအရံတစ်ယောက်အား ဖုတ်ကောင်ကိုက်သတ်နေရင်း အသံကြားသဖြင့် အနောက်သို့လှည့်ကြည့်လိုက်ရာ မျက်နှာသွေးမဲ့ကာ ဖြူရော်နေသည့် ကိုယ်လုပ်တော်လေးကိုမြင်လိုက်ရလေသည်။


ဇာတ်ရှိန်တက်လာပြီဖြစ်သောကြောင့် ကျန်းကျီမြောင် အသက်ပင် မရှူရဲတော့ချေ။


ထိုစဉ် သူမအာရုံထဲ အသိပေးချက်တစ်ခု ရုတ်တရက်ပေါ်လာခဲ့သည်။


“မိနစ်သုံးဆယ် အစမ်းကြည့်ရှုခွင့်ကုန်ဆုံးသွားပါပြီ၊ ဆက်လက်ကြည့်ရှုနိုင်ရန်အတွက် အမှတ်တွေကို အသုံးပြုပြီး လဲလှယ် နိုင်ပါတယ်”


[ဒီသောက်စနစ်ကတော့!] ကျန်းကျီမြောင် စိတ်ထဲမှ ကျိန်ဆဲလိုက်လေတော့သည်။


ဒီရုပ်ရှင် အရင်ဘဝတုန်းကရှိခဲ့လျှင်ပင် သူ  ကြည့်ဖြစ်မည်မဟုတ်ချေ။ ယခုမူ ရှေးခေတ်၌ပိတ်မိနေတာကြောင့်သာ မကြည့်ချင် ကြည့်ချင်နှင့် ကြည့်ခဲ့ရခြင်းဖြစ်သည်။


ယွဲ့လင်းလည်း သက်တောင့်သက်သာ ပြန်ဖြစ်သွားခဲ့သည်။


ထို့နောက် ကျန်းကျီမြောင်ကို လှည့်ကြည့်လိုက်သည်။


စနစ်ဆိုတာဘာကြီးလဲ ??

ဘာအမှတ်တွေကို ပြောနေတာလဲ ??

ဒီမိဖုရားကတော့ အံ့အားသင့်စရာတွေနဲ့ ပြည့်နှက်နေတာပဲ!


စနစ်အား အချိန်အတန်ကြာအောင်ကျိန်ဆဲပြီးနောက် ကျန်းကျီမြောင် စိတ်ပြန်တည်ငြိမ်သွားခဲ့သည်။


စနစ်စတိုးဆိုင်မှာ အချိန်မရွေးရှိနေသည်။ သူ့ဘက်က မစ်ရှင်တွေကြိုးစားပမ်းစားလုပ်ပြီး အမှတ်စုဆောင်းဖို့သာလိုအပ်သည်။ သိပ်မကြာမီ သူ လွမ်းဆွတ်သတိရနေသည့် ရုပ်သံဇာတ်လမ်းများအား စိတ်ကြိုက်လဲလှယ်ကြည့်ရှုနိုင်ပေလိမ့်မည်။


အမှတ်တစ်မှတ်တိုင်းက အလွန်အဖိုးတန်သည်။ ထို့ကြောင့် စနစ်မှပေးအပ်ထားသည့် ပထမဆုံးမစ်ရှင်ကို ကျိန်းသေပေါက် အောင်မြင်မှရမည်။


ကျန်းကျီမြောင် မျက်တောင်တဖျပ်ဖျပ် ခတ်လျက်မေးလိုက်သည်။ 


“အရှင်မင်ကြီး ကျွန်တော်မျိုးမတို့… အိပ်ရာဝင်ကြတော့မလား”


ယွဲ့လင်း  အံကြိတ်လိုက်သည်။


အိပ်ရာဝင်မယ် ဟုတ်လား?


ငါ့မှာ ဘာဆန္ဒမှ မရှိတော့ဘူး!


သရဲကားကြည့်လိုက်ရုံဖြင့် ယွဲ့လင်း အကြောက်လွန်ပြီး ဆန္ဒများအကုန်ပျောက်ကွယ်သွားခဲ့သည်။


ထို့အပြင် ကျန်းကျီမြောင်၏အပြုအမူများကို ယွဲ့လင်း အလွန်အမင်းသံသယဖြစ်မိသည်။ ဒီလိုအခြေအနေမျိုးမှာ ဒီအမျိုးသမီးနဲ့ အတူအိပ်စက်ဖို့ ဘယ်လိုမှ ကိုယ့်စိတ် ကိုယ် တွန်းအားမပေးနိုင်တော့ပေ။


ယွဲ့လင်း၏ မျက်နှာထားကို ကြည့်ရုံနဲ့ ကျန်းကျီမြောင် အခြေအနေကိုနားလည်သွားရသည်။


[ငါနားလည်ပါတယ်… ပန်းသေနေတယ်ဆိုရင်တောင် ဧကရာဇ်ဆိုတော့ သူ့ဂုဏ်သိက္ခာကို ငါ ကူညီထိန်းသိမ်းပေးရမှာပေါ့]


ကျန်းကျီမြောင် ထောက်ထားညှာတာစွာပြောလိုက်သည်။ 


“အရှင်မင်းကြီး ကြည့်ရတာ တစ်မျိုးပဲ၊ နေထိုင် မကောင်းလို့လား ?  ဒီနေ့ည စောစောအနားယူလိုက်တာ ပိုကောင်းမယ်ထင် တယ်နော်၊ အားအင်တွေ ပြန်ပြည့်သွားမှ တခြားကိစ္စတွေ ဆွေးနွေးတိုင်ပင်လို့ရပါတယ်”


[ဝါး… တော်တော်လေး  သဘောကောင်းမနောကောင်းနဲ့ နားလည်မှုရှိပြီး သိတတ်လိမ္မာတဲ့မိဖုရားလေး ငါပါလား]


ကိုယ့်စကားနှင့် ကိုယ် ကျန်းကျီမြောင် ကြည်နူးသွားသည်။


ကျန်းကျီမြောင်အား ကြည့်ရင်း ယွဲ့လင်း  စကားတစ်လုံးပြောဖို့ အံကြိတ်လျက်မနည်းကြိုးစားလိုက်ရသည်။ 


“ကောင်းပြီ”


ခေတ္တကြာပြီးနောက်…


သူတို့နှစ်ယောက် ဘေးချင်းကပ်လျက်အိပ်စက်ခဲ့ကြသည်။


ကျန်းကျီမြောင်က ယွဲ့လင်းအား ညီအစ်မတစ်ယောက်လိုသဘောထားသဖြင့် မည်သည့်ရှက်ကြောက်မှုမရှိဘဲ ချက်ချင်း အိပ်မောကျသွားလေသည်။


ယွဲ့လင်းကမူ ကုတင်မျက်နှာကြက်ကြီးအား မျက်တွင်းဟောက်ပက်ဖြင့် စိုက်ကြည့်နေရသည်။  ကြက်သီးထစရာကောင်းသည့် သံစဉ်များနှင့် ဖုတ်ကောင် လူများအားသတ်ဖြတ်နေသည့် မြင်ကွင်းတို့က ယွဲ့လင်း၏အာရုံထဲ နေရာအပြည့်ယူထားသဖြင့် အိပ်ပျော်ဖို့ရာ ခဲယဉ်းနေလေသည်။


တည်ငြိမ်လျက်ရှိသည့် ကျန်းကျီမြောင်၏အသက်ရှူသံတွေကို နားထောင်ရင်း ယွဲ့လင်း အံကြိတ်လိုက်သည်။


သူ့လက်နှစ်ဖက်သည် ကျန်းကျီမြောင်၏လည်ပင်းထံသို့ တဖြည်းဖြည်းရွေ့လျားလာသည်။


ဒီမိန်းမမှာ… ပြဿနာတစ်ခုခုတော့ ရှိနေပြီ!


စနစ်ဆိုတာ ဘာလဲ ? အမှတ်ဆိုတာတွေကကော ဘာလဲ ?


ငါ့အာရုံထဲမှာ ပုံရိပ်တွေ၊ အသံတွေ ပေါ်လာအောင် သူဘယ်လို လုပ်လိုက်တာလဲ ?


ဒါမိစ္ဆာအစွမ်းတွေမှ မဟုတ်ရင် ဘာလဲ ?


မိစ္ဆာတစ်ကောင်နှင့် ရင်ဆိုင်ရပါက အမြန်ဆုံးသုတ်သင်ပစ်တာ အကောင်းဆုံးဖြစ်သည်။


ကျန်းကျီမြောင်အား အချိန်အတော်ကြာအောင် စိုက်ကြည့်ပြီးနောက် ယွဲ့လင်း  လက်တွေကိုပြတ်ရုတ်သိမ်းလိုက်သည်။


မလောနဲ့ မလောနဲ့…


ကျန်းကျီမြောင်က မိစ္ဆာတစ်ကောင်ဖြစ်နေရင်တောင် သူ့အတွေးတွေကို ကျန်း ကြားနိုင်ရွေ့အခြေအနေတွေကိုထိန်းချုပ်နိုင်တယ်။ ဒါ့ကြောင့် ပြဿနာကြီးကြီးမားမားမရှိလောက်ဘူး၊ သူ့ကို အသက်ရှင်ခွင့်ပေးလိုက်မယ်ဆိုရင် အံ့အားသင့်စရာတွေတောင် ကြုံလာ ရနိုင်တယ်။


ထိုစဉ် ကျန်းကျီမြောင် ခန္ဓာကိုယ်မှာ ရုတ်တရက်လှုပ်ရှားသွားသဖြင့် ယွဲ့လင်း တစ်ကိုယ်လုံးတောင့်တင်းသွားရသည်။


ကျန်းကျီမြောင် တစ်ဖက်သို့ အားဖြင့်လှည့်လိုက်ရာ သူနှင့်အတူ စောင်တစ်ထည်လုံးပါသွားလေသည်။ ထို့နောက် နှစ်နှစ်ခြိုက်ခြိုက် ဆက်အိပ်နေလေသည်။


ယွဲ့လင်း  “…”


ဒေါသကိုထိန်း ဒေါသကိုထိန်း! သူနဲ့ ရန်ဖြစ်ဖို့ မလိုဘူး!


ယွဲ့လင်း  ကိုယ့်ကို ကိုယ် နှစ်သိမ့်လိုက်သည်။


“အရှင်မင်းကြီး ဘာလို့ စောင်မခြုံတာလဲ”


ကျန်းကျီမြောင် အိပ်ချင်မူးတူးဖြင့် မေးလိုက်လေသည်။ စောင်ခြုံမထားသည့် ယွဲ့လင်း အားမြင်ပြီး စောင်တစ်ဝက် ပြန်ခြုံပေးလိုက်သည်။


တင်းမာနေသည့် ယွဲ့လင်း မျက်နှာ အနည်းငယ်ပြေလျော့သွားခဲ့သည်။


ဒီမိန်းမ အနည်းဆုံးတော့ သိတတ်သားပဲ…


ယွဲ့လင်း  ချီးကျူးလို့မဆုံးခင် ကျန်းကျီမြောင် တစ်ဖက်သို့ ပြန်လှည့်သွားရာ စောင်တစ်ထည်လုံး ပါသွားပြန်သည်။


ခဏကြာတော့ ကျန်းကျီမြောင် မျက်လုံးတွေကို ပွတ်သပ်ရင်း အိပ်ချင်မူးတူး ထပ်မေးလိုက်ပါသည်။ 


“အရှင်မင်းကြီး ဘာလို့ စောင်မခြုံတာလဲ”


သူမကို ယွဲ့လင်း ဆွံ့အစွာစိုက်ကြည့်နေမိသည်။ ဘာပြန်ပြောရမှန်းပင် မသိတော့ချေ။


ကျန်း စောင်မခြုံချင်လို့ မခြုံတာလို့ ထင်နေတာလား!


ကျန်းကျီမြောင်တစ်ယောက် တစ်ညလုံး ကုတင်ပေါ်မှာ ဟိုလှည့်ဒီလှည့် လုပ်ပြီးနောက် မိုးလင်းလာပြီဖြစ်သဖြင့် ယွဲ့လင်း  စိတ်မရှည်စွာ အိပ်ရာထလိုက်သည်။


ဆူညံသံများကြောင့် ကျန်းကျီမြောင်နိုးလာပြီး အိပ်ချင်မူးတူးမေးလိုက်သည်။ 


“အရှင်မင်းကြီးကို နန်းဆေင်ဆီ ကျွန်တော်မျိုးမ လိုက်ပါပို့ဆောင်ပေးပါ့မယ်…”


“မလိုဘူး! ကျန်းဖာသာ ကျန်း သွားမယ်!” ယွဲ့လင်း  အမြန်ပြောလိုက်ရသည်။


ဘာကြောင့်မှန်းမသိဘဲ သူ့လေသံထဲ အထင်သေးစက်ဆုပ်သည့် လေသံမျိုးဖြစ်သည်ဟု ကျန်းကျီမြောင် ခံစားမိသည်။


ထို့ကြောင့် စိတ်ထဲမှ အထွန့်တက်လိုက်သည်။


[ရိုင်းလိုက်တာဟယ်၊ သူ့ကို တစ်ညလုံး စောင်လိုက်ခြုံပေးနေရလို့ ငါ့မှာ အိပ်ရေးတောင် ပျက်ရတယ်၊ မနက်မိုးလင်းတော့လည်း ကျေးဇူးတင်စကားတစ်ခွန်းတောင် ပြောမသွားဘူး!]


ယွဲ့လင်း ကျန်းကျီမြောင်အား စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။


ကျန်းကျီမြောင် ရိုးသားဖြူစင်စွာ မျက်တောင်တဖျပ်ဖျပ်ခတ်လျက်မေးလိုက်ည်။ 


“အရှင်မင်းကြီး ဘာများ ညွှန်ကြားစရာရှိသေးလို့လဲ”


ယွဲ့လင်း မျက်နှာဖြူရော်နေပြီး ဝတ်ကျေတန်းကျေပြန်ဖြေပြီးနောက် ဖုန့်ယီနန်းဆောင်မှ အမြန်ဆုံးထွက်ခွာသွားတော့သည်။


[အချိုးကို မပြေဘူး!]


ကျန်းကျီမြောင် ပြစ်တင်ဝေဖန်လိုက်သည်။ သို့သော် သူမသည် လှပပြီး သဘောမနောကောင်းသူဖြစ်သဖြင့် ယွဲ့လင်းအား အငြှိုးမထားဖို့ ဆုံးဖြတ်လိုက်သည်။


ထို့အပြင် အလွန်အမင်းသာယာငြိမ့်ညောင်းသော အသံလေးတစ်သံကို ကြားလိုက်ရခြင်းကြောင့်ပင်။


“ဖုန့်ယီနန်းဆောင်မှာ ယွဲ့လင်းကို တစ်ညတာနေထိုင်ခိုင်းရမယ့် မစ်ရှင်ကိုအောင်မြင်သွားပါပြီ၊  စနစ်ပိုင်ရှင်မှ အမှတ်များကို စစ်ဆေးနိုင်ပါတယ်”


အမှတ်တဲ့!


လာခဲ့စမ်း!


ဒီ ၅  မှတ်နဲ့ ဘယ်လို ရတနာတွေ လဲလို့ရမလဲ ကြည့်လိုက်ကြရအောင်!