Ch 15
Viewers 3k

👑 Chapter 15

👑 He is the Son of Heaven


အကျဉ်းချုပ်ဟုဆိုသဖြင့် တကယ်လည်း အကျဉ်းချုပ်အဆင့်သာရှိသည်။


ဇာတ်လမ်းအပြည့်အစုံ၏ အကြမ်းဖျင်း ကျောရိုးကိုသာ ဖော်ပြထားခြင်းဖြစ်သည်။ အမျိုးသမီးလေးများ၏ နှလုံးသားကို ယွဲ့ဟွာ ဘယ်ပုံဘယ်နည်းဖြင့် ဖမ်းစားခဲ့ကြောင်း၊ ယွဲ့ဟွာ လျှို့ဝှက်ထိန်းချုပ်ထားသည့် အင်အားစုများက ဘယ်သူဘယ်ဝါတွေဖြစ်ကြောင်းစသဖြင့် အသေး စိတ်အချက်အလက်များမူ ဖော်ပြထားခြင်းမရှိပေ။


ကျန်းကျီမြောင် စိတ်ရှုပ်ထွေးသွားခဲ့သည်။ 


“စနစ်! ဒီ့ထက်အသေးစိတ်ကျတဲ့ အကျဉ်းချုပ်မရှိတော့ဘူးလား”


“အသေးစိတ်အချက်အလက်တွေကို သိနိုင်မယ့် နည်းလမ်း နှစ်မျိုး ရှိပါတယ်”စနစ်က ပြန်ဖြေသည်။ 


“ပထမ နည်းလမ်းကတော့ နေ့စဉ်ရရှိမယ့် ကျပန်း အတင်း အဖျင်းတွေကို အမြဲမပြတ်ဖတ်ရှုဖို့ဖြစ်ပါတယ်

ဒုတိယ နည်းလမ်းကတော့ အမှတ်တွေကိုအသုံးချခြင်းဖြင့် အသေးစိတ်အချက်အလက်တွေကို ဝယ်ယူနိုင်ပါတယ်”


စနစ်စတိုးဆိုင်အတွင်းတွင် ကျန်ရှိနေသေးသည့်ဇာတ်လမ်း ဆိုင်ရာပစ္စည်းများကို ကျန်းကျီမြောင် စစ်ကြည့်လိုက်သည်။ ထိုအခါ သူမမျက်နှာသည် ယွဲ့လင်း ဆောင်းထားသည့် ဦးထုပ်စိမ်းထက်ပင် ပိုစိမ်းဖန့်သွားခဲ့ရသည်။


-  ဇာတ်လမ်းအသေးစိတ် ၁၀% : ၁၀၀ မှတ်

-  ဇာတ်လမ်းအသေးစိတ် ၅၀% : ၄၈၀ မှတ်

-  ဇာတ်လမ်းအသေးစိတ် ၁၀၀% : ၉၅၀ မှတ်


ဝတ္ထုတစ်ပုဒ်လုံးအကြောင်း သိရဖို့ဆို သူ ၉၅၀ အမှတ်ကြီးများတောင်လိုအပ်နေပေတော့သည်။


လွန်ခဲ့သည့် နှစ်ရက်အတွင်း မစ်ရှင်များကိုမနားမနေ ကြိုး စားပမ်းစား ဆောင်ရွက်ခဲ့သော်လည်း စုစုပေါင်း ၂၅ မှတ်သာ ရရှိသေးသည်။ ယခုမူ ၉၅၀ ပြည့်အောင် စုရမယ်တဲ့လား ? ဘေးကနံရံကြီးကို ကျန်းကျီမြောင် လှည့်ကြည့်လိုက်သည်။


အခု နံရံနဲ့ခေါင်း ဆောင့်သေလိုက်ရင် ပိုလွယ်ကူသွားမလား…


“စနစ်ပိုင်ရှင် စိတ်လျှော့ပါဦး!”


စနစ်ခမျာ အမြန်နှစ်သိမ့်လိုက်ရသည်။


ကျန်းကျီမြောင် အံကြိတ်လျက်ပြန်ပြောလိုက်သည်။


“စနစ်! နင် ငါ့ကိုရွေးချယ်ခဲ့တုန်းက ပြောခဲ့တာ ဒီလို မဟုတ် ပါဘူး! ငါ သုံးဘဝစာကုသိုလ်တွေပြုခဲ့လို့ ဘဝတစ်ခုမှာ အေးအေးချမ်းချမ်းပြည့်ပြည့်စုံစုံနဲ့နေရမှာပါဆို!”


ယခင်ဘဝတုန်းက သူမ ကားအက်ဆီးဒင့်ဖြစ်ပြီး ငယ်ငယ် ရွယ်ရွယ်နှင့်သေဆုံးခဲ့ရသည်။ သူ့ ဘဝဇာတ်သိမ်းဖို့ အချိန်မကျသေးဘူးဟု ဒီခွေးစနစ်ကဆိုခဲ့ပြီး ဒီကမ္ဘာကြီးထံခေါ်ဆောင်လာပေးခဲ့သည်။ ယခင်ဘဝမှာ သံယောဇဉ်တွယ်စရာလည်းမရှိသလို ပူပင်ကြောင့်ကြကင်းစွာ နေတတ်သူဖြစ်သဖြင့် စနစ်၏ကမ်းလှမ်းချက်ကို မဆိုင်းမတွလက်ခံခဲ့သည်။


ပထမသုံးလတုန်းကတော့ အတော်လေးအနေအစားချောင်ခဲ့သည်။ မနက်တိုင်းထမ်းဆောင်ရသည့် တာဝန်တချို့ကလွဲပြီး ကျန်အချိန်များတွင် သက်တောင့်သက်သာဖြင့် နေတတ်သလိုသာနေခဲ့သည်။ သို့သော် ခုတလော တာဝန်တွေ တဖြည်းဖြည်းတိုးလာသလို ခံစားနေရသည်။ ဖုန့်ယီနန်းဆောင်သို့ ယွဲ့လင်း ညဘက် မကြွစဖူးကြွမြန်းလာခဲ့သလို ကိုယ်လုပ်တော်တွေအားလုံးကလည်း ဘာကြောင့်မှန်းရယ်မသိဘဲ သူမ နန်းဆောင်ကိုသာ အတော်လေးသဘောကျပြီး မကြာခဏဆိုသလို ရောက်ရောက်လာတတ်သည်။


ထိုဒုက္ခတွေကို ကျန်းကျီမြောင်တောင့်ခံနိုင်ပါသေးသည်။ သို့သော် ယခုမူ ဒီခွေးစနစ်က သူ့အားဝတ္ထုစာအုပ်တစ်အုပ်ထဲက ကမ္ဘာဆီခေါ်လာခဲ့မှန်းသိလိုက်ရသည်။ ထိုဝတ္ထုထဲ သူမသည် အသေဆိုးနှင့်သေရမည့် အရံဇာတ်ပို့အဆင့်သာ ရှိသည်။ သူ ပျော်နိုင်ပါဦးမလား ??


စနစ်က လိပ်ပြာမလုံစွာ အမြန်ရှင်းပြလိုက်သည်။ 


“စနစ်ပိုင်ရှင်၊ အချိန်ခရီးသွားနေစဉ်အတွင်းမှာ အမှားအယွင်း သေးသေးလေးတစ်ခုဖြစ်ခဲ့တာကြောင့် မူလ သတ် မှတ်ထားတဲ့ နေရာကိုမရောက်ဘဲ အခုလို စာအုပ်တစ်အုပ်ထဲ ရောက်လာခဲ့တာပါ၊ မူလ ဇာတ်လမ်းထဲမှာ ကျန်းကျီမြောင်က တကယ်ကံဆိုးပေမယ့် စနစ်ပိုင်ရှင်က အဲ့ဒီကျန်း ကျီမြောင်မှ မဟုတ်တာ! ယွဲ့ဟွာက ကူးပြောင်းလာတဲ့သူဆိုပေမယ့် စနစ်ပိုင်ရှင်လည်း ကူးပြောင်းလာတဲ့ သူပဲမဟုတ်လား ? ဒါ့ပြင် စနစ်ပိုင်ရှင်ကိုကူညီပေးဖို့ ဒီစနစ်တစ်ခုလုံး ရှိပါသေးတယ်! စနစ်ပိုင်ရှင်ရဲ့ကံကြမ္မာကို ပြောင်းလဲနိုင်မယ့်အခွင့်အလမ်းက လက်တစ်ကမ်းမှာပဲရှိနေတာပါ!”


ကျန်းကျီမြောင် ထိုင်ခုံမှာ ကျောမှီထိုင်ရင်း ပြက်ရယ်ပြုလိုက်ပါသည်။ 


“ငါ့ကံကြမ္မာကို ပြောင်းလဲရမယ် ဟုတ်လား ? တော်ပါပြီ ကျေးဇူးပဲ! သုံးနှစ်ကြာတဲ့အထိ ထိုင်စောင့်ပြီး ဒီတိုင်းသေလိုက်တော့မယ်! ပြီးရင် နင့်ကို ယမမင်းကြီးဆီမှာသွားတိုင်မယ်! ငါ့ကို ဘဝတစ်ခုထပ်ပေးမယ်လို့ ကတိပေးပြီး နှစ်ခါပြန်သေအောင်လုပ်တယ်! ယမမင်းကြီးကို နင် ဘယ်လို ရှင်းပြမလဲ ကြည့်ကြသေးတာပေါ့!”


စနစ်လည်း သိသိသာသာတုန်လှုပ်သွားလေသည်။ 


“စနစ်ပိုင်ရှင်! မ-မလုပ်… အဲ့လောက်ကြီးလုပ်ဖို့ မလိုအပ်ပါဘူး၊ ကျွန်တော်တို့ အတူတူပူးပေါင်းမယ်ဆိုရင် ယွဲ့ဟွာကို အသာလေးအနိုင်ယူနိုင်ပါတယ်”


ကျန်းကျီမြောင် စိတ်မပါလက်မပါသာ ရယ်မောနေလိုက်သည်။


စနစ် အံကြိတ်လျက်ပြောလိုက်သည်။ 


“ကျွန်ုပ်ယူထားတဲ့ အတိုးတွေကို ပြန်ပေးပါ့မယ်!”


ကျန်းကျီမြောင် မျက်ခုံးတစ်ဖက် ပင့်သွားသည်။


စနစ် ထပ်ပြီးဈေးဆစ်လိုက်သည်။ 


“စနစ်ပိုင်ရှင်ကို အချိန်မရွေး ၁၀ မှတ် ချေးယူခွင့်ပေးပါ့မယ်!”


ကျန်းကျီမြောင် မတုန့်ပြန်ပေ။


အချိန်အတော်ကြာအောင် စဉ်းစားလိုက်ပြီး စနစ် ထပ်ပြောလိုက်ပါသည်။ 


“စနစ်ပိုင်ရှင် ကြည့်ဖို့အတွက် နေ့တိုင်းဇာတ်လမ်းတွဲ နှစ်ပိုင်းကို အခမဲ့လက်ဆောင်ပေးပါ့မယ်!”


ကျန်းကျီမြောင် ရင်မခုန်ပေ။


ငိုသံပါကြီးဖြင့် စနစ်ပြောလိုက်သည်။ 


“စနစ်ပိုင်ရှင်… တကယ်တော့ ကျ‌နော်က ခပ်နိမ့်နိမ့်ပဲအဆင့်ရှိတဲ့ စနစ်တစ်ခုပါ၊ ကျနော့်လုပ်ပိုင်ခွင့်ကလည်း အကန့် အသတ်ရှိပါတယ်၊ နောက်ပိုင်း အဆင့်မြင့်တဲ့စနစ်ဖြစ်လာမှ စနစ်ပိုင်ရှင်ကို ကျေးဇူးဆပ်ပါ့မယ်လို့ ကတိပေးပါတယ်!”


အာရုံထဲငိုကြွေးမြည်တမ်းနေသည့် စနစ်အသံကို ကြားပြီး နောက်ဆုံးတော့ ကျန်းကျီမြောင် ခေါင်းမော့လာသည်။


ဟုတ်ပြီ… 


လောလောဆယ်တော့ ရနိုင်သမျှ ညှစ်ယူပြီးပြီ…


“ကောင်းပြီလေ၊ လောလောဆယ်တော့ နံရံနဲ့ခေါင်းနဲ့တိုက်ဖို့ ခဏမေ့ထားလိုက်ပါ့မယ်”


ကျန်းကျီမြောင် အေးအေးလူလူပြောလိုက်သည်။


“ကျေးဇူးတင်ပါတယ် စနစ်ပိုင်ရှင်!”


စနစ်လည်း အခုမှ သက်ပြင်းရှည်ကြီးချနိုင်တော့သည်။


“ရပါတယ် ငါ အစကတည်းက သဘောကောင်းပြီးသား” 


ကျန်းကျီမြောင် ဝတ်ကျေတမ်းကျေပြန်ပြောရင်း စတင် အကြံထုတ်လေတော့သည်။


ယေဘုယျအားဖြင့်ဆိုရလျှင် ဒီကမ္ဘာကြီးကို သူမ သဘော ကျကျေနပ်သည်။ အကြောင်းအရင်းမှာ -


1. နန်းတော်မှာ သူက ဒုတိယအာဏာအရှိဆုံး ဧကရီမိဖုရားကြီး။


2. အရှင်မင်းကြီးပန်းသေနေတဲ့အတွက် ကြင်ယာတော်တွေ၊ ကိုယ်လုပ်တော်တွေကြားမှာလည်း ရန်လိုတိုက်ခိုက်မှုတွေမရှိဘူး။ 


3. မာကျောက်အတူတူကစားနိုင်တဲ့ ညီအစ်မတွေလည်းအများကြီးရထားတယ်။


ဒီပုံစံအတိုင်းသာ အသက်ကြီးပြီးသေဆုံးသည့်အထိ ဆက်သွားနိုင်လျှင် ဘဝကြီးကပြီးပြည့်စုံပါလိမ့်မည်။ သူ့ ကံကြ မ္မာကိုပြောင်းလဲဖို့ဆို ယွဲ့ဟွာက အရေးကြီးသလို ယွဲ့လင်းကလည်း ထို့နည်းတူစွာအရေးပါသည်။ ရာဇပလ္လင်ပေါ်မှာ ယွဲ့လင်း ခိုင်ခိုင်မြဲမြဲရှိနေသေးသရွေ့ သူလည်း ဧကရီမိဖုရားကြီးအဖြစ်ဆက်ရှိနေနိုင်ကာ ဘဝကို အပူအပင်ကင်းကင်းဖြတ်သန်းနိုင်လိမ့်မည်။


စနစ်စတိုးဆိုင်တွင် ပစ္စည်းမျိုးစုံရှိသည်။ အဆိပ်ဖြေဆေး၊ ရောဂါပျောက်ဆေး စသည်ဖြင့် စုံလင်လှသည်။ ယွဲ့လင်း နတ်ရွာစံရသည့် အကြောင်းအရင်းကိုသာသိရှိနိုင်ပါက သူ့အသက်ကို ကယ်တင်နိုင်လောက်သည်။


အမှတ်တွေ အမှတ်တွေ‌!


နောက်ဆုံးကျတော့လည်း အားလုံးက အမှတ်တွေအပေါ် မှာမူတည်နေတာပဲ!


ရှင်းလင်းသည့် ပန်းတိုင်တစ်ခုရှိသွားပြီဖြစ်သဖြင့် ကျန်းကျီမြောင် စိတ်အနည်းငယ် တည်ငြိမ်သွားသည်။ သူမ သုံးနှစ်လောက် အေးအေးဆေးဆေးနေနိုင်ပါသေးသည်။ ထိုကာလအတွင်း အမှတ်တွေ လုံလုံလောက်လောက်စုစည်းနိုင်လိမ့်မည်။ 


သေချာစဉ်းစားပြီးနောက် ကျန်းကျီမြောင် စိတ်အလွန်ပေါ့သွားပြီး ညစာသုံးဆောင်ဖို့ အခြွေအရံတွေကို အမြန် တည်ခင်းခိုင်းလိုက်တော့သည်။


--- --- --


ညအချိန်…


မယ်တော်ကြီးနဲ့ ယွဲ့လင်း ညစာအတူသုံးဆောင်ခဲ့ကြသည်။ ရှို့အန်းနန်းဆောင်အပြင်ကို ရောက်သည်နှင့်တစ်ပြိုင်နက် ယွဲ့လင်း မျက်နှာအေးစက်ခက်ထန်သွားခဲ့သည်။ အိုက်စပ်သော နွေညတစ်ညတွင် ရှားရှားပါးပါးလေပြည်လေညှင်းလေးတစ်ချက် တိုးဝှေ့တိုက်ခတ်လာသည်။ အပူဒဏ်ကို တွန်းလှန်နိုင်မည့် ကောင်းချီးတစ်ခု ဖြစ်သင့်သော်လည်း ယွဲ့လင်းကတော့ ကြက်သီးထရုံကလွဲလို့ ဘာမှမခံစားမိပေ။


မယ်တော်ကြီးသည် ယွဲ့လင်း၏ မိခင်အရင်းဖြစ်သည်။ သို့သော် ငယ်စဉ်ကတည်းက မယ်တော်ကြီးရဲ့ နှလုံးသားထဲမှာ ယွဲ့ဟွာတစ်ယောက်တည်းသာရှိနေခဲ့သည်။


ယခင်ဧကရာဇ်မင်းကြီး နတ်ရွာမစံခင် ယွဲ့လင်းအား မယ် တော်ကြီးမှ အကြိမ်ကြိမ်တိုက်ခိုက်ကြံစည်ဖူးသည်။ ယွဲ့လင်းအား အိမ်ရှေ့အရာမအပ်နှင်းဖို့ရာ နှောင်းဧကရာဇ်ထံလည်း မယ်တော်ကြီး အမြဲနားပူနားဆာလုပ်ခဲ့သည်။ 


မယ်တော်ကြီးမှ ညီတော်ယွဲ့ဟွာအား နန်းတင်ချင်လွန်းသဖြင့် ယွဲ့လင်းမှ ထီးနန်းကိုလက်လွှတ်လိုက်ဖို့အထိတွေးခဲ့ဖူးသည်။ ခမည်းတော်ထံလည်း ထိုအကြောင်းပြောပြတိုင်ပင်ခဲ့သေးသည်။ သို့သော် နှောင်းဧကရာဇ်မှာ လုံးဝ ခွင့်မပြုခဲ့ပေ။ ယွဲ့လင်းကသာ ထိုက်တန်သည့်အိမ်ရှေ့စံဖြစ်နိုင်သည်ဟုဆိုခဲ့သည်။


ခမည်းတော် နတ်ရွာစံသွားသောအခါထီးနန်းအား ယွဲ့လင်း အမှန်တကယ်ပိုင်ဆိုင်ခဲ့သည်။


ယွဲ့လင်း လှောင်ပြုံးပြုံးလိုက်လေသည်။ သူ့ကို ခမည်းတော်က မျက်နှာလိုက်လွန်းသည်ဟု တစ်လောကလုံးက ပြောနေကြသည်။ ထိုထဲမှာ မယ်တော်ကြီးလည်း အပါအ ဝင်ဖြစ်သည်။ သူမရဲ့အကြောင်းပြချက်က သားကြီးဖြစ်သောယွဲ့လင်းအား ခမည်းတော်မှ မျက်နှာလိုက်သဖြင့် မျှမျှတတဖြစ်အောင် မယ်တော်ဖြစ်သည့် သူမကလည်း သားငယ်ကို ဦးစားပေးရခြင်းဖြစ်သည်ဟုဆိုသည်။ 


သို့သော် မျက်နှာလိုက်ခြင်း မလိုက်ခြင်းမှာ တကယ်သက် ဆိုင်ပါရဲ့လား…


ခမည်းတော်သာ တကယ်တမ်းမျက်နှာလိုက်ခဲ့လျှင် ယွဲ့ဟွာ ၏အာဏာအားလုံးသိမ်းယူပြီး ဘာအစွမ်းအစမှမရှိသည့် မင်းသားတစ်ပါးဖြစ်သွားအောင် လုပ်ခဲ့လို့ရသည်။ ခမည်းတော်သာ တကယ်မျက်နှာလိုက်ခဲ့လျှင် ဝန်ကြီး၊ မှူးမတ်များနှင့် ယွဲ့ဟွာ ဆက်သွယ်ပူးပေါင်းပြီး ပြည်သူများထံမှ ယုံကြည်မှုအား မသိမ်းပိုက်နိုင်အောင်တားဆီးခဲ့လို့ရသည်။


ခမည်းတော်သာ ယွဲ့လင်းအား ထီးနန်းအပ်နှင်းခဲ့သည်မှာ မှန်ကန်သည်။ သို့သော် ထိုထီးနန်းအား လုယူနိုင်ဖို့ ယွဲ့ဟွာထံလည်း အခွင့်အလမ်းရင်းမြစ်တွေ အများကြီးပေးခဲ့သည်ဟုဆိုရမည်။


ဒါကို မျက်နှာလိုက်တယ်လို့ ခေါ်နိုင်ပါဦးမလား…


ဧကရာဇ်မင်းကြီး နတ်ရွာစံသွားသည့်နေ့အထိ ယွဲ့လင်း လုံးဝနားမလည်နိုင်ခဲ့ပေ။ 


ခမည်းတော်ရဲ့ ရည်ရွယ်ချက်ကဘာလဲ ?


ယွဲ့ဟွာကို ဒီလောက်ချစ်မြတ်နိုးရင် ဘာလို့ သူ့ကိုပဲ ထီးနန်းမအပ်နှင်းခဲ့တာလဲ ? 


ယွဲ့လင်းအား နန်းတင်ခဲ့ပြီး ယွဲ့ဟွာ ပုန်ကန်နိုင်အောင် အများကြီးကူညီပေးခဲ့သည်။


ညီအစ်ကိုအချင်းချင်း ပဋိပက္ခဖြစ်အောင် ဖန်တီးပေးခဲ့မှန်း သိသာလွန်းသည်။ 


အတိတ်အားပြန်တွေးရင်း ယွဲ့လင်းမျက်လုံးများအေးစက် သွားခဲ့သည်။ လူတိုင်းက ယွဲ့ဟွာအား ချီးကျူးထောပနာ ပြုကြသည်။ လူတိုင်းက သူ့နေရာအား ယွဲ့ဟွာနှင့်အစား ထိုးချင်ကြသည်။ တိုင်းပြည်မှာ အကြွင်းမဲ့အာဏာရှိသော ဧကရာဇ်မင်းကြီးဖြစ်နေပါလျက် နေ့နေ့ညည သံသယများဖြင့်သာ ယွဲ့လင်းနေထိုင်နေရသည်။


ယခုလည်း မယ်တော်ကြီးက သူ့အားဆင့်ခေါ်ခဲ့ပြီး ယွဲ့ဟွာအား ထိုသို့အပြစ်မပေးခဲ့သင့်ကြောင်း အရိပ်အမြွက်ပေးကာ ဆုံးမခဲ့သည်။ ယွဲ့လင်း ပြန်ချေပသောအခါ မယ်တော်ကြီးက ကျန်းမာရေးမကောင်းကြောင်း ရုတ်တရက် အကြောင်းပြပြီး ယွဲ့ဟွာလွတ်မြောက်သည့် အချိန်အထိ အစာငတ်ခံဆန္ဒပြမည်ဟု ခြိမ်းခြောက်ခဲ့ပါသေးသည်။


ဒီတစ်ခါတော့ ယွဲ့လင်း လုံးဝမလိုက်လျောနိုင်တော့ပေ။ သူ့ဆုံးဖြတ်ချက်အား မပြောင်းလဲခဲ့ချေ။ ထို့ကြောင့် သားအမိနှစ်ယောက် သဘောတူညီမှုမရခဲ့ဘဲ လမ်းခွဲခဲ့ရသည်။ သားငယ်ဖြစ်သူအတွက် မယ်တော်ကြီး ပြဿနာထပ်ရှာလိမ့်မည်ကို ယွဲ့လင်း တပ်အပ်သိနေသည်။


သူသည် ကောင်းကင်ဘုံ၏ သားတော်ဖြစ်သည်။ ကောင်း ကင်ဘုံ၏သားတော်ဖြစ်သည့်အလျောက် အမှောင်ထုထဲ တစ်ယောက်တည်း ထာဝရလျှောက်လှမ်းရမည်ဆိုလျှင်တောင် လမ်းဆုံးရောက်သည်အထိ လျှောက်လှမ်းမည်ပင်။ သူ့အား မည်သူမှထိန်းချုပ်လို့ရမည်မဟုတ်ပေ။ ယွဲ့ဟွာ လာထိန်းချုပ်လို့မရသလို မယ်တော်ကြီးလည်း ထိန်းချုပ်လို့မရချေ။


ယွဲ့လင်း စိတ်ခံစားချက်တွေပြင်းထန်လာပြီး ရုတ်တရက်ဆိုသလို ခေါင်းမှာပြင်းပြင်းထန်ထန်ကိုက်ခဲလာတော့ သည်။