Ch 16
Viewers 3k

👑 Chapter 16

👑 What is Going On?


ယွဲ့လင်း တင်းတင်းမာမာ အံကြိတ်ထားသည်။


ခေါင်းကိုက်ခဲမှုဝေဒနာက ရုတ်တရက်ကြီး ပြန်ရောက်လာခဲ့ပြန်ပါပြီ။


ငယ်စဉ်ကတည်းက ထိုသို့သောခေါင်းကိုက်ခဲမှု ဝေဒနာကို ယွဲ့လင်း ခံစားခဲ့ရသည်။ အစပိုင်း သိပ်ပြီးမပြင်းထန်သဖြင့် ခံနိုင်ရည်ရှိခဲ့သော်လည်း အသက်ကြီးလာသည်နှင့်အမျှ နာကျင်မှုကပိုပြင်းထန်လာခဲ့သည်။ ယခုမူ ထိုဝေဒနာခံစားရတိုင်း သေသွားတာမှပိုကောင်းဦးမည်ဟု တွေးမိလောက်သည်အထိ ဖြစ်လာရသည်။


သူ့ကို သေစေချင်နေသည့် လူပေါင်းများစွာရှိနေမှန်း ယွဲ့လင်း သိသည်။ သို့သော် ထိုသူတို့အား စိတ်ကျေနပ်ခွင့်မပေးနိုင်ပါ။ သူသေလို့ မရသေးပေ။ သေခြင်းတရားထက် ပိုမိုဆိုးရွားသည့် ဘဝနှင့် နေထိုင်ရမည်ဆိုလျှင်ပင် သူ တောင့်ခံမည်သာ။


ခြေလှမ်းတွေ ရုတ်တရက်နှေးကွေးသွားသည့် ယွဲ့လင်းကို ကြည့်ကာ လီသဲ့ဟွိုက် ရင်တုန်ပန်းတုန်ဖြစ်သွားသည်။ ယွဲ့လင်း၏ခေါင်းကိုက်ဝေဒနာမှာ လူအများစု မသိကြသည့် လျှို့ဝှက်ချက်ဖြစ်သည်။ သို့သော် ငယ်စဉ်ကတည်းက ယွဲ့လင်းကိုပျိုးထောင်ခဲ့သူဖြစ်သည့်အလျောက်ထိုအကြောင်း သိထားသည့် လူနည်းစုထဲ လီသဲ့ဟွိုက်လည်းပါဝင်သည်။


“အရှင်မင်းကြီး…”


လီသဲ့ဟွိုက် ရှေ့အမြန်လျှောက်လာပြီး ယွဲ့လင်းကို ကူတွဲပေးလိုက်သည်။ အရှင်မင်းကြီး၏ခေါင်းကိုက်ခဲမှု ဝေဒနာက ခုတလော ပိုပိုပြီးပြင်းထန်လာခဲ့သည်။ အကြိမ်ရေလည်း ပိုမိုများပြားလာခဲ့သည်။ ယခင်တုန်းကဆို ထိုဝေဒနာကို မခံစားရခင် လက္ခဏာတချို့အရင်ပြတတ် သည်။ ထို့ကြောင့် ယွဲ့လင်း ကြိုတင်ပြင်ဆင်ချိန် ရှိသေးသည်။ ယခုမူ ဘာလက္ခဏာမှမပြတော့ဘဲ ကိုက်ချင်သည့်အချိန် ကိုက်ခဲလာခဲ့သည်။


ဒါကောင်းသည့် ကိစ္စမဟုတ်ပါ။ နန်းတွင်းရေးမတည်မငြိမ်ဖြစ်နေချိန် အရှင်မင်းကြီး၏ရောဂါအခြေအနေသာ ပေါက်ကြားသွားလျှင် အကျိုးဆက်တွေဆိုးရွားပါလိမ့်မည်။


ထိုစဉ် အရှေ့ဘက်မလှမ်းမကမ်းမှ မီးအိမ်အလင်းရောင် ထွက်ပေါ်လာခဲ့သည်။


အခြွေအရံငယ်လေးတချို့က လက်ဆွဲမီးအိမ်များကို ကိုင်ရင်း ရှေ့မှ လမ်းပြနေကြသည်။ နောက်တွင် ကျန်းကျီမြောင်ကို ကျွေ့ယွဲ့ကအဖော်ပြုလျက် ယွဲ့လင်းတို့ဘက်သို့ လျှောက်လှမ်းလာသည်။ ရှေ့ဆုံးမှာ ဦးဆောင်နေသည့် အခြွေအရံကို ယွဲ့လင်းမြင်ဖူးသလိုလိုရှိသည်။ မယ်တော်ကြီးနန်းဆောင်မှ အခြွေအရံတစ်ဦး ဖြစ်လောက်သည်။


ထို့အပြင် ကျန်းကျီမြောင်မျက်နှာကလည်း သာယာမနေပေ။


[စိတ်ရှုပ်လိုက်တာဟယ်! ဘယ်အချိန်ရှိနေပြီလဲ ? ဒီအချိန်က အနားယူချိန်လို့ အားလုံးသတ်မှတ်ထားပြီးသား မဟုတ်ဘူးလား ? အဲ့ဒီမယ်တော်ကြီးက ငါ့ကို ရှို့အန်းနန်းဆောင်ဆီ ဘာလို့ ရုတ်တရက်ကြီးဆင့်ခေါ်နေတာလဲ ? အဘိုးကြီး အဘွားကြီးတွေက မအိပ်မနေ အသက်ရှည်ဆိုပေမယ့် လူငယ်တွေကတော့ အိပ်ရေးပျက်ရင် သေတောင် သေသွားနိုင်တယ်! ငါ မအိပ်ရဘူးဆိုရင်တောင် ညကြီးမင်းကြီး ဒီလိုလျှောက်သွားရမယ့်အစား ဇာတ်လမ်းတွဲကြည့်နေလိုက်တာ ပိုပျော်စရာမကောင်းဘူးလား!]


ကျန်းကျီမြောင် စိတ်ထဲမှ ပွစိပွစိတွေးနေလေသည်။


ယွဲ့လင်း ခေတ္တရီဝေသွားခဲ့သည်။ ကျန်းကျီမြောင်ကို သူရုတ်တရက် လှမ်းကြည့်လိုက်သည်။ သူ့အာရုံထဲကို ကျန်းကျီမြောင်ရဲ့အတွေးတွေ ဝင်ရောက်လာသည်နှင့် တစ်ပြိုင် နက် သူခံစားနေရသည့် ငရဲပမာနာကျင်မှုများသည် နှင်းစက်အရည်ပျော်သကဲ့သို့ ပျောက်ခြင်းမလှပျောက်သွားခဲ့သည်။


ယွဲ့လင်း ချက်ချင်းပြန်တည်ငြိမ်သွားခဲ့သည်။


လီသဲ့ဟွိုက်လည်း ယွဲ့လင်းကို အံ့အားသင့်စွာကြည့်လိုက်သည်။


အရှင်မင်းကြီး ခေါင်းကိုက်ခဲမှုသက်သာပျောက်ကင်းသွားပြီလား ?? ဒီတစ်ခေါက်က ပုံမှန်ထက်ပိုမြန်ဆန်နေပါ့လား ?


ကျန်းကျီမြောင် စူပုပ်ပြီးလျှောက်လာစဉ် ယွဲ့လင်းအားမြင်သောအခါ စိတ်ပိုရှုပ်သွားခဲ့သည်။


[အောင်မယ်‌လေး… ကောင်းရော၊ ဆရာသမားနောက်တစ်ယောက်အတွက် ဟန်ဆောင် ပန်ဆောင် နေပေးရဦးမယ်!]


ကျန်းကျီမြောင် မျက်နှာပေါ်‘အံ့အားသင့်မှု’အရိပ်အယောင်တစ်ခု ပေါ်လွင်လာပြီး တောက်တောက်ပပ အပြုံးတစ်ခုလည်းပေါ်လာခဲ့သည်။ ဦးညွှတ်ဂါဝရပြုလျက် သူမ လျှောက်တင်လိုက်သည်။ 


“အရှင်မင်းကြီးပါလား၊ တိုက်ဆိုင်လိုက်တာ! ဒီမိဖုရား မယ်တော်ကြီးကို ဂါဝရသွားပြုမလို့လေ၊ အရှင်မင်းကြီးနဲ့လည်း ဒီလို တိုက်တိုက်ဆိုင်ဆိုင်လာဆုံတာဆိုတော့ တကယ့် မင်္ဂလာနှစ်ပါးပါပဲ”


[ဟူး… ကံဆိုးမှုဆိုတာ ဘယ်တော့မှ တစ်ခုတည်းရောက်မလာတတ်ဘူး]


ယွဲ့လင်း : “…”


ကျန်းကျီမြောင်ကိုကြည့်ရင်း ယွဲ့လင်း ဖြည်းညှင်းစွာ မေးလိုက်သည်။ 


“မယ်တော်ကြီးက ဆင့်ခေါ်လို့လား”


ကျန်းကျီမြောင် ခေါင်းညိတ်လိုက်သည်။


“ဒီမိဖုရားကို ညွှန်ကြားစရာရှိလို့ပါတဲ့”


ယွဲ့လင်း မျက်လုံးထဲပြက်ရယ်ပြုမှု အရိပ်အယောင်ပေါ် လာသည်။


ဘာတွေ ညွှန်ကြားစရာရှိလို့လဲ ?


ဧကရာဇ်နဲ့ ဧကရီဆိုတာ နန်းတော်ရဲ့ အာဏာအရှိဆုံး ပုဂ္ဂိုလ်တွေပဲ။


သူ့ကို အခက်တွေ့အောင်လုပ်ဖို့ မအောင်မြင်တော့ ကျန်းကျီမြောင်ဘက်ကို မြှားဦးလှည့်သွားပြီပေါ့။


“အရှင်မင်းကြီး၊ နန်းတက်ပွဲပြီးတာကြာပြီဖြစ်ပေမယ့် မယ် တော်ကြီးက အရှင်မနဲ့ စကားသေသေချာချာမပြောရသေး ပါဘူး၊ အဲ့တာကြောင့် ဒီနေ့ည အရှင်မကို မယ်တော်ကြီးက ခဏလောက်ခေါ်ဆောင်ထားပြီး စကားအေးအေးဆေး ဆေးပြောဖို့ စီစဉ်လိုက်တာပါ” 


ကျန်းကျီမြောင်တို့ကို ခေါ်ဆောင်လာသော အခြွေအရံ ချိုးလီက တိုးညှင်းစွာလျှောက်ထားလိုက်သည်။


[ခဏလောက် ခေါ်ဆောင်ထားမယ် ဟုတ်လား! ငါ့မှာ ငြင်းခွင့်တောင် မရှိဘူးလား!]


ကျန်းကျီမြောင် စိတ်ထဲ ငိုကြွေးမြည်တမ်းလိုက်လေသည်။


ယွဲ့လင်းက ချိုးလီထံ ဂရုမစိုက်ဟန်ဖြင့် ကြည့်လိုက်သည်။ 


“မယ်တော်ကြီး ဒီနေ့ ကျန်းမာရေးသိပ်မကောင်းဘူးလို့ ကြားသိရတယ်၊ အဲ့တာကြောင့် အပင်ပန်းမခံသင့်ဘူး၊ ဒီနေ့ မိဖုရား သွားစရာမလိုတော့ဘူး၊ မယ်တော်ကြီးကျန်းမာ ရေးပြန်ကောင်းသွားမှ မိဖုရားကို ကျန်းကိုယ်တိုင်ခေါ်လာပြီး အတူတူ ဂါရဝလာပြုလိုက်မယ်”


ကျန်းကျီမြောင် မျက်လုံးများအရောင်လက်သွားခဲ့သည်။ 


[ဟင်! အရှင်မင်းကြီးက ငါ့ကို ကူညီပေးနေတာလား]


ချိုးလီ ခေတ္တကြက်သေသေသွားပြီး အမြန်လျှောက်တင်လိုက်ပါသည်။ 


“အရှင်မင်းကြီး… မယ်တော်ကြီးရဲ့ အမိန့်က…”


“မယ်တော်ကြီးရဲ့ကျန်းမာရေးထက် ပိုအရေးကြီးတဲ့ကိစ္စမရှိဘူး”


ယွဲ့လင်း ဖြတ်ပြောလိုက်သည်။ 


“အဲ့ဒီစကားအတိုင်း မယ်တော့်ကို ပြန်လျှောက်တင်လိုက် ပါ”


ထို့နောက် ကျန်းကျီမြောင်ဘက်သို့ လှည့်ကာ ယွဲ့လင်း ပြောလိုက်သည်။ 


“သွားစို့”


“အရှင်မ!”


ကျန်းကျီမြောင်ကို ချိုးလီ လှမ်းကြည့်လိုက်သည်။ သူမ လေသံမှာလည်း သတိပေးမှုအရိပ်အယောင် ပါဝင်နေပါ သည်။


“အရှင်မင်းကြီးရဲ့ အမိန့်တော်အတိုင်းပါ”


ချိုးလီ၏ခေါ်သံကို မကြားချင်ယောင်ဆောင်ကာ ကျန်းကျီမြောင် အပြုံးဖြင့်လျှောက်တင်လိုက်သည်။


ထို့နောက် ကျန်းကျီမြောင်အား ယွဲ့လင်းအမှန်ပင်ခေါ်ဆောင်သွားခဲ့သည်။


ယွဲ့လင်းနှင့် ကျန်းကျီမြောင်တို့၏နောက်ကျောကို ကြည့်ရင်း ချိုးလီမျက်နှာတင်းမာသွားခဲ့လေသည်။ ထို့နောက် အဖြစ်အပျက်တွေကို အစီရင်ခံဖို့ရာ ရှို့အန်းနန်းဆောင်ထဲ အမြန်ပြန်ဝင်သွားလေတော့သည်။


“အရှင်မင်းကြီး…”


အခုချိန်မှာ ကျန်းကျီမြောင်မျက်လုံးထဲ ယွဲ့လင်း အတော်လေး ကြည့်လို့ကောင်းနေသည်။ လမ်းဆုံလမ်းခွတစ်ခုကို ရောက်သောအခါ ကျန်းကျီမြောင်သတိပေးလိုက်သည်။ 


“ဖုန့်ယွီနန်းဆောင်က ညာဘက်မှာ ယန်ရှင်းခန်းမဆောင်က ဘယ်ဘက်မှာပါ၊ ကျမတို့ ဒီမှာပဲ လမ်းခွဲသင့်တယ်” 


[အရှင်မင်းကြီးကို အမြန်ပထုတ်ပြီးရင် အပန်းဖြေလို့ရပြီကွ! ဟေးဟေး!]


ယွဲ့လင်း မျက်ခုံးပင့်သွားသည်။ ကျန်းကျီမြောင်၏တက်ကြွနေသည့် စိတ်အခြေအနေကို သူ ကြည့်မရချေ။ ထို့ ကြောင့် သူအမိန့်ပေးလိုက်သည်။


“ဖုန့်ယီနန်းဆောင်ကိုကြွမြန်းဖို့ အသင့်ပြင်လိုက်စမ်း လီသဲ့ဟွိုက်”


“အမိန့်တော်အတိုင်းပါ!”


လီသဲ့ဟွိုက်ကလည်း ကျယ်လောင်စွာ အမိန့်နာခံလိုက်ပါသည်။


ကျန်းကျီမြောင် ကြက်သေသေသွားလေသည်။


[ဘာ… ငါ သူ့ကို နောက်တစ်ည စောင်ခြုံပေးရဦးမှာလား]


ယွဲ့လင်း အသက်ဝဝရှူလိုက်ပြီး ရှေ့မှဦးဆောင်ကာထွက်ခွာသွားခဲ့သည်။ ကျန်းကျီမြောင်လည်း မတတ်သာတော့ဘဲ တစ်လမ်းလုံးသက်ပြင်းချကာ စူပုပ်လျက်အနောက်မှ လိုက်သွားခဲ့ရတော့သည်။


[အချိန်ပိုအလုပ်လုပ်ရတာတွေ တော်တော်များပြီ၊ ဘောနပ်စ်လေး ဘာလေး မရသင့်ဘူးလား!]


[ဒီအရှင်မင်းကြီးက တစ်ခါတလေ သဘောကောင်းပြပြီး တစ်ခါတလေကျတော့ လူသားမဆန်တော့တာ ဘာလို့လဲ]


[သမိုင်းဝင် ‘ခန့်မှန်းရခက်တဲ့ အရှိန်အဝါ’ဆိုတာ ဒါမျိုးပဲ ဖြစ်ရမယ်၊ ထားလိုက်ပါတော့လေ၊ ပန်းသေပန်းညှိုးရောဂါရှိတဲ့ ယောက်ျားတွေ စိတ်ပိုင်းဆိုင်ရာဖောက်ပြန်တတ်တာ သဘာဝပါပဲ]


“အရှင်မ!”


ယွဲ့လင်း ခြေလှမ်းများ ရုတ်တရက်ရပ်တန့်သွားသည်။


ကျန်းကျီမြောင် သူ့ကို အူတူတူကြည့်လိုက်သည်။


ယွဲ့လင်း အံကြိတ်လျက်ပြောလိုက်သည်။ 


“ဆူလွန်းတယ်…”


ဆူလွန်းတယ် ဟုတ်လား…


ကျန်းကျီမြောင် ပတ်ဝန်းကျင်ကိုနားစွင့်လိုက်ပြီး လီသဲ့ဟွိုက်ကို လှည့်ပြောလိုက်သည်။ 


“မိန်းမစိုးလီ၊ လမ်းလျှောက်နေတဲ့အထဲ ရှင့်ခြေသံက အကျယ်ဆုံးပဲ၊ ကိုယ့်ကိုကိုယ် အရှက်ရသင့်တယ်!”


လီသဲ့ဟွိုက် ခေတ္တကြက်သေသေသွားကာ အမြန် တောင်း ပန်လိုက်လေသည်။ 


“ဒီငယ်သားရဲ့ အပြစ်ပါ! ခွင့်လွှတ်ပေးတော်မူပါ!”


ကျန်းကျီမြောင်ကို မျက်နှာလိုမျက်နှာရလုပ်ရင်း လီသဲ့ဟွိုက် ဆက်လျှောက်တင်လိုက်သည်။ 


“အခုချိန်ကစပြီး ဒီငယ်သားခြေဖျားထောက်ပြီးသာ လမ်း လျှောက်ပါတော့မယ် အရှင်မ”


ကျန်းကျီမြောင် စိတ်ကျေနပ်စွာခေါင်းညိတ်ကာ ယွဲ့လင်းကိုလျှောက်တင်လိုက်သည်။ 


“အရှင်မင်းကြီး ဘာဆူညံသံမှ မကြားရတော့ပါဘူး”


ယွဲ့လင်း : “…”


ယွဲ့လင်း ဟင်းခနဲမြည်အောင် အသက်ရှူထုတ်လျက် ခြေ လှမ်းအားမြန်မြန် ဆက်လျှောက်လှမ်းသွားလေသည်။


[ဟူး… မလွယ်ပါလား၊ ဘယ်နေရာမှာပဲ အလုပ်လုပ်ပါစေ ပတ်ဝန်းကျင်ရဲ့ အရိပ်အခြေကိုကြည့်နေရတယ်၊ စိတ်ကူးပေါက်တိုင်း ငေါက်တတ်တဲ့ အထက်အရာရှိတွေကိုလည်း သည်းခံရသေးတယ်]


[ဒီလိုနေ့ရက်တွေ ဘယ်တော့များမှ အဆုံးသတ်မှာလဲ!]


[ငါလည်း မယ်တော်ကြီးနေရာရောက်သွားရင် အဆင်ပြေသွားလောက်လား ?]


[နေပါဦး! ဘာတွေတွေးနေမိပါလိမ့်! ငါတို့ အရှင်မင်းကြီးက အဲ့လိုဖြစ်လာဖို့အတွက် ‘စွမ်းဆောင်’နိုင်တာမှ မဟုတ်တာ!]


ယွဲ့လင်း ခေါင်းထဲ တကျည်ကျည်မြည်ဟည်းသံတွေ ဆက် တိုက် ထွက်ပေါ်နေသည်။ ခေါင်းကိုက်ဝေဒနာပျောက်ကွယ်သွားပြီ ဖြစ်သော်လည်း အဆုံးမရှိသည့် စိတ်ပိုင်းဆိုင် ရာ နှိပ်စက်မှုဝေဒနာကိုထပ်မံခံစားနေရပြန်သည်။ 


ကျန်းကျီမြောင်နဲ့အတူ ဖုန့်ယီနန်းဆောင်ကို သူ ဘာလို့များ လိုက်လာမိတာပါလိမ့်…


တစ်လမ်းလုံး သူ့ခေါင်းထဲ ကျန်းကျီမြောင်၏ပွစိပွစိ ပြောသံများဖြင့်သာ ပြည့်နှက်နေလေသည်။


ဖုန့်ယီနန်းဆောင်ကိုရောက်ချိန် ကျန်းကျီမြောင်လည်း ပွစိပွစိတွေးရတာ ပင်ပန်းသွားပုံရပြီး အသံများတိတ်သွားခဲ့သည်။ 


ထိုအခါမှ ယွဲ့လင်း သက်ပြင်းချနိုင်ပြီး လက်ဘက်ရည်ခွက်ကိုကိုင်ကာ တစ်ငုံသောက်ဖို့ပြင်လိုက်သည်။


ထိုစဉ် ရုတ်တရက်…


မချိတင်ကဲ ဝေဒနာထပ်ရောက်လာခဲ့သည်။


ယွဲ့လင်းတစ်ကိုယ်လုံး ထိန်းမနိုင်သိမ်းမရဖြစ်ကာ တုန်ယင်သွားတော့သည်။


ဒါကိုမြင်တော့ ကျန်းကျီမြောင် ကြက်သေသေသွားလေသည်။


[လခွမ်း! ငါ့ကို အမှုဆင်မလို့လား! လက်ဘက်ရည်ထဲ ငါဘာမှ ထည့်မထားဘူးနော်!]


ကျန်းကျီမြောင်၏အတွေးသံတွေ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ယွဲ့လင်း ခေါင်းကိုက်ဝေဒနာ ချက်ချင်း ပျောက်ကွယ်သွားလေသည်။


ခေါင်းကိုက်တာ… ပျောက်သွားပြန်ပြီလား…


ဘာတွေဖြစ်နေတာလဲ!