Ch 20
Viewers 3k

👑 Chapter 20

👑 The Future Prince Consort


ကိုယ်လုပ်တော်များ၏ လျှောက်တင်မှုကို နားထောင်ရင်း ကျန်းကျီမြောင် အနည်းငယ် ထိတ်လန့်တကြားဖြစ်သွားလေသည်။ 


တစ်မနက်လောက် အိပ်စက်လိုက်မိတာနဲ့ ပြဿနာတွေ ဒီလောက်ထိ ကြီးထွားသွားခဲ့ပြီလား ?


ကိုယ်လုပ်တော်များ၏ လျှောက်တင်ချက်များမှာ ပိုပိုပြီး တရားလွန် မယုံကြည်နိုင်စရာဖြစ်လာသောအခါ ကျန်းကျီမြောင် စကားအမြန်ဖြတ်လိုက်လေသည်။ 


“ဒီမိဖုရား တကယ် ဘာမှမဖြစ်ပါဘူး၊ စားဖွယ်ရာတွေ ရှေ့မှာတောင်ရောက်နေပြီဆိုတော့ အရင်ဆုံး သုံးဆောင်လိုက်ကြရအောင်လား”


ကြင်ယာတော်ချန်ရှုယိ အမြန်ထောက်ခံလိုက်သည်။ 


“အမှန်ပါပဲ အရှင်မ၊ ဒီနေ့ အရှင်မ ဘာမှမသုံးဆောင်ရသေးဘူး ထင်တယ်၊ လောရှားရေ ဒီပုစွန်ကညွတ်ဟင်းပွဲကို အရှင်မရှေ့ ဆက်သလိုက်စမ်း”


ကြင်ယာတော်ချန်ရှုယိအား ကြင်ယာတော်သဲ့ မျက်စောင်း ထိုးလိုက်လေသည်။ ဒီမိန်းမက သူမ၏ပြိုင်ဘက်ဖြစ်လေသည်။ ဒီလိုအချိန်မျိုးမှာတောင် အရှင်မကို ကပ်ချွဲဖို့နည်းလမ်း ရှာနေသေးတယ်။


“မင်ယွဲ့ရေ ငါ့စားပွဲပေါ်က ဝက်သုံးထပ်သားကလည်း ဘယ်ဆိုးလို့လဲ ? အရှင်မကို သွားဆက်သလိုက်စမ်း” 


ကြင်ယာတော့သဲ့လည်း အကျောမခံဘဲ့ အမိန့်ပေးလိုက်လေသည်။


ကြင်ယာတော်ချန်ရှုယိ စိတ်ထဲမှသရော်လိုက်သည်။


အဟက်~ သူများလုပ်တိုင်း လိုက်လုပ်နေတယ်!


အရှင်မကို မျက်နှာလို မျက်နှာရလုပ်တာတောင် သူများနောက်မှာပဲ!


တခြားကိုယ်လုပ်တော်မျလည်း နောက်ကျကျန်ခဲ့မည်စိုး၍ စိတ်သောကရောက်ကုန်ကြသည်။


“ဒီကက္ကတစ်ငါးဟင်းက လတ်ဆတ်မယ့်ပုံပဲ အရှင်မကို ဆက်သလိုက်ကြစမ်း!”


“ဒီ ယင်-ယန် အသီးအရွက် စွပ်ပြုတ်ကလည်း စားချင်စ ဖွယ်လေးပဲ၊ ဒါပါ အရှင်မကို ဆက်သလိုက်”


ခန်းမဆောင်တစ်ခုလုံး ဆူညံသံများဖြင့် ပြည့်နှက်သွားပြီး ကျန်းကျီမြောင် ခေါင်းကိုက်လာကာ သည်းမခံနိုင်တော့ဘဲ အမိန့်ပေးလိုက်လေသည်။ 


“တိတ်ကြစမ်း!”


ထိုအခါမှ အားလုံးတိတ်ဆိတ်သွားကြပြီး ကျန်းကျီမြောင်ကို သနားကမားမော်ကြည့်လိုက်ကြသည်။


ကျန်းကျီမြောင် အသက်ဝဝရှူလျက် ပြောလိုက်၏။ 


“ကိုယ့်ဖာသာကိုယ် စားစရာရှိတာ စားကြ၊ စားချိန်မှာ စကားမပြောရဘူး၊ အိပ်ချိန်မှာ စကားမပြောရဘူး!”


“အမိန့်အတိုင်းပါ!”


ကိုယ်လုပ်တော်များအားလုံး စိတ်ဓာတ်ကျစွာဖြင့် အမိန့် နာခံလိုက်ကြရသည်။


အဆုံးမှာ ဖုန့်ယီနန်းဆောင်ထဲ တည်ငြိမ်အေးချမ်းသွားပြီဖြစ်သည်။


ကျန်းကျီမြောင် စိတ်မွန်းကြပ်မိသည်။ ဧကရီမိဖုရားကြီးတစ်ပါးဖြစ်နေပါလျက် ကျောင်းဆရာမတစ်ယောက်လို ခံစားနေရသည်။ ယွဲ့လင်း၏ကိုယ်လုပ်တော်များမှာ အတော်လေး အားလပ်နေကြပုံပေါ်သည်။ သို့ဖြစ်ရာ ၎င်းတို့ကို လုပ်စရာတာဝန်တစ်ခုခု ရှာပေးသင့်သည်။


သို့သော်လည်း ထိုသည်အား နောက်မှစဉ်းစားရမည်သာ။ အခုလောလောဆယ်တော့ နောက်ဆုံးရအတင်းအဖျင်းများကို ဖတ်ရှုချိန်ရောက်လေပြီ။ ကျန်းကျီမြောင် စားသောက်ရင်း အတင်းအဖျင်းဖတ်ဖို့ ပြင်လိုက်ပါသည်။ ကိုယ်လုပ်တော်တွေလည်း နားရွက်တွေ အလိုလိုထောင် မတ်သွားကြသည်။


[ကြင်ယာတော်သဲ့ နန်းဆောင်မှာရှိတဲ့ ရှောင်လင်းကျီက ပန်းပင်တွေစိုက်ပျိုးတဲ့နေရာမှာ ပါရမီပါတယ်တဲ့]


ကြင်ယာတော်သဲ့ မျက်လုံးများဝိုင်းစက်သွားသည်။


အဲ့လိုလား… ??


ယခင်တုန်းက ထိုရှောင်လင်းကျီကို ကြင်ယာတော်သဲ့ စိတ်မဝင်စားခဲ့ပါ။ အခုတော့ နန်းဆောင်ကို ပြန်ရောက်လျှင် သူ့အားဆင့်ခေါ်ပြီး သစ်ပင်ပန်းပင်လှလှလေးတွေ စိုက်ပျိုးခိုင်းရပေမည်။


[ကိုယ်လုပ်တော်ယီက အသံကြောင်နေပေမယ့် သီချင်းဆိုရတာကိုအကြိုက်ဆုံးပဲ၊ သူ့အသံ သူ သာယာငြိမ့်ညောင်းလှပြီ ထင်နေတာတဲ့၊ သုံးလလောက် ကြိုးစားပန်းစားလေ့ ကျင့်ပြီး အရှင်မင်းကြီးနဲ့ တစ်တိုင်းပြည်လုံးကို သီချင်းဆိုဖျော်ဖြေပစ်မယ်လို့ ဆုံးဖြတ်ထားခဲ့တာ၊ ဒါပေမယ့် ဟိုတလောကမှ သူ့အကြောင်း သူ နားလည်သွားပြီး အဲ့ဒီ အစီအ စဉ်ကို လက်‌လျှော့လိုက်ပြီထင်ပါတယ်]


ယီချိုက်ရမ်ကို အားလုံးလှည့်ကြည့်လိုက်ကြသည်။


ကိုယ်လုပ်တော်ယီလည်း ကြက်သေသေသွားလေသည်။ 


အသံကြောင်တယ် ဟုတ်လား… အဲ့တာ ငါ့ကို သီချင်းဆို မကောင်းဘူးလို့ ပြောတာလား ??


ပြီးတော့ ငါ့အသံ ငါ သာယာငြိမ့်ညောင်းလှပြီလို့ ထင်နေတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ!


ငါ့ အသံက သာယာငြိမ့်ညောင်းပြီးသားပဲဥစ္စာ! 


အဲ့ဒီအစီအစဉ်ကို လက်လျှော့လိုက်ရတာကလည်း အရှင် မင်းကြီးကို ဖျော်ဖြေချင်စိတ်မရှိတော့လို့လေ!


အဲ့တာကို ဘာလို့ ‘သူ့အကြောင်း သူ နားလည်သွားတာ’လို့ ပြောရတာလဲ ?


မဖြစ်နိုင်ဘူး ငါ အသံကြောင်နေတယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။


အရှင်မရဲ့ အတင်းအဖျင်းမှာ အမှားအယွင်းတစ်ခုခု ရှိနေတာပဲဖြစ်မယ်…


ကိုယ်လုပ်တော်ယီ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်အပြည့်ဖြင့် တွေးလိုက်လေသည်။


[ဒုတိယမင်းသမီးရဲ့ခင်ပွန်းလောင်း ကျန်းကျစ်ဖျင်က ထျန်းရွှေလက်ကြားလမ်းထဲမှာ အပျော်မယားတစ်ယောက် တိတ်တိတ်ပုန်းထားထားတယ်တဲ့၊ အဲ့ဒီ အပျော်မယားက ကိုယ်ဝန်တောင်ရှိနေပြီ၊ အဲ့ဒီကလေးကို ရအောင်မွေးခိုင်းဖို့လည်း ကျန်းကျစ်ဖျင် စီစဉ်ထားတယ်၊ အချိန်တန်မှ အဲ့ဒီကလေးကို မင်းသမီးဆီခေါ်လာပြီး သားသမီးအရင်းလို မွေးခိုင်းမှာတဲ့…]


ထိုနောက်ဆုံး အတင်းအဖျင်းကိုဖတ်ရင်း ကျန်းကျီမြောင် မျက်မှောင်အနည်းငယ်ကြုတ်သွားခဲ့သည်။


ယခင် ဧကရာဇ်မင်းကြီးမှာ သားသမီးစုစုပေါင်း ခုနှစ်ယောက်ရှိသည်။ မင်းသားငါးပါးနဲ့ မင်းသမီး နှစ်ပါးတို့ ဖြစ်ကြသည်။ ဒုတိယမင်းသမီးယွဲ့မြန်ကမူ ရှက်တတ်ကြောက်တတ်ပြီး လူများနှင့်ပတ်သတ်ဆက်ဆံရသည်ကို သဘောမကျသူဖြစ်သည်။ ယွဲ့လင်း လက်ဆက်ထိန်းမြှားပြီးနောက် ယွဲ့မြန်အလှည့်သို့ ရောက်ရှိလာခဲ့သည်။ မင်းသမီးတစ်ပါး၏အိမ်ထောင်ရေးကို ဆုံးဖြတ်ပေးရမည်မှာကျန်းကျီမြောင်တာဝန်မဟုတ်ပေ။ ထို့ကြောင့် မယ် တော်ကြီးနှင့် နန်းတွင်းအဖွဲ့တို့မှ ဒုတိယမင်းသမီးအတွက် ပါရမီရှင်လူငယ်တစ်ဦး ရွေးချယ်ပေးခဲ့သည်ဆိုတာကိုသာ ကျန်းကျီမြောင် ကြားသိခဲ့ရသည်။


သူတို့ ရွေးလိုက်တဲ့ ပါရမီရှင်လူငယ်ဆိုတာ ဒါကြီးလား…


အပျော်မယားထားပြီး ကိုယ်ဝန်ရသည်အထိကျူးလွန်ခဲ့ရင်တောင် ဂုဏ်သိက္ခာအမှန်တကယ် ရှိသူဆိုလျှင် မင်းသမီးနှင့် စေ့စပ်ကြောင်းလမ်းထားခြင်းအားဖျက် သိမ်းပြီး ထိုအပျော်မယားကို အတည်မယားဖြစ်အောင် ဆောင်ရွက်သင့်သည်။ ဒီလိုဆို သူတို့ရဲ့အချစ်စစ်ကို ကျန်းကျီမြောင်ပင် လေးစားသွားနိုင်သည်။ သို့သော် အမှန်တရားကိုဖုံးကွယ်ထားပြီး မင်းသမီးနှင့် လက်ဆက်ဖို့ ကြံစည်နေသေးသည်က ရွံစရာအလွန်ကောင်းလေသည်။


မူလဝတ္ထုထဲမှ ဒုတိယမင်းသမီး၏ကံကြမ္မာအကြောင်း ကျန်းကျီမြောင် ပြန်စဉ်းစားကြည့်သော်လည်း အဖြေရှာမရခဲ့ပေ။ ဇာတ်လမ်းအကျဉ်းချုပ်ထဲမှာ ဒုတိယမင်းသမီး၏ အကြောင်းအရာများကို ထည့်သွင်းဖော်ပြထားခြင်းမရှိသောကြောင့် ဖြစ်သည်။


ကျန်းကျီမြောင် အတွေးများ နက်ရှိုင်းသွားခဲ့၏။ ကိုယ် လုပ်တော်များ၏ မျက်နှာလည်း အနည်းငယ်ပြောင်းလဲသွားခဲ့သည်။ 


ယုံမင်းဆက်၏မင်းသမီးတစ်ပါးအတွက် နည်းစနစ်ကျကျ အသေးစိတ်ရွေးချယ်ပေးထားသည့် ခင်ပွန်းလောင်းက ဒီလိုအမှိုက်သရိုက်ဖြစ်နေတာကို ဘယ်သူမှ မယုံကြည်နိုင်ကြပါ။ ဒုတိယမင်းသမီးမှာ ရှက်စိတ်ကြောက်စိတ်ကြီးသူ ဖြစ်သဖြင့် တကယ်တမ်းလက်ဆက်ဖြစ်ခဲ့လျှင် ကျန်းကျစ်ဖျင်၏လှည့်စားမှု အနိုင်ကျင့်မှုကို ခံရနိုင်ပါသည်။

 

[အရှင်မင်းကြီးနဲ့ တွေ့မှ ဒီအကြောင်းပြောပြရမယ်]


ကျန်းကျီမြောင် တွေးလိုက်သည်။ သူ ဒုတိယမင်းသမီးအားမတွေ့ဖူးသေးပေ။ သို့သော် ဒီခေတ်အခါမှာ အမျိုး သမီးများ၏ ဘဝက ခက်ခဲကြမ်းတမ်းနေပြီးသားဖြစ် သည်။ ထို့ကြောင့် ဒုတိယမင်းသမီး မီးတွင်းထဲခုန်ချတော့မည်ကို ကျန်းကျီမြောင် ဒီတိုင်းရပ်ကြည့်မနေနိုင်ပေ။


ကြင်ယာတော်သဲ့လည်း မျက်ခုံးပင့်သွားသည်။ ကျန်းကျစ်ဖျင်တဲ့လား…? ထိုကျန်းကျစ်ဖျင်အား ကောင်းကောင်း ဆုံးမခံရစေဖို့အတွက် သူမ အိမ်သို့ စာတစ်စောင်ရေးပို့ဖို့ ဆုံးဖြတ်လိုက်တော့သည်။


ကြင်ယာတော်ချန်ရှုယိလည်း ပြုံးသွားသည်။ အပျော် မယားနဲ့ လွန်လွန်ကျူးကျူးဖြစ်ထားသဖြင့် သဲလွန်စတစ်ခုခု ကျန်ခဲ့မည်မှာသေချာသည်။ သူမ ပွင့်ပွင့်လင်းလင်း မပြောနိုင်သော်လည်း ထိုကျန်းကျစ်ဖျင်အား စုံစမ်းစစ်ဆေးဖို့ သူမ မိသားစုထံ အရိပ်အမြွက်ပေးလိုက်လို့ရသည်။ သက်သေခိုင်ခိုင်လုံလုံရသည်နှင့် ထိုကျန်းကျစ်ဖျင်ကို တရားစီရင်နိုင်သည်မဟုတါပါလား ?


ဒုတိယမင်းသမီးအကြောင်းတွေးရင်း အစားအသောက်တွေ အရသာသိပ်မရှိတော့သလို ကျန်းကျီမြောင် ခံစားလိုက်ရသည်။ ထို့ကြောင့် ယွဲ့လင်းထံ ဒုတိယမင်းသမီးကိစ္စ မည်သို့လျှောက်တင်ရမည်အား စဉ်းစားရင်းကြည့်ဖို့ ခန်းဆောင်နီအိပ်မက်ကိုဖွင့်လိုက်သည်။ ခန်းဆောင်နီအိပ်မက်ကိုကြည့်လိုက်မှ အစားအသောက်တွေ အရသာပြန်ရှိလာခဲ့သည်။


ခန်းဆောင်နီအိပ်မက်၏ ဇာတ်လမ်းကလည်း တဖြည်း ဖြည်း စိတ်ဝင်စားစရာပိုကောင်းလာသည်။ လှပချောမောသည့် အမျိုးသမီးများ တစ်ယောက်ပြီးတစ်ယောက်ပေါ် လာကာ အားလုံးရဲ့ အာရုံကိုဖမ်းစားနိုင်ခဲ့သည်။


[ဆရာကြီးချောင်းရွှယ်ချင်ကတော့ နှစ်ယောက်မရှိတဲ့ ပါရမီရှင်ပဲ၊ ခန်းဆောင်နီအိပ်မက်ကို အပေါ်ယံအပျော်သဘောကြည့်ချင်လည်း ကြည့်လို့ရတယ်၊ ဒါပေမယ့် လေးနက်တဲ့ အဓိပ္ပာယ်ကိုနားလည်နိုင်အောင် ကြိုးစားနိုင်ရင်တော့ ပိုကောင်းတာပေါ့၊ ဘယ်နှခါပဲ ပြန်ကြည့်ကြည့် သင်ခန်းစာယူစရာ အသစ်အဆန်းတွေ အများကြီးရနေ တော့တာပဲ]


ကျန်းကျီမြောင် သုံးသပ် တွေးတောလိုက်သည်။


ဇာတ်လမ်းတွဲ၏အဖွင့်စာတန်းထိုးနဲ့ အပိတ်စာတန်းထိုးကို အားလုံး မြင်ဖူးပြီးသားဖြစ်သည်။ ခန်းဆောင်နီအိပ်မက်၏ စာရေးဆရာက ချောင်းရွှယ်ချင်ဟုဆိုသော ပုဂ္ဂိုလ်ဖြစ်မှန်း ကိုယ်လုပ်တော်တွေ အားလုံးသိကြသည်။


ကျန်းကျီမြောင်၏သုံးသပ်ချက်ကိုလည်း ကိုယ်လုပ်တော်တွေ အားလုံး ခေါင်းညိတ်ထောက်ခံကြသည်။ ထိုဆရာ ကြီးချောင်းရွှယ်ချင်ဆိုသူက အမှန်တကယ် နှစ်ယောက်မရှိသော ပါရမီရှင်ဟုခေါ်ထိုက်သည်။


--- --- ---


ချူးရွှယ်နန်းဆောင်တွင်…


ရံရွေတော်လင်းလက်ထဲ စာအုပ်တစ်အုပ်ကိုကိုင်ဆောင်ထားပြီး မျက်လုံးများကအရောင်လက်နေသည်။


ခန်းဆောင်နီအိပ်မက်တဲ့လား! အတော်ပြောင်မြောက်တဲ့ စာပေပဲ!


ယနေ့ယွဲ့ဟွာ သူမထံသို့ ခန်းဆောင်နီအိပ်မက်ဟူသော စာအုပ်တစ်အုပ်နဲ့အတူ အမှာစကားတချို့လည်း ပါးလိုက်သည်။ ယွဲ့ဟွာ၏ရည်ရွယ်ချက်မှာ ခန်းဆောင်နီစာအုပ်အကြောင်း တခြားကိုယ်လုပ်တော်တွေ သိရှိသွားစေဖို့အတွက် လင်းချင်ချင်အား ကြားခံအဖြစ် အသုံးချဖို့ဖြစ် သည်။ ခန်းဆောင်နီစာအုပ်ကို ဖတ်ရှုပြီး ကိုယ်လုပ်တော်တွေအားလုံး သူ့ဘက်ကို ကူးပြောင်းလာကြလိမ့်မည်ဟု ယွဲ့ဟွာ ယုံကြည်ထားသည်။


အစကတော့ လင်းချင်ချင်မယုံကြည်ခဲ့ပေ။ ယခုလိုစာအုပ် လေးတစ်အုပ်မှာ ထိုကဲ့သို့ စွမ်းအားမျိုးမရှိနိုင်ပေ။ သို့ သော် စာအုပ်ကို ဖတ်ရှုရင်းအချိန်ကြာလာသောအခါ သူမ စိတ်ခံစားချက်တွေ ထိန်းမနိုင်သိမ်းမရဖြစ်လာခဲ့သည်။


ခေတ်တစ်ခေတ်ရဲ့ ဂန္ထဝင်လက်ရာ…


ဒီစာအုပ်က တကယ့် ဂန္ထဝင်လက်ရာပဲ!


အစ်ကိုဟွာလို လူမျိုးသာ ဒီလို အံ့ဖွယ်စာအုပ်မျိုးကိုရေး သားနိုင်လိမ့်မည်။ ဒီလက်ရာကို လူတိုင်းမြင်အောင်ပြသနိုင်လျှင် အနောက်နန်းဆောင်မှ ကိုယ်လုပ်တော်တွေအားလုံး ရူးသွပ်သွားကြလိမ့်မည်။


လင်းချင်ချင် စာအုပ်ကိုပိတ်လိုက်သော်လည်း စိတ်မထိန်းနိုင်ဘဲ အစမှပြန်ဖတ်ကြည့်လိုက်မိသည်။ ဒုတိယတစ်ကြိမ် ဖတ်ရှုပြီးနောက် စိတ်ကျေနပ်စွာပြုံးလိုက်သည်။ သူမ အကျယ်ချုပ်ချခံထားရပြီး အပြင်ထွက်လို့မရခြင်းကြောင့်သာ ယခုလိုငြိမ်နေရခြင်းဖြစ်သည်။ အပြင်ထွက်လို့ရပြီဆိုသည်နှင့် တစ်ပြိုင်နက်ထိုအနောက်နန်းဆောင်ရှိ ကိုယ် လုပ်တော်များထံ သွားရောက်ပြီး သူ့ အစ်ကိုဟွာ ဘယ် လောက်ထိ ထူးချွန်ထက်မြက်သလဲဆိုတာ သေချာပေါက် ပြသလိုက်မည်သာ။


ယွဲ့လင်းလိုလူမျိုးနဲ့ သူ့ ရင်ထဲက အစ်ကိုဟွာကို နှိုင်းယှဉ်လို့ ရနိုင်မတဲ့လား ?


ခန်းဆောင်နီအိပ်မက် စာအုပ်ကို ကိုင်ဆောင်ရင်း လင်းချင်ချင် တစ်ယောက်တည်း ယစ်မူးစွာပြုံးရယ်နေလိုက်သည်။