Ch 19
Viewers 3k


👑 Chapter 19

👑 One-upmanship


ကျန်းကျီမြောင် အိပ်ရေးဝဝအိပ်စက်ခဲ့ရသည်။ အိပ်ရာနိုးလာသောအခါ ကိုယ်လုပ်တော်တွေအားလုံး မပြန်ကြသေးဘဲ ဖုန့်ယီနန်းဆောင်ရှေ့မှာ စိတ်ဖိစီးစွာစောင့်နေကြဆဲဖြစ်မှန်း ကြားသိခဲ့ရလေသည်။


ကျန်းကျီမြောင် အူကြောင်ကြောင်ဖြစ်သွားခဲ့ရ၏။ 


“ဒီနေ့ မနက်ခင်း ဂါဝရပြုစရာမလိုတော့ဘူးလို့ မိန့်ကြားပြီးသား မဟုတ်ဘူးလား”


ကျွေ့ယွဲ့ သက်ပြင်းချလိုက်လေသည်။ 


“အရှင်မင်းကြီးကတော့ အဲ့လို မိန့်ကြားသွားတာပါပဲ၊ ဒါပေမယ့် အရှင်မကို တစ်ရက်လောက်မတွေ့ရရင်တောင် သူတို့ နှလုံးသားထဲ ဟာလာဟင်းလင်းဖြစ်သလို ခံစားရတယ်လို့ ကိုယ်လုပ်တော်တွေက ဆိုကြပါတယ်၊ ဘယ်သူ ဘာပဲပြောပြော အရှင်မကိုမြင်ရမှ စိတ်နှလုံးအေးချမ်းနိုင်မယ်ဆိုပြီး ခေါင်းမာနေကြတယ်…”


ကျန်းကျီမြောင် ပြောစရာစကားများပင် ပျောက်ဆုံးသွားလေသည်။


သူက အဲ့လောက်တောင် ဆွဲဆောင်မှုရှိတာလား…


ထို့နောက် သူမ မျက်နှာထက် ကရုဏာသက်မှုများပေါ်လွင် လာခဲ့သည်။ 


ဖြစ်သင့်သည်။ ယွဲ့လင်းက စွမ်းဆောင်နိုင်သူ မဟုတ်သော် လည်း မိဖုရားကြီးဖြစ်သည့် သူမက နားလည်ပေးလို့ရသည်။ စောင်အောက်မှာ စကားအေးအေးဆေးဆေးပြောရင်း သာသာယာယာနေနိုင်ကြသည်။ သို့သော် တခြား ကြင်ယာတော်တွေများအဖို့ ယခုလိုစိတ်မျိုးထားနိုင်မည် မဟုတ်လောက်ပေ။


ယွဲ့လင်း သူ့အခြေအနေအား လျှို့ဝှက်ထားချင်သဖြင့် တခြားကြင်ယာတော်များ၏ နန်းဆောင်သို့ကြွမြန်းနိုင်ခြင်းမရှိပေ။ ယခုလိုရှေးခေတ်မျိုးမှာ စိတ်အပန်းဖြေစရာဆိုတာလည်း မရှိသလောက်ပင်ရှားသည်။ ကိုယ်လုပ်တော်တွေ အချင်းချင်းရန်ဖြစ်ကြသည်ကို ဖျော်ဖြေမှုအဖြစ် သတ်မှတ်ရမလိုဖြစ်နေသည်။ သို့သော် အရှင်မင်းကြီး၏ အခြေအနေကြောင့် ကိုယ်လုပ်တော်များ အချင်းချင်းရန် ဖြစ်စရာ အကြောင်းအရင်းပင်မရှိတော့ချေ။ ထို့ကြောင့် သူမတို့ဘဝက အလွန့်အလွန်ပျင်းစရာကောင်းလွန်းနေသည်။


သူမဆီ မကြာခဏလာလျှင် အရှင်မင်းကြီးနှင့် တွေ့နိုင်လိမ့်မည်ဟု ထင်နေကြခြင်းဖြစ်လိမ့်မည်။ အရှင်မင်းကြီးထိုကဲ့သို့ ‘စွမ်းဆောင်နိုင်ခြင်း’မရှိသည်ကို သူမတို့ မသိလောက်ပေ။


ကျန်းကျီမြောင် သက်ပြင်းချလိုက်သည်။ 


“နန်းဆောင်ထဲ ဝင်ခွင့်ပေးလိုက်ပါ”


ကျွေ့ယွဲ့ တိုးညှင်းစွာ အသိပေးလိုက်သည်။ 


“အရှင်မ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလို့ ဒီအခြွေအရံမနှောင့်ယှက်ရက်ခဲ့ဘူး၊ အဲ့တာကြောင့် အခုဆို မွန်းတည့်ချိန်တော် ကျော်လွန်နေပါပြီ”


“မွန်းတည့်ချိန်ကျော်ပြီ ဟုတ်လား”


ကျန်းကျီမြောင် လိပ်ပြာမလုံ ဖြစ်သွားသည်။ ဒီကမ္ဘာကို ကူးပြောင်းလာသည့် သုံးလအတွင်း သူမ ကောင်းကောင်းမအိပ်ခဲ့ရသဖြင့် ယနေ့မှအတိုးချပြီးအိပ်ပျော်သွားမိသည်။


“မြန်မြန် သွားစီစဉ်လိုက်၊ မနေ့ကအတိုင်းပဲ ဖုန့်ယီနန်းဆောင်မှာ အားလုံးအတွက် နေ့လယ်စာတည်ခင်းပေးလိုက်ပါ” ကျန်းကျီမြောင် မိန့်ကြားလိုက်သည်။ 


ထိုအခါမှ ကျွေ့ယွဲ့ အမိန့်နာခံကာ ထွက်သွားလေတော့ သည်။


“အရှင်မ”


ကျန်းကျီမြောင်ကို အိပ်ရာထဖို့ ကူညီပေးရင်း ယွင်ရှန်း တိုးညှင်းစွာ လျှောက်တင်လိုက်သည်။ 


“ဒီနေ့ ကြင်ယာတော်သဲ့ကို မယ်တော်ကြီး ရုတ်တရက် ဆင့်ခေါ်ခဲ့တယ်”


ကျန်းကျီမြောင် မျက်ခုံးတစ်ဖက်ပင့်လျက် ပြုံးကာ ပြောလိုက်ပါသည်။ 


“မယ်တော်ကြီးက ဆင့်ခေါ်ချင်တဲ့လူ ဆင့်ခေါ်လို့ရတာပဲ ကြီးကြီးမားမားကိစ္စမှ မဟုတ်တာ”


“အရှင်မ!” ယွင်ရှန်း စိတ်ဖိစီးသွားသည်။ 


“မယ်တော်ကြီးက ကြင်ယာတော်သဲ့ကို တခြားအချိန်တွေမှာ ဆင့်ခေါ်လို့ ရပါလျက်နဲ့ ဖုန့်ယီနန်းဆောင်ရှေ့ကို ရောက်မှ ဘာလို့ ဆင့်ခေါ်လိုက်ရတာလဲ ?  ဒါ အရှင်မကို မယ်တော်ကြီး မျက်မုန်းကျိုးနေကြောင်းပြသလိုက်တာပဲ၊ မယ်တော်ကြီးနဲ့ နားလည်မှုလွဲနေတာတွေကို ဖြေရှင်းဖို့ အရှင်မ မစဉ်းစားသင့်ဘူးလား ?”


မယ်တော်ကြီး၏ရည်ရွယ်ချက်ကို ကျန်းကျီမြောင်လည်း နားလည်သည်။ သို့သော် သူမ တည်တည်ငြိမ်ငြိမ်သာပြောလိုက်သည်။ 


“ဘာမှ စိတ်ပူစရာမလိုဘူး”


ဝတ္ထုထဲက မူလကျန်းကျီမြောင်သာဆို မယ်တော်ကြီး မျက်မုန်းကျိုးနေကြောင်း အရိပ်အမြွက်နည်းနည်းလေး ပေးလိုက်သည်နှင့် ပျာယာခတ်ပြီး ခွင့်လွှတ်မှုကိုတောင်းခံလိမ့်မည်။ သို့သော် ယခုကျန်းကျီမြောင်ကမူ ဇာတ်လမ်း အကျဉ်းချုပ်အား ကောင်းကောင်းဖတ်ရှုပြီးသားဖြစ် သည်။


သုံးနှစ်အကြာတွင် ယွဲ့လင်း ရုတ်တရက်နတ်ရွာစံသွားသော အခါ မယ်တော်ကြီးသည် ဝမ်းနည်းမှုစိုးစဉ်းမျှမရှိခဲ့ချေ။ ထို့အစား ယွဲ့ဟွာထံပျော်ပျော်ကြီး သတင်းပါးခဲ့သည်။ ယွဲ့ဟွာကလည်း ညတွင်းချန်း နန်းတော်ကိုပြန်ရောက်လာခဲ့သည်။ နောက်တစ်နေ့ မနက်မိုးလင်းသည်နှင့် တစ်ပြိုင်နက် မယ်တော်ကြီးမှ ယွဲ့လင်း၏နောက်ဆုံး အမိန့်ပြန်တမ်းကို ထုတ်ပြန်ကြေညာခဲ့သည်။ ထိုအမိန့်ပြန်တမ်းထဲ ယွဲ့ဟွာထံ ထီးနပ်အပ်နှင်းခဲ့သည်ဟုဆိုသည်။ ထို့ကြောင့် ယွဲ့ဟွာလည်း တရားဝင်ပြည့်ရှင်မင်းကြီး ဖြစ်သွားခဲ့ရသည်။ 


မယ်တော်ကြီး၏ဘက်လိုက်မှုသည် ပြန်လမ်းမရှိသည့်အဆင့်သို့ရောက်နေလေပြီ။ ယွဲ့လင်းနတ်ရွာစံမှုမှာ ထိုဘုရားတရားလက်ကိုင်ထားသည့် သက်သက်လွတ်သမား မယ်တော်ကြီးနှင့် တစ်နည်းတစ်ဖုံ ပတ်သတ်နေလိမ့်မည်ဟုပင် ကျန်းကျီမြောင် သံသယဖြစ်မိသည်။


ကျန်းကျီမြောင် စိတ်ထဲအတွေးတစ်ခုသာ ရှိသည်။ သူမက ယွဲ့လင်း၏ မိဖုရားဖြစ်သည်။ သူမတို့လက်ဆက်ထိန်းမြှားလိုက်သည့် အချိန်ကစလို့ ကံကြမ္မာသည် ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ အတူစည်းနှောင်သွားခဲ့ကြသည်။ ထို့ကြောင့် ယွဲ့လင်းနဲ့ မယ်တော်ကြီးတို့အကြား ရွေးချယ်ရမည်ဆိုလျှင် ယွဲ့လင်းကိုသာ ကျိန်းသေပေါက် ရွေးချယ်မည်ပင်။


မယ်တော်ကြီးနား ကျန်းကျီမြောင်ကပ်သည်အား ယွဲ့လင်း သဘောမကျချေ။ ထို့ကြောင့် သူမ ဘာမှဟန်ဆောင်စရာ မလိုတော့ပေ။ သူ့အား မယ်တော်ကြီး မျက်မုန်းကျိုးလေလေ ယွဲ့လင်း ပိုပြီးသဘောကျလေလေဖြစ်လိမ့်မည်။


ကြင်ယာတော်သဲ့ကတော့…


ကျန်းကျီမြောင် ခေတ္တစဉ်းစားလိုက်သည်။ ကြင်ယာတော်သဲ့၏ရွေးချယ်မှုကို သူမ ထိန်းချုပ်လို့မရပေ။ ကြင်ယာတော်သဲ့သာ မယ်တော်ကြီးနဲ့ ပူးပေါင်းပြီး သူ့အား ဆန့် ကျင်လာလျှင် အချိန်တန်မှအဆင်ပြေသလိုသာ ကြည့်ရှင်းလိုက်မည်။


ကျန်းကျီမြောင် အသင့်ပြင်ဆင်ပြီးသောအခါ ကျွေ့ယွဲ့ရောက်လာပြီး ကြင်ယာတော်သဲ့က သူမကို တစ်ဦးတည်း တွေ့ဆုံချင်သည်ဟု လျှောက်တင်ကြောင်း အစီရင်ခံခဲ့သည်။


ကျန်းကျီမြောင် မျက်လုံးများအရောင်လက်သွားခဲ့၏။ “ခန်းမဆောင်ထဲ ခေါ်သွားလိုက်၊ ငါ ခဏနေ လိုက်လာခဲ့မယ်”


ကျွေ့ယွဲ့ အမိန့်နာခံလိုက်သည်။


ယွင်ရှင်းကမူ အနည်းငယ် စိတ်ပူနေသည်။ 


“အရှင်မ… ကြင်ယာတော်သဲ့ ဒီကိုကြွားလုံးထုတ်ဖို့ လာခဲ့တာများလား ?”


ကျန်းကျီမြောင် ခေါင်းခါလိုက်သည်။ 


“အဲ့လိုတော့ မဖြစ်နိုင်လောက်ပါဘူး၊ သူနဲ့ တွေ့ရင် သိရမှာပေါ့”


ကျန်းကျီမြောင် ခန်းမဆောင်သို့ရောက်သောအခါ ကြင်ယာတော်သဲ့ ကြိုရောက်ရှိနေပြီဖြစ်သည်။


“ကြင်ယာတော်သဲ့…” 


ကျန်းကျီမြောင် စကားစရုံသာ ရှိသေးသည်။


ရုတ်ခြည်းဆိုသလို ကြင်ယာတော်သဲ့မျက်ဝန်းများ နီမြန်းသွားပြီး မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာခဲ့သည်။ 


“အရှင်မ ဒီနေ့ ဒီကြင်ယာတော် သေမတတ်ကြောက်ရွံ့ခဲ့ရတယ် သိလား ?”


ကျန်းကျီမြောင် အူတူတူဖြစ်သွားပြီး ကြင်ယာတော်သဲ့ကို လက်ကိုင်ပဝါတစ်ထည် ကမ်းပေးလိုက်ရသည်။


ကြင်ယာတော်သဲ့ မျက်ရည်တွေသုတ်လျက် ဝမ်းနည်းစွာ လျှောက်တင်လိုက်လေသည်။ 


“ဒီနေ့ မယ်တော်ကြီးက ဒီကြင်ယာတော်ကို ရုတ်တရက်ဆင့်ခေါ်ပြီး ရှုပ်ထွေးတဲ့စကားတွေ မိန့်ကြားခဲ့တယ်၊ သူ့စကားကို သုံးသပ်ကြည့်ရသလောက်တော့ အရှင်မကို မျက်မုန်းကျိုးနေပြီး ဒီကြင်ယာတော်ကို ချီးမြှောက်ပေးချင်နေတဲ့ပုံစံပဲ”


ကျန်းကျီမြောင် နှုတ်ခမ်းတွန့်သွားလေသည်။ ကြင်ယာတော်သဲ့မှာ စစ်သူကြီးမျိုးရိုးမှ ဆင်းသက်လာသည့် ‘အာဂအမျိုးသမီး’ ဖြစ်သည်ဟု ကျန်းကျီမြောင် ကြားသိပြီးသား ဖြစ်သည်။


ဒါပေမယ့် နည်းနည်းအတင့်ရဲလွန်းမနေဘူးလား…


ဧကရီမိဖုရားတစ်ပါးရှေ့မှာတောင် ဒီလိုစကားမျိုးလာပြောရဲတယ်လား…


ကျန်းကျီမြောင် ဘာပြန်ပြောရမှန်းပင် မသိတော့ဘဲ အသက်မပါစွာပြောလိုက်သည်။ 


“ကြင်ယာတော်သဲ့ကို မယ်တော်ကြီး ချီးမြှောက်ပေးတာ ကောင်းတဲ့ ကိစ္စပဲဥစ္စာ”


“ကောင်းတဲ့ ကိစ္စ ဟုတ်လား ?  အဲ့ဒီ’ကောင်းတဲ့ကိစ္စ’ကို တခြားသူတစ်ယောက်ယောက်ကိုပဲ လက်ဆောင်သွား ပေးလိုက်စမ်းပါ!”


ကြင်ယာတော်သဲ့ ရုတ်တရက် စိတ်ရှုပ်ထွေးသွားခဲ့သည်။ ထို့နောက် ကျန်းကျီမြောင်ကို သနားစရာကောင်းစွာကြည့်ရင်း ဆက်ပြောလိုက်သည်။


“ဒီကိစ္စကြောင့် နန်းတွင်းနန်းပြင်မှာ ကောလဟာလတွေ အများကြီးထွက်လာတော့မှာ ဒီကြင်ယာတော် သိနေတယ်၊ ဒါပေမယ့် ဒီကြင်ယာတော်ကို ယုံကြည်ပေးပါ၊ ဒီကြင်ယာတော်ရဲ့နှလုံးသားထဲမှာ အရှင်မ တစ်ပါးတည်းရှိတယ်၊ မယ်တော်ကြီး မိန့်ကြားတဲ့ စကားတွေဆိုတာလည်း နားတစ်ဖက်ကဝင်ပြီး တစ်ဖက်ကပြန်ထွက်သွားခဲ့တာပါ၊ ဘာတစ်ခုမှ နှလုံးသားထဲအတည်မယူခဲ့ဘူး၊ အရှင်မပေါ်ထားတဲ့ ဒီကြင်ယာတော်ရဲ့ သစ္စာတရားကို ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကြီးတစ်ခုလုံး သိမြင်နိုင်ပါလိမ့်မယ်၊ နေမင်းကြီးနဲ့ လမင်းကြီးကိုလည်း တိုင်တည်နိုင်တယ်! အရှင်မ မယုံ ကြည်နိုင်သေးဘူးဆိုရင် ဒီကြင်ယာတော် အခုချက်ချင်း သစ္စာပြုကျိန်ဆိုပြပါ့မယ်!”


ပြောပြောဆိုဆိုနဲ့ ကြင်ယာတော်သဲ့ သစ္စာဆိုဖို့ပြင်လိုက်သည်။


ကျန်းကျီ‌မြောင်လည်း ထိတ်လန့်သွားပြီး အမြန်တားလိုက်ရသည်။ 


“ကြင်ယာတော်သဲ့ အဲ့လောက်ထိ လုပ်ဖို့မလိုအပ်ပါဘူး!”


“အရှင်မ!”


ကျန်းကျီမြောင်ကို ကြင်ယာတော်သဲ့ မျှော်လင့်တကြီး မော်ကြည့်လိုက်သည်။


 â€œá€Ąá€›á€žá€„်မဥပ္ဍ်  ဒီကြင်ယာတော် ယုံကြည်ပြီးသားပါ၊ တခြား ဘာစိတ်ကူး ဘာအကြံအစည်မှ မရှိပါဘူး”


အတော်လေး စစ်မှန်သည့် ကြင်ယာတော်သဲ့၏ခံစားချက်ကိုမြင်ပြီး ကျန်းကျီမြောင်လည်း မတတ်သာတော့ပေ။ 


“ကြင်ယာတော်သဲ့ရဲ့ ခံစားချက်တွေကို မှတ်သားထားလိုက်ပါ့မယ်…”


ကြင်ယာတော်သဲ့ မျက်လုံးများ ချက်ချင်းတောက်ပသွားခဲ့သည်။ ထို့နောက် ကျန်းကျီမြောင်အနားသို့ ကပ်ပြီး တိုးတိုးလေးပြောလိုက်ပါသည်။ 


“အရှင်မ စေခိုင်းချင်တာရှိရင် ဒီကြင်ယာတော်ကိုပြောနော်၊ မယ်တော်ကြီးဘက်ကို ဒီကြင်ယာတော် စောင့်ကြည့်ပေးထားလို့ရတယ်၊ မယ်တော်ကြီး တစ်ခုခုလှုပ်ရှားဖို့ ကြံလိုက်တာနဲ့ ဒီကြင်ယာတော်က အရှင်မကို ကြိုတင်လျှောက် ထားပေးမယ်”


ပွင့်ပွင့်လင်းလင်းပြောရလျှင် ကျန်းကျီမြောင်အတွက် သူလျှိုလုပ်ပေးမည်ဟု ကမ်းလှမ်းနေတာခြင်းဖြစ်သည်။


ကျန်းကျီမြောင် အထိတ်တလန့်ဖြစ်သွားလေသည်။


 â€œá€”္ပဍစ္ နေပါစေ”


သူ့ကိုယ် သူ အကျင့်သီလစင်ကြယ်သူဟု သတ်မှတ်မထားသော်လည်း ကြင်ယာတော်သဲ့လို လူမျိုး သူလျှိုသွားလုပ်ပါက ချက်ချင်းအဖမ်းခံရနိုင်တာကြောင့် ငြင်းလိုက်ရခြင်း ဖြစ်သည်။


ကြင်ယာတော်သဲ့ ကြည်နူးစွာ လျှောက်တင်လိုက်ပါသည်။ 


“ဒီကြင်ယာတော် နန်းတော်ထဲ ရောက်မလာခင်တုန်းက စစ်မြေပြင်မှာ ရန်သူတွေကို ထောင်ချောက်ထဲမျှားခေါ်ဖို့ ငါးစာအဖြစ် ဆောင်ရွက်ပေးမယ်လို့ ခမည်းတော်ကို တောင်းဆိုခဲ့ဖူးတယ်၊ အဲ့ဒီတုန်းက ခမည်းတော်ရဲ့မျက်နှာကလည်း အခု အရှင်မရဲ့မျက်နှာနဲ့ တစ်ထပ်တည်းပဲ၊ ခမည်းတော်လိုပဲ အရှင်မကလည်း ဒီကြင်ယာတော်ကို ဂရုစိုက်ကြင်နာပြီး ကာကွယ်ပေးချင်စိတ် အပြည့်ရှိမှန်း သိသာပါတယ်”


ကျန်းကျီမြောင် : “…”


‘ဂရုစိုက်ကြင်နာပြီး ကာကွယ်ပေးချင်စိတ် အပြည့်ရှိသည်’ ဆိုတာ ချဲ့ကားပြောဆိုခြင်း ဖြစ်သည်။ သို့သော် ကြင်ယာတော်သဲ့၏ ကမ်းလှမ်းချက်ကိုကြားပြီး ခံစားလိုက်ရမည့် စစ်သူကြီးယွဲ့ ခံစားချက်ကို ကျန်းကျီမြောင်ကိုယ်ချင်းစာနိုင်ပါသည်။


အလွန်ကြည်နူးနေသည့် ကြင်ယာတော်သဲ့ကိုကြည့်ပြီး ကျန်းကျီမြောင်လည်း ကြင်ကြင်နာနာ စကားတွေသာပြန် ပြောနိုင်တော့သည်။ ကြင်ယာတော်သဲ့ စိတ်ပြန်တည်ငြိမ်သွားမှ တခြားကိုယ်လုပ်တော်များထံ ကျန်းကျီမြောင်ကြွ လာခဲ့သည်။


တစ်ကြိမ်မကတော့သဖြင့် ဖုန့်ယီနန်းဆောင်တွင် နေ့လယ် စာကို ကျွေ့ယွဲ့ ကျွမ်းကျွမ်းကျင်ကျင်တည်ခင်းနိုင်နေပြီ ဖြစ်သည်။ ကျန်းကျီမြောင် ကြွမြန်းလာတာသည်နှင့် တစ် ပြိုင်နက် လက်ရာမြောက်သေသပ်ပြီး စားချင်စဖွယ်ကောင်းသည့် ဟင်းပွဲတော်များကို တန်းစီတည်ခင်းပေးလိုက်ကြသည်။ 


“အရှင်မ…”


ကြင်ယာတော်ချန်ရှုယိ စိုးရိမ်ပူပန်စွာမေးမြန်းလိုက်သည်။ 

“အရှင်မ နေထိုင်မကောင်းဖြစ်နေတယ်လို့ မိန်းမစိုးကြီးလီထံက ကြားသိရပါတယ်၊ အရှင်မ သက်သာပါရဲ့လား”


ကျန်းကျီမြောင် လိပ်ပြာမလုံဖြစ်သွားလေသည်။ 


“သက်သာပါတယ်၊ နည်းနည်းလောက် အိပ်စက်အနားယူလိုက်တာ အတော်လေးသက်သာနေပါပြီ”


“အရှင်မရဲ့ ဇာမဏီခန္ဓာကိုယ်လေးကို ဂရုစိုက်တစိုက် ထိန်း သိမ်းပါနော်” ကြင်ယာတော်စုကျဲယွီ ခံစားချက်အပြည့်ဖြင့် ဆိုလိုက်ပါသည်။ 


“အရှင်မ နာမကျန်းဖြစ်တဲ့အခါ ဒီကြင်ယာတော်လည်း စိတ်လက်မချမ်းမြေ့ပဲ မအိပ်နိုင် မစားနိုင် ဖြစ်ရပါတယ်”


“ဒီကြင်ယာတော်ရဲ့နှလုံးသားဆို ပင်အပ်တစ်ထောင်နဲ့ ထိုးစိုက်ခံရသလို စူးနင့်သွားတာပဲ” 


ကြင်ယာတော်အန်းကျောက်ရီကလည်း အကျောမခံဘဲ လျှောက်တင်လိုက်သည်။


“ဒီကြင်ယာတော်ဆို ကမ္ဘာလောကတစ်ခုလုံး အမှောင်ကျသွားသလိုပဲ၊ သေဆုံးခြင်းထက် ပိုဆိုးရွားတဲ့ဘဝမှာ နေထိုင်နေရသလို ခံစားခဲ့ရတယ်”


“ပူဆွေးသောကဆိုတဲ့ လက်နက်က ဒီကြင်ယာတော်ရဲ့ အသည်းတွေ သရက်ရွက်တွေကိုတောင် ထိုးခွင်းသွားလို့ သတိလစ်မေ့မျောမတတ် ဖြစ်သွားခဲ့ရပါတယ်!”


အနောက်ဆောင်အဖွဲ့ တစ်ယောက်ကိုတစ်ယောက် အကျောမခံဘဲ သူ့ထက်ငါ ဦးအောင် အပြိုင်အဆိုင်လျှောက်တင်ကြလေတော့သည်။