Ch 18
Viewers 3k

👑 Chapter 18

👑 A Peerless Masterpiece



လီသဲ့ဟွိုက်ခေါင်းထဲ ထိုအတွေးမျိုး ပေါ်လာသော်လည်း ချက်ချင်း မေ့ဖျောက်ခဲ့သည်။


ငယ်သားတစ်ယောက်အနေနဲ့ ဒီလို သစ္စာမရှိတဲ့အတွေးမျိုး တွေးသင့်ဘူး!


ရံရွေတော်လင်း ကျဆုံးပြီးချိန်ကစလို့ အရှင်မကို အရှင် မင်းကြီး ဦးစားပေးလာမှန်းသိသာသည်။ ထို့ကြောင့် ဒီကိုယ်လုပ်တော်တွေလည်း အရှင်မင်းကြီး၏ ဦးစားပေးမှုကိုလိုချင်သဖြင့် အရှင်မနားမှာ ကပ်ဖားရပ်ဖားလုပ်နေခြင်းသာဖြစ်လိမ့်မည်။ 


“ဘာပဲဖြစ်ဖြစ် ဒီနေ့ ဂါဝရပြုစရာမလိုတော့ဘူး၊ ရာသီဥတု ကလည်း ပူအိုက်နေတယ်၊ သခင်မတို့ ကိုယ့်နန်းဆောင်ကိုယ် စောစောစီးစီးပြန်သင့်ပါတယ်”


လီသဲ့ဟွိုက် ပြောလိုက်ပြီး အမြန်လစ်ထွက်သွားခဲ့သည်။


လီသဲ့ဟွိုက်၏ နောက်ကျောကို ငေးကြည့်ရင်း ကိုယ်လုပ် တော်များ မျှော်လင့်ချက်ကင်းမဲ့ကာ စိတ်ပျက်လက်ပျက် ဖြစ်သွားကြတော့သည်။ နောက်ဆုံးရအတင်းအဖျင်းတွေနားထောင်ဖို့၊ ဇာတ်လမ်းတွဲတွေ ကြည့်ရဖို့မဖြစ်နိုင်တော့ဘူးဆို သူတို့ဘဝမှာ ပျော်စရာဆိုတာရှိပါဦးမလား ?


ကြင်ယာတော်သဲ့ ဝမ်းနည်းပက်လက်ဖြင့် နန်းဆောင်သို့ ပြန်ရန် ခြေဦးလှည့်လိုက်စဉ် မယ်တော်ကြီး၏နန်းဆောင်မှ အခြွေအရံ ချိုးလီ ရောက်လာခဲ့သည်။ 


“ကြင်ယာတော်သဲ့ကို မယ်တော်ကြီးက ဆင့်ခေါ်လိုက်ပါတယ်”


ကြင်ယာတော်သဲ့ ကြက်သေသေသွားသည်။ 


မယ်တော်ကြီး ဟုတ်လား…


ထိုမယ်တော်ကြီးက နှစ်ပေါင်းများစွာ ဗုဒ္ဓဘုရားကိုသာ ဆည်းကပ်ပူဇော်လျက် တရားကျင့်ကြံနေပြီး တခြားသူ များနှင့် တွေ့ဆုံသည်မှာ မရှိသလောက်ရှားသည်ဟုဆိုကြသည်။ အနောက်နန်းဆောင်ကို အရှင်မင်းကြီး ဘွဲ့ထူးရာထူးတွေအပ်နှင်းခဲ့စဉ်တုန်းကပင် မယ်တော်ကြီး၏ မျက်နှာကို သူ မမြင်ခဲ့ရပေ။


အခုကျမှ ဘာလို့ ရုတ်တရက်ကြီး ဆင့်ခေါ်လာရတာလဲ ?


“မယ်တော်ကြီးက ဒီကြင်ယာတော်ကို ရုတ်တရက်ကြီး ဘာလို့တွေ့ဆုံချင်ရတာလဲ” 


ကြင်ယာတော်သဲ့ တွန့်ဆုတ်စွာ မေးမြန်းလိုက်သည်။


“ကြင်ယာတော်သဲ့ကို မယ်တော်ကြီးက နှစ်ခြိုက်သဘော ကျလို့ပါ၊ ကြင်ယာတော်သဲ့က စစ်သူကြီးမျိုးရိုးက သက်ဆင်းလာတာဖြစ်ပြီး အားမာန်ပြည့်ဝတဲ့ စိတ်ဓာတ်စရိုက်မျိုးလည်းရှိတယ်၊ မယ်တော်ကြီးက ကြင်ယာတော်သဲ့လို ပုဂ္ဂိုလ်မျိုးတွေကို လွန်စွာသဘောကျတတ်ပါတယ်”


ချိုးလီ အပြုံးဖြင့် ရှင်းပြလိုက်သည်။ စကားပြောရင်း တခြားကိုယ်လုပ်တော်တွေကိုလည်း မသိမသာ လှမ်းကြည့်လိုက်ပါသေးသည်။


ဒီနေ့မနက် မိဖုရားကြီးကို ဂါဝရပြုဖို့ အစီအစဉ်ဖျက်သိမ်းခဲ့တာကြောင့်သာမဟုတ်လျှင် မိဖုရားကြီးရှေ့မှောက်မှာ ကြင်ယာတော်သဲ့အား မယ်တော်ကြီး ဆင့်ခေါ်ဖို့ကြံခဲ့တာဖြစ်သည်။ ကျန်းကျီမြောင်အား သတိပေးသည့်သဘောမျိုးလည်းဖြစ်သည်။


ကိုယ့်နေရာကိုယ်မသိပါက ထိုနေရာကို အစားထိုးနိုင်သည့် လူတွေအများကြီးရှိနေသည်ဆိုသည်ကို ကျန်းကျီမြောင်အား မယ်တော်ကြီး သိစေချင်သည်။


မိသားစုနောက်ခံအင်အားအရဆို ကြင်ယာတော်သဲ့ကလည်း မိဖုရားကြီးအောက်မနိမ့်ကျပေ။ သူမသည် မိဖုရားကြီးအတွက် ပြိုင်ဘက်ကောင်းဖြစ်ပြီးပြည့်စုံသူပင်။


“မသွားလို့… မရဘူးလားဟင်”


ကြင်ယာတော်သဲ့ တွန့်ဆုတ်စွာ မေးလိုက်ပါသည်။


ချိုလီ မျက်နှာတင်းမာသွားခဲ့သည်။ 


“ဘာကြောင့်ပါလဲ ?  ကြင်ယာတော်သဲ့ သေချာစဉ်းစားပါဦး၊ ဒါ မယ်တော်ကြီးရဲ့ ဆင့်ခေါ်မှုနော်!”


“အဲ့တာဆို… သွားမှ ဖြစ်မှာပေါ့နော်” ကြင်ယာတော်သဲ့ စိတ်ပျက်အားလျော့စွာ မေးလိုက်သည်။


ချိုးလီ အံကြိတ်ကာ ပြန်ဖြေလိုက်၏။ “ဒါပေါ့”


“ဒါဆိုလည်း လမ်းပြပါ”


ကြင်ယာတော်သဲ့ မျက်နှာအလွန်ခါးသီးသွားသည်။


“စိတ်ချ လက်ချသာ သွားပါ ကြင်ယာတော်သဲ့”


ကြင်ယာတော်ချန်က လှောင်ပြုံးပြုံးကာပြောလိုက်သည်။ 


“ဒီကြင်ယာတော်တို့ကတော့ ဒီမှာပဲ စောင့်နေမှာပါ၊ အရှင်မ အိပ်ရာနိုးလာတာနဲ့ မျက်နှာလေးကို မျှော်ဖူးချင်လို့လေ”


ကြင်ယာတော်သဲ့ မျက်နှာ မှောင်မိုက်သွားရသည်။


ချိုးလီ မျက်လုံးများကမူ တောက်ပသွားခဲ့ပါသည်။သို့သော် အခြေအနေကို သူမ နားလည်မှုလွဲသွားခြင်းဖြစ် သည်။ ကိုယ်လုပ်တော်များအား ပူပြင်းသည့် နေရောင်အောက်စောင့်ခိုင်းထားကာ မိဖုရားကြီးသည်တော့ အေးအေးလူလူ အိပ်စက်အနားယူနေသည်။ ထို့ကြောင့် မိဖုရားကြီးအား ကိုယ်လုပ်တော်များ အလွန်မုန်းတီးအငြှိုးထားနေကြလိမ့်မည်ဟု ချိုးလီယုံကြည်သွားသည်။


ဒါ မယ်တော်ကြီးအတွက် အခွင့်အရေးပဲ!


ထိုအတွေးဖြင့် ကြင်ယာတော်သဲ့အား ချိုးလီ ခေါ်ဆောင် သွားတော့သည်။


--- --- ---


ရှို့အန်းနန်းဆောင်သို့ ကြင်ယာတော်သဲ့ ရောက်ရှိသွားသော အခါ မယ်တော်ကြီးကိုဂါဝရပြုခဲ့ပါသည်။ မယ်တော်ကြီး ပြုံးလိုက်ပြီး ကြင်ယာတော်သဲ့အား သက်သက်သာသာနေခိုင်းကာ လက်ကလေးကို မြတ်မြတ်နိုးနိုးဆုပ်ကိုင်လိုက်လေသည်။ 


“ခုတလော ကြင်ယာတော်သဲ့တို့အားလုံး ဒုက္ခတွေအများကြီးခံစားခဲ့ရမှာပဲ”


ကြင်ယာတော်သဲ့ အူကြောင်ကြောင်ဖြစ်သွားလေသည်။ 


“ဒီကြင်ယာတော် ဒုက္ခခံစားနေရတယ်လို့ မထင်မိပါဘူး”


မယ်တော်ကြီး သက်ပြင်းချလိုက်မိပါသည်။ 


“မိဖုရားကြီးကို ကာကွယ်ပေးဖို့ ကြိုးစားနေကြတုန်းပဲလား မိဖုရားကြီးက အရမ်းမောက်မာရိုင်းစိုင်းလွန်းတယ်လို့ ဒီမယ်တော်ကြီး ကြားသိရတယ်၊ သူကတော့ နန်းဆောင်ထဲမှာအေးအေးချမ်းချမ်း အိပ်စက်အနားယူနေပြီး တခြား ကိုယ်လုပ်တော်တွေအားလုံးကို နေပူထဲမှာ စောင့်ခိုင်းထားတာ၊ ဒီလို အပြုအမူမျိုးက တိုင်းပြည်တစ်ပြည်ရဲ့မိခင်တစ်ပါးမှာရှိသင့်တဲ့ အပြုအမူ မဟုတ်ဘူး”


ကြင်ယာတော်သဲ့ ကြက်သေသေသွားပြီး အမြန်ရှင်းပြလိုက်သည်။ 


“အဲ့တာ ဧကရီမိဖုရားကြီးနဲ့ လားလားမှ မသက်ဆိုင်ပါဘူး! ဒီကြင်ယာတော်တို့အားလုံးက ကိုယ့်သဘောနဲ့ကိုယ် ရောက်လာပြီး စောင့်နေခဲ့ကြတာပါ!”


“ကိုယ့်သဘောနဲ့ကိုယ် ဟုတ်လား”


မယ်တော်ကြီးက နူးညံ့သိမ်မွေ့စွာ ပြောလိုက်သည်။ 


“အပျိုစင်ကျန်းက နူးညံ့သိမ်မွေ့၊ လိမ္မာယဉ်ကျေးမှုရှိပြီး ဣန္ဒြေလည်းကြီးတယ်လို့ ကြားသိရလို့ သူ့ကို မိဖုရားအဖြစ်တင်မြောက်ဖို့ အရှင်မင်းကြီးကို ပန်ကုန်း ခွင့်ပြုပေးခဲ့တာ၊ အခုတော့ အဲ့တာတွေက ကောလဟာလသက်သက်ပဲ ထင်ပါတယ်။


မိဖုရားကြီးဖြစ်လာပြီးကတည်းက သူ အရမ်းမောက်မာသွားခဲ့တာ၊ ပန်ကုန်း စိတ်ပျက်မိတယ်၊ သို့ပေမယ့် ကြင်ယာတော်သဲ့ကတော့ ဖြောင့်မတ်ပြီး ရိုးသားပွင့်လင်းတယ်၊ အဲ့လို ပုဂ္ဂိုလ်မျိုးကို ပန်ကုန်း အရမ်းသဘောကျတယ်”


မယ်တော်ကြီး အရိပ်အမြွက်ကြီးကြီးမားမားတွေပေးနေခြင်းဖြစ်သည်။


ကြင်ယာတော်သဲ့ မှင်သက်သွားခဲ့၏။


မယ်တော်ကြီးက မိဖုရားကို သဘောမကျဖြစ်နေတာလား!


အခြေအနေ မကောင်းတော့ဘူး!


ကြင်ယာတော်သဲ့ ထိတ်ထိတ်ပျာပျာ ဖြစ်သွားပြီး ဒူးထောက်လျက်သား စတင်ငိုကြွေးတော့သည်။


“အရှင်မအကြောင်း မယ်တော်ကြီးကို ဘယ်သူက အပုပ်ချ ပြောဆိုနေတာပါလဲ ? အရှင်မက တိုင်းပြည်တစ်ပြည်ရဲ့ စံပြ မိခင်ကောင်းတစ်ယောက်ပါ၊ အနောက်နန်းဆောင်က ကိုယ်လုပ်တော်တိုင်း အရှင်မကိုလေးစားကြည်ညိုကြပါတယ်၊ ဒီကြင်ယာတော်တို့ နေပူကြီးထဲမှာ စောင့်နေရတယ်ဆိုတာလည်း အရှင်မကို သတိရလွန်းလို့ပါ! အရှင်မကို ဘာလို့ ဒီလို အပြစ်တင်ရက်ရတာပါလဲ”


“ဧကရီမိဖုရားကြီးရာထူးကို အရှင်မ ကိုယ်တိုင်ကလွဲပြီး အနောက်နန်းဆောင်ရဲ့ ဘယ်ကိုယ်လုပ်တော်နဲ့မှ မထိုက် တန်ပါဘူး!


“ကျေးဇူးပြုပြီး မယ်တော်ကြီး အဲ့လိုစကား‌တွေ ဘယ် တော့မှ ထပ်မပြောလိုက်ပါနဲ့၊ ဒီကြင်ယာတော် ထိတ်လန့် ကြောက်ရွံ့ လွန်းလို့ပါ!”


“အရှင်မကို မျက်မုန်းကျိုးတာက ဒီကြင်ယာတော်ကို မျက်မုန်းကျိုးတာနဲ့ အတူတူပါပဲ၊ အနောက်နန်းဆောင်က ကိုယ်လုပ်တော်တိုင်းလည်း ထိုနည်းလည်းကောင်းတွေးကြပါတယ်”


“မယ်တော်ကြီး ကျေးဇူးပြုပြီး နောက်တစ်ခါလောက် ပြန်စဉ်းစားပါဦး!”


ကြင်ယာတော်သဲ့ တကယ်ထိတ်လန့်သွားတာ ဖြစ်သဖြင့် မျက်ရည်များကလည်း အစစ်အမှန်ဖြစ်သည်။ မယ်တော်ကြီးသာ အရှင်မကိုတိုက်ခိုက်လာလျှင် အရှင်မ စိတ်ဖိစီးသွားပြီး အတင်းအဖျင်းတွေဖတ်မပြတော့တာမျိုး၊ ဇာတ် လမ်းတွဲတွေ ဖွင့်မပြတော့တာမျိုးဖြစ်နိုင်သည်။ ထိုသို့ဖြစ် လာလျှင် သူမတို့အားလုံး သေဖို့သာရှိပါတော့သည်။


ကြင်ယာတော်သဲ့ ငိုကြွေးရင်းနဲ့ မယ်တော်ကြီး၏ ခြေ ထောက်ကိုပင် သတိလက်လွတ်ဖက်လိုက်သည်။ ထိုအပြု အမူကြောင့် မယ်တော်ကြီး ထိတ်လန့်သွားပြီး ချိုးလီကို လှည့်ကြည့်လိုက်သည်။ ချိုးလီ ဆောင်ကြဉ်းခဲ့သည့် သတင်းက ထိုသို့မဟုတ်ခဲ့ပါ။


ကြင်ယာတော်သဲ့ ရှိုက်ကြီးတငင်ငိုကြွေးရင်း မယာ်တော်ကြီး၏ဝတ်ရုံစကိုယူကာ မျက်ရည်တွေ သုတ်ပစ်လိုက်သည်။


မယ်တော်ကြီးလည်း သည်းမခံနိုင်တော့ဘဲ အမြန်ပြောလိုက်ရသည်။ 


“မယ်တော်ကြီးက ဒီအတိုင်းစကားအဖြစ် ပေါ့ပေါ့ပါးပါး ပြောလိုက်တာပါ၊ ကြင်ယာတော်သဲ့ စိတ်ထဲမထားပါနဲ့”


ကြင်ယာတော်သဲ့ ငိုသံအနည်းငယ်တိတ်သွားသည်။ 


“တကယ်ပဲ ပေါ့ပေါ့ပါးပါးပြောလိုက်တဲ့ စကားလားဟင်”


မယ်တော်ကြီး တွန့်ဆုတ်စွာခေါင်းညိတ်လိုက်ရသည်။


“ဒီကြင်ယာတော်ဖြင့် လန့်သွားတာပဲ!” 


ကြင်ယာတော်သဲ့ ရင်ဘတ်ပေါ် လက်ဖိလျက်လျှောက်တင်လိုက်လေသည်။ 


“နောက်တစ်ခါဆို အဲ့လိုစကားမျိုးတွေကို ပေါ့ပေါ့တန်တန် မပြောပါနဲ့၊ ဒီကြင်ယာတော် ခံနိုင်ရည်မရှိဘူး”


မယ်တော်ကြီး နှုတ်ခမ်းတွန့်သွားရသည်။ 


“သွားလို့ရပါပြီ…”


ကြင်ယာတော်သဲ့ မျက်ရည်တွေကိုသုတ်လိုက်ပြီး ရွှင်ရွှင် မြူးမြူးဖြင့် ပြန်ထွက်သွားလေတော့သည်။


မယ်တော်ကြီး မျက်မှောင်ကြုတ်သွားခဲ့၏။ အရိပ်အမြွက်တချို့သာပေးရသေးသော်လည်း ကြင်ယာတော်သဲ့မှာမူ အကြောက်လွန်ပြီး ငိုကြီးချက်မဖြစ်သွားခဲ့သည်။ 


မိဖုရားကြီးရဲ့စနက်ကတော့ ပြောင်မြောက်လှပါပေတယ်!


“မိဖုရားကြီးကို ငါအထင်သေးလိုက်မိပြီ”


မယ်တော်ကြီး အေးစက်စွာ ပြောလိုက်သည်။ 


“မနေ့ညတုန်းက သူ့ကို အရှင်မင်းကြီးကိုယ်တိုင်ကာကွယ်ပေးခဲ့တယ်၊ ဒီနေ့ကျတော့လည်း ကြင်ယာတော်သဲ့နှုတ်က သူ့ကို ပုန်ကန်တဲ့စကားမျိုးတောင် ပြောမထွက်ဘူး၊ အနောက်နန်းဆောင်ကို ဒင်းက အာဏာပြအုပ်ချုပ်ထားတာပဲ!”


“ရံရွေတော်လင်း အရေးနိမ့်သွားတာ နှမြောစရာပဲ”


ချိုးလီ တိုးညှင်းစွာ ပြောလိုက်သည်။ 


“မဟုတ်ရင် မိဖုရားကြီး ဒီလောက်ထိမောက်မာနိုင်မှာ မဟုတ်ဘူး”


မယ်တော်ကြီး မကျေမနပ်ဖြစ်သွားလေသည်။ 


“အဲ့ဒီ လင်းချင်ချင်က နိမ့်ပါးတဲ့မျိုးရိုးကနေ ဆင်းသက်လာပြီး ငါ့ ဟွားအာလေးကို လာမျှော်မှန်းရဲတယ်၊ သူ့မှာ အသုံးဝင်တဲ့ အချက်တွေရှိတယ်လို့ ဟွားအာလေးပြောတာကြောင့်သာ မဟုတ်ရင် ဒီလိုအရေးမပါတဲ့ လူစားမျိုးနဲ့ ငါ့သားတော်ကို ပတ်သတ်ခွင့်မပြုဘူး!”


မယ်တော်ကြီး မျက်နှာပေါ် စိုးရိမ်ကြောင့်ကြမှုများပေါ်လာခဲ့သည်။ ဒီတစ်ခေါက် ယွဲ့လင်း ညှာတာမှုမရှိခဲ့ပဲ ယွဲ့ဟွာကို ရက်ရက်စက်စက် အကျယ်ချုပ်ချကာ အပြစ်ပေးခဲ့သည်။ သူမ ကူညီပေးချင်သော်လည်း ယွဲ့ဟွာနှင့်ရံရွေတော်လင်းတို့ လျှို့ဝှက်တွေ့ဆုံခဲ့ကြသည့် သက်သေကို ယွဲ့လင်းလက်ထဲကိုင်ဆောင်ထားသည်။ ထိုသက်သေသာ လူသိရှင်ကြား ဖြစ်သွားပါက အကျိုးဆက်များဆိုးရွားလိမ့်မည်။ သို့သော် လည်း သူမအား စိတ်အေးအေးထားဖို့ ယွဲ့ဟွာ သတင်းပါးထားသည်။ ဒီအခြေအနေမှ လွတ်မြောက်အောင်လုပ်ဖို့ သူ့မှာ နည်းလမ်းရှိသည်ဟု ဆိုလာသည်။


ယွဲ့ဟွာ၏ယုံကြည်ချက်ပြည့်ဝသော အမူအရာကို ပြန်မြင်ယောင်ကာ မယ်တော်ကြီးစိတ်အေးသွားခဲ့သည်။ ယွဲ့ဟွာ ဘာပဲ လုပ်ချင်လုပ်ချင် အမြဲတမ်းအောင်မြင်ဖြစ်မြောက်အောင်လုပ်နိုင်ခဲ့သည်။ သူမ ဘက်က စောင့်နေဖို့သာ လိုအပ်သည်။


--- --- ---


မင်းသားအန်းဟယ် စံအိမ်တွင်…


တစ်စုံတစ်ရာကို ယွဲ့ဟွာ အားကြိုးမာန်တက် ရေးသားနေ သည်။ အချိန်အတန်ကြာတော့ သူ့မျက်နှာပေါ်အပြုံးတစ်ခု ပေါ်လာခဲ့သည်။ 


ဒီလောက်ဆို လုံလောက်ပြီ ထင်တယ်…


ဒီစာကိုဖတ်ပြီးသွားလျှင် ဘာဆက်ဖြစ်မလဲ သိချင်စိတ်ဖြင့် ထိုအမျိုးသမီးတွေ စားမဝင်အိပ်မပျော်ဖြစ်သွားကြလိမ့်မည်။ ဒီလိုပြိုင်ဘက်ကင်း ဂန္ထဝင်လက်ရာအား ဖတ်ရှုပြီးနောက် ထိုအမျိုးသမီးများ သူ့အားတမ်းတလာကြလိမ့် မည်။ ဧကန္တ သူ့တို့၏ နှလုံးသားများကိုပင် ပေးအပ်လာနိုင်သည်။


ယွဲ့ဟွာ စာအုပ်ကိုပြန်ပိတ်လိုက်သည်။ စာအုပ်အဖုံးပေါ်တွင် ထင်ရှားသောခေါင်းစဉ်တစ်ခုရှိနေသည်။


“ခန်းဆောင်နီ အိပ်မက်”