အပိုင်း ၅၀
Viewers 17k

Chapter 50


အရှိန်ပြင်းသောဗုံးငါးလုံးက ကြယ်နှစ်ထပ်မက်ခါအား သေချာပေါက်ထိမှန်မည်ဟု လူတိုင်းယူဆခဲ့ကြသည်။ သို့ရာတွင် ယွမ်ရှင်းကျဲက အဆိုပါဗုံးများကို ဆက်တိုက်ရှောင်တိမ်းကာ လေထဲသို့ခုန်ဆင်းသွားခဲ့သည်။


ဗုံးများက ပင်မမက်ခါနှင့် သီသီလေးကပ်လွဲသွားလေသည်။ ပရိသတ်ကိုအံ့အားသင့်စေဆုံးအရာမှာ ယွမ်ရှင်းကျဲ အရှိန်လျှော့ဗုံးများကိုရှောင်တိမ်းနေစဥ် သူ့မက်ခါနောက်ကျောရှိစက်ရုပ်သားရဲက စုကျီနန်မက်ခါနှင့်မနီးမဝေးနေရာ၌ မြေပြင်ပေါ်သို့ခုန်ဆင်းလိုက်သည်။ ထို့နောက် ပြိုင်ဘက်မက်ခါအား သေနတ်နှင့်ဆက်တိုက်ပစ်ခတ်လိုက်လေသည်။ 


"နေစမ်းပါဦး...သူ့မှာမက်ခါသားရဲကိုထိန်းဖို့ အချိန်ရှိသေးတယ်လား.."


"ပင်မမက်ခါရော မက်ခါသားရဲရောက စုကျီနန်ဆီကအမြောက်ကို ပြိုင်တူရှောင်လိုက်တာလား...မယုံနိုင်စရာကြီး.."


"အဲ့တာက မက်ခါသားရဲတောင်ဟုတ်ရဲ့လား.."


ယွမ်ရှင်းကျဲ အရှိန်လျော့ဗုံးအားလုံးကို ရှောင်နိုင်လိမ့်မည်ဟု စုကျီနန်ထင်မထားခဲ့။ ကြောင်ရုပ်ဆိုးက သူ့ထံပြေးလာသည်ကိုမြင်လိုက်ရသောအခါ သူကနှာခေါင်းရှုံ့လိုက်သည်။ 


"အစုတ်အပြတ်ကများ ငါ့ကိုတိုက်ရဲသေးတယ်..."


စုကျီနန်က အမြောက်ဖြင့်ပစ်ခတ်သည့်အခါ မက်ခါသားရဲက လေထဲသို့ခုန်ရှောင်လိုက်သည်။ သူခုန်လိုက်သည်နှင့်တပြိုင်နက် ချိန်းကြိုးနှစ်ခုပေါ်ထွက်လာပြီး စုကျီနန်မက်ခါ၏လက်မောင်းရင်းများကို ချည်နှောင်လိုက်သည်။ ထို့နောက် အဆိုပါချိန်းကြိုးများအား လောက်လေးခွအနေဖြင့်အသုံးပြုကာ သူ့ကိုယ်သူစုကျီနန်၏ဦးခေါင်းထံ ပြင်းထန်စွာပစ်တိုက်လိုက်သည်။


တစ်ကိုယ်လုံးမက်ခါနှင့်ကာထားသည့်ကြားမှ ဦးနှောက်မှနာကျင်မှုကို စုကျီနန်ခံစားလိုက်ရလေသည်။ သူက ခေါင်းကိုတည့်တည့်ပစ်ဆောင့်ခံရသည့်အတွက် ရှက်လည်းရှက်သွားကာ မက်ခါသားရဲကို ပြင်းထန်သောမီးတောက်များဖြင့် တိုက်ခိုက်တော့သည်။


စုကျီနန် ထိုးစစ်ယိုယွင်းသွားသည်ကိုအခွင့်ကောင်းယူပြီး ယွမ်ရှင်းကျဲ၏ပင်မမက်ခါက ကြယ်ပျံမက်ခါထံပြေးသွားကာ တာဝေးပစ်အမြောက်များကို ပစ်လွှတ်လိုက်သည်။ 


စုကျီနန်က ယွမ်ရှင်းကျဲထံမှတိုက်ခိုက်လာမည်ကိုမျှော်လင့်ထားသကဲ့သို့ မျက်ခြေမပြတ်စောင့်ကြည့်ရင်း ရှောင်တိမ်းလိုက်သည်။ သူက Aအဆင့်မက်ခါမောင်းနှင်သူပီသစွာ မက်ခါသားရဲ၏နှောင့်ယှက်မှုကြားကပင် အဆိုပါတိုက်ခိုက်မှုအား အထိအခိုက်မရှိရှောင်နိုင်ခဲ့လေသည်။


စုကျီနန်က ယွမ်ရှင်းကျဲကို ထပ်မံထိုးစစ်ဆင်လိုက်သည်။ တိုက်ခိုက်မှုကပြင်းထန်လာသည့်အလျှောက် ယွမ်ရှင်းကျဲအတွက် အသက်ရှုရန်ပင်အချိန်မရ။ ပွဲစချိန်ရှစ်မိနစ်အတွင်း စုကျီနန်၏တိုက်ခိုက်မှုက တစ်ကြိမ်ထက်တစ်ကြိမ် ပို၍ပြင်းထန်လာခဲ့လေသည်။


ယွမ်ရှင်းကျဲ တဖြည်းဖြည်းအရေးနိမ့်လာလေပြီ။


အော်ရီရယ်က စိတ်ပူစွာမေးလိုက်သည်။


 "ဆရာ...ဒီတိုင်းဆိုရှင်းကျဲမြန်မြန်လက်လျှော့လိုက်တာ ပိုမကောင်းဘူးလား...စုကျီနန် နောက်ဆုံးပွဲတုန်းကလိုမျိုးထပ်လုပ်ရင်..."


"ကြယ်ပျံမက်ခါနဲ့ယှဥ်ရင် ကြယ်နှစ်ထပ်မက်ခါက အားနည်းချက်ပိုများတယ်..."


ကျိုးဖေးရွှယ်က အလေးအနက်ပြောလာသည်။


 "ဘာဖြစ်လို့လဲဆိုတော့ ကြယ်နှစ်ထပ်မက်ခါမှာ ပင်မ မက်ခါပဲထိထိ၊ မက်ခါသားရဲပဲထိထိ မက်ခါနှစ်ခုလုံးကိုအထိနာစေတာမို့လို့ပဲ...ရှင်းကျဲက စုကျီနန်ရဲ့တိုက်ခိုက်မှုကိုရှောင်နိုင်ဖို့ဆိုရင် တည်ငြိမ်မှုအပြည့်နဲ့လုပ်နိုင်မှဖြစ်မယ်..."


(TN: မက်ခါနှစ်ခုလုံးက ယွမ်ရှင်းကျဲရဲ့စိတ်စွမ်းအားနဲ့ထိန်းချုပ်ထားတာဆိုတော့ တစ်ခုထိလိုက်တာနဲ့ စိတ်စွမ်းအားလျော့သွားလိမ့်မယ်..

အဲ့လို..)


လုရန်ရှုက ပြိုင်ကွင်းထဲရှိမက်ခါနှစ်ခုကိုကြည့်ရင်း စိုးရိမ်တကြီးဖြစ်နေခဲ့သည်။ စုကျီနန်၏မီးတောက်များအကြောင်း သူအသိဆုံးပင်။ 


ထိုစဥ် စုကျီနန်ထံမှပစ်လွှတ်လိုက်သော မီးခိုးဗုံးတစ်လုံးက ယွမ်ရှင်းကျဲ၏ပင်မမက်ခါအား ထိမှန်သွားခဲ့ပြီး မီးခိုးများဖုံးလွှမ်းသွားခဲ့သည်။


လုရန်ရှုက သူ့နှလုံးသားလည်ပင်းမှခုန်ထွက်လာတော့မလို ခံစားလိုက်ရသည်။


အော်ရီရယ်နှင့်ကျိုးဖေးရွှယ်၏ အမူအရာသည်လည်း တပြိုင်နက်မဲမှောင်သွားခဲ့သည်။


ပြိုင်ပွဲပြီးဆုံးသွားပြီဟု အားလုံးကယူဆလိုက်သည်။


"ယွမ်ရှင်းကျဲတော့သွားပြီပဲ...သူလုံးဝရှောင်လို့မရလောက်တော့ဘူး..."


"ကြယ်ပျံမက်ခါရှေ့မှာ မီးခိုးဗုံးထိသွားတယ်ဆိုတာက သားသတ်သမားရှေ့မှာလည်စင်းပေးလိုက်သလိုပဲ..."


"ကြည့်...စုကျီနန်စတိုက်တော့မယ်.."


"ပြိုင်ပွဲကပြီးနေပြီ..."


စုကျီနန်က ယွမ်ရှင်းကျဲမီးခိုးကြားပိတ်မိနေစဥ် လေထဲသို့ခုန်တက်လိုက်သည်။ သူ့မက်ခါမှ ဖျက်ဆီးရေးအမြောက်များထွက်ပေါ်လာခဲ့ပြီး ပြိုင်ဘက်မက်ခါအားချိန်ရွယ်လိုက်လေသည်။


"ပျားအုံလိုအပေါက်ဖောက်ခံရရင်ရော ရယ်နိုင်ဦးမလားကြည့်ကြသေးတာပေါ့..."


စုကျီနန်၏အမြောက်ပြောင်းဝတွင် အလင်းရောင်များစုစည်းလာနေပြီဖြစ်ပြီး သေးငယ်သောအမြောက်ဆံများက စတင်ထွက်ပေါ်လာနေလေပြီ။


ပရိတ်သတ်ထဲရှိ ချီယုက ထိတ်လန့်စပြုလာသည်။ ရုတ်တရက် စုကျီနန်၏မက်ခါအား မွမ်းမံပေးရာတွင်ကူညီခဲ့မိသည်ကို နောင်တရသွားခဲ့သည်။


ရှင်းကျဲသာ တစ်ခုခုထိခိုက်သွားခဲ့ရင်....


လော့ဝမ်ချွမ်းက အမူအရာမပြောင်းမလဲရှိနေသော်လည်း သူ့နောက်ကျောကမူ တောင့်တင်းနေလေသည်။ သူကမက်ခါနှစ်ခုအား အာရုံစူးစိုက်၍ကြည့်နေခဲ့သည်။


တစ်ဒါဇင်ကျော်လောက်ရှိသော အမြောက်ဆံများစွာက ကြယ်ပျံများကဲ့သို့ ပင်မမက်ခါထံဦးတည်လာခဲ့သည်။ သို့ရာတွင် ယွမ်ရှင်းကျဲက ရှောင်တိမ်းခြင်းမရှိ။


ပရိသတ်က အသက်ရှူဖို့ပင်မေ့နေလေသည်။ ဤမျှပြင်းထန်သော အမြောက်ပစ်ခတ်မှုအောက်တွင် ယွမ်ရှင်းကျဲမက်ခါခမျာ့ ဆန်ခါအဖြစ်သို့ သေချာပေါက်ပြောင်းလဲသွားလိမ့်မည်ပင်။


ထိုစဥ် အမြောက်ဆံအားလုံး ပွဲကြည့်စင်ကိုကာထားသည့် အကာအကွယ်အဖုံးကိုထိမှန်လာခဲ့သည်။ လူတိုင်းက စုကျီနန်လွဲချော်သွားသည်ဟုယူဆလိုက်ကြသည်။ ရုတ်တရက် တစ်စုံတစ်ယောက်က...


“အဲဒီ့ကြောင်ပဲ ထပ်ဖြစ်ပြန်ပြီ...” 


ပင်မမက်ခါက မီးခိုးထဲ၌ပိတ်မိနေချိန်တွင် ၎င်း၏မက်ခါသားရဲက တစ်နည်းနည်းဖြင့်ပြေးထွက်သွားခဲ့သည်။ သူက စုကျီနန်အပေါ်သို့ခုန်တက်လိုက်ပြီးနောက် ချိန်းကြိုးများအားအသုံးပြုကာ ကြယ်ပျံမက်ခါ၏လက်များကိုဆွဲယူလိုက်ပြီးနောက် မြေပြင်ဆီသို့ခုန်ဆင်းလိုက်သည်။ 


သဘာဝကျစွာပင် အဆိုပါဆွဲငင်အားကြောင့် ကြယ်ပျံမက်ခါ၏အမြောက်ဆံများက ပစ်မှတ်ကိုလွဲချော်သွားခဲ့လေသည်။ ယွမ်ရှင်းကျဲက ထိုလှည့်ကွက်ကို မီးခိုးဗုံးမထိမှန်ခင် အသုံးမပြုခဲ့ခြင်းသာ။


အော်ရီရယ်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်ာ


"ဘာလို့ ဒီအကွက်ကိုစောစောမသုံးတာလဲ...မတော်လို့အမြောက်ဆံထိပြီး ဆန်ခါဖြစ်သွားရင် ဘယ်လိုလုပ်မလဲ..."


ယွမ်ရှင်းကျဲ၏ထိတ်လန့်တုန်လှုပ်ဖွယ်အပြုအမူကြောင့် လုရန်ရှုနောက်ကျောတွင် ချွေးစေးများထွက်နေသည်။ သူကအံ့သြသွားပြီး...


"ရှင်းကျဲက စိတ်လှုပ်ရှားနေလို့များလား..."ဟုမေးလိုက်သည်။


ကျိုးဖေးရွှယ်က  မျက်မှောင်ကြုတ်လိုက်သည်။ "မင်းတို့နှစ်ယောက်က ဘာမှလည်းမသိကြဘူး.."


“ကြယ်ပျံမက်ခါရဲ့အမြောက်က ဘယ်လောက်ပဲအစွမ်းထက်နေပါစေ..သူ့စွမ်းအင်က အကန့်အသတ်ရှိတယ်...တစ်ချိန်လုံးသေနတ်တွေသုံးနေလို့မရဘူး.."

50.2


ကျိုးဖေးရွှယ်က စုကျီနန်၏မက်ခါကို အဓိပ္ပါယ်အပြည့်ဖြင့်ကြည့်လိုက်သည်။


"စုကျီနန်ရဲ့ ဖျက်ဆီးခြင်းအမြောက်တစ်ဒါဇင်ကျော်က အလဟသတ်ဖြစ်သွားပြီမဟုတ်လား...ရှင်းကျဲလိုချင်တာအဲ့ဒါပဲ..."


ထိုစကားကိုကြားသောအခါ လုရန်ရှုနှင့်အော်ရီရယ်တို့ ပြိုင်တူအံ့သြသွားကြသည်။ 


ယွမ်ရှင်းကျဲက စုကျီနန်ကို လှည့်စားနေခဲ့တာလား....


စုကျီနန်က တစ်စုံတစ်ခုမှားနေကြောင်း သတိပြုမိလိုက်သည်။ 


ယွမ်ရှင်းကျဲကိုကြည့်ရသည်မှာ လုံးဝအဆင်ပြေနေပြီး အမြောက်ထိမှန်ခဲ့ပုံမမပေါ်ချေ။ ပြိုင်ပွဲစချိန်မှ ဆယ့်ငါးမိနစ်ခန့်အကြာတွင် စုကျီနန်က ကြယ်ပျံမက်ခါရှိအမြောက်များ၏ ၇၅ရာခိုင်နှုန်းတိတိကို အလဟသတ်သုံးစွဲခဲ့ပြီးလေပြီ။


ထိုမှသာ စုကျီနန်က ပြဿနာ၏အတိမ်အနက်ကို နားလည်လာခဲ့သည်။ 


ယွမ်ရှင်းကျဲက သူအမြောက်သုံးအောင်လို့ သက်သက်အကွက်ဆင်ခဲ့တာလား...


ယွမ်ရှင်းကျဲ၏ရည်ရွယ်ချက်ကို သဘောပေါက်သွားသောစုကျီနန်က တိုက်ခိုက်ရေးနည်းဗျူဟာကို အမြန်ပြောင်းလဲလိုက်သည်။ 


အမြောက်ပစ်ခတ်မှုမှာ အတော်လေးအားပျော့သွားသည်ကိုမြင်လိုက်ရချိန်တွင် ပရိသတ်ကစတင်ပြောလာကြသည်။


"စုကျီနန်က စွမ်းအင်ကုန်သွားတာလား..."


"ငါ့မျက်လုံးထဲမှာ ကြောင်ကပိုပြီးကြည့်လို့ကောင်းလာသလိုပဲ...သူလုပ်တာစုကျီနန်ရဲ့ အမြောက်တွေတော်တော်ကုန်သွားပြီ...မိုက်တယ်ဟေ့..."


"ဒါဆို ယွမ်ရှင်းကျဲ အသာစီးရနေပြီလား..."


“အဲ့ဒီ့လိုပြောလို့မရသေးဘူး...ယွမ်ရှင်းကျဲလည်းနည်းနည်းနှေးသွားတယ်…”


စုကျီနန်၏ထိုးစစ်က အလွန်အားနည်းသွားသော်လည်း ယွမ်ရှင်းအရှိန်မှာလည်း နှေးကွေးသွားခဲ့သည်။ စုကျီနန်က လှောင်ရယ်လိုက်ရင်း...


"ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုကျရှုံးခဲ့တဲ့အပြင် heatပါဝင်နေတဲ့အိုမီဂါကောင်က ဘယ်လောက်ကြာကြာတောင့်ခံနိုင်မှာမို့လို့လဲ...ကျန်တဲ့ ၂၅ရာခိုင်နှုန်းနဲ့တင် မင်းကိုကန်ထုတ်ပစ်လို့ရတယ်..."


စုကျီနန်က ကျန်ရှိနေသောအမြောက်များကို အလေအလွင့်မရှိအောင်ထိန်းချုပ်လိုက်သည်။

ထို့နောက် ယွမ်ရှင်းကျဲ အကာအကွယ်မဲ့နေသည့်နေရာများကိုရှာဖွေပစ်ခတ်ရင်း ပင်မမက်ခါနှင့်မက်ခါသားရဲနှစ်ယောက်လုံးကို အကာအကွယ်အမိုးခုံးထံသို့ဆုတ်ခွာစေခဲ့သည်။ 


ကျိုးဖေးရွှယ်က မျက်မှောင်ကြုတ်လိုက်ကာ "ရှင်းကျဲရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုက ကန့်သတ်ချက်ကိုရောက်သွားပြီလား..."


"heatဝင်နေတဲ့ကာလဆိုတော့ Cအဆင့် ကို ပြန်ရောက်သွားတာ.."


လုရန်ရှုက ပြိုင်ပွဲကိုစိတ်ပူစွာကြည့်နေရင်း ပြန်ဖြေလာခဲ့သည်။


ယွမ်ရှင်းကျဲ တဖြည်းဖြည်းအရေးနိမ့်လာသည်ကိုကြည့်ရင်း ချီယု ဆောက်တည်ရာမရဖြစ်နေခဲ့သည်။ ယွမ်ရှင်းကျဲ၏ရုပ်ပိုင်းဆိုင်ရာအားနည်းခြင်းအပေါ် အရင်ကလှောင်ပြောင်ခဲ့ဖူးသော်လည်း ယခုမရယ်နိုင်တော့။ ကွင်းထဲသို့ အပြေးအလွှားသွားပြီး ပြိုင်ပွဲကို ချက်ချင်းရပ်တန့်ပစ်ချင်စိတ်သာရှိတော့သည်။


လော့ဝမ်ချွမ်း၏မျက်လုံးများတွင် ရှုပ်ထွေးသောစိတ်ခံစားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ 


သူငါပေးတဲ့ဖယ်ရိုမုန်းထိန်းချုပ်ဆေးကို မသုံးခဲ့ဘူးလား… 


ကြယ်ပျံမက်ခါက အနားကပ်လာသည်နှင့်အမျှ ယွမ်ရှင်းကျဲရှောင်နိုင်သည့်နေရာသည် သေးငယ်ပြီးရင်းသေးငယ်လာခဲ့သည်။ 


ထိုစဥျ...


စုကျီနန်က သေနတ်ကိုရုတ်တရက်မြှောက်လိုက်ပြီး ပင်မမက်ခါ၏ညာဘက်ခြေထောက်ကို ချိန်ရွယ်လိုက်သည်။ အောင်ပွဲခံသောအပြုံးတစ်ခုက သူ့မျက်နှာတွင်ပေါ်ထွက်လာခဲ့သည်။


မင်းကို လုရန်ရှုတုန်းကလိုမျိုးအဆုံးသတ်ပေးမယ်...အိုမီဂါငပျော့ကောင်တွေကမက်ခါပြိုင်ကွင်းထဲကို ဝင်မလာသင့်ဘူး...ချီယုက ငါ့ကိုပဲအာရုံပြန်စိုက်လာစေရမယ်...


ကြယ်ပျံမက်ခါ၏ သေနတ်သံထွက်ပေါ်လာခဲ့သည်။ စုကျီနန်က ယွမ်ရှင်းကျဲ၏ခြေထောက်ကိုချိုးပစ်မည်ဟု တိတ်တဆိတ်ကျိန်ဆိုလိုက်ပြီးနောက် ကျန်ရှိသောအမြောက်အားလုံးကို မရပ်မနားပစ်ခတ်လေသည်။ 


အမြောက်ပစ်ခတ်မှုက ယွမ်ရှင်းကျဲ ၏ခြေထောက်အားထိခါနီးတွင် ကြယ်နှစ်ထပ်မက်ခါနှစ်ခုလုံးက တစ်ချိန်တည်းရွေ့လျားသွားခဲ့သည်။


ယွမ်ရှင်းကျဲက အကာအကွယ်အမိုးခုံးကိုထောက်ကန်လိုက်ကာ အရှိန်ဖြင့်ရှေ့သို့ခုန်လိုက်ပြီး အမြောက်ဆံများကို လျှင်မြန်စွာရှောင်တိမ်းလိုက်သည်။ 


စုကျီနန်၏ မျက်လုံးများပြူးကျယ်သွားခဲ့သည်။ ယွမ်ရှင်းကျဲ ပြန်လည်တိုက်ခိုက်နိုင်မည်ဟု သူ မမျှော်လင့်ထားပေ။ 


နောက်တစ်စက္ကန့်တွင်...


"အဲ့ဒီ့ကြောင်ကိုကြည့်...." 


"ဘယ်တုန်းကတက်သွားတာလဲ..." 


စက်ရုပ်သားရဲက အမိုးခုံးအတိုင်းခုန်တက်သွားပြီးနောက် အမြင့်တစ်ခုသို့ရောက်သည့်အချိန်တွင် စုကျီနန်မက်ခါ၏ဦးခေါင်းထံသို့ အရှိန်ပြင်းပြင်းနှင့်ခုန်ချလိုက်သည်။


ကြောင်ရုပ်ဆိုးက ကောင်းကင်ပေါ်မှပြုတ်ကျလာခဲ့သည်။


"ဘန်း..."


စုကျီနန်က နောက်တစ်ကြိမ်ဝင်ဆောင့်ခံလိုက်ရသည်။ ယွမ်ရှင်းကျဲက မက်ခါသားရဲအား အလင်းကြာပွတ်များထုတ်ရန် စိတ်ဖြင့်ထိန်းချုပ်လိုက်သည်။ ထို့နောက် တာဗိုဖိအားမြှင့်စက်ကိုသုံးကာ စွမ်းအင်မြှင့်တင်လိုက်ပြီး ကြယ်ပျံမက်ခါ၏လက်မောင်းနှစ်ဖက်ကို ကြာပွတ်များဖြင့်ချည်နှောင်လိုက်ရင်း အောက်သို့ဆွဲချစေခဲ့သည်။


ပရိတ်သတ်က ခဏမျှတိတ်ဆိတ်သွားခဲ့သည်။ 


“ဒါက....ဒါက ကာလက်သုံးနေကျအကွက်ပဲ...”


“ကြောင်က ကာလက်ကိုအတုခိုးပြီးလုပ်နေတာလား..”


“အဲ့တာ ကာလက် ယွမ်ရှင်းကျဲကိုတိုက်ခဲ့တဲ့အကွက်မဟုတ်လား....”


ကြယ်ပျံမက်ခါ၏လက်မောင်းများမှာ လှုပ်ရှားမှုအနည်းငယ်ပင် မပြုလုပ်နိုင်တော့။


ယွမ်ရှင်းကျဲ၏မက်ခါသားရဲက ကြယ်တံခွန်မက်ခါကဲ့သို့ များပြားသောစွမ်းအင်များထုတ်လွှတ်ကာ သူ့အားချုပ်ထားနိုင်မည်ဟု စုကျီနန်မမျှော်လင့်ထားခဲ့ပေ။


xxxxxx